Oct 10, 2009

အလွမ်းအ၀ါ အဆွေးအပြာ

ကျနော့်ရဲ့ အချစ်ဆုံး အကိုကြီး တယောက်ဖြစ်တဲ့ အကို ခင်အောင်အေး (အဝေးရောက် ပင်လယ်) က အသည်းကွဲနေတဲ့ ကျနော့် အတွက် ရည်ရွယ်ပြီး ကဗျာ တပုဒ် ရေးပို့ပေး ပါတယ်။ ကျနော့် ရင်ဘက်ကို တည့်တည့် ချိန်ပြီး ထိုးထည့်လိုက်တာပါ။ ဒါပေမယ့် လက်သီးတလုံး မဟုတ်ခဲ့တော့ ဟတ်ထိသွားတဲ့အခါ ပိုနာတယ်...း) ကျနော့်ကိုယ်စား ပြောပေးတဲ့အတွက် ကျေးဇူးပါ အကိုကြီး...

အလွမ်းအ၀ါ အဆွေးအပြာ

ဘယ်သူယုံနိုင်မလဲ
အလွမ်းဟာ အ၀ါရောင်၊ ပိတောက်ပန်းဝါသလိုဝါတယ်
ဆယ့်နှစ်ရာသီလို ၀ါတဲ့အခါလဲ ၀ါတယ်
နှင်းဆီလို ၀ါတဲ့ အခါများမှာ ပြုံးတ၀င့်ဝင့်
ကြာဖြူ ကြာနီတွေကြားမှာ ကြာအ၀ါဟာ အငြင်းပွားစရာ
မီးပွိုင့် မီးအ၀ါလို ၀ါတော့လဲ ကိုယ်ဟာ လစ်ရင်လစ်သလိုဖြတ်မောင်းသွားမှာပဲ
ဒါပေမယ့် အလွမ်းတွေ ရင်နဲ့အပြည့်။ ။


အဆွေးကတော့ အပြာရောင်
သွေးပြန်ကြော ပြာသလိုပြာတယ် အဆွေးဆိုတာ အပြာရောင်လို့
တယောက်ယောက်ပြောခဲ့ ဘူးသလား
အေး..ဘယ်သူမှ မပြောဘူးရင် ငါပြောတယ် အဆွေးဆိုတာ အပြာရောင်
ကောင်းကင်လို မပြီးနိုင် မစီးနိုင် ပင်လယ်လို ငွေ့ရည်ဖွဲ့လို့မဆုံး
ညိုမှောင်တဲ့ တောင်၊ သစ်တောစိမ်းစိမ်းနဲ့စိမ်းမှောင်တဲ့တောင်ပေမယ့်
တောင်ပြာတန်းက ငိုမယ်…လို့ ဖွဲ့စပ်ရတဲ့ တောင်လို အပြာ
ပြာလို လောင်မြိုက်ပြီးကျန်ရစ်တဲ့ ဘေးထွက်ပစ္စည်း တွေရယ်..
အဆွေးတွေ ရင်နဲ့အပြည့်။ ။


ခင်အောင်အေး
၉၊ အောက်တိုဘာ၊ ၂၀၀၉

စွန်းထင်းမှု (၂၂) (အ)

ကျနော့် အချစ်ဆုံး အကိုကြီးတယောက်ဖြစ်တဲ့ ရွှေရတုမှတ်တမ်းကလည်း ကျနော့်ရဲ့ စွန်းထင်းမှုတွေကို အောက်ပါအတိုင်း ၀င်ရောက် အားပေးသွားပါတယ် ခင်ဗျ...း)

ညစ်ပတ်ပေရေမှု ၂၂ , ၂၂ (က) နှင့် ၂၂(ခ) ..ကိုအမြင်ကပ်ပါသဖြင့်... ၂၂(အ) ကို.. ကဝိရှင် ကိုယ်တိုင် ရေးသားလိုက်ပါကြောင်း....

ဖယောင်းတိုင်

တတိုင်ကို တရာပေးတာတောင်
ကောင်းကောင်း မလောင်
ဟိုခွေ သည်ခေါက်နဲ့
ပျော့တီးပျော့ယောင်
လေ မတိုက်တာတောင်
တခြမ်းစောင်းလောင်
ဒီလောက်တောင်ဖြစ်လှ
သွားတော့ဟဲ့...ကောင်
ဒေါက်............(လွှင့်ပစ်သံ)


(ရွှေရတုမှတ်တမ်း)

ညီငယ်များနဲ့ နှမ မကေ ကို ချစ်လို့စတာ.. စိတ်မဆိုးကြေးနော်.... စိန်ကောင်း ကျောက်ကောင်းကြားထဲ.. တခါတလေ တော့လည်း ဂဲညပ်ကြည့်တာ...း)))

စွန်းထင်းမှု (၂၂) (ဂ)

ကျနော့်ရဲ့ နောက်ထပ်ညီငယ်တယောက် ဖြစ်တဲ့ ကိုလူထွေးကလည်း ကျနော့်ရဲ့ ပေကျံ သွားတဲ့ ဆေးစက်တွေ ထဲမှာ ထပ်ပြီး အားဖြည့်စွန်းထင်းသွားပါတယ်။ သူ့ စွန်းထင်းမှု ကလေးကိုလည်း အားပေးကြပါဦး...း)

ဖယောင်းတိုင်

ဒီကောင်
အူမ မတောင့်ပေမယ့်
သီလတော့စောင့်ရှာတယ်...
သူ့ကိုထွန်းသမျှ
လင်းပြတာချည်းပဲ...


(ကိုလူထွေး)

စွန်းထင်းမှု (၂၂) (ခ)

ကျနော့်ရဲ့ ပေကျံသွားတဲ့ ဆေးစက်တွေထဲမှာ ထပ်မံအားဖြည့် စွန်းထင်းလာတဲ့ နောက်တယောက်ကတော့ ကျနော့် အချစ်ဆုံး ညီလေး အမွှာပူး ညီငယ် မောင်ဖုန်းမြင့်ပါ။ သူကလည်း ညီမငယ် မကေကို အားကျမခံပေါ့ဗျာ။ သူ့ စွန်းထင်းမှုကလေးကိုလည်း အားပေးကြပါဦး...း)

ဖယောင်းတိုင်

သူ့ကိုယ်သူ ဦးခေါင်းဖျားကစပြီး
မီးရှို့ချလိုက်တယ်
သူ့ရဲ့ကျွမ်းလောင်မှုဟာ
မဟူရာ အမိုက်မှောင်မှ
အနဲငယ်သော လရောင်
သူ့ပျော်ဝင်မှု ပွက်အန်အပြီးမှာ
ကောင်းချီးမင်္ဂလာ မရှိတော့ဘူး
သူကတော့အချိုမြိန်ဆုံး လောင်ကျွမ်းခဲ့တယ် ။


(မောင်ဖုန်းမြင့်)

Oct 9, 2009

စွန်းထင်းမှု (၂၂) (က)

ကျနော့်ရဲ့ ပေကျံသွားတဲ့ ဆေးစက်တွေထဲမှာ ကျနော် တယောက်ထဲ မဟုတ်ရပါလားဗျာ...။ ညီအကို မောင်နှမတွေလည်း ပါနေမှန်း ခုမှ သိတယ်။ ပထမတခါတုန်းကတော့ ကျနော်နဲ့ အတူ ၀ိုင်းဝန်း စွန်းထင်းသွားတာကတော့ ကိုလူထွေးပေါ့။
ခုတော့ ကျနော့် စွန်းထင်းမှုတွေထဲမှာ အားဖြည့်စွန်းထင်းသွားတာက ကျနော့် အချစ်ဆုံး ညီမလေး ကျောက်ခဲကလေး မကေပါ။
သူ့ စွန်းထင်းမှုကလေးကိုလည်း အားပေးကြပါဦး...း)

ဖယောင်းတိုင်

သူ့ကိုသူ..
မေတ္တာရှင်လို့ထင်
လောင်မြိုက်….. ပျော်ဝင်
လှိုက်ကုန် ….. ယိုစီး
တတိတိ..... တအိအိ..
နောက်ဆုံး..
သူ - ငတုံး ဆိုတာ တောင်..
မသိ နိုင်အောင်..
အတုံးအရုံး


(ကေသွယ်)

စွန်းထင်းမှု (၂၂)

ဖယောင်းတိုင်

အူ ဆိုလို့
တချောင်းပဲ ပါလာနိုင်တယ်။
သည်အူတိုင်က သူ့နှလုံးသားပါပဲ။
သူတပါးကို အလင်းပေးဖို့
သူကိုယ်တိုင် မီးထိုးကျွေးခဲ့တာပေါ့။
ခုတော့
သူ့ခန္ဓာကိုယ်ပါ လောင်မြိုက်
အရည်ပျော်ကျသွားလိုက်တယ်။
မိုက်ရူးရဲသူတော့ မဟုတ်ပေဘူး။


ATN

Oct 8, 2009

A for AUNG

ဟနစံနဲ့ ဆင်ဆင် တက်ဂ်လို့ ရေးရပါတယ်။

Rules: It's harder than it looks! Copy to your own note, erase my answers, enter yours. Use the first letter of your name to answer each of the following questions. If the person before you had the same first initial, you must use different answers. You cannot use any word twice and you can't use your name for the boy/girl name question.

1. What is your name : Aung
2. A four Letter Word : Aces
3. A boy's Name : Augustine (Hey.... don't tell me it is my name... :)
4. A girl's Name : Agathar
5. An occupation : Appointment-setter
6. A color : Aurora Amber
7. Something you'll wear : Apron (I have to wear it every single day... :)
8. A food : Apple-pie
9. Something found in the bathroom :Air-refresher
10. A place : Australia
11. A reason for being late : All I know is I am really really late... :))
12. Something you'd shout : Anyone! Anywhere! Anything!
13. A movie title : American Pie
14. Something you drink : Army Rum.... :)
15. A musical group : Aerosmith
16. An animal : Adder
17. A street name : Alfred Circle
18. A type of car : Alfa Romeo (I wish I own one... :)
19. The title of a song : All I Have To Do Is Dream... :)
20. A verb : Add (Add me, please... on G-talk..... :)

ကဲ... ကိုယ့် အလှည့် ပြီးသွားတော့ ကျန်တဲ့သူတွေ အလှည့်ပေါ့လေ။ တက်ဂ်ရမယ့်သူတွေကို ရှာကြည့်လိုက်တော့ - ဟား.... တွေ့ပြီဗျား ကျနော့် ကျောက်ခဲကြီး... အဲလေ... အကိုကြီး ရွှေရတုမှတ်တမ်း၊ ဆီပုံထဲက အရုပ်တကာကို လျှောက်လျှောက်ဆော့ပြီး အလုပ်နောက်ကျတဲ့ ကျနော့် ညီမ မအယ်၊ အကိုငယ်ရေ့ဆိုပြီး လာလာ နောက်သွား တတ်တဲ့ ညီမငယ် မယ်ကိ၊ ရီစရာတွေ ရေးတတ်တဲ့ ညီငယ် ကိုလူထွေး၊ ညီမငယ် ဖြူစင်ကြယ်၊ ပြီးတော့ ကျနော့်ကို လာလာစတတ်တဲ့ ညီမငယ် ခရေညို၊ ၆ ယောက်ဆို တော်လောက်ပါပြီလေ။ အဲ... နေဦး... သူ့နံမည်ကို Z နဲ့ စတဲ့ ကိုဂျက်လီ (သူက စာရေးကောင်းတယ်... ရီစရာတွေ အရမ်း ရေးတတ်တာ... ခုတော့ Z နဲ့ သူ ဘယ်လိုရေးမလဲလို့ စိတ်ဝင်စားတယ်...း)

Oct 7, 2009

စွန်းထင်းမှု (၂၁)

တံတိုင်း

ထိစပ်သင့်တာတွေကိုရော
မထိစပ်သင့်တာတွေကိုရော
ကွာခြားပစ်လိုက်တယ်...
သူကိုယ်တိုင်စိတ်ပါလို့တော့ မဟုတ်ဘူး...
သူ့ကို တည်ဆောက်ခဲ့သူတွေသာ
စိတ်ပါကြလို့...


ATN

စွန်းထင်းမှု (၂၀)

ကလေး

နဂိုရ်မူလကတော့
ရွှံ့တုံးကလေး တတုံးစီမျှသာ...
အိုးထိန်းသည်မျိုးစုံ လက်ထဲ
ကိုယ်စီရောက်သွားကြတော့
ပုံစံမျိုးစုံ သွားတဲ့
သနားစရာ အိုးကလေးများပါပဲ...


ATN

Oct 6, 2009

စွန်းထင်းမှု (၁၉)

အရက်

လူတိုင်းအတွက် အဆိပ်...
အသည်းကွဲသမားများအတွက်မှာမူ
ပူလောင်ရက်စက်သော အမှတ်တံဆိပ်...
သူ့ဘာသာသူ တိတ်တိတ်ဆိတ်ဆိတ်နေနေသော်လည်း
လူတကာ အသိအမှတ်ပြုမှုကို
ကျိတ်မှိတ် ခံနေရသော အရည်..


ATN

စွန်းထင်းမှု (၁၈)

မနက်ခင်း

အသစ်တခုကို
မွေးဖွားခြင်းဖြစ်တယ်။
ပြီးတော့လည်း
အလင်းကို
ယူဆောင်လာခဲ့သေးတယ်။
ငါ ၀မ်းနည်းနေမိတာ
တခုပါပဲကွယ်...
သူ့ကို ထာဝရ
ငါ သိမ်းထားလို့ မရနိုင်တာလေးပါပဲ...


ATN

စွန်းထင်းမှု (၁၇)

ဗလာစာအုပ်

ဘာမှမရှိတဲ့ အဖြူရောင်မျက်နှာပြင်ပေါ်မှာ
ရေးချင်တဲ့သူ ရေးချင်ရာကိုရေး...
ကြည်ဖြူစွာ ခွင့်ပေးထားတယ်...
ဆွဲချင်တဲ့ ပုံတွေကိုဆွဲ...
သူကလည်း ဆဲရေးတိုင်းထွာမှုတွေ
လုပ်မှာကို မဟုတ်ဘူး...
သူ့ရင်ကို ထက်ခြမ်းခွဲ
စာရွက်တွေကို ဆုတ်ဖြဲပစ်လိုက်သည့်တိုင်
သူ့ဝဋ်ကြွေးတွေကို သူခံနေနိုင်တုန်းပါပဲ...


(အောင်သာငယ်)

Oct 5, 2009

ဘယ်သူနဲ့မှ မတူတယ်

ခုရက်ပိုင်း အိမ်ပြောင်းတဲ့ အချိန်မှာ ကားမောင်းရင်း လာခဲ့တဲ့ လမ်းမှာ ဟိုဟို သည်သည် စဉ်းစားမိရင်း ကိုယ့် လက်ရှိဘ၀၊ ငယ်ဘ၀ တွေကို သွားစဉ်းစားမိ ပါတယ်။ သည်လိုနဲ့ လူတွေ အားလုံးဟာ တယောက်နဲ့ တယောက် ပင်ကိုယ် သဘာဝတွေ မတူတတ်သလို ကိုယ်စီ ကိုယ်စီမှာလည်း ထူးခြားချက် ကလေးတွေ ရှိတတ်တဲ့ အကြောင်းကို သွားစဉ်းစားမိပါတယ်။

ကျနော် ကလေးဘ၀တုန်းက ဆိုရင် တခြားကလေးတွေနဲ့ မတူတဲ့ ထူးခြားချက် ကလေးတွေ ရှိခဲ့ဖူးပါတယ်။ အဲဒါတွေကတော့ ကျနော် ငယ်ငယ်က ကိုယ့်အိမ်အနားနဲ့ ကိုယ့်လမ်းထဲမှာပဲ ကစားလေ့ ရှိပါတယ်။ တခြားလမ်း တခြား ရပ်ကွက်တွေမှာ သွားကစားလေ့ မရှိပါဘူး။ အိမ်လည် ပြီးတော့လည်း မကစားတတ်ပါဘူး။ များသော အားဖြင့်ကတော့ အိမ်မှာ စာဖတ်နေလေ့ ရှိတာက များပါတယ်။ အဖိုးအဖွားနဲ့ အဒေါ်တွေ ဦးလေးတွေ စုထားတဲ့ လူတရပ်ကျော် မြင့်တဲ့ စာအုပ် ဘီရိုကြီး ၃ လုံးရှေ့မှာ ဖျာခင်းပြီး ကိုယ် စိတ်ဝင်စားတဲ့ စာအုပ် တအုပ်အုပ်ကို ယူဖတ်နေတာက များပါတယ်။

ဒါကြောင့်မို့ပဲဖြစ်မယ်။ ကျနော် ငယ်ငယ်က သူငယ်ချင်း အတော် နည်းပါတယ်။ လက်ချိုးရေရင် ဆယ်ယောက် မပြည့်ဘူး။ သူတို့ကလည်း တခြားလမ်းတွေ ရပ်ကွက်တွေက မဟုတ်ပါဘူး။ ကျနော်တို့ ဘေးအိမ်နဲ့ လမ်းထဲက သူငယ်တန်း ကတည်းက တတန်းထဲ တက်လာခဲ့တဲ့ သူတွေပါ။ နောက် ကစားတာထက် စာဖတ်တာက ပိုများလို့ ဖြစ်မယ် သူငယ်ချင်းတွေ ကစားကြတဲ့ ကစားပွဲတွေမှာ ကျနော်က အညံ့ဆုံးပါပဲ။ လူတိုင်း ကစားကြတဲ့ ကစားနည်း တွေကို ကျနော်က နားမလည်။ ကစားပြန်ရင်လည်း လူတိုင်း အလွယ်တကူ လုပ်နေ ကစားနေကြတာကို ကျနော့်မှာ ခက်ခဲ နေတော့တာပါပဲ။

ဥပမာ- ကလေးတွေ စုပြီး ဂေါ်လီပစ်ကြရင် တခြား ယောက်ျားလေးတွေ ပစ်သလို ဂေါ်လီကို ဘယ်ဖက် လက်ညှိုးနဲ့ လက်မကြားမှာ ကိုင်ပြီး ညာဖက် လက်ခလယ်နဲ့ ပစ်ထုတ်တာမျိုးကို မလုပ်တတ်ပါဘူး။ တခြား လူတွေ ပစ်ရင် ဂေါ်လီက တည့်တည့်ပဲ သွားပါတယ်။ တချို့ဆို တခြား လူရဲ့ ဂေါ်လီကိုတောင် ပစ်ခွဲ နိုင်လောက်အောင် လက်တည့်ပါတယ်။ ကျနော်သာ ပစ်လိုက်လို့က ဂေါ်လီက တည့်တည့် မသွားပဲ ကိုယ့်ရဲ့ ညာဖက်ခြမ်း ဆီကို လွင့်ထွက် သွားပါတယ်။ တည့်အောင် ဘယ်လိုမှကို မပစ်တတ်တော့ ဂေါ်လီကို သည်အတိုင်းပဲ ညာဖက် လက်နဲ့ကိုင်ပြီး လွှဲပစ်ရတာပါ။ သည်လိုနဲ့ ဂေါ်လီပွဲတွေမှာ ကျနော် အမြဲရှုံးတော့ ဂေါ်လီလောကကြီးကို အပြီးအပိုင် ကျောခိုင်းခဲ့ပါတယ်။ နောက်ဘယ်တော့မှ မကစား တော့ပါဘူး။ ဘာလို့ဆို ကစားရင်လည်း ကိုယ်က နိုင်ချင်သေးတာကိုး။ ကိုယ်ချည့် အမြဲတမ်း ရှုံးနေတော့လည်း ဘယ်မှာ ကစားချင်တော့မလဲလေ။

နောက်တခါ ဂျင်ပေါက်ကြတော့လည်း အဲလိုပါပဲ။ ဂျင်ရဲ့ သံကို အပေါ်ထောင်ကိုင်ပြီး တခြားဂျင်ပေါ်ကို အားနဲ့ ပေါက်ချ ရတဲ့ ယောက်ျားဒိုးလို့ ခေါ်တဲ့ ဂျင်ပေါက်နည်းကို ကျနော်က မပေါက်တတ်ဘူး။ ဂျင်ရဲ့သံကို အောက်စိုက်၊ ဂျင်ကို အရှေ့ကို လွှဲပစ်ပြီး ပေါက်ရတဲ့ မိန်းမဒိုးလို့ ခေါ်တဲ့ ပေါက်နည်းကိုပဲ ပေါက်တတ်ပါတယ်။ တခြား ယောက်ျားလေးတွေက ဂျင်ဘယ်နှစ်လုံး ခွဲပြီးပြီလို့ ဂုဏ်ယူ ၀င့်ြ့ကွားစွာနဲ့ တယောက်နဲ့ တယောက် ပြိုင်နေချိန်မှာ ကျနော်က ဂျင်တလုံးမှကို မခွဲခဲ့ဖူးသေးပါ။ ဘာလို့ဆို မိန်းမဒိုးနဲ့ ပေါက်မှတော့ တခြားဂျင်ကို ပေါက်မိရင်တော့ ရွေ့ရုံပဲ ရွေ့သွားမှာလေ။ ဘယ်လိုမှ ကွဲသွားမှာမှ မဟုတ်တာ။ သည်လိုနဲ့ သူငယ်ချင်းတွေက ကျနော့်နံမည်ကို ရှေ့မှာ (မ)တပ်ပြီး ခေါ်ကြတော့ ကျနော်လည်း သည် ဂျင် လောကကြီးကို အတော် စိတ်ထဲမှာ နာကျည်း သွားခဲ့ဖူးပါတယ်။ ဒါနဲ့ ဂေါ်လီလောကလိုပဲ ဂျင်လောကကို ကျနော် အောင်မြင်စွာ ကျောခိုင်းခဲ့ ပါတော့တယ်။

အဲသလို ဂေါ်လီလောကနဲ့ ဂျင်လောကကို ကျောခိုင်းခဲ့ရတာကိုတောင် သည်ကောင်က မမှတ်သေးဘူး။ ခက်တာက ကလေးဆိုတော့လည်း တခြားလူတွေ ကစားတာကို မြင်တော့ ကိုယ်လည်း ကစားချင်စိတ်က ဖြစ်နေတာကိုး။ သည်လိုနဲ့ စွန်လောကထဲ ခြေသွားရှုပ် လိုက်ပါသေးတယ်။ အမှန်တော့ တခြားလူတွေလို စွန်တိုက်ဖို့တို့ စွန်ပြိုင်ဖို့တို့ မပြောနဲ့ ရိုးရိုး စွန်တောင် လေထဲ ရောက်အောင် လွှတ်တတ်တာ မဟုတ်ဘူး။ ကိုယ် လုပ်တတ်တာက စွန်ကို တယောက်က လက်နဲ့ ကိုင်ပြီး ထိုးပေးလိုက်တာကို ကိုယ်က ကြိုးနဲ့ ဆွဲပြီး ပြေးတာလောက်ပဲ တတ်တာ။ ပြီးရင် စွန်က လေထဲ တက်လည်း ခဏပဲ။ လုံးဝ ကောင်းကင်မှာ ပျံနေတာမျိုး မဟုတ်ဘူး။ အဲလို အရည်အချင်းမျိုးနဲ့ ရစ်ဘီးကြီး ကိုင်ပြီး စွန်လွှတ်ချင် နေသေးတာ။ သူငယ်ချင်းတွေကတော့ သင်ပေးပါတယ်။ ကြိုးကို ဘယ်လိုဆွဲ၊ ဘီးကို ဘယ်လိုရစ်၊ လေမိရင် ဘီးကို ဘယ်လို လျှော့ပေး စသည်ဖြင့် ပေါ့လေ။ နောက်ဆုံးမတော့ ဘယ်လိုမှ သင်ပေးလို့ မရတဲ့ သည်အကောင်ကို အမောင်သူငယ်ချင်းများအားလုံး လက်လျှော့ သွားပါတယ်။ ကိုယ့်ကိုလည်း ၀ိုင်းပြီး အားပေးသွားကြပါတယ် - နောက်ဘယ်တော့မှ စွန်လွှတ်ဖို့ မစဉ်းစားနဲ့-တဲ့။ ဒါလည်း မမှတ်သေးဘူး။ တရက်သားမတော့ သူငယ်ချင်း တယောက် လွှတ်လို့ ဟိုးအမြင့်ကြီးမှာ တက်နေတဲ့ စွန်ကို တွေ့တော့ ရစ်ဘီးလေးကိုင်ပြီး ခဏလောက် လွှတ်ပါရစေ သွား တောင်းပန်တာပေါ့။ စွန်ကလည်း အမြင့်ကြီးမှာ၊ သူကလည်း သဘောကောင်းတော့ ထိုးကျသွားမယ် မထင်လို့ ကျနော့်ကို ပေးကိုင်တာပေါ့။ ရစ်ဘီးလည်း ရရော ဟိုရစ်သည်ရစ် လုပ်လိုက်တာ စွန်က တခါတည်း ဒိုင်ဗင်ထိုးချပြီး အောက်စိုက်ကျ သွားလိုက်တာ အောက်ရောက်တော့ ဂိုင်းတွေကန်ပြီး ကံကုန်တော် မူသွားရှာတာပေါ့လေ။ ဘာပြောကောင်းမလဲ။ သူငယ်ချင်းခမျာ ကိုယ့်ကိုယ် မထိုးရုံတမယ်ပါပဲ။ ကိုယ်လည်း ကိုယ့်မုန့်ဖိုးလေးကို စွန်ဖိုး လျော်ပေးခဲ့ရ တာပေါ့လေ။ သိပ်တော့ မများပါဘူး၊ အဲသည် ခေတ်တုန်းက ဆီစိမ် စွန်တကောင်မှ ပြား ၂၀ ပဲ ရှိတာကိုး။ သည်လိုနဲ့ စွန်လောကကိုလည်း ယောင်လို့တောင် လှည့် မကြည့်မိတော့ပါဘူးလေ။

အဲသလိုနဲ့ ဆယ်နှစ်သား ၀န်းကျင်လောက်ရောက်လာတော့ သူငယ်ချင်းတွေက ဘောလုံး စကန် နေကြတာပေါ့လေ။ ရှိသလောက် လူကလေး စုပြီး ၂ ဖက်ခွဲ၊ အိမ်ရှေ့က ကွင်းကြီးထဲမှာ မိုးတွေရွာပြီးဆို သွားသွား ကန်ကြတာပေါ့။ နဂိုရ်တုန်း ကတော့ ကျနော် မပါချင်ပါဘူး။ နောက်တော့ သူတို့တွေ ကန်နေတာကို ကြည့်ကြည့်ပြီး ကိုယ်လည်း ၀င်ကန်ချင်လာတယ်။ ဒါပေသည့် ဂေါ်လီ၊ ဂျင်နဲ့ စွန်လောက ၃ ခုကို ဥပေက္ခာပြု ထားခဲ့ရဖူးသူ ဆိုတော့ကာ သည်တခါတော့ အတော်လေး စဉ်းစားပါတယ်။ သွားကစားရင် ကောင်းမလား၊ မကောင်းဘူးလား- ပေါ့လေ။ သူတို့ ကန်နေတာ ကြည့်တော့လည်း သည်လောက် ခက်တာ မဟုတ်ဘူးလေ။ ဘောလုံးနောက် ပြေးလိုက်၊ ခြေထောက်နဲ့ ကန်၊ ဂိုးပေါက်ထဲ ကန်ထည့်၊ ဂိုးသမား ဖမ်းလို့ မမိရင် ဂိုးပေါ့။ သည်လောက်ပဲ မဟုတ်လား။ သိပ်မခက်ပါဘူး။ ဒါနဲ့ ကိုယ့်ကို အတော်ခင်တဲ့ သူငယ်ချင်းကို အပူ သွားကပ်ရတယ်။ ငါလည်း ပါချင်တယ်ကွ၊ ငါ့ကို မင့်အသင်းထဲ ထည့်ပါ-ပေါ့။ သူ့ အသင်းက သူငယ်ချင်းတွေ ကတော့ အင်တင်တင်ရယ်။ သည်ကောင် လာရှုပ်ပြန်ပြီပေါ့။ မလိုတမာအကြည့်တွေနဲ့။ သူငယ်ချင်းကလည်း အင်တင်တင်ပဲ။ လူကပြည့်နေပြီကွ-ဆိုပဲ။ ကိုယ်ကြည့်တော့ အားလုံးပေါင်းမှ ဆယ်ယောက် မပြည့်တာ လူက ဘယ်လို ပြည့်နေသလဲ-ပေါ့လေ။ ကွန်ပလိန်း တက်ရတာပေါ့။ ဘောလုံး တသင်းမှာ လူ ၁၁ ယောက် ကန်တယ် ဆိုတာလောက်တော့ ကိုယ်က သိနေပြီကိုး။ မင်းကလဲကွာ ခု ဆယ်ယောက်တောင် မပြည့်သေးတဲ့ ဟာကို-လို့ ပြောတော့ -အေးလေ ဟိုဖက်က ကောင်တွေ နောက်လူ တယောက်ထည့်ရင် မင်း ငါတို့နဲ့ ကန်ပေါ့-လို့ ကတိပေးတယ်။ အဲဒါမှ ဒုက္ခပဲ၊ ဟိုကောင်တွေက နောက်လူ တယောက် မထည့်ရင် ကိုယ်က ၀င်မကန်ရတော့ဘူး-ဆိုတော့ ဥာဏ်နီ ဥာဏ်နက်တွေ ထုတ်ရတာပေါ့လေ။ ကိုယ့်လိုပဲ အတော် အေးတဲ့ သူငယ်ချင်း တယောက်ရှိတယ်၊ သူကလည်း စာဂျပိုးကြီး၊ အေးတာ ကလည်း တနေ့လုံး နေလို့ စကား တခွန်း မပြောတဲ့ကောင်။ ဒါနဲ့ သူ့အိမ်ကို သွားပြီး သူ့ကို ဘောလုံးကန်ပါဖို့ အရေး အပြင်းအထန် ဆွေးနွေး ရပါတော့တယ်။ သူကလည်း ၂ ခါ မပြောရပါဘူး။ အေး ငါလည်း ကန်ချင်နေတာ-ဆိုပဲ။ ဟန်ကျလိုက်လေ။ ဒါနဲ့ ဟိုဖက် အသင်းက ကောင်တွေကို တခါသွားပြီး သံတမန် စကား ပြောရပြန်သေးတယ်။ ငါ သည်ဖက် အသင်းမှာ ကန်မလို့၊ ဒါကြောင့် မင်းတို့ လူမရှာရအောင် သည်ကောင့်ကို မင်းတို့ အသင်းထဲ ထည့်ပါ-ပေါ့။ သူတို့ကလည်း မငြင်းတော့ အတော် အဆင်ပြေသွားပါတယ်။ ဒါနဲ့ မိုးရွာတဲ့ တနေ့မှာတော့ ဘောပွဲကြီး စပါတယ်။ စကန်ကတည်းက ညမှောင်သွားတဲ့အထိ ခြေထောက်နဲ့ ဘောလုံး တချက်မှ မထိပဲ ဘောလုံးနောက်ကို ပြေးပြေးလိုက်ရင်း ဟောဟဲဆိုက်နေတဲ့ ကျနော့်ကို သူငယ်ချင်းတွေက ငြိုငြင်ပါတော့တယ်။ သည်လိုနဲ့ နောက် တပွဲမှာတော့ ဘောလုံးနောက်ကို ပြေးလိုက်စရာ မလိုတဲ့ ဂိုးသမား ဖြစ်သွားပါလေရဲ့။ အဲသည် နောက်တပွဲမှာလည်း သောက်သောက်လဲ ဂိုးလိုက်တာ ဟိုဖက်ကကောင်တွေ ကန်လိုက်သမျှ တလုံးမှ ကျနော် မမိရပါလားဗျာ။ အင်း-သည်လိုနဲ့ ဘောလုံးလောကကြီးကိုလည်း ၂ပွဲထဲနဲ့ မျက်နှာလွှဲခဲ့ရပြန်သပေါ့လေ။

သည့်နောက်မှာတော့ အားကစားဆိုလို့ ချက်စ်ထိုးတာရယ် အပျင်းပြေ ဂဏန်းပေါင်း တာရယ်က လွဲလို့ ခုန်ပျံပြေးလွှား အားကစားတွေနဲ့ ကျနော်နဲ့ ရှင်ခန်း ပြတ်ခဲ့ရပါကြောင်း။


Oct 4, 2009

ဖျားနေတယ်ဗျို့

လောလောဆယ်ဆယ် ဘာစာမှ မရေးနိုင်သေးပါ...
လူလည်း ခရီးပမ်းတဲ့ ဒဏ်ကို ခုမှ ခံရတယ် ထင်ပါတယ်။
မြို့ကလေးကလည်း ပင်လယ်ကမ်းခြေမြို့ကလေးပေမယ့် အတော် အေးတာကိုး...
ခုတော့ ပမ်းဖျားဖျားနေလို့ လမ်းမသလားနိုင်သေးကြောင်း
ကဗျာတွေ တွေးပေမယ့် စာမရေးနိုင်သေးကြောင်း အသိပေးအပ်ပါတယ်...

Oct 1, 2009

စွန်းထင်းမှု (၁၆)

ဒဏ်ရာ

မလိုချင်ပဲ ရလာတဲ့ အရာ...
နာကျင်မှုကို သိစေတဲ့အရာ...
သူပြန်သွားခဲ့တာတောင်
သူ့ကို မမေ့အောင် ခြေရာချန်ခဲ့တယ်...
ငါ့မှာသာ
အမာရွတ်ကလေးကို ပွတ်သပ်ရင်း ကျန်နေခဲ့...


ATN