Showing posts with label ရီစရာပြုံးစရာ. Show all posts
Showing posts with label ရီစရာပြုံးစရာ. Show all posts

May 31, 2009

Garfield (2)

ခုရက်ထဲ သဘောကျနေမိတဲ့ Garfield Cartoon Strip တချို့ပါ။
ဘာလို့လဲ ဆိုတော့ သည်ကာတွန်းလေးတွေက နိုင်ငံရေးပါနေလို့ပါ....း)








၁၉၇၉ ခုနှစ် မတ်လ ၂၃ ရက်။








၁၉၇၉ ခုနှစ် ဧပြီလ ၁၀ ရက်။








၁၉၇၉ ခုနှစ် မေလ ၂၈ ရက်။









၁၉၇၉ ခုနှစ် ဇွန်လ ၉ ရက်။








၁၉၇၉ ခုနှစ် စက်တင်ဘာလ ၁၅ ရက်။









၁၉၇၉ ခုနှစ် အောက်တိုဘာလ ၆ ရက်။








၁၉၇၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်။








၁၉၇၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်။
သည်တခုကိုတော့ သဘောအကျဆုံးပဲ...း)

May 15, 2009

တစိမ့်စိမ့်ကြည့်

(မအယ် ရဲ့ ဘလာဘလာယဉ်ကျေးမှုကို ဖတ်ပြီး သူ့ ပို့စ်ကို ထောက်ခံသည့် အနေဖြင့် သည်စာကို ရေးပါသည်)

ဘယ်နားသွားသွား တိုးတိုး တိုးတိုးနဲ့ ကြားနေရသည်။

- ဟဲ့... သိလား... ဘယ်သူ့ကိုလေ... ဘယ်ဝါက... အ၀ှာအမှု လုပ်လိုက်ပြီတဲ့... အခု ဟိုနေရာကို ပို့လိုက်ပြီတဲ့... ဟိုလောက်တော့ အပြစ်ချမယ်လို့ ပြောနေကြတယ်... သိလား... -

အလွန်တရာ လျှို့ဝှက်အပ်သော အနှီနိုင်ငံကြီးမှာ လင်မယားချင်း စကားပြောလည်း တီးတိုး ပြောရလေသည်။ သည်လိုနဲ့ ဈေးဝယ်ဖို့ သွားသွား၊ ဘတ်စကား တိုးစီးစီး၊ ခရီးပဲ ထွက်ထွက်၊ လဘက်ရည်ဆိုင်ပဲ ထိုင်ထိုင်၊ ဘီယာဆိုင်မှာပဲ နှပ်နှပ် တီးတိုးတီးတိုး ပြောဆိုနေသံတွေ ကတော့ အဆက်မပြတ်ကို ကြားနေရလေသည်။ လူတွေလူတွေ နှစ်ယောက် ရှိနေလို့ကတော့ တီးတိုး တီးတိုး လုပ်၊ တွတ်တီး တွတ်တာ ပြော နေကြတော့သည်။ အထက်မှ တီးတိုးစကားနဲ့ အတူ နောက်ဆက်တွဲ အမြဲကြားနေရသည်ကတော့...

- စိတ်ညစ်ဖို့ ကောင်းလိုက်တာ... -

စိတ်ညစ်ဖို့ပါဆိုမှ ဘယ်လိုလုပ် ကောင်းတော့မလဲ။ ဒီလူတွေဟာ မဟုတ်သေးပါဘူး။ စိတ် မညစ်ဖို့ ကသာ ကောင်းတာ မဟုတ်ဘူးလား။ အတော် ခက်တဲ့လူတွေ။ စိတ်ညစ်ဖို့ဆိုတာကို ကောင်းတယ်လို့ သူတို့ ယူဆနေလို့ အနှစ် နှစ်ဆယ်ကျော်အောင် ထိုင် စိတ်ညစ်နေ ကြတာဖြစ်မယ်။ စိတ်မညစ်ဖို့ကသာ ကောင်းတဲ့ အကြောင်းကို ဒီလူတွေ နည်းနည်းလေးမှ စဉ်းစားမိကြပုံ မပေါ်ဘူး။ ဒီလိုမျိုး ဘာမှ မစဉ်းစားတဲ့ လူတွေ အကြောင်းကို စဉ်းစားရတာလည်း အတော်ကို စိတ် ညစ်ဖို့ ကောင်းတာပဲ။ ဒုက္ခော... အာ.... ကိုယ်ပါ သူတို့ စကားတွေ ခဏခဏ နားထောင်မိပြီး ရောယောင်ပြီး စိတ်ညစ်ဖို့ ကောင်းနေမိပြီ။ ဒုက္ခပါပဲ။

- ဘယ်လို လုပ်ရင် ကောင်းမလဲ မသိတော့ပါဘူး... -

ဟော ကြားရပြန်ပြီ။ စိတ်ညစ်ဖို့ ကောင်းလိုက်တာ ဆိုတဲ့ စကားလိုပဲ။ ဒီစကားကလည်း မဟုတ်သေးပါဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာ မသိရင် - ဘယ်လို မလုပ်ရင် ကောင်းမလဲ - အဲဒါကို တွေးကြရမှာ။ ဒီလူတွေ အဲဒါကို စဉ်းစဉ်းစားစား စဉ်းစားကြပါတော့လား။ ဘယ်လို မလုပ်ရင် ကောင်းမယ့်ဟာတွေကို စဉ်းစားနိုင်ကြရင် ကျန်တာတွေက ဘယ်လိုလုပ်လုပ် လုပ်လို့ ကောင်းမယ့်ဟာတွေပဲပေါ့။ ဒီလောက် လွယ်တာလေးကို။ ဒီလူတွေ မစဉ်းစားနိုင်ကြတာ အံ့ပါရဲ့။ ဒီလူတွေကို ဘယ်လို လုပ်ရင် ကောင်းမလဲ မသိတော့ပါဘူး။ ဟဲ့... ပလုပ်တုပ်... စဉ်းစားရင်းနဲ့ ကိုယ်ပါ ဘယ်လိုလုပ်ရင် ကောင်းမလဲ မသိတဲ့ ဂိုဏ်းဝင် ဖြစ်နေပါပေါ့လား။ မဖြစ်သေးပါဘူး ဖောက်ထွက်ပြီး တွေးဦးမှပဲ။ out of the box လို့ ပြောပြောနေကြတာ အဓိပ္ပါယ်ရှိတယ်။ ဖြန့်ကျက်တွေးတာတို့၊ ဖောက်ထွက်တွေးတာတို့... အဲလိုမျိုးပေါ့။ နေဦး ခုလောလောဆယ် အိပ်ငိုက်နေတော့ ဖြန့်ကျက် မတွေးနိုင်သေးဘူး။ ဖောက်ထွက်ပဲ တွေးတော့မယ်။ ဖောက်ထွက်တွေးဖို့ ခုံပေါ်မှာ မှောက်လျက်လေး ... အဟဲ...း)

- ဒီလိုပဲ ထိုင်ကြည့်နေကြတော့မှာလား... -

ဟော... ကြားရပြန်ပြီ။ ခက်တဲ့လူတွေပဲ။
ဒီလိုပဲ ထိုင်မကြည့်ချင်ရင် ကြည့်နေလို့ရတဲ့ နည်းတွေ အများကြီး ရှိနေတဲ့ဟာကို။
ထိုင်မကြည့်ချင်ရင်
ဖောက်ထွက်တွေးဖို့ မှောက်လျက်ကလေး ကြည့်၊
ဒါမှမဟုတ် နက်နက်တွေးဖို့ ပက်လက်ကလေး ကြည့်၊
ဒါမှမဟုတ် စိတ်လက်အေးဖို့ အိပ်လျက်ကလေး ကြည့်၊
ဒါမှမဟုတ် အရေးအကြောင်းရှိပြေးဖို့ ဘေးစောင်းကလေးကြည့်။

ထိုင် မကြည့်ချင်ရင်တော့ ကြည့်ချင်တဲ့ နည်းနဲ့သာ ကြည့်ကြပေတော့ဗျာ။
ကြည့်ဖို့ပဲ ဆုံး ဖြတ်ထားကြရင်တော့ စိတ်ချမ်းသာသလိုသာ ကြည့်နေကြ ပေတော့။
အကောင်းဆုံးကတော့ အဆိုတော် ဖိုးကာရဲ့ သီချင်းလေးတပုဒ်ရဲ့ ခေါင်းစဉ်လို
တစိမ့်စိမ့်ကြည့် နေကြပေတော့ဗျား...

ဝန်ခံချက်။ ။ ကျနော့် အားနည်းချက် တခုရှိတယ်။ ရွဲ့တတ်တာပါ။ ဘလော့တွေပေါ်မှာ ကွန်မန့်တွေ ကိုလည်း ရွဲ့ပြီး ကျနော် ရေးတတ်တယ်...း) တကယ် စိတ်ထဲက ရေးချင်လို့ မဟုတ်ပါ။ ခုစာကလည်း တကယ် ရီစရာ စာမဟုတ်ပါဘူး။ ရွဲ့ချင်စိတ် ပေါ်လာတာနဲ့ ရေးလိုက်တာပါလို့ အရိုးသားဆုံး ၀န်ခံအပ်ပါတယ်။

(အောင်သာငယ်)

May 9, 2009

More than words

အခုရက်ထဲ The Love Guru ဆိုတဲ့ Comedy ရုပ်ရှင် တကားကို ကြည့်မိပါတယ်။ တချို့လည်း သည်ကားကို ကြည့်ဖူးကြမှာပါ။ အဓိကဇာတ်ကောင်ဖြစ်တဲ့ အိန္ဒိယက Guru Pitkta အဖြစ် Austin Power ဟာသ ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Mike Myers က သရုပ်ဆောင် ပါတယ်။ မင်းသမီးကတော့ Jessica Alba ပါ။ ရုပ်ရှင်ထဲမှာ ပါတဲ့ သီချင်းတပုဒ်ကို သူတို့ ဆိုနေပုံကို ကြည့်ရတာ ရီရလွန်းလို့ ဂီတ ကြိုက်တဲ့ ဦးဂင်ကြီးတို့လို သူငယ်ချင်းတွေနဲ့ ကျန်သူတွေအတွက် မျှဝေပေးလိုက်တာပါ။ ကြည့်ဖူးသူတွေအတွက်တော့ ရီရမယ် မထင် တော့ဘူး။ သည်သီချင်းရဲ့ မူရင်းကတော့ Extreme ရဲ့ More Than Words ဖြစ်ပါတယ်။ (ကြည့်လို့ မရီရရင်တော့ ဒါရိုက်တာကိုပဲ အပြစ်ဖို့ကြပါ...း)



May 6, 2009

Garfield

ခုရက်ထဲ ဘာစာမှလည်း မရေးဖြစ်။ ကဗျာဟောင်းတချို့ပဲ တင်ဖြစ်ပါတယ်။ စာရေးချင်စိတ် ကလည်း မပေါ်လာဘူး ဖြစ်နေတယ်။ သည်နေ့တော့ အိမ်မှာ ရှုပ်ပွနေတဲ့ စာရွက် စာတမ်းတွေ ပြန်ရှင်းရင်းနဲ့ ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက သိမ်းထားမိခဲ့တဲ့ ကာတွန်းဖြတ်ပိုင်းလေးတွေ ပြန်တွေ့တာနဲ့ ထိုင်ဖတ်ရင်း ရီနေရသေးတယ်။ အဲသည်လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်တုန်းက ဘန်ကောက်ပို့စ် သတင်းစာမှာ ပါတဲ့ ကာတွန်းတွေထဲမှာ Garfield, Beetle, the Wizard of Id, B.C. စတဲ့ ကာတွန်းတွေ ဆိုရင် ကိုယ် သဘောကျ တာလေးတွေ တွေ့ရင် ဖြတ်ဖြတ်ပြီး သိမ်းထားမိတယ်။ နောက်ပိုင်း ကျတော့လည်း မသိမ်းဖြစ်တော့ပါဘူး။ အခု စာရွက်တွေ စာအုပ်တွေ ရှင်းရင်း ပြန်တွေ့ရတဲ့ ကာတွန်း ဖြတ်ပိုင်းလေးတွေ ကတော့ စာအုပ်ကြီး တအုပ် ကြားထဲ ညှပ်ထားမိလို့ သည်အထိ ပါလာတာပါ။ သည်ဖြတ်ပိုင်းတွေထဲက လောလောဆယ် ကိုယ့် အဖြစ်နဲ့ လာတိုက်ဆိုင်နေတဲ့ Garfield ကာတွန်းကို တွေ့တော့ ပြုံးမိလို့ သူငယ်ချင်း တွေကို ပြန်မျှဝေပေးလိုက်ပါတယ်။ ၁၉၉၆ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့က ကာတွန်းပါ။ ဆားချက်တာ လို့လည်း ပြောလို့ရပါတယ်...း)

Jan 27, 2009

အလုပ်သစ်လျှောက်ထားခြင်း

အိုဗားမားလည်း သမတဖြစ်ပါပြီ။ လူတွေအားလုံးလည်း ပျော်နေကြသည်။ ဘာ့ ကြောင့်မှန်း တော့ မသိပါ။ တချို့ ပြောတာ အကြားအရတော့ သူက လူဖြူ မဟုတ်လို့ ဆိုလား။ လူဖြူ မဟုတ်သူ သမတ ဖြစ်တာနဲ့ လူ အားလုံး ပျော်နေကြရ သည်လား။ စဉ်းစားစရာ ကောင်းလှ သည့် အချက်ပါပေ။ လူဖြူ ဟုတ်သူ သမတဖြစ်လျှင် လူအားလုံး မပျော်ကြ ဟု အဓိပ္ပါယ် ပြန်ကောက်နိုင်လေ မည်လား။ သို့သော်လည်း စဉ်းစားစရာ ရှိသည်က အိုဗားမား သမတ ဖြစ်သည့်အတွက် လူတွေ အားလုံး ပျော်နေကြသည် ဆိုတော့ လူဖြူတွေပါ ပျော်နေကြ လေသည်ပေါ့။ ကောင်း၏... ကောင်း၏...။

အိုဗားမား၏အစိုးရသစ်လည်း အလုပ်စ၀င်နေပေပြီ။ အလုပ်အကိုင်နေရာသစ် ၄ သန်း ကျော် ဖန်တီးပေးမည်ဟု ပြောသံကြားရသည်။ ဟေလာရီ ကလင်တန်ပင် နိုင်ငံခြား ရေး ၀န်ကြီး အလုပ် ရရှိသွားချေပြီ။ အောင်သာငယ်နှင့် သူငယ်ချင်း ၈ ယောက်မှာ မူကား အလုပ် မရသေးပါ။ အိုဗားမားနှင့် တွေ့မှ သည်အကြောင်း ပြောပြရချေ ဦးမည်။ ၀န်ကြီးရာထူး တောင်းရန် မဟုတ်ပါ။ အလုပ်ရှာရ ခက်ခဲ နေကြောင်း အသိ ပေးရန်သာ ဖြစ်ပါသည်။ ထို့အပြင်တ၀လည်း ဂွာတာနာမို နှိပ်စက်ရေး အကျဉ်းစခန်းကို ဖျက်သိမ်းကြောင်း၊ တရားဝင် လူသတ်သည့် ကိုယ်ဝန် ဖျက်ချသည့် ရန်ပုံငွေ အစီစဉ်ကို ဖျက်သိမ်းကြောင်း ဥပဒေတွေ ထုတ်သည် ဟုလည်း ကြားရပါသည်။ သာဓု... သာဓု... သာဓု...

- အတိုက်အခံတွေရဲ့ အသံတွေကို တိတ်အောင် လုပ်ထားပြီး အဂတိ လိုက်စားမှုတွေ၊ လိမ်ညာမှု တွေနဲ့ အာဏာကို ဖက်တွယ်ထားတဲ့သူတွေ၊ ခင်ဗျားတို့ဟာ သမိုင်းရဲ့ မှားယွင်းနေတဲ့ ဘက်မှာ ရှိနေကြတယ် ဆိုတာ သိရမယ် - လို့ အိုဗားမား ပြောနေသည် ကိုလည်း နားထောင် လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် တကယ်လုပ်တာ မလုပ်တာ အသာ ထားဦး အကြားနဲ့တင် အားရှိပါသည်။

အိုဗားမား အစိုးရသစ်အကြောင်း ပြောမိတော့မှ ဟို အစိုးရ အကြောင်းကို သတိရမိ သွားသည်။ သူတို့လည်း ဒီမိုကရေစီ နည်းကျကျ ရွေးချယ် တင်မြှောက်ကြပြီး အစိုးရ အဖွဲ့ကို ပြန်လည် တိုးချဲ့ ဖွဲ့စည်း လိုက်သည်ဟု ကြားရသည်။ CNN မှတော့ မဟုတ်ပါ။ အင်တာနက်ပေါ်ရှိ ဘလော့များမှ တဆင့် ဖတ်ရခြင်းပါ။ သို့သော်လည်း အိုဗားမား အစိုးရသစ်လို အလုပ်အကိုင် နေရာသစ် ၄ သန်းကျော် ဖန်တီးပေးဖို့ ခမျာများ အခက် အခဲ ရှိပုံ ပေါ်နေသည်။ ၀န်ကြီးနေရာ ၃ ခုသာ ဖန်တီး ပေးနိုင်သည်ဟု ဖတ်ရှုရ လေသည်။ သနားစဖွယ် ကောင်းလေစွ။

ဟို အစိုးရဆီမှာတော့ အောင်သာငယ်တို့ သူငယ်ချင်းတွေ အလုပ်မရသေးကြောင်း သွားပြော လို့ အကျိုး ထူးမည် မထင်။ သူတို့တောင် အစိုးရ အလုပ်ကလွဲ၍ အခြား အလုပ် မရှိလို့ ငတ်နေသဖြင့် တနေ့ ထမင်း ၃ နပ်ပဲ စားနိုင်ရှာသည် ဆိုလား သတင်း သဲ့သဲ့ ကြားရသည်။ ဟုတ် မဟုတ်တော့ မသိပါ။ အင်တာနက်ပေါ်မှာက ပြောချင်တာ ပြောလို့ ရနေကြသည် မဟုတ်လား။ သို့သော်လည်း အိုဗားမား ပြောသလို - ဘာလုပ်မည်၊ ညာလုပ်မည်၊ ဘာတွေ ညာတွေ စီစဉ်မည် - အစ ရှိသည်ဖြင့် ဟို အစိုးရ ထံမှ ပြောသံ ဆိုသံ မကြားရပါ။ ထို့ပြင်တ၀လည်း အိုဗားမားပြောသလို - အာဏာကို ဖက်တွယ်ထားတဲ့သူတွေ ခင်ဗျားတို့ကို ဘာ... ဘာ... ညာ... ညာ... လုပ်မယ် - အစ ရှိသည်လည်း ဟို အစိုးရက ပြောသည်ကို မကြားရ ပြန်ချေ။ - အာဏာကို ဖက်တွယ် ထားတဲ့သူတွေ ခင်ဗျားတို့ အာဏာကို ဖက်တွယ် ထားသမျှ၊ ကျုပ်တို့ အိမ်ပြန်လို့ မရဘူး။ ကျုပ်တို့ အိမ်ပြန်လို့ မရသမျှ ကျုပ်တို့ မိသားစုတွေ နိုင်ငံရပ်ခြားမှာ ကောင်းစား နေကြတော့မှာပဲ - အစ ရှိသည်ဖြင့် ပြောသံများ ကိုလည်း မကြားကြရပါပေ။ (မကြားရတဲ့ အကြောင်းလေး ပြောတာပါ၊ မကြားရတဲ့ အတူတူ ဘာမှ မကြားရတာက အားလုံး အတွက် ပိုကောင်းလေသလားလို့ပါ...း)

ဟို အစိုးရက ပြောသည်ကို ဘာမျှ မကြားရသော်လည်း ဟိုအစိုးရ၏ ဟိုလူနဲ့ ဟို အုပ်စု၏ ဟိုလူတို့... တယောက်နဲ့ တယောက် အပြန်အလှန် ဆဲရေးနေ... အဲ... အဲ.. ပြောဆိုနေ... သည်ကိုတော့ ဟိုမှာ သည်မှာ ကြားရ... အဲလေ... ဖတ်ရပါသည်။ စိတ်ဝင်စားဖွယ် ကောင်း လေစွ...။ အလုပ် ပြုတ်နေတုန်း အလုပ် မရှိသဖြင့် အားလျား နေသော အောင်သာငယ်တို့ သူငယ်ချင်း တစု အတွက်တော့ ဖတ်စရာများ ရချေပြီ။ ဗဟုသုတလည်း ရချေသည်။ ဝေါဟာရ အသစ်များလည်း တွေ့ကြရချေသည် ။ ဖတ်ရှုရသူ အားလုံး အတွက် အကျိုးအမြတ်ကား ကြီးမား များပြားလှချေသည် တကား။ အားလုံး ကိုယ်စား... ကျေးဇူးပါ...။ မောင်မင်းကြီးသားများ... ကျန်းမာ ချမ်းသာ ကြပါစေ... မေတ္တာ ပို့ရမည် မဟုတ်တုံလော...။

သို့သော်လည်း သူတပါး အကြောင်း လေဖောင်း ရုံမျှဖြင့် လူ မပီသသေး...။ သမုဒ္ဒရာ ၀မ်းတမိုင်အတွက် အသက် မသေနိုင်မချင်း ရှာဖွေကာ သွတ်သွင်း နေရဦးမည့် တလုပ်သော ထမင်း အတွက် ဟင်းတခွက် ချက်... အဲလေ... အလုပ် တခု... ရှာရပေ ဦးမည် တကား။ အလုပ် ရှာရသည်မှာကလည်း စီးပွား ပျက်ကပ် ဆိုက်နေသည့် အမှောင် တိုက်ကြီးထဲ မီးသွေးခဲ ရှာရသလို ဖြစ်နေ ချေသည်။ နီးစပ်ရာ သူငယ်ချင်းများကို အားကိုး မရနိုင်တော့သည့် သည်လို အချိန်မှာ အဝေးရောက် စင်ပြိုင် အစိုးရ... အဲ... အဲ... အဝေးမှ ညီအကို မောင်နှမ သူငယ်ချင်းများကိုသာ အားကိုး ရချေ တော့မည်။

သည်လိုနဲ့ အနီးဆုံးမှ ညီမအရင်း ခေါက်ခေါက်ကြီး ဖြစ်သော မိုးချိုသင်း ထံမှ လဘက် တထုပ် တောင်းစား ပြီးသည့်အခါ အဝေးဆုံးမှ သူငယ်ချင်း အရင်း ခေါက်ခေါက်ကြီး များထံ အလုပ် တောင်းစား... အဲ... အဲ.. အလုပ် တောင်းရန် စိတ်ကူး ပေါက်ခဲ့ပြီး သကာလ အရင်းနှီးဆုံး ညီအကိုတော် ရဲဘော်ကြီး ဦးဂင်ကြီး ထံ ချဉ်းကပ် ကြည့်ရာ - ကျနော်လည်း မနေ့ကပဲ Lay Off ထိသွားပြီ - ဆိုသည့် သူ့အသံက သေနတ်မှန်သလို နောက်လန် ကျသွားစေ ပါတော့သည်။ - ခုမှပဲ သတိရတော့တယ်... သည်နိုင်ငံထဲ ရှာနေလို့တော့ မဖြစ်ချေဘူး။ အားလုံးက အလုပ်ပြုတ် နေတာ ဆိုတော့ နိုင်ငံရပ်ခြားမှာ သွားရှာမှ... ဟ... - သူငယ်ချင်းတွေကို ပြောမိတော့ - ဟကောင်... ငကြောင်ရဲ့... ဒီနေရာကရော... နိုင်ငံရပ်ခြား... မဟုတ်လို့လား... လခွီး... - လို့ သူငယ်ချင်းတွေ ၀ိုင်းဆဲတာ ခံရတော့မှ - အေးလေ... ဟုတ်သား... - ဆိုပြီး ကမ္ဘာ့ အင်အား အကြီးဆုံး နိုင်ငံကြီးကို ခဏထားပြီး ကမ္ဘာ့ အင်အား မကြီးသော နိုင်ငံတွေဖက် လှည့်စဉ်းစားမိ လေသည်။

အနီးဆုံးက လင်းထက် ကို သွားသတိရသည်။ သည်ကောင်တော့ ဟိုး နှစ်သစ်ကူး ကတောင် ၂ သန်းကျော် အကုန်ခံပြီး ဂျာမဏီမှာ ပါတီ ပေးထားသည် ကြားရသည်။ သည်လိုနဲ့ ဂျီတော့ ဖွင့်ပြီး ရှာလိုက်သည့် ခဏ ကိုယ်ရောင် ကိုယ်ဝါ တောက်ပစွာနဲ့ အနီလုံး တလုံး တွေ့လိုက်ရ သည်။ - busy ချင်ယောင် ဆောင်ပြီး ကောင်မလေးတွေနဲ့ ဒင်း... လေဖြီးနေတာ... - ဟေ့ရောင်... - ဆိုတော့ - အကိုကြီး... နေကောင်းလား... ကျနော် မအားသေးဘူး... - ဆိုပဲ - အေး... အေး... ရတယ်... မင့်မိန်းမကို ငါ ခု ဖုန်းခေါ်ပြီး ပြောလိုက်မယ်... လင်းထက် မအား သေးဘူး ပြောတယ်လို့... - ဆိုမှ - ဟီး... ဟီး... - တဲ့ ။ သည်လိုနဲ့ အလုပ် အကြောင်း ပြောတော့ - ဟို... ဟိုလေ... ဂျာမဏီမှာ ပါတီပေးတဲ့ ၂ သန်းက... Credit Card နဲ့ သုံးထားတာ အကိုရ... ခု အနော်လည်း အလုပ် ပြုတ်လို့... ငုတ်တုတ်ထိုင်နေတာ... ကွန်ပြူတာ ရှေ့မှာ... - တဲ့... - တိန်... သေလို့ ရပြီ... - ဒါပဲ ပြောဖြစ်တော့သည်။

သည်လိုနဲ့ ဥရောပတကြောမှ ကိုသက်ဦး၊ ကိုအောင်၊ သစ်နက်ဆူး စတဲ့ ဘော်ဘော် အားလုံး သတင်းတွေ ကြားရတာ ရင်မော ရသည်။ အာရှတိုက် ပြန်လှည့်လိုက်ဦးမှ စဉ်းစားရင်း ကိုရီးယား၊ ဂျပန် ဘော်ဘော်တွေ အသံ နားထောင် လိုက်သည်။ ကမာနီလာ ဆို - အလုပ် မရှိလို့ ဂျပန်မှာ ဆူရှီတောင် ၀ယ်မစားနိုင်တော့ဘူး... - ဟု ညည်း လိုက်သည့် ဖြစ်ခြင်း၊ ခိုတွေတောင် နံမည် ပြောင်းသွားသည် ကမာနီလာ ဆိုပဲ။ သည်လိုနဲ့ ဂျပန်ကနေ သြစတြေးလျဖက် သွားကြည့်တော့ မကေ ကလည်း သူ့ဘိုးတော် တယောက်တည်း အလုပ် ရှိတော့သည်... သူ အလုပ် မရှိတော့လို့... ခုဆို တနှစ်ကို ဒေါ်လာ ၃ သိန်းကျော် ၀င်ငွေလျော့သွားကြောင်း ညည်းနေလေသည်။ အဲမှာတော့ အလုပ် မလွယ်ပြီ။ လက်စနဲ့ စလုံးကို ပြန်လှည့်လာကာ မပန် တယောက် ကတော့ အဆင်ပြေ မှာပါလို့ ယုံကြည်နေတုန်း - Bonus တွေ မရတော့ဘူး... လခလည်း လျှော့လိုက်ပြီး... ဟီး... ဟီး... - ဆိုလို့ ရီနေတာလား ထင်တာ။ ဘယ်... ငိုနေတာဗျာ...။ ဒါနဲ့ ကိုယ်ကပဲ သူ့ကို မုန့်ဝယ် ကျွေးခဲ့ရသည်။ အဲတော့မှ အငို တိတ်သွားတာဗျား... ကောင်းရော...။ ဒါနဲ့ စလုံးကနေ မ ဖက် ကူးခဲ့ပြီး ပထမံ မောင်ဖုန်း ကတော့ ပထမံဆြာ ဆိုတော့ အဆောင် ကောင်းတွေ ဘာတွေနဲ့ အစီအရင် ပြုပြီး အလုပ် ကောင်း လောက်ပါတယ်လို့ တွေးမိရင်း ကေအယ်လ်ဘက် ခြေချခဲ့သည်။ - အလုပ်ရှိဖို့ နေနေ သာသာ အကိုရာ... သည်မှာ... အော်ပရာစီနေလို့... တော်ရာ ဆီတွေမှာ... အိမ်တွင်း ပုန်း ကုလားမ လုပ်နေရတယ်... - လို့ စိတ် မသက်သာ စဖွယ် ကြားရပါ တော့သဗျား။

နောက်ဆုံးမတော့ ဒုံရင်းက ဒုံရင်း လာရာလမ်းဖက် ပြန်ရင်း ယ ပလက်ကိုပဲ ခြေပြန် နင်းရပါ တော့မည်။ ဟုတ်ပေပြီ... သူငယ်ချင်း အရင်း ခေါက်ခေါက်ကြီး ကိုဂျက်လီ ၀န်ကြီးချုပ် ဖြစ်နေတာပဲ... ခုမှ သတိရသည်။ ဟိုး တလောကပဲ ကိုယ့်ကို အသိ ပေးသွားသည်။ ဖုန်း ကောက်ဆက်ရင်း အလုပ်ပေးဖို့ ပြောမိသည်။ ၀န်ကြီးချုပ် ကား အတွက် ဒရိုင်ဘာ ရာထူးတော့ လွတ်သည် ဆိုပဲ။ - ဒါဆို လုပ်မယ်ဗျာ- ပြောတော့ - ဒရိုင်ဘာက ၀န်ကြီးချုပ်ကို ကိုယ့်ကားနဲ့ကိုယ် မောင်းပို့ရမည်- ဟု ဆိုလေသည်။ - ကျနော့်ကားက မီနီဗန်ကြီးဗျ... ၀န်ကြီးချုပ်နဲ့ မလိုက်ဘူး... - ဆိုတော့ - Hummer H2 အသစ် တစီး ၀ယ်ခဲ့... - ဟု မိန့်မှာလေသည်။ - အာ... အလုပ် မရှိလို့ အလုပ်သစ် ရှာပါတယ်ဆိုမှ... ဘယ်လိုလုပ် ကား အသစ် ၀ယ်နိုင်မှာလဲ... - ပြောမိသည့်အခါ - အလုပ် မရှိပေမယ့်... Credit Card တော့... ရှိတယ် ဟုတ်လား... အကြွေးဝယ်ခဲ့ ပြီးတာပဲ... ဒါလေးများ... ခက်ခက် ခဲခဲ လုပ်လို့ - ဟု သြ၀ါဒ ပေးလေသည်။ - ဟုတ်သားပဲ... ၀န်ကြီးချုပ်တို့များ... ပညာ ရှိလိုက်တာ... ဒါကြောင့်လည်း... ၀န်ကြီးချုပ် ဖြစ်ပေတာကိုး... -လို့ စဉ်းစားမိကြောင်းပါ။

သို့သော်လည်း ကိုယ့်ကား ကိုယ်စိုက် လှေထိုးလိုက်... အဲလေ... ဒရိုင်ဘာ လုပ်လိုက် မိလို့ကတော့ မဟေသီက ဓါးနဲ့ ထိုးမှာ မြင်ယောင်သေး။ စဉ်းစားရင်းတောင် ကျောချမ်းသည်။ ၀န်ကြီးချုပ် ဒရိုင်ဘာတော့ မလုပ်တော့ပြီ။ နေဦး ၀န်ကြီးချုပ်ထက် တာဝန် ပိုကြီးတာ တယောက် ရှိသေးတယ်။ ညီမ အရင်း ခေါက်ခေါက်ကြီး မတူး က အဲမှာ နာယက မဟုတ်လား။ အဘတို့လိုပဲ ကိုယ့်ဆွေမျိုးချင်း အလုပ် ရှာပေးမှာပါ။ သူ့ကို ချဉ်းကပ်ရမှာ။ ဟုတ်ပြီ... ကိုယ်ကလည်း ငယ်ငယ်တုန်းက လမ်းထိပ်မှာ ပေသီးတွေ ဗျောက်အိုးတွေ ဖောက်ခဲ့ဖူးတယ်၊ နောက်ပြီး သူငယ်ချင်းတွေ ရန်ဖြစ်ရင် ဟိုဖက် သည်ဖက်က အကြောင်းတွေ လျှောက်စုံစမ်းပြီး ကြားထဲကနေ ပွဲပိုဆူအောင် ရန်တိုက်ပေးခဲ့ဖူးတာ ဆိုတော့ သည်အရည်အချင်းနဲ့ဆို ဗမာပြည်က ဆီတိုင်ကီ... အဲ.. မှားလို့... CID လိုမျိုး... ၊ အမေရိကားက ဆီတွေအိုင်... အာ... မဟုတ်သေးပါဘူး... ဆီအိုင်တွေ ... အဲ.. CIA လိုမျိုး ကိုယ်နဲ့ သင့်တော်တယ်လေ။ ညွှန်မှူးချုပ်ကြီးချုပ်ပေါ့။ ဒါမှ မဟုတ် ၀န်ကြီး ရာထူး တောင်းရင် ကောင်းမလား...။ ကာကွယ်ရေး ၀န်ကြီးဆို ကိုယ်နဲ့ သင့်တော်မယ် ထင်တယ်လေ။ ဘာလို့ဆို ကိုယ်က ငယ်ငယ်တုန်းက လေသေနတ်နဲ့ ညောင်ပင်ကြီးကို ပစ်ခဲ့ဖူးတယ်လေ... ။
တချက် ထဲပါ... ဒါပေမယ့်... မထိဘူး... .... ။

ဒါနဲ့ နာယကကြီးကို ကိုယ့်ကို သင့်တော်ရာ ၀န်ကြီး တနေရာ ခန့်ထားဖို့ အလုပ်လျှောက် လိုက်တယ်။ E-mail ပို့တယ်၊ text message ရိုက်တယ်၊ fax ထိုးတယ်၊ Voice Mail လည်း ထားခဲ့တယ်။ Ground Mail လည်း ပို့တယ်။ ခိုတကောင်ကို ဖမ်းပြီးတော့လည်း ခြေထောက်မှာ စာတစောင် ချည်ပြီး လွှတ်ပေးလိုက်သေးတယ်။ ခိုက အနီး အနားက စေတီ တဆူဘက် ပျံသွားတာတော့ တွေ့လိုက်ပါရဲ့။ ဒါနဲ့ ပိုပြီး သေခြာသွားအောင် ချင်းမိုင်က Doi Suthep တောင်ပေါ်ကို တက်ပြီး Red Indian တွေလို မီးခိုးနဲ့လည်း အချက်ပြခဲ့ ပါသေးတယ်... ....

လျှောက်လွှာကို လက်ခံရရှိပြီဆိုရင်တော့ နာယကြီးရေ့... သိတယ်မဟုတ်လား... ဟဲ... ဟဲ...

(ဘာရယ် မဟုတ်ပါဘူးဗျာ... သူငယ်ချင်းတွေလည်း အလုပ်တွေ ပြုတ်နေကြတော့ စိတ်ညစ် နေကြမှာ စိုးတာနဲ့ ပျော်ရွှင် ရီမောရအောင် စာလေး တစောင် ရေးပေးတာပါ...။ ခဏတာ ဖြစ်ဖြစ် ရီမောဖြစ်ရင် ရေးရကျိုး နပ်ပါတယ်...။ နံမည် ပါတဲ့ သူငယ်ချင်းတွေရော နံမည် မပါတဲ့ သူငယ်ချင်းတွေရော စိတ်မဆိုးကြဘူးလို့ ယုံကြည်ပါတယ်...)