Jul 18, 2008

အာဇာနည်နေ့မှာ ကျနော် ၀မ်းနည်းပါတယ်ဗျာ


ရေးချင်တာလေးတခု စိတ်ထဲမှာ ပေါ်လာလို့ပါ။ ဘာရယ်လို့တော့လည်း မဟုတ်ပါဘူး။ သူငယ်ချင်း တယောက်က လာပြောနေလို့ပါ။ ခင်ဗျားဗျာ အာဇာနည်နေ့မှာ ဘာပို့စ်မှလည်း မတင်ဘူး၊ ဘာမှလည်း မရေးဘူး-လို့ ပြောလာလို့ပါ။ ဒီကြားထဲ သူငယ်ချင်း တယောက်ကလည်း - ဒီနေ့ အာဇာနည်နေ့လေဗျာ။ လေးစားတဲ့ အနေနဲ့ ဂျီတော့ခ်က ပုံကို ပြောင်းပါ- လို့ ပြောလာတယ်။ သူ့တို့ ပြောတာတွေ အားလုံးကို ကျနော် ဘာမှ ပြန်မပြောဖြစ်ခဲ့ပါဘူး။ သူတို့ ပြောစရာ ဖြစ်အောင်ကလည်း ကျနော်က အာဇာနည်နေ့မှာ ဘာပို့စ်မှ မတင်နိုင်ခဲ့ပါဘူး။ ကျနော့် ဂျီတော့ခ်က ပုံကိုလည်း မပြောင်းခဲ့ပါဘူး။

ဒါပေမယ့် သူတို့ ပြောတာတွေကို နားထောင်ပြီးတော့ (တကယ်ကတော့ ဖတ်ပြီးတော့) ကျနော့် ဘာသာ ကျနော် စဉ်းစားနေမိတယ်။ ကျနော့် ဘလော့က မဆလခေတ်တုန်းက `မြ၀တီ`တို့ `ငွေတာရီ`တို့လိုမျိုး ရေးနေရတော့ မှာလားလို့ပါ။ တန်ခူးလ ဆိုရင် သင်္ကြန် အကြောင်း ကဗျာတပုဒ်၊ ပိတောက် အကြောင်း စာတပုဒ်၊ တန်ခူးလ ဆိုသည်မှာ အစချီပြီး ဆောင်းပါး တပုဒ်။ ကဆုန်လ ရောက်ရင် ညောင်ရေသွန်း ကဗျာတပုဒ်၊ ညောင်ပင် အကြောင်း စာတပုဒ်၊ ကဆုန်လ အကြောင်း ဆောင်းပါး တပုဒ်။ ဒီလိုနဲ့ ၁၂ ရာသီအတွက် ကျနော့်ဘလော့ပေါ်မှာ ရာသီစာတွေ ရေးနေရတော့ မှာလားလို့ပါ။

ဒါနဲ့ပဲ ကျနော်တို့ရဲ့ ဘလော်ဂိုစဖီးယားထဲ လှည့်လည် သွားလာကြည့်သေးတယ်။ အာဇာနည်နေ့အကြောင်း ရေးတဲ့သူလည်း ရေး၊ မရေးတဲ့သူလည်း မရေး။ မရေးတဲ့ သူတွေထဲမှာ နံမည်ကြီး ဘလော်ဂါတွေလည်း ပါပါတယ်။ မရေးတဲ့သူတွေက အာဇာနည်နေ့ အကြောင်းကို မရေးတဲ့ အကြောင်းတွေ ရှိမှာပါ။ ဥပမာ- ခရီးလွန်နေလို့။ အချိန်မရလို့။ မအားလို့ စသည်ဖြင့်။

နောက်တခု ဘလော်ဂါတွေရဲ့ ဂျီတော့ခ်ပေါ်က ပုံတွေကို ပြောင်းသလား မပြောင်းသလားကတော့ ကျနော်လည်း မသိပါဘူး။ ကျနော်နဲ့ ပြောနေနေကျ ဘလော်ဂါ ရောင်းရင်းတွေကတော့ ပုံတွေ မပြောင်းထားကြပါဘူး။ ကျနော့်မှာလည်း ကျနော် ကြိုက်တဲ့ ပုံ ၂ ပုံပဲ ရှိပါတယ်။ ရှဥ့်ကလေး တကောင် ပုံနဲ့၊ Avatar က ဂစ်တာပုံကလေး တပုံ။ ကျနော် နောက်ဆုံး ပြောင်းခဲ့တာက အဲဒီ ဂစ်တာနဲ့ ပုံကလေးပါ။

ဒါနဲ့ ကျနော်လည်း ဆက်စဉ်းစားမိနေသေးတယ်။

အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပို့စ်တခုခု မတင်တာနဲ့၊ ဂျီတော့ခ်က ပုံကို မပြောင်းတာနဲ့ `အောင်သာငယ်` တယောက်ကတော့ အာဇာနည်နေ့ကို မလေးစားဘူး၊ အသိအမှတ်မပြုဘူးလို့ အဓိပ္ပါယ် ကောက်လို့ရမယ်ဆိုရင်၊

သို့မဟုတ်

ဘယ်ဘလော်ဂါပဲဖြစ်ဖြစ် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပို့စ်တခုခု တင်ရင်၊ ဒါမှမဟုတ် သူတို့ ဂျီတော့ခ်က ပုံကို ပြောင်းလိုက်ရင် သူတို့ဟာ အာဇာနည်နေ့ကို လေးစားတယ်၊ အသိအမှတ်ပြုတယ်လို့ အဓိပ္ပါယ် ကောက်လို့ရမယ်ဆိုရင်။

တခုခုတော့ မှားနေပြီလို့ ကျနော် ထင်ပါတယ်။

စာတွေကိုတော့ လူတိုင်းဖတ်လို့ ရပါတယ်။ ဘလော့ပေါ်မှာ ဖြစ်ဖြစ်။ အီးမေးလ်ထဲမှာဖြစ်ဖြစ်။ ဂျီချက်ပေါ်မှာ ဖြစ်ဖြစ်။ စာအုပ်တခုပေါ်မှာ ဖြစ်ဖြစ်။ ဗမာလိုဖြစ်ဖြစ်၊ အင်္ဂလိပ်လိုဖြစ်ဖြစ်။

ဒါပေမယ့် ရင်ဘတ်ထဲမှာ ဘာရှိနေတယ်ဆိုတာ ရင်ဘတ်ရှိတဲ့သူတွေချင်းပဲ ဖတ်နိုင်ကြတာပါ။

`အောင်သာငယ့်`ရင်ဘတ်ထဲမှာ ဘာရှိတယ်ဆိုတာ အာဇာနည်နေ့မှာ ပို့စ်တခု မတင်တာနဲ့၊ အာဇာနည်နေ့မှာ ဂျီတော့ခ်က ပုံကို မပြောင်းတာနဲ့ အဆုံးအဖြတ်ပေးမယ်ဆိုရင်-

ကျနော် `အောင်သာငယ်`အနေနဲ့ - ၀မ်းနည်းပါတယ်ဗျာ-လို့ကလွဲရင် -----

ဘာပဲဖြစ်ဖြစ်လေ ဒီပို့စ်ကလည်း အာဇာနည်နေ့နဲ့ ပတ်သက်နေတဲ့ ပို့စ်တခု ဖြစ်သွားပြီပေါ့ မဟုတ်ဘူးလား။

4 comments:

Unknown said...

Hi!
Yes. You are right too.
We can see and read each other in our hearts what is being happened and felt.

KMN

Kaung Kin Ko said...

အာဇာနည်တွေ၊ နေ့ ထူးနေ့ မြတ်တွေိကု ရင်ဘတ်ထဲ ထည့်ဖို့ က ပိုခဲယဉ်းတဲ့ အလုပ်ပါအစ်ကို။ အစ်ကိုတို့ က ဘဝနဲ့ ရင်းပြီး သက်သေပြပြီးသား ဆိုတာ အားလုံးနားလည်ကြမှာပါ အစ်ကို။
ဘီယာဆိုင်တွေ မှာလည်း ဘုရားစင် ရှိတာပဲ။ ဒါပေမယ့် ၇င်ထဲမှာ ဘုရားရှိဖို့ တော့ အရမ်းခက်တယ်အစ်ကို။
ပြီးတော့ အစ်ကို ပြောတာ ကျွန်တော် သဘောတူတယ်။ အနုပညာ သမားတစ်ယောက်ဟာ ရာသီစာတွေကို ဖျစ်ညှစ်ရေးရင် အနုပညာ အရည်အသွေး ကျသွားပြီ။ ဖတ်ရတဲ့သူအဖို့ လည်း အကျိုးမရှိဘူးလို့ ထင်တယ်။ ဖျစ်ညှစ်ရေးတာကိုပဲပြောတာပါ။ ခံစားချက်ကနေ စကားလုံးတွေ စီးကျလာတဲ့သူတွေကတော့ ရေးကြပေါ့။

Unknown said...

အစ်ကိုပို့စ်ကို အပြည့်အ၀ယုံကြည်တယ်...။ ကိုကောင်းကင်ကြီး ပေးသွားတဲ့ ကွန်မန့်ကို ထပ်မံ ထောက်ခံတယ် အစ်ကို...။

မေဓာဝီ said...

သဘောကျတယ် ကိုအောင်သာငယ်ရေ
ကျမလဲ အရင်ကတော့ ရေးပါတယ်။
ခု ... မရေးချင်တော့ဘူး။
စိတ်ထဲ ရှိနေရင်ပြီးတာပဲ။ ဘယ်သူ သိသိ မသိသိလေ။
အကို့ ကဗျာလေးတော့ သဘောကျပါတယ်။