Aug 20, 2008

ရန်ကုန်လွမ်းချင်း



















ရေညှိ အထပ်ထပ် တက်နေတဲ့ ကျောက်တုံး စိမ်းစိမ်းလို
ကား အိုအိုကြီးတွေ
လူတွေကို မျိုမျိုချထားလိုက်သမှ
ဗိုက်တွေဆို ပြဲကားလို့....

သေနတ်နဲ့အကြိမ်ကြိမ် ပစ်ခံရလွန်းလို့
သွေးစွန်းထားတဲ့
သူ့အသားတွေကိုတောင်
မေ့ထား ချင်ယောင် ဆောင်ရင်း
မျက်မှောင် ခပ်ကြမ်းကြမ်း ကြုပ်ထားကြရရှာတဲ့
ကတ္တရာ လမ်းမများကတော့...
လူသွားလူလာ မပြတ်....

အနှစ် ၂၀ ပြည့်သွားပြီ
လက်သီးဆုပ်ရာကနေ
လက်အုပ်ချီသွားကြတဲ့
လူ့ ငနွားတွေ
ကိုယ့် အရေပြား ကိုယ် ခွာ
ဦးနှောက်ပါ အရောင်းအ၀ယ်ဖြစ်နေတဲ့
ဝတ်လစ်စလစ် ဈေးများ....
စည်စည်ကားကား....

အတတ်ပညာအစား
မြေပုံအမှားတွေကို
သင်ကြားနေကြရတဲ့
ကျောင်းသူကျောင်းသားတွေနဲ့
ဟောင်းမြင်းနေဆဲ စာသင်ခုံများ....
အရင့်အရင်ကပုံစံအတိုင်း...

မီးဖိုချောင်တွေထဲက
ယင်ကောင်မနားတဲ့
ဟင်းအိုးများတောင်
လေးထောင့်စပ်စပ်တွေဖြစ်လို့...
ဘယ်နေရာမှာရပ်ရပ်
နံရံတွေကလွဲရင်
ဟင်းလင်းပြင်ကို မမြင်ရပါဖူးတဲ့
စိတ်ပျက် ညစ်ညူးနေသော စက်ရုပ်များ
လမ်းသွား လမ်းလာ မပျက်တဲ့
အေးစက်စက် ရပ်ကွက်တွေ....

ဈေးအကြီးဆုံးအရာတွေကို
စာရိတ္တနဲ့လဲလှယ်ရာ
မာယာတော...
ဗျာပါတော...
ဗုဒ္ဓေါ သံကြားနေလျက်က
သောက မပျက်
မြို့ကြီးရဲ့ သွေးကြောနက်နက်တွေထဲ
ဆက်လက်ချီတက်မြဲ ချီတက်လို့.....

အရင်အတိုင်းပါပဲလား...
ရန်ကုန်ရယ်...
ငါ့ ရင်ခုန်သံတွေကတော့
နှေးနှေးလာနေပါပေါ့.....

ATN
(သရုပ်ဖော်ပုံကိုတော့ Corel PhotoPaint 12 နဲ့ ဆွဲပြီး Adobe Photoshop မှာ Sharpen Effect နဲ့ Lighting Effects သုံးပြီး Modify ထားပါတယ်)

11 comments:

Anonymous said...

အစ်ကိုရေ အရင်ထက်မပျက်စီးရင်ကို တော်လှပြီလို့မှတ်နေရပါတယ်

ပန်းခရမ်းပြာ said...

လက်သီးဆုပ်ရာကနေ လက်အုပ်ချီသွားကြတာကတော့ တကယ်ပါပဲ။ ကိုယ့်ကို လက်အုပ်ချီ နှုတ်ဆက်ရင် ကိုယ်ကလဲ လက်အုပ်ချီရမယ်ဆိုတာ မေ့ထားကြတယ်။

mgphonemyint said...

ဈေးအကြီးဆုံးအရာတွေကို
စာရိတ္တနဲ့လဲလှယ်ရာ
မာယာတော...
ဗျာပါတော...
ဗုဒ္ဓေါ သံကြားနေလျက်က
သောက မပျက်
မြို့ကြီးရဲ့ သွေးကြောနက်နက်တွေထဲ
ဆက်လက်ချီတက်မြဲ ချီတက်လို့....
..................................................
ရန်ကုန်ရဲ့ သွေးကြောထဲမှာ ကျနော်တို့ရင်ခုန် သံတွေ စီးမျောနေတုန်းပဲ
ရန်ကုန်ကိုယ်တိုင်က ရင်ခုန်သံတွေနဲ့ ထုဆစ်ထားတဲ့ မြို့မဟုတ်လား....
လွမ်းနေတုန်းပဲဗျာ...။

P.Ti said...

လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ဆယ်လောက်က သိပ္ပံပညာရှင်တချို့က ကမ္ဘာကြီး အရမ်းတိုးတက်နေပြီ၊ ဒီထက် ထပ်ပြီး တိုးတက်စရာမရှိတော့ လို့ထင်ခဲ့တာ ပါစင်အောင်လွဲခဲ့တာပေါ့…
လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ကျွန်တော်လည်း ငါတို့နိုင်ငံ ဒါထက်ပိုပြီး ဆိုးစရာမရှိတော့လို့ထင်ခဲ့တာ…. လွဲပြန်ပြီ…

ကဗျာက အသက်ဝင်လှတယ်ဗျာ…

Anonymous said...

ဒီကဗျာလေးကအခုဖြစ်ပျက်နေတာတွေကို
အရှင်းလင်းဆုံပြသွားတဲ့ပြကွက်တွေ
လိုပါပဲ အန်ကယ်ရေ့ ပုံနဲ့ လည်းအရမ်းလိုက်ဖတ်တာပဲ ဘယ်အချိန်ထိများ အရင်တိုင်းဖြစ်နေအုံးမလဲမသိ.........................။
လူ့ ငနွားများကြီးစိုးရာ ဒီမြေရဲ့ ရန်ကုန်မှာပေါ့ ။

kay said...

ကဗျာက..ရသ ပီပြင်..အင်္လကာ မြောက် တာ တော့..အထွေအထူး မပြောလိုပေမဲ့.. ဘတ်စ်ကားအို ခေါင်းတို ကြီး ကတော့..တကယ့်ကို အသက်ဝင်ပါပေတယ်။ မောဟိုက် နွမ်းနယ် နေတဲ့.. သက်ကြားအို ကြီး တွေ လို.. လော က ကြီး ကို..မဆန့်ရင် ကန် ထမ်း ပိုးထား ရ တုန်း။ သူ ထမ်း ပိုးနေ ရ တဲ့.. လောကကြီး ကလည်း.. မောဟိုက်လို့..ခြေကုန်လက်ပန်းကျ တဲ့..ညနေခင်းတွေ နဲ့။

ATN said...

ရွာသားလေး-၀ိုင်တီယူ - အဲလိုပဲ ဆုတောင်းရတော့မယ်။

ပန်းခရမ်းပြာ - ပြောသွားတာလည်း အမှန်ပါပဲ။

ကိုဖုန်း - ခုတော့ ရင်ခုံသံတွေ နှေးနေပြီလားလို့။

ပီတိ - လွဲတဲ့အခါလည်း လွဲပေမပေါ့ဗျာ။

တူမောင်မျိုး - ဘယ်သူမှ မသိနိုင်ဘူးငါ့တူရေ။

မကေ - စာမူခတွေ ပေးတာ များနေပြီ။ ကျေးဇူး တင်ပါတယ်။
အင်း..အဲဒီ ဘတ်စကားကြီးကို ဆွဲနေရင်းလည်း မောဟိုက်ခဲ့တယ် ဆွဲပြီးသွားတော့လည်း ခြေကုန်လက်ပမ်း ကျခဲ့ပါရဲ့
သို့သော်လည်း ခုလိုမျိုး စာမူခလေးတွေ မျိုးမျိုးမြက်မြက်လေး ရတော့ အမောတွေ ပြေသွားပါရဲ့ဗျာ။

Anonymous said...

ရန်ကုန်သူ မဟုတ်
တောသူတစ်ယောက်မို့
(ရန်ကုန်တစ်နေရာလေး မဟုတ်ပဲ)
တစ်နိုင်ငံ လုံးက ကျောင်းသားတွေ အတွက်
ကိုယ်စားပြု ခံစား မိပါတယ်..။

အတတ်ပညာအစား
မြေပုံအမှားတွေကို
သင်ကြားနေကြရတဲ့
ကျောင်းသူကျောင်းသားတွေနဲ့
ဟောင်းမြင်းနေဆဲ စာသင်ခုံများ....
အရင့်အရင်ကပုံစံအတိုင်း....

အဲဒါ.. လုံးဝ တစက်မှ မလွဲပေဘူး
လူကြီးဆိုတဲ့သူတွေ လာခါနီးမှ..
အပြင်နံရံပေါ် ဆေးပြေးသုတ်ထားတဲ့
အပေါ်ယံ ရွှေမှုံကြဲ.. ကျီးအာသီး စာသင်ခန်းတွေထဲမှာ
သနားစရာ မျိုးဆက်ဖြတ်ခံနေရရှာတဲ့
Parrot Education လှောင်ချိုင့်ထဲက
လူငယ်လေးတွေ ရဲ့ ဘ၀တွေ
ဘယ်လိုများ အဖတ်ပြန်ဆယ် နိုင်မလဲ ရယ် လို့..
အဖြေမဲ့ နေတဲ့ မေးခွန်း တွေနဲ့...
ရင်မောနေခဲ့ကြရတာ ကြာပေါ့........။

မလေး

Anonymous said...

ကဗျာနဲ့  အပေါ်က ဘက်စ် ကား ပုံ

တထပ်တည်းကျတယ် အကိုငယ်




မယ်ညို

Anonymous said...

တဖြည်းဖြည်နဲ့ ကဗျာ ကအရှိန်တက်လာတာ
ကောင်းလိုက်တဲ့ကဗျာ

မွေးနေ့တူ
ညီမ

ဏီလင်းညို said...

အခုမှ ဒီကဗျာလေး ဖတ်ရတယ် အစ်ကို...

ကြိုက်တယ်ဗျ..... :)