Nov 22, 2009

အက်စ်တိုးရီးယား (၄)















ကောင်းမြတ်သော မင်္ဂလာမနက်ခင်းပါ
အက်စ်တိုးရီးယားရေ့…

အိပ်ယာဝင် နောက်ကျသွားခဲ့လေတဲ့
တေလေ တယောက်လို
မထချင်သလို ထချင်သလိုနဲ့
နိုးထလာခဲ့ရတဲ့ မနက်ခင်းလေ…
တနင်္ဂနွေနေ့ဆိုတာကိုတောင်
ငါ မေ့နေပေါ့…

မင့် မနက်ခင်းတွေကလည်း
အမြဲတမ်းပဲ မိုးတွေ စွေစွေနေပြန်တော့
လွမ်းအောင်ဖန်တယ်-ဆိုတဲ့ စကား
သတိရမိသွားသေးတယ်
အက်စ်တိုးရီးယားရေ့…

မြောက်ပြန်လေလို့ ခေါ်မလား
အေးစက်မှုများကို သယ်သယ်လာတဲ့ လေပြင်းပြင်းကြီးတွေ
မင်းရဲ့ လူသူကင်းမဲ့နေတဲ့ လမ်းများပေါ်
လမ်းသလားနေပေါ့…
ငါကတော့ ငါ့ဂျာကင်အင်္ကျီကို ဇစ်ဆွဲစေ့ရင်း
မင်းရဲ့ လမ်းတလမ်းကို နင်းလိုက်တယ်…

အေးစက်မှုကို ခံစားနေရတဲ့
ငါ့အရေပြားတွေဟာ
ဂျာကင်အင်္ကျီကို ခြုံလိုက်တဲ့အခါ
နွေးထွေးသွားကြတာပါပဲ…
သို့သော်လည်း
သည်အေးစက်မှုထက် အေးစက်တဲ့
မဲနက်စိုထိုင်းနေတဲ့
အအေးလှိုင်းတခုကို ခံစားနေရတဲ့
ငါ့နှလုံးသား
ဘယ်လို အင်္ကျီကိုများ
လွှမ်းခြုံထားရဦးမလဲကွယ့်..
အက်စ်တိုးရီးယားရဲ့…
ငါ့ကို ပြောခဲ့ဦး…

စောင် ခြုံရင် မလုံ
အချစ် ခြုံမှ လုံ-သတဲ့…

အက်စ်တိုးရီးယား ငဲ့…
ငါ့ရဲ့ ပျောက်ဆုံးနေခဲ့တဲ့ “နှင်း”…
မင်း ပြန်ရှာပေးပါလေ…
သူ့ အချစ်တွေကို ငါခြုံမှ
ငါ့ဘ၀လေး လုံတာပါ…

မင်းရဲ့ လမ်းတွေကို
လျှောက်လှမ်းမိတိုင်း
ငါ့ရဲ့ “နှင်း”ကို တမ်းတမိ…
ခုချိန်ဆို သူ ဘယ်လို ရှိနေမလဲ
သတိရနေတဲ့အခါ
ငါ့ နှလုံးသားတွေ နာကျင်…
ငါ ငိုချင်တယ်… အက်စ်တိုးရီးယားရေ့…

အလွမ်းသမား-လို့ ငါ့ကို မပြောနဲ့
အက်စ်တိုးရီးယားရဲ့…
အဖေ့ကို လွမ်းရင်း အမေက ငါ့ကို မွေးထားခဲ့တာ…
အလွမ်းဟာ ငါ မမွေးခင်ကတည်းက
ငါ့ရင်မှာ ၀င်ခိုနေပြီးသား…

မင်းရဲ့ မှုန်ရီဝေဆိုင်း
အေးစက်ထုံထိုင်းနေတဲ့ ရာသီရိုင်းရိုင်းကြီးက
ငါ့ အလွမ်းတွေကို နှိုးထနေတာပေါ့ကွယ့်…
အက်စ်တိုးရီးယားရဲ့…

မင်းရဲ့ မှောင်မဲ မှုန်ရီ အေးစက် စိုစွတ်နေတဲ့ မနက်ခင်းမှာ
လူ့ဘ၀အတွင်းမှာ မရှိတော့တဲ့ အမေ့ကို လွမ်းတယ်…
ကျန်းမာရေး မကောင်းတော့တဲ့ အဖေ့ကို လွမ်းတယ်…
ငါ့ဘ၀တခြမ်းလို ဖြစ်နေခဲ့တဲ့
ငါ့ရဲ့ အကိုကြီးကို လွမ်းတယ်…
လောကဓံ ကြမ်းကြမ်းကြီးတွေကို
ရက်ရက်စက်စက် ခါးစည်းခံနေရတဲ့
ငါ့ရဲ့ ညီမလေးကို လွမ်းတယ်…
အခန်းထောင့်တခုမှာ ငါထားပစ်ခဲ့တဲ့
ဂစ်တာလေးတလုံးကို လွမ်းတယ်…
နွေရာသီမှာ စမ်းချောင်းကလေး ဖြစ်ဖြစ်သွားတတ်တဲ့
ငါ့ရဲ့ ရွာလယ်လမ်းကလေးကို လွမ်းတယ်…
ညီအကိုအရင်းတွေလို ချစ်ခင်ခဲ့ကြတဲ့
သူငယ်ချင်းတွေကို လွမ်းတယ်…
ညညတိုင်းမှာ ဂစ်တာထိုင်တီးခဲ့တဲ့
သစ်သားခုံတန်းလေးကို လွမ်းတယ်…
အပူအပင်တွေ လုံးဝ မသမ်းဖူးသေးတဲ့
ငါ့ရဲ့ ကလေးဘ၀လေးကို လွမ်းတယ်…
အနီးဆုံး ဖြစ်ပေမယ့်… ကမ္ဘာတခြမ်းစာ
အလှမ်းဝေးနေရရှာတဲ့ ချစ်သူကိုလည်း လွမ်းတယ်…

တကယ်တော့
ငါဟာ…
စိတ်ခံစားမှုတွေနဲ့ပဲ ကျွမ်းလောင်နေခဲ့တဲ့
အလွမ်းကောင်ကြီးပါ… အက်စ်တိုးရီးယားရဲ့…
ငါ့ကို စိတ်ရှည် လက်ရှည်နဲ့
ထမ်းပိုးထားပေးခဲ့တဲ့ မင်းကို
သည် မနက်ခင်းမှာ
ကျေးဇူးတင်လိုက်ပါပေရဲ့…
ညနေရောက်မှပဲ
မင်းနဲ့ တခေါက် ထပ်တွေ့မယ်လေ…

ATN

4 comments:

Anonymous said...

အက်စ်တိုးရီးယား ငဲ့…
ကဗျာဆရာ ရဲ့ ပျောက်ဆုံးနေခဲ့တဲ့ “နှင်း”…
မင်း ပြန်ရှာပေးပါလေ…
သူ့ အချစ်တွေကို ခြုံမှ
သူ့ဘ၀လေး လုံလို့ပါ…

အက်စ်တိုးရီးယား ကဗျာတွေ
အများကြီး ဖတ်ရဖို့ မျှော်လင့်နေပါသေးတယ်

(mama)

မောင်မိုး said...

လွမ်းနေတုန်းပဲလား ကိုကြီးသာ..။ နောက်ထပ် အလွမ်းရတုလေးတွေ ဖတ်ဖို့ စောင့်နေဆဲပါဗျာ။
ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

နှင်းနဲ့မာယာ said...

အကိုရေ
လွမ်းစရာတွေ အများကြီးပါလား...
အက်စတိုးရီးယားကတော့ အကို့အလွမ်းတွေကို
အရောင်တင်ပေးနေပီပေါ့...

နှင်း

သက်ဝေ said...

အကိုရေ...
အက်စတိုးနီးယား.. ၁ ကနေ ၄ အထိ ဖတ်သွားပါတယ်...။ အကို့ရဲ့ ကိုယ်ပိုင်ဟန်အတိုင်းပဲ ကဗျာတွေက အသက်ဝင် လှပနေပါတယ်...
အကို စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာစေဖို့ အမြဲဆုတောင်းနေတယ်နော်...။