Apr 27, 2014

အောင်သာငယ်နှင့် သူ၏ အပိုင်းအစများ (၄)

January 21, 2014 at 4:01am

ကျုပ်ရဲ့ ညံ့ဖျင်းချက်တွေကို ရေးပြီးပြီ... ဆိုတော့ ဘာထပ်ရေးရမလဲ စဉ်းစားတဲ့အခါ... ကျုပ်ငယ်ငယ်က အထီးကျန်တဲ့အချိန်မှာ ကျုပ်ကို အဖော်ပြုပေးတဲ့ စာအုပ်ဘီရိုကြီးတွေကို သတိရသွားတယ်...

ကျုပ်မယ် သူငယ်ချင်းတွေနဲ့ ဂေါ်လီမရိုက်ရ စွန်မလွှတ်ရ ဘောလုံးမကန်ရ-ဆိုတော့ အိမ်မှာ တကောင်တည်း ဒါပေမယ့် ခြင်္သေ့လုပ်ရတာပေါ့... အဲ့သည် အချိန်မှာ ကျုပ်အတွက် ရှိနေတာ စာအုပ်ဘီရိုကြီး ၃ လုံးပဲ...

ကျေးဇူးတင်စရာကောင်းတာကတော့ ကျုပ်ရဲ့ ဒုတိယအမေတွေလို့ ပြောရမယ့် ကျုပ်အမေရဲ့ ညီမအငယ်ဆုံး ၂ ယောက်ရယ် ကျုပ်အမေ့အောက်က သူ့မောင် ကျုပ်ဦးလေး... သူတို့ကြောင့်သာ ကျုပ်က ကျောင်းမတက်ရခင်ကို စာဖတ်တတ်နေပြီ... ကျုပ်ဦးလေးကို ကျုပ်တို့ခေတ်က လူအတော်များများ သိလောက်ပါတယ်... ဗမာ့ အသံမှာ ထုတ်လွှင့်ရေးမှူး လုပ်ခဲ့ဖူးတယ်... သတင်းကြေငြာသူလည်း လုပ်ခဲ့ဖူးတယ်... ဦးရဲထွတ်-ဆိုရင် အတော်များများ သိနိုင်ပါတယ်... ကြော်ငြာဝင်တာ မဟုတ်ဘူး... အားလုံး သိအောင် ပြောပြနေတာ...

အဲ့သည့် ကျုပ် ဦးလေးက စာအုပ် ဘီရိုကြီး ၃ လုံးမှာ ရှိသမျှ စာအုပ်တွေကို အသေအချာ ကက်တလောက် လုပ်ထားတာ... စာအုပ်တိုင်းမှာ နံပါတ်တွေပါတယ်... အမျိုးအစားတွေပါတယ်... စာအုပ်တအုပ်မှာရှိတဲ့ သူလုပ်ပေးထားတဲ့ ကက်တလောက် နံပါတ်လေးတွေ ဖတ်လိုက်ရုံနဲ့ ဘာစာအုပ်ဆိုတာ သိနိုင်တယ်... သူက အဲ့သလို စနစ်တကျ လုပ်ပေးထားတာ...

ကျုပ်မယ်... လူကသာ သူငယ်တန်းမတက်ရသေးပေမယ့်... ဖတ်လိုက်တဲ့စာအုပ်တွေက မနည်းမနောပဲ... (ကမ္ဘာကို-ကိုင်လှုပ်သော ထို ဆယ်ရက်).. လို စာအုပ်တွေကနေစပြီး... (တရုပ်ပြည်သူ့သူရဲကောင်းများ) တွေ-အထိ... ဖတ်ပစ်တာပေါ့...

ကျုပ်မယ်... ငယ်ငယ်ကတည်းကကို အဲ့လို သူရဲကောင်း စာအုပ်တွေ ဖတ်ရတာကို သဘောကျနေခဲ့တာ... (တရုပ်ပြည်ပေါ်က ကြယ်နီ...) (အို့ယန်ဟိုက်၏တေးသံ..) ဆိုတာ ကျုပ် အသည်းစွဲပေါ့... ဥပမာ... (ဥက္ကဌကြီး-မော်-နှင့် ခရီးရှည် အတူ ချီတက်ခဲ့စဉ်က... )ဆိုတဲ့ စာအုပ်မျိုးဟာ ကျုပ် ခဏခဏ ထုတ်ထုတ်ဖတ်တာ...

သည်လိုနဲ့ အားကစားမှာ ကျုပ် အသုံးမကျတဲ့အချိန်တွေကို စာအုပ်တွေနဲ့ လဲလှယ်ပစ်ခဲ့ပလိုက်တာပဲ...
သည်လိုနဲ့ ကျုပ်ဘ၀က စာအုပ်ဘီရိုကြီး ၃ လုံးကြား လုံးဝ ရောက်သွားတော့တာပဲ.... အမေ ထောင်က လွတ်လာတော့တောင် ကျုပ်က အဲ့ စာအုပ် ဘီရိုကြီး ၃ လုံး ကြားထဲမယ် ခေါင်းစိုက်ကောင်းနေတုန်းပဲ... အမေ့ကို အိမ်လာပြန်ပို့တဲ့ စစ်ထောက်လှမ်းရေးကား အိမ်ရှေ့ရောက်တာတောင် ကျုပ် မသိဘူး...  အမေက (သားလေး ဘာတွေ ဖတ်နေလဲ... ) မေးမှ... အမေ့ကို ကျုပ် ပြေးဖက်ရတာ... ခုနေ ပြန်စဉ်းစားမိတော့ မျက်ရည်လည်တယ်... တကယ်...

ဒါပေသည့် ကျုပ်ကို ကဗျာတွေ နဲ့ မိတ်ဆက် ပေးခဲ့တာကတော့ အမေပေါ့...  ကျုပ် ပထမဆုံး မှတ်မှတ်ထင်ထင် ရှိနေတဲ့ ကဗျာစာအုပ်ကတော့ ကျုပ်တို့ရဲ့ ဆရာကြီး-ဆရာတင်မိုးရဲ့ ဖန်မီးအိမ်ပါပဲ...

နရသိန်ထဲက အမေ့ ကဗျာတွေ အကြောင်းကတော့ ကျုပ်ရဲ့ (သူပုန်တယောက်ရဲ့ ဒိုင်ယာရီ) တွေထဲမှာ ပြောထားခဲ့ဖူးပြီးပြီ-ဆိုတော့ သည်မှာတော့ မပြောတော့ပါဘူး...

ကျုပ်ပြောချင်တာကတော့ ကလေးတယောက်ဟာ...  ကျန်တဲ့ ကလေးတွေနဲ့ ကွဲကွာသွားပြီဆိုရင်... သူ့ဘ၀မှာ အဖော်လုပ်စရာ တခုခုတော့ ရှိရမှာဖြစ်တယ်... ကျုပ် ကံကောင်းတာက စာအုပ်တွေ ရှိနေတာပါပဲ...

အင်း... ခုတော့... ကျုပ်လည်း ကလေးတယောက် မဟုတ်တော့ဘူး... ဆိုတော့... လူကြီးတွေ အကြောင်းပဲ ပြောရမှာပေါ့...

လူကြီးတယောက်ဟာ... တခြားလူကြီးတွေနဲ့ ကွဲကွာသွားရင်... ဘာလုပ်မှာလဲ... ဆုတံဆိပ်တွေကို ဖုန်သုတ်နေမှာလား...

(atn)

No comments: