Nov 28, 2009

အက်စ်တိုးရီးယား (၆)














ကွဲအက်နေတဲ့ နှလုံးသားကြီးပေါ်မှာ
အက်စ်တိုးရီးယား ကဗျာတွေကို
ဆက်ပြီး မရေးချင်တော့ဘူး….
သို့သော်လည်း
ဆက်ပြီးတော့ ဖတ်ချင်နေပါတယ် ဆိုတဲ့
ညီလေးတွေ ညီမလေးတွေ အတွက်
ဆက်လက်ရေးဖွဲ့ပေးလိုက်ပါတယ်….
နိဒါန်းဆိုတာကိုက
ကဗျာဆန်နေလေရော့သလား…

အက်စ်တိုးရီးယား (၆)

အက်စ်တိုးရီးယားရေ့…
ခရစ္စမတ်နဲ့ နှစ်သစ်ကူးအတွက် အလှတွေပြင်ဆင်ထားတဲ့
မင့်ရဲ့ လမ်းများက
ခမ်းနားလှချည်ရဲ့…

ငါကတော့
ခမ်းနားခွင့်မရခဲ့တဲ့
ငါ့ရဲ့ဘ၀ သေးသေး သိမ်သိမ်
မှေးမှေး မှိန်မှိန်လေးကိုပဲ
အကြိမ်ကြိမ် အခါခါ တွေးတွေးနေမိ…

မင့်ရဲ့ မြို့လည်ခေါင်ဆီက
ရွှေရောင်တောက်ပနေတဲ့
ဂျင်ဂဘဲလ် ခေါင်းလောင်းများ…
ဓါတ်တိုင်အဟောင်းတွေကြားမှာ
တွယ်ဆက်ထားရရှာတဲ့ ကြိုးတချောင်းထက်က
အသစ်စက်စက် အစိမ်းရောင် ထင်းရူးရွက်များ…
ရိန်းဒီးယားတွေ ဆွဲသွားပေးနေတဲ့ စွတ်ဖား...
မြောက်ပိုင်းပြည်နယ်တွေဖက်ဆီများ
မင့်ကို သယ်ဆောင် သွားလေမလား…
အက်စ်တိုးရီးယားရဲ့…

ရာသီဥတုက
မင့်ဖက်မှာ ရှိနေတာတခုပါပဲ…
တကယ်မှာတော့
မင်းဟာ
မင့် တောင်ကုန်း လှလှလေးတွေကို
မြူတွေနဲ့ ဖုံးဖုံး ချပြီး
ပုန်းပုန်းပြနေရတဲ့ဘ၀ကို
ငါ သိတာပေါ့
အက်စ်တိုးရီးယားရဲ့…

နှင်းတွေ ဖွက်ထားတဲ့
မင်းရဲ့ မျက်နှာ
ငါ ရှာဖွေတွေ့ရှိခဲ့တဲ့ နေ့လေ…
ကိုလံဘီယာမြစ် ကမ်းခြေဟာ
မြူတွေနဲ့သာ မှိုင်းမှိုင်း မှုန်မှုန်..

အဲသည်နေ့မှာ
ငါ့ ရင်တွေ ခုန်ပါတယ်…
မင်းဟာ မြူမှုန် နတ်သမီး…
မာနကြီးပုံလည်း မရဘူးပေါ့…
ငါကတော့
အပြီးအပိုင်ပါပဲ မင်းကို ချစ်သွားမိခဲ့…
အက်စ်တိုးရီးယားရဲ့…

ခုတော့
ခရစ္စမတ်အနမ်းနဲ့
မင့် နှုတ်ခမ်းကို
ငါ နမ်းချင်နေခဲ့
အက်စ်တိုးရီးယားရဲ့…

ငါ့ကို
တဘ၀စာ
တခါလောက်ပါပဲ
နမ်းခွင့်ပေး…

ATN

3 comments:

Anonymous said...

နှင်း နဲ့ အက်စ်တိုးရီးယား ... အကို့ကို ပြန်ချစ်နိုင်
မယ်လို့ မျှော်လင့်မိပါတယ်...

mie nge

Anonymous said...

တကယ်နမ်းချင်နေတာ
အက်စ်တိုးရီးယား မဟုတ်ဖူးဆိုတာသိနေသလိုပဲ

မောင်မိုး said...

အက်စ်တိုးရီးယား အခန်းဆက်တွေတော့ မျှော်နေမိတာ အမှန်ပဲ..။ ဒါပေမဲ့ တစ်ခါတစ်လေ သရက်သီးလေးလဲ စားချင်မိတယ်။ လူ့သဘာဝကိုး။ လွတ်လပ်ပေါ့ပါးတဲ့ ပြဇာတ်တစ်ပုဒ်ကို ခံစားချင်ပါသေးတယ်ဗျာ..။