Nov 17, 2008

သစ်ခုတ်သမား နိုးကြားလော့ (အပိုင်း-၃ + ၄ + ၅)

စာရိုက်ရင်းနဲ့ စိတ်မရှည်တော့ဘူး။ အားလုံး အစအဆုံး ဖတ်နိုင်အောင် တထိုင်တည်း အပြီးရိုက်ပေးလိုက်ပါတယ်။

၃။
အမေရိက... သင့်နယ်မြေမှ တဖက်အစွန်
တိုင်းနိုင်ငံများကို ငါ ရောက်ခဲ့ဖူးပြီ။
အဲဒီနေရာတွေမှာ ရက်ပေါင်းများစွာ
ငါ ပျံသန်းခဲ့၊ ခရီးသွားခဲ့၊ တေးဆိုခဲ့၊ စကားပြောခဲ့
လှည့်လည်နေတဲ့ အိမ်ရာ လုပ်ခဲ့ဖူးရဲ့။
အာရှမှာ၊ ရုရှားမှာ၊ ယူရဲလ်တောင်တန်းတွေမှာ
ငါ ရပ်နားပြီး အထီးကျန်မှုနဲ့ ထင်းရှူးဆီနံ့ စိမ့်ပျော်ဝင်နေတဲ့
ငါ့ဝိညာဉ်ကို ဆန့်ထုတ်ခဲ့ဖူးရဲ့။
တိုက်ပွဲရဲ့ ရိုက်ပုတ်ချက်နဲ့ ချစ်မေတ္တာတို့ဖြင့်
အာကာသ ဟင်းလင်းပြင်ထဲမှာ
လူဖန်ဆင်းထားတဲ့ အရာမှန်သမျှကို ငါ ချစ်တယ်။
ယူရဲလ်တောင်တန်းတွေပေါ်က ငါ့ အိမ်ကလေးဟာ
မြင့်ဝေးသီခေါင်တဲ့ ပျားအုံတအုံလို
အိုမင်းတဲ့ ထင်းရှူးတော ညများနဲ့ တိတ်ဆိတ်မှုတို့
ယခုတိုင် ၀န်းရံနေတုန်းပါပဲ။
အဲဒီမှာ ဂျုံနဲ့ သံမဏိဟာ
လူရဲ့လက်ထဲက လူရဲ့ ရင်ထဲက မွေးလာခဲ့ကြတယ်။
လူတွေရဲ့ တေးဆိုသံတွေ ဟာ အိုမင်းလှပြီဖြစ်တဲ့ သစ်တောတွေကို
အပြာရောင် အရိပ်တခုလို သက်ဝင်လာစေတယ်။
အဲဒီကနေပြီး လူတွေရဲ့ ဒေသရပ်ဝန်းတွေ
ကလေးတွေနဲ့ အမျိုးသမီးတွေရဲ့ ပထ၀ီဝင်တွေ၊ စက်ရုံတွေ
အချစ်နဲ့ တေးသီချင်းတွေ
မနေ့ကအထိ
မြေခွေးရိုင်းတွေ နေသွားကြသေးတဲ့
သစ်တောကြီးတွေထဲမှာ ဗွိုင်အိုလက်ပန်းတွေလို
တောက်ပနေတဲ့ ကျောင်းတွေကို ငါ ကြည့်မိတယ်။
မြေပုံတချပ်ကို ထောက်သလို ငါ့လက်ဟာ အဲဒီ အမှတ်ကနေပြီး
မြက်ခင်းပြင်တွေရဲ့ အစိမ်းရောင်
အလုပ်ရုံတထောင်ရဲ့ မီးခိုးနဲ့ အထည်အလိပ်တွေရဲ့ ရနံ့
ဇက်ကြိုးခွံ့ထားတဲ့ စွမ်းအင်ကို ငါ ထောက်ကြည့်တယ်။
ညနေခင်းများမှာ အသစ်ဖောက်ထားတဲ့ လမ်းတွေအတိုင်း
ငါ လျှောက်လာခဲ့ပြီး မုန်လာထုပ်တွေ ပြုတ်နေရာ
မီးဖိုချောင်တွေထဲကို ငါ ၀င်ခဲ့တယ်။
ကမ္ဘာကြီးအတွက် စမ်းချောင်းသစ်တခုဟာ
အဲဒီ မီးဖိုချောင်တွေထဲက စီးဆင်းလာလိမ့်မယ်။

ဒီမှာလည်းပဲ လူငယ်တွေဟာ အိမ်ကိုတော့ ပြန်လာခဲ့ကြပါရဲ့။
ဒါပေမယ့် သန်းပေါင်းများစွာတို့ဟာ
စက်တိုင်မှာ တွဲလောင်းကျ ပုပ်ပွပြီး
အထူး မီးဖိုတွေထဲမှာ လောင်မြိုက်ခံရလို့
ကျန်ရစ်ခဲ့ကြရတယ်။
သုတ်သင် ဖျက်ဆီးခံခဲ့ကြရလို့
မှတ်ဥာဏ်ထဲမှာ သူတို့နံမည်မှတပါး
တခြား ဘာမှ မကျန်ရစ်ခဲ့ကြရှာဘူး။
သူတို့ရွာတွေဟာလည်း အသတ်ခံခဲ့ကြရတယ်။
ဆိုဗီယက်မြေကြီးဟာလည်း အသတ်ခံခဲ့ရတယ်။
အသိန်းအသန်းရှိတဲ့ မှန်ကွဲစတွေနဲ့ အရိုးတွေဟာ
ရောထွေးနေကြတယ်။
ကျွဲနွားတွေနဲ့ စက်ရုံတွေသာမက
နွေဦးတောင်မှပဲ စစ်ရဲ့ ၀ါးမျိုခြင်း ခံလိုက်ရတဲ့အတွက်
ပျောက်ကွယ်သွားခဲ့ကြရတယ်။
ဒါပေမယ့်လည်း လူငယ်တွေကတော့ အိမ်ကိုရောက်အောင် ပြန်ခဲ့ကြတယ်။
သူတို့ တည်ဆောက်ခဲ့တဲ့ တိုင်းပြည်ကြီးကို ချစ်တဲ့ စိတ်ဟာ
သူတို့ ကိုယ်ထဲမှာရှိတဲ့ သွေးနဲ့ ရောသွားကြတယ်။
တို့တိုင်းပြည်ဆိုတဲ့ စကားလုံးကို သွေးကြောတွေနဲ့ ပြောကြတယ်။
တို့တိုင်းပြည်ဆိုတဲ့ သီချင်းကို သွေးနဲ့ ဆိုကြတယ်။
မြို့တွေ၊ ကျွဲနွားတွေနဲ့ နွေဦးတို့
ပြန်လည် မွေးဖွားရာမှာ ကူညီဖို့ သူတို့ ပြန်လာတဲ့အခါ
ဘာလင်က ကျူးကျော်သူတွေရဲ့ အသံဟာ
ကျယ်လောင်စွာ ပဲ့တင်ထပ်နေတုန်းပဲ။
အို... ဝေါ့ ၀ှစ်တမင်း။
ပေါင်းမြက်ရိုင်းပမာ ရှုပ်ထွေးနေတဲ့ မုတ်ဆိတ်ကို မော့ပြီး
ငါနဲ့အတူ တောထဲကို လှမ်းကြည့်လိုက်စမ်းပါ။
မွှေးပျံ့တဲ့ အမြင့်ကနေပြီး ငါနဲ့အတူ ကြည့်လိုက်စမ်းပါ။
ဘာကိုမြင်ရသလဲ ဝေါ့ဝှစ်တမင်း။
သေသူတို့က တရတဲ့၊ တောက်ပသစ်လွင်တဲ့
စတာလင်ဂရက်မြို့ကြီးထဲမှာ စက်ရုံတွေ ဘယ်လို ဆောက်ပြီး
လမ်းတွေကို ဘယ်လို ဖောက်နေတယ် ဆိုတာကို
ဥာဏ်ပညာရှိတဲ့ ငါ့ညီ ပြောပြလို့
ငါ မြင်ရတယ်။
စစ်တလင်း ဖြစ်ခဲ့ရတဲ့ လွင်ပြင်တွေထဲက ဒုက္ခတွေ
မီးလျှံတွေကြားထဲက
စိုစွတ်တဲ့ မနက်ခင်းမှာ ထွန်စက်တစင်း မွေးလာပြီး
မြည်ဟည်းသံများနဲ့အတူ လယ်ကွင်းထဲကို ဆင်းလာတာကို
မြင်လိုက်ရတယ်။
ဝေါ့ ၀ှစ်တမင်း၊ သင့်အသံနဲ့
မြေမြှုပ်ခံရတဲ့ သင့်ရင်ထဲက ခွန်အားကို
ငါ့အား ပေးလော့။
ခိုင်မြဲတဲ့ အမြစ်တွေ ဖြစ်တဲ့ သင့်မျက်နှာကို
ငါ့အား ပေးလော့။
ခိုင်မြဲတဲ့ အမြစ်တွေ ဖြစ်တဲ့ သင့်မျက်နှာကို ငါ့အား ပေးလော့။
ဒီအရာများနဲ့ ဒီပြန်လည် ထူထောင်ရေးအကြောင်းကို
ငါ တေးသီအံ့။
ပူဆွေးဒုက္ခကြားထဲမှ ပေါ်ပေါက်လာသောအရာများ တိတ်ဆိတ်သောငြိမ်သက်မှုမှ ကုန်းထလာသောအရာများ တည်ငြိမ်သည့်အောင်ပွဲမှ ပေါ်ထွက်လာသော အရာများအကြောင်းကို ငါတို့ ဦးညွတ်ကြကုန်အံ့။
အို... စတာလင်ဂရက်။
သင့်ရဲ့ သံမဏိအသံဟာ ပေါ်ထွက်လာခဲ့တယ်။
စုပေါင်းအိမ်တလုံးလို
မျှော်လင့်ချက်ဟာ တထပ်ပြီးတထပ် တည်ဆောက်လာခဲ့တယ်။
နောက်တဖန် နက်ရှိုင်းတဲ့ တုန်ခါမြည်ဟည်းမှုဟာ
ချီတက်လာနေပြီ။
စာသင်ကြ
တေးဆိုကြ
တည်ဆောက်ကြရင်းနဲ့ပဲ
စတာလင်ဂရက်ဟာ သွေးထဲက ပေါ်ထွက်လာခဲ့တယ်။
ကျောက်တုံးနဲ့ သံမဏိတို့ပါတဲ့ သံစုံတီးဝိုင်းကြီးပမာ
စတာလင်ဂရက်ဟာ သွေးထဲက ပေါ်ထွက်လာတယ်။
မုန့်ဖိုတွေထဲမှာ ပေါင်မုန့်ဟာ ပြန်လည် မွေးဖွားလာခဲ့ပြီး
နွေဦးဟာလည်း ကျောင်းသင်ခန်းတွေထဲမှာ
မွေးဖွားလာခဲ့တယ်။
ခက်ထန်အိုမင်းတဲ့ ဗော်လ်ဂါမြစ်ကြီး တငြိမ့်ငြိမ့် စီးနေဆဲမှာ
လေဟာ ငြမ်းစင်သစ်တွေနဲ့
သစ်ပင်တွေပေါ်ကို တက်လာခဲ့တယ်။
တောက်ပသစ်လွင်တဲ့ ထင်းရှူးသားနဲ့ ၀က်သစ်ချသား
စာအုပ်စင်များပေါ်က စာအုပ်တွေဟာ
သေဆုံးသွားတဲ့ လူသတ်သမားရဲ့ သင်္ချိုင်းတွေပေါ်မှာ
ပြန်လည် စည်းလုံး ညီညွတ်နေကြတယ်။
အပျက်အစီးပုံတွေကြားထဲက တည်ဆောက်ထားတဲ့ ဇာတ်ရုံတွေဟာ
အာဇာနည် ပီသမှုနဲ့ တော်လှန်မှုကို ဖော်ပြနေကြတယ်။
စာအုပ်တွေဟာ ကျောက်စာတိုင်လို ထင်ရှားကြတယ်။
သူရဲကောင်းတိုင်း၊ သေခြင်းတရားရဲ့ မီလီမီတာတိုင်း
ပြောင်းပစ်လို့မရတဲ့ ဂုဏ်ကျက်သရေရဲ့ ၀တ်လွှာတိုင်းအတွက်
စာအုပ်တအုပ် ရေးဖွဲ့ကြတယ်။
အို... ဆိုဗီယက်ယူနီယံ။
သင့်တိုက်ပွဲတွေ ကြားထဲမှာ ကျခဲ့ရတဲ့ သွေးတွေ
လွတ်လပ်ရေးနဲ့ သေအံ့ဆဲသူတို့ ရှင်အောင်
ကမ္ဘာကြီးကို ပေးခဲ့တဲ့ သင့်သွေးတွေကို စုလိုက်ရင်
ငါတို့မှာ အခြား သမုဒ္ဒရာတွေထက်ကြီးတဲ့
သမုဒ္ဒရာသစ် တစင်းပင် ရလောက်ရဲ့။
မြစ်အပေါင်းတို့ တုန်ဟည်းစီးဆင်းရာ
အခြားသော သမုဒ္ဒရာထက်
နက်ရှိုင်းတဲ့ သမုဒ္ဒရာတစင်းပင် ရလောက်ရဲ့။
အာရောကန်နီယန် မီးတောင်များက
မီးလျှံများလို လှုပ်ရှားပြီး
မြစ်အပေါင်းတို့ရဲ့ တုန်ဟည်းမှုမျိုးကို ရလောက်ရဲ့။
တိုင်းပြည်တိုင်းမှ ပြည်သူအပေါင်းတို့
သင်တို့ရဲ့ လက်များကို အဲဒီ သမုဒ္ဒရာကြီးထဲမှာ နှစ်လိုက်ပါ။
ပြန်ထုတ်ပြီး ပြန်နှစ်လိုက်စမ်းပါ။
မေ့လျော့ခံ၊ အစော်ကားခံ၊ အခိမ်ခံရတဲ့ အစွန်းအထင်းတွေ။
အနောက်ဘက်က အမှိုက်ပုံက လူလေလူလွင့်တွေ
သင့်သွေးကို စော်ကားခဲ့တဲ့ အရာတွေကို
အဲဒီ ပင်လယ်ကြီးထဲမှာ နှစ်မြှုပ်ပစ်လိုက်ပါ့။
မွှေးထုံတဲ့ ယူရဲလ် ထင်းရှူးတောတွေထဲကနေပြီး
ရုရှားမြေ အလယ်ကောင်မှာ အသစ်မွေးလာတဲ့
စာကြည့် ပိဋကတ်တိုက်တွေကို ငါကြည့်နေတယ်။
တိတ်ဆိတ်ခြင်း အလုပ်လုပ်ရာဖြစ်တဲ့ ဓါတ်ခွဲခန်းတွေကို
ငါကြည့်နေတယ်။
သစ်တုံးတွေနဲ့ တေးချင်းတွေကို
မြို့သစ်တွေဆီ သယ်ဆောင်သွားကြတဲ့
မီးရထားတွေကို ငါကြည့်နေတယ်။
ရင်ထဲမှာ နှလုံး ခုန်သလို
ပူနွေးတဲ့ ငြိမ်းချမ်းခြင်းထဲမှာ ခုန်နေတဲ့
အရာသစ်တခု ပေါ်လာတယ်။
မိန်းကလေးတွေနဲ့ ချိုးငှက်တွေ
စတက်လွင်ပြင်တွေထဲကို ရောက်လာပြီး
ဖြူဖွေးမှုကို ဖျက်ဆီးလိုက်တယ်။
လိမ္မော်ပင်တွေမှာ ရွှေတွေသီးလို့။
အရုဏသစ်တိုင်းမှာ
ဈေးကွက်ဟာ ရနံ့သစ်နဲ့ ထုံနေတယ်။
ရနံ့သစ်လာရာ တောင်ကုန်းတွေဆီမှာတော့
အာဇာနည်အစွမ်းဟာ ပိုလို့ကြီးမားပြီး
အင်ဂျင်နီယာများက
တောင်ကုန်းအမှတ်တွေကို ရေးနေကြတဲ့အတွက်
မြေပုံစာရွက်တွေဟာ တုန်ယင်နေကြတယ်။
မြူသစ်ဝေဆောင်းရဲ့ မြေကမ္ဘာတခွင်မှာ
ရေတံခါးကြီးတွေဟာ လင်းမြွေကြီးများသဖွယ်
တွန့်လိမ်နေကြတယ်။
အို... အာကင်ဆတ် နယ်သား
အို... ၀က်စပွိုင့် စစ်တက္ကသိုလ်ကျောင်းဆင်း ရွှေပိန်းချ လုလင်
အို... ဒက်ထရွိုက် မက္ကင်းနစ် အလုပ်သမား
အို... ဟောင်းနွမ်းတဲ့ နူးအော်လီယွန်း ပြည်နယ်က ကူလီခေါင်း
မြဲမြဲ မြန်မြန် လျှောက်ကြ။
ကျယ်ပြောတဲံ လူ့လောကကြီးဆီကို နားစွင့်ထားကြလို့ ငါ ပြောချင်တယ်။
သင်တို့ကို စကားပြောနေသူဟာ
အိမ်ဖြူတော်က ထည်ဝါတဲ့ လူကြီးလူကောင်းများ မဟုတ်။
ရက်စက်ကြမ်းကြုတ်တဲ့ သံမဏိ ဘုရင်တပါး မဟုတ်။
အမေရိကတိုက် တောင်အစွန်အဖျားက
ကဗျာဆရာတဦး
ပါတာဂိုနီးယားက
မီးရထား အလုပ်သမားတယောက်ရဲ့ သားတဦး
အင်ဒီးယန်းတောင်ပေါ်က လေလို အမေရိကန် ဆန်ပြီး
မကျဉ်းထောင်၊ နှိပ်စက်ညှဉ်းပမ်းမှုနဲ့ သောကတို့ ကြီးစိုးရာ
နိုင်ငံခြား အရှင် သခင်များအတွက်
ကြေးနီနဲ့ ရေနံကို ရွှေတုံးများ အဖြစ်
ပြောင်းလဲပေးရာ ဖြစ်တဲ့
တိုင်းပြည်တပြည်က ထွက်ပြေးတိမ်းရှောင်နေရတဲ့
ဝရမ်းပြေးတဦးသာဖြစ်တယ်။
သင်တို့ဟာ
ရွှေတုံးတဖက်၊ ဗုံးတဖက် ကိုင်ထားတဲ့
ရုပ်တုများ မဟုတ်။
သင်တို့ဟာ
ငါ့လို လူသားဖြစ်ခဲ့ကြ၊ ဖြစ်နေကြပြီး
လမ်းမကြီးတွေ၊ လမ်းသေး လမ်းမွှာပေါ်က
ရိုးသားတဲ့ ပြည်သူတွေကို
အကာအကွယ် ပေးရမယ့် လူတွေ ဖြစ်တယ်။
သင့်အကို ဂျွန်လို ငါ့ညီ ဂျုံဟာလည်း
ဖိနပ် ရောင်းရတာပဲ။
သင့်အမ ဂျိမ်းလို ငါ့ညီမ ဂျုံနာဟာလည်း
အာလူးပဲ အခွံ သင်ရတာပါပဲ။
ပီတာရယ်၊ ငါ့သွေးဟာလည်း မင့်သွေးလို
သတ္တုတွင်းတူးသမားနဲ့ သင်္ဘောသား သွေးပါပဲ။
မင့် ကန့်လန့်ကာကြီးကို ဖောက်ထွင်းပြီး
ယူရဲလ်တောင်တန်းဆီက လေညင်းတိုက်လာအောင်
မင်းနဲ့ငါ တံခါးတွေကို ဟင်းလင်း ဖွင့်ကြပါစို့။
ဒေသထွက်နေသူများကို
''ခင်ဗျားတို့ လွန်လွန်းပြီ။ တော်ကြတော့''လို့
မင်းနဲ့ငါ တသံတည်း ပြောကြပါစို့။
အနာဂတ်မှာ မြေကြီးကို တို့သာပိုင်တယ်။ အဲဒီမြေကြီးပေါ်မှာ စက်သေနတ်တွေရဲ့ လေချွန်သံ မရှိစေရဘူး။ တေးသံတွေ၊ နောက်ထပ် တေးသံတွေ နောက်ထပ် တေးသံတွေသာ ရှိစေရမယ်။


၎။
အို... အမေရိကတိုက်၊ သန့်စင်တဲ့ နယ်နိမိတ်ကို ဖျက်ဆီးဖို့
သင့်အိမ်သည်တွေကို လက်နက် တပ်ပေးနေရင်
ငါတို့ချစ်တဲ့ ဂီတနဲ့ စနစ်ကျမှုကို အုပ်စိုးဖို့
ရှီကာဂိုက သားသတ်သမားကို လွှတ်ပေးခဲ့ရင်
ငါတို့ဟာ လေနဲ့ ကျောက်တုံးတွေထဲက ထလာပြီး
သင့်ကို ကိုက်ဖြတ်ပစ်မယ်။
ငါတို့ဟာ နောက်ဆုံး ပြတင်းပေါက်က ထွက်လာပြီး
သင့်ကို ပစ်သတ်မယ်။
ငါတို့ဟာ အနက်ရှိုင်းဆုံး လှိုင်းလုံးတွေထဲက ထလာပြီး
သင့်ကို ဆူးခက်တွေနဲ့ ထိုးပစ်မယ်။
ငါတို့ဟာ ထွန်ရေးကြောင်းတွေထဲက ထလာပြီး
ကိုလံဘီယန် လက်သီးချက် မိသလိုရှိအောင်
မျိုးစေ့တွေနဲ့ ထိုးဖောက်မယ်။
ငါတို့ ထလာပြီး သင့်ကို ပေါင်မုန့်နဲ့ရေ ပေးဖို့ ငြင်းဆန်မယ်။
ငါတို့ ထလာပြီး သင့်ကို လောင်တိုက် သွင်းပစ်မယ်။

နူးညံ့တဲ့ ပြင်သစ်ပြည်ပေါ်ကို ခြေမချနဲ့တော့။
အဲဒီမှာ စပျစ်နွယ် စိမ်းစိမ်းတွေက
စပျစ်ရည်တွေ ထွက်အောင် တို့ရှိနေမယ်။
ဆင်းရဲသူ ပြင်သစ်မကလေးဟာ
ဂျာမန်တို့ရဲ့ သွေးတွေ ယနေ့တိုင် စိုရွှဲရာ
မြေမာမာကို ပြလိမ့်မယ်။
စပိန်ပြည်က ခြောက်သွေ့တဲ့ တောင်ရိုးတွေပေါ်ကို
မတက်လေနဲ့တော့။
အဲဒီမှာ ကျောက်ဆောင်တိုင်းဟာ မီးလျှံ ဖြစ်လာလိမ့်မယ်။
အဲဒီမှာ ရဲရင့်သူအပေါင်းဟာ
နှစ်အထောင်အသောင်းကြာအောင် တိုက်ခဲ့ကြတယ်။
သံလွင်ပင်တွေကြားမှာ မျက်စိ မလည်စေနဲ့တော့။
မျက်စိလည်ခဲ့ရင်တော့ အိုကလာဟိုးမားကို
သင် ဘယ်တော့မှ ပြန်ရောက်တော့မှာ မဟုတ်ဘူး။
ဂရိပြည်ထဲကို မ၀င်ပါလေနဲ့။
အဲဒီမှာ ဒီနေ့ ဖြာကျနေတဲ့ သင်တို့ရဲ့ သွေးတွေက
ရုန်းထပြီး သင်တို့ကို တားလိမ့်မယ်။
တိုကိုပီလာကို လာပြီး ငါးမမျှားလေနဲ့။
အဲဒီက ၀ါးဓါးမြောင်ဟာ သင်တို့ရဲ့ လုယက်မှုကို သိလိမ့်မယ်။
အာရောကန်နီယန်က အညတရ သတ္တုတွင်းတူးသမားဟာ
မြေမှာ မြှုပ်ထားတဲ့ ရှေးဟောင်းမြှားကို ပြန်ရှာပြီး
ခေတ်သစ်နယ်သစ် ရှာသူများကို စောင့်နေတယ်။
နွားကျောင်းသား သီချင်းကို ဆိုနေတဲ့
နွားကျောင်းသားကို အထင်မသေးပါလေနဲ့။
ကုန်လှောင်ရုံက ကူလီကိုလည်း အထင် မသေးပါလေနဲ့။
သူတို့ဟာ မျက်လုံးတွေ၊ လက်သီးတွေနဲ့
နေရာတကာမှာ သင်တို့ကို စောင့်နေကြတယ်။
သင်တို့ကို စောင့်နေတဲ့ ဗင်နီဇွဲလား ပြည်သူများလို
သူတို့ဟာလည်း တဖက်မှာ ဂီတာ
တဖက်မှာ ရေနံဆီပုလင်းကို ကိုင်ပြီး
သင်တို့ကို စောင့်နေကြလေရဲ့။
နီကာရာဂွာ ပြည်ထဲကို မ၀င်လေနဲ့။
အဲဒီမှာ ဆန်ဒီနိုဟာ သစ်တောအုပ်ထဲကနေပြီး
သင့်အလာကို စောင့်နေတယ်။
သူ့ရိုင်ဖယ်သေနတ်က မိုးစက်တွေ၊ နှင်းစက်တွေ ဖုံးလို့
သူ့မျက်လုံးမှာ မျက်ခွံမရှိ။
ဒါပေမယ့်
ဓါးရောင်ဖွေးဖွေးကို စောင့်နေကြတဲ့
ပျူတိုရီကို ပြည်သူများလို
သူ့ကိုယ်မှာ သင်ပြုခဲ့တဲ့ ဒဏ်ရာများဟာလည်း
မသေသေးဘဲ အသက်ရှင်နေကြသေးတယ်။
ကမ္ဘာကြီးမှာ သင့်အဖို့ နေရာမရှိ။
သူချစ်တဲ့ ဒီစကားများကို ကြားတဲ့အခါ
သောင်ကျွန်းများသာမက လေပင်လျှင် လူသူ တိတ်ဆိတ်နေလိမ့်မယ်။

လူသားကို တောင်းရဲရင် တောင်းကြည့်စမ်း။
ရှေးဟောင်းမြို့ပျက်တွေကြားထဲက
ဝိုးတ၀ါး နှင်းမြူထဲမှာ
ငါတို့ သွေးသားရဲ့ အဘိုးအဘေးများဟာ
သင့်ကို ပိုင်းဖြတ်ဖို့ သူတို့ရဲ့ မဟူရာ ဓါးသွားကို
ပြောင်လက်အောင် သွေးနေကြပြီ။
တောင်ကြားတွေထဲမှာ ကြမ်းတမ်းတဲ့
စစ်ခရာသံ မြည်ဟီးပြီး အာမာခူရဲ့ သားကောင်များဖြစ်တဲ့
လောက်လွှဲကိုင် စစ်သည်တို့ကို ခေါ်နေကြပြီ။
မက္ကဆီကိုက တောင်တန်းတွေပေါ်မှာလည်း
အရုဏ်ကို တိုက်ခိုက်ဖို့ သင် လူလာ မစုလေနဲ့တော့။

ဇပါးတားရဲ့ ရိုင်ဖယ် သေနတ်များဟာ အိပ်မပျော်သေးဘဲ
ပြောင်လက်နေအောင် တိုက်ထားပြီး
တက္ကဆက်လွင်ပြင်တွေဆီကို ချိန်ရွယ်ထားတယ်။
ပင်လယ်ထဲမှာ စိုက်ကြည့်နေတဲ့
ကျူးဘားပြည်ထဲကိုလည်း မ၀င်လေနဲ့။
ချွေးသံစိုရွှဲတဲ့ ကြံခင်းတွေထဲမှာ
မည်းမှောင်တဲ့ အကြည့်တခုဟာ သင့်ကို စောင့်နေပြီး
အသံတချက်ဟာ သင့်ကိုရင်လည်း သတ်လိမ့်မယ်။
ဒါမှမဟုတ် သူ့အသက်ကိုရင်လည်း စွန့်လိမ့်မယ်။
အုန်းအုန်းကျွက်ကျွက် ညံနေတဲ့
သန်းခေါင်ယံ ပြောက်ကျားနယ်မြေထဲကို
အရဲစွန့်ပြီး တိုးမလာလေနဲ့။
ရောမမြို့မှာ သင်ထားတဲ့
သားနားတဲ့ ယူနီဖောင်းတွေ ၀တ်ထားတဲ့
စစ်သားတွေရဲ့ ရှေ့ကို တိုးမလာလေနဲ့။
စိန့်ပီတာရင်ပြင် ဒီဘက်ကိုလည်း လွန်မလာလေနဲ့။
တဖက်အစွန်မှာ ကျေးရွာကို စောင့်တဲ့နတ်
ငါးကို စောင့်တဲ့နတ်၊ ရေကို စောင့်တဲ့နတ်တွေဟာ
ကမ္ဘာကြီးအသစ် ပွင့်ဝေရာဖြစ်တဲ့
လွင်ပြင်တွေပေါတဲ့ သူတို့ တိုင်းပြည်ကြီးကို
အသက်ပေးပြီး ချစ်ကြတယ်။
ဘူလ်ဂေးရီးယား ပြည်ထဲက
တံတားတွေနားကို သင် မလာခဲ့နဲ့။
သူတို့ဟာ သင့်ကို ဖြတ်သန်းခွင့် ပေးမှာ မဟုတ်။
ကျူးကျော်သူများ မလာနိုင်အောင်
ရူမေးနီးယားက မြစ်တွေထဲကို
ဆူပွက်နေတဲ့ သွေးတွေနဲ့ လောင်းချပစ်မယ်။
သူ့ ပဒေသရာဇ် အရှင်သခင်ရဲ့ သင်္ချိုင်းကို သိနေပြီဖြစ်တဲ့
လယ်သမားတွေကို စစ်ထဲ ဆွဲမသွင်းနဲ့။
သူတို့ဟာ လက်တဖက်မှာ ထယ်သွားကို ကိုင်
တဖက်မှာ ရိုင်ဖယ်သေနတ်ကို ကိုင်ပြီး
အသင့်စောင့်နေကြလေရဲ့။
သူတို့ကို သင်သွားပြီး မကြည့်လိုက်လေနဲ့။
ကြယ်တလုံးလို လောင်ကျွမ်း ပျက်စီးသွားမယ်။
တရုပ်ပြည်ကို သင်္ဘော သွားမဆိုက်လေနဲ့။
ကြေးစား ချန်ဟာ မရှိတော့ဘူး။
အဲဒီမှာ လယ်သမားတွေရဲ့ တံစဉ်တောအုပ်ကြီးနဲ့
ယမ်းမီးတောင်ကြီးကိုသာ သင် တွေ့ရလိမ့်မယ်။

အခြားသော စစ်ပွဲတွေမှာ
ရေတွေပြည့်နေတဲ့ ကတုပ်ကျင်းတွေ
သံကြိုးစတွေ၊ အစွယ်ကြီးတွေ ထောင်နေတဲ့
သံဆူးကြိုးတွေ ရှိခဲ့ကြတယ်။
ဒါပေမယ့် ဒီစစ်ပွဲမှာတော့ ကတုပ်ကျင်းက
အရင်ကထက် ပိုကျယ်တယ်။ ရေတွေက ပိုနက်တယ်။
သံဆူးကြိုးတွေကလည်း အမာဆုံးဆိုတဲ့ သတ္တုနဲ့ လုပ်ထားတယ်။
အဲဒီ သတ္တုတွေကတော့ လူအဏုမြူဆိုတဲ့ သတ္တုတွေပဲ။
ဆက်ထုံးတွေကတော့ သန်းပေါင်းများစွာသော အသက်တွေပဲ။
အစွယ်တွေကတော့ ပြည်သူတွေရဲ့ ပူဆွေးနာကြည်းမှုတွေပဲ။
ဝေးလံတဲ့ တောင်ကြားတွေနဲ့ နယ်မြေတွေရဲ့
အလံအားလုံးနဲ့ သင်္ဘောအားလုံးရဲ့
လိုဏ်ဂူအားလုံးရဲ့
မုန်တိုင်းကို အန်တုခဲ့ကြတဲ့ ပိုက်ကွန်အားလုံးရဲ့
ကမ္ဘာမြေကြီးရဲ့ ထွန်ရေးကြောင်းအားလုံးရဲ့
ဆူပွက်နေတဲ့ ဒယ်အိုးကြီးတွေရှိရာ ငရဲဘုံအားလုံးရဲ့
ရက်ကန်းစင်နဲ့ သံရည်ကျိုရုံအားလုံးရဲ့
ပျက်စီးသွားတဲ့ အသစ် ပြန်တည်ဆောက်ထားတဲ့
မီးရထားစက်ခေါင်းအားလုံးရဲ့
ပြည်သူတွေရဲ့ ပူဆွေး နညကြည်းမှုတွေပဲ။
အပြင်ပန်းအားဖြင့် ကြည့်ရင်
အဲဒီ သံဆူးကြိုးကြီးဟာ တစစီ တပိုင်းစီ ထင်ရပေမယ့်
ရုတ်တရက် သံလိုက်ဓါတ်တွေနဲ့ ရစ်ပတ်ပြီး
ကမ္ဘာမြေကြီး တခုလုံးကို ဖုံးအုပ်သွားနိုင်တယ်။

ဒါတောင် ရှေ့ဆက်သွားရင်
ရွှင်လန်းပြတ်သားပြီး
သံမဏိလို ခိုင်မာတဲ့အပြင် အပြုံးတွေ တဝေေ၀နဲ့
တေးဆိုဖို့ဖြစ်ဖြစ်၊ တိုက်ပွဲဝင်ဖို့ ဖြစ်ဖြစ်
အသင့်ဖြစ်နေကြတဲ့ တွန်ဒရာနဲ့
တိုက်ဂါတောကြီးတွေထဲက
လူငယ်မောင်မယ်တွေဟာ သင်တို့ကို စောင့်နေလေရဲ့။
သေခြင်းကို အောင်နိုင်ခဲ့တဲ့
ဗော်လ်ဂါမြစ်တရိုးက စစ်သည်တွေ
စတာလင်ဂရက်က ကလေးငယ်တွေ
ယူကရိန်းက လူထွားကြီးတွေဟာ
သွေးနဲ့ ကျောက်တုံးနံရံကြီးတခု
သံနဲ့ သီချင်း၊ မျှော်လင့်ခြင်းနဲ့ သတ္တိ
နံရံကြီးတခုအဖြစ်
ပေါင်းစည်းနေကြတယ်။
သည်ခံတပ် တံတိုင်းကြီးကို သင်သွားထိရင်
သင် ကျဆုံးသွားပြီး စက်ရုံထဲက ကျောက်မီးသွေးများလို
လောင်ကျွမ်းသွားလိမ့်မယ်။
ရော့ချက်စတာက အပြုံးတွေဟာ အရိပ်တွေ ဖြစ်သွားလိမ့်မယ်။
အဲဒီ အရိပ်တွေဟာ စတက်လွင်ပြင်က လေထဲမှာ ပျံ့လွင့်သွားပြီး
နှင်းတွေထဲမှာ ထာဝရ မြေမြှုပ်ခံရလိမ့်မယ်။
ပီတာဘုရင်ကြီးရဲ့ သူရဲကောင်းသစ်များလို
ကမ္ဘာတလွှားကို အံ့သြစေမယ့်
တိုက်ခိုက်ရေးသမားတွေ ပေါ်လာပြီး
သင်တို့ရဲ့ ဆုတံဆိပ်တွေကို
အေးစက်တဲ့ ကျည်ဆန်များအဖြစ် ပြောင်းလဲစေလိမ့်မယ်။
ပျော်စရာကောင်းတဲ့ ကမ္ဘာမြေကြီးပေါ်မှာ
တရွှီရွှီမြည်တဲ့အသံများကို ဖြစ်စေလိမ့်မယ်။
ထင်းရှူးတောဖုံးနေတဲ့ ဓါတ်ခွဲရုံထဲက
နှောင်ကြိုးမဲ့တဲ့ အဏုမြူကို
ဝင့်ကြွားတဲ့ သင့်မြို့များဆီကို ဖြေလွှတ်လိုက်လိမ့်မယ်။


၅။
ဒီအဖြစ်မျိုး နောက်ထပ် မဖြစ်ကြပါစေနဲ့တော့။
သစ်ခုတ်သမားကို နိုးကြားပါစေတော့။
အေဘီဟာ သူ့ပုဆိန်နဲ့ သစ်သားခွက်ကို ကိုင်ပြီး
လယ်သမားတွေနဲ့အတူ ထမင်းစားပါစေတော့။
သူ့ခေါင်းဟာ သစ်ခေါက်လို ဖြစ်စေပြီး
သူ့မျက်လုံးဟာ ပျဉ်ချပ်ပေါ်က မျက်ကွင်းဖြစ်စေကာ
ဝက်သစ်ချပွေးပေါ်က သစ်ကွက်လို ဖြစ်ပါစေတော့။
ပြသာဒ်တွေထက် မြင့်မားပြီး
သစ်ရွက်တွေ အခက်အလက်တွေပေါ်က တိုးထွက်နေတဲ့
ကမ္ဘာကြီးကို ကြည့်ပါစေတော့။
ကုန်စုံဆိုင်မှာ သူ ၀ယ်ချင်တာ ၀ယ်ပါစေတော့။
ဘတ်စကားစီးပြီး တန်ပါကို သွားပါစေတော့။
မှည့်ရွှမ်းတဲ့ ပန်းသီးကို ကိုက်ပါစေတော့။
သာမန် ပြည်သူတွေနဲ့ စကားစမြည် ပြောနိုင်အောင်
ကြုံရာ ရုပ်ရှင်ရုံတရုံထဲကို ၀င်ပါစေတော့။

အို... သစ်ခုတ်သမား နိုးကြားလော့။

အေဘီကို လာပါစေတော့။
ရင့်နေတဲ့ သူ့ မုယောစပါးကို
အီလီနွိုက်စ်နယ်က မြေကြီးမှာ
ရွှေသီးပါစေတော့။
ကျွန်ပိုင်ရှင်သစ်ကို ဆန့်ကျင်ပြီး
ကျွန်နှင်တံသစ်ကို ဆန့်ကျင်ပြီး
အဆိပ်မိနေတဲ့ ပုံနှိပ်စက်များကို ဆန့်ကျင်ပြီး
သူတို့ အစွံထုတ်နေတဲ့ သွေးစွန်း ကုန်စည်များကို ဆန့်ကျင်ပြီး
သူ့မြို့ကလေးမှာ သူ့ပုဆိန်ကို မြှောက်ပါစေတော့။
ငယ်ရွယ်တဲ့ လူဖြူ၊ ငယ်ရွယ်တဲ့ လူမည်း
သူတို့အားလုံးကိုလည်း ပြုံးစေ၊ တေးဆိုပါစေတော့။
ရွှေတံတိုင်းကြီးများကို ဆန့်ကျင်ပြီး
အမုန်း ထုတ်လုပ်သူကို ဆန့်ကျင်ပြီး
သွေးကုန်ကူးသူကို ဆန့်ကျင်ပြီး
သူတို့အားလုံးကို တေးဆိုပါစေတော့၊ ရယ်မောစေ၊ အောင်နိုင်ပါစေတော့။

အို... သစ်ခုတ်သမား နိုးကြားလော့။

လာမယ့် ဆည်းဆာချိန်များအတွက် ငြိမ်းချမ်းရေး
တွတားများအတွက် ငြိမ်းချမ်းရေး
ဝိုင်အရက်များအတွက် ငြိမ်းချမ်းရေး
ငါ့ကို လိုက်နေတဲ့ ကဗျာ စာပိုဒ်များအတွက် ငြိမ်းချမ်းရေး
မြေကြီးနဲ့အချစ်တို့ လိမ်ယှက်ရာ ငါ့ကဗျာသွေးအတွက် ငြိမ်းချမ်းရေး
ပေါင်မုန့် နိုးကြားချိန်ဖြစ်တဲ့
မြို့လယ်ကောင် မနက်ခင်းအတွက် ငြိမ်းချမ်းရေး
မြစ်တကာတို့ရဲ့မြစ်ဖြစ်တဲ့ မစ္စစ္စပီမြစ်ကြီးအတွက် ငြိမ်းချမ်းရေး
ငါ့ညီငယ်ရဲ့ ရှပ်အင်္ကျီအတွက် ငြိမ်းချမ်းရေး
လေကောင်းလေသန့်နဲ့တူတဲ့ စာအုပ်တွေအတွက် ငြိမ်းချမ်းရေး
ကိယက်ပြည်နယ်က စုပေါင်းလယ်ယာတွေအတွက် ငြိမ်းချမ်းရေး
သေသူတို့ရဲ့ ပြာမှုန်တွေအတွက် ငြိမ်းချမ်းရေး
ဘရွတ်ကလင်တံတားက
ပေရေနေတဲ့ သံဘောင်တွေအတွက် ငြိမ်းချမ်းရေး
နေ့ရက်များလို အိမ်ပေါက်စေ့ လျှောက်သွားနေတဲ့
စာပို့သမားအတွက် ငြိမ်းချမ်းရေး
စပျစ်ချုံဘက်ကို လှည့်ပြီး အော်လံတခုနဲ့ အော်နေတဲ့
ကချေသည်အတွက် ငြိမ်းချမ်းရေး
ရိုစာရီယို အကြောင်းကိုသာ ရေးချင်နေတဲ့
ငါ့ညာဘက်လက်အတွက် ငြိမ်းချမ်းရေး
သံဖြူခဲ တခဲလို လျှို့ဝှက်တတ်တဲ့
ဘိုလီဗီယန်ပြည်သူတွေအတွက် ငြိမ်းချမ်းရေး
သင် လက်ထပ်နိုင်ဖို့အတွက် ငြိမ်းချမ်းရေး
ဘီယိုဘီယိုက သစ်စက်တွေ အားလုံးအတွက် ငြိမ်းချမ်းရေး
ပြောက်ကျား စပိန်ပြည်ရဲ့
ကွဲအက်နေတဲ့ နှလုံးသားအတွက် ငြိမ်းချမ်းရေး
နှလုံးသားပုံ ရွှေခြည်ထိုးထားတဲ့ ခေါင်းအုံးကလေးဟာ
ချစ်စရာ အကောင်းဆုံး ပစ္စည်း ဖြစ်နေတဲ့
ဝိုင်ယိုမင်းပြည်နယ်က ပြတိုက်ငယ်ကလေးအတွက် ငြိမ်းချမ်းရေး
ဂျုံအတွက် ငြိမ်းချမ်းရေး
မွေးဖွားတော့မယ့်
ကောက်နှံတွေ အားလုံးအတွက် ငြိမ်းချမ်းရေး
ပန်းပွားမြိတ်ဝေတဲ့ ရိပ်မြုံကို လိုက်ရှာနေတဲ့
အချစ်အတွက် ငြိမ်းချမ်းရေး
အသက်ရှင်သူအားလုံးအတွက် ငြိမ်းချမ်းရေး
ကုန်းမြေနဲ့ ရေပြင်အားလုံးအတွက် ငြိမ်းချမ်းရေးသည်
ရှိစေသတည်း။

ငါ သင့်ကို နှုတ်ဆက်လိုက်တယ်။ ငါ ပြန်တော့မယ်။
ငါ့ အိပ်မက်တွေထဲမှာ ငါဟာ
ပန်နာဂိုးနီးယားက အိမ်ကို ပြန်ရောက်နေတယ်။
အဲဒီမှာ လေက စပါးကျီကို ခေါက်နေတယ်။
ပင်လယ်က ရေခဲတွေကို ပက်နေတယ်။
ငါဟာ ကဗျာဆရာတယောက်သာ ဖြစ်တယ်။
သင်တို့အားလုံးကို ငါချစ်တယ်။
ငါချစ်တဲ့ ကမ္ဘာကြီးထဲမှာ ငါလျှောက်သွားတယ်။
ငါ့တိုင်းပြည်မှာ သူတို့ဟာ သတ္တုတွင်းတူးသမားတွေကို
ထောင်သွင်း အကျဉ်းချထားပြီး
သူတို့တွေက တရားသူကြီးတွေကို
အမိန့်တွေ ပေးနေကြတယ်။
ဒါပေမယ့် အေးစက်တဲ့ ငါ့တိုင်းပြည်ကလေးမှာ
သစ်မြစ်တွေကိုတောင် ငါချစ်တယ်။
တကယ်လို့ အကြိမ်ပေါင်း တထောင် သေလို့ရှိရင်
အဲဒီမှာပဲ ငါသေချင်တယ်။
တကယ်လို့ အကြိမ်ပေါင်း တထောင် ပြန်မွေးရင်လည်း
အဲဒီမှာပဲ ငါမွေးချင်တယ်။
မြင့်မားတဲ့ ထင်ရှူးရိုင်းပင်ကြီးတွေ နားမှာ
မုန်တိုင်းထန်တဲ့ တောင်လေမှာ
အသစ်ဝယ်ထားတဲ့ ခေါင်းလောင်းတွေ နားမှာ
ဘယ်သူမှ ငါ့အကြောင်းကို မတွေးပါစေနဲ့တော့။
ကမ္ဘာမြေကြီး အကြောင်းကိုပဲ တွေးပြီး
စားပွဲကို အချစ်နဲ့ ထုကြပါစို့။
ပေါင်မုန့်ကို နှစ်ဖို့၊ ပဲတောင့်ကို နှစ်ဖို့၊ ဂီတကို နှစ်ဖို့
သွေးတွေကို နောက်ထပ် မလိုချင်တော့ဘူး။
သတ္တုတွင်းတူးသမားရယ်၊ သူငယ်မလေးရယ်
ရှေ့နေရယ်၊ သင်္ဘောသားရယ်
အရုပ်လုပ်တဲ့သူရယ်
သူတို့ကို ရုပ်ရှင်ရုံထဲ ၀င်ကြည့်စေချင်တယ်။
ပြန်ထွက်လာတော့ အနီရဲဆုံး ၀ိုင်ကို သောက်စေချင်တယ်။
ငါဟာ ပြသာနာကို ဖြေရှင်းဖို့ လာတာမဟုတ်ဘူး။
တေးဆိုဖို့ လာတာဖြစ်တယ်။
သင်တို့လည်း ငါနဲ့အတူ တေးဆိုစေချင်တယ်။

(အမေရိကတိုက် တနေရာ၊ ၁၉၄၈ ခုနှစ်၊ မေလ)

3 comments:

MANORHARY said...

ကဗျာတစ်ပုဒ်လုံးကိုကူးပြီးသိမ်းထားလိုက်ပြီ
ကျေးဇူး again ပါ... ;)

မိုးပျံငှက် said...

ကျေးဇူးတင်တယ်ဗျာ .. ကဗျာရှည်တစ်ပုဒ်လုံးကို တစ်ထိုင်တည်း ဖတ်လိုက်ရလို့ ...မာယာကော့ဒ်စကီးရဲ့ ဘောင်းဘီဝတ် မိုးတိမ်လို ကြိုက်တယ်ဗျာ... ကဗျာကောင်းလေးတွေ မျှဝေပေးတဲ့ ကိုအောင်သာငယ် သက်တော်ရာကျော် ရှည်စေဗျာ........

အောင်သာငယ် said...

မနော် - ယက်ဖ်တူရှင်ကိုရဲ့ ဇီမာလမ်းဆုံ မဖတ်ဖူးသေးရင် ဖတ်စေချင်ပါတယ်။
မိုးပျံငှက် - ပေးတဲ့ဆုနဲ့ ပြည့်စေဗျာ...