Jun 13, 2011

လေလွင့်နှလုံးသား၊ ရထားတစင်း၊ နှင်းကျခဲ့သောအရှေ့မြို့ရိုး... (၄)

















အပိုင်း (၃)

မိတ်ဆွေ သူငယ်ချင်း ဆိုသည်မှာ မည်သို့သော အရာနည်း။ မသိပါ။ တယောက်တည်း ရှင်သန်နေနိုင်သူသည် မိတ်ဆွေ သူငယ်ချင်း အဖြစ် တစုံတယောက်ကို လိုအပ်လိမ့်မည်လား။ မသိပါ။ တစုံတယောက်ကို မိတ်ဆွေ သူငယ်ချင်း အဖြစ် လိုအပ်နေသူသည် တယောက်တည်း မရှင်သန်နိုင်နေသူလား။ မသိပါ။ အထီးကျန်နေသူ တယောက်သည် မိတ်ဆွေသူငယ်ချင်းတယောက်ယောက် ရှိကိုရှိရလိမ့်မည်လား။ မသိပါ။ လောလောဆယ်ဆယ် မိတ်ဆွေ သူငယ်ချင်း တစုံတဦးမျှ မရှိသူသည် အထီးကျန်နေသူလား။ မသိပါ။ တယောက်တည်း မရှင်သန်နိုင်သူသည် အထီးကျန်နေသူ တယောက်ဖြစ်မည်ထင်သည်။ မသေချာပါ။ အထီးကျန်မှုကို ခံစားနေရသူသည် သူ့ပတ်ဝန်းကျင်ထဲသို့ မည်သို့သော မက်ဆေ့များကို လွှင့်ထုတ်မည်လဲ။ မသိပါ။ တယောက်တည်း မရှင်သန်နိုင်ကြောင်း၊ မိတ်ဆွေ သူငယ်ချင်း တစုံတဦးကို လိုအပ်နေကြောင်း သတင်းပို့ချက်များ လွင့်ပြန့်နေမည်လား။ မသေချာပါ။ မိတ်ဆွေ သူငယ်ချင်းအဖြစ် တစုံတဦးကို ရရှိနေသည့်အခါ အထီးကျန်မှုများ သေဆုံး ပျောက်ကွယ် သွားလိမ့်မည်လား။ မသိပါ။ သေချာသိသည်မှာ မိတ်ဆွေ သူငယ်ချင်းများစွာ မရှိခဲ့ခြင်းသော အဖြစ်ကိုသာ ၀တ်ရုံတခုလို ခြုံခဲ့ဖူးသော အတိတ်ကာလသည် ကျန်ရစ်ခဲ့ပြီ။ သေချာသိသည်မှာ မိတ်ဆွေ သူငယ်ချင်း တစုံတဦးမျှ မရှိသော ဘ၀မှာ ရင်ထဲမှ ရှိသမျှသော ခံစားချက်များ ဝေဒနာများကို လွှင့်ထုတ် ဖြန့်ကျဲပစ်လိုက်ဖို့ရာ စကားပြောစရာ ရင်ဖွင့်စရာအဖြစ် ဘလော့ တလုံးကို တည်ဆောက်မိခြင်းသာ ဖြစ်သည် မဟုတ်လား။ သေချာပါသည်။ တယောက်တည်း ရှင်သန် မနေနိုင်သူသည် အထီးကျန်နေသူ ဖြစ်သည်။ အထီးကျန်နေသူများသည် ဘလော့ တလုံးလောက်တော့ အနည်းဆုံး ပိုင်ဆိုင်ကြသည်။ မဟုတ်လား။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း(၃) အစ

- (မေ)ပါ အကို... နေကောင်းလား... -
- ဟုတ်ကဲ့... ကောင်းပါတယ်... မမေရော နေကောင်းလား... -
- ဟုတ်ကဲ့ အကို... မေ-လို့ပဲ ခေါ်ပါနော်... ညီမက အကို့ထက် အများကြီးငယ်ပါတယ်... ၁၉၇၄ မှ မွေးတာဆိုတော့ အကို့ထက် ၁၀ နှစ် ငယ်ပါတယ်... -
- အင်း... ဟုတ်ပါပြီ... -
- မေ-က မကာအိုမှာပါ အကို... -
- သြော်... ဟုတ်လား... ကျနော်က စလုံးလား- ဟောင်ကောင်လား- ထိုင်ဝမ်လား - တခုခုပဲ ထင်နေမိတာ... ကျနော် ထင်ရင် လွဲတာချည့်...း( ....
-း) .... အင်းလေ... မေ-ရေးတဲ့ စာတွေ ဖတ်မိရင် အဲလိုပဲ ထင်မှာပေါ့... အကို့စာတွေ ဖတ်ရင်တော့ အမေရိကမှာမှန်း တန်းသိတာပဲ... အကိုက ပေါ်တင်တွေ ရေးတင်နေတာကိုး... -
- အင်း မသိတော့ပါဘူးဗျာ... -
- အကို့ စာတွေ ကဗျာတွေကို မေ- အတော် နှစ်သက်တယ် အကို... -
- ကျေးဇူးပါ ဗျာ... နောက်မှ တွေ့မယ်ဗျာ... ကျနော် သွားစရာ တခုရှိသေးလို့... -
- ဟုတ်... -
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း(၃) အလယ်

- အကို နေကောင်းလား... -
- ကောင်းပါ့... အဲမှာ ည သန်းခေါင်ကျော်နေပြီ မဟုတ်လား... မအိပ်သေးဘူးလား မေ... -
- အိပ်တော့မလို့ပဲ... ခုတော့ အိပ်သေးဘူး... အကို လိုင်းပေါ်တက်လာတာတွေ့လို့ လှမ်းခေါ်လိုက်တာ... အကိုနဲ့ စကားပြောရတာ စိတ်ချမ်းသာတယ်... -
- အဲ... ဘိုဖြစ်လို့လဲ... စိတ်ချမ်းသာအောင် ဘာမှလည်း မပြောမိပါဘူး... -
- မဟုတ်ဘူးလေ... မေ-က သည်မှာ ကြုံတွေ့နေရတာတွေကို ပြောပြရမယ့်သူက မရှိတော့ ပြီးတော့ အွန်လိုင်းမှာ ခင်တဲ့ ဘလော်ဂါဆိုတာကလည်း အကို တယောက်ပဲ ရှိတော့ အကို့ကိုပဲ ပြောပြနေမိတာ... အကိုက စိတ်ရှည်လက်ရှည် နားထောင်ပေးတယ်... ပြီးတော့ မေ- စိတ်ဓါတ်ကျတဲ့အခါ အားလည်း ပေးတတ်တယ်... မေ- စိတ်ညစ်နေတဲ့အခါ ရီစရာတွေ ပြောပြီး မေ့-ကို ပျော်အောင် လုပ်တတ်တာ ဆိုတော့ အကိုနဲ့ စကား ပြောရရင် စိတ်ချမ်းသာတယ်..-
- အင်းလေ... အကို ခုလို ကြားရတာ ၀မ်းသာပါတယ်... မိတ်ဆွေ သူငယ်ချင်းတွေ ဆိုတာ တယောက်ကို တယောက် အားပေးရမှာပေါ့ မဟုတ်ဘူးလား... -
- ဟုတ်တယ်လေ... ဒါကြောင့်လည်း အကို စိတ်ဓါတ်ကျနေတယ် ထင်တဲ့အခါ အကို့ကို မေ့ အချိန်တွေပေးပြီး အနားမှာ စကား လာပြောပေးနေတာ အကို မသိဘူးလား... -
- အင်း... သိပါတယ်... အဲ အတွက်လည်း ကျေးဇူးပါ မေ... -
- ကျေးဇူးတင်စရာ မလိုပါဘူး အကို... အဲဒါကမှ သူစိမ်းဆန်တာ... -
- အယ်.. အဲလိုတော့ မဟုတ်ပါဘူး... ဒါပေမယ့် အကိုနဲ့ မေနဲ့က စကားတွေ အများကြီး ပြောဖူးတယ်... ဖုန်းနဲ့ တခါတလေ စကား ပြောဖူးတယ်... ဓါတ်ပုံတွေ အပြန်အလှန် ပို့ဖူး မြင်ဖူးတယ်... ဗီဒီယိုချက် ၂ ခုမှာ တယောက်ကို တယောက် စက္ကန့် ၂၀ စီလောက် တွေ့ဖူးတယ်... လူချင်းကတော့ တခါမှ မတွေ့ဖူးတော့ အလွန်ရင်းနှီးသောသူစိမ်းတွေပဲ မဟုတ်လား... ဒါကြောင့် ကျေးဇူးတင်တယ် ပြောတာ... -
- ဟမ်... ဘယ်လို ပြောလိုက်တယ် အကို...  အလွန်ရင်းနှီးသောသူစိမ်း ဟုတ်လား... အကို့ကို တော်တော် အမြင်ကပ်နေပြီနော်... -
- မဟုတ်လို့လား... ကပ်ချင်လည်း ကပ်ပေါ့... -
- ကပ်တယ် ကပ်မယ်...ဒါပေမယ့် သူစိမ်း-ဆိုတာကြီးကို အကို ဖြုတ်ပေးပါ... အလွန်ရင်းနှီးသော-ဆိုတာကိုပဲ ချန်ထားပါ... ဒါပဲ... -
- အား... ရာဇသံ-လား... အမိန့်-လား... -
- တခုမှ မဟုတ်ဘူး... အကို့ကို မေ- တောင်းခံနေတာပါ... -
- အလိုဗျာ... ပေးစရာ ပိုက်ပိုက် တပြားမှ မရှိဘူး... -
- အကိုနော်... လျှောက်နောက်မနေနဲ့... မေ-က အတည် ပြောနေတာ... မေ့-ကို ၀မ်းနည်းအောင် မလုပ်နဲ့..-
- အာ... ဘာလုပ်လို့လဲ... ပျော်အောင် စနေတာကို... -
- သူစိမ်း မဖြစ်အောင် မေ-လုပ်ရတော့မှာပေါ့... -
- အမ်... ဘာလဲ.. -
- အကို့ကို မေ-ချစ်တယ်... အလွန်ရင်းနှီးချင်တယ်... သူစိမ်းမဖြစ်ချင်ဘူး... ဒါပဲ... သွားပြီ... သူစိမ်းဖြစ်ချင်ရင် နောက် ဘယ်တော့မှ စကားလာမပြောနဲ့တော့... -
- ဟယ်... -
May did not receive your chat.

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၃) အဆုံး

Love is a language spoken by everyone, but understood only by a heart.
~ Shirley Rindani ~

မိတ်ဆွေ အပေါင်းအသင်း ဖြစ်သွားကြတာတွေ... စိတ်အနေပြောင်းရင်း ချစ်သွားကြတာတွေ... ဒါတွေ တကယ်တော့ မဆန်းပေ... သည်လို အဖြစ်မျိုးထဲမှာ... ချစ်ကျိုးနည်းရမှာလားလေ... တက္ကသိုလ်ကျောင်းက ငွေလမင်းရေ... ဘယ်ကမ္ဘာသွား... ဘယ်မှာများ သာနေပလဲလေ...

သီချင်း အချို့သည် စိတ်ကို တက်ကြွလာစေသည်။ ဥပမာ - စစ်ချီသီချင်းများ၊ ကြိုးကြာသံ- ကဲ့သို့သော ဘ၀အားမာန်ကို ဖွဲ့ဆိုသော သီချင်းများ။ သီချင်းအချို့သည် ပျော်ရွှင်စရာ ကောင်းသည်၊ ထကချင်စရာ   ကောင်းသည်။ ဥပမာ... ဒိုးကလေး နှင့် နပမ်းဆံ -ကဲ့သို့သော သီချင်းများ။ သီချင်းအချို့သည် ချစ်ခင်မြတ်နိုးစရာ ကောင်းသည်။ ဥပမာ - ဇော်ဝမ်း-ဆိုခဲ့သော ကြယ်ကလေး သီချင်းမျိုး။ သီချင်း အချို့သည် ၀မ်းနည်းစရာ ကောင်းသည်။ ဥပမာ - နောက်ဆုံးအိပ်မက်-ကဲ့သို့သော သီချင်းမျိုး။ သီချင်း အချို့သည်   ကြေကွဲစရာ ကောင်းသည်။ ဥပမာ - မုန်းရစ်လေဦး။ သီချင်းများကို    နှစ်သက်သူတိုင်း ပျော်ရွှင်စရာ သီချင်းများကိုသာ သီဆို နားဆင်လိုကြမည်သာ။ သို့သော်လည်း ဘ၀သည် ပျော်ရွှင်စရာ သီချင်းများကို ခံစား သီဆို နားဆင် ပြီးသွားသော အခါ ၀မ်းနည်း ကြေကွဲစရာ သီချင်းများကို နာကျင် သီဆို နားဆင်နေရသည့် ဖြစ်စဉ်ကြီးတခု မဟုတ်လား။ မိတ်ဆွေ သူငယ်ချင်းများကို ရရှိပြီးမှ မိတ်ဆွေ သူငယ်ချင်း အဖြစ်မှ ဆုံးရှုံးရသည့် အဖြစ်ကိုလည်း မလိုချင်။ ချစ်ပြီးမှ မုန်း-အဆုံးသပ်ကိုလည်း မလိုချင်။ ကြေကွဲစရာ သီချင်းများကိုလည်း နားမဆင်ချင်ပါ။
----------------------------------------------------------------------------------
မုန်းလျင် အပြစ်... ချစ်လျင် အကျိုး... မြတ်နိုးတော့ သဒ္ဓါ... အိပ်မက် သံသရာမှ နိုးထစေချင်သည်... ဖြိုးဖျ ရွှေရင် ဘ၀င်သိမ့်သိမ့် ငြိမ့်ငြိမ့်ရည်... ကျမတို့ ငယ်ငယ် အမိရယ် အဖရယ် ဘ၀၀ယ် စုံစုံညီ... ချစ်သဒ္ဓါလောင်း လှစ်ကာပြောင်း... ချစ်ကြောင်း ကုန်စင်သည်... ချစ်ကြောင်း ကုန်စင်သည်... တမိတ၀မ်း ချမ်းမြလျှမ်းပ... ဘယ်သူ့မှ မမျှမဝေ... ရလေ လိုလေ... ချစ်ခဲ့မိပါသည်...


သစ္စာအမြဲ မရမနေအထိသာ... မေတ္တာအသည်း မျှဝေကြည့်ကာ.. သိရတာ စာနာပြီ... သနစ်ဇာတ်နမူ စုံလျှင် မမေ့ပြီ... အချစ်-ငတ်သူတွေ တပုံတပင် တွေ့ရပါပြီ... ချစ်တတ်သူ အဆွေ... ဘ၀င် ဟာဒယထဲ... အသည်းတွေ ခွဲဝေ... ပေးနိုင်ရပါမည်... မေတ္တာ ယူတော့... မေတ္တာပေး... တေး အဓိပ္ပါယ် အသွယ်သွယ် ထူးတလီ... ကျေးဇူး တင်ရပါလေမည်...


ကျေးဇူးသခင် အရှင်များပြား... ဝေးကွာငြားလည်း အသည်းက မေတ္တာ အခါခါရည်... မောင်လေး-ညီမလေးများကိုဖြင့်... ခွန်းဆင့်ကဗျာ... မှာပါမည်... ကျနော်တို့-ကျမတို့သည်... ကျနော်တို့-ကျမတို့သည်... ချစ်လေသူကို... ချစ်လေသူကို... ကိုယ်က တဖန် ပြန်လည် ချစ်တတ်ကြပါစေအတည်... ဘ၀တေးဆိုလျင်... ခဏကလေး မဆိုချင်... ကျော့ကျော့လွင်လှ... အသွင် လှပါစေမည်... သို့သော်လည်း... မုန်းတေးတခါ ကျော့လျင်... ချစ်တေး တရာ နှစ်ရာ သုံးရာ လေးရာ... အခါခါ ကျော့စေချင်ပါသည်... အခါခါ ကျော့စေချင်ပါသည်...

(ဆက်လက်ဖော်ပြပါမည်)

No comments: