Nov 20, 2009

အက်စ်တိုးရီးယား (၂)













အက်စတိုးရီးယားငဲ့…
မင့်ရဲ့ ညနေစောင်းများကလည်း
အေးအေးစက်စက်နဲ့ မဲမှောင် ရီဝေလှချည့်…
ငါ့ဘ၀ထက်တောင် ပိန်းပိတ်နေသလိုပဲ
အဲသဟာကို
ငါ့စိတ်ထဲက အလိုလို မုန်းတယ်…

ဟိုး မြောက်ပိုင်း ရေခဲ ပြည်နယ်များက
အအေးဓါတ် ခါးခါးကြီးတွေကို
သယ်ဆောင်ယူလာနေတဲ့
မင့်ရဲ့ ဦးခေါင်းထက်က လေစီးကြောင်း
ငါတို့ အဖော် အပေါင်း မလုပ်ရင်
ကောင်းမယ် ထင်တယ်..
မင်း ဘယ့်နှယ် သဘောရသလဲ…

အဲသည်လေစီးကြောင်းပေါ့…
ငါ့ခေါင်းပေါ် နှင်းမိုးတွေ ရွာရွာချတာ…
အေးစက်ပါတယ်ဆိုမှ
ငါ့မှာ နောက်တခါ စိုစွတ်ရသေး…
ငါက ငါ့ဘ၀လေးမှာ
မိုးပြိုလို့ ပြေးနေရတဲ့ကောင်ပါ…
ဒါတောင်
မင့်ရဲ့တောင်ကုန်းလေးတွေပေါ်မှာ
အစွမ်းကုန် ငါ ပြုံးပြနေသေးတာ
သူ ကြည့်မရဘူးထင်တယ်…

ထားပါတော့လေ…
အက်စ်တိုးရီးယားငဲ့…
မင့်ရဲ့ လမ်းများပေါ်မှာ
ငါ လျှောက်လှမ်းလာတဲ့အခါ
မင်းက ငါ့ကို ထမ်း
ငါက ငါ့ဘ၀ကြီးကို ထမ်း
“သန်းနိုင်”ရဲ့ “လမ်းဆက်လျှောက်မယ်” သီချင်းကို ငါကဆို…
“ငါ့ကို မုန်းတာ ဘယ်သူတွေလဲ သိချင်စမ်း”
ရူးနှမ်းနေတဲ့ တိရိစ္ဆာန်တကောင်လိုလို…
မင်းကတော့ ငါ့ကို နားမလည်နိုင်သလို ကြည့်နေခဲ့…

သည်မှာ
အက်စ်တိုးရီးယားရဲ့…
ငါ့ကို နားမလည်တဲ့သူတွေအထဲမှာ
“အောင်သာငယ်”ကိုယ်တိုင်ပါ ပါတာပေါ့…
ကျန်သူတွေ နားမလည်တာ
ဘာဆန်းမလဲ…
ဒါကိုပဲ မောင်ရင် သိမှ
စိတ်ဖြေသာရာ ရမှာပါ…

ရှုပ်ထွေးပွေလီနေတဲ့ သြကာသထဲမှာ
“အောင်သာငယ်”ဆိုသည့် ငတိသည်လည်း
ပွေလီရှုပ်ထွေးမှုတွေ အတိနဲ့ပဲ
ဘ၀လမ်းရှိရှိသမျှကို
နင်းလှမ်းနေဆဲဆိုတာ
မင်း သိလိုက်စမ်းပါ့…

ခုလည်း
ညဥ့်နက်နေပြီ…
သည်အခါ
မင့်မျက်နှာကို
ငါကောင်းကောင်း မမြင်ရတော့ဘူး…
ငါက အိမ်ပြန်ရဦးမယ့်သူပါ…
ငါ့အတွက်လည်း ဆုမွန်ကောင်းများ
သတိရတိုင်း တောင်းတောင်းထားပေးပါ့…
အက်စ်တိုးရီးယားရေ့…
နောက်နေ့မှပဲ ထပ်တွေ့ကြမယ်…
မင့်ကို ငါ ချစ်ပါတယ်… …

ATN

3 comments:

Anonymous said...

အောင်သာငယ်..မပါတဲ့
အက်စ်တိုးရီးယားက
ဘယ်လိုနေမှာပါလိမ့်..
သိချင်စမ်းပါ့..း)

(mama)

yawnetthan said...

ကဗျာဖတ်သွားပါတယ်။ အက်စတိုးရီးယား က ကိုအောင်သာငယ် ကို၊ အောင်သာငယ့် အကြောင်း ပြောပြပါလိမ့်မယ်။
အရာရာအဆင်ပြေပါစေ။

Taw Lu Thit said...

အက်စတိုးရီးယားရဲ့ လမ်းမတွေပေါ်မှာ
ဘ၀ပြိုလို့ပြေးရင်း
ခင်ဗျားနဲ့ ကျနော် အက်စတိုးရီးယား
နောက်နှစ်ချို့ ကယ်လ်ဖိုးနီးယား ၀ိုင်ဖြူအလုံးနဲ့
လူတွေ ကျနော်တို့ကို ဘယ်လောက်မုန်းခဲ့တယ်
ကျနော်တို့က လူတွေကို ဘယ်လောက်ပြန်မုန်း ခဲ့တယ်
ဆိုတာကို ပြောကြစို့ ကိုအောင်သာငယ်ရဲ့.