Sep 3, 2009

သက်တန့်ရောင်စုံသစ်ပင်

ဘာအကြောင်းကြောင့်မှန်းမသိ
တတန်းပြီးတတန်း
အသေအချာ စီထပ်ထားသော
တောင်တန်းများကို
ခက်ခဲစွာ အလွယ်တကူ ဖြတ်ကျော်ပြီးသည့်အခါ

အိမ်တလုံးကို

ငြိမ်သက်စွာ လှိုင်းထန်နေသည့် ပင်လယ်ထဲမှာ
ရည်ရွယ်ချက်ရှိရှိ အကြောင်းမဲ့
ကျနော် ၀ယ်ခဲ့သည်၊
သို့သော်လည်း
ထိုအိမ်တွင် ကျနော် မနေပါ၊
ကံကြမ္မာကို အိမ်ငှား စားထားပါသည်။


အပြင်းပြေလျှောက်လည်နေသော
ကံကောင်းလှသည့် ကြွက်တကောင်ကို

လမ်းပေါ်မှာ မတော်တဆ ဖမ်းမိသွားသော
ကံဆိုးနေသည့် ကြောင်တကောင်က
စိတ်အဆာပြေ ကစားသလိုမျိုး
တစုံတယောက်ကို ဆော့ကစားရန်အတွက်
နတ်ဆိုး ယက်လုပ်ထားသော ပိုက်ကွန်သည်
ယခု ကျနော့် အိပ်ယာပေါ်က စောင်တထည် ဖြစ်ပါသည်၊
ထိုစောင်ကို ခြုံရင်း
အိပ်ယာပေါ်မှာ
ပျော်ရွှင် နွမ်းလျစွာ ခွေခွေကလေး
ကျနော် မတ်တပ်ရပ်နေပါသေးသည်။


ကျနော်တို့နိုင်ငံရှိ
ထူးထူးခြားခြား ကမ္ဘာမကျော်သော
သူလိုငါလို နံမည်ကြီး တက္ကသိုလ် ကျောင်းတခုမှာ
ကျနော် ကျောင်းတက်ခဲ့သည်၊
ရွှေရောင်တောက်ပသော ကျနော့် တက္ကသိုလ် နေ့ရက်များမှာ
သူမတူအောင်ပင်
ကျန်သော တက္ကသိုလ် ကျောင်းသားများ အားလုံး၏ နေ့ရက်များကဲ့သို့
မဲမှောင်နေခဲ့လေသည်၊
ထုံးစံအတိုင်း အစဉ်အလာမပျက်
စာရွက်တရွက် အပေါ်မှာ ကျနော် ဘွဲ့ရခဲ့သည်၊
သို့သော်လည်း

ထုံးစံအတိုင်း
ဘွဲ့ဝတ်စုံထဲသို့
အစဉ်အလာမပျက် ကျနော် မ၀င်ခဲ့ဖူးပါ၊

အစဉ်အလာမပျက်
ဘွဲ့လက်မှတ်မှာလည်း
ကျနော့် ဓါတ်ပုံ ထုံးစံအတိုင်း မကပ်ခဲ့ဖူးပါ၊
ကံဆိုးလှစွာ
ကျနော် ကံကောင်းနေချေသည်တကား။


ခုတလော
ကျနော့် ဂစ်တာတလုံးကလည်း
တီးခတ်လိုက်သည့်အခါတိုင်း
တုန်တုန်ယင်ယင် ဆွဲဆွဲငင်ငင်နှင့်
တယောသံချည့် ထွက်နေလေသည်၊
ဖော်မပြနိုင်သော အကြောင်းတခုခု
သူ့မှာရှိနေကြောင်း
ကျနော် ကောင်းကောင်း သိပါသည်၊
သို့သော်လည်း
သူ့ကို ကျနော် အလုပ် မဖြုတ်ပစ်ပါ၊
နံရံပေါ်မှာ အသာအယာ ပြန်ချိတ်ထားပါသည်၊
စိတ်လက်ချမ်းသာစွာ သူ အိပ်ပါစေ၊
သူတပါး မနှောက်ယှက်ရ။


ခေါင်းငိုက်စိုက်ချရင်း
ကျနော့်ကို ဖြတ်ကျော်သွားသော “မနက်ဖန်”က
ပြန်လှည့်လာရင်း
ပျောက်ဆုံးသွားသော “မနေ့”အတွက်သာ
ဝမ်းပမ်းတနဲ သူ ငိုကြွေးနေရခြင်းဖြစ်ကြောင်း
လေးလေးနက်နက်
ကျနော့်ကို ပြောလာသောအခါ
ဘာမျှ မစဉ်းစားပဲ
ပေါ့ပေါ့ပါးပါး ဟက်ဟက်ပက်ပက်
ကျနော် ရီမောနေမိပါလိမ့်ဦးမည်၊
ထိုနေ့အမည်ကို ပြက္ခဒိန်မှာ
ကျနော် ကြည့်မိသောအခါ
“ယနေ့”ဟု ရေးသားထားသည်ကို တွေ့ရလေသည်။


ကျနော့်မှာ
လမ်းတခုကို
ကျနော့် နံဘေးက အတူ
လျှောက်မည့်သူတယောက် ရှိသည်၊

ကြမ်းတမ်းနေသော
ကျနော့်လက်များကို
နူးညံ့စွာ
ထာဝရ ဆုပ်ကိုင်ထားမည့်
လက်ဖ၀ါး သေးသေးလေး တစုံ ရှိသည်၊
ကျနော့် နှလုံးသားကို အေးမြစေသည့်
ပူနွေးသော နှလုံးသား တစုံ ရှိသည်၊
ကျနော့်ကို သေရွာပါမည့် အနမ်းတခု ပေးခဲ့သော
နှုတ်ခမ်းပါးလေး တစုံ ရှိသည်၊
အဝေးဆုံး အရပ်သို့ ကျနော် ထွက်ခွာသွားသည့်အခါ
အနီးဆုံး အရပ်မှ ကျနော့်ကို စောင့်မျှော်ဆီးကြိုနေမည့်
ချိုမြသော အသံတစုံ ရှိသည်၊
ပျော်ရွှင်စရာများကြောင့် ကျနော် ၀မ်းနည်းစွာ ငိုကြွေးသောအခါ
တေးဆို ချော့သိပ်တတ်သည့် ရင်ဘတ်တခု ရှိသည်၊
ထို့အတူ
“တော်လေးဝ”၀င်သည့် ဇနီးမယားတယောက်
ကျနော့်မှာ မရှိပါ။


အချိန်ရှိတုန်း
မရှိခြင်း ရှိခြင်းများကို
တွေးခေါ်စဉ်းစားထားဦး လူသား-
ဆိုသော စာတမ်းကြီးကို
ရုပ်ရှင်ကား ကြော်ငြာများကြား တွေ့လိုက်ရသည့်အချိန်မှာ
ကျနော့် အိပ်ကပ်ထဲတွင် ပိုက်ဆံတပြားမှ မရှိပါ၊
နောက်တနေ့နံနက်တွင်မူ
ကြွေးစာရင်းများစွာ
ကျနော့်မှာ ရှိနေပါလိမ့်မည်၊
ယခုအခါ
ရှိခြင်း မရှိခြင်းများကို စဉ်းစားရန်
ကျနော့်မှာ အချိန် မရှိပါ၊
အဘယ်ကြောင့်ဆိုသော်
ကျနော့်မှာ အလုပ်မရှိသောကြောင့် ဖြစ်ပါသည်။
အသေအချာ တွေးကြည့်သည့်အခါ
ကျနော့်မှာ
ဘာမျှမလုပ်ပဲ ပိုက်ရုံသာ ပိုက်ထားရန်
လက်တစုံ ရှိသည်၊
အရေမရ အဖတ် မရသောစာများကို ဖတ်ဖို့
စာကြည့် မျက်မှန်တလက် ရှိသည်၊
သိပ်လေးလေးနက်နက် မတွေးဖို့
ဦးနှောက်တလုံး ရှိသည်၊
ချစ်ခြင်းမေတ္တာမှ လွဲလျှင်
ကျန်သည့်အရာများကို သိပ် မခံစားတတ်သော
နှလုံးသားတခု ရှိသည်၊
ကျနော့်အတွက် ပိုလျှံနေသည့် အချက်မှာ
ကျနော် ရင်မဆိုင်ချင်သော တစုံတခုမှ
တိမ်းရှောင် ထွက်ပြေးရန်အတွက်
ခြေထောက်နှစ်ချောင်း မရှိခြင်းပင် ဖြစ်ပါသည်၊
ထိုခြေထောက်များကို ကျနော် လွမ်းပါသည်။


ATN

12 comments:

Anonymous said...

သက်တန့်ရောင်စုံ သစ်ပင်လေးနဲ့ ချိုးငှက် ပုံလေးက လှတယ် အကိုကြီး...

ချစ်ခြင်းမေတ္တာမှ လွဲလျင် ကျန်သည့်အရာများ
သိပ်မခံစားတတ်သော နှလုံးသားကြီး တခု ရှိနေပြီဘဲ တော်ပြီပေါ့ အကိုရဲ့ ...

အကို ခုတလော သက်တန့်တွေပေါ် အာရုံကျနေတယ်ထင်ပ...

mie nge

Angel Shaper said...

သိပ်လေးလေးနက်နက် မတွေးဖို့
ဦးနှောက်တလုံး ရှိသည်၊

ချစ်ခြင်းမေတ္တာမှ လွဲလျှင်
ကျန်သည့်အရာများကို သိပ် မခံစားတတ်သော
နှလုံးသားတခု ရှိသည်၊

ကျနော့်အတွက် ပိုလျှံနေသည့် အချက်မှာ
ကျနော် ရင်မဆိုင်ချင်သော တစုံတခုမှ
တိမ်းရှောင် ထွက်ပြေးရန်အတွက်
ခြေထောက်နှစ်ချောင်း မရှိခြင်းပင် ဖြစ်ပါသည်၊
ထိုခြေထောက်များကို ကျနော် လွမ်းပါသည်။

ဘယ်လိုများ တွေးမိလဲ အားကျသွားပါတယ်။
ဘယ်လိုဖတ်ဖတ် ကြိုက်တယ်။ ချပြရ တပုဒ်လုံးဖြစ်ရော့မယ်။ လေးစားပါတယ် အကိုရေ....

တောင်ပေါ်သား said...

သိပ်လေးလေးနက်နက် မတွေးဖို့
ဦးနှောက်တလုံး ရှိသည်၊
ချစ်ခြင်းမေတ္တာမှ လွဲလျှင်
ကျန်သည့်အရာများကို သိပ် မခံစားတတ်သော
နှလုံးသားတခု ရှိသည်၊

အင်းးးးးးး အဲ့လိုမျိုး နေတတ်ရင်လဲ ကောင်းမယ်နဲ့ တူတယ်နော့်း)


လေးစားလျက်
တောင်ပေါ်သား

အိပ်မက်ခြေရာ said...

ကျနော့်မှာ
လမ်းတခုကို
ကျနော့် နံဘေးက အတူ
လျှောက်မည့်သူတယောက် ရှိသည်၊
ကြမ်းတမ်းနေသော ကျနော့်လက်များကို
နူးညံ့စွာ ထာဝရ ဆုပ်ကိုင်ထားမည့်
လက်ဖ၀ါး သေးသေးလေး တစုံ ရှိသည်၊
ကျနော့် နှလုံးသားကို အေးမြစေသည့်
ပူနွေးသော နှလုံးသား တစုံ ရှိသည်၊
ကျနော့်ကို သေရွာပါမည့် အနမ်းတခု ပေးခဲ့သော
နှုတ်ခမ်းပါးလေး တစုံ ရှိသည်၊
အဝေးဆုံး အရပ်သို့ ကျနော် ထွက်ခွာသွားသည့်အခါ
အနီးဆုံး အရပ်မှ ကျနော့်ကို စောင့်မျှော်ဆီးကြိုနေမည့်
ချိုမြသော အသံတစုံ ရှိသည်၊
ပျော်ရွှင်စရာများကြောင့် ကျနော် ၀မ်းနည်းစွာ ငိုကြွေးသောအခါ
တေးဆို ချော့သိပ်တတ်သည့် ရင်ဘတ်တခု ရှိသည်၊
ထို့အတူ
“တော်လေးဝ”၀င်သည့် ဇနီးမယားတယောက်
ကျနော့်မှာ မရှိပါ။

တဲ့ အတော်လေးကြိုက်ပါသည် ကဗျာကိုတော့မဝေဖန်ရဲတော့ပါ ကိုယ်ကဝေဖန်နိုင်လောက်သော အဆင့်မရှိ၍ဖြစ်သည်။ ပြောနိုင်သည်ကတော့ တော်တော်လေးကောင်းပါသည်။

kiki said...

အင်း .... အိုင်ဆေး ကိုသိန်းမောင်...

ဒီကိုအောင်သာငယ် ဆိုတဲ့ လူတယောက် ကို သေသေချာချာ စောင့်ကြည့်ဖို့ လိုအပ်နေပြီ ...

လောကကြီးကို ဇောက်ထိုးထားပြီး ကန့် လန့် ဖြတ်စိတ်ကူးတွေ နဲ့ ပြောင်းပြန် တွေ တွေးနေပြီ ဆိုတော့ အန္တရာယ် ရှိနေပြီနော် ။ သူ့ အတွက်လား ၊ သူများအတွက်လား ဆိုတာတော့ ခုချိန်မှာ တပ်အပ် မပြောနိုင်သေးဘုး ။
( စားပုလင်း ကင်းကောင် ရဲ့  မှတ်ချက် )....

လက်နှစ်ဘက် ရှိတာ ပိုက်မထားချင်ရင် ခါးထောက်ထားပါ ။
ပြေးစရာ ခြေထောက်မရှိရင် သူများကို တောင်အဆင်းဘီးတွန်းလွှတ်ပေးလိုက်ပါ ။

အိပ်ကပ်ထဲ ပိုက်ဆံတပြားမှ မရှိလဲ အရေးမကြီင်္းဘူးလေ ။ခရက်ဒစ်ကဒ်တွေ ရှိနေတာဘဲဟာ ..ဟိဟိ ဘာတွေ ပူနေတာတုန်း အကိုငယ်ကြီးရေ...

ဆန့် ကျင်ဘက် အရာတွေ တူတူပူးကပ်ရေးထားတာ လိုက်ဖတ်ရင်း လူလဲ ဖျားချင်သလို ဖြစ်သွားပြီ ...
း((

ခင်တဲ့  ညီမ
ကိကီ..

Anonymous said...

ဆန့် ကျင်ဘက် အရာတွေ တူတူပူးကပ်ရေးထားတာ လိုက်ဖတ်ရင်း လူလဲ ဖျားချင်သလို ဖြစ်သွားပြီ ...
း((

အပေါ်ကတယောက်ရေးတာ copy past လုပ်သွားတယ်

အဆင်ပြေပါစေ
(mama)

myatlayngon said...

ကျမဘလော့လေးကိုလာလည်တဲ့အတွက်
အထူးကျေးဇူးတင်ပါတယ်.သက်တန့်ရောင်
စုံသစ်ပင်လေးကိုလာပြီးခံစားသွားပါတယ်ရှင်။
နောက်လဲလာအားပေးပါမယ်။

လေးစားလျှက်
မြတ်လေးငုံ

့hnin said...

အစ်ကို အောင်သာငယ်ရေ.....
မှတ်စု ကဗျာရှည်လေးတစ်ပုဒ်ကို လာဖတ်ဖြစ်ပါတယ်...
((အသေအချာ တွေးကြည့်သည့်အခါ
ကျနော့်မှာ
ဘာမျှမလုပ်ပဲ ပိုက်ရုံသာ ပိုက်ထားရန်
လက်တစုံ ရှိသည်၊
အရေမရ အဖတ် မရသောစာများကို ဖတ်ဖို့
စာကြည့် မျက်မှန်တလက် ရှိသည်၊
သိပ်လေးလေးနက်နက် မတွေးဖို့
ဦးနှောက်တလုံး ရှိသည်၊
ချစ်ခြင်းမေတ္တာမှ လွဲလျှင်
ကျန်သည့်အရာများကို သိပ် မခံစားတတ်သော
နှလုံးသားတခု ရှိသည်၊ )))
ဒါတွေ ညီမလေးမှာလဲ ရှိတယ် အစ်ကိုရဲ့
ခင်မင်လေးစားလျှက်ပါနော်
နှင်းဟေမာ

ကိုဟန် said...

အကိုရေ ဘယ်သူကမှ ကဗျာကိုသိပ်မပြောကြပေမဲ့ ကျနော့်ကိုတော့ပြောခွင်ပြုပါဗျာ.....( အကိုပေးတဲ့ အတွေး) သိပ်ကိုကောင်းပါတယ် ဆန့်တွေးနိုင်မယ်ဆိုမများကြိးပါ ဆန့်ကျင်ဘက်တွေရဲ့ ပေါင်းစပ်ရာ ၊ ဗလာဖြစ်တဲ့ ကိုယ် ၊ စသဖြင့် အကျယ်ကြီးပါ ၊ ဒါပေမဲ့ ကျနော်နောက်ပိုင်းမှာ နဲနဲ ပေါ့ သွားတယ်လို့ခံစားရတယ်အကို ၊ ( ပယ်ရယ်စတွီုင်ကာ ) ကိုရေးချင်တယ် လို့ကျနော်ထင်မိတယ်အကို .....အမှန်အတိုင်းပြောရင် ခေါင်စဉ်ကိုလဲ အားမရဘူးအကိုရယ် ၊ အကိုပေးလိုက်တဲ့ အတွေးစကို တော့ ကျနော် မနက်ဖြန်အထိ ဆွဲဆန့်မိလိမ့်ဦးမယ်ထင်တယ်....၊ ဝေဖန် သလိုဖြစ်ရင်ခွင့်လွတ်ဗျာ စာလုံးတစ်လုံးတိုင်းကို ရင်နဲ့ ရေးသွားတယ်ဆိုတာကိုတော့ ကျနော်အာမခံတယ်အကို... မပြည့်စုံသေးတာတော့ခွင့်လွတ်ဗျာ ကျနော်ကြိုးစားနေပါတယ်....

အောင်သာငယ် said...

ကိုဟန်ရေ့...
ကဗျာတွေကို ဝေဖန်ပေးတဲ့ အတွက်လည်း အထူးကျေးဇူးတင်ပါတယ်...
ခုနောက်ဆုံးရေးတဲ့ ကဗျာကတော့ သစ်ပင်တပင်ရဲ့ မထွက်ပြေး မလွတ်မြောက်နိုင်မှုကို ရည်ရွယ်ရေးထားတာပါ... ရည်ရွယ်ရာကို မရောက်ခဲ့ရင် ဆက်လက်ပြီး ထပ်မံကြိုးစားဖို့ လိုနေသေးတယ်ဆိုတာ လက်ခံရမှာပေါ့... လူတယောက်နဲ့ သူ့အမည်နာမ မလိုက်ဖက်တဲ့အတွက် မွေးဖွား အမည်ပေးခဲ့တဲ့ မိဘကို အပြစ်ပြောလို့ ရမလား... ခေါင်းစဉ်နဲ့ ကဗျာ မလိုက်ဖက်ခဲ့တဲ့ အတွက်တော့ ကဗျာဆရာကိုပဲ အပြစ်တင်လိုက်ပါ... ကျေးဇူးအထူးပါကိုဟန်ရေ့...

yangonthar said...

အစ်ကိုရေ
ကဗျာလေးလာဖတ်သွားတယ်
အတွေးတွေ ပြည့်နေတဲ့ ကဗျာတွေကို
ကြိုက်ပါတယ် အစ်ကို့ ကဗျာတွေဖတ်
တာအဲတာ အဓိကပါ
ကျေးဇူးအစ်ကို
ခင်တဲ့ ရန်ကုန်သား
အေးမြသာယာရှိပါစေ

မယ်ကိုး said...

အစ်ကိုရေ ကဗျာလေး အရမ်းလှတယ်။ကဗျာကို ပြန်ရှင်းပြတာ ဖတ်ရပေမယ့်လည်း ပေါ့မသွားပါဘူး။
ပိုနှစ်သက်မိပါတယ်...