Aug 4, 2008

ပဉ္စလက်တောင်တန်းပေါ်က လူတယောက်သို့
















ကိုငြိမ်းဝေရေးတဲ့ ကမ္ဘာအပြားကြီးပေါ်က ကျနော်နဲ့ကိုခိုင် ကို ဖတ်ပြီး ဒီစာကို ကျနော်ရေးချင်နေတာ အခုမှ ရေးဖြစ်ပါတော့တယ်။

ကမ္ဘာအပြားကြီးကို ကျနော်လည်း ကျေးဇူးတင်နေမိတယ်။ ပဉ္စလက် တောင်တန်းပေါ်က လူတယောက်က အောင်သာငယ်ဆိုတဲ့ မလောက်လေး မလောက်စား ကဗျာရေးသမားလေး တယောက် (အခုတော့ ကျနော်လည်း ကဗျာရေးသမားကြီးဖြစ်နေပါပြီ ကိုငြိမ်းရေ့... ဟဲ..ဟဲ.. အသက်တွေ ကြီးလာလို့- ) ကို ပြန်သတိရ မှတ်မိသွားလို့။

အမှန်ကတော့ ကိုငြိမ်းမှာလည်း အပြစ်မရှိပါဘူးလေ။ ကျနော်တောင် တခါတခါ ကျနော့် တပ်ရင်းထဲက ရဲဘော်တွေ နံမည်ကို စဉ်းစားလို့ မရတော့ဘူး။ တစုံတယောက်က ဘယ်သူဘယ်ဝါလို့ ပြောလာရင် တော်တော် ပြန်စဉ်းစားနေရတာကိုး။ နှစ်တွေကလည်း ကြာညောင်းလာ၊ အသက်တွေကလည်း ကြီးလာ၊ ဘ၀တွေကလည်း ရွှေ့ပြောင်းနေရတဲ့ တောင်ယာတွေလို အတည်တကျ မရှိ၊ အချိန်ကာလလိုက်လို့ တသမတ်တည်း ပြောင်းလဲနေနေတဲ့ ပြက္ခဒိန်တွေမှာ ကိုယ့်ဘ၀ကို ကိုယ်ပြန်ချိန်ညှိနေရတာကိုက တချို့တလေကို မေ့သွားနိုင်ဖို့ လုံလောက်နေရဲ့။

ကျနော်ကတော့ ကဗျာတွေကို ချစ်သူ၊ ကဗျာရေးသူတွေကို ချစ်သူဆိုတော့ လွတ်မြောက်နယ်မြေထဲမှာ လူချင်းမသိတဲ့လူရော လူချင်းသိတဲ့လူရော ကဗျာဆရာတွေ၊ ကဗျာရေးသူတွေအားလုံးကို ချစ်ခဲ့ပါတယ်။ ဥပမာ-ကိုငြိမ်းရဲ့ ဆောင်းပါးတွေမှာ ဖော်ပြလေ့ရှိတဲ့ ကဗျာဆရာ တိုက်မောင်းဆိုရင် ကျနော် လူချင်း အလွန်တွေ့ချင်ခဲ့ဖူးသူပါ။ တွေ့ခွင့်ကတော့ ဘယ်လိုမှ မရလိုက်ခဲ့ပါဘူး။ နောက်တယောက်ကတော့ ကဗျာဆရာ နှင်းခါးမိုး။ လူချင်း မတွေ့နိုင်အောင်ကို အချိန်ကာလနဲ့ နေရာဒေသတွေက ခြားခဲ့တယ်။ ခုတော့ ဘလော့ဂိုစဖီးယားထဲကျမှ လာပြန်တွေ့ရ ပါတော့တယ်။ ကဗျာဆရာမောင်လွမ်းဏီဆိုရင် ကျနော့် ဆရာတယောက်လို၊ အကိုရင်း တယောက်လို ကျနော် ချစ်ခဲ့ရတဲ့သူပါ။ ချစ်ခင်ရသူတွေထဲမှာ ကဗျာဆရာငြိမ်းဝေဆိုတဲ့ ကိုငြိမ်းလည်း ပါခဲ့ပါတယ်။ သူ့ကို ချစ်ခင်ရတော့ သူ့ရဲ့ မဒေ၀ီကိုတောင် ခင်မင်ရင်းနှီးနေခဲ့ရတာပေါ့။

ဒေ၀ီရေ
ရွှေပြည်တော်ကို မျှော်ရ
ဒိုရာသန်းအေး လှေကလေး
အတွေးထဲမှာ လှော်ရ- ဆိုတဲ့

သူ့ကဗျာကို ကျနော် အရမ်းကြိုက်ခဲ့တာပေါ့။ ကျနော်ကိုယ်တိုင်လည်း - ဘေးမသန်းပဲ အေးချမ်းချင်နေသူ- မဟုတ်လား။ အဲလိုနဲ့ ခင်မင်းရင်းနှီးမှုတွေက သံယောဇဉ် တခုကိုလည်း ဖြစ်စေခဲ့တာပါပဲ။

အချိန်ကာလလိုက်လို့ အခြေအနေတွေကို လိုက်လို့ လေတိုက်ခံရတဲ့ တိမ်တွေလိုပဲ ဘ၀တွေက နေရာတကာကို စီးမျောလွင့်ပါးသွားခဲ့ရပေမယ့် တတ်နိုင်သမျှတော့ သတင်းတွေ စုံစမ်းနေခဲ့တယ်။ ဘယ်သူက ဘယ်မှာလဲ။ ဘာတွေလုပ်နေလဲ-ဟင်။ ဖုန်းနံပတ်လေးများ ရမလား။ အီးမေးလ်ရှိရင် လုပ်ပါဦး။ အချိန်ရှိသမျှ အခွင့်အရေးရသမျှ ချစ်ခင်သူတွေကို ရှာဖွေနေခဲ့တာပါပဲ။ ကိုငြိမ်းဆောင်းပါးတွေ ကဗျာတွေ အင်တာနက်မှာ စာစောင်တွေမှာ ရေဒီယိုတွေမှာ တွေ့နေ၊ ဖတ်နေ၊ ကြားနေရတယ်။ လူချင်းကတော့ ဘာအဆက်အသွယ်မှ မရှိ။

ဒီလိုနဲ့ တနေ့သားတော့ ကဗျာဆရာ ယောဟန်အောင် ဘလော့ရေးနေကြောင်း သူငယ်ချင်းတယောက်က ပြောပြလာတော့မှ ဘလော့တွေကို တက်ကြည့်ဖြစ်တယ်။ အဲလောက်ထိ ကျနော်က ဘ၀ထဲမှာ နစ်မြုပ်နေခဲ့မိတယ်။ ဘလော့တွေ ဖတ်ရင်းနဲ့ အားကျလာတယ်။ ရင်ထဲမှာရှိနေတဲ့ လောင်မြိုက်နေတဲ့ အရာတွေကိုလည်း ဖောက်ချချင်စိတ်တွေ တဖွားဖွား ပေါ်လာရာကနေ ဘလော့ စရေးဖြစ်ခဲ့တာပါပဲ၊ နောက်တော့ ကျနော်လည်း ဘလော်ဂါအသစ်ချပ်ချွတ်တယောက်ဖြစ်လာတော့ ဘလော့တကာ လျှောက်သွားပြီး အိမ်လည်တဲ့အလုပ်ကို လုပ်ရတော့တာပေါ့။ ဒီလိုနဲ့ တနေတော့ ငြိမ်းဝေဆိုတာကို ဘလော့ တခုက လင့်ခ်မှာ သွားတွေ့လိုက်တယ်။ အဲဒီလမ်းပြမြေပုံနဲ့ ကိုငြိမ်း အိမ်ပေါက်ဝကို ဆိုက်ဆိုက် မြိုက်မြိုက် ကျနော် ရောက်ခဲ့ပါရဲ့။ ၀မ်းသာလိုက်တာလေ။ ဒါမဲ့ အဲဒီတုံးက ကိုငြိမ်းဘလော့မှာ ဆီပုံးမရှိသေးဘူး။ သူကလည်း ခေတ်ပြိုင်စာမျက်နှာတွေမှာ ရသစာမျက်နှာ ဖြုတ်လို့ ဘလော့ရေးဖို့ စီစဉ်ရကြောင်း ပြောထားပါသေးတယ်။ ဒါနဲ့ပဲ နှုတ်မဆက်နိုင်ပဲ ပြန်ခဲ့တယ်။ သတိရတိုင်း အချိန်ရတိုင်း အိမ်ရှေ့မှာ သွားသွားရပ်ခဲ့တယ်။ နှုတ်ဆက်စရာ လူမတွေ့ပဲ ပြန်ခဲ့ရတာ အကြိမ်ကြိမ်၊

ဒီလိုနဲ့ တနေ့တော့ သူ့ဘလော့မှာ ဆီပုံးလေးချိတ်ထားတာကို တွေ့လိုက်ရတယ်။ ဒါနဲ့ဝမ်းသာအားရ ဆီပုံးထဲမှာ အော်ခဲ့တယ်။ - အလည်လာတာ ခဏခဏပဲ ဆီပုံး မရှိလို့ နှုတ်မဆက်ခဲ့ရဘူး ဆရာကြီး။ ချမ်းမြေ့ပါစေဗျာ-လို့ အော်ခဲ့တာ။ နောက်တော့ ကျနော့် ဆီပုံးထဲမှာ - 2 Mar 08, 09:23 ငြိမ်းဝေ: ကျနော် လာလည်သွားတယ်။ သတိရတယ်ဗျာ... ဆိုပြီး ရေးသွားတယ်။ (ကျနော်က ဆီပုံးထဲက ဆီတွေကို ခပ်ခပ်ပြီး သိမ်းသိမ်းထားတတ်တယ်။ အမှတ်တရ ဖြစ်အောင်လို့...)။ ဒါနဲ့ အော် ကိုငြိမ်း ငါ့ဆီကို လာလည်သွားတယ်ပေါ့။ ၀မ်းတွေသာလို့။

အဲလိုနဲ့ ကိုငြိမ်းအိမ်ကို ကျနော် သွားသွားလည်တာ အကြိမ်ပေါင်းမြောက်များစွာ။ ဒါမဲ့ ကွန်မန့်တွေ ဘာတွေ မရေးခဲ့ဘူး။ ဆီပုံးထဲ မှာလည်း ဘာမှ မအော်ဖြစ်ခဲ့ဖူး။ ခြေရာ မချန်ပဲ လှည့်လှည့် ပြန်ပြန်လာခဲ့တယ်။ တနေ့တော့ ဘာရယ်လို့ မဟုတ်ပါဘူး သူ့ဆီပုံးထဲ ခင်ခင်မင်မင် သွားအော်ခဲ့တယ်။ -ကျနော် လာလည်တယ်။ ခဏခဏပဲ။ ခြေရာတော့ မချန်ခဲ့ဖူး။ ကိုငြိမ်းဝေကတော့ ကျနော်ဆီတခါမှ မလာဘူး။ စိတ်ဆိုးတယ်ဗျာ။ ခင်ဗျား ကဗျာတွေကို ကွန်ပြူတာနဲ့ စာရိုက်ခဲ့ပေးခဲ့ဖူးတဲ့သူ တယောက်ကို ခင်ဗျားက အခုတော့ မေ့နေပြီပေါ့ ဟုတ်။-

နောက်တော့ ကိုငြိမ်း စာမှာရေးထားသလို ကိုငြိမ်းနဲ့ ကျနော့်ကြား တယောက်ယောက်က ၀င်နှောက်သွားတော့ ကိုငြိမ်းကို ကျနော် စိတ်ခုသွားတယ်။ ဒါနဲ့ သူငယ်ချင်းတွေနဲ့ စကားပြောရင်တောင် သူ့ကို စိတ်ဆိုးတဲ့ စကားတွေ ပြောနေမိတော့တယ်။ ကိုငြိမ်းကတော့ ဘာမျှမသိ။

နောက်တော့ စိတ်ထဲမှာ မနေနိုင်တာနဲ့ ကိုငြိမ်း ဘလော့က အီးမေးလ်ထဲ စာတွေ ရေးထည့်ပစ်လိုက်တယ်။ ကိုငြိမ်းကလည်း ပြန်ပြောရှာပါတယ်။ ဒီလိုနဲ့ တရက်ကျတော့ အရာအားလုံး ပြေလည်သွားပါတယ်။ ကိုငြိမ်း ကျနော့်ဆီကို ပို့လာတဲ့ အီးမေးလ်ကို ကျနော် ဖတ်ရတယ်။

ကိုအောင်ခိုင် (ကိုခိုင်)


ကျနော် စိတ်မကောင်းဘူးဗျာ။ ကျနော်ခရီးထွက်ရာက ပြန်ရောက်ပါပြီ။ ကျနော် ခရီးထွက်နေတုန်း ဘလော့ ကိစ္စဘာမှ မလုပ်နိုင်ခဲ့ဘူး။ အိမ်မှာကျန်နေခဲ့တဲ့ ကျနော့်ဘလော့ကိစ္စ၊ရုံးကိစ္စ အကူအညီပေးနေတဲ့ တူမလေးက ဖုန်းနဲ့ပြောမှ အကြောင်းစုံသိရတာ။ သူကလည်း ကျနော်က “ခင်ဗျားကို မသိပါဘူး၊ မနှောက်ယှက်ပါနဲ့ ဆိုတဲ့စာမျိုး ဘာပြုလို့ ဘဘက ဒီလိုပြန်ရေးရတာလဲ” ဆိုပြီး မေးမှ ကျနော် တော်တော်စိတ်ပူသွားတာ။ ဘယ်ပုဂ္ဂိုလ်က၀င်ပြီး ရေးလိုက်သလဲဆိုတာ ကျနော် မသိခဲ့ဘူး။ ခင်ဗျားဆီကရေးတဲ့ ပထမစာ ပြီးတော့ ကြားထဲက ၀င်ရေးတဲ့လူရဲ့စာ၊ ခင်ဗျားက စိတ်ဆိုးလို့ရေးတဲ့စာတွေကို တခုမှ ကျနော် မဖတ်ခဲ့ရပါဘူး။ ကျနော့်တူမပြောမှ သိရတာ။ ဒါနဲ့ပဲ တောင်းပန်တဲ့စာ ခင်ဗျားဆီကို ကမန်းကတန်း ပြန်ခဲ့ရတယ်။
တူမလုပ်တဲ့ သူနဲ့ ဖုန်းထဲမှာ အချီအချစကားပြောတော့ ကိုလွမ်းဏီက ဘေးမှာ ရှိနေတယ်၊ သူနဲ့ကျနော်က အတူတူ ချင်းမိုင်ကို ရောက်နေတာ။ သူက ဘာဖြစ်တာလဲလို့မေးတော့ ကျနော်က အကြောင်းစုံရှင်းပြရတယ်။ ရှင်းရှင်းပြောရရင် အဲဒီအချိန်အထိ အောင်သာငယ်ဆိုတာ ခင်ဗျားမှန်း ကျနော် မသိသေးဘူး။ ကိုလွမ်းဏီက ပြောပြမှ သိရတော့တယ်။ စိတ်မကောင်းလိုက်တာဗျာ။

ကျနော့်စီဘောက်မှာ ခဏခဏအခုလိုပဲ ၀င်ပြီး နှောက်ယှက်နေတဲ့လူ ရှိတယ်။ ထားတော့ ... ။ အခုတော့ အဆင်ပြေသွားပြီပေါ့ဗျာ။ အောင်သာငယ်ဆီကို ကျနော် ခဏခဏ လာလည်ပါတယ်။ ခင်ဗျားလိုပဲ ခြေရာမချန်ခဲ့မိတာပဲ ရှိတာပါ။ ကဗျာရေးတဲ့ ဘလော့ဟူသ၍ ကျနော် ရောက်တာပေါ့။ “ကိုခိုင်” မှန်း သိရတော့ နေ့တိုင်း ရောက်နေအုန်းတော့မှာပေါ့။ ဒါပါပဲ “ကိုခိုင်” ရေ ... ။ နောက်မှ ...။ နောက်မှ ကျနော့်ကို ခွင့်လွတ် ... ငြိမ်းဝေ

ဘာပဲဖြစ်ဖြစ် ကျနော် ၀မ်းသာခဲ့ပါတယ် ကိုငြိမ်း။ ကိုယ့် ချစ်တဲ့ ခင်မင်တဲ့သူတယောက်နဲ့ နှစ်တွေ အများကြီး ကွဲကွာသွားပြီးမှ ပြန်တွေ့ရတာ။

ကိုငြိမ်းမှာလည်း အပြစ်မရှိပါ။
ကျနော် ထပ်ပြောပါတယ်ဗျာ
ကိုငြိမ်းမှာ လုံးဝ အပြစ်မရှိပါ။

4 comments:

ငြိမ်းဝေ said...

ကိုခိုင်
ဒေါ်မေငြိမ်းကလည်းဘယ်လိုဖြစ်ကြတာလဲလို့ မေးတယ်အခုတော့ခင်ဗျာကဒီစာကိုရေးလို့ အားလုံးသဘောပေါက်သွားကြတာပေါ့...ကျနော်တို့ ဘလော့မှာစာတွေရေးပြီးစိတ်ဖြေရတာအင်မတန်သန့် ရှင်းပါတယ်ဘေးလူတွေကိုလည်းမုဒိတာပွားစေတာပေါ့...ဒီတခါတော့ကျနော်မျက်ရည်လည်ရပြီပေါ့ဗျာ...

ခင်မင်းဇော် said...

အော် ဂလိုကိုး။ ခုလိုဆိုတော့လဲ ပွင့်လင်းမှုရဲ့ တန်ဖိုးကို သိသွားတာပေါ့။ ဒါ့ကြောင့်လဲ စကားဝိုင်းတွေ လိုတယ်လို့ ပြောကြသကိုး....
ဦးငြိမ်းဝေကြီးက စီဘောက်ကို ကင်းမစောင့်လို့ ဖြစ်မယ်...။ ဘလော့လမ်းသူရဲမှ အကြံပေးလိုက်ပါကြောင်း...။

ကောင်းကင်ကို said...

သြော်...လူတွေ..လူတွေ...ကြားထဲကနေ ဘာလို့ ဝင်အနှောင့်အယှက် ပေးနေကြပါလိမ့်

khine said...

စာတွေလာဖတ်သွားပါတယ်...
လာဖတ်နေတာတော့ကြာပါပြီ
အခုမှ စာမူခပေးဖြစ်တာခွင့်လွတ်ပါနော်..

ခိုင်