Sep 6, 2011

မီရှဲလာ၊ နာတာလျာ၊ မာရီယာ နဲ့ ငါ...



















နင့် ဆံပင် ကောက်ကွေးလေးတွေကို ကြည့်လို့ရှုလို့ အကောင်းဆုံးဖြစ်အောင်
ဆင်ယင်ထုံးဖွဲ့လိုက်ပါဦး မီရှဲလာ...
တော်နေကြာ အလုပ် ပြုတ်တော့မလို မျက်နှာမျိုးနဲ့
နင် မဲ့တဲ့တဲ့ ဖြစ်နေတာမျိုး ငါ မမြင်ချင်ပါဘူး...
ပြီးတော့ နင် ပန်နေနေကျ ပန်းအ၀ါရောင်ကြီးကိုလည်း ပန်မလာပါနဲ့တော့...
ခုတလော ငါ ခေါင်းနောက်နေလို့ပါ...

ကောင်းသော နေ့လည်ခင်းပါ နာတာလျာ...
ခုတလောမှာ နင့်ကို ငါ နှုတ်မဆက်ဖြစ်တာ ကြာပြီ...
ငါကလည်း သိပ် အလုပ်မအားသူပါ...
နင်ကလည်း သိပ် အလုပ်များသူပါ...
ငါကလည်း သိပ် မပြုံးတတ်သူပါ...
နင်ကလည်း တချိန်လုံး ပြုံးနေသူပါ...
နင့် မျက်နှာဖြူဖွေးဖွေးလေးဟာ ချစ်ဖို့ သိပ်ကောင်းတယ်...
ကျေးဇူးပြုပြီး ထပ်မပြုံးပါနဲ့တော့ သူငယ်ချင်းလေး... နာတာလျာ...

နေ့လည်စာ စားရင်း ချက်ချင်း နင့်ကို သတိရလာတယ် မာရီယာ...
နောက်ဆုံး ညစာ စားပြီးကတည်းက စိတ်ကောက်ထားကြတယ် နင်နဲ့ ငါ...
ဒါမယ့် ငယ်ဘ၀က စေ့စပ်ပြေငြိမ်းရေး ဂိမ်းကလေးများ...
ငါးပြေမလား... သက်သက်လား...
ပြီးခဲ့တာတွေ ထားလိုက်ပါတော့ မာရီယာ...
တကယ်မှာက တို့ နှစ်ယောက်ဟာ မောင်နှမတွေပဲ မဟုတ်လား...
အမြင်ကပ်မှု အမှတ်တံဆိပ်များကို
နင့် နံရံတွေပေါ်မှာ ငါ မချိတ်ဆွဲတော့ပါဘူး... မာရီယာ...
ငါ့ကို ခွင့်လွှတ်ပါ...

ဘာမှလည်း မဟုတ်ပါ...
စိတ်ညစ်စရာတွေ လာရင်...
နင့်ဂစ်တာသံ တိုးတိုးလေးနဲ့
နင့်သီချင်းအေးအေးလေးတွေကို တမ်းတနေမိရော မီရှဲလာ...

ဘာမှလည်း မဟုတ်ပါ...
စိတ်ညစ်စရာတွေ လာရင်...
နင့် ပျာယီးပျာယာအားလုံးနဲ့
နင့် အပြုံးလေးတွေကို တမ်းတနေမိရော နာတာလျာ...

ဘာမှလည်း မဟုတ်ပါ...
စိတ်ညစ်စရာတွေ လာရင်...
နင့် စာ ကဗျာတွေနဲ့
နင့်ရဲ့ ဂျစ်တီးဂျစ်ကန်
အငြင်းသန်တတ်တာလေးတွေကို တမ်းတနေမိရော မာရီယာ...

atn

1 comment:

Anonymous said...

များလိုက်တာ....