Jun 5, 2011

လေလွင့်နှလုံးသား၊ ရထားတစင်း၊ နှင်းကျခဲ့သောအရှေ့မြို့ရိုး... (၃)
















အပိုင်း (၂)

နားလည်မှု ဆိုသည်မှာ မည်သို့သော အရာနည်း။ မသိပါ။ လူ တယောက်တည်း ရှိနေသည့်အခါ နားလည်မှုကို မလိုပါ။ ၂ ယောက်နှင့် ၂ ယောက်အထက် ရှိမှသာ လိုအပ်လာသည့် အရာဟု ထင်သည်။ ထိုအရာသည် မည်သို့နည်း။ မသိပါ။ တယောက်တည်း ရှိနေသည့်အခါ ထိုအရာကို မလိုအပ်သည်ကိုသာ သိသည်။ သို့သော်လည်း တယောက်တည်း ရှိမနေသည့်အခါ ထိုအရာကို လိုအပ်လာနေသည်ကိုလည်း သိလေသည်။ နားလည်မှု ဆိုသော ထိုအရာသည် မည်သည့်အရာနည်း။ အပေး အယူလား။ တဖက်သပ်ပေးခြင်းလား၊ တဖက်သပ် ယူခြင်းလား။ အပြန်အလှန်လား။ Give & take လား။ သို့တည်း မဟုတ် တခြား တစုံတရာရာလား။ နားလည်မှုသည် လူ ၂ ယောက် ရှိသည့် အခါ လိုအပ်သည်ကိုတော့ သိနေသည်။ တယောက်တည်း မဟုတ်။ ၂ ယောက်။ သည်အခါ နားလည်မှုဆိုသည့် စကားလုံးက ရှေ့မှောက်သို့ ရောက်ကို လာတော့သည်။ ခက်တော့လည်း ခက်သည်။ နားလည်မှုကိုပင် နားလည်မှုပေးနေရသည်ကို ခက်ခဲနေသည့်အခါ... နားလည်မှုဆိုသည်မှာ နားမလည်မှု တခုပင် ဖြစ်နေလေတော့မည်လား မသိ။ ကိုယ်တိုင် နားမလည်မှုများကို နားလည်နိုင်လျှင် နားလည်မှုကို နားလည်နိုင်လိမ့်မည်လား။ မသိပါ။ ယခုလောလောဆယ်တော့ နားလည်မှုသည် ယူဇနာ တသိန်းကျော် အကွာမှာ ရှိနေသည်ဟု နားမလည်နိုင်စွာ နားလည်နေမိခြင်းသည်ပင်လျှင် နားလည်မှု၏ နိဒါန်းအစလားဟူသော အမေးကိုလည်း နားမလည်နိုင်တော့ပြီ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၂) အစ

- နေစမ်းပါဦး... အဲကောင်မက နင့်ကို နေ့တိုင်း နှုတ်ဆက်နေရတာ ဘာကြောင့်လဲ... -
- ဟ... ငါဘယ်သိမလဲ... နင်သိချင်ရင် သူ့သွားမေးပေါ့... -
- နေ့တိုင်း ငါ စောင့်ကြည့်နေတယ်... Good Morning လုပ်ရတာနဲ့... How are you လုပ်ရတာနဲ့... -
- အဲတာ ဘာဖြစ်သလဲ... အဲကောင်မမှ မဟုတ်... ဟိုး customer service က အချောက်ကလည်း အဲလိုပဲ ပြောတာပဲ မဟုတ်လား... ပြီးတော့ Meat Department က အဖိုးကြီးကလည်း နေ့တိုင်း အဲလိုပဲ ပြောတာပဲ... -
- အေး... အဲတာကိုပဲ ပြောမလို့... အဲ အချောက်ပဲ ပြောပြော... အဖိုးကြီးပဲ ပြောပြော... ဘာမှ မဖြစ်ဘူး... အဲကောင်မ ပြောလိုက်ရင် နင့်မှာ... မနေတတ် မထိုင်တတ်နဲ့... ဘာဖြစ်တာလဲ... -
- ဘာဖြစ်လဲ ဆိုတော့... ရှင်းရှင်းလေးပဲလေ... နင်က ငါ့ကို အဲကောင်မနဲ့ ပြဿနာရှာနေတာကိုး... အဲတော့ သူ နှုတ်ဆက်ရင် ငါ့မှာ နင့်မျက်နှာကို ကြည့်ရတော့တာပေါ့... နားမလည်ဘူးလား... -
- အော... နားလည်လို့... ပြောနေတာပေါ့... နင့်ဘာသာ ရိုးသားရင်... ဘာမှ ဖြစ်နေစရာမလိုဘူး... -
- ငါ့ဘာသာ ရိုးသားတယ်... ဘာမှ မဖြစ်ဘူး... နင့် စွပ်စွဲချက်တွေ... ပြဿနာလုပ်တာတွေနဲ့သာ... ငါ့မှာ ခြောက်ခြားနေရတာ... -
- ရှင်းရှင်းလေးပဲ... နင်သာ ရိုးသားရင် ဘာမှ ခြောက်ခြားနေစရာ မလိုဘူး... မရိုးသားလို့ ခြောက်ခြားနေတာပေါ့... -
- ဟား... ပြောလေ ဆိုးလေပါလား.... နင့်မှာ နားလည်မှု ဆိုတာရော ရှိသေးလို့လား... -
- ငါက နင့်ကို ဘာနားလည်ပေးရဦးမလဲ... အဲကောင်မ လာတော့မယ့် ၉ နာရီ ထိုးကာနီးရင်... နင် မနေတတ် မထိုင်တတ်တွေ ဖြစ်နေပြီ... ဟိုဟာ ကိုင်သလိုလို သည်ဟာ ကိုင်သလိုလို... -
- နင် ငါ့ကို မစွပ်စွဲနဲ့... နင်ထင်တာတွေကို နင်ပြောပြီး အမှန်တရား မလုပ်နဲ့... -
- ငါ စွပ်စွဲတာ မဟုတ်ဘူး... နင်ကိုက အဲသလို ဖြစ်နေတာ... -
- နင် အဲသလို ထင်နေတော့... ဒါက နားလည်မှု လွဲနေတာပဲ... ငါက အဲသလိုမှ မဟုတ်တာ... အဲကောင်မကို ငါ့မှာ ဘာစိတ်မှလည်း မရှိဘူး... ဒါမယ့် နင် ငါ့ကို သူနဲ့ စွပ်စွဲနေတော့... အဲကောင်မ အလုပ် ၀င်ကာနီးဆို နင်ငါ့ကို ကြည့်တဲ့ အကြည့်တွေကို ငါ မခံနိုင်ဘူး... I am innocent. But I feel your fault finding look. အဲသည် အကြည့်တွေကို ငါ မခံနိုင်ဘူး... I feel nervous, OK! -
- နင့်မှာ အပြစ် မရှိရင် နင့်ဘာသာ သည်အတိုင်းနေပေါ့... ခုတော့ အဲကောင်မလာပြီဆို နင့်မှာ ပြာနေတာပဲ... အဲဒါကိုလည်း ငါ နားမလည်ဘူး... -
- ကဲ... အဲဒါဆိုလည်း ပြောရဦးမယ်... အဲကောင်မနဲ့ နင်ပြောသလို ဇာတ်လမ်း လုပ်ရအောင်... ဘယ်မှာလဲ... ငါ့ အချိန်... မနက် ၈ နာရီ ငါ လာတယ် အလုပ်ကို တက်သုတ်ရိုက်ပြီး လုပ်ရတာ... နေ့လည် ၁၂ နာရီ ထိုးရင် နောက်တနေရာကိုသွား... နေ့လည် ၂ နာရီကျတော့ သည်ကို ပြန်လာ... လုပ်စရာရှိတာတွေ လုပ်...ညနေ ၅ နာရီဆို အိမ်ပြန်ရောက်နေပြီ... အဲကောင်မက မနက် ၉ နာရီမှ အလုပ်ဝင်တာ နောက်ထပ် ၉ နာရီ ပေါင်း ၁၈ နာရီ... ၁၈ - ၁၂ = ညနေ ၆ နာရီ.... ကဲ စဉ်းစားကြည့်လိုက်ဦး... သူ့ အလုပ်ချိန် ထဲမှာ သူက ဘယ်ကို သွားလို့ ရလို့လဲ... သူ့ အလုပ်ချိန်ပြီးတော့ ညနေ ၆ နာရီ ... ငါက အိမ်ပြန်ရောက်နေပြီ... နင် စွပ်စွဲသလို အဲကောင်မနဲ့ ငါက ဘယ်နားမှာ ဘယ်အချိန်မှာ သွားကျူနေရမလဲ... -
- နင်တို့ မျက်လုံးချင်း flirting လုပ်နေတာကြတော့ ဘာပြောမလဲ... ဟမ်... -
- အား... ငါ စိတ်တိုလာပြီ... -
- ငါ့ မျက်စေ့နဲ့ကို တပ်အပ်မြင်တာ... ဟဲ... လို... ... ဂွ...ဒ်... မောနင်း... အော်ဂတ်စတင်း... မျက်လုံးလေးကလည်း စင်းလို့... -
- အား.... -
- မောနင်း... ရီနေး... ဆိုတဲ့ နင့် အသံကလည်း ငါ မပြောလိုက်ချင်ဘူး... -
- ဒါက နင် သက်သက် စွပ်စွဲနေတာချည့်ကို... -
- ငါလည်း မျက်လုံးတွေကို ဖတ်တတ်ပါတယ်... နင်တို့ မျက်လုံးတွေကို ငါသိတာပေါ့... -
- မဟုတ်သေးဘူး... ဒါဟာ... နားလည်မှု လွဲတာ သက်သက်ပဲ... နင် နားလည်မှု လွဲနေတာ...-
- မလွဲဘူး... နင်တို့ မျက်လုံးတွေထဲက အဓိပ္ပါယ်တွေကို ငါက သိပ်ကို နားလည်တယ်... -
- ဟား... ခက်တော့ နေပြီ... -
- မခက်ဘူး... နင် ယောကျာ်း မဟုတ်လား... ၀န်ခံလိုက်... -
- အေး... ဟုတ်တယ်... ဟေ့... ရီနေးကို ငါ ယူမယ်... နင့်ကို ငါ ကွာမယ်... ဟုတ်ပြီလား... -
- ငါလည်း ကွာမယ်... -
- ကွာ ကွာ... -

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၂) အဆုံး

အစိပ်စိပ်အမွှာမွှာ အဆုတ်ဖြဲခံလိုက်ရသော စာရွက်တရွက်သည် လက်ထပ် စာချုပ် ဖြစ်လေသည်။ ဘုရားသခင့် ရှေ့မှာ ရေးထိုးထားသော လက်မှတ် ၂ခုသည် မည်သည့် အဓိပ္ပါယ်ကို ယခုအခါ ဆောင်ယူနေပါသနည်း။ စာရွက်များကို မယုံကြည်သော စိတ်သည် ယခုအခါ ပိုမိုနက်ရှိုင်းသွားသည်သာ အဖတ်တင်လေသည်။ စာအားဖြင့် ချုပ်နှောင်ခဲ့သည်များအား စာရွက် တရွက်အား ဆုတ်ဖြဲလိုက်ရုံမျှဖြင့် အားလုံး အဆုံးသပ်သွားလိမ့်လေမည်လား။ ဘုရားသခင်... ဖြေကြားပါ့... သို့မဟုတ်... ဆုတ်ဖြဲဖူးသူများ ဖြေကြားပါ့...။

(ဆက်လက်ဖော်ပြပါမည်)

No comments: