May 26, 2008

လူတကောင်၊ ကြောင်တယောက်နဲ့ ပြူတင်းပေါက်တချပ်


အလွန် အေးလွန်းသော သည် မြောက်ပိုင်းပြည်နယ်ကို သူ စိတ်ပျက်လွန်းလှသည်။ အစားအသောက်တွေက ဈေးပေါ သော်ငြား အအေးဒဏ်ကို သူ့ သားလေးတွေက မခံနိုင်ကြ။ နှုတ်ခမ်းတွေ ကွဲပြီး သွေးတွေ စို့နေသည်မှာ မြင်လို့ မကောင်း။ ပူအိုက် စွတ်စိုသော ရာသီဥတု ရှိရာ အရပ်မှာ ကြီးပြင်းခဲ့ကြရသူများမို့ သည်ပြည်နယ်က သူတို့ မိသားစုအတွက် တခြား ကမ္ဘာ တခုလို ဖြစ်နေသည်လေ။ ရာသီ ဥတုကို သူ ဂရုမစိုက်ပေမင့် သူ ကိုယ်တိုင် သည်ပြည်နယ်ကို မကြိုက်နိုင်တာ တခုရှိနေလေသည်။ ကားမောင်းရ ခက်ခဲခြင်း။ ရေခဲနဲ့ နှင်းတွေ အပေါ်မှာ ကားကို ဘရိတ် အုပ်လို့မရ။ ဘရိတ်သာ အုပ်ထားသည် - စတီရာရင်ကိုသာ ဆွဲထားသည် - ကားက သွားချင်ရာကို သွားနေလေသည်။ အက်ဆီးဒဲင့်တွေကိုလည်း သူ့ရှေ့မှာ မရေမတွက်နိုင်အောင် တွေ့နေခဲ့ဖူးပြီ။ အရပ်တကာမှာ ရေခဲနဲ့ နှင်း။ ဘယ်နေရာနင်းနင်း ဒင်းတို့နဲ့ မလွတ်။ ကားမောင်းရင်လည်း မမောင်းခင် ကားဝင်းဒ်ရှီးလ်ဒ်တွေပေါ်မှာ အခန့်သား နေရာ တက်ယူထားတတ်သည့် ဒင်းတို့ကို အရင် ခြစ်ထုတ် ရသေးသည်။ လမ်းပေါ် ကိုယ့်ကား ရောက်အောင်လည်း ဒရိုက်ဗ်ဝေးမှာ ရှိနေသည့် ဒင်းတို့ကို အရင် မြေလှန် ရသေးသည်။ နိစ္စဓူဝ။ ကြာတော့လည်း ဒါတွေကို သူ စိတ်ပျက်လာသည်။

သည်လိုနဲ့ နီးစပ်ရာ သူငယ်ချင်းတွေကို လှမ်းဆက်သွယ် စုံစမ်းရင်း ကိုယ့်တိုင်းပြည်နဲ့ ရာသီဥတု အကြမ်းဖျင်း တူညီသည့် တောင်ပိုင်း ပြည်နယ်တခုကို သူတို့ မိသားစု ရွှေ့ပြောင်းဖြစ်ခဲ့သည်။ ရေခဲသေတ္တာပြည်နယ်နဲ့ ဝေးရာ သည်မြို့လေးက သေးငယ်သော်လည်း သပ်ရပ်သန့်ရှင်းနေသည်။ သူ နေခဲ့ဖူးသမျှ မြို့များနဲ့ တခြားဆီ။ တိတ်ဆိတ်သည်။ လူတွေ များများစားစား မတွေ့ရ။ မျက်စေ့နောက်စရာတွေလည်း သိပ်မရှိ။ ရာဇ၀တ်မှုကလည်း နည်းသည် (စာရင်းဇယားတွေအရ)။ ပင်လယ် ကမ်းခြေနဲ့လည်း နီးသေးသည်။ သည်လိုနဲ့ သည်မြို့လေးမှာ သူ့မိသားစုကို အခြေချဖို့ သူ ဆုံးဖြတ်လိုက်သည်။ ဇနီးသည်ကလည်း သဘောတူလေသည်။ သည်လိုနဲ့ သည်မြို့လေးကို သူပြောင်းရွှေ့ ရောက်ရှိနေခဲ့သည်မှာ ဆယ်နှစ်ပင် ရှိရော့မည်။ သည်နှစ်များအတွင်း အလုပ်တခုပြီးတခု သူ ပြောင်းလုပ်ဖြစ်ခဲ့သည်။ အလုပ်သစ်တိုင်းက ၀င်ငွေပိုများသည့် အလုပ်တွေပဲ ဖြစ်သည်။ အခုလည်း နောက်ထပ် ၀င်ငွေပိုရသည့် အလုပ်သစ်တခုကို သူရခဲ့သည်။

အလုပ်အသစ်ရတော့ သူ အိမ်ပြောင်းဖို့ လုပ်ရလေသည်။ သူ့ အလုပ်အသစ်နဲ့ အနီးဆုံး နေရာတခုမှာ အပတ်မဲင့်တခု ရှာတွေ့ပြီးတဲ့နောက် သူအိမ်ပြောင်းခဲ့သည်။ သူနေတဲ့ အပတ်မဲင့်နဲ့ အလုပ်သစ်က ၁၅ မိနစ်စာ လမ်းလျှောက်သွားရုံသာ ဝေးလေသည်။ အလုပ်က မနက် ၇ နာရီခွဲ စတော့ အိမ်က ၇ နာရီ ၁၅ မိနစ်ဆိုရင် သူ စထွက်ရပြီ။ အလုပ်က နေ့လည် ထမင်းစားချိန် တနာရီရသည်။ နေ့လည် ၁၂ နာရီဆိုရင် သူအိမ်ပြန် ထမင်းစားသည်။ ခဏ နားပြီးတော့ အလုပ်ကို ပြန်သွား။ ညနေ ၅ နာရီဆို အလုပ်သိမ်း အိမ်ပြန်လာ။ သည်လိုနဲ့ သူ့ အပတ်မဲင့်နဲ့ အလုပ်ကို တနေ့တနေ့ အသွားအပြန် ၂ခေါက် နေ့တိုင်း လျှောက်ဖြစ်နေသည်။ သို့ပေမယ့် သည်မြို့မှာက လမ်းပေါ်မှာ လမ်းလျှောက်သူက နည်းပါးလွန်းလှသည်။ အလွန်ရှားရှားပါးပါး တွေ့ရခဲလေသည်။ လူအားလုံးက ကားတွေနဲ့ချည်း သွားလာနေကြသည်။ တခါတခါ ကျန်းမာရေးအတွက် လမ်းလျှောက်သူ၊ ဂျော့ဂင်းလုပ်နေသူ တချို့ကလွဲလို့ လမ်းပေါ်မှာက ကားတွေချည်းသာ။ သူကတော့ ကားရှိပေမယ့် အလုပ်နဲ့ အိမ်က နီးတာ တကြောင်း၊ ဓါတ်ဆီ ချွေတာရာလည်းကျ၊ ကျန်းမာရေးအတွက်လည်း ကောင်းတဲ့အတွက် အလုပ်ကို လမ်းပဲ လျှောက်သွားဖြစ်နေသည်။

အလုပ် စ၀င်ကာစကတော့ အလုပ်အသစ်ဖြစ်နေလို့ အလုပ်ကိစ္စက အဓိကဖြစ်နေတော့ သူ့ အပတ်မဲင့် ပတ်ဝန်းကျင်ကို သူ သတိ မထားမိသေး။ နောက် တပတ်လောက် ကြာလာတော့ သူလည်း ပတ်ဝန်းကျင်ကို စပြီး အကဲခတ်မိလာသည်။

အဲသည်မှာ သည်ငတိကို သူ သတိထားမိသွားခြင်းပဲဖြစ်သည်။ သူ့အလုပ်က တပတ် ၆ ရက် လုပ်ရသည်။ တနင်္ဂနွေ တရက်မှအပ နေ့တိုင်း သူ့ အပတ်မဲင့်နဲ့ အလုပ်ကြား အသွားအပြန်လုပ်တိုင်း သူ့အပတ်မဲင့်နဲ့ ကပ်ရက်ရှိနေသော ဒုတိယအပတ်မဲင့်ရဲ့ ပထမဆုံး ပြူတင်းပေါက်မှာ သူ့ကို အပေါ်စီးက ကြည့်နေသော သည်ငတိကို တွေ့နေရလေသည်။ ပြူတင်းပေါက် ဘောင်မှာ ထိုင်လျက် သူ့ကို စိမ်းစိမ်းကြီးစိုက်ကြည့်လို့။ သူ အလုပ်ဆင်းတဲ့နေ့တိုင်း အပတ်မဲင့်နဲ့ အလုပ်ကို အသွားအပြန် ၂ ခေါက် လျှောက်နေရတော့ သည်ငတိကို တနေ့ ၄ ကြိမ် သူတွေ့နေရသည်လေ။ အခုဆို အလုပ်သစ်ကို လုပ်နေခဲ့သည်မှာ တနှစ် ကျော်လာခဲ့ပြီ။ သည် ငတိကို တနေ့ ၄ ကြိမ် တွေ့နေရတာကလည်း တနှစ်ကျော်လာပြီ။ ဘယ်အချိန်ကြည့်ကြည့် သည်ငတိကို ပြူတင်းပေါက်မှာချည်း တွေ့တွေ့နေရလေသည်။ ဘယ်အချိန် တွေ့တွေ့ သည်ငတိကတော့ သူ့ကို စောင့်ကြည့် နေတာချည်း။ သူ အဲလိုပဲ ခံစားနေရလေသည်။ အဲသည် ငတိမှာ တခြားအလုပ်လည်း ရှိပုံမရလေ။

ကြာလာတော့ သည်ငတိအပေါ် သူ မနာလိုစိတ် နည်းနည်း စဖြစ်လာလေသည်။ သူ့မှာက တပတ် ၆ ရက် အလုပ်လုပ်နေရပြီး သည်ငတိကတော့ ဘာအလုပ်မှ မလုပ်ရပဲ တနေ့နေ့ ပြူတင်းပေါက်မှာနေပြီး သူ့ကို ထိုင်ထိုင်ကြည့်နေတာပဲရှိသည်။ ကြည့်ရတာ တနေ့လုံးပဲ အဲဒီမှာ လူတွေကို ထိုင်ကြည့်နေသလားတောင် မသိ။ သူ့လို ဘ၀မျိုးသာ ငါရကြည့်ပါလား။ သူ့လိုမျိုး ပြူတင်းပေါက်မှာ အချိန်ထိုင်ဖြုန်းနေမယ့်အစား တခြား ၀ါသနာပါတာတွေ အများကြီး လုပ်ဖြစ်မှာပဲလို့ သူတွေးနေမိသည်။ ကဗျာတွေရေးမယ်၊ သီချင်းတွေ စပ်မယ်၊ စာတွေလည်း အများကြီးဖတ်ဖြစ်မှာပဲ။ အမယ်လေး - ကောင်းလိုက်တာ - အဲလိုဘ၀မျိုးကို ငါကျတော့ ဘာလို့ မရတာလဲ-လို့လည်း သူ့ဘာသာ စဉ်းစားနေမိသည်။ ပြီးတော့ ဆက်စဉ်းစားရင်း သည်ငတိကြည့်ရတာ မိသားစုလည်း ရှိပုံ မပေါ်ဘူး-လို့လည်း တွေးမိလိုက်သေးသည်။

သည်နေ့လည်း အလုပ်ကအပြန် တာဝန်တခုလို အဲဒီပြူတင်းပေါက်ကို ကြည့်လိုက်မိသေးသည်။ ထုံးစံအတိုင်း ငတိက သူ့ကို ငုံ့ကြည့်နေသည်။ သူကလည်း ပြန်မော့ကြည့်ရင်း ပြုံးပြလိုက်ရရင် ကောင်းမလားလို့ အူကြောင်ကြားနဲ့ စဉ်းစားမိလိုက်သေးသည်။ သည်ငတိကတော့ သူပြုံးပြသည့်တိုင် သူ့ကို ပြန်ပြုံးပြမယ့်ပုံတော့ မရှိလေ။ အိမ်ရောက်တော့ ဇနီးသည်ကို သည်ငတိ အကြောင်း ပြောပြလိုက်သေးသည်။ ဇနီးသည်ကတော့ - အို သူက ဖြတ်သွားတဲ့ လူတိုင်းကို စောင့်ကြည့်နေတာဖြစ်မှာပေါ့။ ရှင့်တယောက်တည်းကိုပဲ စောင့်ကြည့်နေတာ မဖြစ်နိုင်ပါဘူး။ လျှောက်ပြီး အတွေးကြောင်မနေစမ်းပါနဲ့။ ကိုယ့်အလုပ် ကိုယ်လုပ်စမ်းပါ - လို့ မှတ်ချက်လိုလို အမိန့်လိုလိုပေးလေသည်။

သည်လိုနဲ့ သူ့ရင်ထဲမှာ အစိုင်အခဲတခု ဖြစ်နေလေတော့သည်။ သည်ငတိကြောင့်ပေါ့။ သည်ငတိနဲ့သူ မတူတဲ့ ဘ၀တွေ ရှိနေတာကြောင့်။ ဘ၀တွေက ဘာလို့ မတူကြရတာလဲ၊ ဘယ်သူက မတူအောင် လုပ်လိုက်တာလဲ၊ ဘာကြောင့် လုပ်တာလဲ၊ ငါ့ကျတော့မှ လယ်ထွန်ရတဲ့ နွားတကောင်လိုပဲ ရုန်းကန်နေရတယ်။ တကယ်တော့ ငါဟာ လူတယောက် မဟုတ်တော့ဘူး။ ငါဟာ တိရိစ္ဆာန်တကောင်ပဲ၊ ငါဟာ ဘ၀အတွက် တိရိစ္ဆာန်တကောင်လို အတင်းရုန်းနေရတယ်။ ပြောရရင် ငါဟာ လူတကောင်ပေါ့။

----------

တခါတခါတော့ ရှင်သန်နေရတာကို သူလည်း စိတ်ကုန်လေသည်။ မိခင် နဲ့ ဖခင်ကိုတောင် ဘယ်သူမှန်း မသိခဲ့ရလေသော သူ့ဘ၀ကို သူ စိတ်နာသည်။ အခု သူ့ကို မွေးစားခဲ့သော မိခင်ဖြစ်သူက သူ့ကို မိဘမဲ့ ဂေဟာမှ အပြီးအပိုင် တရားဝင် စာရွက်စာတမ်းနဲ့ မွေးစားခဲ့ခြင်း ဖြစ်လေသည်။ လောကကြီးဆိုတာကို သူ စတင် မှတ်မိသော အချိန်က မိဘမဲ့ ဂေဟာမှာ သူ ရောက်နေခဲ့ပြီးပြီလေ။ မိဘမဲ့ ဂေဟာမှာတော့ အားလုံးက ဘ၀တူသူတွေချည်း။ မိဘဆိုတာကို ဖြူသလား မည်းသလား သိဖူးသူ တယောက်မျှ မရှိရ။ သည့်အပြင် သည်မိဘမဲ့ဂေဟာကိုတောင် ကိုယ်တွေ ဘယ်လို ရောက်လာခဲ့တာလဲ-ဆိုတာကိုတောင် ဘယ်သူကမှ မသိကြ။ အားလုံးက မွေးကင်းစဘ၀မှာ ဒီနေရာကို ရောက်နေခဲ့ကြရသူတွေ။

မိဘမဲ့ဂေဟာမှာတော့ အားလုံးက ကိုယ့်အခန်းလေးတွေနဲ့ ကိုယ် နေကြရသည်လေ။ ဘာကြောင့် တခန်းစီ နေကြရတာလဲတော့ သူလည်း မသိပေ။ ဖြစ်နိုင်တာက တစုံတရာ ပြသနာ ရှိလို့ပဲဖြစ်မည်။ သေချာတာ တခုကတော့ မည်သူမျှ တခန်းထဲ အတူမနေကြရခြင်းပင်။ အားလုံး ကိုယ့်အခန်းနဲ့ကိုယ်။ မိဘမဲ့ဂေဟာကို တာဝန်ယူထားကြသူများက အရာအားလုံးကို စီစဉ်လေသည်။ သူတို့အားလုံးက ထိုသူများ စီမံခန့်ခွဲသည့်အတိုင်း လိုက်လုပ်ကြရုံသာ။

သည်မှာ ရီစရာကောင်းတာလား- ၀မ်းနည်းစရာကောင်းတာလား- သူလည်း မပြောပြနိုင်သော ကိစ္စတခု ရှိသေးသည်။ သူတို့ အားလုံးမှာ မိဘမဲ့များဖြစ်ကြသည့်အလျောက် အမည်လည်း မဲ့ကြသည်လေ။ သည့်အတွက် ဂေဟာမှ တာဝန်ရှိသူများက သူတို့အားလုံးကို မတူသော နံမည်တခုစီ ပေးထားလေသည်။ ထို နံမည်များကလည်း သူတို့ရဲ့ သွင်ပြင်လက္ခဏာ၊ ထူးခြားမှုတခုခု အစရှိသည်တို့အပေါ် အကြောင်းပြုပြီး ပေးထားခြင်း ဖြစ်လေသည်။ ခပ်ဖြူဖြူ ငတိက ငဖြူ။ ခပ်မဲမဲ ကောင်က ငမဲ။ ခပ်၀၀ ပုဂ္ဂိုလ်ကိုတော့ င၀-စသည်ဖြင့်ပေါ့။ နံမည်တွေက အမျိုးစုံပါပဲ။ သူကတော့ ဒီကိစ္စအပေါ်မှာ သိပ်ပြီး ရေးကြီးခွင်ကျယ် သဘောမထား၊ ဘာကြောင့်လဲဆိုတော့ ဘယ်လိုပဲ နံမည်တွေ ပေးပေး နံမည်တွေကွဲကွဲ ဘ၀တွေက အတူတူပဲ မဟုတ်လား။ သည်တော့ သူ့ကို ဘာနံမည်ပေးထားမှန်းတောင် သူ သတိမထားမိပေ။ သူ့ကို ကြည့်ပြီး နံမည်တခုခု ရွတ်နေပြီဆို ဒါ ငါ့ကို ခေါ်တာပဲလို့ သူသိနေသည်လေ။ သူက အဲသည်လို ငတိဖြစ်လေသည်။

သည်လိုနဲ့ လောကကြီးကို သူ စတင်သိရှိခဲ့ရာ မိဘမဲ့ဂေဟာမှ မွေးစားမိခင်၏ အိမ်ဂေဟာသို့ သူ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သည်။ သူ့မွေးစားမိခင်က သူကို တနေ့ အစား ၃ နပ်ကျွေးလေသည်။ သူမ အလုပ်မသွားခင် သူ့ကို ထွေးပိုက်ပြီး မနက်စာကျွေးသည်။ သူ့ကို ဆံပင်တွေ ဘာတွေ ဖီးသင်ပေးသည်။ နောက် နေ့လည်စာအတွက် အဆင့်သင့် ပြင်ဆင်ပေးသွားပြီး - အမေ သွားပြီနော်။ သား- အိမ်မှာ ကောင်းကောင်းနေ။ ညနေကျရင် ပြန်တွေ့မယ် ဟုတ်လား-
နိစ္စဓူဝ သူမ ပြောနေကျ စကားကို ပြောပြီး ထွက်သွားလေသည်။ သည့်နောက်တော့ သူမ ပြန်မရောက်လာမချင်း သည်အိမ်ထဲမှာ သူ လုပ်ချင်ရာ လုပ်နိုင်သည်လေ။ တခု တွေးကြည့်လျင်တော့ အတော် သက်တောင့် သက်သာရှိပြီး လွတ်လပ်သည့် ဘ၀လို့ပဲ ပြောရပေမည်။ သူ့မှာ ဘာတာဝန်မှလည်း မရှိ၊ လုပ်စရာလည်း ဘာတခုမှ မရှိ။ လုပ်ချင်တာ အားလုံးကို သည်အိမ်အတွင်းမှာ သူလုပ်နိုင်သည်လေ။ သည် အိမ်ကို စရောက်ခါစကတော့ သူ အလွန်ပျော်သည်။ ဂေဟာမှာလို မဟုတ်တော့ အတော့်ကိုပင် လွတ်လပ်မှုအရသာကို သူ ချိုမြိန်နေခဲ့မိသည်။

သည်လိုနဲ့ ရက်တွေ ဘယ်လောက် ကုန်လာမှန်း သူမသိတော့။ ကြာလာတော့ နေ့စဉ် သူဖြတ်သန်းနေရသည့် ပုံမှန်လည်ပတ်မှုများကို သူ စတင် ငြည်းငွေ့လာမိလေသည်။ နေ့စဉ် မနက်စာစား။ ပြီးတော့ နေ့လည်စာ။ ပြီးတော့ သူ့ မွေးစားမိခင်ပြန်လာရင် ညစာစား။ ပြီးရင် အိပ်။
နိစ္စဓူဝ သည်လိုပဲ လည်ပတ်နေလေသည်။

သည်လိုနဲ့ တနေ့သားတော့ မနက်စာ စားအပြီး သူနေ့စဉ် လုပ်နေကျ အလုပ်တခုကို ရပ်နားလိုက်ပြီး မနက်စာ စားနေကျ စားပွဲနားက ပြူတင်းပေါက်ဆီ သူ ချဉ်းကပ်သွားမိသည်။ ပြီးတော့ ပြူတင်းပေါက်မှာ အလှဆင်ထားသည့် ကန့်လန့်ကာတွေကြားမှ သူ့ကိုယ်ကို တိုးဝှေ့လိုက်ရင်း ပြူတင်းပေါက် ဘောင်ပေါ်မှာ သူထိုင်လိုက်မိသည်။ အိုး..... သည်တော့မှ သူ့ အိမ်ခန်းနဲ့ မတူတဲ့ တခြားကမ္ဘာတခုကို သူ စတင် တွေ့လိုက်ရလေသည်။

သူ့အရှေ့မှာ မြင်နေရသည်က ကွက်လပ်တခုနဲ့ ကတ္တရာလမ်းတခု။ ကွက်လပ်ထဲမှာ ကားတချို့ ရပ်ထားတာကို သူ တွေ့နေရသည်။ အမှန်ကတော့ သည်ကွက်လပ်က ကားတွေ ရပ်နားသည့် ပတ်ကင်းလော့ တခုသာဖြစ်သည်။ ဒါပေသည့် သူက ကား မမောင်းတဲ့ကောင်၊ ကားအကြောင်း မသိတဲ့ကောင် ဖြစ်လေတော့ ပတ်ကင်းလော့မှန်းတောင် မသိ။ ကတ္တရာ လမ်းပေါ်မှာတော့ ကားတစင်းစ နှစ်စင်းစ ဖြတ်သန်း မောင်းနှင်သွားနေသည်။ သည်လိုနဲ့ သူ့ အာရုံကို ပြူတင်းပေါက်မှ မြင်နေရသည့် အရာများဆီသို့ စူးစိုက်ထားခဲ့မိသည်။ သည်လိုနဲ့ ကမ္ဘာသစ်တခုကို ပြူတင်းပေါက်မှတဆင့် သူ စတင် ထိတွေ့ခွင့် ရသွားလေတော့သည်။ ထိုနေ့မှစပြီး သူ့မွေးစားမိခင် အိမ်မှ ထွက်သွားသည်နှင့် သူ့ နေ့စဉ်လုပ်သည့် အလုပ်က ပြူတင်းပေါက်မှ မြင်နေရသည့် ကွက်လပ်နှင့် ကတ္တရာလမ်းပေါ်မှ လှုပ်ရှားမှုများကို စောင့်ကြည့်ရခြင်း ဖြစ်သွားလေသည်။

သည်လို စောင့်ကြည့်နေရင်း နေ့စဉ် ကားမျိုးစုံကို သူတွေ့နေရသည်။ တခါတရံ ရေငှက်မျိုးစုံကို အုပ်လိုက် လျှောက်သွားရင်း အစာရှာနေကြတာ သူတွေ့နေရသည်။ တခါတခါလည်း ထိုရေငှက်များကို သူအရမ်း အားကျသည်လေ။ ကိုယ့်အစာ ကိုယ်ရှာ စားရတဲ့အရသာဟာ ဘယ်လိုနေသလဲ။ သည်မှာကတော့ ပင်လယ်ကမ်းခြေနဲ့ နီးနေတော့ ရေငှက်မျိုးစုံကို တနေကုန် တွေ့နိုင်နေသည်လေ။ ပုံမှန်အားဖြင့်တော့ သူ့ပြူတင်းပေါက်မှ နေ့စဉ် သူမြင်နေရသည်မှာ လွတ်လပ်စွာ အစာ ရှာဖွေစားသောက်နေသော မျိုးစိတ် မတူသော အမျိုးစုံသော ရေငှက်များ။ မည်သည့်အခါမျှ အရောင်၊ ပုံစံ၊ အရှိန်နှင့် နံပတ် မတူသော ကားများ။ သူမြင်နေသမျှ အရာအားလုံးက မည်သည့်အခါမျှ မတူသည်များသာ ဖြစ်နေလေသည်။ အချိန်တိုင်းမှာ အားလုံးက ပြောင်းလဲ နေကြသည်လေ။ မပြောင်းလဲသည်က သူ။

သည်လိုနဲ့ သူ့ ပြူတင်းပေါက်က မြင်နေရသော အမြဲပြောင်းလဲနေသည့် အရာများကြားမှာ တနေ့တော့ သည်လူကို သူ စတွေ့ခဲ့လေသည်။ သူ့ အိမ်ရှေ့က ကားလမ်းနဲ့ ကွက်လပ်ပေါ်မှာတောင် ကားတစီးကို တနေ့ ၂ ခါ သူမတွေ့ရ၊ သည်လူ့ကိုကျတော့ စတွေ့ခဲ့ရသည်နေ့ကစပြီး တနေ့ ၄ ကြိမ် တွေ့တွေ့နေရတော့ သူ မှတ်မိသွားလေသည်။ တရက်ပဲ သည်လူ ပျောက်သွားသည်။ သူစောင့် ကြည့်နေသော်လည်း နေ၀င်သည်အထိ သည်လူ ပေါ်မလာတော့။ ဘယ်နေ့လဲတော့ သူ မသိချေ။ နောက်တနေ့ကျတော့ သည်လူ ပြန်ပေါ်လာပြန်သည်။ သည်လိုနဲ့ နေ့စဉ်ရက်ဆက် ပြန်တွေ့ နေရပြန်သည်။ တခါ သည်လူ ပြန်ပျောက်သွား ပြန်သည်။ ညနေ နေ၀င်သွားပြီးသည်အထိ သည်လူ့ကို သူ မတွေ့ရတော့။ သူ့စိတ်ထဲ ၀မ်းနည်း သလိုလိုတောင် ဖြစ်လိုက်မိသေးသည်။ သို့သော်လည်း နောက်နေ့ မနက်ကျပြန်တော့ သည်လူ့ကို သူပြန်မြင်ရပြန်သည်လေ။ သည်လိုနဲ့ အချိန်တခုမှာ သည်လူ ပုံမှန် ပျောက်သွားတာကို သူ မှတ်မှတ် ရရ ရှိသွားတော့သည်။ စိတ်ထဲမှာလည်း ဒီလူ တရက် ပျောက်မယ်- ပြီးရင် နေ့စဉ် ပြန်ပေါ်လာမှာ-လို့ သူ နားလည်သွားသည်။

သည်လိုနဲ့ နေ့စဉ် သည်လူ့ကို သူ ထိုင်စောင့်ကြည့်ဖြစ်နေသည်။ အစောပိုင်း ရက်များကတော့ သည်လူက သူ့ကို သတိထားမိပုံ မရချေ။ သို့သော်လည်း နောက်ပိုင်း ရက်များမှာတော့ သည်လူက ဟိုကြည့် သည်ကြည့် စလုပ် လာလေသည်။ နောက်တရက်တော့ သည်လူနှင့် သူ မျက်နှာချင်း ဆိုင်မိသွားကြသည်။ သူကတော့ သူ့ ပြူတင်းပေါက်မှ တဆင့် အောက်သို့ ငုံကြည့်နေခြင်းသာ။ သည်လူကတော့ သူ့ကို မော့ ကြည့်နေလေသည်။

ထိုနေ့မှစ၍ သည်လူနဲ့သူု အကြည့်ချင်း ဆိုင်ဖြစ်နေသည်မှာ သူ့ ပြူတင်းပေါက်ရှေ့မှ သည်လူ ဖြတ်တိုင်း ဖြစ်နေလေတော့သည်။ သူ့ စိတ်ထဲမှာတော့ သည်လူက သူ့ အဖော် ဖြစ်နေလေပြီ။ သည်လူကလည်း သူ့လိုမျိုး ဖြစ်နေလေသည်လားတော့ မသိ။ သူ့ ပြူတင်းပေါက်ရှေ့ ရောက်တိုင်း သူ့ကို မော့်ကြည့်လေသည်။ သူကတော့ သည်ပြူတင်းပေါက်ပေါ်ကနေကြည့်ပြီး သည်လူ့ ဘ၀ကို အားကျမိနေသေးသည်။ စိတ်ထဲ စဉ်းစား နေမိသေးသည်က ဒီလူကတော့ တရက် ပျောက်သွားသေးတယ်။ ငါကတော့ တရက်မှ မပျောက်နိုင်ဘူး။ နေ့တိုင်း ဒီ ပြူတင်းပေါက်ကပဲ ထိုင်ကြည့်နေရတယ်။ ဒီလူ့ ဘ၀လိုမျိုးကို ငါကျတော့ ဘာလို့ မရတာလဲ။ သူစဉ်းစား မိလိုက်သည်။ အဖြေကတော့ မရှိ။ ပြူတင်းပေါက်ရှေ့မှာ တွေ့နေရသည့် ရေငှက်တွေကိုတောင် မဆီမဆိုင် သူ ကျိန်ဆဲလိုက်မိသေးသည်။ ဒီကောင်တွေကလည်း နေ့တိုင်းပဲ---ဟွန်း...။

----------

အိမ်မှန်ရင် တံခါးတပေါက်ကတော့ ရှိကိုရှိရသည်။ တံခါးမရှိရင် အိမ်မဟုတ်ရ။ ဒါကိုတော့ ဘယ်သူကမှ အဓိပ္ပါယ် သတ်မှတ်ထားခဲ့သည်မဟုတ်။ ဒါပေသည့် အခြေခံကျကျ ပြန်တွေးကြည့်လျင် အိမ်မှန်ရင် တံခါး တပေါက်တော့ ရှိရမည်။ ဒါမှလည်း သည် အိမ်ထဲသို့ ၀င်လို့ ထွက်လို့ ရမည် မဟုတ်လား။ တချို့အိမ်တွေမှာတော့ တံခါးက တခုထက်မက ရှိသည်လေ။ အိမ်ရှေ့တံခါး၊ အိမ်နောက်တံခါး-စသည်ဖြင့်။

နောက်ပြီး အိမ်မှန်ရင် ပြူတင်းပေါက် တခုတော့ အနည်းဆုံး ရှိကြရသည်။ ပြူတင်းပေါက် အရေအတွက်ကလည်း ယေဘူယျအားဖြင့် အိမ်မှာ အခန်းရှိသလောက် ပြူတင်းပေါက်တွေ ရှိကြသည်လေ။ ပြူတင်းပေါက် လုံးဝမရှိရင်တော့ ဒါ အိမ် မဖြစ်နိုင်ချေ။ တခြားတခုခုသာဖြစ်မည်။ ဥပမာ- အချုပ်ခန်း - ဒါမှ မဟုတ် အကျဉ်းထောင်- စသည်ဖြင့်။

ပြောရရင် တံခါးဆိုတာကတော့ အပြင်ကနေ အိမ်ထဲကို ၀င်ဖို့ - ဒါမှမဟုတ် အိမ်ထဲကနေ အပြင်ကို ထွက်ဖို့။ ပြီးရင် ၀င်စေချင်သူကို ၀မ်းသာအားရ ဖွင့်ပေးဖို့ - ဒါမှ မဟုတ် မ၀င်စေချင်သူကို အိမ်ထဲ ၀င်မလာနိုင်အောင် ပိတ်ဆို့ထားဖို့သာ ဖြစ်လေသည်။ ဒါက တံခါးရဲ့ အလုပ်။ တနည်းပြောရရင်တော့ တံခါးဆိုသည်မှာ လွတ်လပ် ကျယ်ပြန့်သော ပြင်ပလောကကြီးနဲ့ ကျဉ်းမြောင်း ကျပ်တည်းသော အိမ်ဆိုသည့် အရပ်တခုကို ဆက်စပ်ပေးသောအရာ - သို့မဟုတ် - အဆက် ဖြတ်ပေးသော အရာသာ ဖြစ်လေသည်။ ဒါကြောင့်မို့လည်း တံခါးပိတ်ဝါဒ၊ တံခါးပိတ်ထားသူ - စသည့် ဝေါဟာရများကို မြင်တွေ့ ကြားသိ နေကြရခြင်းဖြစ်သည်လေ။

ပြူတင်းပေါက်ကတော့ တံခါးက မလုပ်ပေးနိုင်သည့် အလုပ်များ- သို့မဟုတ် - တံခါးက လုပ်လို့ မဖြစ်သည်များကို လုပ်ပေးနေသော အရာတခုသာ ဖြစ်လေသည်။ ဥပမာ - အိမ်ထဲသို့ သန့်ရှင်းလတ်ဆတ်သော လေညင်း- သို့မဟုတ် - ကြည်လင်တောက်ပသော အလင်း-စတာတွေကို အိမ်ထဲသို့ ၀င်ခွင့်ပေးခြင်းမျိုး။ သို့သော်လည်း ပြူတင်းပေါက်နဲ့တံခါး မတူသည်များက ထူးခြားနေသေးသည်။ တံခါးက ပိတ်ဆို့နိုင်သည်၊ ဖွင့်ပေးနိုင်သည်။ တံခါးက ပြင်ပလောကနဲ့ အိမ်ကို ဆက်စပ်နိုင်သည် - အဆက်ဖြတ်နိုင်သည်။ ပြူတင်းပေါက်ကတော့ သည်လိုမဟုတ်၊ ပြူတင်းပေါက်က အိမ်ထဲမှာ ရှိနေသူကို ပြင်ပလောကကြီးကို ကြည့်ခွင့်ပေးသည်။ ပြင်ပလောကမှာ ရှိနေသူကိုလည်း အိမ်ထဲသို့ တပိုင်းတစ ရှုမြင်ခွင့် ပေးသည်။ ဒါပေသည့် ကျိန်းသေတာ တခုကတော့ ပြူတင်းပေါက်က ကြည့်ရှုယုံသာဖြစ်ပြီး ၀င်လို့ထွက်လို့မရ။

တနည်းပြောရရင် ပြူတင်းပေါက်က မတူသည့် ကမ္ဘာနှစ်ခုကို မည်သည့်အခါကမျှ ရောယှက်ခွင့် မပေးချေ။ အကျိုးဆက်အဖြစ် ပြူတင်းပေါက်တခုရဲ့ ဟိုဖက်သည်ဖက်မှာ ရှိနေသမျှ တဦးနဲ့တဦး မြင်ယုံသာမြင်ရပြီး မည်သည့်အခါမျှ နားလည်မှု ရလိမ့်မည် မဟုတ်ချေ။

- အောင်သာငယ် -

10 comments:

စိုးထက် - Soe Htet ! said...

ပြူတင်းပေါက် ကနေ လာချောင်း သွားပါတယ် ... အစ်ကို့ စာတွေ ကို မိုက်ခရိုဆော့ဖ်ထ် ၀င်းဒိုးစ်ကနေ ဖတ်ရတာ မို့ :P

Anonymous said...

very nice presentation!
have you met the guy at the window? if so, we can wait for the more writing on your walking :D
by the way, i have a copy of DVD. it is the record on your mother's funeral and Yet Lel (traditinal ceremony one week after she passed away).
i will copy and post it to u in a few days.
Zarny Win

K said...

Excellent touch, symbolizing the unexplainable condition with three objects.

pandora said...

ဒီလိုစာမျိုး ကြိုက်တယ်

M.Y. said...

ရသစာစု ဆိုတာထက် စိတ်အလျဉ်တွေ။လောက ဓမ္မ တွေ နဲ့ တွေးစရာတွေ ၊ အများကြီးပေးတဲ့ ၀တ္ထုတိုကောင်းတစ်ပုဒ်လို့ ဆိုချင်တယ်၊ character ဇာတ်ကောင်က နှစ်ယောက်ထဲပဲ ၊ ဒါပေမယ့် အဖြစ်အပျက်ပေါင်းများစွာကို လှမ်းမြင်လိုက်ရတယ်..

သက်ဝေ said...

အကို..
မကြာမကြာရောက်ဖြစ်ပါတယ်။ စာတွေလာဖတ်ပါတယ်။
ဒါပေမယ့် မှတ်ချက်တော့ မရေးဖြစ်ခဲ့ဘူး။
ဒီဝတ္ထုလေးကို ကြိုက်တယ်။

ချမ်းမြေ့ပါစေ...။

ကောင်းကင်ကို said...

လူနှစ်ယောက် နှီုင်းယှဉ်ပြီး ရေးသွားတာ လှတယ် အစ်ကို။ နိဂုံးကလည်း လှတယ်။ အတွေးပွ့းစေတယ်။ ဒီဝတ္ထုလေး ကြိုက်တယ် အစ်ကို။

tututha said...

ပြူတင်းပေါက် ကြိုက်တယ်အစ်ကို။ အဲလိုပုံစံမျိုး တူးလည်း ရေးကြည့်ဖူးတယ် သိပ်တော့အားမရပါဘူး။ အစ်ကို့ဝတ္ထုကတော့ တကယ်မိုက်တယ်။

sin dan lar said...

ို့ဒီဝတ္ထုကလေး ကြိုက်တယ်

Thein said...

ကောင်းပါသည် ဘရာသာ ...