Sep 4, 2009

ပင်လယ်သေထဲမှာ ရေနစ်တဲ့ကောင်းကင်












သူ့ပါးစပ်နဲ့ ငါ့မနက်ခင်းတွေကို ပစ်သတ်သွားတာ
သည်နတ်ဆိုးမပေါ့...
သူ့ကို ငါ့မြေပြင်ကြီး တခုလုံး
ပြုံးပြုံးကြီး ယာဇ်ပူဇော်ခဲ့တဲ့ ညနေမှာ
ငါ့နှလုံးသား ငိုကြွေးနေခဲ့တယ်...
အရပ် ဆယ်မျက်နှာမှာ ငါ ဆုံးရှုံးခဲ့ပြီကိုး...

သွေးကြောတွေ သေတောင့်လို့
လေးထောင့်ကြီးဖြစ်နေတဲ့ ငါ့ပြတင်းက
ဝိုင်းစက်နေတဲ့ လမင်းကို
ရင်ခွင်ထဲ မဆန့်ရင်ကန် ဆွဲသွင်းတဲ့ ည...
ငါ့ ဒေါသတွေကတော့ အလိပ်လိုက်ထနေတယ်...
အရပ် ဆယ်မျက်နှာမှာ ငါ ဆုံးရှုံးခဲ့ပြီကိုး...

အသည်းဟက်တက်ကွဲလို့
အရက်မူးလဲနေတဲ့ အင်းဆက်တကောင်
ရမ်းယောင်အော်ဟစ်လိုက်တဲ့ တေးချင်းပ...
တိုးတိတ်ပေမယ့် စူးရှလွန်းလှတယ်...
ငါ့ နားတွေက မခံနိုင်ဘူး...
အရပ် ဆယ်မျက်နှာမှာ ငါ ဆုံးရှုံးခဲ့ပြီကိုး...

လူလစ်တိုင်း ကြွေကျနေတဲ့ ကြယ်တွေနဲ့အတူ
အမှောင်ထဲမှာ ဆုပ်ကိုင်လို့ရတာဆိုလို့
အကုသိုလ်ရဲ့ရွှေတောင်ပံတွေပဲ ရှိတယ်...
နံရံတွေပေါ်မှာ ရှည်လျားပိန်းပိတ်နေတုံး
ငါ့မျက်လုံးက တွေ့လိုက်တယ်...
အရပ် ဆယ်မျက်နှာမှာ ငါ ဆုံးရှုံးခဲ့ပြီကိုး...

အနောက်တံခါးမှာ
နိမိတ်ကြီး သုံးပါးကို အတုံးလိုက် အတစ်လိုက် မြင်ရတယ်...
နေ၊ လ၊ တာရာ၊ ကမ္ဘာ တံစို့ထိုးပြီးအကင်ခံထားရတဲ့
ဘုရားသခင်ရဲ့ ညမီးပုံမှာ
ထင်းတစုံ ထိုးထည့်ရင်း ငါဆုတောင်းလိုက်ပါတယ်...
အရပ် ဆယ်မျက်နှာမှာ ငါ ဆုံးရှုံးခဲ့ပြီကိုး...

“အချင်း... စာတန်... ငါ့နောက်သို့ဆုတ်လော့...”
ကောင်းကင်မုခ်ဝမှာ ငါ နောက်ဆုံး ပြောခဲ့တဲ့ စကား ဖြစ်မယ်...
ငါ့ အမှတ်အသားတွေကလည်း ပျောက်ဆုံးကုန်တာဖြစ်မယ်...
ငါ့မြေပုံကလည်း ငါ့မြေပုံထဲ စီးဆင်းသွားတာဖြစ်မယ်...
ငါ စီးနင်းလာတဲ့ ရထားကလည်း ခမ်းခြောက်နေတဲ့ မြစ်တစင်းဖြစ်မယ်...
ငါ ရေဆင်းကူးခဲ့တဲ့ ပင်လယ်ဟာလည်း ရှင်လျက်နဲ့ သေနေတာဖြစ်မယ်...
ငါ့ ကောင်းကင်ကလည်း ကူးခပ်ရင်းနဲ့ နစ်ခဲ့တာဖြစ်မယ်...
ငါ့ကိုယ်ငါ ဆုံးရှုံးခဲ့ပြီကိုး... ...

ATN

11 comments:

Anonymous said...

ခုတလော ရေးတဲ့ကဗျာတွေ
ကောင်းလွန်းနေတယ်

ခင်မင်သော
(mama)

littlebrook said...

သွေးကြောတွေ သေတောင့်လို့
လေးထောင့်ကြီးဖြစ်နေတဲ့ ငါ့ပြတင်းက
ဝိုင်းစက်နေတဲ့ လမင်းကို
ရင်ခွင်ထဲ မဆန့်ရင်ကန် ဆွဲသွင်းတဲ့ည ....

မျက်စိထဲကို ကွင်းကွင်းကွက်ကွက်မြင်လာတဲ့ ရှုခင်းပါ
အကိုရေ .....

yangonthar said...

လူလစ်တိုင်း ကြွေကျနေတဲ့  ကြယ်တွေ နဲ့ အတူ
အမှောင်ထဲမှာ ဆုပ်ကိုင်လို့ ရတာဆို လို့ 
အကုသိုလ်ရဲ့ ရွှေတောင်ပံတွေပဲ ရှိတယ်
သိပ်ကောင်းတဲ့ စာသားပဲ
သဘောကျတယ်ဗျာ
ခင်တဲ့
ရန်ကုန်သား

မြတ်လေးငုံ said...

ကိုအောင်သာငယ်
ပင်လယ်သေထဲမှာ ရေနစ်နေတဲ့ကောင်းကင်
လာပြီးခံစားသွားပါတယ်။

နှင်းဟေမာ said...

ကဗျာလေးက အရမ်းကောင်းတယ်
ဆွဲထုတ်ပြစရာ စာသားမရှိဘူး
စကားလုံးတိုင်းက အဓိပ္ပါယ် တွေ မြောက်နေလို့
ခင်မင်လေးစားလျှက်
နှင်း

သစ်နက်ဆူး said...

ကိုအောင်...
အံ့သြစရာကောင်းလောက်အောင်ကို ကဗျာတွေက ကောင်းလွန်းတယ်ဗျာ...။
တစ်ကယ့်တစ်ကယ်ကို ချီးကျူးမိတယ်...။
စကားလုံ့းတွေရဲ့ တင်စားမှု၊သိပ်သည်းမှု၊
လှပလေးနက်မှု.....
.......
.......
ကိုအောင်...
ခင်ဗျား.. ကဗျာမှော်အောင်နေပြီဗျ...။

ကိုလူထွေး said...

ကဗျာမှော်အောင်နေပြီတဲ့... ပြောကုန်ကြပြီ...

၁၂ ကြိုးလား... ၂၄ ကြိုးလား... ၃၆ ကြိုးလား

းဝ)

မယ့်ကိုး said...

ကဗျာလေး အရမ်းကြိုက်ပါတယ်။ စာလုံးလေးတွေက တဖျတ်ဖျတ်တလတ်လတ်တောက်နေသလိုပဲ။

အိန္ဒြာ said...

“အချင်း... စာတန်... ငါ့နောက်သို့ဆုတ်လော့...”
ကောင်းကင်မုခ်ဝမှာ ငါ နောက်ဆုံး ပြောခဲ့တဲ့ စကား ဖြစ်မယ်...
ငါ့ အမှတ်အသားတွေကလည်း ပျောက်ဆုံးကုန်တာဖြစ်မယ်...
ငါ့မြေပုံကလည်း ငါ့မြေပုံထဲ စီးဆင်းသွားတာဖြစ်မယ်...
ငါ စီးနင်းလာတဲ့ ရထားကလည်း ခမ်းခြောက်နေတဲ့ မြစ်တစင်းဖြစ်မယ်...
ငါ ရေဆင်းကူးခဲ့တဲ့ ပင်လယ်ဟာလည်း ရှင်လျက်နဲ့ သေနေတာဖြစ်မယ်...
ငါ့ ကောင်းကင်ကလည်း ကူးခပ်ရင်းနဲ့ နစ်ခဲ့တာဖြစ်မယ်...
ငါ့ကိုယ်ငါ ဆုံးရှုံးခဲ့ပြီကိုး... ...

ဆိုတာတော်တော့်ကိုအားပါတဲ့လှိုင်းလုံးတစ်လုံးရင်ဝ ၀င်ဆောင့်လိုက်သလိုပဲ...

အကြိုက်ဆုံးက ကဗျာခေါင်းစဉ်ပါ..

ဂေါက်သီးနဲ့ရှောက်သီး said...

အကို့ ကဗျာတိုင်းကကောင်းနေတာတွေဘဲ၊ဖတ်ရင်းနဲ့
အရေးသားလေးတွေ အတုယူသင်ကြားမိပါတယ်

လင်းနေကို said...

အကို....အရမ်းကောင်းတယ်....လေးစားတယ်ဗျာ