May 30, 2008

မိုင်ပိုမောင်းမိတဲ့နေ့


စားသောက်ဆိုင်ကြီးတခုမှာ သူ အလုပ်လုပ်သည်။ ထိုဆိုင်က အကြီးကြီးဖြစ်ပြီး ကမ္ဘာအရပ်ရပ်က အစားအသောက်မျိုးစုံကို တည်ခင်းရောင်းချသည်ဆိုတော့ မီးဖိုချောင်ထဲမှာကိုက အစားအသောက်တွေကို လိုက်လို့ တာဝန်ခံတွေက အများကြီး ရှိသည်လေ။ သူကတော့ အဲသည် စားသောက်ဆိုင်ကြီးရဲ့ အာရှအစားအသောက်ပိုင်းမှာ တာဝန်ခံ။

သည်နေ့တော့ အလုပ်သွားဖို့ သူ့အိမ်က ကားမောင်း ထွက်လာပြီးလို့မှ သိပ်မကြာသေး မိုးက ရုတ်တရက်ကြီး ရွာချလာလေသည်။ ရွာသည်မှ အတော့်ကို သည်းသည်းထန်ထန်။ အမြင့်ဆုံးသို့ တင်ထားသည့်တိုင်အောင် ၀င်းဒ်ရှီးလ်ဒ်ပေါ်က မိုးရေတွေကို သူ့ကားဝိုက်ပါက အကုန်လုံး မသုတ်ပေးနိုင်ချေ။ ဒါကြောင့် မိုးရေတွေ ရှုပ်ရှက်ခပ်အောင် တွန့်လိမ် စီးကျနေသည့် ၀င်းဒ်ရှီးလ်ဒ်မှတဆင့် ကားလမ်းကို ၀ိုးတ၀ါးသာ သူ မြင်နေရတော့သည်။ သည်လိုနဲ့ သူလည်း မောင်းနေသည့် အရှိန်ကို လျှော့ချလိုက်ရပြီး အရှေ့က လမ်းကိုသာ အသည်းအသန် ကြည့်နေရတော့သည်လေ။ သူ့ အရှေ့က ကားတွေလည်း ထို့အတူ။ သည်လိုနဲ့ လမ်းပေါ်မှာ ရှိသမျှ ကားတွေအားလုံး ဖြေးဖြေးချင်းသာ မောင်းနေကြရတော့သည်။ သည်အချိန်မှာ အဓိကက အန္တရာယ် မဖြစ်ဖို့ မဟုတ်လား။ ခရီးဖင့်သွားတာကတော့ ကိစ္စသိပ်မရှိ၊ ဘေးကင်းဖို့သာ လိုရင်း ဖြစ်သည်လေ။ သည်လိုနဲ့ သူ့ကားကို အန္တရာယ် မဖြစ်အောင် ဖြေးဖြေး ဂရုစိုက် မောင်းနေရင်းမှ - အား .... ငါတော့ ဒီနေ့ အလုပ် နောက်ကျပြီ။ အိုး ဘာပဲ ဖြစ်ဖြစ်လေ ဘ၀မှာလည်း တခါတခါ သည်လိုပဲ အရှိန်တွေ လျှော့ရတာပဲဟာ - လို့ သူ တွေးနေမိလိုက်သေးသည်။

သည် အခါမဲ့ မိုးကြောင့် အလုပ်ကို သူရောက်တော့ ဆယ်မိနစ်လောက် နောက်ကျသွားလေသည်။ သို့သော်လည်း သူ ကံကောင်းလေသည်လားတော့ မသိ၊ အလုပ်ရှင်ကလည်း ရောက်မလာသေးချေ။ သူ့လို အလုပ်သမားတွေချည်းသာ အလုပ်ထဲမှာ ရှိနေသည်။ ဒါပေသည့် သူ တာဝန်ယူရသည့် နေရာမှာတော့ သူ့အောက်က လူတွေအားလုံးက ရောက်နှင့် နေကြပြီးပြီ။ နာရီကို သူ လှမ်းကြည့်လိုက်တော့ ၃ နာရီ ၁၂ မိနစ်။ သူ ၁၂ မိနစ် နောက်ကျနေပြီ။ အမှန်ဆို သူက သည်မှာ တာဝန်ခံ ဖြစ်သူဆိုတော့ အရင် ရောက်ကိုနေရမည် ဖြစ်လေသည်။ ယနေ့အဖို့တော့ သူ မတတ်နိုင်တော့။ မျက်နှာ ပူပူနဲ့ပဲ သူ့ လက်ထောက် တယောက်ကို - ဟေး ဘယ်လိုလဲ- ဟု လှမ်းနှုတ်ဆက်လိုက်ရသည်။ ထိုသူကတော့ သူ့ကို ပြန်ပြုံးပြရင်း - ဒီလိုပါပဲ ဆရာရေ့၊ ဆရာလည်း မိုးမိသွားတယ်ထင်တယ်၊ ကျနော်တို့အားလုံးလည်း အခုလေးတင်ပဲ ရောက်လာကြတာ။ ဆရာ့ထက် တမိနစ်လောက်ပဲ စောမယ် - ဟု ပြန်ပြောလေသည်။ သည်စကားကို ကြားတော့မှပဲ သူ သက်ပြင်း ချနိုင်သွားသည်။ - အို တခါခါတော့လည်း ဘ၀မှာ ဒီလိုပါပဲ။ တယောက်နဲ့ တယောက်ကလည်း သိပ်ကွာကြတာ မဟုတ်ပါဘူး - ဟု သူ့ဘာသာသူ စိတ်သက်သာရာရသွားရင်း ဖြေတွေး တွေးလိုက်မိသေးသည်။

သည်လိုနဲ့ လုပ်စရာရှိသည်များကို ဆက်တိုက် လုပ်နေရင်းက - အင်း ဒီနေ့ကတော့ သောကြာနေ့ဆိုပေမယ့် မိုး အသည်းအသန် ရွာနေတာဆိုတော့ သိပ် အလုပ်ရှုပ်မယ်တော့ မထင်ဘူး။ စောစော ပြန်ရရင် မနေ့က ရေးလက်စ စာကို အဆုံးသပ်ရဦးမယ်။ ဒီညတော့ အင်တာနက်ပေါ် အပြီး တင်နိုင်မယ်ထင်တယ် - လို့ သူ့ဘာသာ တွေးနေမိလိုက်သေးသည်။

သို့ပေမယ့် ဘယ်အရာတခုကိုမျှ ပုံသေကားချ ပြောလို့ မရနိုင်သည့် သည်ကမ္ဘာကြီးမှာ အရာအားလုံးက သူ ထင်ထားခဲ့ သမျှနှင့် တက်တက်စင်အောင် လွဲသည်လေ။ မိုးတွေ ရွာနေသည့် ကြားက လူတွေကလည်း ၀င်လာမစဲ တသဲသဲ ဖြစ်နေသည်။ စားသောက်ဆိုင်က ခုံတွေလည်း အားလုံး အပြည့်၊ သူတို့တွေ အားလုံးလည်း ရှုပ်ရှက်ခပ်အောင် အလုပ်တွေ အပြည့်။ ဖြစ်နိုင်တာကတော့ အများစုက စနေနဲ့ တနင်္ဂနွေ အလုပ် နားကြသည်ဆိုတော့ သောကြာနေ့ညမှာ ဘာဖြစ်ဖြစ် ရာသီဥတု ဆိုးဆိုး၊ မိုးပဲရွာရွာ ညဥ့်နက် သန်းကောင်တိုင်သည်အထိ နေပြီး အပန်းဖြေလေ့ ရှိကြသည်လေ။ ညဥ့်နက်လေ ဆိုင်တွင်းသို့ဝင်လာသူက ပိုများလေ ဖြစ်နေလေသည်။

သူအလုပ်လုပ်သည့် ဆိုင်က အရက်ဘားလည်း ရှိလေသည်ဆိုတော့ ညဥ့်နက်လေ အရက်ဘားမှာ လူပိုများလေ ဖြစ်လာပြီး သူတို့ အာရှ အစားအသာက်တွေက ပိုပြီး အရောင်း သွက်နေလေတော့သည်။ အရက်နဲ့ အာရှ အစားအသောက်တွေကပဲ ပိုပြီး လိုက်ဖက်နေလေသည်လားတော့ သူလည်း မသိ။ ဘားမှာ လူပိုများလေ သူ တာဝန် ယူထားရသည့် နေရာက လူအားလုံး အလုပ် ပိုရှုပ်လေ ဖြစ်နေလေတော့သည်။ သူကတော့ ညဥ့်နက်မှ ၀င်လာသည့် သကောင့်သား သကောင့်သားမများကို ကျိန်ဆဲနေမိလေတော့သည်။ - ဘာအလုပ်မှ မရှိတဲ့ဟာတွေပဲ ဖြစ်မယ်။ သူများ သားသမီး အိပ်တဲ့အချိန်မှာ ဒင်းတို့က မအိပ်ပဲ အရက် လာသောက်နေကြပုံ ထောက်တော့ တယောက်မှ သောက်ဖိုးတန်ပုံမရဘူး။

ဘာပဲဖြစ်ဖြစ် ကိုယ့် အလုပ်ကိုယ်လုပ်ရမှာဆိုတော့ အော်ဒါတွေလာသမျှကို သူကပဲ ကြီးကြပ်ပြီး စီမံခန့်ခွဲ ပေးနေရသည်လေ။ သည်လိုနဲ့ ဆိုင်ပိတ်သည့် ည ၁၂ နာရီ ထိုးသွားသည့်တိုင်အောင် သူတို့အားလုံး တချက်မျှ မနားလိုက်ရပေ။ ဆိုင်က ၁၂ နာရီ ပိတ်သည်ဆိုသော်လည်း လက်တွေ့မှာက ပစ္စည်းပစ္စယများကို ပြန်လည် ထားသိုရ၊ နောက်နေ့အတွက် လိုအပ်သည်များကို ပြင်ဆင်ရ၊ သန့်ရှင်းရေးလုပ်ရ၊ ကြမ်းပြင်ကအစ ဆေးကြော သန့်ရှင်းရ-ဆိုတော့ အလုပ်အားလုံး ပြီးသည့်အချိန်မှာ ည ၁ နာရီ ထိုးလုနီးနီး ဖြစ်နေလေပြီ။ သူကတော့ ဘီယာ တလုံးကို ဆွဲယူ ဖောက်သောက်ရင်း သူ့လက်ထောက်များကို နောက်နေ့အတွက် အသင့် ထုတ်ထားဖို့လိုသည်များကို ပြောပြီး သူ့ကားရပ်ထားရာ ပတ်ကင်းလော့တ်ဆီသို့ ထွက်လာခဲ့သည်။ ပတ်ကင်းလော့တ်မှ လမ်းပေါ်သို့ မောင်းတက်လိုက်ရင်း သူ့ဘာသာသူ အရမ်းပင်ပန်းနေသည်ကို သိလိုက်သည်။ လူက အရမ်းအိပ်ငိုက်နေပြီ။

သည်လိုနဲ့ စားသောက်ဆိုင်ရှိရာ ရှော့ပင်းစဲင်တာကွန်ပေါင်းဒ်ထဲမှ သူထွက်လာတော့ ည တနာရီ ကျော်နေခဲ့ပြီ။ အိမ်ပြန်လမ်းပေါ်ကို သူဦးတည်လိုက်သည်။ လမ်းမီးများက မလင်းတလင်း။ သည်လိုနဲ့ မောင်းလာရင်း သူ အိပ်ပျော်သလို ဖြစ်သွားသေးသည်ဟု သူထင်လိုက်သည်။ သေတော့မသေချာ။ ဒါနဲ့ လမ်းဘေးက မိုင်နှုန်းသတ်မှတ်ချက် ဆိုင်းဘုတ်ကို သူ လှမ်းကြည့်မိလိုက်သည်။ သူတွေ့ လိုက်သည်က ၃၅။ - What the ----? ၃၅ နဲ့ ငါ ဘယ်အချိန် အိမ် ပြန်ရောက်မလဲ - သူ့ဘာသာ တွေးမိလိုက်သည်။ သည်လိုနဲ့ ဘေးဘီ ၀ဲယာ အရှေ့အနောက် တောင်မြောက် အားလုံးကို သူ စူးစိုက် ကြည့်လိုက်သည်။ ရဲကားနဲ့တူတာဆိုလို့ ဘာတခုမျှ မရှိ။ - အိုကေ- Here we go. - လီဗာကို သူစပြီး ဖိနင်းလိုက်သည်။ သူ့ရှေ့တည့်တည့်မှ မိုင်နှုန်းပြမီတာက ၃၅ မှ ၄၀၊ ၄၅၊ ၅၀၊ ၅၅၊ ၆၀၊ ၆၅၊ ၇၀ တထစ်ပြီးတထစ် တဖြည်းဖြည်းချင်း တက်သွားနေခဲ့သည်။ သည်လိုနဲ့ တနာရီ မိုင် ၇၀ နှုန်းနဲ့ အနက်ရောင် ကတ္တရာလမ်းမမှာ သူစီးမျောသွားခဲ့တော့သည်။

သည်လိုနဲ့ မိုင် ၇၀ နှုန်းနဲ့ သူ စီးမျောနေသည်မှာ ဘယ်လောက်ကြာသွားခဲ့သည်လဲ သူ့ဘာသာ သူမသိချေ။ သူ သတိ ထားမိလိုက်ချိန်မှာတော့ သူ့နောက်ကြည့်မှန်ထဲက မြင်နေရသည့် အ၀ါရောင် ကားမီးလေး ၂ လုံး။ ပထမတော့ ဒါ တခြားကား တစီးစီးရဲ့ ရှေ့မီးလုံးပဲ ဖြစ်မည်လို့ သူ တွေးလိုက်မိသေးသည်။ ဒါပေသည့် သည် မီးဝါ၂ လုံးက သူ့လိုပဲ မိုင် ၇၀ နှုန်းနဲ့ သူ့နောက်က အရှိန်အတူတူ စီးမျောနေတာဆိုတော့ - ဟိုက် ….. ဒါ ရဲကားလား။ သူ့ နောက်ကြည့်မှန်ထဲက တဆင့် သူ့နောက်က ကားကို သူ အသေအချာ ကြည့်လိုက် မိသေးသည်။ ကားခေါင်မိုးပေါ်မှာ ရဲကားတွေလို မီးတန်း ပါသလားပေါ့။ သည်လိုကျတော့လည်း မီးတန်းကို သူမတွေ့ရ။ သူ့စိတ်ထဲမှာ ဇဝေဇ၀ါတော့ ဖြစ်သွားသည်။ ဒါဆို ရဲကား မဟုတ်ဘူး၊ ဒါပေမယ့် အမှတ်အသား မပါတဲ့ ရဲကားလည်း ဖြစ်နေနိုင်သေးသည်။ သည်လိုနဲ့ လီဗာကို ပုံသေနင်းထားရာက သူ စပြီး လွှတ်ပေး လိုက်တော့သည်။ မိုင်နှုန်းပြမီတာက တဖြည်းဖြည်းနဲ့ ကျသွားနေသည်။ ၆၅၊ ၆၀၊ ၅၅၊ ၅၀၊ ၄၅၊။ လမ်းဘေးကို သူ ကြည့်လိုက်တော့ သတ်မှတ်မိုင်နှုန်းက ၄၀။ မီတာက ၄၀ ရောက်သွားတော့မှ လီဗာကို သူ ပြန်ထိမ်းလိုက်သည်။ ကားက ၄၀ နဲ့ သွားနေသည်။ သူ့နောက်က မီးဝါ ၂လုံးကလည်း သူ့လိုပင် သူ့ အနောက်က ၄၀ နဲ့ လိုက်လာ နေသည်။ သည်မှာ သူ သိလိုက်သည် - ကြိမ်းသေတယ် ဒါ ရဲကားပဲ၊ အမှတ်အသား မပါတဲ့ ရဲကား။ သူ ဘာလုပ်ရမှန်း မသိတော့။ သည်အချိန်မှာပဲ နောက်ကားဆီမှ အနီရောင်နဲ့ အပြာရောင် မီးမျိုးစုံက တဖြတ်ဖြတ် လင်းလက်လာသည်လေ။ အဓိပ္ပါယ်ကတော့ နောက်ကားက ရဲကားဖြစ်ပြီး သူ့ကို ရပ်ခိုင်း (Pull Over) နေခြင်းပင်။

သည်လိုနဲ့ ကားလမ်းရဲ့ညာဖက်ခြမ်းရှိ ကွက်လပ်တခုဘေးမှာ ကားကို သူရပ်ပေးလိုက်သည်။ အရေးပေါ် ကားရပ်လျင် ပြရသည့် မီးကိုလည်း သူဖွင့်လိုက်သည်။ ပြီးတော့ သူ့ ဒရိုင်ဘာလိုင်စင်၊ ကားအင်းရှူးရဲင့်စ်၊ ရက်ဂျစ်စ်တြေးရှင်း စသည်များကို သူ ရှာဖွေ ထုတ်ထားလိုက်သည်။ ပြီးတော့ ရောက်လာမည့် ရဲ အရာရှိကို သူ စောင့်နေလိုက်သည်။

နောက် တမိနစ်လောက်ကြာတော့ အသက် ခပ်လတ်လတ်အရွယ် ရဲအရာရှိကို သူ့ ဒရိုက်ဘာဆိုဒ် ၀င်းဒိုးမှာ သူတွေ့ လိုက်ရသည်။ Do you know why I stop you, sir? သူကတော့ ဘာမှ ပြောမနေတော့ပဲ ကားတံခါးကိုဖွင့်ကာ သူရှာဖွေထုတ်ယူထားသည့် စာရွက်စာတမ်းအားလုံးကို ထို ရဲအရာရှိအား ကမ်းပေးလိုက်သည်။ ရဲအရာရှိက သူပေးလိုက်သမျှတွေထဲက ဒရိုင်ဘာလိုင်စင်ကဒ်ပြားကိုသာ ယူသွားပြီး ကျန်သည်များကို သူ့ကို ပြန်ပေးလေသည်။ ထို့နောက် ထုံးစံအတိုင်း ရဲကားဆီသို့ပြန်သွားပြီး သူ့လိုင်စင်နံပတ်ကို ကွန်ပြူတာထဲ ရိုက်ထည့်ပြီး Background Check လုပ်နေလေသည်။ ထို့နောက် သူ့ကားဆီသို့ ပြန်လာပြီး သူ့ကို မေးလေတော့သည်။ Do you have any reason for speeding, Sir? You go 70 in 35-mile-zone. I just watch you passing me 70 and I just follow you. And you kept going 70. What is the reason? သူ ခဏတော့ ဆွံ့အနေလေသည်။ သို့သော်လည်း သူ့ ပါးစပ်က စကားတွေ အလိုအလျောက် သူမရည်ရွယ်ပဲ ထွက်သွားလေသည်။ - I am so sorry, Officer. I don’t mean to do this. But I had a long tired day and I felt so sleepy that’s why I didn’t want to fall asleep on my wheel. I want to be home right away and take a rest. That’s all. When I realize I am going over the speed limit I started reducing my speed as you see, right? သူ ပြောသမျှကို ထိုရဲအရာရှိက ခေါင်းငြိမ့်ရင်း နားထောင် နေခဲ့သည်။ ထို့နောက် သူ့ကို ပြန်ပြောသည် - You already have a traffic ticket for speeding last year. I just ran a check. And I like to know why you get that ticket.

သည်မှာ သူပြန်စဉ်းစားလိုက်မိသည်။ မနှစ်က သည်လိုအချိန်ပေ။ သူက အလုပ်ထဲမှာ။ သူ့အမျိုးသမီးက သားလေး၂ယောက်နဲ့ ဘုရားကျောင်း သွားတက်သည်။ သူက အလုပ်ထဲက သွားပြန်မကြိုနိုင်တော့ ဘုရားကျောင်းကလူတွေက သူတို့ သားအမိကို အိမ်ရှေ့မှာ ချထားပေးခဲ့သည်။ သည်မှာ အိမ်သော့ကို အမျိုးသမီးက အိမ်ထဲမှာ မေ့ထားခဲ့သည်။ သည်လိုနဲ့ အိမ်ထဲကို သူတို့ သားအမိတွေ ပြန်ဝင်လို့ မရတော့။ သည်တော့ သူ့ကို ဖုန်းခေါ်ပြီး ပြောတော့ သူကလည်း စားသောက်ဆိုင်ကနေ ကမန်းကတမ်း ကားမောင်းပြန်ခဲ့ရသည်လေ။ သည်မှာ လမ်းပေါ်မှာ သူ့ရှေ့တည့်တည့်ကနေ သူ့ကို ပိတ်ပြီးမောင်းနေသော လိပ်ကား ၃ စီးကို သူ့နောက်တည့်တည့်မှာ ရောက်နေသော ရဲကားကိုတောင် သတိမထားမိပဲ ယာဉ်ကြော ထဲမှာ ဇစ်ဇက် (Zig-Zag) လုပ်ခဲ့သော သူ့ကို ရဲမေ ၂ ဦးက လမ်းပေါ်မှ ဆွဲချခဲ့ဖူးသည်လေ။ သည် အဖြစ်အပျက်ကိုတော့ ကျော်ဟိန်းဆိုခဲ့ဖူးသော သီချင်းတပုဒ်ထဲလိုပဲ - ဘယ်တော့မှ မမေ့ဘူး… ဘယ်တော့မှ မမေ့ဘူး … - ဟု သူ့မဟေသီက သူ့ကို နောက်ခဲ့သည်လေ။

ဒါနဲ့ အဲသည် အဖြစ်အပျက်ကို Honestly အစချီပြီး ရဲအရာရှိကို သူက ရှင်းပြခဲ့လေသည်။ ရဲအရာရှိကလည်း သူပြောတာကိုနားထောင်ပြီး Anyway do you drink alcohol tonight? ဟု မေးလေသည်။ သူ ဘီယာတလုံး သောက်ထားခဲ့သည်။ ဒါပဲ၊ သူမမူးခြေ။ Yes, I just drink a can of beer. သူ အမှန်အတိုင်းပဲ ပြောလိုက်သည်။ ရဲအရာရှိက Where do you work, Sir? ဟု သူ့ကိုမေးလေသည်။ I work at the downtown park that you might know. ဟု သူပြန်ဖြေလိုက်လေသည်။ ရဲအရာရှိကလည်း I see, I know where it is. ဟု ပြောလေသည်။

သည်လိုနဲ့ သူ ရိုးရိုးသားသားပြောသည်ကို ယုံကြည်သွားလေသည်လားမသိ ထို ရဲအရာရှိက - OK! Drive safely and slow down! ဟု သူ့ကိုပြောပြီး သူ့ ဒရိုင်ဘာလိုင်စင်ကို သူ့လက်ထဲသို့ ပြန်ထည့်ပေးသွား သည်လေ။ သူက မယုံနိုင်အောင် ဖြစ်မိသွားရင်း Unbelievable! No ticket! No nothing! သူ့ဘာသာသူ ပြန်မေးနေမိသည်။

----------

သူ မိုင်ပိုမောင်းမိတာတောင် ဘာပြသနာမှ မဖြစ်သည်ကို တကယ်တော့ သူ ဂုဏ်မယူပါ။

တကယ်ကလည်း ဘ၀ဆိုသည်မှာ လမ်းတခုလိုပဲ ဖြစ်လေသည်။ လမ်းခြေအနေကိုလိုက်ပြီး သည်လမ်းမှာ သည်မိုင်နှုန်း။ ဟိုလမ်းမှာ ဟိုမိုင်နှုန်း၊ စသည်ဖြင့် သတ်မှတ်ထားကြရသည်။ ဒါကလည်း အလကားနေရင်း သတ်မှတ်ထားခဲ့သည်မဟုတ်။ သည်လမ်းမှာ သည့်ထက်ပိုမောင်းခဲ့လျင် ဖြစ်ပေါ်လာမည့် အန္တရာယ်များမှ အားလုံး လွတ်ကင်းအောင် သတ်မှတ်ထားခြင်းသာဖြစ်သည်လေ။

ဆိုတော့ ပြောရရင် ဘ၀ထဲမှာလည်း မိုင်နှုန်း ပိုမမောင်းသင့်ချေ။ ပိုမောင်းလျင်တော့ ...

ဒါပေသည့် သူကတော့ နှစ်ကြိမ်တိုင်တိုင် မိုင်ပိုမောင်းခဲ့မိသည်။

ဘ၀ထဲမှာ မိုင်ပိုမောင်းခဲ့မိသည့်သူ့အား ခွင့်လွှတ်နိုင်သူများက ခွင့်လွှတ်စေချင်ပါသည်။

- အောင်သာငယ် -

1 comment:

ကောင်းကင်ကို said...

ကိုယ်ပိုင် အတွေ့ အကြုံလားဗျ။ ရဲကား ကိုယ့်ကားနောက်ကို လိုက်တဲ့ပုံကိုရေးထားတာက လျှို့ ဝှက်သဲဖို ဆန်တယ်။ စာဖတ်သူကို ဆွဲဆောင်သွားတယ်ဗျာ။ ကိုယ်တွေ့ လား အစ်ကို။ ကျွန်တော်ကတော့ ဘဝဆိုတဲ့ကားမှာ
မိုင်လျှော့မောင်းမိတာ ခပ်များများ။ အဲ...တကယ်အရေးကြီးလာတဲ့အချိန်ရောက်မှ speed တွေတင်ပြီး accident တွေ ခဏခဏဖြစ်ရော