May 13, 2009

ရေးမထားတဲ့စာ

















ငါ့ကောင်းကင်က
ကြယ်တွေကြွေကျတဲ့ညတခုမှာ
ဆုတောင်းဖို့ ငါ မေ့နေခဲ့ပါတယ်...

မေ့လက်စနဲ့
အမေ့ကိုပါ ငါ မေ့ထားခဲ့တယ်။
ကင်းပုံသီးတွေ အပြည့်နဲ့
ငါကြီးပြင်းခဲ့ရာ ခြံဝင်းတခုကို မေ့ထားခဲ့တယ်။
ငယ်စဉ်က နေ့တိုင်းလျှောက်ခဲ့ရတဲ့
နွေအခါ ခြောက်သွားတတ်တဲ့ ရေကြည်စမ်းချောင်းငယ်လေးရှိရာ
ရွာလယ်လမ်းကို ငါ မေ့ထားခဲ့တယ်။
ဆယ်နှစ်ကျော် ပွေ့ဖက်ခဲ့တဲ့
ဂစ်တာလေးတလက်ကို ငါ မေ့ထားခဲ့တယ်။
အပြစ်မသိသေးတဲ့
ညီမလေးတယောက်ကို ငါ မေ့ထားခဲ့တယ်။
မွန်းတည့်ချိန်မှာ သိပ်တိုတောင်းနေတဲ့
ငါ့အရိပ်ဟောင်းကိုလည်း ငါ မေ့ထားခဲ့တယ်။
ငါ့အပေါ်သိပ်ကောင်းခဲ့တဲ့
သူငယ်ချင်းအပေါင်းကိုလည်း ငါ မေ့ထားခဲ့တယ်။
ငါ့ကို နေရာတကာပို့ပေးခဲ့တဲ့
စက်ဘီးလေးကိုလည်း ငါ မေ့ထားခဲ့တယ်။

ငါဟာ မေ့လျော့ခြင်းခရီးကို
အပြီး ထွက်ခဲ့သူပါကွယ်...

ညတညမတော့
ငါ့ လတစင်းပါ
ထပ်မံကြွေကျသွားတဲ့အခါ
ခရီးကို ငါ ရပ်နားမိပါပေါ့...

သည်အခါ
အမေ့မျက်ရည်တွေ ငါ့နှလုံးသားကို စွတ်စို...
ဟောင်းနွမ်းဆွေးမြေ့လာတဲ့ ခြံဝင်းလေး င့ါအပေါ် ပိပြို...
ရွာလယ်လမ်းလေးကတော့ ငါ့ရှေ့မှာ ဖြောင့်တန်းနေဆဲ...
ဂစ်တာတလက်က ငါ့အပွေ့အဖက်ကို လွမ်းဆွတ်နေမြဲ...
ညီမလေးတယောက်ကတော့ ငါ့ကို တမ်းတရှာ...
ဆည်းဆာထဲက ငါ့အရိပ်တွေကတော့ ရှည်လျားလာ...
သူငယ်ချင်းတွေကလည်း ငါ့အကြောင်း ပြောနေကြချိန်မှာ...
စက်ဘီးလေး တစင်းခမျာမတော့
ငါ့ကို သယ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်နေတော့တယ်၊

မေ့လျော့ခြင်းခရီးသွားတယောက်သည်လည်း
မရေမတွက်နိုင်သော အကြိမ်မြောက်အဖြစ်
သေကောင်ပေါင်းလဲ
လွမ်းဆွတ်နေတတ်မြဲဖြစ်ကြောင်း
ကမ္ဘာမြေ ကောင်းကောင်း သိပါတယ်.... ...

ATN

11 comments:

Anonymous said...

ကိုအောင်သာငယ်တို့ ကျမတို့တွေက ခရီးသွားတွေဘဲမဟုတ်လား ?

မယ်ကိုး said...

စက်ဘီးလေး တစင်းခမျာမတော့...

တစင်းလို့  သုံးထားပုံက အဆန်းလေးနော်...တင်စားနမိတ်လို့  ထင်မိပါတယ်။

ဂျူနို said...

မေ့လျော့ဖို့ ကိုအတင်းကျိုးစားခဲ့ရတာတွေမို့ 
မမေ့မလျော့ လွမ်းနေတော့တာပေါ့။
ထွက်သွားတဲ့သူက ကျန်ခဲ့တဲ့သူထက် ပိုလွမ်းရတယ်။

အယ်ဇီ

Anonymous said...

မေ့ထားရက်သားနဲ့ လွမ်းနေတာ
အတော်ဆိုးမှာပဲ
..
ဒါနဲ့ မယ်ကိုး က ဒီဘလော့ဂ် ကိုလာဖတ်တာ အသစ်ထင်ပါရဲ့

စက်ဘီးလေးတစင်း အတွက်အနေခက်တဲ့ပုံ..း)

http://aungthange.blogspot.com/2009/03/blog-post.html

အဖြေအဲဒီမှာ ရှိတယ် မယ်ကိုး ရဲ့..


mama

အောင်သာငယ် said...

မအယ် - ကျနော် မတွေ့ခဲ့ဖူးတဲ့ ကျနော် တွေ့ချင်ခဲ့တဲ့သူတွထဲမှာ မအယ်လည်း တယောက်ပေါ့...

ပြာသို said...

ကမ္ဘာမြေကြီးကလည်း သိထားလျှက်နဲ့ မသိဟန်ဆောင်နေလိုက်တာ။သူကလည်း တစ်ခါခါ ပုန်းလျှိုကွယ်လျှိုနဲ့ပါလား အန်ကယ်ရေ့ လွမ်းဆွတ်ခြင်းတွေ အမြန်ပြေပျောက်ပါစေဗျာ ။

အိန္ဒြာ said...

ညတညမတော့
ငါ့ လတစင်းပါ
ထပ်မံကြွေကျသွားတဲ့အခါ
ခရီးကို ငါ ရပ်နားမိပါပေါ့...

လတွေ ကြယ်တွေ ဥက္ကာပျံတွေ အပြင်..
စနေဂြိုလ်ပါ ပြိုကျလာခဲ့ပေါ့.....

ကိုလူထွေး said...

ကိုအောင်သာငယ်ရဲ့ ကဗျာတွေ လာလာဖတ်မိတိုင်း အစ်ကို့ ရဲ့ အတွင်းပိုင်းကို သွားသွားတွေ့ မိတယ်....

mgngal said...

လွမ်းဆွတ်စရာ ကဗျာလေးပါလား ကိုအောင်သာငယ် ။

Nge Naing said...

အိမ်နဲ့ ဝေးတဲ့သူတွေအားလုံး အထူးသဖြင့် အိမ်နဲ့ ဝေးနေပြီး ပြန်ချင်တဲ့အချိန် ထပြန်လို့မရတဲ့ သူတွေရဲ့ ခံစားမှုကတော့ တယောက်နဲ့ တယောက်ကွာမယ်မထင်ဘူး။

Moe Cho Thinn said...

excellent ပဲ ပေးခဲ့တယ်။