Jul 5, 2008

သူပုန်တယောက်ရဲ့ဒိုင်ယာရီ(၄)

ဆက် မရေးဖြစ်တာ ကြာနေပြီဖြစ်တဲ့ ကျနော့် ဒိုင်ယာရီကို (၄၆)ကြိမ်မြောက် ဇူလိုင် ၇ ရက် အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆက်ရေးလိုက်ပါတယ်။ ဒီအတွက် ကျနော့်ကို တွန်းအားတခုပေးခဲ့တဲ့ ဇူလိုင်ဝိညာဉ်ကို ရေးသားခဲ့တဲ့ မကေသွယ်ကို ကျေးဇူး အထူးတင်ရှိပါကြောင်း ပြောချင်ပါတယ်။
-----
သည်လိုနဲ့ သူ့ အဒေါ် နှစ်ယောက်ရဲ့ ကျေးဇူးနဲ့ သူငယ်တန်း မနေခင်ကပင် သူ စာတွေ ဖတ်တတ်နေနိုင်ခဲ့သည်။ သူ့ လက်ရေးတွေကလည်း ၀ိုင်းစက်လို့ပင်။ သူ့ အကိုကြီးရဲ့ သူငယ်တန်းစာအုပ်တွေက သူ့အတွက် လက်တွေ့ လေ့ကျင့်ရေးကွင်းကြီး ဖြစ်နေလေတော့သည်။ ဒါကြောင့်လည်း သူငယ်တန်းကို သူ တက်ရတော့ အတန်းပိုင် ဆရာမကပင် အံ့သြရလောက်အောင် သူက သူငယ်တန်းစာတွေကို အစအဆုံး အလွတ် ပြန်အံနိုင်နေခဲ့သည်လေ။ သည်လိုနဲ့ ထောင်တွင်းမှ သူ့အမေ ရေးပို့ပေးသော စာများနဲ့ ကဗျာများကို သူ ဖတ်ရှု နားလည်နိုင်နေလေတော့သည်။

ဖေဖေက `နေ`
မေမေက `လ`
`ကြယ်`ကလေးလို လက်ကာပ
သား လူချောလှ - ဆိုသည့် အမေ့ ကဗျာကတော့ ရွတ်ဖတ်လို့လည်း ကောင်းနေလေတော့ သူ့ ကလေးဘ၀မှာ အမြဲတမ်း ရွတ်ဖတ် နေနေမိသည့် ကဗျာ တပုဒ်လည်း ဖြစ်နေလေတော့သည်။

သည်လိုနဲ့ - နှောင်အိမ်တွင်းမှ ကဗျာများ- ဟု အမေက အမည်ပေးထားသော အကျဉ်းထောင်ထဲမှ အမေရေးပို့ပေးသည့် ကဗျာများကို သူ အခါအခွင့် သင့်သလို ဖတ်ရှုနေရလေသည်။ ဒါပေသည့် ကလေးဆိုတော့လည်း အကုန်လုံးကို သူ နားမလည်ပါ။ သူနားလည်သည်ကတော့ တချို့ကဗျာတွေမှာ အမေဆိုလိုတာက...
- သံတံခါးတွေ၊ အုတ်ရိုးတွေ။ သံဆူးကြိုးတွေကို ကျော်လွှားပြီး သားကလေးတွေရှိရာကို ပြေးလာချင်သည်။ တကယ်တမ်းကတော့ လာလို့မရ။ စိတ်ကပဲ လာလို့ရသည်။ သည်တော့ အမေက ငှက်ကလေးတကောင် ဖြစ်ချင်သည်။ ဒါမှလည်း သည်အတားအဆီးတွေကို ဖြတ်ကျော်လာနိုင်မည် မဟုတ်လား။

သည်လိုနဲ့ တနှစ်ပြီးတနှစ် ရာသီတွေ သစ်သစ်လာခဲ့သလို သူ့ ဦးနှောက်တွေလည်း ရင့်ရင့်လာခဲ့လေသည်။ တနေ့မှာ သူ့မိခင်၏မောင် အကြီးဆုံးဖြစ်သော သူ့ဒုတိယဦးလေးကို သူမေးမိသည်။
- မေမေ ဘယ်တော့ ပြန်လာမှာလဲ ထွဋ်ထွဋ်။
သူ့ဦးလေးက ပြန်ဖြေသည့် အဖြေကို အဲသည်တုန်းက သူ ဘ၀င်မကျမိသည်မှာတော့ အမှန်ပါပေ။
- ပြန်လာတော့မှာပါ သားရယ်။ သိပ်မကြာတော့ပါဘူး။ ဒါပေမယ့် ဘယ်နေ့လဲတော့ ဦးဦးလည်း မသိဘူး။ တနေ့နေ့ပေါ့ သားရယ်။
သည်လိုနဲ့ အမေ့စာတွေထဲမှာလည်း သူ ဖတ်နေရသည်။
- သိပ်မကြာတော့ဘူး သားတို့ရေ မေမေ ပြန်လာတော့မယ် သိလား။ မေမေ ပြန်လာရင် သားတို့ဖို့ မုန့်တွေ အများကြီး ၀ယ်လာခဲ့မယ်နော်။ ဖိုးဖိုး၊ ဖွားဖွားနဲ့ မူမူတို့၊ ယုယုတို့ စကားကို နားထောင်ကြ ဟုတ်လား-
ဆိုသည့် အမေ့စာ တစောင်ကို ဖတ်ခဲ့ရပြီးသည့်နောက်မှာ သတိရတိုင်း အမေ့ကို သူ မျှော်နေမိခဲ့သည်။

ကလေးဆိုတော့လည်း ဆော့ကစားရင်း အားလုံးကို မေ့သွားတာမျိုးလည်း ရှိလေသည်ပေါ့။ သို့သော်လည်း အကြောင်း တခုခုကြောင့် (ဥပမာ- အမေဆိုနေကျ - နီးဖို့ရာဆိုရင် ၀ါဆိုတောင်မှ ပြာသို နားတွင် ထားလိုက်ချင်- ဆိုသည့် သီချင်းကို အမှတ်တမဲ့နဲ့ ရေဒီယိုက လာနေတာကို သူ ကြားလိုက်ရရင်) အမေ့ကို သူ တအားလွမ်းရသည့် အချိန်အခါများ ရှိလေသည်။ ထိုအခါ ကလေးပေမင့် သူ အူတွေ လိပ်လိပ်တက်လာတာကိုလည်း သူ ယနေ့ထက်ထိ ခံစားနေရသေးသည်။
- အို- ဘာပဲဖြစ်ဖြစ် အမေ ပြန်လာတော့မှာပါလေ။
ဒီလိုပဲ သူ့ဘာသာသူ ဖြေသိမ့်နေလေသည်။

တနေ့သားတော့ (သူ့စိတ်ထင် ၁၉၇၀ ဖြစ်မည်။ တကယ်ကတော့ တညသား ဖြစ်ပါသည်) အမေ တကယ်ကိုပင် အိမ်ကို ပြန်ရောက်လာခဲ့ပါသည်။ အမေ့ကို ခေါ်သွားသူများက ခေါ်သွားတုန်းက သူရဲဘောကြောင်စွာ ခေါ်သွားခဲ့သလိုပင် ပြန်ပို့ တော့လည်း သူရဲဘော ကြောင်စွာ ညဖက်ကြီးမှ ပြန်ပို့ပေးခဲ့ခြင်းဖြစ်ပါသည်။ ဒါပေသည့် အမေပြောခဲ့သလို သူတို့အတွက် မုန့်တွေ ပါမလာပါ။ ဘာပဲဖြစ်ဖြစ် မုန့်တွေထက် အမေ့ကို သူ အလိုချင်ဆုံး မဟုတ်လား။ မုန့်တွေကိုလည်း သူ သတိမရပါ။ အမေ့ကိုသာ တင်းတင်း ကျပ်ကျပ်ကြီး ဖက်ထားရင်း သူ ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ်ကြီး အိပ်ပျော်သွားခဲ့သည်လေ။ ညတိုင်း အိပ်ရာဝင်ချိန်မှာ သူ့ကို ပုံပြောပေးရသည့် သူ့ အဒေါ်နှစ်ယောက်ကိုပင် သူ သတိမရတော့ပါ။ ထိုနေ့က သူ့ဘ၀မှာ အပျော်ရွှင်ရဆုံး နေ့တနေ့ ဖြစ်ခဲ့သည်လေ။ ပျော်လွန်းလို့ အမေ အိမ်ပြန်ရောက်လာသည့်နေ့က သူ ငိုသလား အမေ ငိုသလား ဆိုသည်ကိုပင် သူ မမှတ်မိတော့ချေ။

နောက်တနေ့ သူ ကျောင်းသွားတော့ တွေ့သမျှ သူငယ်ချင်းတွေ အားလုံးကို သူ ကြွားနေမိလေသည်။
- မနေ့ညက ငါ့အမေ အိမ်ပြန်ရောက်လာတယ် သိလား။
သူ့မျက်နှာက ပြုံးပြုံးကြီးလည်း ဖြစ်နေလေသည်။ ဒါပေသည့် သူ့ သူငယ်ချင်းတွေကတော့ သိပ်နားလည်ကြဟန် မတူပါ။ တယောက်က သူ့ကို မေးလေသည်။
- မင်းအမေက ဘယ်သွားနေလို့လဲ။
သူ့ အဖြေကလည်း အူကြောင်ကြောင်ဖြစ်ပါသည်။
- သိဘူးကွ။
တခါတခါ သူကလည်း အူကြောင်ကြောင်ပါပေ။
အတန်းထဲရောက်တော့ သူ့ဆရာမ စားပွဲနားကိုသွားရင်း
- မင်္ဂလာပါဆရာမ။ သားမေမေ မနေ့ညက ပြန်ရောက်လာတယ် သိလား။
ဆရာမကတော့ သူ့မိသားစု အကြောင်းကို သိထားလေသည်လား မသိဘူးလားတော့ သူလည်း မသိပါ။ ဒါပေသည့်
- ဟုတ်လား သား။ အခု သား သိပ်ပျော်သွားပြီပေါ့ ဟုတ်လား -
ဆိုသည့် ဆရာမ၏ စကားလေး တခွန်းနဲ့ပင် သည်ဆရာမကို သူ သိပ်ချစ်သွားသည်လေ။
- သြော် ဆရာမက ငါ့ကို နားလည်သားပဲနော်။
ဆရာမနံမည် ဒေါ်တင်တင်-ဆိုသည်ကို သူ့ အသည်းထဲမှာ စွဲသွားတော့လေသည်။ သူ့ ပထမတန်း အတန်းပိုင် ဆရာမ ဒေါ်တင်တင်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်သူကပဲ မေးမေး Who is your favorite teacher? ဆိုလျင် - ဒေါ်တင်တင် ပါပေ။

-----

အမေ အိမ်ကို ပြန်ရောက်လာကတည်းက အချိန်ရှိသရွေ့ အမေ့နားမှာပဲ သူ ကပ်နေခဲ့သည်။ သည်လိုနဲ့ တနေ့သားတော့ စာအုပ်ဘီရိုတွေ ထားသည့် အခန်းမှာ အမေ ပစ္စည်းတွေ ရှင်းနေတာ သူတွေ့ ရလေသည်။ စာအုပ်တွေ၊ စာရွက်တွေ၊ ဓါတ်ပုံတွေ၊ နောက် ရင်ထိုးတံဆိပ်လေးတွေ၊ အိုး-ပစ္စည်းအမျိုးစုံပါပဲ။ သူလည်း စိတ်ဝင်စားမိသွားပြီး လျှောက်ကြည့်လေသည်။ သည်မှာ သူ ပထမဆုံး စိတ်ဝင်စားသွားသည်က ရင်ထိုးတံဆိပ်လေးတခု။
- မာမာ ဒါဘာလဲ ဟင်...။
တံဆိပ်ကလေးက ရွှေရောင်လေးလက်နေသည်။ ကမ္ဘာလုံးပုံလည်း ပါသည်။ စာအုပ်တခုပုံလည်းပါသည်။ (ဒါပေသည့် အခုအချိန်မှာတော့ အသေးစိပ် သူ မမှတ်မိတော့။ နှစ်တွေက ၄၀ နီးပါးရှိနေပြီ မဟုတ်လား။)
- အဲဒါ နိုင်ငံတကာကျောင်းသားများသမဂ္ဂတံဆိပ် သားရဲ့။
အမေ့ အဖြေကိုလည်း သူ နားမလည်ပါ။ နိုင်ငံတကာ-ကိုလည်း သူမသိ။ သမဂ္ဂ-ကိုလည်း သူ မသိချေ။ ဒါနဲ့ တံဆိပ်လေးကို လက်က သူ ချလိုက်ပြီး နောက်ထပ် သူ စိတ်ဝင်စားမိသည့် စာရွက်တခုကို သူ ကောက်ကိုင်လိုက်မိသည်။ စာရွက်ပေမယ့် ရိုးရိုးစာရွက် မဟုတ်၊ အဖြူရောင်ကတ္ထူပြားတခုဖြစ်ပြီး ဘောင်တခုလုံးမှာ ရွှေရောင် ဖောင်းကြွ ကနုတ်တွေ ခတ်ထားလေသည်။ စာရွက်ပေါ်က စာတွေကို ဖတ်ကြည့်မိတော့ အဖေ့နံမည်နဲ့ အမေ့နံမည်ကို သူတွေ့ရလေသည်။
- မာမာ ဒါက ဘာလဲ ဟင်။
- ဒါ သားဖေဖေနဲ့ မေမေ့ လက်ထပ် စာချုပ်လေ သားရဲ့။
လက်ထပ်တာကိုရော စာချုပ်-ဆိုတာကိုရော ထို အချိန်က သူ မသိသေးပါ။ သူ သိတာကတော့
- အဖေက အိမ်မှာလည်း မရှိဘူး။
သည်မှာ အမေ့ကို မေးဖို့ သူ သတိရသွားလေသည်။
-ဒါနဲ့ ဖေဖေက ဘယ်မှာလဲ မာမာ။ သားလည်း တခါမှ မတွေ့ ရဘူး။
သည်မေးခွန်းနောက်မှာတော့ အမေက သူ ရှင်းနေသည့် ပစ္စည်းပုံထဲမှ ဓါတ်ပုံ တထပ်ကို ဆွဲထုတ်လိုက်ရင်း -
- ဒီမှာ သား ဖေဖေ ဓါတ်ပုံတွေရှိတယ်။
အမေပေးလာသည့် ဓါတ်ပုံများကို လှမ်းယူရင်းက အမေ့ကို သူထပ်မေးလိုက်ပြန်သည်။
- ဖေဖေက အခု ဘယ်မှာလဲ မာမာ။
- တနေရာရာမှာပေါ့ သားရယ်။ ဒီကနေ ဟိုးအဝေးကြီး တနေရာရာမှာပေါ့။ ဒါပေမယ့် သားတို့ကို သူက သိပ်ချစ်ပါတယ်။
အမေ့စကားကို သူ နားလည်သလိုလို နားမလည်သလိုလို ဖြစ်နေလေသည်။ ဒါကို အမေက သိဟန်တူသည်။
- ဒီမှာ ကြည့်၊ သား ဖေဖေ့ပုံတွေ။
ပြောရင်း အမေက ဓါတ်ပုံတခု ဆွဲယူလာပြသည်။ ဓါတ်ပုံထဲမှာက ခွပ်ဒေါင်း အလံတခုနဲ့အတူ အသက် နှစ်ဆယ်ကျော်ခန့် လူရွယ်တအုပ် လက်သီးလက်မောင်းတွေဆန့်တန်းပြီး အော်ဟစ်နေကြသည်ကို သူတွေ့ရသည်။
- ဖေဖေက ဘယ်မှာလဲ ဟင်။
- ဒီမှာ သားရဲ့။
အမေ ထောက်ပြသည့် ကတုံးဆံတောက်နဲ့ လူတယောက်ရဲ့ ပုံကို ကြည့်ရင်း -
- အော် ဒါ ငါ့အဖေပဲ- လို့ သူ့စိတ်ထဲမှာ တွေးမိသော်လည်း သူ ဆက်တွေးဖြစ်နေမိသည်က
- အဖေနဲ့ သည်လူတွေက ဘာဖြစ်လို့ အော်နေကြတာလဲ။
- ဖေဖေနဲ့ ဒီလူတွေက ဘာလုပ်နေကြတာလဲ မာမာ၊ ဘာဖြစ်လို့ သူတို့ အော်နေကြတာလဲ။
- အော်နေတာ မဟုတ်ဘူး သားရဲ့ ဆန္ဒပြရင်း ကြွေးကြော်သံတွေ တိုင်နေကြတာ။
- အား မေးလေ ရှုပ်လေ ဖြစ်လာပြီ-ဟု
သူ တွေးနေမိသည်။
- ဆန္ဒပြတယ်ဆိုတာ ဘာလဲ။ ကြွေးကြော်သံဆိုတာ ဘာလဲ။
သည်လိုနဲ့ သူ့ရဲ့ မဆုံးနိုင်သော မေးခွန်းများကို အမေက စိတ်ရှည်လက်ရှည် ဖြေဆိုရင်း နေ့တိုင်းနီးပါး သမိုင်းတခု၏ ကြိုးထုံးများကို တဖြည်းဖြည်းချင်း သူ့ကို ဖြည်ပြခဲ့လေသည်။ ဓါတ်ပုံတွေကလည်း အထောက်အကူ ပြုနေတော့ - ဒါက ဦးဗဆွေလေး၊ ဒါက ဦးဘကောင်း၊ ဒါက ဦးအောင်သိမ်းနိုင်၊ ဒါက ဦးလှကြည်၊ ဒါက ဖေဖေ၊ ဒါက မေမေ၊ ဒါက ဦးတင်မောင်ဝင်း၊ ဒါက ဦးညိုဝင်း - စသည်ဖြင့် ဓါတ်ပုံတွေကတဆင့် လူတွေအားလုံးကို သူ ရင်းနှီးနေခဲ့တော့သည်။

သည်လိုနဲ့ ဆဲဗဲင်းဂျူလိုင်၊ ဗကသ၊ တကသ၊ တပ်ဦး၊ ဒီအက်စ်အို၊ သမဂ္ဂ၊ ခွပ်ဒေါင်းအလံ၊ အိုးဝေမဂ္ဂဇင်း၊ စိန်ပန်းပြာ၊ မန္တလေးဆောင်၊ စစ်အစိုးရ၊ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှု၊ ယူနီယံအဆောက်အဦး၊ ဗုံးခွဲမှု၊ ရာကျော်ကျောက်တိုင်၊ နိုင်ငံတော်ပုန်ကန်မှု။ သူ့ရင်ထဲမှာ အုပ်ချပ်တွေ တထပ်ပြီးတထပ် စီထပ်ထားသော အဆောက်အအုံတခုက ဖြစ်တည် လာခဲ့လေတော့သည်။

သမိုင်းတွေကို ပြန်ပြောပြနေချိန်မှာတော့ အမေက သူ့မျက်နှာကို မကြည့်ချေ။ အဝေးတနေရာဆီကို လှမ်းကြည့်ရင်း ပြောနေလေ့ ရှိသည်။ ၁၉၆၂ ခုနှစ်ရဲ့ ဇူလိုင်လ ၈ ရက်နေ့မှာ သမဂ္ဂ အဆောက်အဦးမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အဖေနဲ့အမေ့ရဲ့ မင်္ဂလာ ဧည့်ခံပွဲ၊ သမဂ္ဂရုံး အပေါ်ထပ်မှာ အဖေနဲ့အမေ့အတွက် စုပုံထားတဲ့ သူငယ်ချင်းတွေ၊ ရဲဘော်ရဲဘက်တွေရဲ့ မင်္ဂလာလက်ဖွဲ့ ပစ္စည်းတွေ၊ အခမ်းအနားမှာ ပြောဖို့ ပြင်ဆင်ထားတဲ့ မပြောဖြစ်ခဲ့တဲ့ အဖေနဲ့အမေ့ရဲ့ စကား။ အားလုံးဟာ ဆဲဗဲင်းဂျူလိုင် အရေးတော်ပုံကြီးကို အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ ရူးသွပ်မိုက်မဲတဲ့ အာဃာတနဲ့ ဖေါက်ခွဲ ဖျက်ဆီး ပစ်လိုက်တဲ့ ယူနီယံအဆောက်အဦးနဲ့အတူ တစစီ ဖြစ်သွားရပုံတွေ။

သည်လိုနဲ့ အိမ်ထောင်ဦးအစမှာကတည်းက စစ်အာဏာရှင်စနစ်ကြောင့် တကွဲတပြားဖြစ်ခဲ့ရတဲ့ အဖေနဲ့ အမေ့ရဲ့ဘ၀က ကြမ်းတမ်းလှသည်ကို သူ သိရှိ ခံစားလာခဲ့ရသည်။ ဆဲဗဲင်းဂျူလိုင်တစ္ဆေက သူ့မိခင်နဲ့ဖခင်ကို ခြောက်ခဲ့သလို သူ့ကိုလည်း ခြောက်ခဲ့ပါလေသည်။ ၇ နှစ်သားမှာ သူ သူပုန် ဖြစ်ခဲ့ပါပြီ။ ဒါပေသည့် ထိုအချိန်ကတော့ သူက ငယ်သေးသည် မဟုတ်လား။ သူက စာအုပ် သူပုန်သာ။

ကမ္ဘာကို ကိုင်လှုပ်သော ထိုဆယ်ရက်၊ သံမဏိ သူရဲကောင်းများ၊ တရုပ်ပြည်သူ့ သူရဲကောင်းများ၊ အလံမလဲစတမ်း - စသည့် သူ့အတွက် ဖတ်ရှုလို့ ကောင်းလွန်းလှသော အများအကျိုးဆောင်ခဲ့သည့် သူရဲကောင်းတို့၏ တကယ့်အဖြစ်အပျက်များ။

ချောအိရဲ့ -
အောင်လံနီ လွှင့်ထူမည်၊
ဇွဲသတ္တိနဲ့ ရဲသွေးနီ၊
ဖက်ဆစ် ဘီလူး ခွေးရူးဆီ၊
အသေသတ်ကြဖို့ ရင်ကော့ ချီလာပြီ။
သေနတ်ကိုဆွဲ တိုက်ခဲ့သည်
အလံမလှဲ နိုင်အောင်ပဲ ဇွဲနဲ့ တိုက်ရမည်၊
သေနတ်မရှိရင် ဓါးနဲ့ခုတ်မည်၊
ဓါးမရှိရင် တုတ်နဲ့ရိုက်မည်၊
တုတ်ကို ချိုးရင် လက်သီးစာ ကြွေးမည်၊
လက်ကို ချုပ်ရင် ခြေနဲ့ ကန်မည်၊
ခြေတွေဖြတ်လည်း ခေါင်းရှိသေးသည်၊
ခေါင်းနဲ့ဝှေ့ရမည်၊
- ဆိုသော
သူ့ကို အမေ ဆိုဆိုပြနေသည့် သီချင်းထဲမှ လှေခွက်ချည်းကျန် အလံမလှဲစတမ်း စိတ်ဓါတ်များ သူ့ သွေးကြောတွေထဲ စီးဝင် လည်ပတ်နေခဲ့ပါပြီ။

-----

အဝေးကို ငေးကြည့်ရင်း သမိုင်းဆက်ထုံးများအား သူ့ကို ဖြည်ပြနေသော သူ့မိခင်ကို နောက်ကျောဖက်မှ သူ အသာ ပွေ့ဖက်ရင်း -
- မာမာ ညောင်းနေပြီ။ မှောက်မှောက် သား နင်းပေးမယ်။- ဆိုတော့
- သားရယ် အခုနေဆို သား ဖေဖေက မာမာ့ထက် ပိုညောင်းနေမှာပါကွယ်။
- ဒါဆို ဖေဖေက ဘယ်မှာလဲ ဟင်။
- သား ဖေဖေကို သား တွေ့ခဲ့ဖူးတာပေါ့။ နှစ်ခါတောင်။ တခါက သားနဲ့ မာမာနဲ့။ နောက်တခါကတော့ သားရော သားကိုကြီးပါ ပါတယ်။ သားက ငယ်လွန်းသေးတော့ မမှတ်မိသေးတာ။
သည်လိုနဲ့ အမေက ဧရာဝတီ မြစ်ဝကျွန်းပေါ်မှာ အဖေ့ကို သူတို့ သွားတွေ့ခဲ့ရပုံတွေကို သူ့ကို ပြန်ပြောပြနေလေသည်။

(ဆက်ရေးပါဦးမယ်)

- အောင်သာငယ် -

4 comments:

Welcome said...

အနှစ်သာရပြည့်ဝတဲ့ စာကို ကြည်နူးနှစ်သက်စွာ ဖတ်ရှုသွားပါတယ်။
ဆက်ရန်ကို မျှော်နေမယ်။

ဝင်းဇော်

kay said...

ကျမရဲ့ စာက..တွန်းအားပေးတယ်ဆိုလို့..တမျိုးတဖုံ..၀မ်းသာ ရပါတယ်။ ဒါပေမဲ့..တကယ့်အဖြစ်တွေက တော့..၀မ်းနည်းစရာ တွေ ချည်းပါပဲ။ ၀မ်းနည်းစရာ တွေကို ၀မ်း နည်း ရ တာကိုက.. လူဆန် နေ သလား တော့ မသိ။

ခင်မင်လျက်-

Kaung Kin Ko said...

အစ်ကိုက ၇နှစ်သား ကတည်းက စာအုပ်သူပုန်ဖြစ်ခဲ့တာကိုး။ ကျွန်တော်ကတော့ နောက်ကျတယ်ဗျာ။ ၁၇ နှစ်လောက်မှ။
အဆက်ကို မျှော်နေမယ်ဗှာ

Unknown said...

ဆက်ဖတ်လိုက်အုံးမယ်.. :)