Nov 5, 2008

သူပုန်တယောက်ရဲ့ ဒိုင်ယာရီ (၁၁)

ကျနော့်ရဲ့ ဆက်မရေးဖြစ်နိုင်တဲ့ ဒိုင်ယာရီကို အားထုတ်ပြီး ရေးလိုက်ပါတယ်။
----------
ကျနော်တို့ အဖွဲ့ထဲက တပ်မှူးဖြစ်တဲ့ ကိုထွန်းထွန်းနဲ့ ရဲဘော်စိုးအောင် ဒဏ်ရာ ရပြီး နောက်တန်းကို ရောက်သွားခဲ့တဲ့ နောက်ပိုင်းမှာ ရဲဘော်စိုးအောင်ရဲ့ ဒဏ်ရာက ပြင်းတော့ ညတွင်းချင်းပဲ မဲဆောက်ကို ပို့ရတဲ့အတွက် ဥက္ကဌ ကိုစအောင်လွင်လည်း မဲဆောက်ကို လိုက်သွားရပါတယ်။ အဲနောက်တော့ နောက်နေ့ မနက်မှာ ကျနော်တို့ တပ်ဖွဲ့ တာဝန်ယူထားရတဲ့ အကွက်မှာ အပြောင်းအလဲတွေ ဖြစ်ပါတယ်။ ဘာလို့ဆို ကိုထွန်းထွန်းက ဒီ အကွက်ကို တာဝန်ခံထားရတဲ့ တပ်မှူး ဆိုတော့ သူ ဒဏ်ရာရလို့ မရှိတဲ့ အချိန်မှာ သူ့ကိုယ်စား တာဝန်ယူ ကွပ်ကဲမယ့်သူက ကျနော်တို့ထဲမှာ မရှိပါဘူး။ အဲတုန်းက ကျနော်ကလည်း တပ်စုမှူးပဲဆိုတော့ အားလုံးကို တာဝန် မယူနိုင်သေးပါဘူး။

ဒီလိုနဲ့ ဘီအဲမ်ဝိုင် ခေါ်တဲ့ ဗိုလ်ချုပ်မြလူငယ်တပ်ဖွဲ့ (Bo Mya Youth) က ဒီအကွက်ထဲမှာ အင်အား လာဖြည့်ပါတယ်။ တပ်မှူးကတော့ တိုက်ရည်ခိုက်ရည် အရမ်းကောင်းတဲ့ နံမည်ကျော် တပ်မှူးတဦးဖြစ်တဲ့ မန်းရောဘတ်ဇန်ပါ။ သူ့ဖခင်ကတော့ ကရင့် အမျိုးသား အစည်းအရုံးရဲ့ ဒုတိယမြောက် ဥက္ကဌဖြစ်သူ မန်းဘဇန်ပါ။

သူတို့တပ်နဲ့ ကျနော်တို့ တပ်ဖွဲ့ တွဲပြီး အဲအကွက်ကို ပြန်နေရာယူရပါတယ်။ ဒီလိုနဲ့ ဘီအဲမ်ဝိုင်က တပ်ကြပ်ကြီး တယောက်ရယ်၊ ကရင် ရဲဘော် တယောက်ရယ်၊ ကျနော်ရယ်၊ ဆရာစိုးမြင့်ရယ်က ကိုထွန်းထွန်းတို့ နေခဲ့တဲ့ ကွန်ကရစ်အိုဗာဟက်ကြီးမှာ တာဝန် ကျပါတယ်။ ကျန်တဲ့ ကျနော်တို့ ရဲဘော်တွေ အားလုံးလည်း အိုဗာဟက် တခုစီမှာ ဘီအဲမ်ဝိုင်က ရဲဘော် တယောက်စီနဲ့ တွဲပြီး တာဝန်ကျကြပါတယ်။

ထုံးစံအတိုင်း ညဖက်ကို ပြန်ရောက်လာတော့ လက်နက်ကြီးတွေ မျိုးစုံ ကျရောက်ပေါက်ကွဲတာကို နားထောင်နေကြရတာပါပဲ။ အဲလိုနဲ့ ည ၁၀ နာရီလောက်ရောက်တော့ ရန်သူ ကပ်ပြီဆိုလို့ ကျနော်နဲ့ ဘီအဲမ်ဝိုင်က ကရင် ရဲဘော် တယောက် ကွန်ကရစ် အိုဗာဟက်ကြီးရဲ့ ဘေး တဖက် တချက်မှာ ရှိနေတဲ့ ပစ်ကျင်းမှာ သွားထိုင်ရပါတယ်။ ကရင် ရဲဘော်လေးက ညာဖက်က ပစ်ကျင်းမှာပါ။ ကျနော်ကတော့ ဘယ်ဖက်က ပစ်ကျင်းမှာ သွားထိုင်ရပါတယ်။ ကျနော့်မှာ ရှိသမျှ ကျည်ဘောက် ၆ ချပ်လုံးကို ယူလာပြီး ပစ်ကျင်း နှုတ်ခမ်းမှာ ထပ်ထား လိုက်ပါတယ်။ ကျည်တွဲတွေတော့ မသယ်လာခဲ့ပါဘူး။ နောက် ခါးမှာ ရှိနေတဲ့ အဲမ်-၃၆ နာနတ်သီး လက်ပစ်ဗုံး ၂ လုံးကိုလည်း ပစ်ကျင်းရဲ့ ဘယ်ဖက်ခြမ်းမှာ လိုအပ်ရင် အဆင်သင့် ပစ်လို့ရအောင် တင်ထားလိုက်ပါသေးတယ်။ အဲမ်-၉၇ သံပုရာသီး လက်ပစ်ဗုံး ၂ လုံး ကိုတော့ ကျနော့် အီကွစ်မဲန့်မှာပဲ တွဲ ထားထားပါတယ်။ ပစ်ကျင်းနှုတ်ခမ်းမှာ ကျနော့်ရဲ့ အဲမ်-၁၆ ကို အသင့် တင်ထားပြီး ကျနော် တာဝန်ယူထားရတဲ့ ပစ်ပိုင်နယ်က ပစ်ကွင်းကို ကြည့်နေမိပါတယ်။

မြင်နေရတာကတော့ အမှောင်ချည်းပါပဲ။ ရှေ့အတော်လှမ်းလှမ်းမှာ မြင်နေရတာက သံဆူးကြိုး နှစ်ထပ်ကြားက ကွက်လပ်ပါ။ အဲနောက်တော့ ညာဖက်ခြမ်းမှာ မြင်နေရတဲ့ သောင်ရင်းမြစ်ရဲ့ လရောင်ဟပ်နေတဲ့ လှုပ်ရှားနေတဲ့ ရေပြင်က လွဲရင် အားလုံးက ပိန်းပိတ်အောင် မှောင်နေတာပါပဲ။ အဲ အမှောင်ထဲမှာမှ ကိုယ့်ဘာသာကိုယ် အားလုံးကို အမျိုး အမည်တွေ ခွဲခြားနေရတာပါ။

လက်နက်ကြီးတွေကတော့ ဆက်တိုက်ကို ကျကွဲနေတာပါပဲ။ ဒါမဲ့ ကျနော်တို့နဲ့တော့ အတော့်ကို လှမ်းပါတယ်။ အနောက်ခြမ်းက တပ်ရင်း (၂၀၆) ရှိတဲ့ဖက်မှာ ကျကွဲတဲ့ အသံတွေကို ဆက်တိုက် ကြားနေရပါတယ်။

အဲလိုနဲ့ ညသန်းခေါင်ကျော်လာတဲ့အခါမှာ သတင်းစကြားရပါတယ်။ ကျနော်တို့ အကွက်ထဲ တိုးလိမ့်မယ်-။ ဗိုလ်စိုးမိုး အိုဗာဟက်က ဆရာ-ဇော်ခက်ရော၊ ကျနော်တို့ အိုဗာဟက်က ကရင် တပ်ကြပ်ကြီးကရော ကျနော်တို့ကို လာပြောသွားပါတယ် - ရန်သူ ကပ်နေပြီ၊ သေချာကြည့်ထား၊ မီးကျည်ပစ်ရင် တွေ့လိမ့်မယ်။ မလွတ်စေနဲ့...

အဲလိုနဲ့ ကျနော်လည်း ကျနော့်အဲမ်-၁၆ ကို တင်းတင်းဆုပ်။ ဆေ့ဖ် (လုံခြုံရေးသော့)ကို အော်တိုမက်တစ်မှာ ဖွင့်ပြီး အသင့် အနေအထားနဲ့ အမှောင်ထဲ ပြူးပြဲကြည့်ပြီး စောင့်နေတော့တာပါပဲ။

နာရီတွေ ဘယ်လောက်ကြာသွားလဲ ကျနော် မသိ။ သိလိုက်တာကတော့ ထုံး..ဆိုတဲ့ အသံတခုကို ကြားလိုက်ပြီးတဲ့ မရှေး မနှောင်းမှာ ကျနော် ကြည့်နေတဲ့ ပစ်ပိုင်နယ်ထဲမှာ နေ့ခင်းလို လင်းထွက်သွားတာ တခုပဲ မှတ်မိတော့တယ်...။ ရန်သူ တက်နေပြီပေါ့...။ အဲနောက်တော့ သေနတ်ပေါင်းစုံက ပစ်လိုက်တဲ့ အသံပေါင်းစုံကို ဆူညံနေအောင် ကြားလိုက်ရတော့တာပါပဲ။ ဒါမဲ့ ကျနော့် ရှေ့မြင်ကွင်းထဲမှာ ကျနော် ဘာမှ မတွေ့ရဘူး။ တွေ့ရတာကတော့ မီးတန်းတွေ ကျနော့် ရှေ့မြင်ကွင်းမှာ ရှုပ်ရှက်ခပ်နေတာပဲ။ ဒါမဲ့ အားလုံးက ကျနော့်ဆီကို လာနေတာ မဟုတ်ဘူး။ အဲမီးတန်းတွေ အားလုံးက ကျနော့်ရှေ့က ကန်လန့်ဖြတ်ပြေးနေကြတာပါ။ ကြည့်ရတာလည်း အတော့ကို လှပါပေ့။ အဓိပ္ပါယ်ကတော့ ရန်သူက ကျနော်တို့ အကွက်ထဲကို ထိုးနေတာပါ။ သို့သော်လည်း ပစ်ခတ်မှုအားလုံးက ကျနော်တို့ တာဝန်ယူထားတဲ့နေရာကို မဟုတ်ပဲ တခြားတနေရာကို ဦးတည်နေတာပါ။

ကျနော်က အဲ...မီးတွေကို ပစ်ကျင်းထဲက ထိုင်ကြည့်နေရတာပါ။ အဲလိုကြည့်နေရင်းမှာပဲ ကျနော့်ခေါင်းမှာ ပူကနဲ ဖြစ်သွားတယ်လို့ ကျနော် ခံစားလိုက်ရတယ်။ ဒါနဲ့ ကိုယ့်ခေါင်းကိုယ် (အဓိကကတော့ ငယ်ထိပ်ပေါ့နာ်) ပြန်စမ်းကြည့်မိတော့ ခေါင်းအလယ်က ဗွေနေရာမှာ ပူတူတူ ဖြစ်နေတယ်။ ဒါနဲ့ကွန်ကရစ် အိုဗာဟက်ကြီးထဲကို ပြန်သွားပြီး ဆရာစိုးမြင့်ကို - ဆရာ ကျနော့် ခေါင်းကို ကြည့်ပါဦး- လို့ သွားပြောကြည့်တော့မှ----

အား..လား..လား... တခုခု ကျနော့်ကို ရှပ်မှန်သွားတာပေါ့ဗျား...ဘာမှန်သလဲတော့ ကျနော်လည်း မသိ.... ဆံပင်တွေလည်း အဲမှာ ပါသွားတာပေါ့။ တကယ်လို့များ အဲထက် နည်းနည်း နိမ့်ခဲ့ရင် .... ဦးနှောက်ပါ ...ပါသွားမှာ အသေအချာပေါ့

8 comments:

pandora said...

တော်သေးတာပေါ့။ မသေကောင်း မပျောက်ကောင်း။ ထိပ်ကွက်ပြီး ကျန်ခဲ့သေးသလားဟင်။

tututha said...

ဖတ်နေရင်း ငယ်ထိပ်တောင် ပူခနဲ ဖြစ်သွားတယ် ... အားပါးပါး မသေကောင်း မပျောက်ကောင်းပါလား

MaMa said...

ဒီ သူပုန်က ခုထိ တစ်ချက်မှ ပြန်မပစ်သေးပါလား...
တိုက်ပွဲ ပစ်ကွင်း.. တန်ဆောင် တိုင်နဲ့ မှားပြီး..
မီးပန်း အလှတွေ စောင့်ကြည့်နေခဲ့ တာ..ဟုတ်..

ရင်တုန် ပန်းတုန် ဖြစ်ရတာ အတော်များပြီနော်...
မသေခဲ့လို ဒီစာတွေ ဖတ်နေရပေမဲ့...
အမလေး ဟဲ့ လို့ တ ရလောက် အောင် ဖွဲ့နိုင်စွမ်းပါပေရဲ့....

တစ်ခုလောက်တော့ မေးပါရစေ..
နေ့စဉ် မှတ်တမ်း ရှိခဲ့ ..ရေးခဲ့ တာလား...

tharrhtoo said...

တော်သေးတာပေါ့ ဒေါ်အေးသာကျော့ လို့ဆိုရမှာပေါ့
အကိုရာ

BLACK DREAM said...

ဘုရား ဘုရား ပါသွားလို့ကတော့ အခုလို ဗဟုသုတတွေ ဖတ်ရတော့မှာကို မဟုတ်ဘူး..။ :(

ကိုအောင်(ပျူနိုင်ငံ) said...

အကိုကြီးရဲ့ ဒိုင်ယာရီ(၁၁) ကိုလာဖတ်သွားပါတယ်။
အကိုရေ ..

sin dan lar said...

တော်သေးတာပေါ့..ခေါင်းရှပ်မှန်လို့
ပါသွားစရာဆံပင်ရှိသေးလို့..:(

အောင်သာငယ် said...

မပန် - ခုတော့ ထိပ်ပြောင်ချင်နေပြီး)
တူးတူးသာ - အေးလေဗျာ သံချောင်းတို့ အဖေ ဖြစ်သွားတာပေါ့း)
မမ - နောက်ပို့စ် ရေးရင်တော့ ပြန်ပစ်ပေးပါ့မယ်း) မှတ်တမ်းကတော့ ခေါင်းထဲမှာပဲလေ။
သားထူး - ဟုတ်ပါ့ ညီရေ့။
အိမ်မက်နက် - ဘုရားမတာပေါ့လေကွယ်း)
ကိုအောင် - လာဖတ်သွားတာ ကျေးဇူး ညီရေ့။
sin dan lar - အင်း.. ဆံပင်ကယ်သွားတယ်လို့ ပြောရမလားး)