Nov 22, 2008

ကံအကောင်းဆုံးလူတယောက်ရဲ့ဖွင့်ဟ ၀န်ခံချက်

ဆရာဂျမ်းနဲ့ဆရာစွမ်း
အလုပ်လုပ်နေတုန်း စားပွဲဘေးမှာ ချထားတဲ့ ဆဲလ်ဖုန်းက မြည်လာတယ်။ ကျနော့် သူငယ်ချင်း ကိုသန်းဝင်း (ABSDF ရဲ့ ပထမဆုံး အထွေထွေ အတွင်းရေးမှူး) က ကျနော့်ကို ဖုန်းခေါ်လာတာ။ ”ဟေ့ကောင်... ဆရာတင်မိုးရော ဆရာစွမ်းရည်ရော ခု ငါနဲ့ အတူ ရှိနေတယ် အဲဒါ မင်း စကား ပြောလိုက်ဦး...”
----------
ဆရာဂျမ်း (ဆရာတင်မိုး) မဆုံးခင်တုန်းက ၂၀၀၁ ထဲမှာ ဆရာနဲ့ ဆရာစွမ်းရည် မိုင်ယာမီကို စာပေဟောပြောပွဲ လာတော့ ဆရာတို့ ၂ ယောက်ကို လိုက်ပို့ပေးတဲ့ ကိုသန်းဝင်းက ကျနော့်ကို ဖုန်းခေါ်လာတာပါ။ ကျနော် ကတော့ အလုပ်မအားတာနဲ့ မသွားနိုင်ဘူး။ ဒါနဲ့ပဲ ဆရာတို့ ၂ ယောက် အပြန်လမ်းမှာ ကျနော့်ဆီ ခေါ်လာလို့ ရမလားမေးတော့ သူတို့ အချိန်က မရဘူး ဆိုတော့ ဖုန်းထဲမှာပဲ ဆရာ ၂ ယောက်နဲ့ စကားပြောဖြစ်ခဲ့ရတယ်။ ဆရာတို့ ၂ ယောက်လုံးက ကျနော့် ဖခင်ရဲ့ သူငယ်ချင်းတွေ ဆိုတော့ ကျနော်ကလည်း တွေ့ချင်နေတာ။ ဆရာတို့ကလည်း ကျနော့်ကို တွေ့ချင်နေကြတယ်။ သို့သော်လည်း အခြေအနေက မပေးတော့ ကိုသန်းဝင်းရဲ့ ဆဲလ်ဖုန်းထဲကပဲ ဆရာတို့နဲ့ စကားပြောခဲ့ရတာ။ သာကြောင်းမာကြောင်း မေးမြန်းပြီး ဆရာတို့ ၂ ယောက်က ကျနော့်ကို စိတ်ဓါတ်ရေးရာအရ အားပေးကြတာပါ။ မိဘတွေလိုပါပဲ။ ကျနော့်မှာလည်း စိတ်ခွန်အားတွေ ရလို့...။ ဒီလိုနဲ့ပဲ စိတ်ထဲမှာ တေးထားခဲ့တယ်... တနေ့နေ့တော့ ဆရာတို့နဲ့ တွေ့မှာပါ...

အကိုအောင်ဝေး
”ဟဲလို...”
”ဟဲလို...ဘယ်သူတုန်း...”
”ကျနော်ပါ... ကိုလွမ်းဏီရဲ့...”
”ဟား.... ဟေ့ကောင်... တိုက်ဆိုင်နေပြီ.... ခု... ငါ့နားမှာ... ဘယ်သူရှိနေလဲ သိလား...”
”အကို့နားမှာဆို... မအေးမာပဲ ဖြစ်မှာပေါ့... ဘယ်သူရှိမတုန်း...”
”လခွီး... ” ကိုလွမ်းဏီ ကျနော့်ကို ဆဲရော
”ခရမ်းပြာ မြင်းရိုင်းကြီး...ဟ...”
”ဟာ...တကယ်လား... ပြောမယ်ဗျာ... တင်ပေး...”
အဲလိုနဲ့ ကိုလွမ်းဏီက အကိုအောင်ဝေးကို လိုင်းပေါ်တင်ပေး...။
”ဟဲလို... ”
”အကို... ကျနော်... အောင်ခိုင်ပါ....”
”အေးလေ... သိတယ်လေ... အဆင်ပြေရဲ့လား... ညီလေး...”
နောက်တော့ စကားတွေ အများကြီးပြောကြပေါ့ .... ...... ...... .....
တကယ်တော့ သူ့ကဗျာတွေကို ဖတ်ပြီး ကဗျာဆရာ တယောက် ဖြစ်ချင်ခဲ့တဲ့ ကျနော်က သူ့ကို အပြင်မှာ တခါမှ မတွေ့ခဲ့ဖူးဘူး။
”တွေ့ချင်တယ် အကိုရာ...”
”တနေ့နေ့တော့... တွေ့မှာပေါ့ကွာ...”....

ကိုဇာနီဝင်း
ကျနော့် ဘောင်းဘီအိတ်ထဲက ဆဲလ်ဖုန်းက မြည်လာတယ်။
ဒါနဲ့ ဆွဲထုတ်ပြီး ”ဟဲလို....” လုပ်လိုက်တော့
”ဇာနီဝင်းပါ” ...
”ဟေး... ကိုဇာနီ... နေကောင်းလား”
”ကျနော် ခု ဆန်ဖရန်ကနေ အယ်လေကို ထွက်လာပြီ...”
”အိုကေ... ကျနော်က မနက်ဖန် အလုပ်ဆင်းရဦးမှာ.. ညနေမှ ချိုသင်းတို့ အိမ်ကို လာမယ်လေ...အဲကျမှ တွေ့တာပေါ့...”
”ဟုတ်ပြီ... တွေ့မယ်လေ...”
----------
ဒီနှစ် ဧပြီလမှာ ကျနော့် မိခင် ဆုံးသွားတော့ အမေ့ အကြောင်းကို မိုးမခမှာ တင်ထားတာတွေကို ဖတ်ရင်းနဲ့ ကိုဇာနီဝင်းနဲ့ ကျနော် မေးလ်ထဲကတဆင့် အဆက်အသွယ်ရခဲ့တယ်။ သူပဲ အမေ့ ဈာပနအခမ်းအနား ဓါတ်ပုံတွေ၊ ဗီစီဒီတွေ ကျနော့်ဆီ ပို့ပေးခဲ့တာ။ ကျနော်က ကျနော့် အိမ်နဲ့တောင် အဆက်အသွယ်လုပ်ဖို့ အခက်အခဲ မျိုးစုံရှိနေခဲ့တာ။ သူ့ကျေးဇူးနဲ့ အမေ့ဈာပန အခမ်းအနားကို မျက်ရည်တွေကြားက ကြည့်ခဲ့ရတာ။ ဒီလိုနဲ့ ကိုဇာနီဝင်းနဲ့ ကျနော် ညီအကိုရင်းလို ရင်းနှီးလာလိုက်တာ ဖုန်းထဲမှာ ဂျီတော့မှာ စကားတွေ အများကြီး ပြောခဲ့ကြတာပေါ့။ တယောက်နဲ့ တယောက် တခါမှတော့ မတွေ့ခဲ့ဖူးကြ။

မိုးချိုသင်း
ကျနော်က ဘူမိဗေဒနဲ့ ကျောင်းပြီးခဲ့တယ်။ ဘူမိဗေဒ ကျောင်းသားတိုင်း ဘူမိဗေဒကဆိုရင် တယောက်နဲ့တယောက် မောင်နှမအရင်းလို စိတ်ထဲမှာကို ဖြစ်မိတာ။ ကျနော် ဘလော့ စရေးတော့ ပထမဆုံး ခင်ခဲ့တဲ့ ဘလော်ဂါ မကေသွယ် - ဆို ဘူမိဗေဒက ဆိုတော့ မောင်နှမရင်းတွေလို ခင်မိ။ နောက်တော့ မိုးချိုသင်းဘူမိဗေဒကပဲ။ သူ့ကိုလည်း ကိုယ့် ညီမတယောက်လို ခင်နေမိတယ်။ လူချင်းတော့ မတွေ့ဖူးသေး။ ပြီးတော့ ဆရာဂျမ်းရဲ့ သမီး ဆိုတော့လည်း မောင်နှမလို ပိုခင်နေမိပေါ့....။ နောက်တော့ ဖလော်ရီဒါကနေ ကယ်လီဖိုးနီးယားကို ကျနော်တို့ မိသားစု ပြောင်းချလာတော့ ကျနော့် ရဲဘော်ရင်းတယောက်ဖြစ်တဲ့ ကိုသူရထွန်းမော်က မိုးချိုသင်းတို့နဲ့ ရင်းနှီးနေတော့ တရက်မှာ မိုးချိုသင်းနဲ့ ကျနော် ဖုန်းပြောရတယ်။ လူချင်းကတော့ မတွေ့ဖူးသေး...။ တရက်ရက်တော့ တွေ့မှာပေါ့။
-----------------------------------------------------------------------------------------------
သည်လိုနဲ့ ဖုန်းထဲမှာပဲ တွေ့ခဲ့ရတဲ့ လူချင်းတခါမှ မတွေ့ဖူးခဲ့တဲ့ ကိုယ်တွေ့ချင်နေတဲ့သူတွေကို ကျနော်ဟာ... အချိန်ကာလ တခု ရောက်တော့ အားလုံးကို တနေရာတည်းမှာ တခါတည်း တွေ့လိုက်ရတဲ့အခါ.... (စိတ်မကောင်း အလွန်တရာ ဖြစ်မိတာကတော့ ကျနော် တွေ့ရတဲ့ သူတွေထဲမှာ ဆရာဂျမ်း မပါနိုင်တော့တာကိုပါ) ... ကျနော် စကားတွေတောင် ပြောမထွက်တော့ဘူး...
-----------------------------------------------------------------------------------------------
မိုးချိုသင်းတို့ အိမ်ကိုရောက်တော့ ပထမဆုံး ကျနော် ပြေးလွှားရှာမိတာကတော့ မိုးချိုသင်းပဲ... ဧည့်ခန်းထဲကနေ မီးဖိုချောင်ထဲ ရောက်လာတော့ ဆရာတင်မိုး အသေးစားလေးကို ကျနော် တွေ့လိုက်ရပါပြီ... မီးဖိုချောင်ထဲမှာ သူ အလုပ်များနေတယ်။ သူ့အနား သွားတော့ သူကလည်း ပြန်ကြည့်တဲ့အခါ ကျနော့် လက်ကို ဆန့်ထုတ်လိုက်ပြီး ပြောလိုက် မိတယ်... ”အောင်သာငယ်ပါ..ညီမ.” ... သူ... ဘာပြန်ပြောလည်းတောင် ကျနော် မမှတ်မိတော့ဘူး... ၀မ်းသာလွန်းလို့... မှတ်မိတာကတော့ ကျနော့် ညာလက်နဲ့ ဆုပ်မိထားတဲ့ သူ့ ဘယ်ဖက်လက်ပါပဲ... နောက်တော့ ကျနော်ပြောမိတာက ”ကိုကျော်ဝဏရော... ” ဆိုတော့ သူ လှမ်း..ခေါ်လိုက်တယ်... ကိုကျော်ဝဏနဲ့ ကျနော် လက်ချင်းဆုပ်မိကြ... ”အကို့ ဘလော့ကို ကျနော်တို့ နေ့တိုင်းဖတ်တယ်...”တဲ့ ... သူပြောနေတာ။ ကျနော်ကတော့ ဘာပြန်ပြောမိမှန်းတောင် မမှတ်မိတော့ဘူး။ ၀မ်းသာလို့...။

နောက်တော့ ဧည့်ခန်းထဲ ကျနော်သွားထိုင်တယ်။ ဆရာစွမ်းနဲ့ အကိုအောင်ဝေးကိုလည်း တွေ့လိုက်တယ်။ သူတို့လည်း လူတွေနဲ့ စကားတွေ ပြောနေကြတာဆိုတော့ အနှောက်အယှက် ကျနော် မပေးချင်ဘူးလေ။ ပြီးမှ နှုတ်ဆက်မယ်ပေါ့။ သို့သော်လည်း ကျနော် ရင်တွေတော့ ခုန်နေပြီ။ စိတ်တွေ အရမ်း လှုပ်ရှားနေမိပြီ။ ကျနော် တွေ့ချင်ခဲ့တဲ့သူတွေအားလုံးကို ဒီမှာ အားလုံးတွေ့နေရပြီကိုး...။

ဒီလိုနဲ့ ကျနော့်အရှေ့က ဆိုဖာပေါ်မှာ စကားပြောနေတဲ့ ကိုကျော်ဝဏကို ”မိုးမခက ကိုဇာနီလည်း လာမယ်ပြောတယ်... ခု ဒီမှာ သူ ရှိလား...” ဆိုတော့ ”ဟိုးမှာလေ... ကိုဇာနီ...” လို့ သူပြောနေတုန်းမှာပဲ လက်ပ်တော့ တလုံးနဲ့ အလုပ်ရှုပ်နေတဲ့ ရုပ်ချောချော လူငယ် တယောက်က လည်ပြန်လှည့်ကြည့်တယ် (ကိုဇာနီရေ့ မြှောက်ပေးလိုက်ပြီ) သူ့ ညာဖက်လက်ကို ဆွဲဆုပ်ရင်း သူ့ကို ကျနော် ဆွဲဖက်မိ...။

နောက်တော့ မိုးမခက ကိုမောင်ရစ်နဲ့ ကိုဇာနီက ကျနော့်ကို မိတ်ဆက်ပေးတယ်။ ကျနော်ကတော့ စိတ်လှုပ်ရှားနေရင် စကား သိပ်မပြောတတ်တာဆိုတော့ ကိုမောင်ရစ်ကတော့ ကျနော့်ကို ဘယ်လို ထင်မလဲ မသိ။

နောက်တော့ ကိုဇာနီက ကျနော့်ကို ဆရာတွေ ထမင်းစားနေတဲ့ဆီ ခေါ်လာတယ်။ အကို အောင်ဝေးနဲ့ သူက ကျနော့်ကို တွေ့ပေးတာလေ။ ခရမ်းပြာမြင်းရိုင်းကြီးရဲ့ ညာဖက်ခွာကို ကျနော် တင်းတင်းဆုပ်လိုက်မိတယ်။ ”အကိုနဲ့ ကျနော် ဖုန်းထဲမှာ စကားပြောခဲ့ဖူးတယ်လေဗျာ... ကိုလွမ်းဏီဆီမှာ အကို ရှိနေတုန်းကလေ... မှတ်မိလား... ခု တွေ့ရတာ အရမ်း ၀မ်းသာတယ်ဗျာ...” “မှတ်မိတယ်လေကွာ“

အဲလို ကျနော် ပြောနေရင်း ထမင်းစားပွဲ တဖက်က ဆရာစွမ်းက ကျနော့်ကို လှမ်းကြည့်နေသေး..... ဒါနဲ့ ကျနော် ဆရာ့ဆီ သွားရပ်တယ်။ ဆရာစွမ်းက သူ့လက်ကို ကျနော့်ဆီ ကမ်းပေးတယ်။ ကျနော် လှမ်းဆုပ်လိုက်တဲ့လက်ကို ဆုပ်ကိုင်ရင်း ”ခုမှတွေ့တယ်ကွာ...”

ဖုန်းထဲမှာပဲ တွေ့ဖူးတဲ့သူတွေ အားလုံးကို အပြင်မှာ တချိန်တည်း တပြိုက်နက်တည်း တွေ့ရတာ အတော် ပျော်စရာကောင်းသလို အတော် ကံကောင်းတဲ့ ကိစ္စပါပဲ။ ကျနော်ဟာ အတော့ကို ကံကောင်းတဲ့သူပေါ့။ ပြောရရင် ကျနော်ဟာ ကံအကောင်းဆုံး လူတယောက်ပါပဲ။

15 comments:

pandora said...

ပျော်စရာကြီး..
ဘာတွေစားခဲ့တယ် ဆိုတာလည်း ရေးဦးလေ။ ဒန်ပေါက်တွေဆိုလား..း)
သတင်းရတယ်။

khin oo may said...

အမြဲဖတ်ပါသည်။

mirror said...

အစ်ကို
ဟိုတစ်နေ့က ဘယ်သူ့ကိုမှမတွေ့ချင်တော့ဘူးဆိုတော့လဲ
ဖတ်ရင်းကိုယ်ပါဝမ်းနည်းရ၊
ခု ချစ်တဲ့သူတွေနဲ့တွေ့လို့ ပျော်နေတော့လဲ
ကိုယ်ပါဖတ်ရင်း ၀မ်းသာကြည်နူးရ.....
ပျော်စရာကြီးနော်....

Kay said...

ဟုတ်ပါရဲ့.. mirror ပြောသလို- ဘယ်သူ့မှ မတွေ့ချင်တော့ဘူး လို့ပြောပြီး..ခုတော့.. လူတွေဆုံဖြစ်ကြတာ.. ဖတ်ရတာနဲ့တောင်..ပျော်စရာ ကောင်းနေ တယ်။ ဆက်လက် ကံကောင်းပါစေ လို့ဆုတောင်းပေးပါတယ်..ကိုအောင်သာငယ်ရေ။

ဆောင်းယွန်းလ said...

အကိုရေ.အကိုတွေ့ဖူးချင်တဲ့လူတွေနဲ့ကျနော်တွေ့ဖူးချင်တဲ့လူတွေ
ကတစ်ထပ်တည်းကျမယ်ထင်တယ်..ဆရာမိုးနဲ့ဆရာစွမ်း
ပြီးတော့ကိုအောင်ဝေးတို့ကိုတော့အပြင်မှာမြင်ဖူးစကား
ပြောဖူးခဲ့ပြီးပါပြီ..မမိုးချိုသင်းကိုတော့အမေဒေါ်မာမာအေးပြောပြောနေလို့
ခဏခဏကြားဖူးနေပါတယ်.
ကျနော်နောက်ထပ်တွေ့ချင်တဲ့လူတစ်ယောက်ကတော့
အကို့ကိုဘဲ....ဖော့ဝိန်းမြို့ကိုမျက်စိလည်လမ်းမှားပြီးများ
ရောက်ခဲ့မယ်ဆိုရင်တော့ကျနော့်ကိုကြိုပြီးအသိပေးပါဗျာ..

ကိုရင်ညိန်း said...

အားကျတယ်ဗျာ ကျနော် ထင်ပါတယ် အစ်ကို ဘာစကား မှဝင်ပြောနိုင်လိမ့်မယ် မဟုတ်ဘူး လို့ ။ အဲဒါ ရင်ဘတ်ထဲ လှိုက်နေတဲ့အခါ ဖြစ်တဲ့ ခံစားမှု့ မို့လားဗျာ ။ ဒီထက်ကံကောင်းတာတောင် ဒီထက် ကံမကောင်းတော့ဘူး ။
အဟေးဟေး

ယောနသံစင်ရော် said...

အင်း ညီမလည်း အဲဒီ စာပေဟောပြောပွဲကိုလာချင်တာ.. သမီးလေးက ငယ်နေလို့ လေယာဉ်စီးလို့မကောင်းတာနဲ့ မမိုးချို ကိုတွေ့ချင်လို့။နောက်နှစ်တော့ရောက်အောင်လာခဲ့ဦးမယ် ။ တွေ့ချင်တဲ့သူစာရင်းထဲမှာ ကိုကြီးအောင်သာငယ်ပါထည့်ထားလိုက်မယ်။

သက်ဝေ said...

အားကျလိုက်တာ...
ပြီးတော့ မနာလိုဘူး...။
ဆက်ရေးအုံးနော်... ဓါတ်ပုံတွေလဲ တင်ပေးပါအုံး...။

သက်ဝေ said...

အားကျလိုက်တာ...
ပြီးတော့ မနာလိုဘူး...။
ဆက်ရေးအုံးနော်... ဓါတ်ပုံတွေလဲ တင်ပေးပါအုံး...။

tututha said...

ဟုတ်တယ်အစ်ကို။ ကံကောင်းလိုက်တာနော်။ တူးလည်းအဲဒီဝိုင်းထဲ ပါချင်လိုက်တာ။

အောင်သာငယ် said...

မပန် - ပျော်စရာကြီးပေါ့ဗျာ။ သို့သော်လည်း အပျော်တွေပဲ တော်တော် စားမိခဲ့တော့ ဒန်ပေါက်ကို နည်းနည်းပဲ စားနိုင်တော့တယ်။ ကြက်သားတောင် မစားမိဘူး။

KOM - မင်္ဂလာပါဗျာ အမြဲဖတ်တာ ကျေးဇူးပါ။

mirror - ဒီလိုပေါ့ ညီမရေ့... လူသား တယောက် ဆိုတော့လည်း... တက်လိုက်... ကျလိုက်... ဘ၀ လှိုင်းတွေထဲမှာ... ၀မ်းနည်းလိုက်... ပျော်ရွှင်လိုက်ပေါ့

မကေ - အားလုံးကို အတူ ပျော်စေချင်ပါတယ်ဗျာ ... ဆုတောင်းပေးတဲ့ အတွက်လည်း ကျေးဇူး အထူးပါ...
ပေးတဲ့ဆုနည့် ပြည့်ပါစေလို့လည်း ဆန္ဒပြုပါတယ်။

ဆောင်းယွန်းလ - တနေ့နေ့တော့ တွေ့ကြမှာပပျါ... ညီရေ့က...

ကိုရင်ညိန်း - အေးလေကွာ ... ကိုယ့်ညီ ပြောတဲ့အတိုင်း အတိအကျပါပဲ...

ယောနသံစင်ရော် - အကို့ စာရင်းထဲမလည်း ငါ့ ညီမကို ထည့်ထားလိုက်ပြီး)

သက်ဝေ - တွေ့ချင်တဲ့ သူတွေ စာရင်းထဲ ... သက်ဝေလည်း ပါသွားလိုက်ပြီ။ အားလုံးဆီက ခွင့်ပြုချက်ရရင် ဓါတ်ပုံတွေ တင်ပေးပါ့မယ်။

မတူး - တနေ့နေ့ပေါ့လေ ညီမရေ့...

thorn musem said...

ကိုအောင်...ေ၇
ရေခဲတုံးတွေကြားမြူတ်နေတဲ့ 
ကျနော့်အဘို့ တော့ အဲဒီလို ကံတရား မပါလာဘူးဗျာ....
မုဒိတာ ပွားလိုက်ပါတယ်..ကိုအောင်ရေ..။

Heartmuseum said...

အော်... ဖလော်၇ီဒါကနေ တကယ်ပြောင်းလာပြီးကိုးဗျ။ ကောင်းတယ်ဗျာ။ ၀မ်းသာတယ်။ စာပေဟောပြောပွဲ မလာရတာ နာတာပဲဗျာ။

လင်း said...

မနာလိုစရာကြီးး ။အကိုရေ အသေးစိတ်ရေးပါအုန်း။ ဟိဟိ ဖြစ်နိုင်ရင် မမိုးချိုနဲ့ ကိုကျော်ဝဏအကြောင်းပါ ပို့ စ်သပ်သပ်တင်ပေးနော်။ အကိုက လူကိုယ်တိုင်တွေ့ ခဲ့ရပြီဆိုတော့

အောင်သာငယ် said...

ကိုသစ် - ကျနော်တွေ့ချင်တဲ့ သူတွေထဲမှာလည်း ကိုသစ် ပါတယ်လေဗျာ... Someday! Somewhere!

ကိုပြတိုက် - ရောက်တာတောင် ၃ လပြည့်တော့မယ်... ပြတိုက်ကြီးက ဘယ်နား သွားထိုင်နေသတုန်းဗျ...

လင်း - မိုးချိုက အသားဖြူဖြူ အပြုံးချိုချိုနဲ့...
ပြီးတော့... ဆံပင်ကို ယောက်ျားလေးလို အတိုညှပ်... ပုဆိုးလေး ကပ်ပေးလိုက်ရင်.. ဆရာတင်မိုး အသေးလေးကို မြင်ရသလိုပေါ့..း)
ကိုဝဏကလည်း မိုးချိုလို အသားဖြူဖြူ အပြုံးချိုချိုနဲ့...
သိပ်ကို လိုက်ဖက်တင့်တယ်တဲ့ ကျက်သရေရှိတဲ့ မောင်နှံပေါ့ကွယ်...