Aug 6, 2008

နည်းနည်းလောက်တော့ပြောချင်တယ်












ဘာရယ်လို့တော့ မဟုတ်ပါဘူး။ ခုတလောမှာ အလုပ်ကလည်း အားနေ အချိန်တွေကလည်း ပိုနေတော့ ဟိုလူနဲ့ ချက် ဒီလူနဲ့ချက်၊ ဟိုဘလော့ သွားလိုက် သည်ဘလော့ သွားလိုက်၊ ဟိုစာဖတ် သည်စာဖတ်နဲ့။ ဟိုဟို သည်သည် လျှောက်စဉ်းစားမိတာလေး ရေးမိတာပါ။

ခုတလောမှာ နံမည်ကြီးဘလော်ဂါတွေ (ဥပမာ ကိုသင်ကာ) ဘလော့ တနှစ်ပြည့်တဲ့အခါ အမှတ်တရ အထိမ်းအမှတ် စာလေးတွေ ရေးကြတာတွေကို ဖတ်ရတော့၊ သူတို့ကို ချစ်ကြခင်ကြ လေးစား ရင်းနှီးကြတဲ့သူတွေက တရင်းတနှီး စကားတွေ ပြောကြတာတွေကို ဖတ်ရတော့ သူတို့ကိုယ်စား ၀မ်းသာ ကြည်နူးမိပါရဲ့။

တခါ တချို့ဘလော်ဂါတွေ ရေးကြတာလည်း ဖတ်ရတယ်။ ပို့စ် ၁၀၀ မြောက်အမှတ်တရ စသည်ဖြင့်ပေါ့လေ။ (ကျနော်ကတော့ စိတ်ထင်ရာ လျှောက်တင်ထားတာ သီချင်းတွေတင်ပြီး ဆားချက်တာတွေလည်း ပါတော့ ပို့စ်တွေ ၁၀၀ ကျော်သွားမှန်းတောင် ကိုယ့်ဘာသာကိုယ် သတိမထားမိပါဘူး)။ နောက်တချို့ ဘလော်ဂါတွေ ကလည်း (ဥပမာ- We She Me) ဘလော့ ဟစ်တသိန်း အမှတ်တရ ပေါ့လေ စာတွေရေးရတာ ဖတ်ရတယ်။

ဘာပဲပြောပြော အဲလိုမျိုးစာတွေ ဖတ်ရတဲ့အခါ တွေးတွေ စရာတွေလည်း ပါလာပါတယ်။ We She Me က Hit တသိန်းအမှတ်တရ မှာ ပြောထားသလို ပို့စ်တခု ရေးတယ်ဆိုတာ ထိုက်သင့်တဲ့ အချိန်ပေးရတယ်-ဆိုတဲ့ အချက်ကို စဉ်းစားမိပါတယ်။ အမှန်ပါပဲ။ ရေးတဲ့ အကြောင်းအရာလိုက်လို့ပေါ့လေ။ ဘလော်ဂါတယောက်နဲ့ တယောက်တော့ တူမယ် မထင်မိပေမယ့် သူပြောသလိုပဲ အနည်းဆုံးတော့ ၂ နာရီလောက်တော့ ပေးရတာပါပဲ၊ အဲဒါနဲ့ တဆက်တည်း ကျနော် ဆက်ပြီး စဉ်းစားမိတာက ဘလော်ဂါက အချိန်ပေးပြီးရေးရသလို ဖတ်ရှုနေကြသူများမှာလည်း အချိန်ပေးရတာပါပဲ။ ခုချိန်မှာ ဗမာ ဘလော့ပေါင်း ၅၀၀၀ လောက်ရှိတယ်လို့ ဖတ်ဖူးပါတယ်။ ဒါပေမယ့် အနည်းဆုံး ၅၀၀ ပဲထား အားလုံးရေးနေတာတွေကို သွား မဖတ်နိုင်ပါဘူး။ အချိန်ကြောင့်ပါ။ ဒီတော့ နှစ်သက်ရာ ဘလော့တွေကိုပဲ ဦးစားပေးပြီး သွားဖတ်ကြရတာပါ။ နှစ်သက်စရာ ဘလော်ဂါတွေကလည်း အများ ကြီးဖြစ်နေပါတယ်။ ကျနော်ဆို ဖတ်ချင်တဲ့ ဘလော်ဂါတွေ များလွန်းလို့ အိမ်တိုင်ယာရောက် လိုက် မဖတ်နိုင်လို့ Google Reader နဲ့ Feed ယူထားပြီး ဖတ်နေတာပါ။ ဒါပေမယ့် တခါခါတော့ အားမရလို့ ဘလော့ကို ကိုယ်တိုင်လိုက်သွားပြီး ထပ်ဖတ်တယ် ကွန်မန့်တွေ ရေးတယ်၊ ဆီပုံးထဲမှာ သွား အော်တယ်။ ဒီလိုကျနော်လုပ်တာကလည်း အဲသည်ဘလော်ဂါရေးတဲ့ ပို့စ်အတွက် ကျနော့် အချိန်တွေကို ပေးနေတာပါပဲ၊ အဲသည်အချက်ကို ကျနော် စဉ်းစားမိသွားတဲ့အခါ ကျနော့် ဘလော့ကို လာလည်ကြတဲ့ မိတ်ဆွေတွေအပေါ် ကျနော်က တာဝန် မကျေသလို ဧည့်ဝတ်မကျေသလို ဖြစ်နေတာတခုကို သွားတွေ့မိပြီး အရမ်း အားနာမိပါတယ်။ အားလုံးက သူတို့ အချိန်တွေကို ပေးပြီး ကျနော့် ဘလော့ကို လာလည်ကြတယ်။ ကွန်မန့်တွေရေး၊ ဆီပုံးထဲမှာ အော်သွားတာတွေကို အရင်တုန်းက ကျနော် သည်အတိုင်းပဲ ကြည့်နေမိတာပါ။ စိတ်ထဲမှာတော့ ဘာမှ ရှိလို့ မဟုတ်ပါဘူး။ ခုနောက်ပိုင်းတော့ အားလုံးကို ကျနော် ပြန်နှုတ်ဆက်ပါတယ်။ သူတို့တွေရဲ့ အချိန်တွေကို ပေးပြီး ကိုယ့်ဆီကို လာလည်တာကို လေးစားသောအားဖြင့်ပါ။

သူငယ်ချင်း တယောက်နဲ့ ကျနော် ချက်ထဲမှာ စကားပြောဖူးတယ်။ သူကပြောပါတယ် တချို့ဆို ကိုယ့်ဆီလာလည်ပြီး ကွန်မန့်ရေး ဆီပုံးထဲ အော်သွားတာတွေကို ကိုယ်ဘာပြန်ပြောလဲဆိုတာ သိချင်လို့ နောက်တခေါက် ပြန်လာပြီးဖတ်တာတဲ့။ ဒါလည်း အမှန်ပါပဲ။ ကျနော်ကိုယ်တိုင်လည်း အဲလို လုပ်ခဲ့ဖူးတယ်။ ကိုယ်ပြောတာလေးကို သူ ဘယ်လို တုန့်ပြန်သလဲပေါ့။ ဘယ်လိုပဲ တုန့်ပြန် တုန့်ပြန် ကိုယ့်ကို တုန့်ပြန်တဲ့စာလေး တခုခုကို ဖတ်ရတဲ့အခါ ကြည်နူးပြီး ပြန်လာရတာပါပဲ၊ အဲဒါကိုက ဘလော့ဖီလင် ဖြစ်နေလေသလားတော့ မသိ။

ခုတော့ အားလုံးကို ကျနော် ပြန်နှုတ်ဆက်တယ်။ စကားပြန်ပြောပါတယ်။ အခြား ဘလော်ဂါ ညီအကို မောင်နှမတွေကိုလည်း တတ်နိုင်ရင် သည်လို လုပ်ကြဖို့ ကျနော် တိုက်တွန်းပါတယ်။ လာလည်တဲ့သူတွေ စိတ်ချမ်းမြေ့သွားတာ ကိုယ့်အတွက်လည်း ကုသိုလ်တခု၊ ပီတိတခု ရစေပါတယ်လေ။

နောက်တခု အဲလိုမျိုး ဘလော်ဂါတွေ ရေးတဲ့ အမှတ်တရ ပို့စ်တွေကို ဖတ်ရင်းနဲ့ ကိုသင်ကာ့ပို့စ် မှာ ပြောသလို -ဘာဖြစ်ဖြစ် လောကသည် နေပျော်လာသည်တော့ အမှန်ဖြစ်သည်။ ကျနော်နှင့် လေးမ အတွေးတူကြသလို “ဘလော့ဂ်ဆိုတာ လောက၏ အခြားသော ပြတင်းပေါက်တစ်ခု” ဖြစ်ပါသည်။ အွန်လိုင်း Community သာမရှိလျှင်ကျနော်အဖို့ အခုအချိန် ဘာလုပ်နေရမည်ကို စဉ်းစား၍ပင်မရ။- ဆိုတာကို သွား စဉ်းစားမိတာပါ။

ဘလော့ရေးသူတိုင်း ရေးရခြင်း အကြောင်းတခုကတော့ ရှိကြမှာပါပဲ။ သို့မဟုတ် တခုထက် မကရင်လည်း ရှိနိုင်ပါတယ်။ တဦးနဲ့တဦးလည်း မတူနိုင်ပါဘူး။ သို့ပေမယ့် ယေဘုယျအားဖြင့်တော့ အပြန်အလှန် ကူးစက်ခံစားချင်ကြတဲ့ စိတ်က အခြေခံတယ်လို့ ကျနော်ကတော့ ယူဆပါတယ်။ ကိုယ် ထင်မြင် ယူဆ တာလေးတွေကို ရေးမယ် ပြောမယ် တင်ပြမယ်၊ ကိုယ် ခံစားရတာလေးတွေကို ဖွဲ့နွဲ့မယ် ဖောက်ထုတ်မယ် မျှဝေမယ်၊ အယူအဆတူ၊ အတွေးတူ၊ ခံစားချက်တူတဲ့ စာဖတ်သူတွေ ရှိလာတော့ အသိုင်းအ၀ိုင်းလေးတခု ရရှိလာတာပါပဲ၊

ကျနော့် တဦးတည်း အမြင်အရ ပြောရရင်တော့ ဘလော့ရေးနေသူတွေ အားလုံးနီးပါးဟာ ပညာတတ်တွေ ဖြစ်ပါတယ်။ စာဖတ်ခဲ့သူတွေ ဖြစ်ပါတယ်။ အမှားနဲ့ အမှန်ကို သိကြတယ်၊ တရားမှုနဲ့ မတရားမှုကို သိကြတယ်။ ပြီး တနည်းနည်းနဲ့ အမိဗမာပြည်နဲ့ ဝေးနေကြသူတွေ ဖြစ်ပါတယ်။ အားလုံးမှာ ကိုယ်တိုင် နှစ်ရှည်လများ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေ ရှိတယ်၊ ဘ၀ပေး အသိတွေ ရှိတယ်၊ ယုံကြည်ရာတွေ ရှိတယ်၊ ကိုးကွယ်ရာတွေ ရှိတယ်။ ခံစားနေရတာတွေ ရှိတယ်၊ လောင်မြိုက်နေတာတွေ ရှိတယ်၊ ချို့တဲ့နေတာတွေ ရှိတယ်၊ ပေါက်ကွဲနေတာတွေ ရှိတယ်၊ ဖောက်ခွဲပစ်ချင်နေတာတွေ ရှိတယ်။ ဒါတွေအားလုံးကို ကွန်ပြူတာရဲ့ ပြူတင်းပေါက်ကနေ ဘလော့ပေါ်ကို သွန်ချနေသူများချည်းသာ ဖြစ်ပါတယ်လို့ ကျနော်ပြောရင် မှားမယ်လို့တော့ မထင်ပါဘူး။

မကေသွယ့်ဘလော့ခေါင်းစဉ်မှာ ရေးထားသလို Sharing same intrest... Making virtual friends... Creating own space... Pouring out unfinished thoughts... Because! Not always fortunate enough to have that all...
မပန်ဒိုရာ ဘလော့မှာ ရေးထားသလို ရှင်သန်ခြင်းတွေ ဖြန့်ခင်းထားတဲ့နေရာ
ဆရာမမေငြိမ်းဘလော့မှာ ရေးထားသလို ပြီးရင်... ပျော်ရွှင်ဖွယ်တေးတွေ သီကြွေးလို့ သွားစို့
ကိုသင်ကာ့ ဘလော့မှာ ရေးထားသလို လွတ်လွတ်လပ်လပ်တွေး
ကိုဝေလင်းရဲ့စိတ်ကူးတေးသီမှာ ရေးထားသလို စိတ်ကူးသမျှ တေးဖြစ်ချင်မှဖြစ်မယ် သီတော့ ထားလိုက်ပါလေ
ကိုကလိုစေးထူးဘလော့မှာ ရေးထားသလို ဟိုး...ရှေ့မှာ ပန်းတိုင်ရှိတယ်၊ လာသွားကြစို့
မိုးချိုသင်းမှတ်တမ်း က တရားနှင့်ဓား၊ အား နှစ်အား တွင်၊ တရားကို ချစ်၊ ဓားကိုပစ်အံ့၊ စစ်ကို ငါတို့ မုန်းပါသည်
ကောင်းကင်ကိုဘလော့က လေပြင်းတွေလာချွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင် ကဗျာတွေကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ ကမ္ဘာမြေကို နှုတ်ဆက်နမ်းခဲ့မယ်- စသည် စသည်များက အပြန်အလှန် ကူးစက် ခံစားချင်ကြတဲ့ စိတ်နဲ့ ထင်သာမြင်သာအောင် လွှင့်တင်ထားခဲ့တဲ့ အလံတွေပဲ မဟုတ်လား။ ကျနော်လည်း ကျနော့် အလံလေး တလက်ကို လွှင့်ခဲ့တယ် မြင်သာလေသလား မမြင်သာလေသလားတော့ မသိ။

ဆိုတော့ဗျာ အလံတူသူချင်း လမ်းတူသွားတဲ့အခါ အသိုင်းအ၀ိုင်းလေးတခု ရလာတာပါပဲ။ အဲဒီအခါ ကိုသင်ကာ ပြောသလို ဘ၀ကလည်း ပိုပြီးနေပျော်လာတာပါပဲ၊ အခုတော့ နေပျော်နေတဲ့ ဘ၀လေးထဲကနေ ရုန်းမထွက်နိုင်တော့ဘူး။

ဒါပေမယ့် တခုတော့ ရှိပါတယ်။ ကျနော့် အလံကြောင့်တော့ ဘယ်သူမှ မျက်ရည် မခစေရဘူး။ ကျနော့် ကဗျာတပုဒ်စာတပုဒ်ကြောင့်တော့ ဘယ်သူမှ လဲမကျစေရဘူး။ ဒါကိုတော့ ကျနော် အာမခံခဲ့ပါတယ်။

9 comments:

မောင်မျိုး said...

ဒီပို့ စ်လေး ကောင်းတယ် အန်ကယ်... တချို့ဆို ကိုယ့်ဆီလာလည်ပြီး ကွန်မန့်ရေး ဆီပုံးထဲ အော်သွားတာတွေကို ကိုယ်ဘာပြန်ပြောလဲဆိုတာ သိချင်လို့ နောက်တခေါက် ပြန်လာပြီးဖတ်တာ ဟုတ်တယ်ဗျ ကျနော် အရင်က ဘလော့မရေးခင် အဲ့လိုဘလော့တွေမှာလိုက်ရေးပြီး ကိုယ့်ကို ဘာပြောလဲ သိချင်လို့  သွားပြန်ဖတ်တယ် ပြန်ပြောရင်လည်း ၀မ်းသာမိတယ် ။
“ကျနော့် အလံကြောင့်တော့ ဘယ်သူမှ မျက်ရည် မခစေရဘူး။ ကျနော့် ကဗျာတပုဒ်စာတပုဒ်ကြောင့်တော့ ဘယ်သူမှ လဲမကျစေရဘူး။ ဒါကိုတော့ ကျနော် အာမခံခဲ့ပါတယ်” လေးစားပါတယ်ဗျာ ။

ကောင်းကင်ကို said...

နိဂုံးမှာ ရေးထားတာလေးက စဉ်းစားဆင်ခြင်စရာလေး အစ်ကို။ အစ်ကို့ အလံလေးကို လည်း အလေးပြု သွားပါတယ်။

Kay said...

*တနည်းနည်းနဲ့ အမိဗမာပြည်နဲ့ ဝေးနေကြသူတွေ ဖြစ်ပါတယ်။*
--------
ပြည်တွင်းဘလော့ဂါ တွေ လည်း.. ဒီအသိုင်းအ၀ိုင်း တွေ ထဲမှာ..ရှိ နေကြ တယ်လေ။ ( မေ့သွားမှာစိုးလို့..သတိပေးခြင်းပါ)း)

နောက်တချက်က- ကျမ အလံ က-
Sharing the same interest ( not the -some-)
အဓိပ္ပါယ်က..ကွာပါတယ်လေ။

ငြိမ်းဝေ said...

ကိုခိုင်ရေ...ကျနော်ဖတ်ပြီးပြီ...ကျနော်တို့ တတွေ ဘလော့
နယ်ပယ်ထဲ အချိုဓာတ်အကြည်ဓာတ်များများထည့်...များ
များခပ်ယူကြတာပေါ့...

. said...

မကေသွယ် အနူးအညွတ် တောင်းပန်ပါတယ်ဗျာ။ ကျနော်က မျက်မှန်သမားဆိုတော့ မှားဖတ်မိသွားတယ်။း)
I hope this is a good excuse. :)
ခု ပြင်လိုက်ပါပြီ၊
စကတည်းကလည်း ကျနော် စကားခံထားပါတယ်။ အားလုံးနီးပါးလို့။ ပြည်တွင်းက ဘလော်ဂါတွေကိုလည်း မမေ့ပါဘူး။
အောင်သာငယ်

ကလိုစေးထူး said...

အကိုရေးထားတာလေးတွေ သိပ်မှန်တာပဲ...။ ကျနော်လဲ ကိုယ့်ဆီကို လာဖတ်၊ မှတ်ချက်ရေးသွားကြသူတွေကို ပြန်ပြီးစကားပြောတာတွေ ပျက်ကွက်တာတွေ ရှိမိဖူးတယ်။ ဘာရယ်ကြောင့်တော့ မဟုတ်ပါဘူး၊ နောက်တနေ့အတွက် ဘာပို့စ်ကို ရေးရပါ့မလဲ ဆိုတဲ့ အတွေးအုတ်မြစ်ကို အရင်ပုံဖော်နေတာနဲ့ပဲ အချိန်တွေက ကုန်တော့ ပို့စ်လဲ ရေးပြီးရော ဘလော့ဂ်တွေ လိုက်ဖတ်ဖို့ရယ်၊ ကိုယ့်ဆီကို လာလည်ကြတဲ့ မိတ်ဆွေတွေကို စကားပြန်ပြောဖို့ရယ် အချိန်က သိပ်နည်းသွားပြီ။ ဒီကြားထဲ ကိုယ်ဖတ်ချင်နေတဲ့ ဘလော့ဂ်တွေကလဲ အများသား...။ ဒါတောင် ဖတ်ချင်တဲ့ ဘလော့ဂ်ကို သွားပါတယ်ဆိုမှ လမ်းမှာ မျက်စိလည်ပြီး တခြား ဘလော့ဂ်တွေကို ရောက်နေတာ ရှိသေးတယ်။

အောက်ဆုံးက အပြာရောင် စာသားကို ကြိုက်နှစ်သက်မိပါတယ် အကို။

pandora said...

ဟုတ်ပါတယ်။ စာလာဖတ်သူတွေရဲ့ အချိန်တွေကို ထောက်ထားဖို့အတွက် အခုဆိုရင် တတ်နိုင်သမျှ တုံ့ပြန်မှုတွေ ပြန်ပေးနေဖြစ်ပါတယ်။ ဘလော့ဂ်ရေးရင်း စိတ်တူတဲ့ သူငယ်ချင်းတွေ ရရတာလည်း မျှော်လင့်ထားခဲ့တာ မဟုတ်တောင် ပျော်စရာပေါ့နော်။

. said...

တူမောင်မျိုး၊ ညီလေးကောင်းကင်ကို၊ မကေသွယ်၊ ကိုငြိမ်းဝေ၊ ကိုကလိုစေးထူး၊ မပန်ဒိုရာ - ကွန်မန့်တွေအတွက် ကျေးဇူး အထူးတင်ရှိပါကြောင်း။

အောင်သာငယ်

- said...

အစ်ကို့အတွေးနဲ့ ထပ်တူ ကျပါတယ်။ ဆီဘောက်မှာလာလည်တဲ့ သယ်ချင်းတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သူ့ဘလောဂ့်ကို ချက်ချင်းပြန်ပြီး အလည်ရောက်အောင် သွားခဲ့ပါတယ်။ ဒါပေမယ့် Reader မိတ်ဆွေတွေ သတ်၂ ရှိပါသေးတယ်၊ သူ စာလာဖတ်ကြောင်း သိရတဲ့အတွက် ၀မ်းသာတဲ့ အနေနဲ့ သူ့ကို နှုတ်ဆက်ချင်ပေမယ့် သူက blogger မဟုတ်တဲ့အတွက် ဆီဘောက်ထဲမှာပဲ နှုတ်ဆက် မိပါတယ်။ ဒါကို attention လုပ်တယ်ဆိုပြီး မနှစ်သက်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ကြောင်းပါ...
လေးစားလျက်-ဝင်းဇော်