Nov 7, 2008

သူပုန်တယောက်ရဲ့ ဒိုင်ယာရီ (၁၂)

ဘာမှန်သွားမှန်းမသိတဲ့ ခေါင်းကို ပြန်စမ်းလိုက်တိုင်း ဆံပင်တွေ ပြတ်နေတဲ့ ခေါင်းပေါ်က ပြောင်ချောချော နေရာလေးက စပ်ဖျင်းဖျင်းနဲ့ ကျိန်းစပ်စပ် ဖြစ်နေတော့တာပါပဲ။ ဆရာစိုးမြင့်ကတော့ - သံခမောက် ဆောင်းထားကွာ - ဆိုပြီး ကွန်ကရစ် အိုဗာဟက်ကြီးထဲမှာ ရှိနေတဲ့ သံခမောက်တွေထဲက တလုံးကို ယူပြီး ကျနော့်ကို ပေးပါတယ်။

အဲသံခမောက်တွေက အလေးကြီးတွေပါ။ ကျနော့် စိတ်ထင် ၂ ပိသာခွဲ လောက် လေးမယ်ထင်တယ်။ သေချာတော့ မသိပါဘူး။ ခေါင်းပေါ်မှာ ဆောင်းထားပြီးရင် ခေါင်းကို နည်းနည်းလေး အသာလေး ငုံ့လိုက်တာနဲ့ အော်တိုမက်တစ် အလေးပြုပြီးသား ဖြစ်သွားတာပါပဲ။ အဲလောက် လေးတဲ့ ခမောက်ကြီးတွေပါ။ အဲသံခမောက်ကြီးရဲ့ အလေးချိန်က ခေါင်းကို နှိမ့်ချသွားတာကိုး။ အဲလောက်လေးတယ် ဆိုရင် ဘယ်လောက်လေးမလဲ ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ရဲ့။

ဘာပဲဖြစ်ဖြစ် အဲသံခမောက်ကြီးကို ဆောင်းပြီး ကွန်ကရစ် အိုဗာဟက်ထဲက ကျနော် ပြန်ထွက်လာခဲ့တယ်။ အဲသံခမောက်က တကယ်တော့ နှစ်ထပ်ပါ။ အပေါ်က သံခမောက်၊ အောက်က ဖိုင်ဘာ ခမောက်။ အောက်မှာက မေးသိုင်းကြိုးတွေပါ ပါတဲ့ ဖိုင်ဘာ ခမောက်ပါ၊ အဲအပေါ်မှာ ငုံထားတဲ့ ခမောက်ကမှ သံ ခမောက်ပါ။ အဲသံခမောက်က ဖိုင်ဘာ ခမောက်ပေါ်မှာ လှည့်လိုက်ရင် ဘယ် ညာ လည်နေပါသေးတယ်။

တခုခု ရှပ်မှန်ပြီးသွားတော့ ကျနော်လည်း နည်းနည်းတော့ ကြောက်သွားတာ အမှန်ပါပဲ။ နောက်ထပ်လည်း တခုခု ကိုယ့်ကို မှန်မှာ ကြောက်သွားတယ်။ အဲတာနဲ့ သံခမောက်ကြီး ဆောင်းပြီး ပစ်ကျင်းမှာ သွားပြန်ထိုင်ရပါတယ်။ ခဲမှန်ဖူးတဲ့စာသူငယ်ဆိုတာလိုမျိုးပဲ နဂိုရ်က ထိုင်ခဲ့သလိုတောင် ခပ်မတ်မတ် မဟုတ်တော့ဘူး ကိုယ်ကို ခပ်ကျုံ့ကျုံ့နဲ့ ပစ်ကျင်းနှုတ်ခမ်းမှာ ကိုယ့်မေးကို အသာလေး တင်ထားပြီး သံခမောက်ကြီး အားကိုးနဲ့ နေနေတော့တာ။

ခုနေ ပြန်စဉ်းစားကြည့်မိတော့ ရီစရာကြီးပါ။ ဘာမှ အစိုးမရတဲ့ အခြေအနေမှာ အသက်ဆိုတာကလည်း ဘုရားပေးသရွေ့၊ သို့မဟုတ် ကိုယ့် ကံရှိသလောက် ရှင်သန်နေရတဲ့ အခြေအနေမှာ သံခမောက်ကြီးကို အားကိုးနေတာ အတော့ကို အဓိပ္ပါယ် မရှိတာပါပဲ။ အမှန်တော့ အဲ သံခမောက်ကြီး ရှိ၊ ရှိ၊ မရှိ၊ ရှိ၊ ကျနော့်မှာ ထိခိုက်ဖို့ အကြောင်းရှိလာရင် ထိကို ထိခိုက်မှာ အမှန်ပါပဲ။

ပြန်စဉ်းစား ကြည့်မိတော့လည်း သေမှာ ကြောက်တာက အရင်းခံထင်ပါရဲ့။ တကယ်တော့ ကျနော်က သေမှာကို တော်တော် ကြောက်တယ်။ ကြောက်တာမှ အမျိုးမျိုးကို တွေးပြီး ကြောက်ခဲ့တာ။ သေမှာကြောက်တဲ့ကြားထဲကပဲ အဲလိုမျိုး အခြေအနေတွေကို အေးအေးဆေးဆေး ဖြတ်ကျော်လာခဲ့တာ ယုံကြည်ချက် တခုခုကြောင့်လို့ ထင်ရဲ့။

ပစ်ကျင်းကို ကျနော် ပြန်ရောက်ပြီး အတော်ကြာတော့ ပစ်နေခတ်နေတဲ့ မီးတွေကလည်း အတော့ကို နည်းသွားပါတယ်။ နောက်ဆုံးမှာ ဘာမှ မမြင်ရတဲ့ အမှောင်ထုကြီးကိုပဲ ထိုင်ကြည့်နေရတော့တာပါပဲ။ လက်နက်ကြီးတွေကတော့ ကျိုးကြား ကျိုးကြား ကျနေပါသေးတယ်။ တော်တော်လေးကြာလာတော့ ကျနော်လည်း အိုဗာဟက်ထဲကို ပြန်ဝင်ပြီးနေခွင့်ရပါတယ်။ အဲဒါနဲ့ ကွန်ကရစ် အိုဗာဟက်ကြီးထဲ ပြန်ဝင်လာပြီး တရေးအိပ်လိုက်ရပါသေးတယ်။ စိတ်ထင်တော့ တနာရီခွဲလောက်ပဲ အိပ်လိုက်ရတယ် ထင်ပါတယ်။ ဆရာစိုးမြင့်က ကျနော့်ကို လှုပ်နှိုးတာနဲ့ အိပ်ချင်မူးတူးနဲ့ ကျနော် နိုးလာပါတယ်။ အဲကျမှ တဂျုံးဂျုံးနဲ့ ကျနော်တို့ အိုဗာဟက်ပေါ်မှာ ကျနေတဲ့ လက်နက်ကြီးကွဲသံတွေကို ကြားရတော့တာပါ။ လူက ဘယ်လောက် ပင်ပမ်းနေလဲဆိုတာ အဲ လက်နက်ကြီးသံတွေကိုတောင် မကြားတော့တဲ့ အထိပါပဲ။

ဆရာစိုးမြင့်ရော ကရင်တပ်ကြပ်ကြီးရော သူတို့ ပစ်ပေါက်မှာ သူတို့ သေနတ်တွေ ထိုးပြီး ပစ်နေကြပါတယ်။ ကျနော်လည်း ကျနော့် သေနတ်ဆွဲပြီး ကျနော့် ပစ်ကျင်းဆီ ပြန်ထွက်လာရပါတယ်။ သံခမောက်ကြီးတောင် ပါမလာတော့ဘူး။ သံခမောက်ကြီးကိုလည်း ယူလာဖို့ သတိမရဘူးလေ။ သေနတ်ဆွဲပြီး ပစ်ကျင်းမှာ သွားကပ်ရတာကိုး။

လျှောက်မြောင်းထဲ ကျနော် ရောက်တဲ့ အချိန်မှာ ကရင် ရဲဘော် ၃-၄ ယောက်ကိုလည်း တွေ့လိုက်သေးတယ်။ ပစ်ကျင်းထဲ ကျနော် ထိုင်လိုက်တော့ ကျနော့် ပစ်ပိုင်နယ်ရဲ့ ဘယ်ဘက်ခြမ်းအစွန်ဆုံးမှာ မီးပွင့်တွေ လက်လက်-လက်လက် ထွက်နေတဲ့ နေရာ တနေရာကို စတွေ့ရပါတယ်။ အမှောင်ထဲမှာ အဲမီးတွေက ကျနော့် ဘယ်ဘက်ခြမ်းက တနေရာဆီကို သွားနေတာ တွေ့နေရတယ်။ ဒါနဲ့ ကျနော် သေချာ ကြည့်မိတော့ နဂိုရ်တုန်းက ကျနော်တို့ နေခဲ့ဖူးတဲ့ ပေါက်သွားတဲ့ အိုဗာဟက်ဖက်ကို ပစ်နေတာပဲ-ဆိုတာ သိလိုက်ပါတယ်။

ဆူညံနေတဲ့ အသံတွေကြားထဲမှာ အဲမီးက ဂုတ်...ဂုတ်....ဂုတ်ဂုတ်...ဂုတ်ဂုတ်....ဆိုတဲ့ အသံနဲ့ ပွင့်နေတာဆိုတော့ ဂျီဖိုးလို့ ခန့်မှန်းမိတာပါပဲ။ အဲတာနဲ့ ကျနော်လည်း ကျနော့် အဲမ်-၁၆ ကို အဲကို ချိန်ပြီး ၂ တွဲလောက် ဆွဲချလိုက်တယ်။ - ပေါက်-ပေါက်-ပေါက်ပေါက်-ပေါက်ပေါက်- နဲ့ ကျနော့် အဲမ်-၁၆ က မြည်သွားတဲ့ နောက်တော့ ကျနော့် အနောက်ကို ကရင် ရဲဘော် တယောက် ရောက်လာတယ်။ - ယောက်ဖ အဲတာ ၅၇ (၅၇ မမ နောက်ပွင့် ရိုင်ဖယ်) ရှိတဲ့ ဖုတ် ဟ။ ကျွန်းပင်အရင်းမှာ ကပ်တူးထားတာ။ ခု ပစ်နေတာ ဂျီဖိုးပဲ။ အဲကိုအဲလို သွားမပစ်နဲ့ နင့်ကို ပြန်ဆော် သွားလိမ့်မယ်။ ခနနေဦး- လို့ ပုခုံးပုတ်ပြီး လာပြောနေတုန်း ဖြန်း-ဖြန်း-ဖြန်း-ဖြန်းနဲ့ ကျနော့် အနားက ကြခတ် ၀ါးရုံတွေဆီကို လာထိတဲ့ မီးတန်းတွေကို တွေ့လိုက်ရတာပါပဲ။ ဒါမဲ့ ကျည်သွားလမ်းက အရမ်းမြင့်နေတော့ ပစ်ကျင်းမှာ ကျနော် တက်ရပ်နေရင်တောင် ကျနော့်ကို ထိမှာ မဟုတ်ပါဘူး။

အဲကနေ ကျနော် ပစ်လိုက်တဲ့ မီးပွင့်တွေကို မြင်နေရလို့ ပြန်ပစ်တာပါပဲ။ ကျနော့် အဲမ်-၁၆ က အတွဲလိုက် ပစ်လိုက်တော့ သေနတ် ပြောင်းဝမှာ မီးတွေ ဖြာထွက်သွားတာ ခြောက်ဒေါင့်ကြယ်တွေလိုပဲလေ။ ကျနော်ကိုယ်တိုင်လည်း အဲ ခြောက်ထောင့်ကြယ်လို မီးပွင့်ကို မြင်နေရတယ်။ ရန်သူကလည်း လှမ်းတွေ့နေရတော့ ပြန်ပြီး လှမ်းပစ်တာပါပဲ။ ဒါနဲ့ ကျနော်လည်း ထပ် မပစ်တော့ပဲ အသာ စောင့် ကြည့်နေမိတယ်။

နောက်တော့ ကျနော့်ကို လာသတိပေးတဲ့ ကရင်ရဲဘော်နဲ့ နောက်တယောက်ကို ၅၇ မမ နောက်ပွင့်ရိုင်ဖယ်တလက် မလာတာကို အမှောင်ထဲမှာ တွေ့လိုက်ရတယ်။ သူတို့က ကျနော့်ကို ပစ်ကျင်းကနေ ဖယ်ခိုင်းတယ်။ နောက်တော့ ၅၇ ကြီးကို ကျနော့် ပစ်ကျင်းကနေ တဆင့် ဂျီ-ဖိုးပစ်နေတဲ့ ဆီကို လှမ်းချိန်ပြီး တလုံး ပစ်ထည့်လိုက်တယ်။ ဂျမ်း-ဆိုတဲ့ အသံကြီးတခု ကြားရတာနဲ့ တပြိုင်နက်တည်း အဲ ဟို ဂျီဖိုးမီးတွေပွင့်နေတဲ့ နေရာမှာလည်း မီးတွေ လက်သွားတယ်။ နောက်တော့ ဂျီဖိုးသံ ထပ်မကြားရတော့ဘူး။

အဲကောင် သေပြီလား- ကျနော် တွေးနေမိသေးတယ်။ ကရင်ရဲဘော် ၂ ယောက်ကတော့ သူတို့ ၅၇ ကြီးကို ပြန်မသွားပါတယ်။

ဘာပဲပြောပြော သူတို့ ၂ ယောက်က ကျနော့်ကိုယ်စား လာပစ်ပေးသွားသလိုပါပဲ။ အဲနောက်မှာတော့ မိုးလင်းကာနီးအထိ ဘာမှ ကျနော် ထပ်မတွေ့ရ မပစ်ရတော့ပါဘူး။

8 comments:

sin dan lar said...

ခေါင်းကဒဏ်ရာ အရင်ဆေးမထည့်ရပဲ ဆက်ပြီးတိုက်နေရတယ်ပေါ့..
စောင့်ဖတ်နေပါတယ် အစ်ကို

BLACK DREAM said...

အရေးကြုံလာရင် အနဲနဲ့အများဆိုသလို တစ်စုံ တစ်ခုကို အားကို ယုံကြည်တတ်ကြတာ ကျွန်တော်တို့ လူသားတွေရဲ့ အားနည်းချက် တစ်ခုများလား အစ်ကိုရေ...။

လူသစ် said...

မပူပါနဲ့ ကိုအောင်သာငယ်ရေ။ ကြားဘူးတာကတော့ ကျည်ဆံမှာ ကိုယ်ပိုင်နံပါတ်ထွင်းပြီးသားတဲ့။ ကိုအောင်သာငယ်ကိုယ်ပိုင်နံပါတ် ပြော၊ ကစလကို အကြောင်းကြားပေးမယ်လေ။

MaMa said...

သြ... ခုတော့ စ ပစ်ပြီပေါ့လေ....
ပစ်မဲ့ ပစ် တော့ လဲ ၂ တွဲ ကြီးများတောင်....
.......
မေးလိုက်ဦးမယ်...
ပစ်ချင်လို့ ပစ်တာလား
အိပ်ချင်မူးတူးနဲ့.. ပစ်တာ လား....
....
တော်သေးတာပေါ့.. ကူပစ်ပေးမဲ့ သူတွေကလဲ
ရောက်လာပေလို့..

တေးမွန် (ah nai) said...

ကိုအောင်သားငယ်.... စောင့်ဖတ်နေပါတယ်..

လင်းထက် said...

ကျွန်တော် ကတော့ ကိုအောင်သာငယ် ကို စိတ်ကို မပူဘူး ဒီတိုက်ပွဲတွေမှာ ဘာမှ ဆိုးဆိုးရွားရွား ဖြစ်မှာ မဟုတ်ဘူး ဘာလို့လဲ ဆိုတော့ ဘာမှ မဖြစ်လို့ပဲ ဒီစာတွေ ရေးနေနိုင်တာ မဟုတ်လား ဟီးး :P

နောက်ဆက်ရေး မယ့် လာမည် ကြာမည် တွေ ကိုစောင့်နေပါ့မယ် အကိုရေ...။

ဇင်ယော် said...

သံခမောက်အလေးကြီးဆောင်းပြီး ပစ်ကျင်းနှုတ်ခမ်းမှာ ခပ်တည်တည်ထိုင်နေတဲ့ ကိုကြီးအောင်ကို မြင်ယောင်ကြည့်တာ အတော်မိပါလား။ ဒီတစ်ခါတော့ ပြန်ပစ်ပီဗျို.။ ရွှီး ဖြောင်းဖြောင်းဖြောင်း။

အောင်သာငယ် said...

sin dan lar - ဒဏ်ရာက ဆေးတော့ ထည့်တာပေါ့။
အိပ်မက်နက် - ဟုတ်မယ် ထင်ပါ့ ညီရေ့...
ကလူသစ် - ကပ - ၀၀၇ လေဗျား)
မမ - အမြဲတမ်းတော့လည်း ဘယ်ပစ်ရမလဲဗျာ။
မြင်မှ ပစ်ရတာကိုး...
တေးမွန် - ဖတ်ရှုအားပေးနေတာ ကျေးဇူးပါ။
လင်းထက် - ဟုတ်ပါ့... ကြာမည်ဆိုပေမယ့် သိပ်မကြာ စေရပါဘူးလေး)
ဇင်ယော်ကြီး - မပစ်ဖူးလို့ ပြောမှာ စိုးလို့ ပစ်လိုက်တာဟေ့....း)