Nov 10, 2008

သူပုန်တယောက်ရဲ့ဒိုင်ယာရီ (၁၃)

နောက်နေ့ကျတော့ ကျနော့ကို အားလုံးက ၀ိုင်းပြီး ဟား..နေကြပါရောလား။ - ဒီကောင်ကွာ အစလေး ရှပ်မှန်သွားတာကို ပြူးတူးပြဲတဲနဲ့ ဆရာ ကျနော့်ကို မှန်သွားပြီလား မသိဘူး ဆိုပြီး အိုဗာဟက်ထဲ ပြေးဝင်လာတာကွ - ဆရာစိုးမြင့်က ကျနော့်ကို ဟာသ လုပ်နေရဲ့.. - မင်းကို ရှပ်သွားတာ အိတ်တီဖိုး ဖြစ်မယ်ကွ - ကိုကိုလေးကလည်း ၀င်ပြောင်ပါသေးတယ်။ - အာ.. မဟုတ်ပါဘူး တရာ့နှစ်ဆယ် ဖြစ်မှာပါ - ရဲဘော် သန်းစိန်ကလည်း ၀င်ပါလိုက်ပါသေးတယ်။ ဆေးမှူး ၀င်းတင့်ဟန်ကတော့ ကျနော့်ခေါင်းကို ကိုင်ပြီး ငယ်ထိပ်ပေါ်က ဆံပင်တွေ ပြတ်ပြီး ပြောင်နေတဲ့ နေရာကို သေချာ ကြည့်ပြီးတော့ - ပွိုင့်ဖိုက်ဖြစ်မယ်ဗျ၊ သွေးလေးတွေ ခြောက်နေတာ နံပတ် ဖိုက်နဲ့တူတယ်- နဲ့ တယောက်တပေါက် လျှောက်ပြောင်နေကြ တော့တာပါပဲ။ - အေးပါ.. နင်တို့ ငါ့ကိုနောက်နေ။ နင်တို့ ပစ်ကျင်းမှာ ထိုင်မှ အိတ်တီဝမ်း တည့်တည့်ကျကွဲလိမ့်မယ် - ကျနော်က ပြောရင်းနဲ့ စားဖိုဆီ ထွက်လာခဲ့ပါတယ်။

အမှန်တော့ ထမင်းထုပ်သွားယူရင်းနဲ့ နောက်တန်းက ရေဆိပ်မှာ ရေချိုးကြတုန်း ရဲဘော်တွေ အားလုံးက ကျနော့်ကို ၀ိုင်းနောက် နေကြတာပါ။ ကျနော်တို့မှာလည်း ပျော်စရာက ဒါပဲ ရှိတာကိုး။ တယောက်နဲ့ တယောက်နောက်ပြောင်ရင်းနဲ့ပဲ ပျော်နေကြရတာ။

နောက်တော့ ထမင်းထုပ်တွေ သယ်ပြီး ထိပ်တိုက်ကို ကျနော်တို့ ပြန်တက်လာတော့ လက်နက်ငယ် ပစ်သံတွေ ကြားနေရပါတယ်။ - ဘာတွေ ဖြစ်နေတာတုန်း ဟ - ရဲဘော်ကိုကိုလေးက ကျနော့်ကို လာမေးနေတော့ - ဘယ်သိမလဲဟ... လျှောက်မြောင်းတူးနေတဲ့ ကောင်တွေကို တွေ့လို့ ပစ်နေတာနေမှာပေါ့ - (မနက်ဖက်နဲ့ နေ့လည်ဖက် လက်နက်ကြီးတွေ အပစ်အခတ် ရပ်ထားတဲ့ အချိန်မှာ ရန်သူရော ကျနော်တို့ရော လျှောက်မြောင်းတွေ ပြန်တူးကြ၊ အိုဗာဟက်တွေ မြေပြန်ဖို့ကြ လုပ်လေ့ရှိပါတယ်။ အဲ အချိန်မှာ စနိုက်ပါတွေ မှန်ပြောင်းနဲ့ ကြည့်ပြီး မြင်ရတဲ့သူကို စောင့်ပစ်တတ်ကြပါသေးတယ်။ အပစ်ခံရတဲ့သူကလည်း လှမ်းပစ်တယ်လို့ ထင်တဲ့ နေရာတွေကို မှန်းပြီး ပြန်ပစ်တတ်ကြပါတယ်။

ကျနော်က ပြောရင်း တခု သတိရတာနဲ့ အားလုံးကို ပြောပြမိပါသေးတယ်။ - ဟေး ... ခု တို့ ပြန်ရင် စက်လတ် အိုဗာဟက် အ၀ိုင်း နှစ်ခုနားက ပြန်ရင် မြန်မြန် လျှောက်ကြနော်။ ဆရာဇော်ခက်လည်း ပြောထားတယ် ကာဘိုင် နှစ်လက်နဲ့ ထိုင်ပြီး စောင့်ပစ်နေတယ်လို့ ပြောတယ် - (ပြောရရင် ပုံမှန်အားဖြင့် ကျနော်တို့ဟာ လျှောက်မြောင်းတွေထဲကနေ လျှောက်လေ့ မရှိပါဘူး။ ရိုးရိုး မြေပြင်ကပဲ လျှောက်သွားနေကြတာပါ။ အပစ်အခတ်ရှိမှ - သို့မဟုတ် - လက်နက်ကြီးတွေ ပစ်နေမှသာ လျှောက်မြောင်းတွေထဲ ဆင်းကြတာကိုး။ အဲတော့ ကျနော်တို့ နောက်တန်းမှာ ရေသွားချိုး၊ စားဖိုက ထမင်းထုပ်တွေ သယ်ပြီး ပြန်လာတဲ့ အခါတိုင်း ရိုးရိုး မြေပြင်ကနေ ဖြတ်သွားလေ့ရှိတဲ့ နေရာတခုရှိပါတယ်။ နောက်တန်းကနေ တည့်တည့် လျှောက်ပြီး တက်လာ၊ အဲနေရာ ရောက်ရင် ကွန်ကရစ် အိုဗာဟက်အ၀ိုင်းတခုကို တွေ့တာနဲ့ ဘယ်ဖက်ကို ကွေ့ပြီး လျှောက်၊ ပြီးရင် နောက် ကွန်ကရစ် အိုဗာဟက် အ၀ိုင်းတခုကို တွေ့ရင် ညာဖက် ပြန်ကွေ့လျှောက်ရတဲ့နေရာပါ။ အဲ ကွန်ကရစ် အိုဗာဟက် နှစ်ခုလုံးမှာ စက်လတ်တွေ ရှိပါတယ်။ အဲနေရာက အယ်လ်ပုံသဏ္ဍာန် ဖြစ်နေတဲ့ နေရာပါ။ အဲမှာ ဘယ်ဖက်ကို ကွေ့ပြီး စလျှောက်ရတဲ့ နေရာကနေ ကြည့်ရင် ရန်သူ နေရာယူထားတဲ့ နေရာတွေကို လှမ်းမြင်နေရပါတယ်။ ဒါကြောင့်လည်း ရန်သူက စောင့်ပြီး ပစ်တတ်တဲ့ နေရာတခု ဖြစ်နေပါတယ်၊ အဲနေရာကတော့ ဖလူးစခန်းရဲ့ ထိပ်တိုက် မဟုတ်ပေမယ့် အိုမီဂါပုံရှိနေတဲ့ သောင်ရင်းမြစ်အတိုင်း ၀ိုက်ဆင်းလာတဲ့ ဘေးတိုက်ဖြစ်နေတဲ့ နေရာပါပဲ။ ကျနော်တို့ အိုဗာဟက်တွေ ရှိနေတဲ့ နေရာအများစုက ပုံမှန် မြေပြင်ထက် ၇ ပေ ၈ ပေလောက် အနည်းဆုံး မြင့်နေပေမယ့် အဲနေရာကတော့ မြေကလည်း တညီတည်းလိုလို ဖြစ်နေတာပါ။ ဒါကြောင့်လည်း ရန်သူ နေရာယူထားတဲ့ နေရာနဲ့ တပြေးညီတည်းလို ဖြစ်နေတာမို့ ကျနော်တို့ ဖက်က လှုပ်ရှား သွားလာနေတာမှန်သမျှကို ရန်သူက မြင်နေရတဲ့နေရာပါပဲ)

ဒီလိုနဲ့ လျှောက်လာနေရင်းနဲ့ လက်နက်ငယ်သံတွေကို ကျိုကြား ကျိုကြား ကြားနေရပါတယ်။ စက်လတ် အိုဗာဟက်တွေနား ရောက်လာတော့ ကျနော်တို့ ခဏတော့ ရပ်လိုက်ပါသေးတယ်။ အခြေအနေ ကြည့်ကြည့်တာပေါ့လေ။ ဆက်မလျှောက်သေးပဲ ကျနော်တို့ အရှေ့ဖက်ဆီက တောစပ်ဖက်ကို ကြည့်လိုက်ပါသေးတယ်။ ဆရာစိုးမြင့်၊ ရဲဘော်နိုင်နိုင်နဲ့ ဆေးမှူး ၀င်းတင့်ဟန်တို့ကတော့ လျှောက်မြောင်းတွေထဲကနေ သွားနှင့်ကြပါပြီ။ သူတပါးထက် ထူးချင်တဲ့ ကျနော်ရယ်၊ ရဲဘော် ကိုကိုလေးရယ်၊ ရဲဘော် သန်းစိန်ရယ်သာ အဲ မြေပေါ်က လျှောက်ဖို့ လုပ်နေတာပါ။ အမှန်က လက်နက်ငယ်သံတွေ ကြားနေရပြီပဲ။ ကျနော်တို့ မသွားသင့်တော့ဘူး။

နောက်တော့ ကျနော်က စပြီး လျှောက်တာပါ။ - ပစ်ရင်တော့ ပြေးကြ ဟေ့... - ကျနော်က ပြောရင်းနဲ့ ခပ်သုတ်သုတ် စလျှောက်လိုက်ပါတယ်။ ကျနော့် နောက်မှာ ရဲဘော် သန်းစိန်၊ သူ့နောက်မှာက ရဲဘော် ကိုကိုလေး။ ကျနော်တို့ လျှောက်စတော့ ဘာသံမှ မကြားရပါဘူး။ ခပ်မြန်မြန် လျှောက်နေရင်းနဲ့ အိုဗာဟက် နှစ်ခုရဲ့ အလယ်ကို ကျနော်တို့ ရောက်တဲ့ အချိန်မှာ စပြီး အပစ်ခံရတာပါ။ ဖန်း-ဖန်း-ဖန်း-ဖန်း-ဆိုတဲ့ အသံနဲ့အတူ တုတ်-တုတ်-တုတ်-တုတ်-ဆိုတဲ့ အသံကိုပါ ကြားလိုက်ရတယ်။ ကျနော်ကတော့ ပြေးပြီ။ ဖနောင့်နဲ့ တင်ပါး တသားထဲပေါ့။ ထမင်းထုပ်တွေကတော့ လက်မှာ ဆွဲလျက်သား။ ရှေ့မှာ မြင်နေရတဲ့ စက်လတ်အိုဗာဟက်ထဲ အသားကုန်ပြေးပြီး ၀င်ရတော့တာ။ အထဲက ကရင် ရဲဘော် နှစ်ယောက်တောင် လန့်သွားတယ် ထင်ပါ့။ - ယောက်ဖ ဘာဖြစ်တာလဲဟ- တဲ့ ။ သူတို့လည်း ထမင်းစားနေကြတုန်း။ - ပစ်တယ်လေ အကျော် (ကရင်လို အကို) - ကျနော်က ဟော..ဟဲ..ဆိုက်နေတဲ့ ကြားထဲက ပြန်ပြောတော့ - နင်တို့က လမ်းမှ မယူတာ -တဲ့။

ရဲဘော်သန်းစိန်လည်း အဲ အိုဗာဟက်ထဲ ဒိုင်ဗင်တပိုင်း ထိုးထည့်ပြီး ရောက်လာတယ်။ - ထမင်း တထုပ်တော့ သွားပြီ -တဲ့ ။ ရဲဘော် ကိုကိုလေးကတော့ နောက်ဘက်က အိုဗာဟက်ထဲ ပြန်လှည့်ပြေးသွားတယ်လို့ သူက ပြောပါတယ်။ ဘာပဲပြောပြော ဘယ်သူမှ မထိခိုက်ဘူး ဆိုတော့ ၀မ်းသာရတာပေါ့လေ။ အဲလိုနဲ့ပဲ နောက် မိနစ် အနည်းငယ်ကြာတော့ ကျနော်တို့ သုံးယောက်လုံး ထိပ်တိုက်ကို ပြန်ရောက်ခဲ့ပါတယ်။

နောက်နေ့များမတော့ ထုံးစံအတိုင်း အသက်နဲ့ကိုယ် အိုးစားကွဲမယ့် နေရာတွေကိုရှောင်ရင်း လျှောက်မြောင်းများအတိုင်းသာ အသက် ဉာဏ်စောင့် လုပ်ခဲ့ပါကြောင်း...။

(ဆက်လက်ဖော်ပြပါမည်)

7 comments:

Tester said...

တစ်ခါတစ်လေ ဘဝ ကြီးထဲမှာ လျှောက်မြောင်းက လျှောက်ဖို့ အခြေအနေ မပေးလို့ သတ်ကွင်းထဲ မှာ ဖြတ်ရင်း နဲ့ ဒုက္ခကျည်တွေ သောက ဗုန်းစ တွေ ခန္ဓာကိုယ် မှာ နေရာမလပ်ပေါ့.....။

sawthanlwin said...

I like your diary post very much.
4 years ago I went that Pha lu village,I saw the church was still damage.
"mg kyaw" mean is uncle for east poe karen language.
"ah kyaw" mean is brother for karen language.
Best regards.

MaMa said...

ပြေးတဲ့ ဖက်လဲ အတော် ထူးချွန်သကိုး..း)
ထူးချွန်တာတွေ.. အတော်များ သနော်...း)

အောင်သာငယ် said...

Tester - သိနေတယ်လေ...

SawThanLwin - Thank you very much for your comment and correcting me. After almost 20 years, I can't remember every words in Karen. Anyway, I am very glad to know that someone like you is reading my posts and like it. Thanks again. Warmest regards.

Ma Ma - နောက်ထပ် ထူးချွန်တာတွေ ရှိသေးတယ် ...

Sint said...

I just finished reading 1-13. You made me laughand cry at the same time. Thanks for sharing!

Myo Htet Kyaw said...

စာမူခပေးပါမယ် စာအုပ်ထုတ်ချင်လို့ ဆက်ရေးပါဦးအားပေးနေပါတယ် ဘယ်လိုပဲပြောပြော စစ်တိုက်တာ ဟိုဘက်ဒီဘက်အမြင်တမျိုးစီတော့ရှိတာပါပဲ ဒီလိုဇာတ်လမ်းလေးကိုရုပ်ရှင်အမြင်နဲ့ ရုပ်ရှင်တစ်ကားလောက်တော့အပြည့်အစုံအပါအဝင်ရိုက်သင့်တယ် ဘယ်ပေါ်လစီ မှမပါတဲ့ခံစားချက်မျိုးနဲ့ပေါ့ ဒီခေတ်မှာကတစ်ဘက်သက်ပေါ်လစီကားတွေပဲကြည့်နေရတာ စစ်ပွဲတစ်ပွဲမှာစစ်သားတစ်ဦးရဲ့ ဘဝ ဆိုတာကိုမတွေ့ရတော့ဘူး ဖြစ်ရပ်မှန်စစ်ကား ကောင်းတစ်ကားတော့ရိုက်သင့်တယ်ထင်တာပါပဲ

Myo Htet Kyaw said...

စာမူခပေးပါမယ် စာအုပ်ထုတ်ချင်လို့ ဆက်ရေးပါဦးအားပေးနေပါတယ် ဘယ်လိုပဲပြောပြော စစ်တိုက်တာ ဟိုဘက်ဒီဘက်အမြင်တမျိုးစီတော့ရှိတာပါပဲ ဒီလိုဇာတ်လမ်းလေးကိုရုပ်ရှင်အမြင်နဲ့ ရုပ်ရှင်တစ်ကားလောက်တော့အပြည့်အစုံအပါအဝင်ရိုက်သင့်တယ် ဘယ်ပေါ်လစီ မှမပါတဲ့ခံစားချက်မျိုးနဲ့ပေါ့ ဒီခေတ်မှာကတစ်ဘက်သက်ပေါ်လစီကားတွေပဲကြည့်နေရတာ စစ်ပွဲတစ်ပွဲမှာစစ်သားတစ်ဦးရဲ့ ဘဝ ဆိုတာကိုမတွေ့ရတော့ဘူး ဖြစ်ရပ်မှန်စစ်ကား ကောင်းတစ်ကားတော့ရိုက်သင့်တယ်ထင်တာပါပဲ