Let the rail splitter awake - by Pablo Neruda
မောင်သစ်တည် (ဆရာမြသန်းတင့်ရဲ့ ကလောင်ခွဲတခု) ဘာသာပြန်ခဲ့တဲ့
- ခေတ်ပေါ် နိုင်ငံတကာ ကဗျာရှည် ၃ ပုဒ် - ထဲက
ချီလီ ကဗျာဆရာကြီး ပတ်ဗလိုနီရူဒါရေးခဲ့တဲ့
- သစ်ခုတ်သမားနိုးကြားလော့ - ဆိုတဲ့ ကဗျာမှာ
အပိုဒ်တခုကို ကျနော်က အရမ်းကို နှစ်ခြိုက်မိခဲ့ပါတယ်။
အဲတာကတော့ -
(အေးစက်တဲ့) ငါ့တိုင်းပြည်လေးမှာ..
သစ်မြစ်တွေကိုတောင် ငါချစ်တယ်...
တကယ်လို့ အကြိမ်ပေါင်းတစ်ထောင်သေရင်
အဲဒီမှာပဲငါသေချင်တယ်။
တကယ်လို့
အကြိမ်ပေါင်းတထောင် ပြန်မွေးရင်လည်း
အဲဒီမှာပဲ ငါမွေးချင်တယ်။
အဲတာကိုပဲ ကျနော့် ဘလော့ ဘန်နာမှာ သုံးခဲ့ပါတယ်။ နောက်တော့ ဆရာမ မနော်ဟရီက အဲတာလေးကို ကြိုက်နှစ်သက်လို့ သူ့ဘလော့မှာ ယူသုံးချင်လို့ ခွင့်ပြုဖို့ ကျနော့်ကို ပြောလာပါတယ်။ အမှန်က ကျနော့်ကိုတောင် ခွင့်တောင်းစရာမလိုပါဘူး ယူသုံးလို့ရတာပါပဲ။ ကိုယ့်နိုင်ငံကို ချစ်တဲ့သူတိုင်းအတွက် ဆရာကြီး နီရူဒါက အကြွင်းမဲ့ သုံးခွင့်ပေးလိမ့်မယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။ ဒါကြောင့်လည်း -သုံးလို့ရပါတယ် ကျနော့်ကိုတောင် ခွင့်တောင်းနေစရာမလိုပါဘူး- လို့ သူ့ကို ကျနော် ပြောခဲ့တာပါ။
နောက်တော့ အဲကဗျာပိုဒ်လေး တပိုဒ်ကြောင့်ပဲ ဆရာမ မနော်ဟရီ နဲ့ မအေးမြတ်မြတ်ကို နားလည်မှုလွဲတာတွေ ဖြစ်လာတာကို ဆရာမရဲ့ အကြိမ်ပေါင်းတထောင် ပို့စ်နဲ့ မအေးမြတ်မြတ်ကိုရဲ့ 1000 Times! ပို့စ်တွေမှာ တွေ့ရ ဖတ်ရတော့ ကျနော် စိတ် မကောင်းဖြစ်တယ်။
ဒါနဲ့ပဲ ကြားထဲက သူတို့ရဲ့ သက်ဆိုင်ရာ ပို့စ်တွေမှာ ကွန်မန့်ရေးပြီး ကျနော် ရှင်းပြပေးခဲ့ပါတယ်။
ဒါကြောင့်ပဲ - သစ်ခုတ်သမားနိုးကြားလော့-ကဗျာကို အစအဆုံး ဖတ်ဖူးကြရအောင် ကျနော် ပြန်တင်ပေးလိုက်ပါတယ်။
အဲကဗျာက ကဗျာရှည်ကြီးဖြစ်နေလို့ - အပိုင်းလိုက်ပဲ ကျနော် တင်ပေးနိုင်ပါတယ်။ အဲကဗျာမှာ အပိုင်း (၅) ပိုင်းရှိပါတယ်။ ကျနော် ယူသုံးထားတဲ့ - အကြိမ်ပေါင်း တထောင်- ပါတဲ့ အပိုင်းက နောက်ဆုံးပိုင်း အပိုင်း (၅) မှာပါ။
ဒီနေ့အဖို့တော့ အပိုင်း (၁) ကိုပဲ တင်ပေးပါရစေ။
၁။
ကိုလိုရာဒိုမြစ် အနောက်ဘက်ဟာ
ငါ ချစ်တဲ့ နေရာဖြစ်တယ်။
ငါ့ခန္ဓာကိုယ်ထဲမှာ ရှိသမျှ အရာဝတ္ထုအပေါင်းနဲ့
ငါ့မှာ ရှိခဲ့တဲ့၊ ငါ့မှာ ရှိနေတဲ့
ငါ ယုံကြည် သက်ဝင်နေတဲ့ အရာဝတ္ထုအပေါင်းနဲ့
(အဲဒီနေရာ) ငါ ခညောင်း ၀ပ်တွားလိုက်တယ်။
အဲဒီမှာ
ကြမ်းကြုတ်တဲ့ လေရိုင်းက
အပြိုင်းပြိုင်းထနေတဲ့
သူ့ရဲ့ လက်ပေါင်း တထောင်နဲ့
အဆောင်ဆောင် အခန်းခန်း ဖြစ်အောင် ဆောက်လုပ်ထားရာ
ကျောက်ဆောင် နီနီမြင့်မြင့်ကြီးတွေ ရှိရဲ့။
နရက်က တိုးထွက်လာတဲ့
မရမ်းပြာရောင် ကောင်းကင်ကြီးဟာ
ကြေးနီ မီးလျှံနဲ့ အားမာန်ဖြစ်ဖို့
အဲဒီ ကျောက်ဆောင်နီနီတွေ အထက်ကို
တွားတက်လာခဲ့တယ်။
အမေရိကတိုက်ဟာ
ကျွဲရေတချပ်ကို ခင်းထားသလို
အစင်းသား ပြန့်နေတယ်။
သန့်စင် လေရူးသုန်သုန် တိုက်ပြီး
ကဆုန်စိုင်းတဲ့ ညမှာ
ကြယ်တာရာအပေါင်း ခညောင်းတဲ့
တောင်စောင်း တောင်ထွတ်တွေကို
ပူဇော် ဦးညွတ်ရင်း
သင့်ရဲ့ ဆွတ်ပျံ့ စိမ်းမြတဲ့ နှင်းရည်ခွက်ကို ငါ သောက်ခဲ့ရတယ်။
ဟုတ်တယ်၊ ခြောက်သွေ့တဲ့ အရီဇိုးနားမှာ
အဖုအထစ်တွေ များလှတဲ့ ၀စ္စကိုဆန်မှာ
ထန်ပြင်းတဲ့ နှင်းတွေကြားက
ကုန်းထနေတဲ့ မီလ်ဝေါ့ကီမှာ
ပူလောင်အိုက်စပ်တဲ့ ၀က်စပန်းက
စိမ့်တောတွေတ၀ှန်းမှာ
တာကိုးမားက ထင်းရှူးတောတွေထဲမှာ
သင့်တောအုပ်တွေရဲ့ သံမဏိ ရနံ့တွေ ကြားထဲမှာ
မိခင်မြေကြီးပေါ်
အပြာရောင် သစ်ရွက်တွေအပေါ်
ရေတံခွန် စိမ့်စမ်းတွေ အောက်က ကျောက်တုံးတွေပေါ်
ဂီတလို တုန်ယင်နေတဲ့ လေပွေ မုန်တိုင်းတွေပေါ်
ဘုန်းကြီးကျောင်းများမှာလို
ဘုရားရှိခိုးစာကို ရွတ်ဆိုနေကြတဲ့ မြစ်နဒီတွေပေါ်
တောငန်းရိုင်းတွေနဲ့ ပန်းသီးတွေပေါ်
မြေပြင်နဲ့ ရေပြင်ပေါ်
ကောက်နှံတွေကို မွေးဖွားပေးလိုက်တဲ့
အဆုံးမရှိသော တိတ်ဆိတ်မှုပေါ်ကို
ငါ ကျော်နင်းပြီး လျှောက်ခဲ့တယ်။
င့ါ ခန္ဓာကိုယ် ငါ့ဘဝ
ဗဟိုချက်မ ကျောက်ဆောင်ကြီးထဲကနေပြီး
ငါ့မျက်လုံးတွေ၊ ငါ့နားတွေနဲ့ ငါ့လက်တွေ
လေထဲမှာ ဆန့်တန်း မျှော်ကြည့်လိုက်ရင်
အင်ဂျင်တွေ၊ ဟာအုပ်တွေ၊ နှင်းပွင့်တွေ၊ တိုက်ပွဲတွေ
အလုပ်ရုံတွေ၊ သင်္ချိုင်းတွေ၊ စက်ရုံကြီးတွေ၊ ခြေသံတွေကို
ငါ ကြားနေရတယ်။
မင်ဟက်တန်ကနေ မျှော်ကြည့်လိုက်ရင်
လှေတစင်းနဲ့ ရွက်လွှင့်နေတဲ့ လမင်းရယ်
ရက်ကန်းစက်တွေရဲ့ တေးဆိုသံတွေရယ်
မြေကြီးကို ၀ါးမျို စားသောက်နေတဲ့
သံမဏိ ဇွန်းကြီးတွေရယ်
မြွေတကောင်လို ပေါက်လိုက်တဲ့ လွန်ပူတွေရယ်
ဖိတဲ့အရာ၊ ဖြတ်တဲ့အရာ၊ ချုပ်တဲ့အရာ၊ ပြေးတဲ့အရာတွေကို
ငါကြားရတယ်။
အတောမသတ် လည်ပတ်ပြီး အတောမသတ် မွေးဖွားနေတဲ့
ဘီးတွေနဲ့ လူတွေကို ငါမြင်တယ်။
လယ်သမားတွေရဲ့ တဲကုပ်ကလေးတွေကို ငါ ချစ်တယ်။
မန်ကျည်းဖျော်ရည်လို ရနံ့ချိုနေတဲ့
မီးပူတိုက်ပြီးသား အ၀တ်တွေလို လတ်ဆတ်နေတဲ့
မိခင်ပျိုတွေက အိပ်ပျော်လို့
ကြက်သွန်ခင်းတွေ ပတ်လည်ဝိုင်းနေတဲ့
ထောင်ပေါင်းများစွာသော အိမ်တွေထဲမှာ
မီးလင်းဖိုတွေက တောက်လောင်လို့။
မြစ်ကမ်းနားက ယောက်ျားတွေက တေးဆိုကြတော့
သူတို့ရဲ့အသံဟာ မြစ်ကြမ်းပြင်က
ကျောက်ခဲတုံးများလို ကွဲရှ ကြမ်းတမ်းနေတယ်။
ပြန့်ကားနေတဲ့ ဆေးရွက်ခင်းကြီးထဲက
ဆေးရွက်နံ့က ထောင်းထောင်းထလို့။
ဒီအရာတွေ အားလုံးဟာ အိမ်ထဲကို သရဲသဘက်ဝင်သလို
ငါ့ အတွေးထဲကို တိုးဝှေ့ ၀င်လာကြတယ်။
မစ်ဇိုရီပြည်နယ်ကို လာခဲ့ပါ။
အဲဒီက ဒိန်ခဲနဲ့ အဲဒီက ကောက်နှံ
တယောပြားတွေလို နီရဲပြီး
မွှေးပျံ့နေတဲ့ ပျဉ်ချပ်တွေ
မုယောခင်းတွေထဲမှာ ရေကင်းလှည့်နေတဲ့ ယောက်ျားတွေ
ပေါင်မုန့်နံ့နဲ့ ကောက်ရိုးနံ့သင်းနေတဲ့
နက်ပြာရောင် မြင်းပေါက်ကလေးတွေကို ကြည့်ပါ။
ခေါင်းလောင်းတွေ၊ ပေါ်ပီပန်းတွေ၊ ပန်းပဲဆရာရဲ့ မီးပုံတွေကို ကြည့်ပါ။
ညစ်ညမ်းတဲ့ ရုပ်ရှင်ရုံတွေထဲမှာ
မြေကြီးက ဖွားလာတဲ့ အိပ်မက်ထဲမှာ
အချစ်ဟာ သူ့သွားကြီးတွေကို ဖြဲပြနေလေရဲ့။
အို…မြောက်အမေရိကတိုက်
ငါတို့ ချစ်တာဟာ သင့်မျက်နှာ မဟုတ်
သင့် ငြိမ်းချမ်းရေးသာ ဖြစ်တယ်။
သင်ဟာ အပြောကျယ်တယ်၊ အဆင်းလှတယ်။
သင့်မျိုးရိုးဇာတိဟာ
ခ၀ါသည်မရဲ့ မျိုးရိုးဇာတိလို
နိမ့်ကျဆင်းရဲတယ်။
သင့် မြစ်ကမ်းဘေးတွေဟာ
ဖြူစင်တယ်။
မသိနိုင်တဲ့ နေရာမှာ ဖွဲ့စည်းလာတဲ့
သင့်ငြိမ်းချမ်းရေး ပျားသလက်ဟာ
ထာဝစဉ် အချိုမြိန်ဆုံး ဖြစ်တယ်။
အိုရီဂွန်နယ်က ရွှံ့စေးနီနီတွေလို
နီရဲတဲ့ လက်တွေရှိတဲ့
သင့်ပြည်သူတွေကို ငါ ချစ်တယ်။
ဆင်စွယ်ရပ်ဝန်းများမှာ မွေးဖွားလာတဲ့
တေးဂီတကို ယူဆောင်လာသူ
သင့်ရဲ့ လူမည်း သားသမီးတွေကို ငါချစ်တယ်။
သင့်ရဲ့မြို့၊ သင့်ရဲ့ အနှစ်သာရ
သင့်ရဲ့ အလင်းရောင်၊ သင့်ရဲ့ စက်ယန္တယား
အနောက်ပိုင်း ပြည်နယ်များက သင့်ရဲ့ ခွန်အားတွေကို
ငါတို့ချစ်တယ်။
ငြိမ်ဆိပ်တဲ့ ပျားရည်နဲ့ တောမြို့ကလေးတွေ
ထွန်စက်မောင်းနေတဲ့ အသံပြာပြာနဲ့ ကောင်လေးတွေ
ဂျက်ဖာဆန်ဆီက အမွေရခဲ့တဲ့ မုယောခင်းတွေ
သင့်သမုဒ္ဒရာ အကျယ်အ၀န်းကို တိုင်းထွာနေတဲ့
ဂျုံးဂျုံးမြည်ဟီးတဲ့ ဘီးကြီးတွေ
စက်ရုံမီးခိုးတွေနဲ့ ပြည်နယ်သစ်တွေရဲ့
အနမ်းရာထောင်တွေကို ငါချစ်တယ်။
ငါတို့ချစ်တာဟာ
ကြိုးပမ်းအားထုတ်နေတဲ့ သင့်သွေးနဲ့
စက်ဆီတွေ ပေကျံနေတဲ့ သင့်အလုပ်သမားတွေရဲ့
လက်ကြီးတွေ ဖြစ်တယ်။
ရှေးပဝေသဏီကတည်းက
ပရေရီ ညကောင်းကင်အောက်မှာ
ကျွဲရေ တချပ်ကိုခင်း
ငါတို့ ဘိုးဘေးတွေနဲ့ ငါတို့အကြောင်းကို စပ်ဆိုတဲ့
ကဗျာလင်္ကာတွေ၊ တေးသီချင်းတွေကို
ငါနားထောင်ခဲ့ဖူးတယ်။
(စာရေးဆရာ) မဲလ်ဗီးဟာ
ရေမှာ ကြီးပြင်းတဲ့ ထင်းရှူးတပင် ဖြစ်ပါတယ်။
သူ့အကိုင်းအခက်ကနေပြီး
လှေဦးတခု၊ သစ်သားလက်တချောင်းနဲ့
လောင်းလှေတစင်း ပေါ်လာခဲ့တယ်။
(ကဗျာဆရာ) ၀ှစ်တမင်းဟာ
ဂျုံခင်းကြီးတွေလို အဆုံးအစမရှိသူ ဖြစ်တယ်။
(စာရေးဆရာ) အဂ္ဂါအလန်ပိုးဟာ
သင်္ချာဗေဒဆိုင်ရာ ဆည်းဆာထဲမှာ
အဆုံးမရှိ တောက်ပသူ ဖြစ်တယ်။
(စာရေးဆရာ) ဒရက်ဇာနဲ့ ၀ုလ်ဖ်ဟာ
ငါတို့ မရှိမှုထဲမှာ
မပျောက်သေးတဲ့ ဒဏ်ရာသစ်တွေ ဖြစ်နေသေးတယ်။
မကြာခင်က ကွယ်လွန်ခဲ့တဲ့ လော့ခ်ရစ် ဟာ
နက်ရှိုင်းတဲ့နေရာကို ရောက်သွားပြီ။
သူ့လိုပဲ အရိပ်ထဲမှာ ပျောက်ကွယ်သွားကြရသူတွေ
ဘယ်လောက်များများ ရှိနေပြီလဲ။
ဘယ်လိုပဲဖြစ်ဖြစ်
သူတို့ခေါင်းပေါ်မှာတော့
မြောက်ဘက်ခြမ်း အရုဏ်ဟာ တောက်ပဆဲပါပဲ။
သူတို့ကြောင့် ငါတို့ရယ်လို့ ဖြစ်လာခဲ့ကြတယ်။
ခွန်အားကောင်းတဲ့ ခလေးငယ်တွေ
မျက်စိမမြင်တဲ့လူကြီးတွေ
တခါတရံ ကြောက်မက်ဖွယ်ကောင်းတဲ့
သစ်ရွက်စိမ်းစိုတွေနဲ့ တိုက်ပွဲတွေကြားမှာ
ပျော်ရွှင်မှုနဲ့ ၀မ်းနည်းမှုက ပုဒ်မဖြတ်ပေးနေတဲ့
ယာဉ်ရထားတွေ ဖြတ်သန်းသွားတာ
ပရေရီ မြက်ခင်းပြင်ကြီးရဲ့အောက်မှာ
တခါတရံမှ လူသူမရောက်ဖူးတဲ့ လွင်ပြင်တွေအောက်မှာ
လူတွေ ဘယ်လောက်များ သေခဲ့ကြရပြီလဲ။
ပရေရီ မြက်ခင်းပြင်ထဲက ကျွဲရေတွေပေါ်မှာ
စိတ်သောက ရောက်ကြရတဲ့ အပြစ်ကင်းသူတွေနဲ့
အသစ်ပုံနှိပ်လိုက်တဲ့ ပဏ္ဍိတ်တွေ
ဘယ်လောက်များ ရှိခဲ့ကြပြီလဲ။
ပျိုရွယ်တဲ့ စစ်သားငယ်များဟာ
ပြင်သစ်ပြည်က၊ အိုကီနာဝါကျွန်းက
ပင်လယ် သန္တာကျွန်းတွေဆီက
ဒေါမာန်ထနေတဲ့ လှိုင်းတွေ လေတွေထဲက
အားလုံးလိုလို ပြန်ရောက်လာခဲ့ကြပြီ။
သူတို့ရဲ့ဘ၀က နာကြည်းစိမ်းဆတ်
ရွှံ့တွေ၊ ချွေးတွေနဲ့ ရစ်ပတ်နေတဲ့ ထုပ္ပတ်။
သန္တာ ကျောက်တန်းတွေရဲ့ တေးဆိုသံများကို
သူတို့ နားမထောင်အား။
အသေခံရုံမှတပါး လက်နှင့်ပင် တို့ထိ မသွားခဲ့ကြရ။
အို....ရဲရင့် မွှေးပျံ့တဲ့ ပန်းပွင့်များ။
သွေးနဲ့ အညစ်အကြေးတွေ
ညစ်ပတ်မှုနဲ့ ကြွက်တွေက
သူတို့နောက်ကို ပြေးလိုက်လာကြတယ်။
သြော်... သူတို့ရဲ့ ပင်ပမ်းနွမ်းနယ်
အထီးကျန် ဖြစ်နေရတဲ့ တိုက်ပွဲဝင် နှလုံးသား။
ခုတော့ သူတို့ ပြန်လာကြလို့ သင်တို့ကလည်း ဆီးကြိုနေကြပြီလေ။
ရောက်ခဲလှတဲ့ သင်တို့ တိုင်းပြည်ကို
ပြန်ရောက်လာခဲ့ကြပြီလေ။
အမည်မသိတဲ့ ပန်းပွင့်များပမာ
ဝတ်လွှာကို ပိတ်ပြီး သူတို့ အတိတ်ကို သူတို့ ပြန်မေ့ထားရင်း
အသစ်ပြန် မွေးဖွားလာခဲ့ကြရပြန်တယ်။
(ဆက်လက်ဖော်ပြပါမည်)
5 comments:
အလုပ်တွေရှုပ်ကုန်အောင်လုပ်မိရင်တောင်းပန်ပါတယ်
ဒါပေမယ့် အမြတ်က ဒီကဗျာတစ်ပုဒ်လုံးကို ရလိုက်တာ
မို့ကျေးဇူးအထူးတင်ကြောင်း....
ချမ်းမြေ့ပါစေ...
ကိုကြီးအောင်သာငယ် ကဗျာလေးအတွက် ကျေးဇူးကျေးဇူး။ တယောက်သောသူပြောပြောနေတဲ့ ကဗျာလေး..သူကတော့ အလွတ်မရွတ်ပြနိုင်ဘူးတဲ့ ကဗျာက အရမ်းရှည်တာတဲ့။ ခုတော့ ကိုကြီးကျေးဇူးနဲ့ဖတ်ရပြီ။ ကျေးဇူး....ကျေးဇူး...ကျေး...ဇူးးးးးး။
ကဗျာအတွက် ကျေးဇူးပါ
http://winzaw-mdy.blogspot.com
ကဗျာအတွက်ကျေးဇူးပါအကို...
မနော် - အလုပ်ရှုပ်ပေမယ့် မဖတ်ရသေးသူတွေ ဖတ်စေချင်တဲ့ စေတနာနဲ့ပါ။
ယောနသံဇင်ရော် - ရှိတာလေး မျှဝေပေးတာပါ ညီမရေ့...
ကိုဝင်းဇော်၊ ညီငယ် ဆောင်းယွန်းလ - ဆရာ မြသန်းတင့်ကို ကျေးဇူးတင်ကြလေး)
Post a Comment