Showing posts with label ခံစားမိသလိုရေးပါသည်. Show all posts
Showing posts with label ခံစားမိသလိုရေးပါသည်. Show all posts

Aug 31, 2013

Blog day post

August 31, 2013 6:44 am

တခါတခါတော့… အတိတ်ဆိုတာ ပြန်တွေးရင် ပျော်စရာကောင်းတယ်… သည်လိုဆိုလိုက်လို့… အတိတ်တိုင်းဟာ ပျော်စရာကောင်းတယ်လို့ မဆိုလိုပါ…  ကြေကွဲစရာ… စိတ်ဆင်းရဲစရာ အတိတ်တွေလည်း ရှိကြမှာပါ… ကျနော် ယေဘုယျပြောနေတာကတော့ လူတိုင်း သတိတရ ဖြစ်နေမယ့် အတိတ်-ဆိုတာ ပျော်ရွှင်စရာကောင်းတဲ့ အချိန်ကာလတွေပဲ ဖြစ်မယ်လို့ ယုံကြည်လို့ပါ… ကျနော် မှားရင်လည်း မှားနိုင်ပါတယ်… သို့သော်လည်း… ကျနော်နဲ့ သဘောမျှမယ့်လူ… ကျနော့် အဆိုကို အားပါးတရ ထောက်ခံအားပေးမယ့်သူတွေလည်း တချို့တလေတော့ ရှိနေလိမ့်ဦးမယ်လို့ ကျနော် ယုံကြည်နေပါသေးတယ်… ပျော်ရွှင်စရာ အတိတ်ကာလတွေကိုပဲ… လူတွေ တမ်းတမှာပါ… ကြေကွဲစရာ… စိတ်ညစ်ငြူးစရာ အတိတ်ကာလတွေကို တမ်းတ လွမ်းဆွတ်မယ့်လူ ဘယ်လိုလူတယောက် ရှိဦးမလဲ… အဲ့ဒါဟာ မဖြစ်နိုင်တဲ့ အခြေအနေပဲ
ကျနော် ဘလော့စရေးတော့… ၂၀၀၇ ဒီဇင်ဘာ… … သည်အကြောင်းကို ပို့စ်တခုအနေနဲ့လည်း ရေးဖူးတယ် ထင်တယ်… ကျနော် သိပ် မမှတ်မိတော့ဘူး… အသက်တွေက ကြီးလာပြီဆိုတော့ အယ်လ်ဇိုင်းမားတွေလည်း ကျနော် ရနေပြီလား မသိတော့…
မှတ်မိနေသေးတာကတော့ ၂၀၀၈ ကနေ ၂၀၁၁ အထိ သုံးနှစ် ဆက်တိုက် ဘလော့ကို ထဲထဲဝင် အားသွန်ခွန်စိုက် ကျနော် ရေးလိုက်ခဲ့ဖူးတာတော့ သတိရတယ်…
အဲ့သည်ကာလတွေ ထဲမယ်… ဘလော့ရေးရင်း… ဘလော်ဂါမျိုးစုံနဲ့ ခင်မင်ရင်းနှီးမိသပေါ့လေ… ခု… ကျနော့်ကို အဲ့သည် ဘလော်ဂင်းအကြောင်းရေးဖို့တဂ်တဲ့ ဆြာ-ရန်အောင်-တို့လို ဘလော့-စလေစဗျစ်သီးတွေဟာ အဲ့သည်အချိန်တုန်းက မင်းသားကြီးတွေပေါ့…
ဆြာရန်အောင်ကို တွေ့ချင်ကြတဲ့ ဘလော်ဂါပေါင်းသောင်းခြောက်ထောင်… (အင်း… အဲ့သလို ရေးရင်းနဲ့ ကွမ်ယင်မယ်တော်ကြီး ခင်ဦးမေကို သွားပြီး သတိရတယ်…) ဆြာရန်အောင်ရဲ့ဒါ့ပုံကို တွေ့ချင်တဲ့ ဖြူဖြူလွလွ မည်းမည်းပုရွ… ဘလောဂါတွေဆိုတာ… ဒါ့ပုံတင်ပါ… ဒါ့ပုံတင်ပါနဲ့ပေါ့… (အဲ့သည်အချိန်တုန်းကပြောပါတယ်…) ကိုယ်တွေရဲ့ ဆြာ-ရန်အောင်ကလည်း သွေးကြီးပါ့… သူ့ပုံကို ဘယ်တင် လိမ့်မလဲ…
ထို့အတူ… ကွမ်ယင်မယ်တော်ကြီး… မမကွမ်းကလည်း… ကျား-ကျား-မ-မ-တို့ အသည်းစွဲ… သူ့ဘာသာရေးချင်ရာရေး… ကွန်မန့်ပေါင်း သောင်းနှစ်ထောင်…ရတယ်… အဲ့သလို… အဲ့သလို…
ကျနော်လား…
ကျနော်က ဘာကောင်မှ မဟုတ်ဘူး… ကဗျာလေး တပုဒ်စ- နှစ်ပုဒ်စရေးပြီး… အွန်လိုင်းတက်လာခဲ့တဲ့ကောင်… ဘယ်လို ဘယ်အကြောင်းရယ်ကြောင့်မသိ… ကျနော်နဲ့ လေပေးဖြောင့်မိတဲ့ထဲမယ်… အဲ့သည်အချိန်တုန်းက ဘလော့ စလေစပျစ်သီးတွေ ပါခဲ့တာပေါ့…

ပန်ဒိုရာ၊ ကေသွယ်၊ ခင်ဦးမေ၊ ၀ီရှီမီ၊ ကိုမောင်ရင်၊ ကိုပေါ (ကျနော်နဲ့ ရန်ဖြစ်တယ်)၊ သက်ဝေ၊ ခင်မင်းဇော်၊ ရန်အောင်၊ မောင်မျိုး၊ အောင်ခင်မြင့် (ပျူနိုင်ငံ)၊ မောင်ဖုန်းမြင့်၊ မှူးဒါရီ၊ လင်းထက်၊ မျိုးဝင်းဇော်၊ ကမာပုလဲ၊ အိန္ဒြာ၊ မနော်ဟရီ၊ လင်းဒီပ၊ အတွေးတိမ်တိုက်… စသည်ဖြင့်ပေါ့… စာရင်းလုပ်ရရင် လူတွေ ရာချီမယ်… (နံမည်တချို့တလေ ကျန်ခဲ့ရင် ကျနော့်ကို အပြစ်တင်ကြပါ)
ဘလော့ရေးချိန်တုန်းက အဲ့သည် ရေးဖော်ရေးဖက်တွေကို သတိရပါတယ်…
ခုတော့ ကျနော်လည်း ဘလော့ရေးတာကို ရပ်ထားလိုက်တော့… တချို့တလေကို မျက်နှာစာအုပ်မှာ ပြန်တွေ့တယ်… တချို့ကိုလည်း ဘယ်နေရာမှာမှကို ပြန်မတွေ့တော့ဘူး… (ဥပမာ- ကိုမောင်ရင်)
သို့သော်လည်း…ဒါကိုကလည်း… ကျနော်တို့တွေရဲ့ ဘ၀တွေနဲ့ တိုက်ရိုက် ပတ်သက်နေတယ်လို့… ကျနော် ယူဆတယ်…. (ကိုမောင်ရင်) ဟာ ဦးနာအောက်-ပို့စ်တွေရေးပြီး ပျောက်သွားပေမယ့်… တနေရာရာမှာတော့ သူ ပြန်ပေါ်လာနိုင်သေးတယ်လို့ ကျနော် ယုံကြည်နေသေးတယ်…
ဘယ်လိုပဲဖြစ်ဖြစ်ပါ… ဘလော့တွေ သိပ် ခေတ်မစားတော့ပေမယ့်… ဘလော်ဂါတွေဟာ မျက်နှာစာအုပ်မှာ နေရာယူပြီးကြပါပြီ… ဘလော့တွေအစား… ဘလော်ဂါတွေရဲ့နုတ်စ်တွေကိုပဲ ဖတ်ကြပါစို့လား…

(atn)

Nov 6, 2011

ကစဥ့်ကလျား ပြန့်ကျဲနေသော မေပဲလ်ရွက်များ

by Augustine Nge on Sunday, November 6, 2011 at 1:33am













သည်နေ့မနက်ကတော့ နေသာနေသည်။ သို့သော်လည်း ဆောင်းဦးပေါက်၏ မြောက်ပြန်လေက အေးစက်လွန်းနေသော ဓါးသွားပမာ စူးစူးရှရှ... ။ ဓါးနှင့် ထိုးအခွဲခံလိုက်ရသလို လေအဝှေ့မှာ တိုးရှဲလွင့်ကျဲသွားသော မေပဲလ်ရွက်များမှာ မျက်စေ့တဆုံး...။ အရောင်ပြောင်းပြီးစ အရွက်များမှာ ညိုစိမ်းနီဝါ... ။ လောက မာယာကို အဖျားအနားလေး တစုံမျှ တွေ့ထိလိုက်မိသလိုမျိုး လေထဲမှာ ဝေ့၀ဲပြေးသွားသော မေပဲလ်ရွက်များ.... ။

လောကကို တစုံတရာမျှ တုန့်ပြန်မပြောဆိုနိုင်သော အကြည့်မျိုးနှင့်... လေအဝှေ့မှာ လွင့်စင် ကျိုးကျဲသွားနေသော မေပဲလ်ရွက်များကို သူကြည့်နေမိသည်။ သူသည်ပင် သက်ရှိ မေပဲလ်ရွက် တရွက်လေလား... ။

သူ စီးနင်းရမည့် ဘတ်စ်ကား လာနေပါပြီ... ။ ရှစ်ဆယ့်တစ် ဒေါ်လာပေးရသော တလတာ ဘတ်စ်ကားစီးနင်းခွင့် လက်မှတ်ကို လက်ထဲမှာ အသင့် ကိုင်ဆောင်ထားလိုက်သည်...။ (သူ့ရှေ့မှာ ထိုးရပ်လာသော ဘတ်စ်ကားကို နိဗ္ဗာန်ယာဉ်အလား ပျော်ရွှင်စွာ သူ တက်ရောက် စီးနင်းလိုက်မည်ဟု မထင်ကြပါနှင့်...။)

အဆင်းအတက်များသော မှတ်တိုင်ဖြစ်သည်နှင့် အညီ လူ ဆယ့်လေး-ငါးယောက်လောက် ဆင်းပြီးမှ ဘတ်စ်ကားပေါ်သို့ သူ တက်ခွင့်ရသည်...။ ကောင်းသော မနက်ခင်းပါ-ဆိုသော သူ့ ၀တ်ကျေတမ်းကျေ နှုတ်ဆက်စကားကို တလတာ ဘတ်စ်ကားစီးခွင့် လက်မှတ်ကို ထောင်ပြရင်း ဘတ်စ်ကား ဒရိုင်ဘာကို သူ ပြောလိုက်သည်။ အပြန်အလှန်အားဖြင့် ဘတ်စ်ကား ဒရိုင်ဘာကလည်း - ကျေးဇူးပါ... ခင်ဗျားလည်း ထို့အတူ ရှိပါစေ-ဟု ပြန်ပြောသည်... ။

ထိုနေ့မှာ လောကကြီးသည် ၀တ်ကျေတမ်းကျေအားဖြင့် အပြန်အလှန် လှပနေသည်ဟု သူ မဲ့ပြုံး ပြုံးမိလေသည်။

နီးရာ ခုံတခုမှာ ၀င်ထိုင်ရင်း... သူ့ အိုင်ဖုန်းကို ဆွဲထုတ်ယူလိုက်သည်...။

Slide to unlock... ဟူသော ပြေးလွှားနေသော စကားစုလေးတစုကို သူ မြင်လိုက်သည်... ။

---------------------------------------------------------------------------------

အိမ်-ဟူသော စကားလုံးကို တွေ့တိုင်း သူ့ ရင်မှာ မုန်တိုင်းထန်သည်... ။

အိမ်တအိမ်မှာ သူနေခဲ့ဖူးသည်။ ထိုအိမ်မှာ သူပျော်ခဲ့ဖူးသည်။ သို့သော်လည်း ထို အိမ်မှာ သူ ကြာမြင့်စွာ မနေခဲ့ရပါ။ ထိုအိမ်သည်... အမေ့အိမ် မဟုတ်ပါ။ အဖွား၏ အိမ်ဖြစ်သည်။ အဖိုး၏ အိမ်ဖြစ်သည်။ အဖိုးနှင့် အဖွား၏ အိမ်မှာ သူ ပျော်ရွှင်ခဲ့ဖူးပါသည်။

ထို့နောက် နောက်ထပ် အိမ် တအိမ်မှာ သူနေခဲ့ရသည်။ ထိုအိမ်သည် အမေ့အိမ်လား... အဖေ့အိမ်လား... မည်သူ့အိမ်လဲ... သူ မစဉ်းစားရဲပါ...။ ထိုအိမ်ကို အမေ ပိုင်သည်လား...။ အဖေ ပိုင်သည်လား...။ မည်သူ ပိုင်သည်ဖြစ်စေ... နုနယ်သော ကလေးတယောက်၏ ဦးနှောက်ကို အဆိပ်တက်စေခဲ့သော ထိုအိမ်မှာ မည်သည့်အခါကမျှ သူ မပျော်ရွှင်ခဲ့ဖူးပါ။

-------------------------------------------------------------------------------

သေနတ် တလက်ကို သူ တကယ် ကိုင်တွယ် ပစ်ခတ်ခွင့်ရချိန်မှာ သေခြင်းတရား အကြောင်းကို ကောင်းကောင်း သိခဲ့လေသည်...။ သေခြင်းတရားသည် မိမိတို့ အနီး အနားမှာ အချိန်မရွေး... ။ သေချင်တိုင်း သေ၍ မရ...။ မသေချင်လည်း သေမည်။ သေချင်သော်လည်း မသေ။

သေခြင်းတရားသည်... ချစ်ခြင်းမေတ္တာလို ဆန်းကျယ်လေသည်...။

သေမှာ ကြောက်သူများ မသေကြသေး...။ သေမှာ မကြောက်သူများ တယောက်ပြီးတယောက် သေနေရလေသည်။

-------------------------------------------------------------------------------

ဘတ်စ်ကားပေါ်မှ သူဆင်းလိုက်ချိန်မှာ အိုင်ဖုန်းကို သူဖွင့်ကြည့်လိုက်မိတော့ ည ၈ နာရီ ၃၄ မိနစ် ရှိနေပြီ... ။

သူ မနက်က အလုပ်သွားချိန်မှာ ဝေ့၀ဲ လွင့် ပျံသွားနေသောမေပဲလ်ရွက်များသည်လည်း အော်ရီဂွန်၏ ဆောင်းဦး မိုးရေစက်များကြားမှာ ကတ္တရာလမ်းနှင့် အနမ်းများချွေနေကြပုံပင်... ။ အနက်ရောင် ကတ္တရာလမ်းပေါ်မှာ ပြားချပ်နေသော မေပဲလ်ရွက်များကို သူကပဲ သနားနေမိသေးတော့သည်... ။

--------------------------------------------------------------------------------

သို့သော်လည်း မေပဲလ်ရွက်တွေ တနှစ်တခါ အရောင်ပြောင်းကြတာကို သူက သတိရမိသွားသေးသည်။

-------------------------------------------------------------------------------

သူသည် မေပဲလ်တရွက် မဟုတ်တာ သေချာသည်။
သူသည် ကစဥ့်ကလျား မည်သည့် အခါအမျှ ပြန့်ကျဲနေမည် မဟုတ်။

သို့သော်လည်း... သူသည်... ........... ......................

atn

Oct 27, 2011

၂၃ နှစ်တာ မှန်ကူကွက်များ...











၂၃ နှစ်တာ မှန်ကူကွက်များ...

သည်နေ့ အလုပ်နားရက်ဆိုတော့ မနက်စောစောမထပဲ အားရပါးရအိပ်လိုက်ဦးမည်-ဟု အားခဲထားသမျှ ဧည့်ခန်းထဲမှ နှိုးစက်သံကြောင့် သူ နိုးသွားသည်။ မနေ့ညက နှိုးစက်ကို ပိတ်ထားဖို့ မေ့သွားသည်ပဲ။ နှိုးစက်ကို သွားပိတ်ဖို့ အိပ်ယာထဲမှ လူးလဲထလိုက်ရင်း ညက မပိတ်ပဲ ထားခဲ့သော မျက်နှာစာအုပ် စာမျက်နှာကို အိပ်ချင်မူးတူး မျက်လုံးများက ရောက်သွားသေးသည်။ ဧည့်ခန်းထဲ သူရောက်သည်အထိ နှိုးစက်ကြီးက အော်နေဆဲ။ နှိုးစက်ကို ပိတ်ပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းဆီ လှည့်အလာမှာ... ဂွဒ်မောနင်း ပါပါး..-ဆိုသော သားကြီး၏ နှုတ်ဆက်သံကို ကြားလိုက်ရသည်။ ကျောင်းသွားဖို့ ကျောပိုးအိတ်လွယ်ကာ သူ့အခန်းမှ ထွက်လာသော သားကြီးသည်ပင် ၁၄ နှစ်သား ၉ တန်းကျောင်းသားကြီး ဖြစ်နေပြီ။ အချိန်တွေသည် ဘယ်လို ကုန်သွားလေသည်လဲ။ ရေချိုးခန်းထဲမှာ သွားတိုက်နေရင်းက သူ့ စိတ်အတွေးများ အတိတ်သို့ ပြန်ပြေးလွှားနေတော့သည်။

-----------------------------------------------------------------------------------

- သပိတ်... သပိတ်... မှောက်... မှောက်... -
- စစ်အစိုးရ... အလို မရှိ... -
- ဒီမိုကရေစီ ရရှိရေး... တို့ အရေး... တို့ အရေး... -
- အရေးတော်ပုံ... အောင်ရမည်... -

လွန်ခဲ့သော ၂၃ နှစ်က အသံများ သူ့နားထဲမှာ ဆူညံလာကြပြန်သည်။

- သြော်... ၂၃ နှစ်တောင် ရှိခဲ့ပါပေါ့လား... - သည်လိုတွေးရင် သူ့ရင်ထဲမှာ လေးလေးပင်ပင်ကြီး တခုကို ထမ်းပိုးထားရသလို ခံစားနေမိသည်။

ဘ၀၏ အချို့ အချိုးအကွေ့များက ညင်သာသည်။ တချို့ အချိုးအကွေ့များကတော့ တံတောင်ဆစ်ချိုး ကွေ့ချိုးကြီးများဖြစ်သည်။ ထိုကွေ့ချိုးကြီးများမှာ လူကိုယ်တိုင် လွင့်စင်ကျသွားနိုင်သည်။

၁၉၈၈ ခုနှစ် သြဂုတ်လ (၈) ရက် ကွေ့ချိုးကြီးထဲမှာ လူပေါင်းမြောက်များစွာ ဘ၀ပေါင်းမြောက်များစွာ လွင့်စင်ကျသွားကြဖူးသည်။ သည့်နောက် ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက် ကွေ့ချိုးကြီးထဲမှာ နောက်ထပ် ဘ၀ပေါင်းများစွာ လူပေါင်းများစွာ လွင့်စင်သွားခဲ့ကြပြန်သည် မဟုတ်လား။

ထိုကွေ့ချိုးကြီးမှာ သူလည်း လွင့်စင်သွားခဲ့သည်။ လွင့်စင်သွားခဲ့ကြောင်း သူ သတိထားမိသည့် အချိန်မှာ အခြားသော ထောင်ချီနေသည့် လူငယ်များနှင့် အတူ သူသည်လည်း ထိုင်းမြန်မာနယ်စပ် တနေရာမှာ ရောက်ရှိနေခဲ့ပြီ။

----------------------------------------------------------------------------------

တကယ်တော့ သူတို့ အားလုံးမှာ ရွေးချယ်စရာ သိပ်များများစားစား မရှိ။ စစ်အုပ်စုက ဖွင့်ထားသော လမ်း ၃ လမ်းသာ ရှိသည်။ ထို လမ်း ၃ သွယ်ကို သူတို့ အားလုံး ကိုယ့်ယုံကြည်မှုအလိုက် ရွေးချယ်လိုက်ကြရခြင်းသာ ဖြစ်သည်။

တလမ်းက ဥပဒေဘောင်အတွင်းမှာ ရွေးကောက်ပွဲလမ်း။ ထိုလမ်းကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-အမည်ဖြင့် ၈၈ မျိုးဆက်များထဲမှ မိုးသီးဇွန်ဦးဆောင်ကာ လိုက်ခဲ့ကြသည်။ တနည်း ရွေးချယ်ခဲ့ကြရသည်။

နောက်တလမ်းမှာ မြေအောက်အဖွဲ့အစည်းအဖြစ် လျှို့ဝှက် ဆန့်ကျင်ကြရသည့် လမ်း။ ထိုလမ်းကို ဗကသ-အမည်ဖြင့် မင်းကိုနိုင် ဦးဆောင်ကာ ၈၈ မျိုးဆက်များက လျှောက်လှမ်းခဲ့ကြသည်။

နောက်ဆုံးတလမ်းကတော့... လက်နက်ကိုင် တော်လှန်ရေးလမ်း။ သည်လမ်းကတော့ ကြမ်းတမ်းသလို ရှုပ်ထွေးပွေလီ အန္တရာယ်လည်း များလှသည်။ သို့သော်လည်း သည်လမ်းကို ရွေးချယ်ခဲ့သည့် သူအပါအ၀င် ၈၈ မျိုးဆက်ဝင်များအဖို့ရာ ခေါင်းဆောင်မှု ပြဿနာကို ကြုံတွေ့ခဲ့ကြရသည်။ ထိုစဉ်က ရှိနေသည့် ဗကသ ခေါင်းဆောင်များထဲမှာ... လက်နက်ကိုင် တော်လှန်ရေးလမ်းပေါ် ရောက်လာသည့် မောင်မောင်ကျော်၊ ၀င်းမိုး၊ အောင်နိုင်... သူတို့က High Profile အဖြစ်ဆုံး...။ သို့သော်လည်း တကယ်တမ်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ခေါ်) မကဒတ ကို ဖွဲ့စည်းဖြစ်တော့ သူတို့ မပါဝင်လာတော့။ သည်အခါ လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ်ခဲ့သည့် ၈၈ မျိုးဆက်များအတွက် ခေါင်းဆောင်မှုပြဿနာ ရှိလာသည်။

မကဒတ၏ ပထမအကြီမ်ညီလာခံမှာ ထွန်းအောင်ကျော်က ဥက္ကဋ္ဌ ဖြစ်လာသည်။ ရကသ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသော သန်းဝင်းက အထွေထွေ အတွင်းရေးမှူးဖြစ်လာသည်။

လက်နက်ကိုင်တော်လှန်ရေးတရပ်ဆိုသည်မှာ လွယ်ကူသော ကိစ္စ မဟုတ်။ သူကတော့ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေသော နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပေါက်ဖွားလာသူပီပီ ဤကိစ္စကို သိနေသည်။ ထိုစဉ်က သူ့ အသက်မှာ ၂၄ နှစ် သာ ရှိသေးသည်။ သို့သော်လည်း လီနင်-၏ ရေသောက်မြစ် ၃ သွယ်လို ကိစ္စမျိုးကိုလည်း နားလည်နေသေးသည်။ သည့်အတွက် သူကိုယ်တိုင် မကဒတ အဖွဲ့ဝင် ဖြစ်နေသည့်တိုင် မကဒတ၏ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတခုအဖြစ် နေ့ချင်းကြီးလာသည့် ဖြစ်ရပ်ကို သူ လက်မခံနိုင်သေး။

မကဒတမှာ... နိုင်ငံရေးအရ အတွေးအခေါ် တခု ရှိနေပြီလား.... မကဒတမှာ... လက်နက်ကိုင် တော်လှန်ရေး လုပ်ဖို့ ကိုယ်ပိုင် လွတ်မြောက်နယ်မြေတခု ရှိနေပြီလား... မကဒတက ဆင်နွှဲမည့် လက်နက်ကိုင်တော်လှန်ရေးအတွက်... အင်အား ရေသောက်မြစ်တွေ ရှိနေပြီလား... သည်လို သူ့ဘာသာ မေးခဲ့သည့်တိုင်... ထိုစဉ်က သူက သာမန် ရဲဘော်တဦးမျှသာ-ဆိုတော့ကာ... သူ့အမေးများကို သူ့ဘာသာပဲ ဖြေခဲ့ရဖူးသည်။

နောက်တော့ ၁၉၈၉ ခုနှစ် စက်တင်ဘာလမှာ မကဒတ သေ့ဘောဘိုးစခန်း၏ တပ်ရင်း ၂ ရင်း အနက် တပ်ရင်း ၂၀၄ ၏ တပ်ရင်းမှူးအဖြစ် သူ တာဝန်ပေးအပ်ခံရသည်။ တပ်ရင်း ၂၀၄ ၏ ပထမဆုံး တပ်ရင်းမှူးမှာ ဦးမျိုးချစ်ဖြစ်သည်။ ဒုတိယမြောက် တပ်ရင်းမှူးမှာ ယခု လက်ရှိ မကဒတ ဗဟိုကော်မတီဝင် ဆလိုင်းယောအောင် ဖြစ်သည်။ သူက တတိယမြောက် တပ်ရင်းမှူးဖြစ်သည်။

သူ တပ်ရင်းမှူးအဖြစ် တာဝန်ယူရသည့် အချိန်မှာ မဟာမိတ် ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်ရှိ ဖလူးခံစစ်စခန်းကို ရန်သူက အပြင်းအထန် ထိုးစစ်ဆင်နေချိန်ဖြစ်သည်။ သူ့မှာလည်း ထိုအချိန်က ကော့ကရိတ်-နှင့်-၀င်းရေးမြို့နယ်အတွင်း ကေဒဲန်ဒီအို တပ်ရင်းတပ်ခွဲများနှင့် တွဲဖက်ပြီး လှုပ်ရှားစစ်ကို မိမိတပ်ဖွဲ့များအတွက် အတွေ့အကြုံယူနေရချိန်ဖြစ်သလို... ဖလူးခံတပ်စခန်းလို ခံစစ်သေအတွက်လည်း အင်အားများကို ထုတ်နှုတ်ထားရချိန်လည်း ဖြစ်သည်။ ထိုစဉ်က သူ့ ကွပ်ကဲမှုအောက်မှာ တပ်ရင်းဖွဲ့စည်းပုံထက် ကျော်လွန်သော လူအင်အား ရှိနေသည်။ တိုက်ခိုက်ရေး အင်အားကလည်း ရှိနေသည်။ မရှိသည်က - သေနတ်...သာ။ သေနတ် မရှိမှတော့ သည်လူတွေက တော်လှန်ရေးသမားတွေ မဟုတ်တော့။

သည်တော့ တပ်ရင်းမှူး တယောက်အနေဖြင့် သေနတ် အရှာ ထွက်ရတော့သည်။ မီးကျိုး မောင်းပျက်-ဟု ဆိုလျင် သေနတ်ကိုင်ဖူးသူများ သိလိမ့်မည်။ သူ့မှာတော့ မီးကျိုးကျိုး မောင်းပျက်ပျက်... ပစ်လို့ တချက် ထွက်ရင် ပြီးရော သေနတ်များကိုလည်း ၀ယ်ခဲ့ရဖူးသည်။ လျှို့လျှို့ဝှက်ဝှက် ၀ယ်ရသဖြင့် မောင်းတင်လို့ရရင် ပစ်လို့ရတာပဲ-ဆိုကာ မောင်းတင်ကြည့်ပြီး ပစ်မရသော သေနတ်များကိုလည်း ၀ယ်ခဲ့ဖူးသေးသည်။

နောက်ဆုံး Home-Made Rocket Launcher တွေပါ သူ ၀ယ်သည်.... တရုပ်လုပ် ၆၂ မမ ဒုံးပစ် လောင်ချာများက ဈေးကောင်းသည်... ပစ်ကောင်းသည်... ထိချက်ကောင်းသည်... သည်တော့ ၆၂ မမ လောင်ချာ အနည်းဆုံး ၂ လက်လောက်တော့ ရှိမှ ဖြစ်မည်... ပထမဆုံး ထွက်ခဲ့သော စစ်ကြောင်းအတွက် သူ စဉ်းစားရသည်... စစ်ကြောင်း တကြောင်းလုံးမှာ ၆၀ မမ မော်တာ တလက် ရှိသည်။ မော်တာအသီး အလုံး ၃၀ ကျော် ရှိသည်။ အာရ်ပီဂျီ-၅ တလက် ရှိသည်။ ဒုံးကျည် (၇) လုံး ရှိသည်။ အဲမ်-ဖော်တိ တလက် ရှိသည်။ အသီး - ၃၀ - လောက်ရှိသည်။ ခုတော့ ၆၂ မမ ၂ လက် ရပြီ။ အသီးကတော့ အဖူး(တပ်မဟာ-၆ မှူး) ဆီမှာ တောင်းရမည်။ စက်လတ် တလက်တော့ မရှိမဖြစ် လိုအပ်သော်လည်း မ၀ယ်နိုင်တော့။ ထိုစဉ်က အေကေ စက်လတ် တလက်က ဘတ် တသောင်းခွဲလောက် ဈေးပေါက်သည်။ ၁၆ စက်လတ်တလက်က ၂သောင်းခွဲလောက်ရှိသည်။ သေနတ်များကို ကိုင်ကြည့် ပစ်စမ်းရုံကလွဲလို့ ဈေးပင် မဆစ်ရဲ။

---------------------------------------------------------------------------------

နောက်တော့ ၁၉၈၉ ဒီဇင်ဘာ လကုန်ခါနီး ၂၉ ရက်မှာ ဖလူး ခံစစ်စခန်းကြီး အကြောင်းကြောင်းကြောင့် ရန်သူ့လက်သို့ကျသွားသည်။ သည်စဉ်က သူ့မှာ ရှိရှိသမျှသော အကောင်းဆုံး ရဲဘော်များ၊ အတွေ့အကြုံရှိပြီး ရဲဘော်များနဲ့ လူသစ်များကို အသေအချာ တွဲပြီး ဖလူး ခံစစ်စခန်းအတွက် အားဖြည့်ရန် ၆၅ ယောက်ကို ထုတ်နှုတ်ထားခဲ့သည်။ ပထမအသုတ် တပ်စုနှင့် သူကိုယ်တိုင် စုရပ်မှ စတင် ထွက်ခွာစဉ်မှာပင် မနက် အစောကြီး ၉ နာရီမှာ က/န ၀င်လာသည်။ စခန်းကို ပြန်လှည့်ရန်နှင့် တပ်ရုတ်ဆုတ်ခွာမှုအားလုံးကို ၂၄ နာရီအတွင်း အပြီး စီစဉ်ရန်။ သူကိုယ်တိုင် ၁၉၈၉ ဇွန်လမှာ တလလုံးနီးပါး တပ်စု တစုနှင့်အတူ ရန်သူကို ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသော သည်ခံတပ်စခန်းကြီး ကျသွားပြီဆိုသော သတင်းကို သူ မယုံနိုင်။ တော့နော်- ဟု သူတို့ ခေါ်သော တပ်မဟာ(၆) စက်ကြီး (ဆသရ-ဗဟို) ကို သူလှမ်းခေါ်သည်။ (ဟုတ်တယ်- ဖလူး ကျသွားပြီ၊ ၂၄ နာရီအတွင်း စခန်းကို ဆုတ်ပါ...) ဟူသော အမိန့်ကိုသာရသည်။ ထိုအဖြစ်အပျက်သည် သူတို့ စခန်းအတွက် အချိုးအကွေ့ကြီးဖြစ်သည်။

ရှေ့တန်းသို့ ချီနေသည့် သူ့ စစ်ကြောင်းတခုလုံး နောက်တန်းစခန်းသို့ ခြေဦးပြန်လှည့်လာသည့် လမ်းမှာ အားလုံး တိတ်ဆိတ်။ မည်သည့် အသံတခုမျှ မထွက်။ နှလုံးသားတွေ ကွဲအက်နေသည်လား...။

အခြေချရာ စခန်းသို့ ပြန်ရောက်တော့ အနီးဆုံး အလုံခြုံဆုံး မွတ်ဆလင် စခန်း တခု ရှိရာ မောကဲရွာသို့ ဆုတ်ဖို့ ပြင်ရသည်။ မီးရှို့စရာ ရှိသည်များကို မီးရှို့၊ ဖျက်ဆီးစရာ ရှိသည်များကို ဖျက်ဆီး၊ မြေမြှုပ်ပစ်သင့်သည်များကို မြေမြှုပ် အတော့ကို အလုပ်ရှုပ်သွားကြသည်။ သို့သော်လည်း ကိုယ်တိုင် လက်ဖြင့် တည်ဆောက်လာခဲ့သော ဘားတိုက်များကို မီးရှို့ပစ်ကြဖို့ကိုတော့ သူတို့ အားလုံး မရှို့ပစ်ကြရဲ။ စခန်းမှာ ရှိရှိသမျှ လူအားလုံး မောကဲရွာသို့ ဆုတ်ခွာသွားပြီးပြီ။ သူနှုင့် သူ့ စစ်ကြောင်းမှ တပ်စု တစု သာ ကျန်နေခဲ့သော သေ့ဘောဘိုးစခန်းသည် တိတ်ဆိတ် ငြိမ်သက်လျက်.... ပထမဆုံး အကြိမ်အဖြစ် သူ့ စိတ်ထဲမှာ အားငယ်စိတ်များ ၀င်လာသည်။ ဖလူးပြီးတော့ ကျောက်ခက်၊ ကျောက်ခက်ပြီးတော့ သေ့ဘောဘိုး၊ သေ့ဘောဘိုြးုပီးတော့ ဝေါ်လေ၊ ဝေါ်လေပြီးရင်... ငါတို့ ဘယ်ကို ဆုတ်ရဦးမလဲ...။

---------------------------------------------------------------------------------

ဖလူး ကျလဲ ဘာဖြစ်မှာလဲ... ဘာမှမဖြစ်ပါဘူး...။ strategic post တခု ကျသွားသည့်အခါ နောက်ဆက်တွဲ ဘာတွေဖြစ်မည်လဲကို တပ်မှူးတိုင်း သိပါသည်။ ဖလူး ခံစစ်စခန်းဖြင့် ထိန်းသိမ်းထားနိုင်သော ထောက်ပံ့ရေးလမ်းကြောင်းအားလုံး ဆုံးရှုံးသွားသည်၊ လုံခြုံရေးအားလုံး ဆုံးရှုံးသွားသည်။ ရန်သူက တံခါးမရှိ ဓါးမရှိ ၀င်ထွက်နိုင်ပြီ ဆိုမှတော့ ဘာမှ မဖြစ်ပါဘူး မျက်စေ့မှိတ်ပြောလို့က မရတော့ပြီ။ အခြေအနေက ကိုယ့် အင်အားဖြင့် overtake ကလည်း ပြန်မလုပ်နိုင်တော့ အရာအားလုံးက mobile ဖြစ်ကုန်တော့သည်။ အရင်က သူတို့ အခြေခံစခန်းလေးက ခုအခါမှာ ကျီးနှင့် ခြောက်ခြောက်။ ကိုယ့်တပ်ကိုပါ body နှင့် မထားနိုင်တော့။ ပျောက်ကျား တပ်စိပ်တွေ အဖြစ် ခွဲထုတ်ရသည်။ ဆွဲဆန့်ရသည်။ ထိုအခါ... မဟာမိတ် ကေအဲန်ယူ တပ်စိတ်များနှင့် တွဲရသည့်အတွက် ကိုယ့် အင်အားတွေက ဟိုတကွက် သည်တကွက်.... မကဒတမှာ ကိုယ်ပိုင် လွတ်မြောက်နယ်မြေ မရှိသေးတာကို သူ အတော် စိတ်တိုသည်။ ခုလောဆယ်တော့ ရှိစေပေါ့လေ။

---------------------------------------------------------------------------------

သည်လိုနှင့် သည် ကွေ့ချိုးကြီးတခုမှာပဲ သူုကိုယ်တိုင် လွင့်စင်ထွက်သွားသည်။ တရက်သားမှာ မောင်လွမ်းဏီ-ဆိုသော ကဗျာဆရာနှင့် သူတွေ့လိုက်ချိန်မှာ နောက်ထပ် ကွေ့ချိုးကြီး တခုကို သူ တွေ့လိုက်ခြင်းဖြစ်သည်။ လူတိုင်းက ချစ်သော၊ လူတိုင်းနှင့် အလွမ်းတည့်သော မောင်လွမ်းဏီ။ သူနှင့် အလွမ်း မတည့်စရာ ဘာရှိမည်နည်း။ ကဗျာတွေကို ချစ်သော သူ့အတွက် သူရေးထားသော မဖြစ်ညစ်ကျယ် ကဗျာလေးတွေကို တခုပ်တရ ဖတ်ရှု ပြုပြင်ပေးသူ... သူ့ ကဗျာ လက်ဦးဆရာမှာ မောင်လွမ်းဏီဖြစ်လေသည်။ သူ့ကိုလည်း ညီအရင်းတယောက်လိုချစ်သော မောင်လွမ်းဏီ။ တခါတခါလည်း သူနှင့် မောင်လွမ်းဏီ အကြီးအကျယ် ရန်ဖြစ်ကြသည်။ မင်းဟာ... ဦးလှရွှေ သား မဟုတ်ဘူးဟု ပြောသော မောင်လွမ်းဏီ စကား အပေါ် သူအနာပေါ် ဒုတ်ကျဘူးသည်။ ကျနော်က ဘယ်သူ့ သားမှ မဟုတ်ဘူး ကိုလွမ်းဏီ-ဟု သူ အကျယ်ကြီး ပြန်အော်ဖူးသည်။ ဘာပဲဖြစ်ဖြစ် ကိုလွမ်းဏီသည် မကဒတမှာ တာဝန်ကျေပွန်နေနေဆဲ...။ ကျနော်ကသာ အဝေးမှာ။ သို့သော်လည်း ကိုလွမ်းဏီနှင့် ကျနော့် နှလုံးသားများ နီးနေသည်ကို ကိုလွမ်းဏီ သိပါသည်။

----------------------------------------------------------------------------------

ရာသီများ ပြောင်းသလို အချိန်ကာလများ အခြေအနများ ပြောင်းခဲ့ပြီ။
သို့သော်လည်း ကျနော်တို့ စိတ်များ ယုံကြည်ချက်များ မပြောင်းလဲသေးပါ။

လက်နက်ကိုင် တိုက်ပွဲဖြင့်သာ အဆုံးသပ်တိုက်ပွဲကို ရယူနိုင်မည်ဟု ယုံကြည်ခဲ့သဖြင့်သာ လက်နက်ကိုင် တော်လှန်ရေးလမ်းကြောင်းပေါ်ကို ကျနော်တို့ လျှောက်လှမ်းခဲ့ခြင်း ဖြစ်ပါသည်။

၂၃ နှစ်တာ ခရီးမှာ မကဒတ၏ အလံတော်သည် ယနေ့ထက်ထိ အမြင့်မားဆုံး လူးလွန့်လျက်...

တနေ့နေ့မှာ ရန်ုကုန်မြို့တော် ခမ်းမရှေ့မှ အလံတိုင်မှာ ကျနော်တို့ မကဒတ အလံကို လွှင့်ထူပါမည်...

(အောင်သာငယ်)

on Wednesday, October 12, 2011 at 6:56am

ဖြည့်ဆည်းစရာမလိုသော ကွက်လပ်များဖြင့် ခမ်းခြောက်နေသော လေဟာနယ်များ...


တနေ့တာ အလုပ် ပြီးသွားချိန်မှာ ကြမ်းပြင်ပေါ် ပစ်ချလိုက်သော အ၀တ်တစလို သူ ပုံကျသွားသည်။ သူ့ရင်သည် ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်သွားသည်။ အလိုလိုကို သူ မောဟိုက်နေသည်။ အလုပ်ပြီးသွားလို့ စိတ်ကိုလျှော့ချမိတာကြောင့်လည်း ဖြစ်နိုင်သည်။ လဲပြိုကျမလိုဖြစ်နေသော ခန္ဓာကိုယ်ပေါ်သို့ သူ့ ရိန်းကုတ်ကြီးကို စွတ်လိုက်ရင်း "ငါလည်း ခု တော့ တကယ့်ကို ပို့လန်းဒါး-ကြီး ဖြစ်နေပါ့လား" ဟု တွေးလိုက်မိသေးသည်။ ပို့လန်းသား မှန်လျှင် ကျောပိုးအိတ် တလုံး၊ ရိန်းကုတ်တထည်၊ ခေါက်ထီးတချောင်း၊ ရေဘူးတဘူး၊ ဘတ်စ်ပါ့စ်တခု၊ ဦးထုပ်တလုံး ရှိကိုရှိရမည် မဟုတ်လား။ ရိန်းကုတ်ကို ဇစ်တပ်ပြီးနောက် ကျောပိုးအိတ်ကို စစ်သားတယောက် လွယ်သလို သူလွယ်လိုက်သည်။ လွယ်ရင်းက သေနတ်တလက် ကျောပိုးအိတ်တလုံးနှင့် သူ့ အတိတ်က အရိပ်အချိန်တခုကို သတိရမိသွားသေးသည်။ ဘတ်စကားဂိတ်သို့ လှမ်းနေသော သူ့ခြေလှမ်းတခုနှင့်တခုအကြားမှာ သေနတ်သံတွေကို သူကြားနေရသည်။ လက်နက်ကြီး ကွဲသံတွေ။ သူငယ်ချင်း ယောဟန်အောင်၏ ကဗျာ... - ဗုံးသီးကွဲမြောက်၊ မောင်းပြန်ပေါက်ထွက်၊ အတွဲဆက်တွေ... ဆူပွက် အော်ဟစ်၊ ပစ် ပစ် ပစ်ကြ... ဖေါက်ပြန်သူတွေ- တို့ပစ်ရမယ်... - သူ့ သွေးကြောတွေ တင်းကနဲ ဖြစ်သွားသည်။ သူ့ ကျောပိုးအိတ်ထဲမှာ ပါလာသည့် ၀ိုင်အနီပုလင်းကြီး နှလုံးကို အာရ်ပီဂျီ-ဆဲဗင်း ဒုံးကျည် နှစ်လုံးလို လက်ပြန် ယောင်ရမ်း လှမ်းဆုပ်လိုက်မိသေးသည်။

----------------------------------------------------------------------------------

ဘတ်စကားဂိတ်သို့ သူရောက်တော့ မည်သူမျှ မရှိသေး။ ကားဂိတ်က ခုံတန်း ၂ ခုအနက် ညာဖက် ခုံတန်း အစွန်းမှာ သူ ထိုင်ချလိုက်သည်။ ဘောင်းဘီအိတ်ထဲမှ အိုင်ဖုန်းကို ထုတ်ကာ Bus Stop ID No. ကို TriMet Message ထဲ ရိုက်ထည့်လိုက်တော့ ၁၉ မိနစ် စောင့်ရမည်-ဟု ပေါ်လာသည်။ နောက်တော့ မိန်းမ တယောက် ရောက်လာပြီး တဖက် ခုံတန်းမှာ သွားထိုင်သည်။ စီးကရက် အနံ့ကို ဆိုးဆိုးရွားရွားရလာသဖြင့် သူ လှည့်ကြည့်မိတော့ ထို မိန်းမ လက်ထဲက စီးကရက်ကို မြင်သည်။ "ဟင်း... စီးကရက်အနံ့ရလို့ ကြည့်လိုက်ရင် မိန်းမတွေချည့်... " သူ့ ဘာသာ စိတ်ထဲက ပြောလိုက်မိသေးသည်။ သူကိုယ်တိုင်လည်း ဆေးလိပ်သောက်သူ တယောက် ဖြစ်ခဲ့ဖူးသည်။ သို့သော်လည်း လွန်ခဲ့သည့် ၁၂ နှစ်က သူ ဆေးလိပ် ဖြတ်ခဲ့သည်။ တရက်တည်းနှင့် ဖြတ်ခဲ့ခြင်းဖြစ်သည်။ ဆေးလိပ်ဖြတ်ပြီ-ဟု သူဆုံးဖြတ်လိုက်သည့် အချိန်မှာ သောက်လက်စ စီးကရက်ဘူး၊ အသစ်ချပ်ချွတ် နောက်တဘူးနှင့် ဇစ်ပိုမီးခြစ်-ကိုပါ အမှိုက်ပုံးထဲ သူ လွှင့်ပစ်ခဲ့သည်။ ယနေ့ထက်ထိ လုံးဝကို သူပြန်မသောက်တော့။ ဖြတ်စရာ ရှိလျင် သူက အပြတ်ဖြတ်တတ်သူပေပဲလား။ သူ့ဘာသာသူလည်း သေချာ ရေရာ မသိပါ။ သေချာတာကတော့ ဆေးလိပ်ကို တရက်တည်းနှင့် ဖြတ်ခဲ့တာတော့သေချာသည်။ နောက်ထပ် ဘယ်အရာတွေကို သူ အပြတ်ဖြတ်ရဦးမည်နည်း။ သူမသိသေးပါ။

----------------------------------------------------------------------------------

ဘတ်စ်ကို စောင့်နေဆဲ လမ်းထောင့်ချိုးအကွေ့မှ မည်းကနဲ တစုံတခုက ရုတ်တရက် ပေါ်လာတော့ သူ လန့်ဖြတ်သွားသည်။ ပြိုင်စက်ဘီးတစီးနှင့် လူတယောက်။ စက်ဘီးပေါ်မှ ဆင်းပြီး စက်ဘီးကို ကားဂိတ် နံရံမှာ ထောင်ကာ ခုံတန်းမှာ ထိုင်တော့မှ သေချာကြည့်မိသည်။ လူငယ် တယောက်၊ သူ့သားကြီးထက် ကြီးလှမှ ၃-၄-၅ နှစ်ပေါ့။ နေပါဦး... မျက်နှာကိုကြည့်ရတာ ဆံပင် တိုပေမယ့် မိန်းကလေးလိုပဲ။ သူ နောက်ထပ် တခါ သေချာ ပြန်ကြည့်တော့ လူငယ်က သူ့ကို ပြန်ကြည့်သည်။ သူ မျက်နှာ လွှဲလိုက်သည်။ မိန်းမချောချောတဲ့ ယောက်ျားလေးလား... ။ စပ်စုချင်စိတ်တွေက သူ့ရင်ထဲ တဖွားဖွားပေါ်နေသည်။ တကယ်ဆို- ဒါက သူ့ အလုပ်မှ မဟုတ်တာ။ ဘာကြောင့် ကျား-လား ... မ-လား... ငါက သိချင်နေရတာတဲ့လဲ။ သူ့ဘာသာသူ မေးရင်း မသိမသာ လူငယ်ကို လှမ်းကြည့်လိုက်မိသည်။ ခန္ဓာကိုယ် အဆက်အပေါက်ကတော့ ယောကျာ်းလေး မဟုတ်တာ သေချာသည်။ အင်း... ခက်တော့တာပဲ။ Are you boy or girl - ဟု သွားမေးလို့ကတော့ ပါးရိုက်ခံရမှာ သေချာသည်။ တခုခုပေါ့ကွာ... မင်းအလုပ် မဟုတ်ဘူး... ကားစောင့်မှာသာ စောင့်နေ... အရစ်တွေ မရှည်ချင်နေနဲ့... - ဟု သူ့ကိုယ်သူ အသံတိတ် ဆဲလိုက်သည်။ ဆဲနေရင်းကကို... "အင်း... သေချာပါတယ်... အဲဒါ ကောင်မလေးပါကွာ... " - ဟု စိတ်ထဲက ပြောဖြစ်အောင် ပြောလိုက်မိသေးသည်။ တကယ်တော့ သူလည်း မသေချာပါ။ မိန်းမချောချောတဲ့ ယောက်ျားလေး တယောက် ဖြစ်နိုင်သလို... ယောက်ျားလေးဆန်သော မိန်းကလေး တယောက်လည်း ဖြစ်နိုင်ပါသည်။

---------------------------------------------------------------------------------

သည့်နောက်တော့ ဘာတွေ ဘယ်လိုဖြစ်သည် သူမမှတ်မိတော့။ မီးနီ မီးပြာတွေ သူ့ မြင်ကွင်းမှာ လက်လက် ထသွားတော့မှ သူ့ အသိစိတ်က သူ့ ဆီ ပြန်ဝင်လာသည်။ သူ သတိပြန်လည်လာခြင်းလား။ မဟုတ်ပါ။ သူက သတိလစ်မသွားပါ။ တကယ်တော့ သူ့ အကြည့်က မီးပွိုင့် အလည်ခေါင်ကို ရောက်နေသည်။ သို့သော်လည်း ဘာကိုမျှ မြင်ပုံမပေါ်။ မီးနီ မီးပြာများဖြင့် ဆေးရုံကားတစီး... ရဲကားတစီး သူ့မြင်ကွင်းထဲ ရောက်လာတော့မှသာ သူက အသိစိတ်ဆီ ပြန်ရောက်သွားခြင်းဖြစ်သည်။ သည် အရေးပေါ်ကားများ မလာမီ သူက ဘယ်ဆီ ရောက်နေသည်လဲ။ ဘယ်ကိုမျှ မရောက်ပါ။ ဘတ်စ်စတော့ပ်မှာ ထိုင်နေခြင်းပါ။ သို့သော်လည်း သူ့ အကြည့်များ၏ လားရာမှာ မီးပွိုင့် အလည်ခေါင်တည့်တည့်သာ ဖြစ်သည်။ တမင်တကာလည်း သူ မကြည့်ပါ။ သူ့အကြည့်များကလည်း ရည်ရွယ်ချက် မရှိပါ။ ကြည့်စရာ မရှိသော မီးပွိုင့်အလည်တည့်တည့်ကို သူကြည့်နေမိသည်ကလည်း ရည်ရွယ်ချက် ရှိရှိ မဟုတ်ပါ။ သေချာသည်ကတော့ သူက စိတ်နှင့် လူ မကပ်ခြင်းသာ ဖြစ်မည်။ သို့ မဟုတ် သူ့ အသိစိတ်နှင့်သူ ခေတ္တခဏ အဆက် အသွယ် ပြတ်သွားခြင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် မသိစိတ်က အသိစိတ်ကို အနိုင်ယူသွားတာလည်း ဖြစ်နိုင်သည်။

ခုတော့ အရာအားလုံး ရှုပ်ထွေး နေကြလေပြီ။

---------------------------------------------------------------------------------

ကျနော့်ကို ၀ိုင်အနီ တခွက်လောက်တိုက်ပါ...
ဗန်ပိုင်းယားတွေ သွေးသောက်သလိုမျိုး...
ကျနော့် ခြောက်သွေ့မှုတွေကို ကျနော် သောက်မယ်...

သူ့ ကဗျာ တပုဒ် အတွက် အစပျိုးထားသော ၀ါကျ တခုကို...
သူသည် သူ့ဘာသာ အလိုလို... ခြောက်ခြားနေလေသည်...။

ထိုနေ့က လမထွက်ပါ...
ထိုညမှာ နေမပွင့်ပါ...
ကမ္ဘာကြီးသည်
၂၃ နှင့် နှစ်ပိုင်းတပိုင်းဒီဂရီစောင်းကာ
လည်မြဲ လည်နေပါ၏၊

atn

on Sunday, October 9, 2011 at 11:42pm

Aug 31, 2011

Blog Day 2011 အမှတ်တရ

ကျနော် ဘလော့စရေးတော့ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၆ ရက်ပါ... ခု ဆို ၄ နှစ်နီးပါး ရှိပြီပေါ့...

ကိုယ့်ကိုယ်ကို ဘလော်ဂါတယောက်ပါ-လို့ ပြောနိုင်အောင်ကလည်း blogspot.com မှာ အကျွမ်းတ၀င် ဖြစ်နေခဲ့ပြီး post တွေ ရာကျော်အောင် ရေးပြီးမှသာ... ပြောရဲခဲ့တာပါ...

သို့သော်လည်း... မြန်မာ ဘလော့ဂါတွေ အကြောင်းကို ကျနော်က သိပ်မသိသူပါ... ဘာလို့ဆို.... ယေဘုယျ မြန်မာဘလော်ဂါတွေလို ကျနော်က ဘလော့-ဆိုတာကြီးကို တွေ့ဆုံ ဖက်တွယ် ချစ်ခင် ရင်းနှီး သံယောဇဉ်ကြီးခဲ့ရတာမျိုး မဟုတ်လို့ပါ...

တကယ်ဆို ၃ နှစ်ကျော် ဘလော့ဂင်းခဲ့ အပြီးမှာ... ကျနော် ဘာတွေရခဲ့လဲ-လို့... ကိုယ့်ဘာသာ ပြန်မေးခဲ့ဖူးပါတယ်...

ကျနော့် ဘလော့ကို ဘာဆုလဲမသိပေးမယ့် စာရင်းထဲထည့်တာ ကြုံဖူးပါတယ်... ကျနော် သွားပြောခဲ့တယ်... အဲသည်စာရင်းထဲက ကျနော့်ကို ဖယ်ပေးပါ-လို့...

ကျနော် ဘလော့ရေးတာ... ကျနော့်အတွက် ကျနော်ရေးတာပါ... (အင်း... အငြင်းအခုန်တွေ ဖြစ်မှာ စိုးလို့... ကျနော် ရေးခဲ့ဖူးသမျှ ဘလော့နဲ့ ပတ်သက်တဲ့ လင့်တွေကို နောက်ပိုင်းမှာ စာရင်း လုပ်ထားပေးပါ့မယ်...)

တခါတခါ စိတ်ကောင်းဝင်တဲ့အခါ... အကြည်ဓါတ်ကလေးတွေ ရွာတဲ့ ပို့စ်တွေ ကျနော် ရေးတယ်...

တခါတခါ အညှီဓါတ်တွေ ကျနော့် လက်ပေါ် နံဟောင်တဲ့အခါ... ဆဲစာတွေလည်း ကျနော်ရေးတယ်... (ခုတော့ ခင်ဗျားတို့တွေ မမြင်ရပါဘူး... ကျနော်က blogspot.com မှာ draft ပြန်လုပ်ထားလို့ပါ...း)

------------------------------------------------------------------------------------
ကျန်တဲ့... ဘလော်ဂါတွေတော့ ဘာလို့ ဘလော့ရေးကြလဲ.... မသိပါဘူး... ကျနော်ကတော့ ခံစားရလို့ ရေးပါတယ်... ရေးတိုင်းလည်း စိတ်ထဲရှိတာ ရေးပါတယ်... ကျနော့် ရေးတဲ့ စာတွေကြောင့်... ကျနော့်ကို... လူ အထင်ကြီးခြင်း သေးခြင်းကို စိတ်ထဲမှာကို မရှိတာပါ...
ကျနော့်ကို ဘလော့က စာတွေဖတ်ပြီး ချစ်တဲ့သူတယောက်က ကျနော် စိတ်နောက်နေတဲ့အခါ တကယ်ကြီး အနားမှာ လာအားပေးပါ့မလား... (နိုးဝေးလေ... ကျနော် သိတာပေါ့....း)

ခု ရေးနေတာကလည်း တကယ်တော့ ကျနော် ရေးချင်လို့ ရေးနေတာ မဟုတ်ဘူး... ကိုအောင့်ကြောင့်ပါ...

ကျနော့် ဘလော့မှာ ကျနော် စာတွေ မရေးတာ အတော်ကြာနေပါပြီ... ခုက ကိုအောင့်ကြောင့် ကြိုးစားရေးလိုက်တာပါ...
--------------------------------------------------------------------------------
ဘလော့နဲ့ ပတ်သက်သမျှ ကျနော် ရေးထားဖူးတာလေးတွေကို အောက်မှာ စာရင်းတို့ထားလိုက်ပါတယ်...
ဖတ်ချင်လည်း ဖတ်... မဖတ်ချင်လည်း ရပ်...

(၂) နှစ်ပြည့် အကြို မှတ်တမ်း


ဘလော့တထောင်၊ ဆောင်သင့်သည်များနဲ့ ရပ်တန့်သွားသောစာမျက်နှာများ



အဖြူရောင်တခုအတွက် ကျနော် ပြန်လာခဲ့တယ်


ရင်ထဲရှိတဲ့ မှတ်တမ်း

ပျောက်ဆုံးသွားသော ဥယာဉ်မှူးသို့

အနုပညာသမားများအကြောင်း တစေ့တစောင်း

တက်ဂ်လို့ရေးတဲ့စာ-၈ (သို့မဟုတ်) ကျနော်တွေ့ဖူးချင်သူများ

တက်ဂ်လို့ရေးတဲ့စာ-၅

တက်ဂ်လို့ရေးတဲ့စာ-၎

တက်ဂ်လို့ရေးတဲ့စာ-၁



ကံအကောင်းဆုံးလူတယောက်ရဲ့ဖွင့်ဟ ၀န်ခံချက်


ဘယ်သူ့ကိုမှ မတွေ့ချင်တော့ဘူး

ပြန်စီကြည့်မိသောခြေရာများ

အပြုံးကိုဆောင်ပြီး နှလုံးသားကို အလှဆင်ကြပါ


ကမ္ဘာထဲက ဘလော့။ ဘလော့ထဲက ကျနော်တို.


ဘ၀ဆိုတာ တိုတိုလေး ချိုအောင်နေကြ

အပြုံးကိုဆောင်ပြီး နှလုံးသားကို အလှဆင်ကြပါ

ကမ္ဘာထဲက ဘလော့။ ဘလော့ထဲက ကျနော်တို.

atn

Jul 28, 2011

နှစ်ဆယ့် သုံးနှစ်တောင် ရှိခဲ့ပြီကော နှင်းရေ့...


ကိုယ်ပိုင် ကားက မရှိတော့ပြီဆိုတော့ကာ ဘယ်သွားသွား... နီးရင် လမ်းလျှောက်... ဝေးရင် ဘတ်စ် စီး... သည်လိုနဲ့ပဲ ဘ၀ခရီး ဆက်နေရသပေါ့လေ...း) သည်နေ့တော့ ရှေ့လာမယ့် တပတ်စာအတွက် စားဖို့ သောက်ဖို့တွေကို လမ်းလျှောက်ပြီး သွားဝယ်ရတယ်... တော်ပါသးတယ် SafeWay ဆိုတဲ့ စတိုးတခုက အနားမှာ ရှိလို့... အရင်ကတော့ အလုပ်က ပြန်လာတိုင်း အဲမှာ ဆင်းဆင်းပြီး ၀ယ်ဖြစ်တယ်... ကြာလာတော့ ခဏခဏ မ၀ယ်ချင်တော့တာနဲ့ တပတ်စာ တခါတည်း ၀ယ်မယ်ဆိုပြီး ၀ယ်မိပါရော... ပြီးတော့မှ ကျွတ်ကျွတ်အိပ်ပေါင်းစုံနဲ့ ကိုးယိုးကားယားကြီးဖြစ်လို့... စိတ်ညစ်သွားတယ်... ခုတော့ ပစ္စည်းတွေကို အများကြီးလည်း မသယ်နိုင်... ခဏခဏလည်း မ၀ယ်နိုင်... သည်တော့ သည် တပတ်အတွက်ကတော့ သယ်နိုင်သလောက် ၀ယ်ပြီး ကျောပိုးအိတ်နဲ့ တချို့ထည့် တချို့ကို လက်ကဆွဲ... အိမ်ပြန်ရောက်တော့ လျှာထွက်နေပြီ... အလေးအပင်တွေ မသယ်မပိုးတာကလည်း ၁၅ နှစ်လောက်ရှိပြီဆိုတော့... လက်တွေနာ... ပုခုံးတွေနာနဲ့... ခဏထိုင်နားနေရင်း... ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က... အဲလို လက်တွေနာ ပုခုံးတွေနာခဲ့ဖူးတဲ့ နေ့ တရက်ကို... ပြန် သတိရသွားမှ... ထခုန်မိမတတ် ဖြစ်သွားတယ်...

ကြည့်စမ်း ၂၃ နှစ်တောင် ရှိခဲ့ပါပကောလား...
ဟုတ်တယ်...
ရှေ့လ ၈ ရက်ဆို ၂၃ နှစ် ပြည့်ပြီပေါ့... နှင်း...

အထူး စစ်သင်တန်း တခုကို တက်နေချိန်တုန်းကပါ... တနေ့တော့ တခြား ရဲဘော် တဦးနဲ့ အတူ မနက် ၂ နာရီကနေ ၄ နာရီ ကင်းရှည် တာဝန်ကျတယ်... အိပ်လို့ကောင်းနေတုန်း အချိန်ကြီး... မနက် ၁ နာရီ ၄၀ လောက်မှာ... ကင်းမှူးက လာနှိုးပြီး ကင်းချိန်းဖို့ လွှတ်လိုက်တယ်... သင်တန်းကလည်း တက်နေတုန်းဆိုတော့... မနက် ၅ နာရီ ကနေ ညနေ ၆ နာရီ တန်းဖြုတ်ချိန်ထိ... တနေကုန် ပြေးလွှားလှုပ်ရှားထားတဲ့ ခန္ဓာကိုယ်ဟာ... ဘယ်လိုနေမလဲ-စဉ်းစားသာကြည့်... အိပ်ရေးကလည်း မ၀... ခန္ဓာကိုယ်တခုလုံးကလည်း လေးလံနာကျင်ကိုက်ခဲ... ကင်းထိုင်တဲ့ ကတုပ်ကျင်းထဲရောက်တော့ ဇန်န၀ါရီနှင်းတွေကလဲ သည်းလို့... ဘာပြောကောင်းမလဲ... ကင်းအတူကျတဲ့ ရဲဘော်နဲ့... ၂ ယောက် အတူ စက်တော် ခေါ်ပစ်လိုက်ကြတာ... နောက်ကင်းချိန်းနဲ့ လိုက်လာတဲ့ ကင်းမှူး အတင်းလှုပ်နှိုးမှ မျက်စေ့ ပွင့်ကြတော့တယ်... စဉ်းစားသာ ကြည့်ပေတော့... မနက်မိုးလင်း ကင်းရှည်ဟာ... စစ်ရေးမှာ အရေးအကြီးဆုံး... ရန်သူသာ ဆိုရင် ကိုယ်တို့ ၂ ယောက်ကို နှစ်ခေါင်း ညှစ်ပြီး သတ်သွားလောက်ပြီ...း)) ကင်းမှူးကတော့ ပြစ်ဒဏ်ကျ စာရင်းထဲ ထည့်လိုက်တယ်... ညနေ တန်းဖြုတ်မှ ပြစ်ဒဏ် ခံရမယ်-ဆိုတော့ တော်ပါသေးရဲ့လို့ တွေးနေမိတယ်...း) ကင်းလဲတော့ မနက် ၄ နာရီ တန်းစီချိန်က မနက် ၅ နာရီ ဆိုတော့... ပြန်အိပ်လို့ကလည်း မဖြစ်တော့ဘူး-ဆိုပြီး စစ်ရေးပြကွင်းနားမှာ ဆေးလိပ်ထိုင်သောက်... ထုံးစံအတိုင်း ပေါက်ကရ ရီစရာတွေ ပြော... ဟော... နောက်တော့... မနက် ၅ နာရီ တန်းစီ... ပီတီ ပြေး... စစ်ရေးပြ... လက်နက်ငယ်... လက်နက်ကြီး... ဖောက်ခွဲရေး... မြေပုံ... မဟာဗျူဟာ... နည်းဗျူဟာ... တောတွင်း ရှင်သန်ရေး... အရေးပေါ်သူနာပြု... အို... စုံတကာ့ကို စုံလို့... ညနေ ၆ နာရီ တန်းဖြုတ်ချိန်ကုန်တော့... မနက်က ကင်းအိပ်တဲ့ ကိုယ်တို့ ၂ ယောက်ကို... ကင်းမှူးက တာဝန်မှူး လက်ထဲ အပ်လိုက်ပါတယ်... (နေရောင် တောင်စွယ်မှာကွယ်ပြီလေ... ကိုယ်တို့ ၂ ယောက် အားငယ်နေကြပုံများ... ညည်းကို ပြချင်တယ်... နှင်း...း))

(လာခဲ့ကြ... ကာလနဂါးကြီးများ...)- ဆိုတဲ့ တာဝန်မှူးကြီးရဲ့စကားကို ကိုယ်တို့ ၂ ယောက်က စပ်ဖြီးဖြီးကြီးတွေ ရီမိကြပါတယ်... (မင်းတို့ ၂ ကောင်ကို... ဒဏ်မပေးပါဘူး... စစ်ကြောင်းက လက်ဆောင် ၃ ခုစီပဲ ပေးမှာပါ... ဒါပေမယ့် ခု ငါ့ လက်ဆောင်လေးတခုတော့ ပေးပါရစေဦး...)-ဆိုတာနဲ့ (ဟုတ်... ဗိုလ်ကြီး...) - ပါပေါ့ ၂ ယောက် ပြိုင်တူ အော်နေတုန်း... ဗြုံးဆို တယောက်တချက်စီ အလစ် ဇက်ပိုးအုပ်တာ ခံလိုက်ရတယ်... လူတွေလည်း ပူထူသွား... (ခု ဇက်ပိုးအုပ်လိုက်သလိုပဲ... စစ်မှာ အလစ်အငိုက် ဆိုတာ ရှိတယ်... မင်းတို့ထိုင်တဲ့ ကင်းရှည်ဟာ စစ်မှာ လက်ဦးမှုယူပြီး အလစ်အငိုက် တိုက်တဲ့ အချိန်... ဒါဟာ သင်တန်းပေမယ့် လက်တွေ့ စစ်မြေပြင်လို လေးလေးနက်နက် တာဝန်ယူအောင် လေ့ကျင့်ပေးနေတာ... စစ်မြေပြင်မှာ မင်းတို့ ကင်းအိပ်နေလို့ ရှိရင် ရန်သူကအလွယ်တကူ သတ်သွားမယ်... ထိုးထားတဲ့ ကင်းရှည်ကို ရန်သူက ရှင်းပြီးမှတော့ စစ်ကြောင်းတကြောင်းလုံးကို အလစ်အငိုက် ရသွားပြီဆိုတော့ မင်းတို့ရဲ့ ကင်းအိပ်မှုဟာ တာဝန် ဘယ်လောက် ပေါ့လျော့သလဲ ဆိုတာ စဉ်းစားကြည့်ကြစမ်း... ) ဆိုတဲ့ သူ့စကားနောက်မှာ... (ဟုတ်.... ဗိုလ်ကြီး...) လို့ ပြောတဲ့ ကိုယ်တို့ ၂ ယောက်ကို ကျောပိုးအိတ် တလုံး... လက်ဆွဲ သံသေတ္တာ ၂ လုံးစီ ပေးပါတယ်... ပြစ်ဒဏ်က သိပ် မခက်ပါဘူး... အဲသည် ကျောပိုးအိတ်ကလေးကိုလွယ်... သံသေတ္တာလေး ၂ လုံးကို ဆွဲပြီး စစ်ရေးပြကွင်းကို ၁၅ မိနစ် ပတ်ပြေးရမှာပါ...း)))

ဒါနဲ့ ကျောပိုးအိတ်ကလေးကို ကောက်မလိုက်တော့... ဒင်းက တော်ရုံနဲ့ ကြွပါမလာဘူး... ဒါနဲ့ ကျောပိုးအိတ်အဖုံးလေး အသာလှပ်ကြည့်လိုက်တော့ အထဲမှာ သဲတွေအပြည့်ဗျား...း(
တတ်နိုင်ဘူးလေ... ကင်းအိတ်ထားမိမှတော့ လွယ်ရတော့မှာပေါ့ဆိုပြီး အတွင်းအားအကုန်သုံးပြီးမလို့ လွှဲလွယ်ပစ်လိုက်တော့ ကျောပေါ်ရောက်သွားတယ်... ပုခုံး ၂ ဖက်ကတော့ အိ-ကနဲ ကျသွားလေရဲ့...

ဒါနဲ့ နောက် သံပုံးလေးတခုကို အသာမကြည့်တော့ အဲသည့် ဘသားချောကလည်း မကြွဘူး... ဒါနဲ့ အဖုံးဖွင့်ကြည့်လိုက်တော့ အထဲမှာ ၇.၆၂ မမ စက်လတ်ကျည်တွဲက သေတ္တာ အပြည့်...း( အဲကျည်တွဲလေးတွေ သံသေတ္တာထဲ ယှဉ်တွဲ အိပ်နေကြပုံက မိခင်နဲ့ ကလေး ဆေးရုံမှာ မွေးကာစ ကလေးလေးတွေ တန်းစီ အိပ်နေကြသလိုမျိုးလေး... သူတို့ ဘာမှ အပြစ် မရှိသလိုလို... သူတို့က မပေါက်ကွဲ တတ် သလိုလို... လူမသတ်တတ်သလိုလို... (ကြုံတုန်း ကဗျာဆန်ဆန်တွေးကြည့်မိရင်း...) အင်း...
ငါတော့ ဘ၀ပျက်ပြီလို့... စိတ်ထဲ စဉ်းစားပြီး ကိုယ့်ကိုယ်ကို သနားလိုက်မိတာ အော်တောင် ငိုချင်တယ်...

(အိုး... ပျက်လက်စနဲ့တော့ မထူးပါဘူး...) လို့ တွေးပြီး နောက် သံသေတ္တာ တလုံးကို ဖွင့်ကြည့်တော့... အထဲမှာ နာနတ်သီးတွေရော... ပန်းသီးတွေရော... မင်းဂွတ်သီးတွေရော... သံပုရာသီးတွေရော... စုံတကာ့ကို နှံ့လို့... Produce Department တွေက လုပ်တတ်တဲ့... Fruit Medley တွေ ကျနေတာပဲ...း)) (စားဖို့ သစ်သီးတွေ မဟုတ်ဘူးနော်... လက်ပစ်ဗုံးတွေ... အရွယ်စုံ... အမျိုးအစားစုံ... ) ကဲ... သေရောဗျာ... သည်တခါမှ ကိုယ်မသေရင် နောက် ဘယ်တော့မှ သေဖြစ်မှာ မဟုတ်ဘူး...
ကင်းအတူ အိပ်တဲ့ ရဲဘော်ကိုကြည့်လိုက်တော့လည်း မျက်နှာလေး ရှုံ့မဲ့လို့... သူ့ ပုံးထဲမလဲ ကိုယ်နဲ့ သိပ်ကွာပုံမရပါဘူး...

ကဲ... ၀ီစီသံ စကြားတာနဲ့ ကျောပိုးအိတ်တနင့်တပိုးကြီးကို လွယ်ထားတဲ့ ကိုယ်ခန္ဓာက လက်နှစ်ဖက်နဲ့ သံပုံး ၂ ပုံးကို စမလိုက်တာနဲ့ လူတကိုယ်လုံးက ကိုင်း ညွှတ်ကျသွားတော့တာ... ဟိုအကောင်တွေနဲ့တောင် တူသွားမယ် ထင်တယ်... (လမ်းလျှောက်ရင် ခြေထောက်နဲ့ လျှောက်ပေမယ့်... ကိုယ်ခန္ဓာက ကိုင်းကိုင်း... အကောင်က မဲမဲ... လက် ၂ ဖက်ကလည်း မြေကြီးကို လက်ခုံနဲ့ ထောက်ထောက် ထားတတ်တဲ့ အကောင်ကွာ... ကိုယ် မေ့နေလို့... သူ့နံမည်က... ချန်ပီယံ-ဆိုလား ဘာလား...း))

ထားပါတော့... အဲသလိုနဲ့ ၂ ယောက်သား ပြေးကြရတော့တာပဲ... တာဝန်မှူးကလည်း တချိန်လုံး ၀ီစီ တရွှီးရွှီး မှုတ်ပြီး အားပေးနေသေးတယ်...း((
အမှန်က ကိုယ်တွေက ပြေးနေတာမဟုတ်ဘူး... စစ်ရေးပြကွင်းက သဲတွေကို ခြေထောက် ၂ ချောင်းနဲ့ ယက်ထုတ်ပြီး ရှေ့ကို သွားနေရတာ... ယက်ကန်ယက်ကန်နဲ့ ပြေးသလိုဖြစ်နေရတာ... ၁၅ မိနစ် ပြည့်သွားတော့... မျက်လုံးတွေလည်း ပြာနေပြီ... လက်တွေလည်း နာနေပြီ...ခန္ဓာကိုယ်ထဲမှာလည်း အသက်က ရှိနေရုံလေးပဲ ရှိတော့တယ်... အလံတိုင်နားမှာ ၂ ယောက်သား ပစ်လဲ-လို့...

အို... အဲသည်ညကတော့ ထမင်းစားလို့ ကောင်းသလားတော့ မေးမနေနဲ့.... နှင်းရေ့...

(ကင်းအတူ အိပ်ခဲ့ဖူးသော ရဲဘော်-ဇော်ဝင်း-သို့ ရှစ်လေးလုံး အရေးတော်ပုံ ၂၃ နှစ်မြောက် အမှတ်တရ)

atn

Jun 13, 2011

လေလွင့်နှလုံးသား၊ ရထားတစင်း၊ နှင်းကျခဲ့သောအရှေ့မြို့ရိုး... (၄)

















အပိုင်း (၃)

မိတ်ဆွေ သူငယ်ချင်း ဆိုသည်မှာ မည်သို့သော အရာနည်း။ မသိပါ။ တယောက်တည်း ရှင်သန်နေနိုင်သူသည် မိတ်ဆွေ သူငယ်ချင်း အဖြစ် တစုံတယောက်ကို လိုအပ်လိမ့်မည်လား။ မသိပါ။ တစုံတယောက်ကို မိတ်ဆွေ သူငယ်ချင်း အဖြစ် လိုအပ်နေသူသည် တယောက်တည်း မရှင်သန်နိုင်နေသူလား။ မသိပါ။ အထီးကျန်နေသူ တယောက်သည် မိတ်ဆွေသူငယ်ချင်းတယောက်ယောက် ရှိကိုရှိရလိမ့်မည်လား။ မသိပါ။ လောလောဆယ်ဆယ် မိတ်ဆွေ သူငယ်ချင်း တစုံတဦးမျှ မရှိသူသည် အထီးကျန်နေသူလား။ မသိပါ။ တယောက်တည်း မရှင်သန်နိုင်သူသည် အထီးကျန်နေသူ တယောက်ဖြစ်မည်ထင်သည်။ မသေချာပါ။ အထီးကျန်မှုကို ခံစားနေရသူသည် သူ့ပတ်ဝန်းကျင်ထဲသို့ မည်သို့သော မက်ဆေ့များကို လွှင့်ထုတ်မည်လဲ။ မသိပါ။ တယောက်တည်း မရှင်သန်နိုင်ကြောင်း၊ မိတ်ဆွေ သူငယ်ချင်း တစုံတဦးကို လိုအပ်နေကြောင်း သတင်းပို့ချက်များ လွင့်ပြန့်နေမည်လား။ မသေချာပါ။ မိတ်ဆွေ သူငယ်ချင်းအဖြစ် တစုံတဦးကို ရရှိနေသည့်အခါ အထီးကျန်မှုများ သေဆုံး ပျောက်ကွယ် သွားလိမ့်မည်လား။ မသိပါ။ သေချာသိသည်မှာ မိတ်ဆွေ သူငယ်ချင်းများစွာ မရှိခဲ့ခြင်းသော အဖြစ်ကိုသာ ၀တ်ရုံတခုလို ခြုံခဲ့ဖူးသော အတိတ်ကာလသည် ကျန်ရစ်ခဲ့ပြီ။ သေချာသိသည်မှာ မိတ်ဆွေ သူငယ်ချင်း တစုံတဦးမျှ မရှိသော ဘ၀မှာ ရင်ထဲမှ ရှိသမျှသော ခံစားချက်များ ဝေဒနာများကို လွှင့်ထုတ် ဖြန့်ကျဲပစ်လိုက်ဖို့ရာ စကားပြောစရာ ရင်ဖွင့်စရာအဖြစ် ဘလော့ တလုံးကို တည်ဆောက်မိခြင်းသာ ဖြစ်သည် မဟုတ်လား။ သေချာပါသည်။ တယောက်တည်း ရှင်သန် မနေနိုင်သူသည် အထီးကျန်နေသူ ဖြစ်သည်။ အထီးကျန်နေသူများသည် ဘလော့ တလုံးလောက်တော့ အနည်းဆုံး ပိုင်ဆိုင်ကြသည်။ မဟုတ်လား။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း(၃) အစ

- (မေ)ပါ အကို... နေကောင်းလား... -
- ဟုတ်ကဲ့... ကောင်းပါတယ်... မမေရော နေကောင်းလား... -
- ဟုတ်ကဲ့ အကို... မေ-လို့ပဲ ခေါ်ပါနော်... ညီမက အကို့ထက် အများကြီးငယ်ပါတယ်... ၁၉၇၄ မှ မွေးတာဆိုတော့ အကို့ထက် ၁၀ နှစ် ငယ်ပါတယ်... -
- အင်း... ဟုတ်ပါပြီ... -
- မေ-က မကာအိုမှာပါ အကို... -
- သြော်... ဟုတ်လား... ကျနော်က စလုံးလား- ဟောင်ကောင်လား- ထိုင်ဝမ်လား - တခုခုပဲ ထင်နေမိတာ... ကျနော် ထင်ရင် လွဲတာချည့်...း( ....
-း) .... အင်းလေ... မေ-ရေးတဲ့ စာတွေ ဖတ်မိရင် အဲလိုပဲ ထင်မှာပေါ့... အကို့စာတွေ ဖတ်ရင်တော့ အမေရိကမှာမှန်း တန်းသိတာပဲ... အကိုက ပေါ်တင်တွေ ရေးတင်နေတာကိုး... -
- အင်း မသိတော့ပါဘူးဗျာ... -
- အကို့ စာတွေ ကဗျာတွေကို မေ- အတော် နှစ်သက်တယ် အကို... -
- ကျေးဇူးပါ ဗျာ... နောက်မှ တွေ့မယ်ဗျာ... ကျနော် သွားစရာ တခုရှိသေးလို့... -
- ဟုတ်... -
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း(၃) အလယ်

- အကို နေကောင်းလား... -
- ကောင်းပါ့... အဲမှာ ည သန်းခေါင်ကျော်နေပြီ မဟုတ်လား... မအိပ်သေးဘူးလား မေ... -
- အိပ်တော့မလို့ပဲ... ခုတော့ အိပ်သေးဘူး... အကို လိုင်းပေါ်တက်လာတာတွေ့လို့ လှမ်းခေါ်လိုက်တာ... အကိုနဲ့ စကားပြောရတာ စိတ်ချမ်းသာတယ်... -
- အဲ... ဘိုဖြစ်လို့လဲ... စိတ်ချမ်းသာအောင် ဘာမှလည်း မပြောမိပါဘူး... -
- မဟုတ်ဘူးလေ... မေ-က သည်မှာ ကြုံတွေ့နေရတာတွေကို ပြောပြရမယ့်သူက မရှိတော့ ပြီးတော့ အွန်လိုင်းမှာ ခင်တဲ့ ဘလော်ဂါဆိုတာကလည်း အကို တယောက်ပဲ ရှိတော့ အကို့ကိုပဲ ပြောပြနေမိတာ... အကိုက စိတ်ရှည်လက်ရှည် နားထောင်ပေးတယ်... ပြီးတော့ မေ- စိတ်ဓါတ်ကျတဲ့အခါ အားလည်း ပေးတတ်တယ်... မေ- စိတ်ညစ်နေတဲ့အခါ ရီစရာတွေ ပြောပြီး မေ့-ကို ပျော်အောင် လုပ်တတ်တာ ဆိုတော့ အကိုနဲ့ စကား ပြောရရင် စိတ်ချမ်းသာတယ်..-
- အင်းလေ... အကို ခုလို ကြားရတာ ၀မ်းသာပါတယ်... မိတ်ဆွေ သူငယ်ချင်းတွေ ဆိုတာ တယောက်ကို တယောက် အားပေးရမှာပေါ့ မဟုတ်ဘူးလား... -
- ဟုတ်တယ်လေ... ဒါကြောင့်လည်း အကို စိတ်ဓါတ်ကျနေတယ် ထင်တဲ့အခါ အကို့ကို မေ့ အချိန်တွေပေးပြီး အနားမှာ စကား လာပြောပေးနေတာ အကို မသိဘူးလား... -
- အင်း... သိပါတယ်... အဲ အတွက်လည်း ကျေးဇူးပါ မေ... -
- ကျေးဇူးတင်စရာ မလိုပါဘူး အကို... အဲဒါကမှ သူစိမ်းဆန်တာ... -
- အယ်.. အဲလိုတော့ မဟုတ်ပါဘူး... ဒါပေမယ့် အကိုနဲ့ မေနဲ့က စကားတွေ အများကြီး ပြောဖူးတယ်... ဖုန်းနဲ့ တခါတလေ စကား ပြောဖူးတယ်... ဓါတ်ပုံတွေ အပြန်အလှန် ပို့ဖူး မြင်ဖူးတယ်... ဗီဒီယိုချက် ၂ ခုမှာ တယောက်ကို တယောက် စက္ကန့် ၂၀ စီလောက် တွေ့ဖူးတယ်... လူချင်းကတော့ တခါမှ မတွေ့ဖူးတော့ အလွန်ရင်းနှီးသောသူစိမ်းတွေပဲ မဟုတ်လား... ဒါကြောင့် ကျေးဇူးတင်တယ် ပြောတာ... -
- ဟမ်... ဘယ်လို ပြောလိုက်တယ် အကို...  အလွန်ရင်းနှီးသောသူစိမ်း ဟုတ်လား... အကို့ကို တော်တော် အမြင်ကပ်နေပြီနော်... -
- မဟုတ်လို့လား... ကပ်ချင်လည်း ကပ်ပေါ့... -
- ကပ်တယ် ကပ်မယ်...ဒါပေမယ့် သူစိမ်း-ဆိုတာကြီးကို အကို ဖြုတ်ပေးပါ... အလွန်ရင်းနှီးသော-ဆိုတာကိုပဲ ချန်ထားပါ... ဒါပဲ... -
- အား... ရာဇသံ-လား... အမိန့်-လား... -
- တခုမှ မဟုတ်ဘူး... အကို့ကို မေ- တောင်းခံနေတာပါ... -
- အလိုဗျာ... ပေးစရာ ပိုက်ပိုက် တပြားမှ မရှိဘူး... -
- အကိုနော်... လျှောက်နောက်မနေနဲ့... မေ-က အတည် ပြောနေတာ... မေ့-ကို ၀မ်းနည်းအောင် မလုပ်နဲ့..-
- အာ... ဘာလုပ်လို့လဲ... ပျော်အောင် စနေတာကို... -
- သူစိမ်း မဖြစ်အောင် မေ-လုပ်ရတော့မှာပေါ့... -
- အမ်... ဘာလဲ.. -
- အကို့ကို မေ-ချစ်တယ်... အလွန်ရင်းနှီးချင်တယ်... သူစိမ်းမဖြစ်ချင်ဘူး... ဒါပဲ... သွားပြီ... သူစိမ်းဖြစ်ချင်ရင် နောက် ဘယ်တော့မှ စကားလာမပြောနဲ့တော့... -
- ဟယ်... -
May did not receive your chat.

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၃) အဆုံး

Love is a language spoken by everyone, but understood only by a heart.
~ Shirley Rindani ~

မိတ်ဆွေ အပေါင်းအသင်း ဖြစ်သွားကြတာတွေ... စိတ်အနေပြောင်းရင်း ချစ်သွားကြတာတွေ... ဒါတွေ တကယ်တော့ မဆန်းပေ... သည်လို အဖြစ်မျိုးထဲမှာ... ချစ်ကျိုးနည်းရမှာလားလေ... တက္ကသိုလ်ကျောင်းက ငွေလမင်းရေ... ဘယ်ကမ္ဘာသွား... ဘယ်မှာများ သာနေပလဲလေ...

သီချင်း အချို့သည် စိတ်ကို တက်ကြွလာစေသည်။ ဥပမာ - စစ်ချီသီချင်းများ၊ ကြိုးကြာသံ- ကဲ့သို့သော ဘ၀အားမာန်ကို ဖွဲ့ဆိုသော သီချင်းများ။ သီချင်းအချို့သည် ပျော်ရွှင်စရာ ကောင်းသည်၊ ထကချင်စရာ   ကောင်းသည်။ ဥပမာ... ဒိုးကလေး နှင့် နပမ်းဆံ -ကဲ့သို့သော သီချင်းများ။ သီချင်းအချို့သည် ချစ်ခင်မြတ်နိုးစရာ ကောင်းသည်။ ဥပမာ - ဇော်ဝမ်း-ဆိုခဲ့သော ကြယ်ကလေး သီချင်းမျိုး။ သီချင်း အချို့သည် ၀မ်းနည်းစရာ ကောင်းသည်။ ဥပမာ - နောက်ဆုံးအိပ်မက်-ကဲ့သို့သော သီချင်းမျိုး။ သီချင်း အချို့သည်   ကြေကွဲစရာ ကောင်းသည်။ ဥပမာ - မုန်းရစ်လေဦး။ သီချင်းများကို    နှစ်သက်သူတိုင်း ပျော်ရွှင်စရာ သီချင်းများကိုသာ သီဆို နားဆင်လိုကြမည်သာ။ သို့သော်လည်း ဘ၀သည် ပျော်ရွှင်စရာ သီချင်းများကို ခံစား သီဆို နားဆင် ပြီးသွားသော အခါ ၀မ်းနည်း ကြေကွဲစရာ သီချင်းများကို နာကျင် သီဆို နားဆင်နေရသည့် ဖြစ်စဉ်ကြီးတခု မဟုတ်လား။ မိတ်ဆွေ သူငယ်ချင်းများကို ရရှိပြီးမှ မိတ်ဆွေ သူငယ်ချင်း အဖြစ်မှ ဆုံးရှုံးရသည့် အဖြစ်ကိုလည်း မလိုချင်။ ချစ်ပြီးမှ မုန်း-အဆုံးသပ်ကိုလည်း မလိုချင်။ ကြေကွဲစရာ သီချင်းများကိုလည်း နားမဆင်ချင်ပါ။
----------------------------------------------------------------------------------
မုန်းလျင် အပြစ်... ချစ်လျင် အကျိုး... မြတ်နိုးတော့ သဒ္ဓါ... အိပ်မက် သံသရာမှ နိုးထစေချင်သည်... ဖြိုးဖျ ရွှေရင် ဘ၀င်သိမ့်သိမ့် ငြိမ့်ငြိမ့်ရည်... ကျမတို့ ငယ်ငယ် အမိရယ် အဖရယ် ဘ၀၀ယ် စုံစုံညီ... ချစ်သဒ္ဓါလောင်း လှစ်ကာပြောင်း... ချစ်ကြောင်း ကုန်စင်သည်... ချစ်ကြောင်း ကုန်စင်သည်... တမိတ၀မ်း ချမ်းမြလျှမ်းပ... ဘယ်သူ့မှ မမျှမဝေ... ရလေ လိုလေ... ချစ်ခဲ့မိပါသည်...


သစ္စာအမြဲ မရမနေအထိသာ... မေတ္တာအသည်း မျှဝေကြည့်ကာ.. သိရတာ စာနာပြီ... သနစ်ဇာတ်နမူ စုံလျှင် မမေ့ပြီ... အချစ်-ငတ်သူတွေ တပုံတပင် တွေ့ရပါပြီ... ချစ်တတ်သူ အဆွေ... ဘ၀င် ဟာဒယထဲ... အသည်းတွေ ခွဲဝေ... ပေးနိုင်ရပါမည်... မေတ္တာ ယူတော့... မေတ္တာပေး... တေး အဓိပ္ပါယ် အသွယ်သွယ် ထူးတလီ... ကျေးဇူး တင်ရပါလေမည်...


ကျေးဇူးသခင် အရှင်များပြား... ဝေးကွာငြားလည်း အသည်းက မေတ္တာ အခါခါရည်... မောင်လေး-ညီမလေးများကိုဖြင့်... ခွန်းဆင့်ကဗျာ... မှာပါမည်... ကျနော်တို့-ကျမတို့သည်... ကျနော်တို့-ကျမတို့သည်... ချစ်လေသူကို... ချစ်လေသူကို... ကိုယ်က တဖန် ပြန်လည် ချစ်တတ်ကြပါစေအတည်... ဘ၀တေးဆိုလျင်... ခဏကလေး မဆိုချင်... ကျော့ကျော့လွင်လှ... အသွင် လှပါစေမည်... သို့သော်လည်း... မုန်းတေးတခါ ကျော့လျင်... ချစ်တေး တရာ နှစ်ရာ သုံးရာ လေးရာ... အခါခါ ကျော့စေချင်ပါသည်... အခါခါ ကျော့စေချင်ပါသည်...

(ဆက်လက်ဖော်ပြပါမည်)

Jun 5, 2011

လေလွင့်နှလုံးသား၊ ရထားတစင်း၊ နှင်းကျခဲ့သောအရှေ့မြို့ရိုး... (၃)
















အပိုင်း (၂)

နားလည်မှု ဆိုသည်မှာ မည်သို့သော အရာနည်း။ မသိပါ။ လူ တယောက်တည်း ရှိနေသည့်အခါ နားလည်မှုကို မလိုပါ။ ၂ ယောက်နှင့် ၂ ယောက်အထက် ရှိမှသာ လိုအပ်လာသည့် အရာဟု ထင်သည်။ ထိုအရာသည် မည်သို့နည်း။ မသိပါ။ တယောက်တည်း ရှိနေသည့်အခါ ထိုအရာကို မလိုအပ်သည်ကိုသာ သိသည်။ သို့သော်လည်း တယောက်တည်း ရှိမနေသည့်အခါ ထိုအရာကို လိုအပ်လာနေသည်ကိုလည်း သိလေသည်။ နားလည်မှု ဆိုသော ထိုအရာသည် မည်သည့်အရာနည်း။ အပေး အယူလား။ တဖက်သပ်ပေးခြင်းလား၊ တဖက်သပ် ယူခြင်းလား။ အပြန်အလှန်လား။ Give & take လား။ သို့တည်း မဟုတ် တခြား တစုံတရာရာလား။ နားလည်မှုသည် လူ ၂ ယောက် ရှိသည့် အခါ လိုအပ်သည်ကိုတော့ သိနေသည်။ တယောက်တည်း မဟုတ်။ ၂ ယောက်။ သည်အခါ နားလည်မှုဆိုသည့် စကားလုံးက ရှေ့မှောက်သို့ ရောက်ကို လာတော့သည်။ ခက်တော့လည်း ခက်သည်။ နားလည်မှုကိုပင် နားလည်မှုပေးနေရသည်ကို ခက်ခဲနေသည့်အခါ... နားလည်မှုဆိုသည်မှာ နားမလည်မှု တခုပင် ဖြစ်နေလေတော့မည်လား မသိ။ ကိုယ်တိုင် နားမလည်မှုများကို နားလည်နိုင်လျှင် နားလည်မှုကို နားလည်နိုင်လိမ့်မည်လား။ မသိပါ။ ယခုလောလောဆယ်တော့ နားလည်မှုသည် ယူဇနာ တသိန်းကျော် အကွာမှာ ရှိနေသည်ဟု နားမလည်နိုင်စွာ နားလည်နေမိခြင်းသည်ပင်လျှင် နားလည်မှု၏ နိဒါန်းအစလားဟူသော အမေးကိုလည်း နားမလည်နိုင်တော့ပြီ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၂) အစ

- နေစမ်းပါဦး... အဲကောင်မက နင့်ကို နေ့တိုင်း နှုတ်ဆက်နေရတာ ဘာကြောင့်လဲ... -
- ဟ... ငါဘယ်သိမလဲ... နင်သိချင်ရင် သူ့သွားမေးပေါ့... -
- နေ့တိုင်း ငါ စောင့်ကြည့်နေတယ်... Good Morning လုပ်ရတာနဲ့... How are you လုပ်ရတာနဲ့... -
- အဲတာ ဘာဖြစ်သလဲ... အဲကောင်မမှ မဟုတ်... ဟိုး customer service က အချောက်ကလည်း အဲလိုပဲ ပြောတာပဲ မဟုတ်လား... ပြီးတော့ Meat Department က အဖိုးကြီးကလည်း နေ့တိုင်း အဲလိုပဲ ပြောတာပဲ... -
- အေး... အဲတာကိုပဲ ပြောမလို့... အဲ အချောက်ပဲ ပြောပြော... အဖိုးကြီးပဲ ပြောပြော... ဘာမှ မဖြစ်ဘူး... အဲကောင်မ ပြောလိုက်ရင် နင့်မှာ... မနေတတ် မထိုင်တတ်နဲ့... ဘာဖြစ်တာလဲ... -
- ဘာဖြစ်လဲ ဆိုတော့... ရှင်းရှင်းလေးပဲလေ... နင်က ငါ့ကို အဲကောင်မနဲ့ ပြဿနာရှာနေတာကိုး... အဲတော့ သူ နှုတ်ဆက်ရင် ငါ့မှာ နင့်မျက်နှာကို ကြည့်ရတော့တာပေါ့... နားမလည်ဘူးလား... -
- အော... နားလည်လို့... ပြောနေတာပေါ့... နင့်ဘာသာ ရိုးသားရင်... ဘာမှ ဖြစ်နေစရာမလိုဘူး... -
- ငါ့ဘာသာ ရိုးသားတယ်... ဘာမှ မဖြစ်ဘူး... နင့် စွပ်စွဲချက်တွေ... ပြဿနာလုပ်တာတွေနဲ့သာ... ငါ့မှာ ခြောက်ခြားနေရတာ... -
- ရှင်းရှင်းလေးပဲ... နင်သာ ရိုးသားရင် ဘာမှ ခြောက်ခြားနေစရာ မလိုဘူး... မရိုးသားလို့ ခြောက်ခြားနေတာပေါ့... -
- ဟား... ပြောလေ ဆိုးလေပါလား.... နင့်မှာ နားလည်မှု ဆိုတာရော ရှိသေးလို့လား... -
- ငါက နင့်ကို ဘာနားလည်ပေးရဦးမလဲ... အဲကောင်မ လာတော့မယ့် ၉ နာရီ ထိုးကာနီးရင်... နင် မနေတတ် မထိုင်တတ်တွေ ဖြစ်နေပြီ... ဟိုဟာ ကိုင်သလိုလို သည်ဟာ ကိုင်သလိုလို... -
- နင် ငါ့ကို မစွပ်စွဲနဲ့... နင်ထင်တာတွေကို နင်ပြောပြီး အမှန်တရား မလုပ်နဲ့... -
- ငါ စွပ်စွဲတာ မဟုတ်ဘူး... နင်ကိုက အဲသလို ဖြစ်နေတာ... -
- နင် အဲသလို ထင်နေတော့... ဒါက နားလည်မှု လွဲနေတာပဲ... ငါက အဲသလိုမှ မဟုတ်တာ... အဲကောင်မကို ငါ့မှာ ဘာစိတ်မှလည်း မရှိဘူး... ဒါမယ့် နင် ငါ့ကို သူနဲ့ စွပ်စွဲနေတော့... အဲကောင်မ အလုပ် ၀င်ကာနီးဆို နင်ငါ့ကို ကြည့်တဲ့ အကြည့်တွေကို ငါ မခံနိုင်ဘူး... I am innocent. But I feel your fault finding look. အဲသည် အကြည့်တွေကို ငါ မခံနိုင်ဘူး... I feel nervous, OK! -
- နင့်မှာ အပြစ် မရှိရင် နင့်ဘာသာ သည်အတိုင်းနေပေါ့... ခုတော့ အဲကောင်မလာပြီဆို နင့်မှာ ပြာနေတာပဲ... အဲဒါကိုလည်း ငါ နားမလည်ဘူး... -
- ကဲ... အဲဒါဆိုလည်း ပြောရဦးမယ်... အဲကောင်မနဲ့ နင်ပြောသလို ဇာတ်လမ်း လုပ်ရအောင်... ဘယ်မှာလဲ... ငါ့ အချိန်... မနက် ၈ နာရီ ငါ လာတယ် အလုပ်ကို တက်သုတ်ရိုက်ပြီး လုပ်ရတာ... နေ့လည် ၁၂ နာရီ ထိုးရင် နောက်တနေရာကိုသွား... နေ့လည် ၂ နာရီကျတော့ သည်ကို ပြန်လာ... လုပ်စရာရှိတာတွေ လုပ်...ညနေ ၅ နာရီဆို အိမ်ပြန်ရောက်နေပြီ... အဲကောင်မက မနက် ၉ နာရီမှ အလုပ်ဝင်တာ နောက်ထပ် ၉ နာရီ ပေါင်း ၁၈ နာရီ... ၁၈ - ၁၂ = ညနေ ၆ နာရီ.... ကဲ စဉ်းစားကြည့်လိုက်ဦး... သူ့ အလုပ်ချိန် ထဲမှာ သူက ဘယ်ကို သွားလို့ ရလို့လဲ... သူ့ အလုပ်ချိန်ပြီးတော့ ညနေ ၆ နာရီ ... ငါက အိမ်ပြန်ရောက်နေပြီ... နင် စွပ်စွဲသလို အဲကောင်မနဲ့ ငါက ဘယ်နားမှာ ဘယ်အချိန်မှာ သွားကျူနေရမလဲ... -
- နင်တို့ မျက်လုံးချင်း flirting လုပ်နေတာကြတော့ ဘာပြောမလဲ... ဟမ်... -
- အား... ငါ စိတ်တိုလာပြီ... -
- ငါ့ မျက်စေ့နဲ့ကို တပ်အပ်မြင်တာ... ဟဲ... လို... ... ဂွ...ဒ်... မောနင်း... အော်ဂတ်စတင်း... မျက်လုံးလေးကလည်း စင်းလို့... -
- အား.... -
- မောနင်း... ရီနေး... ဆိုတဲ့ နင့် အသံကလည်း ငါ မပြောလိုက်ချင်ဘူး... -
- ဒါက နင် သက်သက် စွပ်စွဲနေတာချည့်ကို... -
- ငါလည်း မျက်လုံးတွေကို ဖတ်တတ်ပါတယ်... နင်တို့ မျက်လုံးတွေကို ငါသိတာပေါ့... -
- မဟုတ်သေးဘူး... ဒါဟာ... နားလည်မှု လွဲတာ သက်သက်ပဲ... နင် နားလည်မှု လွဲနေတာ...-
- မလွဲဘူး... နင်တို့ မျက်လုံးတွေထဲက အဓိပ္ပါယ်တွေကို ငါက သိပ်ကို နားလည်တယ်... -
- ဟား... ခက်တော့ နေပြီ... -
- မခက်ဘူး... နင် ယောကျာ်း မဟုတ်လား... ၀န်ခံလိုက်... -
- အေး... ဟုတ်တယ်... ဟေ့... ရီနေးကို ငါ ယူမယ်... နင့်ကို ငါ ကွာမယ်... ဟုတ်ပြီလား... -
- ငါလည်း ကွာမယ်... -
- ကွာ ကွာ... -

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၂) အဆုံး

အစိပ်စိပ်အမွှာမွှာ အဆုတ်ဖြဲခံလိုက်ရသော စာရွက်တရွက်သည် လက်ထပ် စာချုပ် ဖြစ်လေသည်။ ဘုရားသခင့် ရှေ့မှာ ရေးထိုးထားသော လက်မှတ် ၂ခုသည် မည်သည့် အဓိပ္ပါယ်ကို ယခုအခါ ဆောင်ယူနေပါသနည်း။ စာရွက်များကို မယုံကြည်သော စိတ်သည် ယခုအခါ ပိုမိုနက်ရှိုင်းသွားသည်သာ အဖတ်တင်လေသည်။ စာအားဖြင့် ချုပ်နှောင်ခဲ့သည်များအား စာရွက် တရွက်အား ဆုတ်ဖြဲလိုက်ရုံမျှဖြင့် အားလုံး အဆုံးသပ်သွားလိမ့်လေမည်လား။ ဘုရားသခင်... ဖြေကြားပါ့... သို့မဟုတ်... ဆုတ်ဖြဲဖူးသူများ ဖြေကြားပါ့...။

(ဆက်လက်ဖော်ပြပါမည်)

May 29, 2011

လေလွင့်နှလုံးသား၊ ရထားတစင်း၊ နှင်းကျခဲ့သောအရှေ့မြို့ရိုး... (၂)
















အပိုင်း (၁)

တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွဲဖျက်ဆီးနိုင်သည်မှာ အသံများသာဖြစ်လေသည်။ အော်သံ တခုခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ နာရီသံတခုခုလည်း ဖြစ်နိုင်သည်။ မီးရထားတစီး ခုတ်မောင်းသွားသော အသံလည်း ဖြစ်နိုင်သည်။ သို့သော်လည်း ငှက်ကလေးများ၏ တေးဆိုသံနှင့် တူရိယာတခုခုထံမှ ထွက်ပေါ်လာသော အသံများကသာ တိတ်ဆိတ်ငြိမ်သက်မှုကို ဖျက်ဆီးလိုက်သည့်တိုင် လက်သင့်ခံဖွယ်ရာ သာယာနာပျော်ဖွယ်အသံများ ဖြစ်သည် မဟုတ်လား။ တိတ်ဆိတ် ငြိမ်သက်မှုနှင့် သာယာနာပျော်ဖွယ် အသံများ။ အော်ဟစ်ငြည်းငြူသံနှင့် တိတ်ဆိတ်ငြိမ်သက်မှုများ။ သဘာဝပတ်ဝန်းကျင်၏ အသံများ။ လူတို့၏ ရွေးချယ် ဖန်တီးမှုများ။ တကယ်တော့ အသံများသည် အသံများသာ ဖြစ်ပြီး စိတ်ခံစားမှုများသည် စိတ်ခံစားမှုများသာ ဖြစ်သည် မဟုတ်လား။ ဆိတ်ဆိတ်ငြိမ်သက်မှုထဲမှ ဆူညံပေါက်ကွဲနေသော အသံများကို ကြားရသူတချို့ ရှိနေပြီး ဆူပွက်ကျယ်လောင်နေမှုများထဲမှ တိတ်ဆိတ်သော အသံများကို ကြားနေရသူများလည်း ရှိနေသေးသည် မဟုတ်လား။ စစ်အာဏာရှင်တို့၏ စစ်ကြောရေးစခန်းများထဲမှ ဆူကျယ်အူလောင်နေသော အသံများကြားမှ ယုံကြည်ချက်ဖြင့် အသက်ရှင်နေကြသော တိတ်ဆိတ်မှု အသံများ။ အသံများသည် တိတ်ဆိတ်မှုများကို ကျယ်လောင်စွာ သယ်ဆောင်လာကြသည်။ တိတ်ဆိတ်မှုများကြောင့် အသံများကို ကျယ်လောင်စွာ ကြားနေကြရသည်။ ဘုရားကျောင်း၏ ခေါင်းလောင်းသံကို နံနက်ခင်း၏ တိတ်ဆိတ်မှုကြားထဲမှာ ကျယ်လောင်စွာ ကြားလိုက်ပါသည်။ နေ့ခင်း၏ သက်ပျင်းချသံကို ညနေခင်း လေပြေအေးထဲမှာ ကျယ်လောင်စွာ ကြားလိုက်ပါသည်။ နားရှိသောသူမည်သည်ကား အသံများကို ကြားပါစေ... အာမင်... ။ ဆုတောင်းဝတ်ပြုသံများ... တိတ်ဆိတ်နေသော ပတ်ဝန်းကျင် ထင်ရှူးပင်တန်းများကြားမှာ ကျယ်လောင်စွာ ကြားမိပါသည်။ ကမ္ဘာမြေသည် တိတ်ဆိတ်ခြင်းဖြင့် ငြိမ်းအေးခြင်း ရှိပါစေသတည်း... ဟု ဆူညံကျယ်လောင်စွာ ဆုမွန်ကောင်းများ တောင်းကြပါရန် တိတ်ဆိတ်စွာ ပြောကြားလိုက်ရပါသည်။

++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၁) အစ

- အကို့ အတွက် ဆုတောင်းပေးနေတယ်... -
- အမ်... ဘာအတွက်လဲ.... -
- သြော်... အကို့ ဘ၀မှာ ငြိမ်သက်ခြင်းရစေဖို့ပါ... -
- ကျေးဇူးတင်တယ်... ဒါမယ့် အကို့အတွက်တော့ ဆုမတောင်းပါနဲ့လေ... ညီမလေးအတွက်သာ ဆုတောင်းပါ... -
- အေးရဲ့ ဘ၀အတွက်က ဘာမှ ဆုတောင်းနေစရာ မလိုဘူးလေ... အားလုံး ပြီးပြည့်စုံနေပြီးသား... အကို့ရဲ့ ပူလောင်ကျွမ်းမြိုက်နေတဲ့ ဘ၀အတွက်ပဲ ဆုတောင်းပေးချင်တာပါ... အေးချမ်းငြိမ်သက်ခြင်း ရှိပါစေ-လို့... -
- Tranquility လား... -
- အင်း... အဲဒါရော... calmness... peacefulness... -
- အင်း... အိုကေ... အဲလို ဆုတောင်းပေးတော့ အကိုက ရသွားရောလား... -
- အယ်... ရမှာပေါ့... ဆုတောင်းပေးတာပဲ... -
- အင်း... အဲလို ဆုတောင်းပေးလို့သာ ရမယ်ဆိုရင်... တခုပဲ ဆုတောင်းပေးပါ... ခု သန်း ၈၀ ဖလော်ရီဒါ လော်တို ပေါက်ပါစေ-လို့... -
- အာ... အကိုက လုပ်ပြီ... -
- ဟုတ်တယ်လေ... အဲလိုဆုတွေပဲ တောင်းပေးလေ... -
- တောင်းပေးမယ်... ဖလော်ရီဒါ လော်တို အကို ပေါက်ပါစေ... -
- မပေါက်ရင်ကော... -
- အာ... သိတော့ဝူး... -
- အင်း... ရှိပါစေတော့... -
- ဘာလဲ... အေး... ဆုတောင်းပေးတာ မယုံဘူးပေါ့... -
- ညီမလေး ဆုတောင်းပေးတာကို ယုံပါတယ်... ဆုတောင်းပေးတိုင်း ရမယ်ဆိုတာကို မယုံကြည်တာပါ... -
- အကိုက သိပ်ခက်တာပဲ... စကားလည်း ကပ်တယ်... တခါတခါလည်း အေးကို ပြန်ပြန် အော်တယ်... -
- အဲ... ဘယ်တုန်းက စကားကပ်မိလို့လဲ... အကြောင်းအရာတခုကို အခြေတင် ပြောကြတာကို ညီမလေးက အကို ပြောတာကို ပြန်မပြောနိုင်တော့ အကိုက စကား ကပ်တယ်လို့ ပြောချင်တာလား... -
- အကို့ အတွက် အေး ဆုတောင်းပေးတဲ့ အသံကို အကို မကြားတာလား... ဒါမှ မဟုတ် မကြားချင်ယောင် ဆောင်နေတာလား....-
- ညီမလေးရဲ့ ဆုတောင်းသံက.. ဒက်ဆီဘယ် ၁၈၀ ကျော်ရင်တော့ အကို ကြားမှာ မဟုတ်တော့ဘူး...း) -
- အမ်... ဘာလဲ အဲဒါ... -
- အသံကို တိုင်းတဲ့ ယူနစ်လေ... -
- သိဘူး... ဒက်ဆီဘယ်တွေ... အေးသိတာက အကို့ကို ချစ်တာပဲ သိတယ်... အကို့ကို တည်ငြိမ်အေးဆေးတဲ့ ဘ၀လေးမှာ ငြိမ်သက်အေးချမ်းနေစေချင်တယ်... အဲဒါပဲ ... အဲဒါ... အေး စေတနာ... အကို့ အပေါ် ထားတဲ့ စေတနာ... ဒက်ဆီဘယ် ဘယ့်လောက်ရှိသလဲတော့ မသိဘူး... ၁၅၀၀ ထက်တော့ မနည်းလောက်ဘူးထင်တယ်... -
- အင်း ... အဲဆို အကို့နားတွေလည်း ကန်းပြီ... နားကွဲပြီး သေလောက်ပြီ...း)) -
-း)) ... အေးကြောင့်တော့ အကို မသေရပါဘူး... ဗော်လျူန်းတွေ လျှော့လိုက်မှာပေါ့...း)) -
- အင်း... အန်ဒါ ၁၂၀ အထိ လျှော့မှဖြစ်မယ် ညီမလေး...း)) -
-း)) အိုကေ... -
- ဒါဆို ခု အသံနဲ့ ပြောချင်တယ်လေ... -
- အာ... ခုတိုင်း ပြောနေလည်း ရတာပဲဟာ... -
- ဟုတ်ဖူးလေ... ညီမလေး... စကားသံက ဒက်ဆီဘယ် ၁၂၀ အောက် ရှိမရှိသိချင်လို့... -
- ဟင်း... အလကား... လူလည်ကြီး... အေး အသံကို ကြားချင်နေတာမို့လား... -
- ဟုတ်တယ်... ဟုတ်တယ်... အသံနဲ့ မပြောချင်ရင်လည်း နေလေ... နောက်လည်း ဘယ်တော့မှ စကား မပြောတော့ဘူး.. -
- အာ... ဘာမှ မဆိုင်ဘူး... အကျပ်ကိုင်လှချည်လား... အိုကေ... အိုကေ... အေး... ခေါ်ရမလား... အကို ခေါ်မှာလား... -
- အကို ခု ခေါ်နေပြီ... ပြန်ထူးဦး... -

++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၁) အဆုံး

အသံတချို့သည် ဆူညံသံ ဖြစ်သည်။ အသံတချို့သည် တိတ်ဆိတ်သော အသံများဖြစ်သည်။ တချို့ အသံများကို လူသားတို့ မကြားရ။ ပုဇင်းရင်ကွဲတို့၏အသံများကား စိတ်ညစ်စရာကောင်းသည်။ သို့သော်လည်း ချစ်သူတို့အဖို့မှာ ချစ်သူ့အသံသာ အချိုမြိန်ဆုံး... ။ အမှန်တရားကလည်း ရှိနေသေးသည်။ သာယာနာပျော်ဖွယ် အသံနှင့် စိတ်ညစ်ညူးဖွယ် အသံများ... ။ သီချင်းသံတိုင်းပင် သာယာနာပျော်ဖွယ် မရှိသော ဤကမ္ဘာကြီးမှာ အသံများကို ခွဲခြမ်းစိတ်ဖြာ စားသုံးနေရသည်မှာလည်း အလုပ်တခုပင် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် မမြင် မတွေ့ရနိုင်သည့် အချိန်မှာ ချစ်သူ့အသံကို ကြားချင်ကြမည်မှာ လူ့ ဓမ္မတာ... ။ အသံများ ချိုသာပါစေ...။ အသံကြားရသောဘ၀များ ချိုမြပါစေ... ၊ ဟု တိုးတိတ်စွာ တစုံ ၂ ယောက်၏ ဆုတောင်းသံများကို လူအများ ကျယ်လောင်စွာ ကြားပါစေ... အာမင်... ။

(ဆက်လက်ဖော်ပြပါမည်)

May 28, 2011

လေလွင့်နှလုံးသား၊ ရထားတစင်း၊ နှင်းကျခဲ့သောအရှေ့မြို့ရိုး...
















 
နိဒါန်း

နေ့နှင့် ည ဆိုကာ အချိန် ၂ မျိုးသာ ရှိသော ဤကမ္ဘာပေါ်မှာ ညဆိုသည်မှာ အိပ်စက် အနားယူဖို့ မဟုတ်လား။ အိပ်စက်၍ မပျော်နိုင်သော ညများသည် အလွန် မုန်းတီးစရာ ကောင်းသည်။ ထို့အတူ အိပ်မပျော်နိုင်ခြင်းသည်လည်း အလွန် မုန်းတီးစရာ ကောင်းလေသည်။ သိုးများကို ရေတွက်ဖူးသည်။ စာမျက်နှာပေါင်း မြောက်များစွာကို ဖတ်ခဲ့ဖူးသည်။ ငှက်ပျောသီးများ စားဖူးသည်။ နွားနို့ ပူ့ပူများကိုလည်း သောက်ဖူးသည်။ တရားထိုင်ဖူးသည် (ကြီးကြီးကျယ်ကျယ်တော့မဟုတ်)။ (ဂုဏ်တော် ၉ ပါး ကို) ပုတီးစိတ်ဖူးသည်။ ရှိသမျှ မီးများ ပိတ်ကာ ကြိတ်မှိတ် အိပ်ဖူးသည်။ စိတ်ပျက်စရာ ညများ နှိပ်စက်သမျှ နောက်တနေ့ အလုပ်ထဲမှာ အဆင်မပြေ ဖြစ်ရသည်။ နောက်ဆုံးတော့ ဘီယာ တကဒ် ၀ယ်ကာ သောက်ပစ်လိုက်သော ညမှာ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ နောက်တနေ့ အလုပ်ကို ၃ နာရီ နောက်ကျပြီးမှ ရောက်သွားသည်။ အလုပ်ရှင် သဘောကောင်းသဖြင့်သာ အလုပ် မပြုတ်။ နောက်ဆုံးအကြိမ် သတိပေးခြင်းကိုတော့ အိပ်ကပ်ထဲ ထည့်ပြီး ပြန်လာခဲ့ရသည်။

++++++++++++++++++++++++++++++++++++++++++++++++++++++

နိဒါန်း (အစ)

နှစ်သက် သဘောကျရာ ပန်းချီကား တချို့ကို စာကြည့်တိုက်မှ ငှားလာသော ပန်းချီစာအုပ်များထဲမှ ကာလာကော်ပီ ကူးလိုက်သည်။ ကာလာပရင့်အောက် ထုတ်ပြီးသောအခါ အသင့် ၀ယ်ထားသည့် သစ်သားမှန်ဘောင်များကြားမှာ ထည့်သွင်းရင်း ဂစ်တာတွေ ချိတ်ထားသည့် နံရံတွေကြားမှာ ခံစားချင်သလို သံနှင့် ရိုက်ကာ ချိတ်ထားပြီးနောက် ပန်းချီကားများကို လက်ပိုက်ကြည့်နေမိသည်။

- ဒီ ပန်းချီကားတွေကို ဘာလို့ သည်မှာ ချိတ်ထားရတာလဲ... -
- ဟေ... ဒါ ငါ့ စတူဒီယို အခန်းပဲ ... ငါ ချိတ်ချင်သလို ချိတ်မှာပေါ့... ငါ စိတ်ချမ်းသာသလို ချိတ်မှာပေါ့... -
- နင့် ဂစ်တာတွေနဲ့ တင် နံရံတခုလုံး ပြည့်နေပြီ... ပန်းချီကားတွေပါ ဂစ်တာတွေကြား လျှောက် ချိတ်တော့ မျက်စေ့ မနောက်ဘူးလား... ဘယ်လိုမှ ကြည့်မကောင်းဘူး... ဖြုတ်လိုက်ပါ... ဧည့်ခန်းမှာပဲ ချိတ်... -
- ဟ... ဧည့်ခန်းမှာ နင့် ဘွဲ့ရ ဓါတ်ပုံ... နင့် မိဘ ဓါတ်ပုံ... ငါ့မိဘ ဓါတ်ပုံ... မိသားစု ဓါတ်ပုံတွေနဲ့တင် ပြည့်နေပြီ.... ပန်းချီတွေပါ ထပ်ချိတ်ရင်... ရှုပ်ကုန်တော့မပေါ့... -
- ပတ်လည်မှာ နေရာတွေ အများကြီး ရှိနေတာပဲ... အဲမှာ ချိတ်မှာပေါ့... ကဲပါ... ပန်းချီတွေကို ဖြုတ်လိုက်ပါ... (ပြောပြောဆိုဆို သူချိတ်ထားသည့် ပန်းချီများအားလုံး နံရံမှာ မရှိကြတော့...)
- ဟေ့... ဒါတော့ တဆိတ်လောက် လွန်နေပြီ... ဧည့်ခန်းထဲက ပုံတွေကို ချိတ်တော့လည်း... ငါပဲ စ ချိတ်တာ... နင်ဘာမှ စလုပ်တာ မဟုတ်ဘူး... ငါ အမြဲ ပြောခဲ့တယ်... ဧည့်ခန်းမှာ ၂ ဖက် မိဘ ပုံတွေ ချိတ်ထားမယ်... အလည်မှာ နင့် ဘွဲရ ဓါတ်ပုံ ချိတ်ထားမယ်... အဲတုန်းကတော့ နင် ဘာမှလည်း ပြန်မပြောဘူး... နင်ကိုယ်တိုင်လည်း ဘာမှ မလုပ်ဘူး... ငါပဲ မှန်ဘောင်တွေ ၀ယ်... ပုံတွေ အကြီးချဲ့ကူး... မှန်ဘောင်သွင်းပြီး နံရံပေါ် ချိတ်တော့... နင် ဆရာလုပ်တယ်... ဟိုလို ချိတ် သည်လိုချိတ်... အိုကေ နင့်ဘာသာ နင် စိတ်ကြိုက် ချိတ်လို့ ငါ ထားပေးခဲ့တယ်... ဧည့်ခန်းမှာ နင် စိတ်ချမ်းသာသလို ချိတ်တယ် မဟုတ်လား... -
- ငါက ဒီဇိုင်းသဘောအရ ကြည့်ကောင်းအောင် စီစဉ်ပေးတာပါ... -
- ဟေ... အဲဒါဆို... စကတည်းက နင်က ငါ့ထက် ဒီဇိုင်းသဘော သိရင် တတ်ရင် နင့်ဘာသာ နင် လုပ်လိုက်ပါလား... ငါ လုပ်မှ ဘာလို့ လာပြီး ဆရာ လုပ်ရတာလဲ... -
- ငါ ဆရာ လုပ်တာ မဟုတ်ပါဘူး... ကြည့်ကောင်းအောင်လို့ ပြောပြတာပဲ... -
- အာ... ခက်တော့နေပြီ... ငါ ကြိုပြောထားပြီးသားပဲ... နင့်ဘာသာ နင် လုပ်ချင်တာလုပ်... နင်စိတ်ချမ်းသာရင်ပြီးရော... ငါဘာမှ... ၀င်မပြောဘူး... နင့်ဘာသာနင်တော့ ဘာမှ မလုပ်ဘူး... ငါလုပ်မှ... ဟိုဟာ ၀င်ပြော သည်ဟာ ၀င်ပြော... ငါမကြိုက်ဘူး ပြောထားပြီးသားပဲ... -
- နင့်ကို ငါက အကြံပေးလို့တောင် မရဘူးလား... -
- မရဘူး... ငါ မလုပ်ခင်ကတည်းက နင့်ကို ပြောသားပဲ... ငါ့ဘာသာငါ စိတ်ချမ်းသာသလို လုပ်မယ်... ငါ့ကို လာ အကြံ မပေးနဲ့ မကန့်ကွက်နဲ့... အဲဒါကို နင်မကြိုက်ရင်... နင်ကြိုက်သလို စိတ်ချမ်းသာသလိုလုပ်... ငါ ဘာမှ မကန့်ကွက်ဘူး... အကြံမပေးဘူး... နင်စိတ်ချမ်းသာရင် ပြီးရော... နင်စိတ်ချမ်းသာရင် ငါ စိတ်ချမ်းသာတယ်...
- နင် ဟာ ပြောလေ ခက်လေပဲ... -
- ငါက ခက်တာ မဟုတ်ဘူး... နင်က ခက်နေတာ... နင် လုပ်တာပဲ မှန်တယ်... နင်လုပ်တာပဲ ကောင်းတယ်... နင့် chapel လေးကို ငါက စေတနာနဲ့ လုပ်ပေးတယ်... လှလှပပလေး ပြင်ဆင်ပေးတယ်... ငါ ပြင်ဆင်ပေးထားတာတွေ နင်လက်မခံဘူး... တကယ်ဆို ငါက အဲသည် ဘာသာကို မကိုးကွယ်သည့်တိုင်အောင်... နင့်ကို ငါ ချစ်လို့ ငါ့ ချစ်ခြင်း မေတ္တာတွေနဲ့ အကောင်းဆုံး ဖြစ်အောင် ငါ လှလှပပ ပြင်ဆင်ပေးခဲ့တာပဲ... ဒါမယ့် နင် လက်မခံဘူး... နင့် စိတ်တိုင်းကျပဲ နင်လိုချင်နေတာကိုး... -
- ဟာ... ခက်တာပဲ... - 
- ဘာမှ မခက်ဘူး... နင်နဲ့ ငါနဲ့ အမြဲ သဘောထားက ကွဲလွဲနေတော့ ငါ့မှာ ရွေးစရာ လမ်းက ဒါပဲ ရှိတယ်... ဆိုဖာတွေ အရောင်ရွေးတာကအစ... ဈေးရွေးတာက အစ... သဘောထားက ကွဲလွဲနေရတယ်... မီးဖိုချောင်သုံး ပန်းကန်တွေ ၀ယ်မလား... ခန်းဆီးတွေ ၀ယ်မလား... နောက်ဆုံး အမှိုက်ပုံး အရွယ်အစားနဲ့ အရောင်အဆုံး... နင်နဲ့ငါ ကွဲလွဲနေတော့... ငါ လက်လျှော့လိုက်ပြီ... သည်တော့ နင်ကြိုက်တာ စိတ်ချမ်းသာတာကိုပဲ ၀ယ်ပါ လုပ်ပါ... ပြောထားပြီးပြီ... ခုတော့ တအိမ်လုံး... နင်ကြိုက်တာ နင် စိတ်ချမ်းသာတာတွေချည့်ပဲ... ငါကြိုက်တာ ငါစိတ်ချမ်းသာတာ ဘာတခု ရှိလဲ... နောက်ဆုံး... ငါ့စတူဒီယို အခန်းလေးထဲ ငါ့ ဂစ်တာတွေ ချိတ်တာ အဆုံး နင့် စိတ်ကြိုက် လိုက်ချိတ်ပေးထားရတာ... ခုတော့ သည် ပန်းချီကားတွေတောင် ငါ့စိတ်ကြိုက် မချိတ်ရရင်တော့ အေး... နင့် စိတ်ကြိုက်လည်း မချိတ်စေရဘူး... OK? We are even. ပေး ငါ့ကို အဲဒီ ပန်းချီကားတွေ... -
(ပန်းချီကားများအားလုံး ရိုက်ခွဲခံရပြီး အိမ်ရှေ့ အမှိုက်ပုံးကြီးထဲသို့ အားလုံး ရောက်သွားကြလေသည်။)

++++++++++++++++++++++++++++++++++++++++++++++++++++++

နိဒါန်း (အဆုံး)

အိပ်မပျော်သော ညမှာ အဝေးမှ အရေးပေါ် မောင်းသွားနေသော မီးသတ်ကား (သို့မဟုတ်) ရဲကား တစီးစီး၏ အရေးပေါ် အချက်ပေးသံ Siren များကို ကြားနေရလေသည်။ ထို အသံများကို မည်သို့ အသံဖလှယ်ရမည်မသိပါ။ ဥပမာ... ကြက်ဖတကောင် နံနက်ခင်း တွန်သံကို လူတိုင်းလိုလို ကြားဖူးကြမည်။ သို့သော်လည်း လူမျိုး အလိုက် ထိုကြက်ဖတွန်သံကို အသံဖလှယ်ကြရာမှာ ကွဲပြားကြလေသည်။ ဘာကြောင့် ကွဲပြားကြလေသည်လည်း မသိပါ။ ဥပမာ... ဗမာတို့က အောက်အီးအီးအွတ်-ဟု ကြားသည့် ကြက်ဖတွန်သံကို ဂျပန်တို့က အီးအော့အော့အော့-အဖြစ် ကြားသည်ကို ဖတ်ရဖူးသည်။ အင်္ဂလိပ်လူမျိုးတို့ကတော့ cock-a-doodle-doo ဟု ကြားကြလေသည်။ လူမျိုး ကွဲပြားခြင်းကြောင့်လား - ဘာသာစကား ကွဲပြားခြင်းကြောင့်လား - နေရာဒေသ ကွဲပြားခြင်းကြောင့်လား။ မသိပါ။ ယခုအခါတော့ နားထဲမှာ အရေးပေါ် အချက်ပေးသံများကို မကြားရပါ။ သို့သော်လည်း နှလုံးသားထဲမှာတော့ အရေးပေါ် အချက်ပေးသံများကို စူးရှကျယ်လောင်စွာ ကြားနေရလေပြီ။

သို့သော်လည်း ထိုနေ့ညက တအိမ်လုံး ထူးဆန်းစွာ တိတ်ဆိတ် ငြိမ်သက်နေလေသည်။

(ဆက်လက်ဖော်ပြပါမည်)

Dec 6, 2010

ရန်သူက အဟောင်း... မင်းတို့ ယောက်ယက်ခပ်နေမှုက အသစ်

မျက်နှာစာအုပ်ကို ဖတ်မရဘူး-ဆိုတဲ့... _ီ _ီ အတွက်

http://www.facebook.com/note.php?note_id=10150339589830274

တချို့ စကားလုံးတွေကို ငါ တော်တော် အမြင်ကပ်နေတယ်... (အခင်းအကျင်းအသစ်... တဲ့) ဟေး... သည်မှာ ဘာပဲဖြစ်ဖြစ်... ဘာပဲပြောပြော... မင်းတို့ ငါတို့ အားလုံး ရင်ဆိုင်နေရတာ... ရန်သူအဟောင်းကြီး... ဒါကို ကောင်းကောင်း နားလည်ကြဖို့လိုတယ်... ရန်သူတောင်... ရိုးရိုး ရန်သူ မဟုတ်ဘူးကွ... ဖက်ဆစ်... ဖက်ဆစ်... ဒေါ်စုကိုယ်တိုင် ဖက်ဆစ်နဲ့ ရင်ဆိုင်နေရမှန်းသိတယ်... (ကျမတို့ဟာ... ဖက်ဆစ်စနစ်နဲ့ ရင်ဆိုင်နေရပါတယ်ဆိုတာ ကမ္ဘာက သိစေချင်ပါတယ်... လို့... သူကိုယ်တိုင် ပြောသွားခဲ့ဖူးတယ်...) မင်းတို့အားလုံး... ရန်သူ့လက္ခဏာ သတ်မှတ်ချက်ကို လေ့လာလိုက်ကြဦး... ရန်သူက တခုခုလုပ်လိုက်မှ... ဘာလုပ်ရမလဲ... ဒါဟာ ဘာလဲ... အခင်းအကျင်းအသစ်ပဲ ဆိုပြီး... ရန်သူ့နောက်မြီးဆွဲ လုပ်မနေကြနဲ့တော့... သိပ်ဆွဲချင်နေရင်... ရန်သူ့ (×××) သာ ဆွဲလိုက်ကြပေတော့... ခင်ညွှန့် ဗီဒီယိုလေးတခု ထွက်လာတာနဲ့ အားလုံး မျက်ကလဲ ဆန်ပြာကြ... အဲဒါ... ဘာမှ မဟုတ်ဘူး... ငါ့သူငယ်ချင်း ကိုလင်း ပြောသလို ထပ်လိမ်မလို့ လုပ်နေတာ... သိပ် ယောက်ယက်ခပ်မနေကြနဲ့... နေမြဲအတိုင်းနေ... စားမြဲအတိုင်းစား... လုပ်မြဲအလုပ်ကို ဆက်လုပ်ကြ...နေမြဲ... စားမြဲ...နဲ့... မျိုးးချစ်တွေ ဖြစ်နေကြတာကို ငါတို့အားလုံး နားလည်တယ်...  သိပ်ပြီးတော့ တိုက်ချင်ခိုက်ချင် ပစ်ချင် ခတ်ချင် သူရဲကောင်းလုပ်ချင်ကြရင်တော့... VBSW ဆီကိုသွား... http://www.facebook.com/photo.php?fbid=1536219843163&set=a.1142420198418.2022934.1164863114#!/video/video.php?v=1425859737795 ... ငါကတော့ ပစ်ဖူးပြီးပြီ... တိုက်ဖူးပြီးပြီ... မသေရဲတော့လို့ အမေရိကကို ရောက်လာတာ ရှင်းပြီလား... လျှောက် အော်မနေကြနဲ့တော့... ပြီးတော့ စကားလုံးတွေနဲ့ ငါ့ကို လာမပစ်နဲ့တော့... ငါက မပစ်ချင်လို့ ကြည့်နေနေတာ... ငါပြန်ပစ်ရင် တမိနစ်ကို စကားလုံး သုံးထောင်လောက် ထွက်လာလိမ့်မယ်...

Dec 4, 2010

အမှတ်တမဲ့ သိမ်းဆည်းထားမိသော အမှတ်တရများ



















၁၉၈၈ ခုနှစ်
ရန်ကုန်၊ ရန်ကုန်တိုင်း၊ မြန်မာပြည်

 သူ့ထက် ၈ နှစ် ငယ်သော်လည်း မိဘများအချင်းချင်းက သူငယ်ချင်းတွေ ဖြစ်နေလေသည်မို့ သည်ကောင်မလေးနဲ့ သူကလည်း သူငယ်ချင်း ဖြစ်နေရသည်လေ။ သည်တော့ သူကသာ ဆရာဖြစ်နေသော်လည်း သူ့ကို ဘယ်တုန်းကမှ ဆရာ မခေါ်ခဲ့ဖူးသော သည်ကောင်မလေးကိုလည်း အပြစ် မဆိုသာ။ နှစ်အိမ့် တအိမ်လို အကြောင်းသိတွေ ဖြစ်နေခဲ့သော မိသားစု နှစ်ခုဖြစ်သည်မို့ လူငယ်ဘာဝ သူ ဆိုးသွမ်းခဲ့ဖူးသည်များကိုလည်း သိထားသော သည်ကောင်မလေးက တခါတခါလည်း သူ့ကို - လူဆိုးကြီး - ဟုလည်း နောက်ပြောင် ခေါ်တတ်သေးသည်။ ကျောင်းသူ ကျောင်းသားတွေ အားလုံးက သူ့ကို ဆရာ-ဟု ခေါ်နေကြသည့် သူ့ စာသင်တန်းမှာ လာတက်ရင်း သူ့ကို လူရှေ့ သူရှေ့မှာ သည်ကောင်မလေးက - ကိုကြီး - ခေါ်သည့်အတွက် - ဆရာ - ခေါ်ရန် လူကွယ်ရာအချိန်မှာ  သူ ငေါက်ငမ်းခဲ့ဖူးသည်။ ထိုအခါ ဂျစ်တီး ဂျစ်ကန်မျက်နှာဖြင့် - လူဆိုးကြီး အကို ဆရာ - ဟု အကျယ်ကြီး အော်ကာ သူ့ရှေ့မှ လွယ်အိတ်ကလေး ဆွဲကာ ထွက်ပြေးသွားခဲ့ဖူးသော သည်ကောင်မလေး အပေါ် သူ့ရင်ထဲမှာ သံယောဇဉ်တွေ ထူထပ်နေခဲ့ဖူးသည်ကို သူ အမှတ်ရသည်။

ခုတော့ - လူဆိုးကြီး အကို ဆရာ - မှာ ဒဏ်ရာများနှဲ့ အလူးလူး အလိမ့်လိမ့်ဆိုသည်ကို သည်ကောင်မလေး သိပါလိမ့်မည်လား...
------------------------------------------------


၁၉၈၈ ခုနှစ် သြဂုတ်လ (၈) ရက် နံနက် (၁၀) နာရီ
(၁၆) ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ ရန်ကုန်တိုင်း၊ မြန်မာပြည်

ဝိုင်း ကျူရှင်ဆရာအဖြစ် ၈ တန်း - ၉ တန်း - ၁၀ တန်း ကျောင်းသားများကို အင်္ဂလိပ်စာသင်ကြားနေခဲ့သော သူ့နေ့ရက်များ ကုန်ဆုံးလေပြီ။ သူ့ ၁၀ တန်း စားပွဲဝိုင်း အတန်းမှ ကျောင်းသားကျောင်းသူများ အားလုံးကို အိမ်ပြန်ခိုင်းလိုက်သည်။ သူ့စားပွဲဝိုင်းကျူရှင်များ အားလုံးကို အပြီးတိုင် သိမ်းလိုက်ပြီဖြစ်ကြောင်း သူ ပြောလိုက်သည်။ ကျောင်းသူ ကျောင်းသားအားလုံး အိမ်ပြန်ကြပြီ။ သည်ကောင်မလေးတယောက်သာ စားပွဲဝိုင်းမှာ ပေကပ်ကျန်နေရစ်သည်။

ကိုကြီး ဘာလို့ အဲလို လုပ်တာလဲ....

စားပွဲမှ ထိုင်ရာမထ မော့ကြည့်ရင်း သူ့ကို ပေကပ်ကပ် မေးနေသော မျက်နှာလေးတခုကို  အဖြေမဲ့စွာ သူ ငေးကြည့်နေမိလေသည်။

----------------------------------------------

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၇) ရက်
သေ့ဘောဘိုးရွာ၊ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်

အိပ်မက်မက်နေသလိုလို သူ့ကိုယ်ကို သူ ပြန်လည်တွေ့ရှိမိသည့်အခါ တောနက် တခုအတွင်းမှာ ဖြစ်လေသည်။ ကရင်ပြည်နယ်ထဲရှိ ထိုင်း-မြန်မာနယ်စပ်အနီးက မှောင်ခိုဈေးကလေးတခု၏ လမ်းအလယ်မှာ သူ လျှောက်နေမိပါသည်။ သို့သော်လည်း သူ တယောက်တည်း မဟုတ်။ ထောင်ချီနေသော လူငယ်များ အကြားမှာ...

---------------------------------------------------

၁၉၈၈ ခုနှစ် အောက်တိုဘာလ (၂၆)ရက်
သေ့ဘောဘိုးရွာ၊ သေ့ဘောဘိုးစခန်း ထောက်ပံ့ရေးရုံး၊ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်

မိုးများ တဖွဲဖွဲကျနေသည့် မနက်ခင်းကို သူက ပျင်းရိငြည်းငွေ့စွာ ကြည့်နေစဉ်လေးမှာပင် အကောက်ဂိတ်ဖက်မှ တက်လာသည့် မိန်းကလေး (၃) ယောက်ကို သူ လှမ်းကြည့်နေမိသည်။ တဖြည်းဖြည်း နီးနီးလာသော အရိပ် (၃) ခုက သူ့ ရုံးအရှေ့သို့ ရောက်ရှိ ရပ်တန့်သွားသည့်အခါ မိုးရေများနှင့် ရွှဲစို စုတ်ပြတ်နေသည့် မျက်နှာ ၃ ခုကို သူ သေချာ ကြည့်လိုက်မိသည်။ သည်အခါ မျက်နှာလေး တခုက သူ့ကို ထခုန်မိမတတ် အလန့်တကြား ဖြစ်သွားစေသည်လေ။
- ဟာ... ညီမလေး.... -
- ကိုကြီး... -
မယုံကြည်ချင်စရာ တွေ့ဆုံမှုကို သူ အံ့သြနေလေသည်။
- နင်ဘယ်လို လုပ်ရောက်လာတာလဲ... ညီမလေး - သူ မေးမိသည့်အခါ...
- ကိုကြီး ရှိတယ် ကြားလို့ လိုက်လာတာလေ... - ဆိုသော အဖြေအပေါ်...
- နင် ရူးနေလား... - ဟု စိတ်တိုစွာ အော်ငေါက်မိသည့်အခါ...
- သမီး ရူးတာ မဟုတ်ဘူး... ယုံကြည်နေတာ... - ဟု ထော်လန်နေသော နှုတ်ခမ်းပါးလေးများကိုလည်း သူ ကောင်းကောင်း အမှတ်ရနေခဲ့ပါသေးသည်။

-----------------------------------------------

၁၉၈၈ ခုနှစ် နိုဝင်ဘာလ
သေ့ဘောဘိုးစခန်း၊ ဒူးပလယာခရိုင်၊ ကရင်ပြည်နယ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ခေါ် ABSDF ကို ဖွဲ့စည်းခဲ့ပြီ။ သူသည်လည်း တပ်ဦးမှ အဖွဲ့ဝင်တဦးဖြစ်ခဲ့ပြီ။ လက်နက်ကိုင် တော်လှန်ရေးကို ရွေးချယ်မိကြသည့်အလျောက် စစ်သင်တန်းပေါင်း မြောက်များစွာကိုလည်း တက်ရောက်ခဲ့ကြရလေသည် မဟုတ်လား။

-----------------------------------------------------

၁၉၈၈ ခုနှစ် ဒီဇင်ဘာလ
အထူးစစ်ဆင်ရေး သင်တန်းစခန်း၊ မဲကလချောင်းကမ်းနံဘေး၊ ၊ ကရင်ပြည်နယ်

- အေကေ... -
- ဟုတ် ... ဗိုလ်မှူး... -
- မိန်းကဲမ့်ကို ငှက်ဖျား လူနာတယောက် သွားပို့ရမယ်... ရဲဘော် တယောက်ယောက်နဲ့ ခင်ဗျား ထမ်းပို့လိုက်ပါ... -
- ဟုတ် -
နောက် မိနစ် ၃၀ အကြာ... လူနာကို စစ်ပုခက်ဖြင့် ထမ်းသယ်လာသည့်လမ်းမှာ သည်ကောင်မလေးနဲ့ သူ့အဖော် တယောက်ကို မျက်နှာချင်းဆိုင်မှ လာနေသည်ကို လှမ်းတွေ့လိုက်ရသည်....
- ဟဲ့... ဘယ်သွားမလို့လဲ... -
- အာ... ကိုကြီး... ဖျားနေတယ် ဆိုလို့... သမီး... လာတွေ့တာ... ခုတော့... ကိုကြီးက သူများကို ထမ်းလို့... -
- ငါ ဖျားနေတယ်... ညည်းကို ဘယ်သူက ပြောလို့လဲ... -
- ကိုနေဦးကြီးလေ... -


ဘာပဲဖြစ်ဖြစ် သူကျေနပ် ကြည်နူးနေမိသည်...

-----------------------------------------------------------------------------

၁၉၈၉ ခုနှစ် ဇွန်လ (၁) ရက်

သေ့ဘောဘိုးစခန်း၊ ကရင်ပြည်နယ်
ဖလူး-ခံစစ်စခန်းသို့ မ၀င်မီ

- ညီမလေး... ကိုကြီး လာနှုတ်ဆက်တာ... -
- သမီး... သိတယ်လေ... -
- မသေရင် ပြန်တွေ့မယ်... -
- အဲလို မပြောနဲ့လေ... ကိုကြီး...
နေဦး... အမှတ်တရ... ကိုကြီး မသွားခင်... စစ် အင်္ကျီချင်း လဲချင်တယ်... -
- လဲပေါ့... -
ထိုနေ့က အပြန် အလှန် လဲလှယ်ခဲ့သော စစ်အကျီ၏ ဘယ်ဖက်ရင်ဘတ်နေရာမှာ ဘောပင်အပြာရောင်နှင့် ကောင်မလေး ရေးထားခဲ့သော စာတမ်းလေးကို ယခု သူ လွမ်းပါသည်...

Love me ever... Forget me never...

--------------------------------------------------------

၂၀၀၈ ခုနှစ် ဇွန်လ (၂၆) ရက်
ဘိုကာရာတွန်မြို့၊ ဖလော်ရီဒါပြည်နယ်၊ အမေရိကန်ပြည်ထောင်စု


အလုပ်က သူ ပြန်ရောက်လာသည်။ သူ အလုပ်လုပ်ရာ စတိုးမှ ဆွဲချလာသည့် ကိုရိုနာ ဘီယာ (၆)လုံးကဒ်ကို ရေခဲ သေတ္တာထဲ ထည့်လိုက်သည်။ ရေမိုးချိုးပြီးနောက် ကိုရိုနာ တလုံးကို ဖွင့်လိုက်ပြီး သူ့ကွန်ပြူတာ စားပွဲမှာ ထိုင်လိုက်သည်။ ဘာလိုလိုနှင့် သူ ဘလော်ဂါတယောက် ဖြစ်လာသည်မှာ (၆) လ ကျော်နေပြီ မဟုတ်လား....

အလုပ်ထဲမှာ အလုပ်လုပ်ရင်း ပေါ်လာသည့် အတွေးစတွေကို ဆွဲယူရင်း ကဗျာတပုဒ် ရထားသည်ကို သည်နေ့ညတော့ သူ့ ဘလော့အပေါ် တင်ရဦးမည်။

ဘလေါ်ဂါဒေါ့ကွန်းကို ဖွင့်လိုက်ရင်း သူ့ ဘလော့စာမျက်နှာကို ကြည့်လိုက်မိသည်။ ဘယ်သူတွေ ဘာတွေ အသစ် တင်ထားကြသည်လဲ...

သူ ဖတ်နေကျ ဘလော့တွေကိုတော့ သူ့ဘလော့လေး၏ ဆိုဒ်ဘားမှာ သူ လင့်လုပ်ထားခဲ့သည်။ ဆိုဒ်ဘားကို ဖြည်းဖြည်းချင်း ကြည့်လိုက်မိသည်။

ဟား... နွေနှင်း-ဘလော့မှာ... အသစ်တင်ထားပါ့လား... ရခဲ့ဖူးသော ပိတောက်တခက် - ဆိုပဲ...

နွေနှင်း-ဘလော့လေးက အရောင်စုံလှသည်။ သုတ-ရသ စာစုံသည်။ ဆောင်းပါးတွေ၊ ကဗျာတွေ၊ ၀တ္ထုတိုလေးတွေနဲ့ ဝေေ၀ဆာဆာ။ စာအရေးကလည်း ကောင်းလှသည်။ သူနှစ်ခြိုက်သည့် ဘလော့ တခုပေမို့ သူ့ဘလော့မှာ လင့်ချိတ်ထားမိခြင်း ဖြစ်သည်။

နွေနှင်း-လင့်ကို သူ့ မောက်စ်ဖြင့် ကလစ်လိုက်သည်....

ပိတောက်ပန်းခက်ကလေးတခုကို ဓါတ်ပုံတပုံဖြင့် တင်ထားသည်ကိုတွေ့ရသည်။

---------------------------------------------------
ပိတောက်ပန်းတွေ ပေးခဲ့ဖူးတာ သတိရတယ်...

အဲသည်နေ့က ခြောက်ခြောက်သွေ့သွေ့နဲ့ ရာသီဥတုက လွမ်းစရာတော့ အကောင်းသား... ဘာကို လွမ်းလို့ လွမ်းနေမှန်းမသိ... လွမ်းလို့ ကောင်းနေတုန်း... ပိတောက် တဆုပ်... လက်ဆောင်ရခဲ့ဖူးတာ... ဘ၀မှာ ... မှတ်မှတ်ရရ ဖြစ်နေတယ်... အဲဒီ ပိတောက်ပန်းတွေ... ဘယ်က ရခဲ့သလဲလို့လည်း သူ့ကို မမေးဖြစ်ခဲ့ဘူး... ကိုယ်တိုင် တက်ခူးလာခဲ့တာလား... (သူ့ကို ကြည့်ရတာ သစ်ပင်ကော တက်တတ်ပါ့မလားလို့... )... သူများကို တက်ခူးခိုင်းခဲ့တာလား... ပိုက်ဆံပေးပြီး... ၀ယ်ခဲ့တာလား... (သည်လို ... တောထဲ တောင်ထဲမှာတော့... ပိတောက်ပန်း ရောင်းမယ့်သူ... ဘယ်လိုမှ မရှိဘူး... သေချာတယ်...) ဘယ်လိုပဲ ရလာရလာပါ... ရှားရှားပါးပါး ဒေသမှာ... ကိုယ့်အတွက် အမှတ်တရ... ယူလာပေးတဲ့အတွက်... ထာဝရ အမှတ်တရ ဖြစ်နေလေတော့တယ်...

အပွင့်ဝါ၀ါ သေးသေးလေးတွေနဲ့ စိမ်းစိုပြီး ဖားဖားဝေနေတဲ့ ပိတောက်ရွက်တွေ... အဲသည် ပိတောက် အဆုပ်ကလေးတွေကလေ... သေသေချာချာ ပြင်ဆင်ထားတာကို မဟုတ်ပဲနဲ့... သဘာဝကျကျ... အရမ်းကိုလှနေလိုက်တာ... ပြန်တွေးမိတိုင်း... ရင်ထဲမှာ ကြည်နူးတယ်...

အဲသည် ပိတောက်ပန်း တခက်လောက်... ရင်ထဲမှာ ချစ်ခင် နှစ်သက်ရမယ့် ပန်းမျိုး... ဘ၀မှာ နောက်ထပ် မတွေ့ခဲ့တော့ပါဘူး...

အဲသည်တုန်းက ... ဘာရာသီလဲ... ဧပြီထဲမှာပဲလား... အချိန်တွေ... လတွေ... နှစ်တွေ... သိပ် မစဉ်းစား... အမှတ်မထားမိခဲ့တဲ့ အချိန်တွေကို... သူ့ဘာသာသူ... ကုန်ဆုံးနေစေခဲ့ချိန်တုန်းကဆိုတော့...

အဲသည် ပိတောက်ခက်ကလေးကို... သူ... ကိုယ့်ကို... ဘယ်လို ပေးခဲ့တယ်.. ဘယ်တုန်းက ပေးခဲ့တယ်... ဆိုတာ... သေချာကို မမှတ်မိတော့ဘူး...

ဒါပေမယ့်... အဲသည့် ပိတောက်ခက်ကလေးကိုမြင်ပြီး အရမ်းကို စိတ်လှုပ်ရှားနေခဲ့မိတာကိုတော့ သိတယ်... ကျေနပ်နှစ်သက်စွာ... ပြုံးပျော်နေခဲ့မိတာကိုလည်း... သတိရတယ်...

သူ့ကိုရော ပိတောက်တခက်အတွက်... ကျေးဇူးတင်တဲ့အကြောင်း ပြောခဲ့ဖူးသလား... ကိုယ် မမှတ်မိ...

သူ့ ပန်း ပိတောက်လေးတွေကိုယူရင်း... ဟန်ဆောင် ပန်ဆောင် ကိုယ် ရှက်ပြခဲ့ဖူးသလားတောင် ကိုယ် မမှတ်မိ...

သတိရတယ် ကိုကြီးရယ်...
ပိတောက် တခက်အတွက် ကျေးဇူးအများကြီး တင်ပါတယ်...

---------------------------------------------

သူ့ရင်တွေ တဒုန်းဒုန်း ခုန်သွားတော့သည်.....

နွေနှင်း...
နွေနှင်းသည် ညီမလေးလား....
ဟိုးလွန်ခဲ့သည့် (၁၉) နှစ်က သင်္ကြန်တွင်း မဟုတ်သော်လည်း အဲသည် တောနက်နက်ကြီးထဲမှာ လာပွင့်နေသည့် ပိတောက်ပန်းများကို ညီမလေးအတွက် တက်ခူးပြီး လက်ဆောင် ပေးခဲ့ဖူးသည်ကို သူ သတိရမိသည်။

ခုတော့ ကွဲကွာခဲ့ကြသည်မှာ အနှစ် (၂၀) ပင် ပြည့်တော့မည်မဟုတ်လား...

နွေနှင်း-ဘလော့စာမျက်နှာမှာ သူအသည်းအသန် လိုက်ရှာနေမိသည်က အီးမေးလ်လိပ်စာ....

-------------------------------------------------------------

သည့်နောက်မှာတော့ ဖန်မျှင်အလင်းတန်းထဲမှာ သူတို့ နှစ်ဦး ပြန်ဆုံကြသည်...
ဝမ်းနည်း ၀မ်းသာ...
ဂျီတော့ခ်ပေါ်မှာ... စွန်းထင်းသွားခဲ့သော မျက်ရည်စ တချို့ကို... သူတို့ နှစ်ယောက် အပြန်အလှန် သုတ်ပေးခဲ့ကြဖူးသည်...။

သည်လိုနှင့် ဟိုး လွန်ခဲ့သော (၁၉) နှစ်က မပြောခဲ့ဖူးဘူးသော စကားများကို ဖန်မျှင် အလင်းတန်းတွေကြားမှာ သူတို့ နှစ်ဦး ပြောဖြစ်ခဲ့ကြသည်။
သက်တံတစင်းကို နှစ်ယောက်သား ဖန်ဆင်းဖြစ်ခဲ့ကြသည်။
ထို အချိန်ကာလများကို မည်သို့ သိမ်းဆည်းထားရမည်လဲ...
သူမသိပါ...

သို့သော်လည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်သော ဘ၀မှာ... လူသားဆန်ခဲ့မိသော သူတို့ နှစ်ဦးသည် ဆက်လက်ပြီး လူသားဆန်ကြရဦးမည် မဟုတ်လား...

သူတို့ နှစ်ဦးသည် (ဂျူး၏စာကို ခေတ္တ ငှားသုံးရလျှင်... ) ကြိုးနှင့်သီကုံးထားရန် မလိုသော ပန်းကလေး နှစ်ပွင့် မဟုတ်လား....

----------------------------------------------------

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ (၃) ရက် မနက် ၁ နာရီ
ပို့လန်းမြို့၊ အော်ရီဂွန်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု

သူ့ ကွန်ပြူတာ မော်နီတာပေါ်မှ အစိမ်းရောင် အစက်ကလေးကို အတော်ကြာကြာ သူ ငေးစိုက်ကြည့်နေမိသည်။
မတွေ့စေချင်လို့ ပုန်းနေသည်ကို.... ညီမလေး သိနေလေမည်လား... လှမ်းခေါ်လိုက်ရင် ကောင်းမလား.... စကားတွေ ပြောမိကြရင်လည်း နှစ်ဦးလုံး ထပ်မံနာကျင်ရဦးမည်... စသည် စသည် အတွေးများက သူ့ အခန်းကျဉ်းကျဉ်းလေးထဲမှာ ဝေ့၀ဲလွင့်ပျံနေကြသည်လေ...

သည့်နောက်မတော့ ဂျီတော့ခ် ပေါ်မှ သူ sign-out လုပ်လိုက်သည်။ သည်ဂျီတော့ခ်အပေါ် မည်သည့်အခါမျှ သူတက်တော့မည် မဟုတ်ပါ။

မောက်စ်ကို ကိုင်ထားသော သူ့ညာဖက်လက်ခုံအပေါ် မျက်ရည် တစက်ကျလာမှ သူသည်... ညီမလေးကို အဘယ်မျှထိ ချစ်ခဲ့မိသည်ကို သိပါတော့သည်။

ATN

Nov 5, 2010

ပုံရိပ်ဟောင်းများ

ချစ်သော ညီမငယ် ကေ တဂ်လိုက်သည့် ပုံရိပ်ဟောင်းများ ပို့စ်ကို ရေးဖို့ရာ ကျနော့်မှာ အခက်အခဲ ရှိပါသည်။ ကျနော်တို့ ဘူမိဗေဒ ကွင်းဆင်းချိန်က ယခုလို ဒစ်ဂျစ်တယ် ကင်မရာများ မပေါ်သေးပါ။
ထို့အပြင် တ၀လည်း... အင်နာလော့ဂ် ကင်မရာများကိုလည်း... မ၀ယ်ယူ မသယ်ဆောင်နိုင်သေးပါ... ။ ကျနော်နှင့် ကျနော်အပါအ၀င်ဖြစ်သော ဂရုဖ်လေးကလည်း ဆင်းရဲသား-သားသမီးများသာ ဖြစ်သောကြောင့် ကွင်းဆင်းချိန်မှာ ဒါ့ပုံများ ဝေေ၀ဆာဆာ မရိုက်နိုင်ခဲ့ပါ။ သည့်အတွက် ကွင်းဆင်း ပုံရိပ်ဟောင်းများကို သူ့လို ကံမကောင်းခဲ့သော ကျနော့် အဖို့ရာ... ဘလော့အပေါ်မှာ မည်သို့ တင်နိုင်ခဲ့ပါလိမ့်မည်နည်း...။

သို့အတွက်... ဘူမိဗေဒကွင်းဆင်း ပုံရိပ်ဟောင်းများအစား... ကျနော် တတ်နိုင်သည့် ပုံရိပ်ဟောင်းများဖြင့်သာ... သည်တဂ်ပို့စ်လေးကို ရေးလိုက်မိပါသည်...
ညီမငယ် ကေ... ခွင့်လွှတ်နားလည်ပါ...

------------------------------------------------------------------------
တနေ့ တနေ့ အလုပ်ကပြန်လာတိုင်း ရေမိုးချိုး အ၀တ်စားမလဲခင် လုပ်ဖြစ်သည့် အရာ နှစ်ခု ရှိသည်။

ဂျီမေးလ်ဖွင့်စစ်ခြင်းနှင့် မျက်နှာစာအုပ် ဖွင့်ဖတ်ခြင်း... ။

ဂျီမေးလ်ကတော့ သိကြသည့်အတိုင်း လူတကာသုံးနေသည်မို့... ။

ပြီးတော့လည်း ကိုယ့်ဘလော့လေးကို ဂျီမေးလ်ဖွင့်ပြီးမှ သွားတတ်သည်ကလည်း အကျင့် ဖြစ်နေပြီမို့...။

ဒါတောင် ကိုယ့်ဘလော့ကို နေ့တိုင်း ၀င်ကြည့်တတ်သည့် အကျင့်ကလည်း ပျက်ပြယ်နေသည်မှာကြာပြီ...။
ဘာလို့ဆို ကိုယ်က ပို့စ်တွေ သိပ်မတင်ဖြစ်သည်မှာလည်း ကြာနေပြီမို့လား... ။
ပို့စ်တခု တင်ဖြစ်မှသာ ကိုယ့်ဘလော့မှာ ဘယ်သူတွေ ဘာတွေ ကွန်မန့်ဝင်ပေးသွားလဲ... သွားကြည့်ဖြစ်သည်...။ သည်လိုနဲ့ ကိုယ့်ဘလော့ကိုလည်း ကိုယ့်ဘာသာပင် နေ့တိုင်း ဖွင့်မကြည့်ဖြစ်တော့... ။
(နေ့တိုင်းဖွင့်ကြည့်ဖြစ်သော ဘလော့ဂ် တခုတော့ ရှိပါသည်... မည်သည့် ဘလော့ဂ်လဲတော့ မမေးကြစေလိုပါ... ဇွတ်မေးလျှင်လည်း အီးမေးလ်မှတဆင့်သာ ဖြေကြားပါမည်... အီကားဇကားချပ်...း)

အလုပ်က ပြန်လာတိုင်း နေ့စဉ် မပျက်မကွက် ဖွင့် ဖတ်ဖြစ်နေသည်ကတော့ မျက်နှာစာအုပ်... ။

ဒါကလည်း အကြောင်း ရှိသည်...။

သည် မျက်နှာစာအုပ်ကြောင့်ပဲ... ဟိုးလွန်ခဲ့သည့် အနှစ် ၂၀ ကျော်က သူငယ်ချင်းများ... သေဖော်သေဖက်... တိုက်ဖော်တိုက်ဖက်... ရဲဖော်ရဲဖက်... သောက်ဖော်သောက်ဖက်... (ကဗျာ) ရူးဖော်ရူးဖက်များ... ကို... ပြန်တွေ့နေရသည်ကြောင့် မဟုတ်လား...။

ဘယ်သူက... ဘယ်ကို ရောက်နေသည်...
ဘယ်သူကတော့... ဘယ်အမည်နဲ့...ဘာတွေလုပ်...
ဘယ်သူကတော့... ဘာကြီးဖြစ်နေပြီ...
ဘယ်သူနဲ့ ဘယ်သူကတော့... ဘာဘွဲ့တွေရ...လို့...
ဘယ်သူ့ကို အက်ဒ်လိုက်ပါဦး အကိုရေ့...
အဲဒါ... ဘယ်သူပေါ့...

သည်လိုနဲ့ပဲ...
မျက်နှာစာအုပ်အပေါ်... မျက်နှာအပ်မိနေသည်က နေ့တိုင်း...
တရက်မှ မပျက်ကွက်...။

သည်လိုနဲ့ပဲ...
ပြန်မဆုံနိုင်ဖြစ်သော လမ်းပေါ်မှ
ကျောချင်းကပ်ခဲ့ဖူးကြသူများအားလုံးကို...
မျက်နှာစာအုပ်ထဲမှာသာ ပြန်တွေ့ရနေတော့သည်...။

သည်လိုနဲ့ပဲ...
ဟိုးလွန်ခဲ့သော အနှစ် ၂၀ ကျော်က မျက်နှာဟောင်းများကို...
မျက်နှာစာအုပ်၏ စာမျက်နှာအသစ်များမှာ
မယုံနိုင်စရာ ပြန်ပြန်တွေ့နေရသည်... မဟုတ်လား....။

သည်မျက်နှာစာအုပ်ကြောင့်ပဲ...
အဆက်ပြတ်နေသည့် စာမျက်နှာများကို...
သံယောဇဉ်ကြီးစွာ... သူ... ပြန်လည် စီထပ်မိပါသည်...။

သည်အခါ
သည်စာမျက်နှာများကို အမှတ်တရအဖြစ်...
မှတ်တမ်းတခု... တင်ထားပစ်လိုက်ချင်ပါသည်။

သည်မှတ်တမ်းသည်ပင်...
သူအပါအ၀င်... သူနှင့်ရင်းနှီးခဲ့ဖူးသူများအတွက်... ပုံရိပ်ဟောင်းဖြစ်ပါသည်...။

-------------------------------------------------------------------


Aug 12, 2010

စိတ်ညစ်စရာသတင်း၊ သေခြင်းတရား၊ မိသားစု...

ခုတလော အလုပ်ရှုပ်လွန်းသည်မို့ မည်သည့်စာကိုမျှ သူ မဖတ်ဖြစ်။ သတင်း တချို့သာ ခေါင်းစဉ်တွေ ဖတ်ဖြစ်သည်။ နေ့စဉ် မနက် အလုပ် မသွားခင် အီးမေးလ်ဖွင့် စစ်တိုင်း သူ့ ဂူးဂဲလ်ရီဒါမှာ ဖိ(ဒ်)ယူထားသည့် သတင်းဆိုက်များမှ သတင်း ခေါင်းစဉ်များကို ကမန်းကတမ်း ဖတ်ရသည်။ သည့်နောက် အလုပ်သွား။ အလုပ်က ပြန်ရောက်သည့်အခါ နောက်တကြိမ် အီးမေးလ် ဖွင့်စစ်၊ ဒါတောင် ခုနောက်ပိုင်းမှာ ဂျီမေးလ်တခုကိုသာ သူ ဖွင့်ကြည့် ဖြစ်တော့သည်။ သူ့ ရာဟူးမေးလ်၊ ဟော့တ်မေးလ်-များဆိုလျှင် ဖွင့်ကို မဖွင့် ဖြစ်တော့။ ဟော့တ်မေးလ်ဆိုလျင် ပါ့စ်ဝါ့ဒ်ပင် မေ့နေလေပြီ။ ထားတော့...။

နက်ပေါ်တွင် ရှိသမျှသော ဗမာလိုတင်နေသည့် သတင်းဆိုက်များ အားလုံးနီးပါးကို သူ ဖိ(ဒ်) ယူထားသည်။ ခက်သည်က သတင်းတခု တက်လာသည်နှင့် ဆိုက် တော်တော်များက တပြိုင်နက်ထဲလို တင်လိုက်ကြသည်မို့ ဆိုက်တွေကသာ များနေပြီး သတင်းကတော့ သည်သတင်းပဲ ဖြစ်နေတတ်သည်။ သည့်အတွက်ကြောင့်လည်း သတင်းတွေကို ခေါင်းစဉ်သာ သူ ဖတ်နေမိခြင်း ဖြစ်သည်။ သတင်း အတော် များများကလည်း မဲပြာပုဆိုး။ ခေါင်းစဉ် ဖတ်လိုက်လျှင် သတင်း အပြည့်အစုံကို ဆက်ဖတ်စရာ မလိုတော့လောက်အောင် ပြည့်စုံလုံလောက်နေပြီ။

မည်သို့ဖြစ်စေ ကမ္ဘာမြေကြီးနှင့်ရော ဗမာပြေ(ပြည်)ကြီးနှင့်ပါ အဆက် မပြတ် အောင်တော့ သတင်းတွေကို သူ ဖတ်ရမည်။ သည်လိုနှင့် မနက်ပိုင်းမှာ ခေါင်းစဉ်များကို ဖတ်ကာ ညဖက်ကျမှ သူ ဖတ်လိုသော သတင်းများကို အပြည့်အစုံ ဖတ်ဖြစ်လေတော့သည်။

No news is good news. ဆိုသော စကား ရှိသည်။ မည်သည့်သတင်းမျှ သတင်းကောင်းမဟုတ်-ဟု ဘာသာပြန်ရမည်လား (သို့မဟုတ်) သတင်းမရှိခြင်းသည် သတင်းကောင်းဖြစ်သည်-ဟု ဆိုရမည်လား...။ မည်သို့ဖြစ်စေ ခုတလော ဖတ်နေရသည်က စိတ်ညစ်ညူးစရာများချည့်သာ။ အာဖဂန်မှာ တာလီဘန်များ သတ်ဖြတ်ပစ်လိုက်သည့် ဆေးကုသရေးအဖွဲ့တခု၏ ဇာတ်ကြောင်းကို စိတ်မကောင်းစရာ ဖတ်ရသည်။ မကေ ပင် သည်အကြောင်းကို ပို့စ်တခု ရေးထားသေးသည်။ အလုပ်ထဲမှာ သည်အကြောင်းကို လုပ်ဖော်ကိုင်ဖက်များနှင့် ပြောဖြစ်သည့်အခါ ကဗျာဆရာ ဒီလက်မျိုးက - ကနေဒါမှာလည်း ကရင် မိသားစု တစု အသတ်ခံရတယ်-လို့ ကြားတယ် အကို - ဟု ပြောလာသည်။

အိမ်ရောက်တော့ သည်ကရင်မိသားစု သတင်းကို သည်မှာ သူ သွားတွေ့ရသည်။ သည်လိုနှင့် ဂျီတော့က ချက်တင်းထဲမှာ သူငယ်ချင်းများနှင့် စကားတချို့ ဟိုသည် ပြောဖြစ်ရင်း (သေခြင်းတရား)အကြောင်း သူ စဉ်းစားမိသည်မှာ ရှည်လျား ဝေးလံလွန်းလှလေတော့သည်။

------------------------------------------------------

ယခု သူ လက်ရှိရောက်ရှိနေထိုင်နေသည့် အော်ရီဂွန်ပြည်နယ်သို့ မရောက်မီက ကယ်လီဖိုးနီးယား ပြည်နယ်မှာ တနှစ် ကျော်ကျော်ကြာအောင် သူ နေထိုင်ခဲ့ဖူးပါသည်။ ထိုကာလများ အတွင်းမှာ ၉ လခန့် အလုပ်လက်မဲ့အဖြစ် နေထိုင်ခဲ့ရဖူးသည်။ ရနိုင်သမျှသော အလုပ်များကို လိုက်ရှာရင်း Temp အလုပ်များလည်း လုပ်ခဲ့ရဖူးသည်။ စုဆောင်းထားသမျှ ငွေကြေးများ ခမ်းခြောက်သွားသည်အထိ အတိ ဒုက္ခ ရောက်ခဲ့ရဖူးသည်။

ထိုကာလများအတွင်းမှာ တရက်သားမတော့ တီဗီသတင်းများကို ကြည့်နေရင်း မိသားစု တစုလုံး သေဆုံးသွားကြသည့် သတင်းကို တီဗီစခရင်းမှာ မြင်ရသည်။ Murder-Suside Case... ။ လူမည်း မိသားစု...တစု...။ အဖေရော အမေရော တပြိုင်နက်တည်း lay off ဖြစ်သည်။ အလုပ်ရှင်များက ၃ လစာ လုပ်ခ ကြိုပေးပြီး အလုပ်မှ ဖြုတ်လိုက်သည်။ သည် ဇနီးမောင်နှံမှာ ကလေးက ၃ ယောက်ရှိသည်။ အလုပ်လက်မဲ့ အလွန်များသည့် ကယ်လီဖိုးနီးယားမှာ နောက်ထပ် သူတို့ အလုပ်ရနိုင်ဖွယ် မရှိ။ Unemployment Benefit လျှောက်သည်။ ဘာကြောင့်မှန်း မသိ အငြင်းပယ်ခံရသည်။ Cash Aid လျှောက်သည်။ ၃ လစာသာ ထောက်ပံ့ကြေးရသည်။ ၃ လ အကြာမှာ ထောက်ပံ့ကြေး ဖြတ်လိုက်သည်။ သည့်နောက်မှာတော့ မိသားစု တစုလုံးကို ဖခင် ဖြစ်သူက သေနတ်နှင့် ပစ်သတ်ပြီးနောက်... သူ့ နားထင် သူ သေနတ်နှင့်တေ့ကာ... ဘ၀အားလုံးကို အဆုံးသပ်သွားသည်။

သည်သတင်းကို ဖတ်ရချိန်... တီဗီမှာ ကြည့်ရချိန်မှာ သူ စိတ်မကောင်း...။ သူကိုယ်တိုင်လည်း အလုပ်လက်မဲ့ ဖြစ်နေချိန်...။ ဖခင်တယောက်၏ စိုးရိမ်သောကများကို သူ ကောင်းကောင်း နားလည်ပါသည်။ တိုက်ဆိုင်နေသည်က သူ့မှာကလည်း သားကလေး ၃ ယောက်။ နောက် အလုပ် လက်မဲ့ ဘ၀...။ သည်လို တူညီနေသော ဘ၀မျိုး ဖြစ်နေသည်။ သို့သော်လည်း ဘ၀ကို ထိုလူသည် သည်လိုမျိုး အဆုံးသပ်ရရိုးလား...။ နောက်ထပ် သူ ကြိုးစား အားထုတ် ရုန်းကန် ဆန်တက်ခြင်းများ ပြုလုပ်ရန် အင်အား မရှိတော့သည်လား...။ ဘ၀ကို ထိုသူ အရှုံးပေးသွားသည်။ သို့သော်လည်း ထိုသူ့ အရှုံးပွဲများမှာ ... သူ့ဇနီးမယားနှင့် သမီးသားများ မပါဝင်သင့်ပေ...။ စဉ်းစားရင်း ဖခင်တယောက်ဖြစ်နေသောသူသည် ဖခင်တယောက် မည်သို့ ခံစားနေရမည်ကိုလည်း နားလည်ပေးနေမိပါသည်။ ငတ်နေသည်ထက် သေသည်က ကောင်းမည်လား... ထိုသူ စဉ်းစားကောင်း စဉ်းစားမည်...။ သေလျင်ကော...။ သူသာသေမည်လော...။ အတူတူသေကြမည်လော...။ ထိုသူ စဉ်းစားသည်ဟု သူထင်သည်...။ မိသားစုဆိုတော့ ထိုသူသည် မိသားစုနှင့် အတူတူသာ သေချင်မည်-ဟု သူ ယုံကြည်ထင်မြင်နေမိသည်။

----------------------------------------------------------------------

ကယ်လီဖိုးနီးယားပြည်နယ်သို့ သူ မပြောင်းရွှေ့ခင်က ဖလော်ရီဒါပြည်နယ်တွင် ဆယ်စုနှစ် တခုနီးပါး သူ နေထိုင်ခဲ့သည်။ သူ့ သားအငယ် နှစ်ယောက်စလုံးကို ထိုပြည်နယ်မှာ မွေးဖွားခဲ့သည်။ သည် နှစ်ယောက်က Floridian များဖြစ်သည်...။ US Citizen များလည်း ဖြစ်သည်။ သား အငယ်ဆုံးလေးကို မွေးတော့ သူ ဘလော့ရေးကာစ အချိန်ဖြစ်သည်။ သားငယ်လေး မွေးချိန်မို့ သူ vacation ယူလို့ရသည်။ သားငယ်လေးကို မွေးတော့ ဇန်န၀ါရီ ၂၃ ဖြစ်သည်။ မွေးဖွားချိန်မှာ ၉ ပေါင်ခွဲ ရှိသော သားအငယ်ဆုံးလေးကို မဟေသီက သဘာဝအတိုင်း မမွေးနိုင်သဖြင့် C-session ပေးကာ မွေးခဲ့ရခြင်းဖြစ်သည်။ ဗိုက်ခွဲ မမွေးခင်မှာ သူ့မှာ စာရွက်မျိုးစုံကို လက်မှတ်ထိုးရသည်။ သူလက်မှတ် မထိုးရင်ပဲ ထိုဗိုက်ကို မခွဲတော့မလိုမျိုး။ အိပ်ချင်မူးတူး မနက် ၃ နာရီကြီးမှာ လက်မှတ်ထိုးထားသော စာတွေကို သေချာ ပြန်ဖတ်မိသည့်အခါ ဗိုက်ခွဲမွေးရသဖြင့် မည်သည့်အရာမျှ အာမမခံနိုင်...။ မိခင်နှင့်ကလေး လွင့်စင်သွားသည့်တိုင် (ဆိုလိုသည်မှာ လျှောဘုရားသားပြသွားသည့်တိုင်) ၄င်းတို့ အပြစ် မဟုတ်ပါ... ဟု- ကျွန်ုပ်က သဘောတူညီနားလည်ပါသည်-ဟု ဆိုလိုလေသည်။ (တကယ်တော့ အမေရိကန် ဥပဒေများ အားလုံးလိုလိုက ငါ့ ပြသနာမရှာရင်ပြီးရော ဥပဒေများသာ ဖြစ်ပါသည်...) ထိုစဉ်က သူ့စိတ်ထဲမှာ မဟေသီသာ ဆုံးပါးသွားလျင်-ဆိုသော အတွေးက အတော့်ကို အနှောက်အယှက် ပေးလေသည်။ မဟေသီ မရှိသော ဘ၀ကို သည် ကလေး ၃ ယောက်နှင့် မည်သို့ လျှောက်လှမ်းရမည်လဲ။ သူ အတော့ကို ခေါင်းခြောက်ဖူးခဲ့လေသည်။

---------------------------------------------------------------------------------
နေရောင်ခြည်များ ဖူးပွင့်လန်းဆန်းရာ Sunshine State ဟု ခေါ်သော ဖလော်ရီဒါပြည်နယ်သည် အမိဗမာပြည်နှင့် အတော့ကို တူလေသည်။ တကယ်တော့ သူက သူ့ဘ၀ကို ဖလော်ရီဒါ ရေပြာစမ်းမှာ အခြေချဖို့ ကြိုးစားခဲ့သည်။ ဒေါ်လာ ၃ သိန်းတန် အိမ်တလုံး ၀ယ်ခဲ့ဖူးသည် (လစဉ်ပေးစနစ်နှင့်ပါ) သို့သော်လည်း ဖလော်ရီဒါသည် သူ့နေရာ မဟုတ်-ဟု ယခုတော့ သူထင်မြင်နေမိသည်။

တနေ့သားတော့ သူဝယ်ထားသည့် အိမ်ရှိရာ အနီးအနားက ဟိုက်ဝေး အိပ်က်စစ်တခုမှာ မိသားစု တစု အသတ်ခံရသည့် သတင်းကို သူတွေ့ရပါသည်။ သူ့အိမ်နှင့် ကပ်လျက်ရှိသော အမှတ်-၅၃ အိပ်က်စ်စစ်နံဘေးမှာ အသတ်ခံထားရသော မိသားစု ၄ ယောက်။ ဖခင်က ဘယ်ဖက်မှာ၊ မိခင်က ၂နှစ်သားကလေးနှင့် ၄ နှစ် သမီးလေးကို ဘယ်ညာဖက်ပြီး သူ့ ခန္ဓာကိုယ်နှင့် သေနတ်ကျည်ဆန်တွေကို ကာကွယ်ပေးထားပုံ...။ မူးယစ်ဆေးဝါး အရှုပ်အထွေးတွေထဲမှာ... ကလေးလေးလေးတွေ အသက် စတေးခံရ...။ ဘယ်လို ဘ၀တွေတဲ့လဲ... ကလေးတို့ရယ်...။ သူ့ရင်တွေ မချိပါ...။

ဖအေ လူဆိုးဖြစ်သည်နှင့် သည်ကလေး ၂ ယောက် သည်ဒဏ်ကို ခံရတော့သည်တဲ့လား...။ ကမ္ဘာကြီးကပဲ မတရားမှုတွေကို လက်ခံနေတော့သည်လား...။ ကလေးများ၏ အနာဂတ်သည် မည်သို့ စာလုံးပေါင်းမည်လဲ...။

ထိုစဉ်က သူခံစားခဲ့ရသော ဝေဒနာများ...။

-----------------------------------------------------

ဘာပဲဖြစ်ဖြစ် အတူတကွ ဘ၀ဆုံးခဲ့ရသော မိသားစုများမှာ ကောင်းကွက်တခုတော့ ရှိပါသည်။ သူတို့သည် သေကွဲ ရှင်ကွဲ-ဆိုသော ဘ၀ကို မကြုံလိုက်ကြရ။ သေအတူ ဘ၀ကိုသာ ကြုံလိုက်ကြရသည်။

------------------------------------------------------

သေကွဲ... ရှင်ကွဲ... များ ကြားထဲမှာ... သေအတူ ဖြစ်ခဲ့ရသောဘ၀များအတွက်... သူ ၀မ်းမသာမိသည့်တိုင်အောင်... စိတ်ကျေနပ်မှု တစုံတရာတော့ ရခဲ့မိပါသည်...။

မဟေသီနှင့်အတူ သူ... သေချင်ပါသည်...။
လွမ်းလို့ ကျန်နေခဲ့မှာကို အားနာလွန်းလို့ပါလေ...။

------------------------------------------------------------

စိုင်းထီးဆိုင် သီချင်း တပုဒ် ရှိပါသည်။

-လူအိုက သူ့ခွေးအိုနဲ့ အတူတူ သေပါရစေလို့ ရှားရှားပါးပါး... ဆုပန်တဲ့အဖြစ်... -

မေရေ မောင်တို့ကြားမှာ ချည်ထားတဲ့ သည်ကြိုးဟာ... သံယောဇဉ်... သံယောဇဉ်... သံယောဇဉ်.... ရယ်ပါ...

--------------------------------------------------------------
ခုတော့လည်း သူ တစုံတခုကို ကျေနပ်နေသလိုလို ဖြစ်မိသည်...။
လူ့ဘ၀ကြီးထဲမှာ တပြိုင်နက်တည်း အတူ ထွက်ခွာခွင့်ရသွားခဲ့သော မိသားစုများအားလုံးအတွက် ဖြစ်ပါသည်။

------------------------------------------------------------------

ဘုရားသခင်...
မိသားစုများ မည်သည့်အခါမျှ သေကွဲ ရှင်ကွဲ အကွဲများကို မကြုံကြရပါစေနှင့်...
တပည့်သားမှာလည်း... မိသားစု တစု ရှိပါသည်...။ 
ရှင်အတူ... သေအတူ... ဘ၀များကိုသာ... တွေ့ဆုံကြုံကြိုက်သွားခွင့်ပြုပါ ဘုရားသခင်...
အာမင်..

ATN

Jul 18, 2010

တခုလောက်တော့ ပြောချင်တယ်

ခင်ဗျားဗျာ ဘယ်လိုကဗျာတွေ ရေးနေမှန်း မသိဘူး...
ခင်ဗျားရေးနေတာ ကဗျာတွေမှ မဟုတ်တာ...
ဘယ့်နှယ်ကြောင့် အချစ်ကဗျာတွေ ရေးနေရတာလဲ ခင်ဗျားက ကလေးမှ မဟုတ်တာ...
ခင်ဗျား ပို့စ်တွေ ဖတ်ရတာ စိတ်ပျက်တယ်...
ခင်ဗျားစာတွေက ဘာမှ လေးနက်မှု မရှိတော့ဘူး...
ခင်ဗျား ဘလော့ကို ဘယ်တော့မှ လာမဖတ်တော့ဘူး...

... ... ... ... စသည်... ဖြင့်...

ဝေဖန်စာများ... ပြစ်တင်စာများ... ဆဲစာများ... အားမလို အားမရ ဖြစ်နေသော စာများ... အကြံပေးစာများ... ချိုးနှိမ် ဖဲ့နင်းသော စာများ... အားလုံးကို သူ ဖတ်ပါသည်။

သူငယ်ချင်းများ... မိတ်ဆွေများ... ရဲဘော်များ... ညီအကိုမောင်နှမများ... စာဖတ်သူများ... ရန်သူများ... ချစ်သူများ... အားလုံးကို သူ နားလည်မိပါသည်။

စေတနာများ... မျှော်လင့်ခြင်းများ... လေးစားမှုများ... ရင်းနှီးမှုများ... ချစ်ခင်မှုများ... မုန်းတီးမှုများ... မနာလိုမှုများ... အမြင်ကပ်မှုများ... အားလုံးကို သူ လက်ခံထားပါသည်။

အီးမေးလ်မှ တဆင့်လည်းကောင်း... ဂျီတော့ခ်မှ တဆင့်လည်းကောင်း... တယ်လီဖုန်းမှတဆင့်လည်းကောင်း... စာအားဖြင့်လည်းကောင်း... တယောက်မှ တယောက် စကားလက်ဆင့် ပြောကြားခြင်းအားဖြင့်လည်းကောင်း... သူ့အား... ကောင်း/ဆိုး... ကျိုး/ပြစ်... ဝေဖန်ထောက်ပြ... အချွန်နှင့်-မ... အဆင်း ဘီးတပ်... သရဖူဆောင်း... အကောင်းချည့်ပြော... အားလုံးသောသူများအား... သူ ကျေးဇူးတင်ပါသည်။

တကယ်တော့ သူသည် လူသားဆန်သော လူ တယောက်သာ ဖြစ်ပါသည်။ သူသည် ဘုရား အလောင်း မဟုတ်ပါ။ သူသည် သူတော်စင် တယောက် မဟုတ်ပါ။ သူသည် တမန်တော် တပါး မဟုတ်ပါ။ သူသည် ဂျီးဆပ်စ် မဟုတ်ပါ။ သူသည် နိဗ္ဗာန်လမ်းကို မှန်းမျှော်ထားသူတယောက် မဟုတ်ပါ။ သူသည် လူသားများထဲမှ လူသား တယောက်သာ ဖြစ်ပါသည်။

သူသည် ပေးဝေနေသူ တယောက် မဟုတ်ပါ။ ထို့အတူ သူသည် တောင်းခံနေသူ တယောက်လည်း မဟုတ်ပါ။
သူသည် ဦးဆောင်နေသူ တယောက် မဟုတ်ပါ။ ထို့အတူ သူသည် နောက်လိုက် တယောက်လည်း မဟုတ်ပါ။
သူသည် လမ်းပြနေသူ တယောက် မဟုတ်ပါ။ ထို့အတူ သူသည် လမ်းပျောက်နေသူ တယောက်လည်း မဟုတ်ပါ။
သူသည် အကြံပေးနေသူ တယောက်လည်း မဟုတ်ပါ။ ထို့အတူ သူသည် အကြံဉာဏ် တောင်းခံနေသူ တယောက်လည်း မဟုတ်ပါ။

လို... တို... ရှင်း... ပြောရလျှင်... သူသည်... သူ့ လူသားဆန်မှုကို သူ့ဘ၀တခုလုံးနှင့် ရင်းနှီးပြီးခဲ့သော ကဗျာဆရာ တယောက်သာ ဖြစ်ပါသည်။

သူသည်... အောင်သာငယ်... ဖြစ်ပါသည်။ ထိုအမည်ကို သူ့ဘ၀တခုလုံးနှင့် ရင်းနှီးပြီးမှသာ သူ ရရှိခဲ့ပါသည်။
အောင်သာငယ်သည်... ကဗျာဆရာတယောက်... ဖြစ်ပါသည်။

ကဗျာဆရာတယောက်သည်... ခံစားချက်များအပေါ်တွင်... အသက်ရှင်သန်ပါသည်။ သူ့ ခံစားချက်များအပေါ် သူ အသက်ရှူသွင်း ရှူထုတ်သည့်အခါ... မုန်းတီးမှုများပါဝင်ပါမည်...။ ချစ်ခြင်းမေတ္တာများ ပါဝင်ပါမည်။

ချစ်ခြင်းမေတ္တာများ နှင်းမုန်တိုင်းလို ပိန်းပိတ်အောင် ကျနေသည့်အခါ... အချစ်ကဗျာ တပုဒ် သူ ရေးဖွဲ့မိသည်မှာ အပြစ်ပေလား...

အောင်သာငယ်-သည် သေသည်အထိ နိုင်ငံရေးဆန်သော ကဗျာများ ရေးဖွဲ့ရမည်လား... (နိုးဝေး... ဝေးစွ...)

လွန်ခဲ့သော ၂ နှစ်အတွင်းမှာ သည်အချိန်ကာလမှာ သူ တင်ခဲ့ဖူးသော ပို့စ် ၂ ခုကို သည်မှာ ပြန်တင်လိုက်ပါသည်။

သည်ပို့စ် ၂ ခုကို ဖတ်ရလျှင် အောင်သာငယ်-ဟူသော ကဗျာဆရာတယောက်၏ ဖြစ်တည်မှုနှင့် အတ္တကို နားလည်နိုင်ကြလောက်ပါသည်။

အောက်တွင် ဖော်ပြထားသည့်အတိုင်း ဖတ်ရှုကြပါ...

Jul 18, 2009
ဥသြဆွဲနေတဲ့ကဗျာ

အသံတွေ အသတ်ခံထားရတဲ့နေ့ဟာ
အသက်ရှည်နေဆဲပါပဲ...
ဘယ်အခါမှ သေဆုံးမသွားနိုင်တဲ့
နတ်ဘုရားတပါးလိုပါ့...

ဟောသည်နိုင်ငံမှာ
နေရာတကာ
စစ် အင်္ဂါ လေးပါး...
သံတိုင်နဲ့ နံရံများ...
မတရားသော ဥပဒေ...
ချိန်ရွယ်နေသော သေနတ်ပြောင်း...
ဘ၀ပေါင်းများစွာကို သတ်နေသော အကျဉ်းထောင်...
မီးမှောင်ချထားသော စစ်ကြောရေးစခန်း...
ပိတ်ဆို့ထားသောလမ်းများ...

သို့သော်လည်း
မည်သူမျှ အနိုင်မယူနိုင်သည့်
ဖြူစင်သော နှလုံးသားများ...
မည်သို့သော သေနတ်ကမျှ
ပစ်ခတ်မရနိုင်သော ယုံကြည်မှုများ...
မည်သို့သော ဓါးကမျှ
မဖြတ်ရှနိုင်သော စိတ်ဓါတ်များ...
ဤအရာများကလည်း
ငါတို့နိုင်ငံမှာ နေရာတကာ...

ခုပဲကြည့်လိုက်ပါ့...
အသတ်ခံရတဲ့နေ့ကိုပဲ
ငါတို့တွေ ပြန်မွေးခဲ့ကြတယ်...
ဥသြသံတွေ မကြားရတဲ့နေ့မှာ
ဥသြသံတွေကို ငါတို့ဆွဲလိုက်ကြတယ်...
အရှည်လျားဆုံးပေါ့...

ငါတို့ရင်ထဲမှာ...
ငါတို့ရဲ့ စာမျက်နှာတွေပေါ်မှာ...
အပြောကျယ်တဲ့ လယ်ကွင်းပြင်တွေမှာ...
နိုင်ငံတကာရဲ့ သတင်းတွေမှာ...
အလင်း ဖန်မျှင်တွေရဲ့ အဆုံးအစ မရှိမှုထဲမှာ...
ဒဗလျူသုံးလုံးနဲ့အင်တာနက်မှာ...
အီးမေးလ်နဲ့ ချက်တင်းတွေထဲမှာ...
ဘလော့ဂင်းနေကြတဲ့ စာမျက်နှာတွေပေါ်မှာ...
ဥသြသံတွေ ကြားနေရပါပြီ...

ကဲ... လာ...
အာဇာနည်တွေကို အလေးပြုကြပါစို့...

ATN

LINK

ဒါကတော့ နောက်တခုပါ...
အာဇာနည်နေ့မှာ စိတ်အနှောက်အယှက် ဖြစ်ရတာလေးပါ...
သည်မှာ ဖတ်ကြည့်ပါဦး

Jul 18, 2008

အာဇာနည်နေ့မှာ ကျနော် ၀မ်းနည်းပါတယ်ဗျာ

ရေးချင်တာလေးတခု စိတ်ထဲမှာ ပေါ်လာလို့ပါ။ ဘာရယ်လို့တော့လည်း မဟုတ်ပါဘူး။ သူငယ်ချင်း တယောက်က လာပြောနေလို့ပါ။ ခင်ဗျားဗျာ အာဇာနည်နေ့မှာ ဘာပို့စ်မှလည်း မတင်ဘူး၊ ဘာမှလည်း မရေးဘူး-လို့ ပြောလာလို့ပါ။ ဒီကြားထဲ သူငယ်ချင်း တယောက်ကလည်း - ဒီနေ့ အာဇာနည်နေ့လေဗျာ။ လေးစားတဲ့ အနေနဲ့ ဂျီတော့ခ်က ပုံကို ပြောင်းပါ- လို့ ပြောလာတယ်။ သူ့တို့ ပြောတာတွေ အားလုံးကို ကျနော် ဘာမှ ပြန်မပြောဖြစ်ခဲ့ပါဘူး။ သူတို့ ပြောစရာ ဖြစ်အောင်ကလည်း ကျနော်က အာဇာနည်နေ့မှာ ဘာပို့စ်မှ မတင်နိုင်ခဲ့ပါဘူး။ ကျနော့် ဂျီတော့ခ်က ပုံကိုလည်း မပြောင်းခဲ့ပါဘူး။

ဒါပေမယ့် သူတို့ ပြောတာတွေကို နားထောင်ပြီးတော့ (တကယ်ကတော့ ဖတ်ပြီးတော့) ကျနော့် ဘာသာ ကျနော် စဉ်းစားနေမိတယ်။ ကျနော့် ဘလော့က မဆလခေတ်တုန်းက `မြ၀တီ`တို့ `ငွေတာရီ`တို့လိုမျိုး ရေးနေရတော့ မှာလားလို့ပါ။ တန်ခူးလ ဆိုရင် သင်္ကြန် အကြောင်း ကဗျာတပုဒ်၊ ပိတောက် အကြောင်း စာတပုဒ်၊ တန်ခူးလ ဆိုသည်မှာ အစချီပြီး ဆောင်းပါး တပုဒ်။ ကဆုန်လ ရောက်ရင် ညောင်ရေသွန်း ကဗျာတပုဒ်၊ ညောင်ပင် အကြောင်း စာတပုဒ်၊ ကဆုန်လ အကြောင်း ဆောင်းပါး တပုဒ်။ ဒီလိုနဲ့ ၁၂ ရာသီအတွက် ကျနော့်ဘလော့ပေါ်မှာ ရာသီစာတွေ ရေးနေရတော့ မှာလားလို့ပါ။

ဒါနဲ့ပဲ ကျနော်တို့ရဲ့ ဘလော်ဂိုစဖီးယားထဲ လှည့်လည် သွားလာကြည့်သေးတယ်။ အာဇာနည်နေ့အကြောင်း ရေးတဲ့သူလည်း ရေး၊ မရေးတဲ့သူလည်း မရေး။ မရေးတဲ့ သူတွေထဲမှာ နံမည်ကြီး ဘလော်ဂါတွေလည်း ပါပါတယ်။ မရေးတဲ့သူတွေက အာဇာနည်နေ့ အကြောင်းကို မရေးတဲ့ အကြောင်းတွေ ရှိမှာပါ။ ဥပမာ- ခရီးလွန်နေလို့။ အချိန်မရလို့။ မအားလို့ စသည်ဖြင့်။

နောက်တခု ဘလော်ဂါတွေရဲ့ ဂျီတော့ခ်ပေါ်က ပုံတွေကို ပြောင်းသလား မပြောင်းသလားကတော့ ကျနော်လည်း မသိပါဘူး။ ကျနော်နဲ့ ပြောနေနေကျ ဘလော်ဂါ ရောင်းရင်းတွေကတော့ ပုံတွေ မပြောင်းထားကြပါဘူး။ ကျနော့်မှာလည်း ကျနော် ကြိုက်တဲ့ ပုံ ၂ ပုံပဲ ရှိပါတယ်။ ရှဥ့်ကလေး တကောင် ပုံနဲ့၊ Avatar က ဂစ်တာပုံကလေး တပုံ။ ကျနော် နောက်ဆုံး ပြောင်းခဲ့တာက အဲဒီ ဂစ်တာနဲ့ ပုံကလေးပါ။

ဒါနဲ့ ကျနော်လည်း ဆက်စဉ်းစားမိနေသေးတယ်။

အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပို့စ်တခုခု မတင်တာနဲ့၊ ဂျီတော့ခ်က ပုံကို မပြောင်းတာနဲ့ `အောင်သာငယ်` တယောက်ကတော့ အာဇာနည်နေ့ကို မလေးစားဘူး၊ အသိအမှတ်မပြုဘူးလို့ အဓိပ္ပါယ် ကောက်လို့ရမယ်ဆိုရင်၊

သို့မဟုတ်

ဘယ်ဘလော်ဂါပဲဖြစ်ဖြစ် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပို့စ်တခုခု တင်ရင်၊ ဒါမှမဟုတ် သူတို့ ဂျီတော့ခ်က ပုံကို ပြောင်းလိုက်ရင် သူတို့ဟာ အာဇာနည်နေ့ကို လေးစားတယ်၊ အသိအမှတ်ပြုတယ်လို့ အဓိပ္ပါယ် ကောက်လို့ရမယ်ဆိုရင်။

တခုခုတော့ မှားနေပြီလို့ ကျနော် ထင်ပါတယ်။

စာတွေကိုတော့ လူတိုင်းဖတ်လို့ ရပါတယ်။ ဘလော့ပေါ်မှာ ဖြစ်ဖြစ်။ အီးမေးလ်ထဲမှာဖြစ်ဖြစ်။ ဂျီချက်ပေါ်မှာ ဖြစ်ဖြစ်။ စာအုပ်တခုပေါ်မှာ ဖြစ်ဖြစ်။ ဗမာလိုဖြစ်ဖြစ်၊ အင်္ဂလိပ်လိုဖြစ်ဖြစ်။

ဒါပေမယ့် ရင်ဘတ်ထဲမှာ ဘာရှိနေတယ်ဆိုတာ ရင်ဘတ်ရှိတဲ့သူတွေချင်းပဲ ဖတ်နိုင်ကြတာပါ။

`အောင်သာငယ့်`ရင်ဘတ်ထဲမှာ ဘာရှိတယ်ဆိုတာ အာဇာနည်နေ့မှာ ပို့စ်တခု မတင်တာနဲ့၊ အာဇာနည်နေ့မှာ ဂျီတော့ခ်က ပုံကို မပြောင်းတာနဲ့ အဆုံးအဖြတ်ပေးမယ်ဆိုရင်-

ကျနော် `အောင်သာငယ်`အနေနဲ့ - ၀မ်းနည်းပါတယ်ဗျာ-လို့ကလွဲရင် -----

ဘာပဲဖြစ်ဖြစ်လေ ဒီပို့စ်ကလည်း အာဇာနည်နေ့နဲ့ ပတ်သက်နေတဲ့ ပို့စ်တခု ဖြစ်သွားပြီပေါ့ မဟုတ်ဘူးလား။

ATN

Jul 17, 2010

သူသည် ၂၄ နှစ်သား လူငယ် တယောက်သာ ဖြစ်ပါသည်


















ယနေ့ မနက်တော့ မိုးမလင်းခင်မှာပဲ သူ နိုးလာသည်။ ခြေရင်းမှာ ထားထားသော ဆိုနီအမှတ်တံဆိပ် ဒစ်ဂျစ်တယ် နာရီကို အမှောင်ထဲမှာ လှမ်းကြည့်လိုက်တော့ အစိမ်းရောင် နံပတ်များက မနက် ၃ နာရီ ၅၅ မိနစ်ကို ဖော်ပြနေသည်။ "အင်း... အစောကြီး ရှိသေးတာပဲ... " သူ့ဘာသာတွေးရင်း ကိုယ်ပေါ်မှ စောင်ကို ခွာကာ အိပ်ယာမှ ထလိုက်သည်။ ခေါင်းရင်းမှ မီးခလုပ်ကို မဖွင့်ပဲ အိပ်ခန်း တံခါးကို အမှောင်ထဲမှာ ဖွင့်ကာ သူ ထွက်လာသည်။ ရေချိုးခန်းထဲ ရောက်တော့မှသာ နံရံက မီးခလုပ်ကို စမ်းကာ သူ ဖွင့်လိုက်သည်။ ၀ပ်-တရာ-အား ရှိသော အဖြူရောင် မီးသီး ၄ လုံးက အမှောင်နှင့် သဟဇာတ ဖြစ်နေသော သူ့မျက်လုံးများကို ရုတ်တရက် ကျိန်းစပ်သွားစေလေတော့သည်။ ( ... အမှောင်ထဲမှာ အနေကြာလာသည့်အခါ မျက်လုံးများက အလင်းကို ကျင့်သားမရပါ...  × စကားချပ်...) မျက်မှောင်ကို ကြုပ်ထားလိုက်ရင်းက လျှပ်စစ်မီး၏ အလင်းစများကို တဖြည်းဖြည်းချင်း သူ့မျက်လုံးထဲကို သွင်းယူလိုက်ရသည်။ မျက်မှောင် ကြုပ်ထားဆဲမှာပင် လက်ဆေးကန် ရှေ့က မှန်ထဲမှာ သူ့ကိုယ်သူ မြင်လိုက်ရသည်။ သူ့မျက်မှန် ပါမလာပေမင့် မျက်မှောင်ကြုပ်ထားသည့်ကြားက ၀ိုးတ၀ါး မြင်နေရသည့် သူ့မျက်နှာသည် အတော့ကို အိုစာနေလေပြီ။ ပါးရိုးတွေ ကျပြီး နားထင် နှစ်ဖက်က ချိုင့်ခွက်ဝင်နေသည်ကို သူ  မြင်နေရသည်။ ခုသည် နှစ်လ အတွင်းမှာ သူ အတော် ပိန်ကျသွားပုံရသည်။ မှန်ထဲတွင် မြင်နေရသည့် သူ့မျက်နှာက ဤအချက်ကို သက်သေပြနေသည်။ လွန်ခဲ့သော ၂၂ နှစ်က အိမ်ကို သူ ကျောခိုင်း ထွက်ခွာလာခါစ ကာလတုန်းကလို မျက်နှာမျိုး မဟုတ်တော့တာ သေချာနေသည်လေ။ လွန်ခဲ့သော ၂၂ နှစ်က ရှိခဲ့ဖူးသော မျက်လုံး တစုံကို လွန်ခဲ့သော ၂၂ နှစ်တုန်းက အိမ်ကို ကျောခိုင်းထွက်ခွာခဲ့သော မျက်နှာ တခုပေါ်မှာ သူ ပြန်မတွေ့ရတော့။ အပြာရောင် မသမ်းသည့်တိုင် အနီရောင်လည်း မသမ်းခဲ့သော ထို အဖြူရောင် မျက်လုံးများ သူ့မှာ မရှိတော့ပါ။ ခုတော့ သူ့မျက်လုံးများက အနီရောင်သမ်း-လို့... ။ သူ့ မျက်လုံးများ အောက်မှာ ဘယ် အချိန်ကမှန်း မသိ ရောက်လာနေသည့် မျက်ရစ် ၂ ခုကလည်း ဇရာကို ခြံဝင်း ခတ်ပြထားသလိုမျိုး... ။ ထို မျက်ရစ် ၂ ခုအောက်မှ ပါးရိုး ပေါ်မှာလည်း သွေ့ခြောက် ကြမ်းတမ်း လာနေသော အရေပြား တချို့က... သိသိသာသာ ဇရာကို အချက်ပြလျှက်... ။ သူ့ နဖူးပေါ်မှ အရေပြား အတွန့် ၂ ကြောင်းကလည်း ဇရာကို မောင်းခတ် ကြေငြာနေလေသည်လား... ။ သူ့ နဖူးအစပ်မှာ မြင်နေရသော ဆံပင်ဖြူ တချို့ကလည်း ဆံမည်းတွေကြားထဲမှာ ကျိုးတို့ကျဲတဲ... ဒါ... ဇရာ-ပဲကွ လို့ အလံထူပြနေသလိုမျိုး... " အိုး... ဘာပဲဖြစ်ဖြစ်... ငါ... ဟာ...၂၄ နှစ်ပဲ ရှိပါသေးတယ်... ... " သူ့ဘာသာ စိတ်ထဲမှာ ပြောရင်း သွားပွတ်တံပေါ် သွားတိုက်ဆေး တချို့ကို ညှစ်ချလိုက်ရင်း ရေချိုးကန်ထဲသို့ သူ ၀င်လိုက်သည်။ (သူသည် ၂၄ နှစ်သား လူငယ်တယောက်သာ ဖြစ်ပါသည်...)