Jul 20, 2008

လမ်းတလမ်း၊ ပန်းတဖူးနဲ့ သူရူးတယောက်











(Painting by Sitt Nyein Aye on 8888, MyanmarISP.com)


သည်လမ်းကို သူလျှောက်ခဲ့သည်မှာ အနှစ် ၂၀ နီးပါးရှိတော့မည်။ နေ့တိုင်း မနက်မိုးလင်း ၆ နာရီကနေ ညနေမိုးချုပ် ၆ နာရီ ထိ သည်လမ်းကို အသွား အပြန် သူ လျှောက်နေခဲ့သည်မှာ နှစ်တွေက အနှစ် ၂၀ နီးပါးရှိတော့မည်။ ဆိုတော့ သည်လမ်းပေါ်မှာ ဘယ်နေရာမှာ ဘာရှိသည် ဆိုတာကို အတိအကျ သူ သိနေခဲ့သည်။ သူ့မျက်စေ့ကို မှိတ်ထားဦး ဘယ်နေရာမှာ ဘာ အဆောက်အဦး ရှိသည် ဆိုသည်ကိုပင် သူ ပြောပြ နေနိုင် ပါလေသည်။ သည်လမ်းကို သူ လျှောက်နေခဲ့သည့် အနှစ် ၂၀ အတွင်းမှာ သည်လမ်းရဲ့ ဘေးဘီ ၀ဲယာ တဖက်တချက်မှာ အပြောင်းအလဲတွေလည်း ရှိခဲ့ပါသည်။ ဒါပေသည့် ထို အပြောင်းအလဲများက နေ့ချင်း ညချင်း ပြောင်းလဲ ခဲ့ကြသည် မဟုတ်ပါ။

ဥပမာ ဆိုပါစို့။ သည်လမ်းပေါ်မှာ လဘက်ရည်ဆိုင်တွေ အများကြီး ရှိခဲ့သည်။ တရက်ရက်မှာ လဘက်ရည်ဆိုင် အသစ်တခု သည်လမ်းပေါ်မှာ ပေါ်လာတော့မည် ဆိုပါစို့။ သူကတော့ သည်လမ်းကို နေ့စဉ် လျှောက်နေသူ ပီပီ သည်နေရာမှာ လဘက်ရည်ဆိုင် အသစ် တခု ပေါ်လာလိမ့်မည်ကို သေသေချာချာကို သိနေခဲ့ပါလေသည်။ ဘာလို့လည်းဆို လဘက်ရည်ဆိုင် တခုကို ဖွင့်မည်ဆိုလျင် အရင်ဆုံးကတော့ ဆိုင်းဘုတ် တခု တပ်ရမည် မဟုတ်လား။ ပြီးတော့ လဘက်ရည်ဆိုင် တခု လိုအပ်သမျှကို ဆိုင်မဖွင့်ခင် ကြိုတင် ပြင်ဆင် ရမည် မဟုတ်လား။ ဒါတွေအားလုံးကို ကြိုတင် မြင်နေရပါသည်။ သည်တော့ သူကလည်း ကြိုပြီး ပြောပြနိုင်ပါသည်။ လဘက်ရည်ဆိုင် အသစ်တခု ဖွင့်တော့မယ်။

နောက်တခု ပြောစရာ ရှိနေပါသေးသည်။ သည်လမ်းပေါ်မှာ ရှိသမျှ အဆောက်အဦးတွေကိုလည်း တခုမကျန် သူ သိနေပါသည်။ သူ့ မျက်စေ့ မှိတ်ထားခဲ့သည့်တိုင် သည်လမ်းပေါ်မှာ ဘယ်နေရာမှာ ဘာ အဆောက်အဦး ရှိသည် ဆိုသည်ကို သူက အလွတ်ရနေပြီးသား ဖြစ်ပါသည်။ တခါတခါတော့လည်း သည်လမ်းပေါ်မှာ အဆောက်အဦး အသစ်တွေ ပေါ်လာခဲ့ပါသည်။ ဒါပေသည့် သည်အဆောက်အဦးတွေ အားလုံးက လက်ဖျောက် တချက်တီးပြီး ပေါ်လာကြသည်တော့ မဟုတ်ပါ။ သည်နေရာမှာ အဆောက်အဦးတခု ပေါ်လာတော့မည်ကို ရက်ပေါင်း များစွာကပင် မည်သူမဆို ကြိုသိနိုင်နေပါသည်။ ဥပမာ အဆောက်အဦး တခုကို ဆောက်လုပ်ဖို့ လိုအပ်သည့် အုတ်၊ သဲ၊ ဘိလပ်မြေ- စသည်များကို ထို အဆောက်အဦးကို ဆောက်မည့် နေရာတွင် စတင် နေရာချ နေကတည်းက မည်သူမဆို သည်နေရာမှာ အဆောက်အဦးတခု ဆောက်တော့မည် ဆိုသည်ကို သိနိုင်နေသည် မဟုတ်လား။
-----
သို့သော်လည်း သည်လမ်းကို အပ်ကျသည်ကအစ သိသည်ဟု သူ ထင်နေသော အတွေးများ အဆုံးသပ် သွားသော နေ့တနေ့က ရောက်လာခဲ့ပါသည်။ ထိုနေ့က အနှစ် ၂၀ နီးပါး သူလျှောက်ခဲ့သော လမ်းသည် သူ တခါမှ မလျှောက်ခဲ့ဖူးသော လမ်းတလမ်း အဖြစ် ပြောင်းလဲသွားခဲ့လေသည်။
-----
ထိုနေ့က သည်လမ်းမှာ ရေကြီးခဲ့သည်။ သည်လမ်းပေါ်မှာ အပြောင်းအလဲတခု ဖြစ်တော့မည်ကို အမြဲတမ်း ကြိုသိနေသော သူသည် ထိုနေ့က သည်လမ်းမှာ ရေကြီးလိမ့်မည်ကို ကြိုမသိနိုင်ခဲ့ပါချေ။ ထိုနေ့က အရှိန်အဟုန် ပြင်းစွာ စီးဆင်းကျလာသော ပင်လယ်ကြီးတခုမှ ရေလှိုင်းများဖြင့် သည်လမ်းပေါ်မှာ ရေလျှံခဲ့ပါ လေသည်။ သည်လမ်းပေါ်မှာ ရှိသမျှ လူအားလုံးကို ထိုရေလှိုင်းက သယ်ဆောင်သွားခဲ့လေသည်။ သည်လမ်းပေါ်မှာ သူမြင်နေကျ အရာများ၊ သူမြင်နေကျ အဆောက်အဦးများ၊ သူမြင်နေကျ လူများကို ဘာတခုမှ သူ မမြင်ရတော့။ သူမြင်နေရသည်က သူတခါမှ မတွေ့ခဲ့ဖူးသော လူတွေရဲ့ မျက်နှာတွေချည်းသာ။ သူ ကြည့်မိလေရာရာ အရပ်တိုင်းမှာ လူစိမ်းတွေ-- လူစိမ်းတွေ---။ ဒါပေသည့် သည်လူတွေအားလုံးက ဦးတည်ရာ တခုတည်း ကိုသာ ညီညီညာညာ စီးဆင်းသွားနေလေသည်။ အလျင်အမြန် စီးဆင်းသွားနေသော သည်ရေလှိုင်းကြီးထဲမှာ သူကိုယ်တိုင် ပါဝင်စီးဆင်းနေရင်း သူ နားလည်သွားမိပါသည်။ - ဒီလမ်းဟာ ငါအနှစ် ၂၀ နီးပါး နေ့စဉ်လျှောက်ခဲ့တဲ့ လမ်းတလမ်း မဟုတ်တော့ဘူး။ ဒါဟာ အသစ်လွင်ဆုံး လမ်းတလမ်းပဲ၊ ဟုတ်တယ်-- ဟောင်းနွမ်း မှေးမှိန်လွန်းတဲ့နေ့တွေကို တောက်ပသွားအောင် ဆေးကျော လတ်ဆတ်ပစ်မယ့် လမ်းပဲ။
-----
နေ့စဉ် မနက်ဆိုလျင် အိမ်ကနေ သူထွက်ပြီး နေရာတခုကို ဦးတည်ကာ သည်လမ်းပေါ် သူလျှောက်ခဲ့သည်။ ညနေ စောင်းလျင် သည်လမ်းကပင် အိမ်သို့ ပြန်လာခဲ့သည်။ ထိုနေ့ကတော့ အရာရာ ပြောင်းလဲသွားခဲ့သည့် သည်လမ်းကို သူ မသိခဲ့သည့် လူစိမ်းများနဲ့ အတူလျှောက်ရင်း ညနေ စောင်းသွားသည့်တိုင် သူ အိမ်မပြန်နိုင်ခဲ့ပါ။ တကယ်တမ်း အပြည့်အစုံပြောရလျင်တော့ ထိုနေ့ကစပြီး ယနေ့အထိ သူ အိမ်မပြန်နိုင်ခဲ့ပါချေ။ သူက အိမ်ပြန်နောက်ကျနေခဲ့သူ တယောက် မဟုတ်ပါလား။
-----
ဒါပေသည့် သူ့လိုပင် အိမ်ပြန်နောက်ကျနေခဲ့သူများကို ညနေဆည်းဆာရီထဲမှာ သူတွေ့ရသည့်အခါ အဖော်စုံသော သည်လမ်းတလမ်းကိုပဲ သူ နှစ်သက် နေမိသေး တော့သည်လေ။

----------

`ဒီလမ်းကိုတော့ ဆုံးအောင်လျှောက်ရမယ်ဗျ` သူက အားတက်သရော ပြောနေမိသည်။
`အေးပါဗျာ။ ကျနော်လည်း ဒါကိုပဲ စဉ်းစားနေတာပါ။ ဒါပေမယ့် ဘယ်ကို သွားရင် ကောင်းမလဲလို့ ကျနော် စဉ်းစားနေတာဗျ` ကိုမောင်မောင်က သူ့ထုံးစံအတိုင်း လေအေးအေးလေးဖြင့် ပြောနေလေသည်။
`မြောက်ပိုင်းကိုတော့ မသွားချင်ဘူးဗျာ။ အရှေ့ဖက်ကို ကျနော် ပို စိတ်ဝင်စားတယ်။ နိုင်ငံတကာနဲ့လည်း အထိအတွေ့ ပိုလွယ်မယ်လို့ ကျနော် ထင်တယ်` သူကတော့ ဖြန့်ကျက် တွေးလေ့ရှိသည့်အတိုင်း လျှောက်စဉ်းစားရင်းက ပိုကောင်းသည် ထင်သော အရှေ့ဖက်ကို ဆန္ဒရှိနေမိသည်။
`အေး ခင်ဗျားပြောမှ ကျနော် သတိရတယ်။ ကရင်ကြီး မှတ်မိတယ် ဟုတ်လား။ သူ ကျနော့်ကို ဆက်ထားဖူးတယ်။ တခုခုဖြစ်ရင် သူ့ဖက်ကိုထွက်လာခဲ့တဲ့` ကိုမောင်မောင်က ပြောရင်း သူ့မျက်မှန် သေးသေးလေးကို ဖုံသုတ်နေပြန်သည်။
`ဒါဆိုလည်း လုပ်ဗျာ။ ကျနော် ကျန်တဲ့ ဘော်ဘော်တွေကို စုလိုက်ဦးမယ်။ မနက်ဖြန် ကိုဇော်ကြီးအိမ်မှာ ကျနော် အားလုံးကို ဆုံဖို့ ချိန်းထားတယ်။ အားလုံးစုံရင် ကျနော် ခင်ဗျားကို ဖုန်းထိုးလိုက်မယ်။ အိုကေ` ပြောရင်း သူ ထိုင်ရာမှ ထထွက်လာခဲ့သည်။

နောက်နေ့ လူအားလုံး စုံတော့ အရှေ့ဖျားသို့ သွားဖို့ကိစ္စကို သူ စတင် ဆွေးနွေးလိုက်သည်။ သဘော တူသူက တူ မတူသူက မတူ။
`အိုကေ၊ မတူတဲ့လူတွေ ပြန်ဗျာ။ တူတဲ့သူတွေပဲ နေခဲ့ကြတော့` သူက စိတ်လည်း သိပ်မရှည်တတ်သူပီပီ အပြတ်ပဲ ပြောလိုက်သည်။
သည်လိုနဲ့ လူ ၆ ယောက် ကျန်နေခဲ့သည်။ `သြော်- ဒါပဲလား။ ၂ လနီးပါး အတူတူ လျှောက်လာခဲ့ကြတာမှာ နောက်ဆုံးတော့ လမ်းတူတာက ဒီ ၆ ယောက်ပဲလား` သူ့ဘာသာသူ တွေးနေမိပြန်သည်။
သည်လိုနဲ့ ကိုမောင်မောင့်ကို သူ ဖုန်းခေါ်လိုက်သည်။ အခြေအနေတွေကို လိုတိုရှင်း သူ ပြောပြလိုက်သည်။
`အေး ကျနော် အဆက်ရပြီဗျ။ မနက်ဖန် ၉ နာရီ ဘားအံကားဂိတ်ကို အားလုံး လာခဲ့ဗျာ။ ကျနော် လက်မှတ် ၀ယ်ထားမယ်။ အနားက လဘက်ရည်ဆိုင်မှာ ဆုံမယ်` ကိုမောင်မောင်က ပြောပြီး ဖုန်းချသွားလေသည်။

တကယ့်တကယ် နောက်နေ့မနက်ကျတော့ ကိုဇော်ကြီးကိုယ်တိုင်က - `ခင်ဗျားလည်း သိပါတယ်ဗျာ။ ကျနော့် အကြောင်းကို။ ဒါပေမယ့် မိန်းမက သဘော မတူဘူးဗျ။ သိတဲ့အတိုင်း ကျနော့် သမီးလေးကလည်း အခုမှ ၅ လ ပဲ ရှိသေးတာ`လို့ပြောတော့ ကျန်သူတွေကလည်း -
`ငါ့အမေက နေမကောင်းဖြစ်နေတာကွ။ ငါ နှုတ်ဆက်တော့ ငိုတယ် ငါလည်း ဘယ်လိုလုပ်ရမလဲ။ ငါ့ကို ခွင့်လွှတ်ကွာ`
`မင်းဟာက ဘာမှလည်း သေသေချာချာ ပြောနိုင်သေးတာမဟုတ်ဘူး။ ညက အဲဒါကို ငါ စဉ်းစားတယ်။ သေချာမှ ငါ့ကို ခေါ်ကွာ။ အခုတော့ ငါ မလိုက်ချင်သေးဘူး`
`----- -------`
`----- ----- ----- ----- ----- ----- -----`
`----- ----- ----- -----`
အကြောင်းပြချက်တွေ အမျိုးမျိုးကို သူကြားနေရသည်။
`အေးပါကွာ၊ အေးပါကွာ၊ မင်းတို့ ငါ့ကို အခုလို လာပြောတာပဲ ငါကျေးဇူးတင်ပါတယ်။ အားလုံးကို ငါ နားလည်ပါတယ်` ဒေါသနဲ့ ပြောရင်း ကိုဇော်ကြီးကို နှုတ်ဆက်ပြီး ဘားအံကားဂိတ်သို့ ထွက်လာခဲ့သည်။
(အခုအချိန်မှာတော့ ကိုယ်တိုင် မိသားစုလေးရှိနေပြီဖြစ်သော သူသည် ကိုဇော်ကြီး ခံစားမှုကို ကောင်းကောင်း နားလည်နိုင်နေတတ်ပါပြီ)

သည်လိုနဲ့ ဘားအံကားဂိတ်နားက လဘက်ရည်ဆိုင်မှာ ဆုံကြတော့ သူနဲ့ လမ်းတူသူက ကိုမောင်မောင် တယောက်တည်းသာ။ (ဒါတောင် အဲသည် အချိန်က ကိုမောင်မောင့် ဇနီးသည်က သမီးလေးတယောက် မီးဖွားပြီးကာစသာ ရှိသေးသည်။ အခုအချိန်မှာ ကိုမောင်မောင့်ကို သူ အရမ်းလေးစားမိပါသည်)

သည်လိုနဲ့ သူတို့နှစ်ယောက် ဘားအံရောက်၊ တညအိပ်။ နောက်နေ့ ကော့ကရိတ်ဆက်ထွက်၊ ကော့ကရိတ် အ၀င်မှာတော့ ကိုမောင်မောင် အဖမ်းခံရသည်။ သူကတော့ စစ်တပ်ဂိတ်က အတင်းထွက်ပြေးရင်း သူ့လိုပင် ထွက်ပြေး လာသည့် ကိုဝင်းထိန်နဲ့အတူ လွတ်လာခဲ့သည်။ အဖြစ်အပျက်များက အိပ်မက်လိုပင်။

ညဖက်ရောက်တော့ ကော့ကရိတ်ကျောင်းသားများက သူတို့ နှစ်ယောက်ကို အိမ်တအိမ်ပြီး တအိမ်၊ ဘုန်းကြီး ကျောင်း တခုပြီးတခု ပို့ပြီး လိုက်ဖွက်နေလေသည်။ စစ်တပ်ကလည်း နောက်က လိုက်ဖမ်းနေသည်။ နောက်ဆုံးတော့ လူသူ မရှိသော အိမ်တအိမ်မှာ ပြေးလွှားခြင်း ဇာတ်လမ်းက ဆုံးခန်းတိုင်သွားနိုင်တော့သည်။

သည်လိုနဲ့ နောက်တနေ့မှာတော့ ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်ရာ အရပ်ဆီ ဦးတည်နေသည့် လမ်းပေါ်မှာ စီးဆင်းနေကြသူအားလုံးနဲ့အတူ သူလည်း တကိုယ်တည်းစီးဆင်းလျက်။

စက်တင်ဘာလ ၂၇၊ ၁၉၈၈ ခုနှစ်။
ကရင့် အမျိုးသား အစည်းအရုံး အုပ်ချုပ်မှု အောက်မှ ဒူးပလာယာ ခရိုင် ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၆) ထိန်းချုပ်မှုအောက်ရှိ သေ့ဘောဘိုးစခန်းသို့ သူ ရောက်ရှိခဲ့ပါလေပြီ။
ဒါက သူ လျှောက်ခဲ့သော လမ်း အဆုံးလား။ သူ မသိသေးပါ။
သူ့လိုပင် ရောက်ရှိနေသော ထောင်ပေါင်းများစွာသော မျက်နှာများ။ အားလုံးက သူစိမ်းတွေချည်းသာ။
သူကတော့ တယောက်တည်းပါပေ။ အဆက်အစပ်တွေ အားလုံးကလည်း ကိုမောင်မောင်နဲ့ အတူ ပျောက်ဆုံးခဲ့ပြီ။
ဒါပေသည့် သည်လမ်းကို လျှောက်မိကတည်းက နောက်လှည့်ပြန်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့မိသူပီပီ သူကတော့ ရသလို ဆက်လျှောက်ဖို့ ဆုံးဖြတ်ထားလေသည်။
-----
နိုဝင်ဘာလ (၁) ရက်၊ ၁၉၈၈ ခုနှစ်။
သည်လိုနဲ့ အလွန်ရင်းနှီးကြသော သူစိမ်းများဖြင့် ဖွဲ့စည်းထားအပ်သည့် သစ်တပင်က သည်မြေမှာ ပေါက်ခဲ့ပါ လေပြီ၊

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ (All Burma Students' Democratic Front - ABSDF) ကို သေ့ဘောဘိုး စခန်းမှာ အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါလေပြီ၊
















-----
သစ်တပင်ရှိလျင် အနည်းဆုံး ပန်းတဖူးကိုတော့ တွေ့ရမည်ပါ့။ ပွင့်မည့်ရက်ကိုသာ စောင့်ပါလေ။

----------

`ဟိုးဖက်ထောင့်မှာဗျ` ရဲဘော် ကိုကိုလေးက ပြောရင်း သူ့ M-16 သေနတ်ကို ထိုးချိန်ပြနေလေသည်။ ရန်သူ့ဖက်မှ တဒေါင်းဒေါင်းဖြင့် တောက်လျှောက် ပစ်ခတ်နေသည့် ဂျီဖိုးတလက် ရှိရာ ဖက်ကို ကိုကိုလေးက ပြောပြနေခြင်း ဖြစ်လေသည်။ သူကတော့ လျှောက်မြောင်း (Trench) ထဲမှာ ရှိနေသည့် အာရ်ပီဂျီ (RPG-Rocket Propelled Grenade) လောင်ချာ သမား တယောက်ကို လှမ်းခေါ်ရင်း မီးပွင့်လေးတွေ ထွက်နေသည့် နေရာကို ကြည့်လိုက်သေးသည်။ အာပီဂျီ-၅ (RPG-5)ကို ထမ်းထားသည့် ကရင် ရဲဘော်တယောက် အနားကို ရောက်လာတော့ မီးပွင့်တွေ ထွက်လာနေသည့် တောစပ်ကို ပြရင်း `ယောက်ဖရေ မိုဟဲသာ (ငရုတ်သီး) နည်းနည်းလောက်တော့ ကျွေးလိုက်ဦးကွာ`ဟု သူ ပြောရင်း နေရာဖယ်ပေး လိုက်လေသည်။ ထိုရဲဘော်လေးက `အေး ယောက်ဖ`ဟု ပြောရင်း သူ့ဝပ်ကျင်း(Fox-Hole) ထိပ်ပေါ်ကို ခုန်တက်လိုက်ရင်း ဂျီဖိုးသံကြားနေသည့် တောစပ်ကို ချိန်ရွယ်ကာ အာရ်ပီဂျီကို ပစ်လွှတ်လိုက်လေသည်။ မီးခိုးဖုံလုံးတခုနှင့်အတူ ဂျီဖိုးသံလည်း တိတ်သွားတော့သည်။ ဒီကောင် သေပြီလား။ မည်သူမျှ မသိပါ။ အသံကတော့ တိတ်သွားသည်လေ။
-----
သည်လိုမျိုး အဖြစ်အပျက်တွေက နိစ္စဓူဝ။ ဖလူးခံတပ်ထဲကို သူရောက်ကတည်းက။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ဒင်္ဂါးပြားတခုရဲ့ ခေါင်းနဲ့ ပန်းလို သူ မြင်တွေ့နေခဲ့ရသည်မှာ ခဏခဏ။ အခုလေးပဲ ကိုယ့်ဘေးနားမှာ ရှိနေသည့်သူ တယောက် နောက် တမိနစ်မှာတော့ မရှိတော့။ လူတွေ စုဆုံနေကြသည်။ အပြုံးတွေနဲ့ တယောက်ကို တယောက်နှုတ်ဆက်။ စကားတွေ ထိုင်ပြော။ စကားမှ ဆုံးအောင်မှ မပြောရသေး လက်နက်ကြီးတွေက ကျရောက်ပေါက်ကွဲ။ လူတွေ အားလုံးက ဖရိုဖရဲ။ မီးခိုးတွေစဲသွားတော့ ကိုယ့် အနားက တယောက်ယောက်ကတော့ လောကကြီးမှာ မရှိတော့။
-----
`စိတ် - စိတ်- ညစ်- ညစ်-တယ်ဗျ` ကိုနိုင်က အ ထစ် ထစ်နဲ့ ပြောပြန်ပါလေသည်။ ရဲဘော်တွေက သူ့ကို အ ထစ်-ဟုလည်း ခေါ်ကြသည်။
`ဘာဖြစ် လာပြန်တာတုန်း ကိုနိုင်`
သူကတော့ တပ်စုမှူး တယောက်လည်း ဖြစ်နေတော့ ကိစ္စအားလုံးကို ဖြေရှင်းပေးနေရသည်လေ။
`ဘာ- ဘာ- ဖြစ်ရမှာလဲ - တညတည်း ကျ-ကျ-နော် ကင်း နှစ်-နှစ် ခါ စောင့်- စောင့်ရတယ်`
`ဟုတ်တယ် ကိုနိုင်။ အားလုံးပဲ တညတည်း ၂ ခါစောင့်ရတယ်။ ကိုနိုင် မသိလို့။ ကျနော်တို့ အကွက်ထဲမှာ လူ ၄ ယောက် လျော့သွားတယ်လေ။ ကရင် ရဲဘော် ၂ ယောက် ကျသွားတယ်။ ၂ ယောက်က ဒဏ်ရာရပြီး ဆေးရုံမှာ။ ကျနော်တို့ လူ ၄ ယောက် ထပ်မရတော့။ အလှည့်နဲ့ အားလုံး ကင်းစောင့်နေရတာ` သူရှင်းပြလိုက်တော့ ကိုနိုင်လည်း ငြိမ်သွားပါလေသည်။
-----
ကိုနိုင့်ကိုပြောပြီး သူကိုယ်တိုင်လည်း စိတ်ညစ်နေမိလေတော့သည်။ အစားပျက် အအိပ်ပျက် နိစ္စဓူဝ လက်နက်ကြီး လက်နက်ငယ် မျိုးစုံရဲ့ ပစ်ခတ်သံတွေကြားထဲမှာ ရှင်သန်နေရသည့် ဘ၀က ငရဲကျနေသလိုပင်။ ဒါပေသည့် သည်လမ်းက သူတို့ ရွေးခဲ့သည့် လမ်း မဟုတ်ပါလား။ အဘယ်မျှ ကြမ်းတမ်းကြမ်းတမ်း ဆက်လျှောက်ကြရမည် မဟုတ်လား။


















-----
တခါတခါလည်း သူ့ဘာသာသူ မေးနေမိသေးသည်။ ငါ ဘာတွေလုပ်နေတာလဲ၊ ကျိန်းသေတာ တခုကတော့ သူ အပါအ၀င် ရဲဘော်တွေအားလုံး နေ့တနေ့ကို ရူးသွပ်နေကြခြင်းသာ ဖြစ်ပါသည်။
-----
ဘယ်သူရေးတဲ့ ဘယ်စာအုပ်လဲတော့ သူ မမှတ်မိ။ စာအုပ်တအုပ်ထဲမှာ သူ ဖတ်ရဘူးသည် - ကောင်းမြတ်တဲ့ စိတ်ဆိုတာ ရူးသွပ်တဲ့ စိတ်နဲ့ ကင်းကွာလို့ ရတာ မဟုတ်ဘူး - ဆိုပဲ။ အဲသည်စာ ဖတ်ပြီးသွားချိန်တုန်းက ကောင်းမြတ်တဲ့ စိတ်ဆိုတာ ဘာလဲ။ မကောင်းမြတ်တဲ့ စိတ်ဆိုတာကရော ဘာတဲ့လဲ။ နောက်ပြီး ရူးသွပ်တဲ့ စိတ်ဆိုတာကရော ဘယ်လိုမျိုးလဲ။ မရူးသွပ်တဲ့ စိတ်ဆိုတာကရော ဘယ်လိုမျိုးလဲ။ သည်မေးခွန်းတွေ အတွက် အဖြေရှာကြည့်ရင်းက သူ ရူးချင်ချင် ဖြစ်သွားခဲ့ဖူးသည်။
-----
အခုချိန်မှာတော့ သည် ဖလူးခံတပ်အတွင်းမှာ ရှိနေသည့် သူအပါအ၀င် သူ့ ရဲဘော်တွေအားလုံးက နေ့သစ်တနေ့ကို မြင်ချင်နေကြသူများချည်း မဟုတ်လား။ အများအကျိုးဆောင်ခြင်း၊ ပြည်သူ့အကျိုး ဆောင်ခြင်းသည် ကောင်းမြတ်သည့် စိတ်ထားနှင့် ဓွန်တွဲနေသည်ဆိုလျင် သူတို့အားလုံးသည် ရူးသွပ်သည့် စိတ် ရှိနေသူများသာ ဖြစ်ပါသည်။ ပြောရလျင် သူတို့အားလုံးက သူရူးတွေသာ ဖြစ်ပါသည်။ သူရူးတွေကြားထဲမှာ သူကလည်း သူရူးတယောက်သာ ဖြစ်ပါသည်။
-----
ဘာပဲဖြစ်ဖြစ် အိမ်ပြန်နောက်ကျနေသည့် လမ်းတလမ်းပေါ်မှာ တနေ့နေ့ ပွင့်လာမည့် ပန်းတဖူးကို သယ်ပိုးရင်း မမောတမ်း ပြေးလွှားနေသည့် သူရူးတယောက်ကို သင်မြင်ခဲ့ဖူးပါလျင် -----

(၈-၈-၈၈ အရေးတော်ပုံ အနှစ် ၂၀ မြောက် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြု ရေးသားပါသည်။)

No comments: