January 20, 2014 at 11:39am
ကျုပ်ရဲ့ ညံ့ဖျင်းချက်တွေကို သူငယ်ချင်းတွေ အားလုံး သိကြရအောင် ရေးပြရပါဦးမယ်...
ကျုပ် ငယ်ငယ်တုန်းက သူငယ်ချင်းတွေ ခုလို အများကြီး အများကြီး မရှိဘူး... လမ်းထဲမှာ ရှိသမျှ ကလေးတွေနဲ့တော့ သူငယ်ချင်း ဖြစ်တာပေါ့.... ဒါပေသည့် ကျုပ်ပြဿနာက သူတို့လို ကျုပ်က မကစားတတ်တာပဲ...
ဂေါ်လီရိုက်ရင်လည်း ကျောက်ဂေါ်လီ ကိုင်ကိုင်... ထုံးဂေါ်လီကိုင်ကိုင်... ကျုပ်က ဂေါ်လီကို တခြားလူတွေလို ဘယ်ဖက် လက်မနဲ့ လက်ညှိုးကြားသွင်းပြီး ညာဖက်လက်ခလယ်နဲ့ ပစ်ထုတ်တာမျိုး မလုပ်တတ်ဘူး... အဲ့သလို လုပ်လိုက်ရင် ကျုပ်ဂေါ်လီက ကျုပ် ပြေးစေချင်တဲ့ တခြား ဂေါ်လီတွေ ရှိတဲ့ အရှေ့တည့်တည့်ကို မပြေးပဲ ကျုပ်ရဲ့ ညာဖက်ကိုပဲ ပြေးထွက်သွားတယ်... သည်လိုနဲ့ တခြား ဂေါ်လီတလုံးကို ရိုက်ချင်ရင်... အောင်သာငယ်တို့က ဘာလုပ်ရသလဲဆိုတော့... လက်နဲ့ပဲ သည်အတိုင်း ကိုင်ပြီး ဒဲ့ ပစ်ရတော့တာပေါ့... အောင်သာငယ်ပစ်လိုက်လို့ ထိတဲ့ဂေါ်လီတွေ ဘယ်တော့မှ မကွဲဘူး... ဘာလို့ဆို လက်နဲ့ပဲ ဒဲ့ကိုင်ပစ်တော့ အားမှ မပါတာ ... ဘယ်ကွဲမလဲ... တခြားသူတွေဆို တဖြောင်းဖြောင်းနဲ့ တခြားဂေါ်လီတွေကို ခွဲနေတဲ့အချိန်မှာ... အောင်သာငယ်တို့က ဂေါ်လီကို အလုံးလိုက် ကိုင်ပစ်နေရတာကိုး... ဒါနဲ့ ဂေါ်လီပစ်ခြင်း ကစားနည်းကို အောင်သာငယ် စွန့်လွှတ်လိုက်တယ်...
နောက်တော့ သူငယ်ချင်းတွေ စွန်လွှတ်တော့... ကျုပ်လည်း စွန်လွှတ်ချင်တာပေါ့... ဒါပေသည့် ကျုပ်တို့ မိသားစုက ဆင်းရဲတော့ ကျုပ်မယ် ကိုယ်ပိုင် စွန်တကောင် ဘယ်ရှိမလဲ... ရစ်ဘီးကတော့ ဝေးစွပဲ... အထူးသဖြင့် ကျုပ်တို့ ကျောင်းတွေ နွေရာသီမယ် ပိတ်ကြတော့.... တတ်နိုင်သူတွေက ကိုယ်ပိုင် ရစ်ဘီးနဲ့... ကိုယ်ပိုင် စွန်နဲ့... စွန်မှာတောင် စွန်တန်းစားက ကွဲသေးတယ်... ချမ်းသာတဲ့ မိဘက ပေါက်ဖွားလာတဲ့ ကလေးတွေရဲ့ စွန်က ဆီစိမ်စွန်... ဆင်းရဲတဲ့ မိဘကပေါက်ဖွားလာတဲ့ ကလေးတွေရဲ့စွန်က သာမန် စက္ကူစွန်... ကျုပ်တို့နိုင်ငံဟာ... လူတန်းစားတင် ကွဲပြားတာမဟုတ်ဘူး... စွန်တန်းစားပါ ကွဲပြားသေးတာဗျာ.... တခါတခါ အောင်သာငယ် စိတ်နာတယ်...
ထားပါတော့ ... ပြောချင်တာက... ကျုပ်သူငယ်ချင်းတွေ ကျုပ်ကို အားကစားကွင်းကနေ နှင်ထုတ်ကြတဲ့ အကြောင်းကိုပါ...
စွန်နဲ့ ရစ်ဘီး ကိုယ်စီရှိတဲ့ သူငယ်ချင်းတွေက ကျုပ်တို့ ရပ်ကွက်ထဲက အားကစားကွင်းကြီးမှာ ကိုယ်စီကိုယ်စီ... စွန်တွေ တင်ကြတာပေါ့... သည်ကြားထဲ စွန်ကို လာတိုက်တဲ့ကောင်တွေကလည်း ရှိသေးတယ်... သည်တော့ ကိုယ့်စွန်ကိုယ် ထိမ်းသိမ်းကြရတာလေ... ကျုပ်က တခါမှ စွန်မလွှတ်ဖူးဘူးတော့ လွှတ်ထားတဲ့ သူငယ်ချင်းတွေကို တောင်းပန်ရတော့တာပေါ့... ငါ့ တခါလောက် ပေးလွှတ်ပါ-ဆိုတော့ သူတို့လည်း ကျုပ်လက်ထဲ သူတို့ ရစ်ဘီးလေးထည့်ပေးပါတယ်.... ကျုပ်ကလည်း စွန်လွှတ်ဖူးဘူးတာ မဟုတ်တော့ ရစ်ဘီးကိုင်ပြီး ရစ်ထည့်ပစ်ပလိုက်တာ... သူတို့စွန်တွေ မြေကြီးပေါ် ဒိုင်ဗင်ထိုးဆင်းသွားကြပါလေရော... တချို့စွန်တွေကတော့ ဘာမှ မဖြစ်ပေမယ့် တချို့စွန်တွေ ကိုင်းကန်ပြီး ပြဲသွားကြတော့တာပေါ့... ကျုပ်လည်း ပြန် မလျော်ပေးနိုင်ဘူး... သည်လိုနဲ့ (ခိုင်လေးကို ရစ်ဘီး ပေးမကိုင်နဲ့) လို့ သူငယ်ချင်းတွေ ပြောကြတော့ ... စွန်လွှတ်ခြင်း အနုပညာကို ကျုပ် စွန့်လွှတ်လိုက်တယ်...
ဒါနဲ့ စွန်မလွှတ်တော့ဘူး... ဘောလုံးကန်တဲ့ အထဲ ၀င်ပါတယ်... ဖြစ်ချင်တော့ အဲ့သည်မှာလည်း ပြဿနာက ကလေးကန်တဲ့ ဘောလုံး မဟုတ်ဘူး... လူကြီးကန်တဲ့ ဘောလုံးကို ကလေးတွေ ကန်နေကြတာ... ကျုပ်က သိပ်မပြေးနိုင်တော့ ဂိုးစောင့်ပေါ့... goal keeper ပေါ့.. အဲ့သည်မှာ... တဖက်အသင်းက တက်လာတဲ့ကောင်က အကောင် အကြီးကြီး အဲ့ဘောလုံးကြီးကို ကျုံးကန်ထည့်ပစ်လိုက်တာ... ကျုပ်ရင်ဝထဲ ဘောလုံးကြီး တည့်တည့်ဝင်လာတော့... ရင်ဝကို အမြောက်ဆန် မှန်သလိုပဲ... ဂိုးကွင်းထဲကို ကျုပ်လွင့်ထွက်သွားတာ အသက်တောင် မရှူနိုင်ဘူး... အဲ့သည့် တလုံးနဲ့တင် ကျုပ်တို့ ရှုံးတယ်... နောက်ဆုံး ရလာဒ်ကတော့... (ခိုင်လေးကို ဘောလုံး ပေးမကစားနဲ့)တဲ့...
ဒါနဲ့ ဘောလုံး လောကကို ကျုပ်စွန့်လွှတ်ခဲ့ရတယ်...
ကျိမ်းသေတာတခုကတော့ ကိုယ်မကျွမ်းကျင်ရင် ၀င်မပါနဲ့...
ဝင်ပါခဲ့ရင်လည်း ကျွမ်းကျင်အောင်လုပ်ကြပါလို့
(ဒေါ်အောင်ဆန်းစုကြည်-အပါအ၀င်... အားလုံးကို) အောင်သာငယ် ပြောခဲ့ချင်ပါတယ်...
(atn)

No comments:
Post a Comment