
“အာ ဂျာ ဂျီး... ”ကျနော့် အနားကို ရောက်လာတဲ့ သားငယ်လေးက
ကျနော့်ကို ကြည့်ပြီး ပြောလိုက်တဲ့စကားပါ...
“ဘာလဲ သား... ” လို့ ကျနော်မေးလိုက်တော့
ကျနော့်ရှေ့က
ကွန်ပြူတာ မော်နီတာကို လက်ညှိုးထိုးပြီး
“အား ဂျစ်... ဂျစ် ဂျီး...”“ဘာလဲ သားရဲ့... ဘာပြောတာလဲ” သူပြောတာကို ကျနော် နားမလည်ပါဘူး...
ဒါကြောင့် ပြန်မေးလိုက်တာပါ...
အဲလို ကျနော် မေးတာကိုလည်း သူ နားလည်သလား
ကျနော် မသိပါဘူး...
ဒါပေမယ့် ကျနော့်ကို ပြန်ပြုံးပြနေတဲ့ သားကလေး မျက်နှာကို ကြည့်ပြီး
ကျနော် ပြောတာကို သူနားလည်တယ်လို့ပဲ
ကျနော့်ဘာသာ ယူဆလိုက်ပါတယ်...
သူပြောချင်တာကတော့
“ဖေဖေ ဘာလုပ်နေတာလဲ” လို့ ထင်တာပဲလေ...
သားကလေးကို ပေါင်ပေါ် ဆွဲတင်လိုက်ပြီး
ကျနော် ဖတ်လက်စ
အွန်လိုင်း စာမျက်နှာတခုကို
ဆက်ဖတ်လိုက်ပါတယ်။
ဒါပေမယ့်
ပေါင်ပေါ်ရောက်နေတဲ့ သားကလေးက
တွန့်လိမ် လူးလွန့် လှုပ်ရှားနေတာနဲ့
စာကို ဆက် မဖတ်ဖြစ်တော့ပါဘူး။
ဒါနဲ့ပဲ ကျနော့်ပေါင်ပေါ်မှာနေပြီး
“ဂျဲ ဂျဲ... ဒီး ဒီး ..” လို့ ပြောနေတဲ့
သားကလေးကို ပြန်ကြည့်မိပါတယ်။
လူသား အသေးသေးလေး...
ဘာအပြစ်မှ မရှိသေး...
စကားတောင် ကောင်းကောင်း မပြောတတ်သေး...
လက်ကလေးတွေက ကိုက်ဆွဲချင်စရာကောင်းလောက်အောင်
ဖောင်းဖောင်း အိအိကလေးတွေနဲ့...
ပါးကလေးကလည်း ဖူးဖူး အိအိကလေး...
သူ့ အသားလေးတွေအားလုံးက
ပါးမှာ ကပ်ထားချင်စရာကောင်းလောက်အောင်
နူးနူးညံ့ညံ့လေး...
သူ့ ဆံပင်ကလေးတွေကလည်း
ကြေမွတွန့်လိမ်လို့...
ဘယ်လို ဖီးပေေးပး... ပြီးရင် ပြန်တွန့်လိမ်သွားတဲ့
သူ့ ဆံပင်နီညိုမှောင်လေးတွေကလည်း
ချစ်စရာ...
ကျနော့် ဆံပင်တွေနဲ့တောင် တူနေသလား
စဉ်းစားမိသေးတယ်...
သူ့ မျက်နှာလေးက
ကျနော်နဲ့ တူသယောင်ယောင်....
သေချာတော့ မသိပါဘူး...
တချို့ကတော့ပြောတယ်...
အမေနဲ့ တူတယ်ဆိုပဲ...
ကျနော်တော့
သူ့ကို ကျနော်နဲ့ တူစေချင်နေတယ်...
အိုလေ... ဘာပဲဖြစ်ဖြစ်
တယောက်ယောက်နဲ့တော့ တူမှာပဲ မဟုတ်လား...
ကျနော်ကတော့
သူ့ ပါးဖောင်းဖောင်းကလေးတွေကိုပဲ
ချစ်နေမိတော့တာပဲ...
ကျနော် ငယ်ငယ်တုန်းကလည်း
အဲလို ပါးဖောင်းဖောင်းလေးတွေ
ရှိခဲ့ဖူးတာ ဖြစ်မယ်...
အမေ့ကို တွေ့မှ ပြန်မေးရမယ်...
အဲ.... ပြန်မေးလို့ မရတော့ဘူး...
အမေက မနှစ်က ဆုံးသွားပြီလေ...
ဘယ်သူ့ကို မေးရပါ့....
အဒေါ်တွေကို မေးမှ ဖြစ်မယ်ထင်တယ်...
ကျနော် စဉ်းစားနေတုန်း
သားကလေးက ပြောတယ်
“၀ဲဂျစ်...” တဲ့...
သူဘာပြောတာလဲ...
ကျနော် မသိ... သူပဲ သိမယ်...
သူ ခံစားနေရတာ တစုံတခုကို
သူပြောနေတာပဲ ဖြစ်မယ်...
ဒါမယ့် သူလိမ်မပြောဘူးဆိုတာတော့
ကျနော် သိနေတယ်...
ဘာလို့ဆို
ကလေးတွေက လိမ်မပြောတတ်ကြဘူးလေ...
ကျနော်ကတော့
သူ့ မျက်လုံး ပြာပြာလေးတွေထဲကိုပဲ
စိုက်ကြည့်နေမိတယ်...
ကောင်းကင်ပေါ်က တိမ်တွေကို
ကြည့်ရသလိုမျိုး...
သူ့ မျက်လုံး ကလေးတွေက
ပြာလဲ့ ကြည်စင်လို့...
အပြစ်ကင်းစင်တယ်ဆိုတာ
အဲလို မျက်လုံးလေးတွေပဲ...
ကျနော် ငယ်ငယ်တုန်းကလည်း
အဲလို မျက်လုံး ပြာပြာလေးတွေ
ကျနော့်မှာ ရှိခဲ့ဖူးမှာပါ...
အဲဒါတော့ ကျနော် သေချာပါတယ်...
အဲ ကျနော့် မျက်လုံးပြာပြာလေးတွေကိုလည်း
အမေက သိပ်ချစ်ခဲ့ဖူးမှာပါ...
ခုတော့ အဲလို မျက်လုံးပြာပြာလေးတွေ
ကျနော့်ဆီမှာ မရှိတော့ဘူး...
သားကလေးဆီကပဲ
ခဏငှားရတော့မယ် ထင်ရဲ့...
“အား... ပါ ပါး... ပူ ကျိ...”ဟော... သားကလေးက
စကားတွေ ထပ်ပြောနေပြန်ပြီ...
ကျနော့်အတွေးတွေကို
သူသိနေလေသလား...
“ဖေဖေ့ကို ကျနော့် မျက်လုံးတွေ မငှားနိုင်ဘူး...” လို့
သူပြောနေတာ ဖြစ်မယ်...
“အေးပါ... အေးပါ...ကွာ... ငါ မငှားပါဘူး... မင့်မျက်လုံးတွေကို ငါ မငှားပါဘူး... မပူပါနဲ့...”အဲလို ကျနော် ပြောလိုက်ရင်း
သားကလေးကို ပေါင်ပေါ်ကနေ ချပေးလိုက်တယ်...
တောက်တက်တောက်တက်နဲ့
ယိုင်ထိုး လျှောက်သွားတဲ့ သားကလေးဟာ
ချစ်စရာ အရမ်းကောင်းတယ်...
တကမ္ဘာလုံးမှာ ကျနော်အချစ်ဆုံးဟာ
သူဖြစ်နေပါပေါ့...
အင်း... ပြန်စဉ်းစားကြည့်မိတော့...
ကျနော်လည်း
တချိန်တုံးက
အမေ့ အချစ်ဆုံး ဖြစ်ခဲ့လိမ့်မယ်...
အဖေ့ အချစ်ဆုံးဖြစ်ခဲ့ဖို့တော့ မသေချာဘူး...
ဘာလို့ဆိုတော့
ကျနော့်ကို အမေမွေးတော့
အဖေက တောနက် တခုထဲမှာလေ...
ထားပါတော့လေ...
ကျနော့်ဘာသာကျနော် တွေးနေမိတာပါ...
အဖေ့ကို ကျနော် တခါ မေးခဲ့ဖူးတယ်...
အဖေနဲ့ ကျနော်တို့ ပြန်တွေ့ကြတော့...
“ဖေဖေ သားတို့ကို ချစ်လား...”“မင်းကိုယ်တိုင် သားကလေးတယောက်ရတော့ မင်းသိမပေါ့”တဲ့...
အဖေပြောခဲ့တဲ့ စကား...
ကျနော် ပြန်ကြားနေသေးတယ်...
ကျနော့်သားလေးတွေ ကျနော် ချစ်တယ်...
အဖေလည်း သူ့သားတွေကို ချစ်မှာပါ...
အခုတော့ အဲဒါကို
ကျနော် သိပ်ကို သေချာနေတယ်...
အဖေ ကျနော်တို့ကို ချစ်ခဲ့မှာပါ....
“ဂျေ..ဂျေ.. ဒဲ...”ဟော... သားကလေးက အနားရောက်လာပြီး ပြောနေပြန်တယ်...
“ဖေဖေ... သိပ်မစဉ်းစားနဲ့...”လို့ သူပြောနေတာဖြစ်မယ်...
“အေးပါကွယ်...ဘာမှ မစဉ်းစားတော့ပါဘူး... ”ဆက်ပြီးစဉ်းစားရင်း
သားကလေးကို စကားပြောနေမိတယ်....
“ငါ့နေ့တွေ ဘယ်တော့ ပြာလာမလဲ... သားလေးရဲ့”သားကလေးကတော့
ကျနော့်ကို မော့ကြည့်ရင်း
ချစ်စရာကောင်းအောင်
ပြုံးပြလို့... ပြောတယ်...
“နာနာ နီး...”တဲ့
သူ့အပြုံးထဲမှာ
ကျနော့် နေ့ရက်တွေ
ပြာလဲ့ကြည်စင်နေတာကို
မျက်ဝါးထင်ထင်
ကျနော် မြင်လိုက်တယ်...
ATN