Mar 25, 2010

အသိနှင့် အသိတရား

စာ မရေးဖြစ်သည်မှာ ကြာပြီ။ ဘယ့်လောက်ကြာနေပြီလဲ ဆိုသည်ကိုလည်း အမှတ်မထားမိ... ။ ရှိစေတော့...။

ခုတော့ ... စာမရေးချင်၍ မရေးပဲနေသူကို... မရေးချင်လျက်က ရေးရအောင်... ချစ်ခင်ရင်းနှီးသော ညီမငယ် တယောက်ဖြစ် သူ မငယ်နိုင်က Tag လာပါပေသည်။ အသိနှင့်အသိတရား ဆိုပဲ...

မရေးလျှင်လည်း မခင်မင်ရာ ကျပေဦးမည်။ ရေးလျှင်လည်း ရေးချင်ရာကျပေဦးမည်။ မည်သို့ဆိုစေ... ချစ်ခင်ရင်းနှီးမှုကို ဦးစားပေးလျက် မရေးချင်ရေးချင်နှင့် ရေးလိုက်သည်- ဟုသာ မှတ်ကြပါလေကုန်...

အသိ

“အသိ”ဆိုသော မြန်မာ စကားလုံးသည် အတော် ရှုပ်ထွေးသည်-ဟု မြင်သည်။ အဘယ်ကြောင့်ဆိုသော် ရိုးရိုး မြန်မာဘာသာဖြင့်ပင် အဓိပ္ပါယ် အမျိုးမျိုး ထွက်ရှိနိုင်သောကြောင့်ဖြစ်ပေသည်။ သို့သော်လည်း သည် “အသိ”သည် မြန်မာ့အသိုင်း အ၀ိုင်းတွင် အရေးပါသော နေရာမှာ ရှိလေသည်။

ယေဘုယျအားဖြင့် Common Sense ဟု သိုးဆောင်းဘာသာစကားဖြင့် ပြောဆိုနိုင်သော “သာမန်သိ”ကို အရပ်စကားဖြင့် “အသိ”ဟု ပြောကြပေမည်။
သည်အခါ... “အသိ”ဆိုသော စကားလုံးကို မည်သူကမျှ ထူးခြားသော အဓိပ္ပါယ် မဖွင့်ဆိုပဲ အလွယ်တကူ သုံးကြတော့လေသည်...

“အသိ”.... မည်သို့နည်း...
“အသိ”ဆိုသည်မှာ “သိသည်”ဆိုသော ကြိယာ၏ နာမ်ပုဒ် မဟုတ်လော...
ထို “အသိ”သည် ထိတွေ့ခံစားမှု အာရုံ (Sense) မှ ရောက်လာပေသည်။
“သိသည်“ဆိုသော ကြိယာအနောက်မှ ရောက်လာသော ထို “အသိ”သည် အမိမြန်မာပြည်၏ နိုင်ငံရေး အခြေအနေအမျိုးမျိုးကို လိုက်၍ ထိတွေ့ခံစားရသမျှသော အာရုံများကိုလိုက်၍ ခေတ်အမျိုးမျိုးတွင် အဓိပ္ပါယ် အမျိုးမျိုး ထွက်လေသည်။

ညီမငယ် မငယ်နိုင်ဆိုလိုသော “အသိ”ကား “သာမန်အသိ” သို့မဟုတ် သိုးဆောင်းစကားဖြစ်သော Common Sense ကိုသာ ဆိုလိုပုံရပေသည်။

ညီမငယ်က ဤသို့သာ ဆိုလိုလျှင် ထို “အသိ”အကြောင်းကို ထပ်မံချဲ့ကား ပြန်ပြောင်း ပြောပြနေစရာ မရှိပါပေ။

သို့သော်လည်း ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုမှ စတင်ခဲ့သော မြန်မာ့ နိုင်ငံရေး ဇာတ်ပျက်မှုတွင် “အသိ”သည် အရေးပါသောနေရာမှ နေရာတကာတွင် ပါဝင်ခဲ့သည်ဟု ယုံကြည်မိပေသည်။ သို့အတွက် သည် “အသိ”အကြောင်းကို တစုံတရာ ပြောဆိုချင်စိတ်လည်း ရှိလာပေသည်။

“အသိ” ရှိသလား - ဆိုသော မေးခွန်းကို အလုပ် အင်တာဗျူးတွင် အမေးခံခဲ့ရဖူးသူတိုင်း-
ပြဿနာ တစုံတရာ ဖြစ်လာတိုင်း - ဘာမှ မပူနဲ့ ကျနော့်မှာ “အသိ”တွေ အများကြီး ရှိတယ်... ခွန့်နိုင်ဖို့... ဖို့နိုင်ဖို့ပဲ... လိုတယ်- ဟု ပြောသည်ကို ကြားခဲ့ရဖူးသူတိုင်း -
... .... .... .... .... ခဲ့ဖူးသူတိုင်း - (ရှည်ရှည် ဝေးဝေး မပြောချင်တော့သောကြောင့် အတိုချုံးလိုက်ပါသည်)
“အသိ”ဆိုသည်မှာ Common Sense ကို ရည်ညွှန်းနေခြင်း မဟုတ်ကြောင်း ကောင်းကောင်း သိကြပါပေမည်။

မည်သို့ ဖြစ်စေ “အသိ”အကြောင်းကို ယခုစာကို ဖတ်နေသူလည်း ကောင်းကောင်း သိမည် ထင်ပါသည်။ မသိလျှင်လည်း “ရှာဖတ်ကြပါ” ဟုသာ ပြောချင်ပါသည်။

သို့သော်လည်း အထက်ဖော်ပြပါ “အသိ” များကြောင့်... အခြား “အသိ”များ မရှိသေး-ဟု ထင်လျှင် ရှိပါသေးကြောင်းကိုလည်း ပြောပြချင်ပါသေးသည်။

“အသိ”သည် သိုးဆောင်းစကားဖြင့် ပြောလျှင် Common Sense ဟု ဖော်ပြသဖြင့် “အသိ”သည် လူတကာ သိရှိသော သာမန်အသိဖြစ်ကြောင်း သတ်မှတ်ရပေမည်။

သို့သော်လည်း ထို သာမန်အသိကိုပင် လူတိုင်း အလွယ်တကူ သိနိုင်ကြသည် မဟုတ်ပါ။ ထို အသိကို ရရှိရန် - သို့မဟုတ် - နားလည်ရန် “အာရုံ” (၅) မျိုးကို လိုအပ်လေသည်။ တနည်း - သိုးဆောင်းဘာသာ စကားဖြင့် Sense (၅) မျိုးကို လိုအပ်ပေသည်။

သည်အခါ Sense ကို “အာရုံ” သို့မဟုတ် “အသိ”ဟု သတ်မှတ်မည်ဆိုလျှင် “အာရုံ (၅) ပါး” သည် “အသိ (၅) မျိုး” ဖြစ်ပေမည်။

ထို အသိ (၅) မျိုးကို ဖော်ပြလိုပေသည်။

၁။ အနံ့ဖြင့် ရသော အသိ = ဂန္ဓာရုံ (sense of smell)
၂။ အဆင်းဖြင့် ရသော အသိ = ရူပါရုံ (sense of appearance)
၃။ အတွေ့ဖြင့် ရသော အသိ = ဖောဌပ္ပါရုံ (sense of touch)
၎။ အသံဖြင့် ရသော အသိ = သဒ္ဒါရုံ (sense of hearing)
၅။ အရသာဖြင့် ရသော အသိ = ရသာရုံ (sense of taste)

ထိုအာရုံ (၅)ပါး - သို့မဟုတ် - ထို အသိ (၅) မျိုးကို နအဖ၏ အကျဉ်းထောင်အတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ (prisoners of conscience) ကသာ အခြား တပါးသော လူတကာတို့ထက် အသိဆုံး ဖြစ်မည်-ဟု ယုံကြည်ပေသည်။

ဤအချက်ကို ရှင်းပြရဦးမည်လား။

၁။ မိမိ မိလ္လာအိုးနှင့်တခန်းတည်း နေနေရသော သူသည် အနံ့ဖြင့် ရသော ဂန္ဓာရုံ အသိ အကြောင်းကို လူတကာတို့ထက် ကောင်းကောင်း သိပေမည်။
၂။ အကျဉ်းထောင်များအတွင်း ရာဇ၀တ်သားများနှင့် အတူ တ၀တ်စုံတည်း ၀တ်စေကာ တခန်းတည်းအတူ အထားခံခဲ့ရသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူများသည် အဆင်းဖြင့် ရသော ရူပါရုံ အသိအကြောင်းကို လူတကာတို့ထက် ကောင်းကောင်း သိပေမည်။
၃။ စစ်ကြောရေး စခန်းများတွင် ရိုက်နှက်ညှဉ်းပမ်းခံခဲ့ရသူများသည် အထိအတွေ့ဖြင့်ရသော ဖောဌပ္ပါရုံ အသိအကြောင်းကို လူတကာတို့ထက် ကောင်းကောင်း သိပေမည်။
၎။ စစ်ကြောရေးစခန်းများတွင် မိမိကိုယ်တိုင် အနှိပ်စက်မခံရသော်လည်း ရိုက်နှက် နှိပ်စက် ညှဉ်းပမ်းခံနေရသူများ၏ မချိမဆန့် အော်ဟစ်ညည်းငြူသံများကို ကြားခဲ့ရသူများသည် အကြားဖြင့် ရခဲ့ရသော သဒ္ဒါရုံ အသိအကြောင်းကို လူတကာတို့ထက် ကောင်းကောင်း သိပေမည်။
၅။ အကျဉ်းထောင်များအတွင်း မည်သည့်အရသာမျှ မရှိသော ထမင်းအမည်ခံ ဟင်းအမည်ခံ အစားအစာအမည်ခံများကို စားသောက်ခဲ့ရသူများသည် အရသာဖြင့် ရခဲ့သော ရသာရုံ အသိအကြောင်းကို လူတကာတို့ထက် ကောင်းကောင်း သိပေမည်။

ဤမျှဖြင့် “အသိ”အကြောင်းကို ပြောဆိုခြင်းသည် လုံလောက်ပြီ - ဟု ထင်ပေသည်။

အသိတရား

ဤစကားလုံးသည် “အသိ”နှင့် “တရား” ဟူသော စကားလုံး ၂ ခုကို ပေါင်းစပ်ထားသဖြင့် “အသိ” ဟူသော စကားလုံးထက် အဓိပ္ပါယ် ပိုမို ကျယ်ဝန်း ရှုပ်ထွေးပေမည်။

သို့သော်လည်း “အသိ” အကြောင်းကို ပြောဆိုပြီးပြီဖြစ်သဖြင့် “တရား” အကြောင်းကို ပြောဆိုခြင်းဖြင့် “အသိတရား”အကြောင်းကို အလွယ်တကူ ပြောဆိုနိုင်မည်ဟု ယူဆပေသည်။

သည်အခါ “တရား” အကြောင်းကိုသာ ပြောဆိုရပေမည်။

“တရား”ဆိုသည်မှာ “မှန်ကန်ခြင်း” ပင် ဖြစ်ပေသည်။ “တရား”ကို “ဓမ္မ” ဟု အမည် ပေးလျှင် “တရား”၏ ဆန့်ကျင်ဖက်ကား “အဓမ္မ” ဖြစ်လိမ့်မည်ကို အထူးအထွေ ပြောပြနေစရာ မလိုပါပေ။ တရားမှု၏ ဆန့်ကျင်ဖက်သည် မတရားမှုသာ ဖြစ်ပေသည်။

သည်အခါ မည်သည်က “တရား” သို့မဟုတ် “ဓမ္မ”...
မည်သည်က “မတရား” သို့မဟုတ် “အဓမ္မ”ဆိုသည်ကို ခွဲခြမ်း စိပ်ဖြာကြည့်နိုင်ရန်အတွက် တစုံတရာကို လိုအပ်ပေသည်။

သည်အခါ “အသိတရား” ဆိုသော “မှန်ကန်သော သိမြင်မှု”သည် အရေးပါသော နေရာမှ ရပ်တည်နေလေတော့သည်။

သည်အခါ “အသိတရား” ဆိုသည့် စကားလုံးသည် “တရားမှု”နှင့် “မတရားမှု” - “ဓမ္မ” နှင့် “အဓမ္မ”ကို ခွဲခြားပေးနိုင်သော “အာရုံသိ” ဖြစ်သည်-ဟု ဆိုချင်ပေသည်။

“အသိ”ကား လူတိုင်း၌ ရှိပေသည်။ သို့သော်လည်း သည်“အသိ”ကို “သင့်တင့်လျော်ကန်မှန်ကန်စွာ” သုံးစွဲရန်အတွက် “တရား” ကို လိုအပ်ပေသည်။ တနည်း ထို “အသိ”ကို သြကာသလောကကြီးအတွက် အကျိုးရှိအောင် သုံးစွဲရန်အတွက် “ဓမ္မ”ကို လိုအပ်ပေသည်။ “ဓမ္မ”သည် “တရား”ဖြစ်၏။ သို့သော်လည်း “မှန်ကန်သော တရား”ဖြစ်သည်။ ထိုတရားကိုလည်း မှန်ကန်သော “အသိ”ရှိမှသာ ရနိုင်ပေလိမ့်မည်-ဟု ယုံကြည်ပေသည်။ မှန်ကန်သော အသိသည် “အသိတရား”ဖြစ်ပေသည်။

သည့်အတွက် “အသိတရား” ဆိုသည်မှာ လူတိုင်း၌ ရှိသလော...

ယခုအခါ ၂၀၁၀ ရွေးကောက်ပွဲကလည်း နီးကပ်လာချေပြီ။

“အသိ”နှင့် “အသိတရား”ကို မည်သူက မည်သို့ အဓိပ္ပါယ်ဖွင့်ဆိုပြီး
မည်သူက မည်သို့ အသုံးချကြမည်ကို စောင့်ကြည့်ကြရပေမည်။

“အသိ” ရှိသော လူတိုင်းက “တရားမှု”နှင့် “မတရားမှု”...
တနည်း “ဓမ္မ” နှင့် “အဓမ္မ”ကို “အသိတရား”နှင့် ခွဲခြားနေကြလေပြီ...

“အသိတရား” ရှိသူတိုင်းက သည်ရွေးကောက်ပွဲကို အသိအမှတ် မပြုကြလေပြီ။

သည်အခါ ဆန့်ကျင်ဖက်တွေးရလျှင်...
သည်ရွေးကောက်ပွဲကို အသိအမှတ်ပြုကြလျှင် - သို့မဟုတ် - သည်ရွေးကောက်ပွဲသို့ ၀င်ဖို့ ကြိုးစား အားထုတ်ကြလျှင် ထိုသူများသည် “အသိတရား”မရှိသောသူများသာ-ဟု သတ်မှတ်ချင်ပါတော့သည်။

ATN

10 comments:

Nge Naing said...

အစ်ကိုရေ သိပ်ကိုကောင်းတယ် ကျွန်မပို့စ်မှာ ပြောဖို့လိုအပ်တဲ့ မပြည့်စုံမှုတွေကို ထပ်ဖြည့်ပေးလိုက်တယ်လို့ ခံစားရတယ်။

ဟုတ်တယ် ဒီရွေးကောက်ပွဲကို ၀င်ဖို့လုပ်နေတဲ့သူတွေက အဓမ္မနဲ့ ဓမ္မမကို မကြည့်ကြတော့ဘဲ လက်တွေ့ သေနတ်မိုးပြီး လုပ်နေတာကိုပဲ ကြည့်ကြတော့တယ်။ ငါတို့ ဒီမိုကရေစီအတွက် လုပ်နေတာ အောင်မှမအောင်တာ မထူးတော့ပါဘူး စစ်အာဏာရှင်စနစ်နဲ့ သွားလိုက်တာပဲ ကောင်းပါတယ်ဆိုပြီး အမှန်တိုင်း ပြောပြီး သွားလုပ်တာကမှ အားမတန်လို့ မာန်လျှော့ပြီး အရှုံးပေးသွားတယ်လို့ သဘောထားလို့ ရနိုင်သေးတယ်။

အခုက ဒူထောက်အညံ့ခံတာ မကဘဲ ဒီမိုကရေစီ မဟုတ်ဘဲနဲ့ ဒီမိုကရေစီဆိုပြီး နအဖက ပြည်သူလူထုကို လိမ်တာကို သူတို့ပါ ၀ိုင်းလိမ်ပေးနေတာက ပိုဆိုးပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံကို ထူထောင်ဖို့အတွက် ဒီမိုကရေစီကို လမ်းခင်းပေးတဲ့ ပုဂ္ဂိုလ်တွေကို၊ ဒီမိုကရေစီ အသီးအပွင့်တွေကို ပါတီက ထုတ်ပစ် နိုင်ငံရေးလောကက ထုတ်ပစ်ပြီး သွားမဲ့လမ်းကို သွားပူးပေါင်းမယ် ဆိုတဲ့သူတွေက စစ်အာဏာရှင်စနစ်ကို တကယ်ယုံလို့ လုပ်နေတဲ့ သူတွေထက် ပိုပြီး ယုတ်ညံ့တယ်။ ဟိုက အာဏာရှင်စနစ်ကမှ ပိုကောင်းတယ်၊ တရားသောစစ်ကို ဆင်နွဲနေတယ် ထင်လို့ လုပ်နေကြသူတွေဖြစ်ပြီး ကိုယ့်ဆီကသွားတဲ့သူတွေက မကောင်းဘူး၊ မတရားဘူးဆိုတာ သိပေမဲ့ ကိုယ်မှ မလုပ်နိုင်တာ သူတို့ပေးတဲ့ အခွင့်အရေး နည်းနည်းရရင် နည်းနည်းယူမယ်ဆိုပြီး အခွင့်အရေး သွားယူကြတာသာ ဖြစ်တယ်။

ဒါကြောင့် လုံးဝ အသိတရား မရှိတဲ့သူတွေဆိုတာ လက်ခံတယ်။ ဒီပို့စ်ကို မအားတဲ့ကြားက ရေးပေးတဲ့ အစ်ကို အောင်သာငယ်ကို တကယ်ကျေးဇူးတင်ပါတယ်။

noblemoe said...

ဟုတ် စာလာဖတ်သွားပါတယ်။
လူတိုင်းသာ အသိတရားလေးတွေရှိနေရင် တော့ အကောင်းဆုံးပေါ့ လေ။
သာယာချမ်းမြေ့ပါစေနော်
မိုး

သဒ္ဓါလှိုင်း said...

အကိုအောင်သာငယ်ပြောတဲ့အသိတရားကအရမ်းကောင်း
ပါတယ်။ရွေးကောင်ပွဲကိုဝင်ဖို့စိုင်းပြင်းနေကြတဲ့သူတွေကို
အသိတရားမရှိကြတဲ့သူတွေလို့ပဲမြင်မိတယ်။အကိုပြောသလို
ဓမ္မနဲ့အဓမ္မကိုမခွဲခြားတတ်တာလား၊မခွဲခြားတတ်ချင်ယောင်
ဆောင်နေတာလား။fb မှာတော့မွေးနေ့ဆုတောင်းပေးထား
ပါတယ်...။

ခင်တဲ့
ညီမသဒ္ဓါ

Anonymous said...

အကို့ သတ် မှတ် ချက် အ တိုင်း ထပ် တူ ..........

mie nge

Anonymous said...

အကို့ သတ် မှတ် ချက် အ တိုင်း ထပ် တူ ....


mie nge

ဂျူနို said...

အကိုရေ ခုထိ နိုင်ငံရေးလုပ်လို့ ဖမ်းတုန်း ထောင်ချတုန်း ခြိမ်းခြောက်တုန်း။

ထောင်ထဲမှာလည်း နှိပ်စက်နေတယ်။ သတင်းမီဒီယာ ထိန်းချုပ်ထားတယ်။

ဒီလို အခြေအနေမှာ လုပ်တဲ့ ရွေးကောက်ပွဲကို ဘယ်လို စိတ်နဲ့ ၀င်ကြမှာလဲ။

မအယ်

ရွှေရတုမှတ်တမ်း said...

မှန်ပေစွတကား....

Kay said...

ရှုပ်ရှက်ခက်ပေစွ တကား ....း)

Anonymous said...

why?

tg.nwai said...

အသိတရားကို သိရုံနဲ့လည်း မပြီးသေးပဲ တကယ်ကျင့်သုံးနိုင်မှပဲ အကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ် အစ်ကိုရေ....