
မဆုံးနိုင်တဲ့နေ့ရက်တွေနဲ့သာ
ပြက္ခဒိန်တွေဟာ ထူထူလာတယ်...
ငါ ဟာ နေ့သစ်ကို စောင့်မျှော်နေဆဲပါပဲကွယ်
စာရင်း မပြုစုနိုင်အောင်ကို
လိုအပ်ချက်တွေက များပြားလွန်းလှတယ်..
ငါ ဟာ လောဘကြီးလွန်းသူပါကွယ်
ဟင်းလင်းပြင်တခုရဲ့ အဓိပ္ပါယ်က
ကျယ်ပြောလွန်းလှတယ်...
ငါ ဟာ လမ်းပျောက်ချင်နေသူပါကွယ်
တောင်ယာတဲငယ် တလုံးဆိုတာ
အရိုးသားဆုံး သီချင်းတပုဒ်ဖြစ်တယ်...
ငါ ဟာ တေးဆိုချင်သူပါကွယ်
သက်တန့် တစင်းကိုတော့
တကယ်မရှိတဲ့ အရှိလို့ ကဗျာစပ်ကြတယ်...
ငါ ဟာ စိတ်ကူးနဲ့ ရူးနေသူပါကွယ်
ငါ့မီးအိမ်လေး မထွန်းညှိနိုင်သေးခင်
နေ၀င်သွားခဲ့လေတယ်...
ငါ ဟာ ၀မ်းနည်းနေသူပါကွယ်
ငါ့နံဘေးနားမှာ ယှဉ်ထိုင်မယ့် မင်း
မနက်ခင်းနဲ့အတူ ရောက်လာတယ်...
ငါ ကတော့ အိပ်မောကျနေဆဲပါကွယ်။
ATN
(ကုန်လွန်ခဲ့ဖူးတဲ့ နေ့ရက်တွေတုန်းက ဖွဲ့ဆိုခဲ့ဖူးတဲ့ ကဗျာတပုဒ်ပါ)
ပုံကတော့ ထုံးစံအတိုင်း Adobe Photoshop နဲ့ ဆွဲထားပါတယ်။
2 comments:
အန်ကယ် ..ဒီကဗျာလေးက တစ်ယောက်ယောက်က လွမ်းနေသလိုပဲ ဟုတ်လား ???? =)
တူမောင်မျိုး အမေးအမြန်း သိပ်မထူနဲ့လေကွယ်း)
Post a Comment