Aug 7, 2008

မေ့လျော့ခံသူရဲကောင်းများ















၈၈ အရေးတော်ပုံကြီး စတင်ကတည်းက အမိဗမာပြည်ကြီးအတွက် ပြည်သူလူထု အားလုံးအတွက် ကျရာနေရာကနေ နိုင်ရာ တာဝန်တွေကို ထမ်းဆောင်လာခဲ့ကြသူတွေထဲမှာ တချို့တွေလည်း လူသိထင်ရှား၊ တချို့တွေလည်း လူမသိသူမသိနဲ့ သူတို့ဘ၀တွေကို ပေးဆပ်နေခဲ့ကြရပါတယ်။

စင်ပေါ်မရောက်၊ ဂုဏ်ပြုမခံရ၊ ဆုတွေမရ၊ လူမသိသူမသိဘ၀နဲ့ ပေးဆပ်နေခဲ့ကြတဲ့ အမေ့လျော့ခံ သူရဲကောင်းများကို ကျနော်က မှတ်တမ်းတင်လိုခြင်းမျှသာ ဖြစ်ပါတယ်။ ကျနော့်ကို မှတ်တမ်းတင်ခွင့် ပြုပါ။ စိတ်မကောင်းစရာ ဖြစ်တာတခုကတော့ ကျနော် မှတ်တမ်းတင်လိုတဲ့ တချို့ သူရဲကောင်းများ အတွက် ကျနော့်မှာ ဓါတ်ပုံတွေ မရှိတာပါပဲ။

ကိုဇော်ထွန်း

ကိုဇော်ထွန်းဟာ အသားဖြူဖြူ၊ လူပုံက နွဲ့နွဲ့၊ စကားပြောလည်း အေးအေးဆေးဆေးနဲ့ စိတ်ဓါတ်ကတော့ တော်တော် မာတဲ့သူပါ။ ၈၈ အရေးတော်ပုံ ကာလတွေတုန်းက ရန်ကုန် တတိုင်းလုံးမှာ အထွေထွေ သပိတ်ကော်မတီ -GSC (General Strike Committee) ရဲ့ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန် ယူခဲ့တဲ့ ကိုဇော်ထွန်းဟာ ဆရာဝန် ဖြစ်တော့မယ့် ဆေးကျောင်းသားတဦးပါ။ GSC ဆိုတာက အဲဒီ အချိန်တုန်းက ရန်ကုန် ဧရိယာတခုလုံးမှာ အမြင့်မားဆုံး အဖွဲ့အစည်းပါပဲ။ GSC အလံအောက်မှာ အဖွဲ့အစည်း အားလုံး စုရပ်ခဲ့ကြတာပါ၊ ဗကသပါ ပါပါတယ်။ ၈၈ အရေးတော်ပုံ ကာလတွေ တလျှောက်လုံးမှာ အဖွဲ့အစည်း ပေါင်းစုံကို စုစည်း ထိန်းသိမ်းရတဲ့ ကြီးမားလှတဲ့ တာဝန်ကြီးကို ထမ်းဆောင်ခဲ့ ပါတယ်။ စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းမှုပြီးတဲ့နောက်ပိုင်းမှာတော့ GSC ရဲ့ တာဝန်တွေကို လွယ်ပိုးပြီး တွဲဖက် အတွင်းရေးမှူးဖြစ်သူ ဆရာဦးမြင့်လှိုင်နဲ့အတူ လွတ်မြောက်နယ်မြေကို ကိုဇော်ထွန်း ရောက်လာ ခဲ့ပါတယ်။ ကျနော် ရောက်ရှိခဲ့တဲ့ ကရင့် အမျိုးသား အစည်းအရုံးရဲ့ ဒူးပလာယာခရိုင်၊ ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ တပ်မဟာ (၆) ထိန်းချုပ်ရာ သေ့ဘောဘိုးစခန်းမှာ သူတို့ ၂ ယောက်နဲ့ ကျနော် တခဏတာ ဆုံလိုက်ရပါသေးတယ်။ တယောက်နဲ့ တယောက် အသက်ရှင်လျက် ကျန်းကျန်းမာမာ တွေ့ရတာကိုက ၀မ်းသာစရာကောင်းကြောင်း သူကပဲ ပြောသွားပါသေးတယ်။

၈၈ နိုဝင်ဘာထဲမှာ ကျနော်တို့တွေလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) အေဘီအက်စ်ဒီအက်ဖ် (All Burma Students' Democratic Front) ဖွဲ့စည်း၊ တပ်ရင်း အသီးသီးမှာ ပျော်ဝင် လှုပ်ရှားနေကြရတဲ့ အချိန်မှာ ကိုဇော်ထွန်း ကလည်း GSC အနေနဲ့ DAB (Democratic Alliance of Burma) မှာ ပူးပေါင်း ဆောင်ရွက်နေတာကို သိနေခဲ့ရပါတယ်။ သူကတော့ အဖွဲ့အစည်းပေါင်းစုံရဲ့ ဗဟိုဌာနချုပ်တွေ ရုံးစိုက်ရာ မာနယ်ပလောမှာပဲ နေထိုင် လှုပ်ရှားရင်း ရှိရှိသမျှ အဖွဲ့အစည်းတွေကို သူ တတ်နိုင်သလောက် ဆက်စပ်နိုင်ဖို့ ကြိုးစားနေတာကို သိရှိနေခဲ့ရပါတယ်။ မဲဆောက်မှာ တခါတရံ သူနဲ့ ကျနော် ဆုံဆည်းခွင့် ရတတ်ပါသေးတယ်။ ဆုံခွင့်ရတိုင်း ဘုံရန်သူု န၀တကို တိုက်ဖို့အတွက် တပ်ပေါင်းစု လိုအပ်ကြောင်းလည်း တဖွဖွ သူ ပြောနေတတ်ပါသေးတယ်။

နောက်တော့ မာနယ်ပလောမှာနေရင်းနဲ့ မကဒတရဲ့ တပ်ရင်း (၂၀၈) မှာ ကိုဇော်ထွန်း ပါဝင်ဆောင်ရွက်နေတယ်ဆိုတာ ကြားသိနေရ ပါတယ်။ ဒီလိုနဲ့ အဖွဲ့အစည်းတွေမှာ ဖြစ်တတ်လေ့ရှိတဲ့ အတွင်းပဋိပက္ခတွေကို မကဒတလည်း ကြုံခဲ့ရပါတယ်။ တော်လှန် ကော်မတီ ဆိုပြီး မကဒတ သမိုင်းမှာလည်း ပေါ်လာခဲ့တာပါပဲ။ အဲဒီကာလတွေတုန်းက မဲဆောက်မှာ သူနဲ့ ကျနော်တွေ့တော့ သူက အဖြစ်အပျက်တွေကို အေးအေးဆေးဆေး စဉ်းစားဖို့ ကျနော့်ကို နားချပါတယ်။ ကျနော်ကတော့ ကျနော့် တပ်ရင်းက အခက်အခဲတွေနဲ့ ကျနော့်ဘာသာ ကျနော် ရှုပ်ထွေးနေလေတော့ သူ့စကားတွေလည်း နားထဲ မ၀င်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ လူချင်း မဆုံမိကြတော့ပါဘူး။

ဒီလိုနဲ့ တနေ့မှာတော့ ကိုဇော်ထွန်း ပျောက်သွားကြောင်း သတင်းဟာ ကျနော်တို့ အားလုံးကြားမှာ ပြန့်နှံ့လာနေပါတော့တယ်။ မာနယ်ပလောကနေ မဲဆောက်ကို ထွက်သွားကြောင်းနဲ့ မဲဆောက်ကို ရောက်မလာကြောင်း အားလုံး သိနေကြပါတယ်။ မာနယ်ပလောကနေ မဲဆောက်ကို မရောက်ခင် ခလယ်တလူခေါ်တဲ့ လှေဆိပ်ကို အရင် သွားရပါတယ်။ အဲဒီ လှေဆိပ်ကနေမှ မဲဆောက်ကို လာရတာပါ။ ကိုဇော်ထွန်းကတော့ မဲဆောက်ကို မရောက်လာခဲ့သလို၊ ခလယ်တလူကိုရော ရောက်လာရဲ့လားဆိုတာ ဘယ်သူမှ မသိပါဘူး။ ဘယ်နေရာမှာ သူဘာဖြစ်သွားလဲဆိုတာ သူနဲ့ ဘုရားသခင်ပဲ သိလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ အကယ်၍ ဘုရားသခင်ဆိုတာ ရှိခဲ့ရင်ပေါ့လေ။

ဘာပဲဖြစ်ဖြစ် ကိုဇော်ထွန်းကတော့ ပျောက်ဆုံးသွားခဲ့ပါပြီ။ အမိမြန်မာပြည်လွတ်မြောက်ရေးအတွက် သူတတ်နိုင်တဲ့ နေရာကနေ ပါဝင်ဆောင်ရွက်ရင်း ပျောက်ဆုံးသွားတဲ့ ကိုဇော်ထွန်းကို ကျနော် အလေးပြုလိုက်ပါတယ်။ အခုတော့ သူ့ကို အားလုံးက မေ့လျော့နေပါပြီ။



ကိုသိန်း










မကဒတ မှာတော့ ကိုသိန်းကို အားလုံး သိကြပါတယ်။ အခုတော့ သူခမျာ အမေ့လျော့ ခံနေရလေသလားလို့ စဉ်းစားမိရင်း သူ့ အကြောင်း ကျနော် ထိတွေ့ခဲ့ရသလောက် ဖော်ပြချင်တာပါ။

၁၉၈၉ စက်တင်ဘာလမှာ လွတ်မြောက်နယ်မြေက အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး စီမီနာတခုကို ထိုင်းနီုင်ငံ တနေရာမှာ လျှို့ဝှက် ပြုလုပ်ခဲ့ပါတယ်။ မကဒတရဲ့ စခန်းပေါင်းစုံက စေလွှတ်တဲ့ ကိုယ်စားလှယ်တွေထဲမှာ ကျနော်နဲ့ ကိုသိန်းလည်း အပါအ၀င်ပါ။ အဲဒီအချိန်က သူက တပ်ရင်း (၂၀၇)ရှိရာ ရေကျော်စခန်းရဲ့ဥက္ကဌပါ။ စီမီနာမှာ နိုင်ငံတကာက နိုင်ငံရေးကျွမ်းကျင်တဲ့ ပညာရှင်တွေလည်း ပါဝင်ပါတယ်။ ဆွေးနွေးကြရတဲ့ အကြောင်းအရာတွေကလည်း အစုံပါပဲ။ ကျနော်တို့ နိုင်ငံလို ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေး ပြသနာတွေဟာ ဆွေးနွေးပွဲတွေမှာလည်း အကြိတ်အနယ် ဆွေးနွေးရ၊ ထိုးကြကြိတ်ကြတဲ့ အထိပါပဲ၊ ဒါပေမယ့် ကျနော်တို့ မကဒတ ကိုယ်စားလှယ်တွေကတော့ ထိုးကြိတ်ကြတဲ့ပွဲတွေမှာ မပါခဲ့ပါဘူး။

စီမီနာက စက်တင်ဘာ လလည်ကနေ နိုဝင်ဘာထိ တလခွဲလောက် ကြာခဲ့ပါတယ်။ အဲဒီကာလတွေအတွင်းမှာ ကျနော်တို့ တည်းခိုရတဲ့ တည်းခိုဆောင်မှာ ကိုသိန်းနဲ့ ကျနော်က ကုတင်ချင်းကပ်လျက်။ နေ့တိုင်းအတူတကွ သွားလာစားသောက်ရင်း သူနဲ့ ကျနော် ခင်မင်ရင်းနှီးခဲ့ပါတယ်။ အသားညိုညို၊ အရပ်မြင့်မြင့်၊ ကြည့်ကောင်းတဲ့ ဥပဓိရုပ်နဲ့ စကားအေးအေး ပြောတတ်တဲ့ ကိုသိန်းဟာ ခင်မင်စရာ ကောင်းတဲ့ သူတဦးပါ။ မကဒတရဲ့ စခန်း ဥက္ကဌတဦးဖြစ်ပေမယ့် မသိရင် သာမန်ရဲဘော်တဦးလိုပဲ နေလေ့ရှိပါတယ်။ အနေရိုးရိုးနဲ့ စကားပြောရင် လေးလေး နက်နက် ပြောလေ့ရှိတဲ့ ကိုသိန်းကို ကျနော် တော်တော်လေးစားခဲ့ပါရဲ့။ ဘယ် အကြောင်း အရာကို ပြောပြော သူက တလေးတနက် ဆွေးနွေးလေ့ရှိပါတယ်။ သူ့မှာ ပေါ့ပေါ့တန်တန် သဘောထားတဲ့အရာ တခုမှ ရှိပုံ မရပါဘူး။

သည်လိုနဲ့ တနေ့သားတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ဖက်ဒရယ်တို့ကို ဆွေးနွေးရတဲ့ ရက်တရက်ကို ရောက်လာပါတယ်။ အဲဒီမှာ အခု UWSA (၀သပ) ထဲရောက်သွားတဲ့ ငတိတွေလည်း ပါပါတယ်။ သူတို့က ကျနော်တို့ကို ဘာပြောလဲဆိုတော့ မင်းတို့ ကျောင်းသားတွေက ဗမာပြည်နယ် တောင်းရမယ်-ဆိုပဲ။ ဒါပေမယ့် ကျနော်တို့ကတော့ ဟာသ မလုပ်ပါဘူး။ ဒါဆွေးနွေးနေတာပဲ၊ ဘာလို့ ကျနော်တို့က ဗမာပြည် တောင်းရမှာလဲပေါ့။ မကဒတ-ဟာ ဗမာပြည်နယ်တောင်းဖို့ လက်နက်ကိုင်တော်လှန်ရေး လုပ်နေတာမှ မဟုတ်ပဲ။ ပြီးတော့ မကဒတဟာ ဗမာ လူမျိုးတမျိုးတည်းကိုပဲ ကိုယ်စားပြုနေတဲ့ အဖွဲ့အစည်းမှ မဟုတ်ပဲ၊ ဒီလို ကျနော်တို့က ပြန်လည် ဆွေးနွေးပါတယ်။ ဒီမှာ ပြသနာ ထတက်တာကတော့ ကရင်နီပြည်နယ်က ကိုယ်စားလှယ်နဲ့ အဲငတိပါပဲ။ မင့်ကိစ္စ မင်း အရင် ရှင်းပါလားကနေ စလိုက်တာ ထိုးကြကြိတ်ကြတဲ့အထိပါပဲ။

နောက်တော့ အဲဒီ ၀ငတိနဲ့ ကျနော်တို့နဲ့ သိပ် မကြေမလည်တွေဖြစ်လာပါတယ်။ အဲဒီမှာ ၀ငိထိန်းခဲ့တာက ကိုသိန်းပါ။ အမှန်က ကိုသိန်းနဲ့ ကျနော်က အသက်ချင်းလည်း သိပ်မကွာပါဘူး။ ကျနော်က သဘောကောင်းပါတယ်။ အငြင်းအခုံ ၀ါသနာမပါဘူး။ ဘယ်တော့မှ မငြင်းဘူး။ ဒါပေမယ့် စိတ်မရှည်ဘူး။ ခုလို ငြင်းခုံရတာတွေများလာတော့ လက်ပါချင်နေပြီ။ ကိုသိန်းက ပွဲထိန်းပါတယ်။ ဒီလိုနဲ့ ပြီးသွားတယ်ဆိုပါတော့။ ကျနော့်အတွက်တော့ မှတ်မှတ်ရရပါပဲ။

ဒီလိုနဲ့ တောထဲကို ကျနော်တို့ ပြန်ရောက်သွားတယ်။ အချိန်ကာလတွေလည်း ရွေ့လျားလာတယ်။ ကျနော်လည်း ရွေ့လျားသွားတယ်။ တနေ့သားတော့ သတင်းတခု ကြားရတယ် ကိုသိန်းကို ရန်သူက ဖမ်းမိသွားတယ်။ လက်နက်တွေနဲ့၊ ရန်သူက သူ့ကို သေဒဏ်ပေးလိုက်တယ်။ ကြားရတာ ကျနော် စိတ်မကောင်းဘူး။ ဘယ်လိုဖြစ်ရတာလဲ ကိုသိန်းရယ်။ ခုနောက်ဆုံးတော့ သူ့ကို သေဒဏ်မပေးသေးပေမယ့် သာယာဝတီထောင်မှာ သူ့ကို ထားထားတယ်။ မျက်လုံးတဖက်ကွယ်သွားပြီ။ ကျနော် စိတ်မကောင်းဘူး။ ကြားရတာတွေက။ သူ တတ်နိုင်တာတွေကို အတတ်နိုင်ဆုံး ထမ်းဆောင်သွားခဲ့တဲ့ ကိုသိန်း။ သူဟာ သူရဲကောင်းတယောက်ပါပဲ၊ အခုတော့ သူ့ကို အားလုံးက မေ့လျော့နေလေပြီလား။

ဒေါက်တာမင်းသိမ်း

သူ့ကို ကျနော်တို့ သေ့ဘောဘိုးစခန်းမှာ တွေ့ကာစတုန်းကဆို ဆရာဝန်မှန်းတောင် မသိပါဘူး။ အဲလောက် အနေရိုးကုပ်တဲ့သူပါ။ သူ လုပ်စရာရှိတာကို သူလုပ်တယ်။ စကား အပို မပြောဘူး။ လူပုံက အရပ်ခပ်ပြတ်ပြတ်နဲ့ မျက်မှန်မထူတထူနဲ့။ စကားပြောရင်လည်း ခပ်လေးလေး ဒါပေမယ့် ပြတ်ပြတ်ပြောတတ်သူ။ ကျနော်တွေ့တွေ့နေတာကတော့ ပြင်ပက သတင်းထောက်တွေ လာရင် သူက စကားပြောနေသူဆိုတော့ အီးမေဂျာက တယောက်ယောက်ပေါ့လေ ကျနော်က ထင်နေတာ။ နောက်တော့မှ စခန်း ဆေးရုံမှာလည်း တွေ့တော့မှ သြော် ဆရာဝန်မှန်းသိရတော့တာ။

သည်လိုနဲ့ ကိုသိန်းနဲ့အတူ ကျနော် စီမီနာတက်တော့ သူလည်း ပါလာပါတယ်။ ကိုသိန်းလိုပဲ ကျနော် ခင်ရသူ။ ဒါပေသည့် စီမီနာမှာ Workshop တွေလုပ်တော့ သူက တခြား Group မှာချည်း။ ဒါနဲ့ စီမီနာ တလျှောက်လုံးမှာ သူနဲ့ တခါမှ မတွဲခဲ့ဖူး။ အမှန်ကတော့ ဒေါက်တာမင်းသိမ်းက ကျနော်တို့ စခန်းက မဟုတ် စောထစခန်းမှ လာသူ။

ကျနော်တို့ စခန်းမှာ သင်တန်းတွေမျိုးစုံပေးတော့ သူက အဲသည်မှာ ဆေးသင်တန်းမှာနည်းပြ။ သည်လိုနဲ့ သူနဲ့ ကျနော် စခန်းမှာ တတွဲတွဲ ဖြစ်လာတယ်။ အရက်အတူသောက်။ စကားတွေအတူပြော။ တခါတခါလည်း သူပြောတာတွေ ကျနော် နားမလည်ပါ။ ဒါပေမယ့် သူ့ကို ခင်ပါတယ်။

သည်လိုနဲ့ သင်တန်းတွေပြီးတော့ သူက သူ့ စောထစခန်း ပြန်သွားလေရဲ့။ နောက် ရှေ့တန်းစစ်မြေပြင်ဆင်းတဲ့ စစ်ကြောင်းမှာ ပါသွားတယ် ဆိုတာကိုလည်း ကြားလိုက်ရတယ်။ ယေဘူယျအားဖြင့် ဆရာဝန်တွေကို စစ်ကြောင်းထဲ မထည့်ပါဘူး။ ဆေးမှူးတွေသာ စစ်ကြောင်းထဲ လိုက်ကြလေ့ရှိတာကိုး။ သူကတော့ အတင်းတောင်းဆိုပြီး လိုက်သွားသည်တဲ့။

သိပ်မကြာပါဘူး။ မုပ္ပလင်နဲ့ ဘီးလင်းမှာ တိုက်ပွဲတွေ ဖြစ်တာကို ကြားရတယ်။ နောက်တော့ ဒေါက်တာမင်းသိမ်းကို ရန်သူက ဖမ်းမိသွားတယ် ဆိုတာကိုပါ ကြားလိုက်ရပါတော့တယ်။ သတင်း အတိအကျတော့လည်း မည်သူမျှ မသိရတော့။ ဒဏ်ရာနဲ့ ဆေးရုံမှာသေသွားသည်။ ရန်သူက မသေမချင်း နှိပ်စက်သည်။ ကျိမ်းသေတာကတော့ ဒေါက်တာမင်းသိမ်း ကျဆုံးသွားပါပြီ။

သူလည်း သူရဲကောင်းတဦး ဖြစ်ပါတယ်။ ခုတော့ လူတွေ သူ့ကို မေ့လျော့နေလေပြီလား။

6 comments:

ဖုန်း မြင်. said...

အကိုရေ...
တကယ်လိုအပ်နေတဲအရာတစ်ခုကို
အကိုက ဖြည့်ဆည်းပေးလိုက်တာပါပဲ
သမိုင်းတစ်ခု ထုဆစ်တဲနေရာမှာ
အကိုတို့လို ကိုယ်တိုင် စီးမျောပါဝင်ခဲ့သူတွေရဲ့
အတွေ့အကြုံတွေကို ပြန်လည်ဝေမျှပေးတာဟာ
တန်ဘိုးကြီးတဲ့ အော်ခက်စထရာ တေးတစ်ပုဒ်ပါပဲ...........

SMN said...

သူရဲကောင်းတွေအကြောင်း ဆက်ရေးစေချင်ပါတယ်။ KM

Nge Naing said...

ဦးသိန်းနဲ့ ကိုဇော်ထွန်းကို ကောင်းကောင်းသိပါတယ်။ ဦးသိန်းအကြောင်းကိုတော့ ဌာနတခုတည်းမှာ အတူလုပ်လာခဲ့လို့ သိပါတယ်။ ကိုဇော်ထွန်း ဘည=ာဖြစ်သွားတယ်ဆိုတာတော့ မသိလိုက်ဘူး။ သူတို့ရဲ့ စွန့်လွတ်မှုတွေကို ဖေါ်ပြပေးတာ ကျေးဇူးတင်ပါတယ်။

Ko Paw said...

အခုလို ဖော်ထုတ်ပေးတဲ့အတွက် ကျေးဇူးပါ။ ကျနော်လည်း ကိုအောင်သာငယ်လိုဘဲ ကျနော်နဲ့ ထိတွေ့ဘူးတဲ့ အညတရ သူရဲကောင်းတွေအကြောင်း ပို့စ်တွေ ရေးသားပါဦးမယ်။

ကောင်းကင်ကို said...

အညတရ သူရဲကောင်းတွေကို အလေးပြုသွားပါတယ် အစ်ကို

nyohtetnyo said...

အခုလို မှတ်တမ်းတင်တဲ့ အတွက် ကျေးဇူးပါဗျာ...ကြာရင် မေ့သွားလျော့သွားမယ်...သိတဲ့လူက ခပ်မြန်မြန်မှတ်တမ်းတင်ထားမှ ကျန်မှာပါ...နောင်တနေ့ကျ မြန်မာပြည်မှာ ထုတ်ဝေလို့ရတာပေါ့ဗျာ...