Oct 31, 2008

နှင်းပြိုတဲ့ည






















သည်ညမှာ
နှင်းကို ငါ တွေ့ရတယ်..
နှင်းကို ငါ ပွေ့ရတယ်..
ဘ၀ စိုပြည်သွား...

နှင်းစွတ်စိုတဲ့
တောင်ယာတဲအိုလေးတလုံး.
နုပျိုနေတဲ့ မီးပုံလေးတပုံ..
ညနေဆည်းဆာကို ကိုယ်ရုံလုပ်တဲ့ ပင်လယ်တစင်း..
မေတ္တာယက်ရှယ်ရင်း ရီဝေတဲ့ ၀ိုင်နီတခွက်...
ကုန်းမြင့်ငယ်လေးထက် ပျော်ပါး...

ဒီညမှာ
ကြယ်တွေစုံတာပေါ့..
ရင်အုံတောင်
ဗုံတလုံး ဖြစ်ခဲ့တယ်။
ကြယ်ပြာတွေလည်း ကခုန်ရင်း
နှင်းမှုန်မှုန်တေးသွားမှာ နရီတွေပျောက်လို့
ညနံရံကို ဖောက်ထွက်သွားပေါ့...။

ATN

Oct 30, 2008

အလံတလက်နဲ့ပန်းပွင့်တွေ



















သည်မှာ ဒေါန...
သူ့ကျောမှာ သယ်လာသမျှ
ပန်းရိုင်းချည်းပါ့လေ...
သမိုင်းကို ခါးကျိုးကျမတတ်
တ၀ ထမ်းပိုးခဲ့ပေတယ်...

သူနဲ့အတူ
သွေးညှီနံ့ ထူထူပြစ်ပြစ်
ကြယ်နီစစ်စစ်တွေကို
မြိုမြိုချထားခဲ့ရတဲ့ မြွေဟာ
သည်မှာပေါ့ ...
သောင်ရင်းလေ...

အဲသည် နဒီဟာ
ဒဏ်ရာတွေ ရခဲ့သမှ အတုံးအရုံး...
သို့သော်လည်း အရှုံးကို ဖတ်စာမလုပ်ခဲ့...
နေ၀န်းနီနီနဲ့
အရှေ့ဆီက အလင်းရောင်
သူ သယ်ဆောင်ထားနေတုန်း...

ဒီလိုနဲ့
နိုဝင်ဘာနှင်းတွေမှုန်တဲ့
ရင်ခုန် စိတ်စော ဆောင်းတရက်...
နှလုံးသားချင်း ကိုင်းဆက်ကူးလူး
အိပ်မက်တစုံစီ ပုံတူကူးပြီးတဲ့အခါ....
ဒေါနနဲ့ သောင်ရင်း ရင်ငွေ့မှာ
ပန်းတပွင့် တွေ့လိုက်တယ်...

ကောင်းကင် အသစ်တခု
ပြက္ခဒိန်ပေါ်မှာ ထုဆစ်ဖို့...
ပန်းပေါင်းတို့စုံရာမြေ
'သေဘောဘိုး'မှာ
ပန်းတပွင့် ပွင့်တယ်၊
ပန်းတခြင်း ပွင့်တယ်၊
ပန်းတခင်း ပွင့်တယ်။
ပန်းပင်လယ်ကြီး ပွင့်တယ်။
အလံတလက်ကို အတူတူ လွှင့်လို့ ....

သင်တို့ ယုံကြည်လိုက်ပါ....
သည်အလံဟာ
မောင်းပြန်ကို တိုက်ခဲ့...
ဒေါင်းအလံကို စိုက်ခဲ့...
သန်းခေါင်ယံကို ရိုက်ခွဲခဲ့...
တိုက်ပွဲဝင်တဲ့ အလံလေ.....

သည်အလံအောက်မှာပဲ
ပန်းတချို့ ကြွေခဲ့တယ်၊
ပန်းတချို့ ဝေခဲ့တယ်၊
ပန်းတချို့ စွင့်ခဲ့တယ်၊
ပန်းတချို့ လွင့်ခဲ့တယ်၊
ပန်းတချို့ မွှေးခဲ့တယ်၊
ပန်းတချို့ ဝေးခဲ့တယ်၊
ပန်းတချို့ ပျောက်ခဲ့တယ်၊
ပန်းတချို့ ခြောက်ခဲ့တယ်၊
သည်အလံအောက်မှာပဲ
ပန်းတွေ ပွင့်နေဆဲပါ့...

အနှစ် နှစ်ဆယ်တိုင်တိုင်
သည်အလံကို ကိုင်စွဲရင်း
အလင်းကို တူးထုတ်နေတဲ့ ပန်းတွေ
ငါ ဦးညွတ်လိုက်ပါပေရဲ့.....

မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မ.က.ဒ.တ. ဖွဲ့စည်းသည့်
အနှစ် နှစ်ဆယ်ပြည့် နိုဝင်ဘာ ၁ ရက်နေ့ အခါသမယအတွက် ဂုဏ်ယူခြင်းနှင့်အတူ
မ.က.ဒ.တ. အလံတော်အား ယနေ့တိုင်ကိုင်စွဲကာ
စစ်အာဏာရှင် စနစ်အား တော်လှန်တိုက်ပွဲဝင်နေဆဲဖြစ်သော မ.က.ဒ.တ ရဲဘော်များအား
လေးစားစွာ ဂုဏ်ပြုလိုက်ပါသည်။

(အောင်သာငယ်)

Oct 29, 2008

ဆဲလ်ဖုန်း

ဟိုး.. လွန်ခဲ့တဲ့ စက်တင်ဘာ တုန်းက ရေးခဲ့တဲ့ ကဗျာ တပုဒ်ပါ။ အိမ်ပြောင်းရင်းနဲ့ လမ်းမှာ ရေးခဲ့တာ။ ခုတော့ မှတ်စု စာအုပ်ထဲမှာ ဘော့ပင်နဲ့ ဆွဲထားတဲ့ ပုံရော လက်ရေးမူရော အတူတွဲ ပြန်တွေ့တာနဲ့ တင်ဖြစ်လိုက်ပါတယ်။ (မကေရဲ့ ဧည့်ခံပွဲ ဆိုတဲ့ ပို့စ်တခုကို အားကျလို့ပါ-း) (သို့သော်လည်း ကျနော်ကတော့ သူ့လို လက်ရေး မလှပါဘူး)










































နံမည်တွေ မှတ်ထားရတာ
အာရုံ နောက်တယ်... ဆဲလ်ဖုန်းထဲ... ထည့်ပစ်..

လိပ်စာတွေ မှတ်ထားရတာ
အာရုံနောက်တယ်... ဆဲလ်ဖုန်းထဲ... ထည့်ပစ်...

နေ့ရက်တွေ မှတ်ထားရတာ
အာရုံ နောက်တယ်... ဆဲလ်ဖုန်းထဲ... ထည့်ပစ်...

လုပ်စရာတွေ မှတ်ထားရတာ
အာရုံ နောက်တယ်... ဆဲလ်ဖုန်းထဲ... ထည့်ပစ်...

မှတ်စရာတွေ အားလုံးဟာ
အာရုံနောက်စရာတွေချည်းပဲ... ဆဲလ်ဖုန်းထဲ... ထည့်ပစ်...

အိုး...
နောက်ဆုံးမှာ ဘ၀ တခုလုံးကိုပါ
အာရုံနောက်လာတယ်... ဆဲလ်ဖုန်းထဲ... ထည့်ပစ်လိုက်တယ်....

ခုတော့...
ဆဲလ်ဖုန်းက ငါ... ဖြစ်၊
ငါ... ကတော့ အလဟသကြီး ဖြစ်လို့ .....

ဒါနဲ့များ...
ခေတ်ကို လူက လုပ်တယ် ဆိုပဲ...
ဟုတ်ပါ့မလား...

ATN

Oct 27, 2008

ငြိမ်းချမ်းရေးတိုက်ပွဲ သီချင်းများ

ငြိမ်းချမ်းရေးတိုက်ပွဲ သီချင်းစာအုပ်လေးကို ဟိုတနေ့က စကဲန်ဆွဲပြီး အမှတ်တရ တင်ပေးလိုက်တာမှာ တချို့ကလည်း အဲတေးစုထဲက တချို့သီချင်းတွေကို မကြားဖူးတဲ့သူတွေလည်း ရှိနေတော့ သီချင်းတွေပါ တင်ပေးဖို့ တောင်းဆိုလာကြပါတယ်။ ဒါပေမယ့် ကျနော့် လက်ထဲမှာ ရှိနေတဲ့ တိတ်ခွေကတော့ နှစ်တွေ ကြာလွန်းလို့ စီဒီခုတ်လို့ မရလောက်အောင်ကို အသံတွေ ပျက်နေပါပြီ။ ခုတ်ပြီးသား စီဒီကလည်း လက်လှမ်းမီရာမှာ ရှာမတွေ့တာနဲ့ ထုံးစံအတိုင်း နက်ပေါ်မှာ လျှောက်ရှာရင်း ရသမျှ သီချင်းတချို့ကို နားမထောင်ဖူး မကြားဖူးသေး သူများအတွက် ပြန်တင်ပေးလိုက်ပါတယ်။

အဲတေးစုမှာ သီချင်းအားလုံး ၁၂ ပုဒ်ရှိတဲ့ အနက်က ၉ ပုဒ်ကို လောလောဆယ် တင်ထားပေးပါတယ်။ သမိုင်းရဲ့လက်များ၊ အိပ်မက်ရိုင်းများနဲ့ ငြိမ်းစေသောဝ်ငြိမ်း သီချင်း ၃ ပုဒ်ကတော့ ခုထိ မရသေးပါဘူး။ ရခဲ့ရင် ဒီမှာပဲ ထပ်ဖြည့်ပြီး တင်ပေးပါ့မယ်။

နားဆင် ခံစားကြပါကုန်။

ဒေါင်းတမန်



၃/၈၈ အင်းယား



စာချောက်ရုပ်



ဧည့်ဆိုး



လူငယ်ခြေကျ



အမှောင်လွှမ်းတဲ့ ကမ္ဘာကြီး



အရေးကြီးပြီ



ငြိမ်းချမ်းရေးတိုက်ပွဲ



သွေးမုန်တိုင်း

Oct 25, 2008

ငြိမ်းချမ်းရေးတိုက်ပွဲ





















ဟိုး လွန်ခဲ့တဲ့ ၁၆ နှစ်ဆီက လှုပ်ရှားမှုလေး တခုပါ။ ငြိမ်းချမ်းရေးတိုက်ပွဲလို့ အမည်ပေးထားတဲ့ တေးစုတခုကို အစစ ပြီးပြည့်စုံစေဖို့ ကျနော်တို့ အားလုံး အစွမ်းရှိသမျှ အားထုတ်ခဲ့စဉ် အချိန်ကပါ။

ကျနော် အိမ်ပြောင်းရင်းနဲ့ ပစ္စည်းတွေ ပြန်လည်နေရာချရင်း အမှတ်တရတွေက သူ့ အလိုလို ခုန်ထွက် လာတာပါ။ အဲမှာ ငြိမ်းချမ်းရေးတိုက်ပွဲ-နဂိုရ်ထုတ်စဉ်က စာအုပ်လေး ပြန်ထွက်လာတယ်။

အဲ သီချင်းစာအုပ်လေးက ကျနော်နဲ့ ကျနော့် အကိုရင်းလို ခင်မင်ရတဲ့ Mr. BURMA (ကာတွန်း-၀င်းထွန်း) ပေါင်းပြီး ကိုမွန်းအောင်အတွက် လုပ်ပေးခဲ့တာပါ။

အမိဗမာပြည်ထဲမှာ သီဆိုခွင့် မရခဲ့တဲ့ သီချင်းအားလုံးကို ကိုမွန်းအောင်ကပဲ ဆိုခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တနေရာမှာ အသံသွင်းပြီး ဖြန့်ဝေခဲ့တာပါ။ အဲသီချင်းတွေကို ခုထက်ထိ လူငယ်တွေ ဆိုနေကြတုန်းပါပဲ။

ကျနော် Scan ဖတ်လို့ရသမျှအားလုံးကို အမှတ်တရ တင်ပေးလိုက်ပါတယ်။































Oct 21, 2008

သူပုန်တယောက်ရဲ့ဒိုင်ယာရီ (၁၀)

ထမင်းထုပ်ယူပြီး အပြန်မှာ ခြေရှည်ပြီး အတွင်းလမ်းက ပြန်လာတဲ့အပြင် ထိပ်တိုက်ကို ပြန်အရောက်နောက်ကျနေတဲ့ ကျနော်တို့ နှစ်ယောက်ကို ကျန်တဲ့ ရဲဘော်တွေက လက်နက်ကြီး ကျသံတွေကြားတော့ စိုးရိမ်နေကြပါတယ်။ ထိပ်တိုက်ကို ကျနော်တို့ နှစ် ယောက် ပြန်ရောက်တော့ နိုင်နိုင်နဲ့ ရဲဘော်ကိုကိုလေးက လျှောက်မြောင်းအစပ်မှာ ထိုင်နေကြပါတယ်။ ကျနော်နဲ့ ၀င်းတင့်ဟန်ကို လှမ်းတွေ့လိုက်တော့ ကိုကိုလေးက - နင်တို့ နှစ်ကောင် ၃ လက်မ စာ မိနေပြီထင်တာ - လို့ လှမ်းအော်နေပါသေးတယ်။ - အေး မိမလို့ဟေ့... မကွဲလို့ဟ တလုံးက ငါတို့ရှေ့မှာ ကျတာကွ - ကျနော်က ပြောရင်း ကျနော် လျှော်လာခဲ့တဲ့ ယူနီဖောင်းကို အနားက တဲတလုံးရဲ့ နံရံကနေ ဆွဲထားတဲ့ သွပ်ကြိုးတန်းပေါ် လွှားတင်လိုက်ပြီးတော့ ထမင်းထုပ်ကိုဆွဲပြီး လျှောက်မြောင်းထဲ ခုန်ဆင်းလိုက်ပါတယ်။

ရဲဘော်ကိုကိုလေးနဲ့ ရဲဘော် သန်းစိန်တို့ကတော့ မနက်စာ စားပြီးသွားပါပြီ။ နိုင်နိုင်ကတော့ ကျနော့်ကို စောင့်နေရတော့ မစားရသေးပါဘူး။ ဆရာ စိုးမြင့်လည်း ထိုနည်းလည်းကောင်းပါပဲ။ သူလည်း ဆေးမှူးဝင်းတင့်ဟန်ကို စောင့်နေရတာကိုး။ - နိုင်နိုင်ရေ့ စားရအောင်... အိုဗာဟက်ထဲမှာ ထိုင်စားမယ်- ကျနော်က သူ့ကို ခေါ်ရင်းနဲ့ ထမင်းထုပ်ကိုဆွဲပြီး အိုဗာဟက်ထဲ တွားဝင်ခဲ့ပါတယ်။ နိုင်နိုင်လည်း လျှောက်မြောင်း နှုတ်ခမ်းပေါ်ကနေ လျှောက်မြောင်းထဲ ခုန်ချပြီး လိုက်ဝင်လာတယ်။ ကျနော်တို့ နှစ်ယောက်စာက ထမင်းထုပ် လေးထုပ်ပါ။ မနက်စာနဲ့ ညစာပေါ့လေ။ ရေကတော့ လျှောက်မြောင်း နံရံမှာ တူးပြီးထည့်ထားတဲ့ လေးဂါလံပုံးကြီးတွေနဲ့ အပြည့်ရှိတယ်။ ပါလာတဲ့ ထမင်းထုပ်တွေထဲက နှစ်ထုပ်ကို အိုဗာဟက်ဘေးနံရံမှာ တူးထားတဲ့ မြေဆင့်လေးမှာ တင်လိုက်ရင်း ကျန်တဲ့ နှစ်ထုပ်ကို ဖြည်လိုက်ပါတယ်။ သောက်ရေဘူးကရေနဲ့ လက်ဆေးရင်း ကျနော်တို့ အတွက် ထမင်းထုပ် နှစ်ထုပ်ကို ကြည့်လိုက်တော့ ဟင်းကတော့ ထုံးစံအတိုင်း ငါးသေတ္တာကို ငါးပိချက်လို ကျော်ချက်လုပ်ပြီး ခရမ်းချဉ်သီးနဲ့ ချက်ထားတာပါ။ ကျော်ထားတဲ့ ငါးရုတ်သီးခြောက် လေးတွေပါ ပါပါသေးတယ်။ ကျနော်တို့အတွက်တော့ နတ်သုဒ္ဓါပါပဲ။

အဲလိုစားကောင်းနေတုန်း နောက်ထပ် လက်နက်ကြီး ပစ်သံတွေကို ထပ်ကြားလိုက်ရပါသေးတယ်။ - ထုံ-ထုံ-ထုံ-ထုံ- လေးချက်။ နောက်တော့ နောက်ထပ် -ထုံ-ထုံ-ထုံ-ထုံ- လေးချက်။ - လာပြန်ပြီဟ... ဘယ်ကို ပစ်နေလဲ မသိဘူး - ကျနော်က ပြောရင်း ထမင်းဆက်စားနေပါတယ်။ နိုင်နိုင်ကတော့ ဘာမှ ပြန်မပြောပါဘူး။ နောက် စက္ကန့် အနည်းငယ် ကြာတော့ - ဂျိမ်း-ဂျိမ်း-ဂျိမ်း-ဂျိမ်း- ဆိုပြီး လက်နက်ကြီးကွဲသံတွေ ကျနော်တို့ အနောက်ဖက် အိုဗာဟက် ၀င်လမ်းဘက်ကနေ ကြားရပါတယ်။ - ဒီ-ဒီ-ဒီ-ဒီဘက်ကို ပစ်-ပစ်-ပစ်-နေတာဟ... - နိုင်နိုင်က အထစ်ထစ်နဲ့ ပြောနေတော့ ကျနော့်မှာ ရီရတာ ထမင်းတောင် သီး မတတ်ဖြစ်သွားပါသေးတယ်။ သူပြောနေတာကလည်း လက်နက်ကြီး ထွက်သလိုပဲ။ တလုံးချင်း ထွက်လာတာကိုး။ ကျနော်ရီတော့ နိုင်နိုင်ကဆဲပါသေးတယ် - လခွီး - တဲ့ အဲတာတော့ မထစ်ဘူးဗျ။း)

အဲနောက်တော့ ကျနော် ရီကောင်းတုန်းရှိသေး နောက်ထပ်လေးလုံးမှာ တလုံးက ကျနော်တို့ အိုဗာဟက်ပေါ်ကို ကျပါသဗျာ။ -ဂျုံး- ဆိုတဲ့ အသံကြီးနဲ့ တပြိုင်နက်တည်းပဲ ကျနော်တို့ ထိုင်နေတဲ့ မြေကြီးရော အိုဗာဟက် တခုလုံးရော ခါထွက်သွားတာ အမိုးပေါ်က ဖုန်တွေ သဲတွေဆိုတာ ဖွားကနဲ ကျနော်တို့ စားနေတဲ့ ထမင်းထုပ်ထဲ ကျလာတော့တာပါပဲ။ စားနေတဲ့ ထမင်းထုပ် နှစ်ထုပ်လုံးပေါ်မှာ နှမ်းလေးတွေ ဖြူးထားသလိုပါပဲဗျာ ဖုန်တွေနဲ့ သဲတွေ။ -အား ... .........သားတွေ - နိုင်နိုင်ရော ကျနော်ရော နှစ်ယောက်လုံး မတိုင်ပင်ပဲ တပြိုင်တည်း မေတ္တာပို့မိပါရော။ ထမင်းတွေကတော့ လွှင့်ပစ်လို့ မဖြစ်တော့ အပေါ်က သဲတွေကျတဲ့ အလွှာလေးပဲ လက်နဲ့ ဖယ်ပြီး ကျန်တာကို စားရတာပေါ့လေ။ ဒါမဲ့ သဲ မစင်ပါဘူး ကျန်တဲ့ အပိုင်းတွေလည်း စာရင်းနဲ့ သဲ တကျိကျိပါပဲ။ မတတ်နိုင်ဘူးလေ။ ၀ါးပစ်ရတာပေါ့။ ညစာ နှစ်ထုပ်ကို ထုတ်စားလို့မှ မဖြစ်တာ။ ဘာပဲပြောပြော အဲတုန်းက သွားကလည်း ကောင်းသေးတယ်လေ။ သဲတွေလည်း ၀ါးနိုင်သေးတာကိုး။း)

ပုံမှန်ဆို နေ့လည်ကြီး လက်နက်ကြီး ပစ်လေ့ မရှိပါဘူး။ ခုကတော့ ပစ်ကွက် စမ်းနေတာဖြစ်မယ်ထင်ပါတယ်။ ဒီလိုနဲ့ နောက်ထပ် လက်နက်ကြီးတွေ နေရာ အနှံ့အပြား အဲနေ့လည်က ကျတာပါပဲ။ ကျနော်တို့လည်း အိုဗာဟက်ထဲက ထွက်ကြည့်လိုက် ကိုယ့်အနားကို နီးလာတယ်ထင်ရင် အိုဗာဟက်ထဲ ပြန်ဝင်ပြေးလိုက်ပါပဲ။

နောက်တော့ နေ့လည်ရောက်တော့ ဆရာဇော်ခက်က ကျနော်တို့အကွက်ထဲက ရှိသမျှ အိုဗာဟက်တွေကို တခုချင်းကို ဘယ်နေရာကို ဂရုစိုက်ရမယ်ဆိုတာ သတိလာပေးပါတယ်။ - ဟေး... ဒီည တို့အကွက်ထဲကို ထိုးဖို့ များတယ်။ ဒါကြောင့် ပစ်ကွက်စမ်းနေတာ။ ထိုးတိုင်း နင်တို့ ဘေးက ဖုတ် (အိုဗာဟက်)ကို အမြဲတမ်း တက်တယ်။ အဲမှာက တက်တဲ့ လမ်းလည်း ရှိတယ်။ အဲတာ သတိထား။ ခုနင်တို့ အဲလမ်းနဲ့ နေရာတွေ ကြည့်ထားကြ။ နင်တို့ အထဲကတော့ တိုက်ရိုက် မမြင်ရဘူး။ လိုအပ်ရင် တယောက် အပြင်ထွက်ပစ် ဟုတ်လား - ဆိုပြီး ကျနော်နဲ့ နိုင်နိုင်ကို လာပြောသွားပါတယ်။

အဲတော့ ကျနော်တို့လည်း ညမမှောင်ခင် ထွက်ကြည့်ရပါတယ်။ ပွိုင့်ဖိုက် စက်ကြီး အိုဗာဟက်ကနေ ပြန်ရေရင် ထိပ်တိုက်ဘေးက အိုဗာဟက်တလုံး။ ပြီးတော့ နောက်တလုံး။ ပြီးရင် ဆရာဇော်ခက်ပြောတဲ့ ရန်သူ တက်နေ နေကြ ဆိုတဲ့ အိုဗာဟက်။ အဲမှာ အေကေ စက်လတ် တလက်ရှိပါတယ်။ ကျနော်တို့ အိုဗာဟက်က အဲ ဘေးမှာပါ။ လျှောက်မြောင်းတွေပေါ်ကို တက်ပြီး ကြည့်တော့မှ ပတ်ဝန်းကျင် တခုလုံးကို သေချာ မြင်ရတော့တာကိုး။ အဲမှာ အဲအိုဗာဟက်ဆီကို တက်လာလို့ရတဲ့ လမ်းကြောင်းကို မြင်နေရပါတယ်။ သံဆူးကြိုး နှစ်ထပ် ရှိနေပေမယ့်လည်း အဲတက်လမ်းမှာ ပေါက်နေတာကိုပါ လှမ်း မြင်နေရပါတယ်။ ဆရာဇော်ခက်ပြောတဲ့ လမ်းက အဲလမ်းပါပဲ။ ဒါမဲ့ အဲတက်လမ်းကြောင့်လည်း အေကေစက်လတ် တလက်ကို အဲအိုဗာဟက်မှာ ထားထားတာပါပဲ။ အဲအေကေစက်လတ်ရှိတဲ့ အိုဗာဟက်နဲ့ ကျနော်တို့ရဲ့ ပစ်ကွင်းကြားထဲမှာ သစ်ပင်ကြီး တပင်က ခံနေပါသေးတယ်။ ဒါကြောင့် ကျနော်တို့က အဲလမ်းကို ကျနော်တို့ အိုဗာဟက်ကနေ မမြင်ရတာပါ။ ဒါကြောင့်လည်း ဆရာဇော်ခက်က တိုက်ပွဲဖြစ်ရင် တယောက် အပြင်ထွက်ပစ်လို့ ပြောသွားတာပါ။ လျှောက်မြောင်း နှုတ်ခမ်းတွေမှာက ပစ်ကျင်းလေးတွေ (Fox Hole) ရှိပါတယ်။

ဒါနဲ့ ကိုယ့်နေရာပတ်ဝန်းကျင်တွေကို ကြည့်ပြီးသွားတော့ ကျနော်တို့ နှစ်ယောက်လည်း အိုဗာဟက်ထဲကို ပြန်ဝင်ပြီး သေနတ်တွေ ဖြုတ်ပြီး သေနတ်ပြောင်းတွေ ပြန်တိုက်ကြပါတယ်။ နောက်တော့ နေ့လည်စောင်းမှာ လက်နက်ကြီးသံတွေ ကြားထဲမှာပဲ နိုင်နိုင်နဲ့ ကျနော် တယောက်တလှည့်စီ ခဏလောက် အိပ်လိုက်ကြပါ သေးတယ်။ နောက် ကျနော်တို့ ပြန်နိုးပြီးတော့ ညမမှောင်ခင်မှာ ကျန်နေတဲ့ ထမင်းထုပ် နှစ်ထုပ်ကိုဖွင့်ပြီး ညနေစာ စစားတော့ လက်နက်ကြီးတွေ ဟိုဖက်ကရော သည်ဖက်ကရော စပြီး ပစ်နေကြပါပြီ။ အဲလိုနဲ့ ညနေ ကတည်းက စပစ်တဲ့ လက်နက်ကြီးသံတွေဟာ ညဥ့်နက်လာလေလေ ပိုစိပ်စိပ်လာလေလေပါပဲ။ ကျနော်တို့ ပတ်ဝန်းကျင်မှာလည်း တဂျုံးဂျုံး အသံတွေက မစဲတော့ပါဘူး။

ကျနော်နဲ့ နိုင်နိုင် တာဝန်ယူနေရတဲ့ အိုဗာဟက်က အမှန်တော့ မြေကြီးကို လူ နှစ်ယောက်စာ ကျင်းအရင်တူး။ ပြီးတော့မှ အဲကျင်းအပေါ်မှာ လူတပွေ့စာရှိတဲ့ သစ်လုံးတွေကို ကန့်လန့်ဖြတ်စီပြီး ဖုံးထားတာပါ၊ အဲသစ်လုံးတွေကို ဖုံးပြီးတော့ မြေဖို့တယ်။ ပြီးတော့ ဖို့ထားတဲ့ မြေပေါ်မှာ အဲလိုမျိုးနောက်ထပ် သစ်လုံးတွေကို နဂိုရ်ခင်းထားတဲ့ သစ်လုံးတွေအပေါ်မှာ ၉၀ ဒီဂရီ ကန့်လန့်ဖြတ် ထပ်တင်ထားတာပါ။ ပြီးတော့ မြေထပ်ဖို့ထားပါတယ်။ အဲမြေအပေါ်မှာမှ သဲအိတ်တွေ ထပ်တင်ပြီး အားဖြည့်ထားတာပါ။ ပြောရရင် သစ်လုံးတွေ နှစ်ထပ် ထပ်ထားတဲ့ မြေကျင်းတခုပါပဲ။ ဒါမဲ့ လက်နက်ကြီးတွေ အိုဗာဟက်ပေါ်ကို တိုက်ရိုက် ကျတိုင်း အန္တရာယ် ရှိပါတယ်။ သာမန် အားဖြင့် ၂ လက်မခွဲ (၆၀ မမ) စိန်ပြောင်း နဲ့ ၃ လက်မ (၈၁ မမ) စိန်ပြောင်း လောက်ကတော့ ပြသနာ မရှိပေမယ့် -၁၂၀ မမ မော်တာဆံသာ တိုက်ရိုက်ကျခဲ့ရင် ကျနော်တို့ အိုဗာဟက်က ပြိုသွားမှာပါ။

အဲလိုနဲ့ ည ၁၀ နာရီ ကျော်လာတဲ့အခါမှာ ကျနော်တို့ အိုဗာဟက်ထဲကနေ ကျနော်တို့ ရှေ့မြင်ကွင်းမှာ သေနတ် ပြောင်းဝတွေကနေ ထွက်လာတဲ့ မီးတန်းတွေကို စပြီး မြင်ရပါတော့တယ်။ အသံတွေကတော့ ဖလူး တခွင်လုံးမှာ ဆူညံနေတာဆိုတော့ ဘာတွေ ဖြစ်နေလဲ ဆိုတာကို မသိပါဘူး။ ကိုယ့်ရှေ့မှာ မြင်နေရတဲ့ တရွှီးရွှီး ဖြတ်နေတဲ့ မီးတန်းတွေကိုပဲ ကြည့်နေရတာပါ။ ကိုယ့်ရှေ့မှာ မီးတွေ တွေ့နေရပြီဆိုတော့ ကိုယ့်အကွက်ထဲမှာ ရန်သူ ရောက်နေပြီပေါ့။ ဒါမဲ့ ကျနော်တို့ မြင်နေရတာက မီးတန်းတွေက ကျနော်တို့ အိုဗာဟက်ရှေ့က ကန့်လန့်ဖြတ် သွားနေတယ်။ ဆိုတော့ ရန်သူက ကျနော်တို့ရဲ့ ဘယ်ဘက်မှာ ရှိနေတယ်။ ပြီးတော့ ကျနော်တို့ရဲ့ ညာဖက်ကို ပစ်နေတယ်ဆိုတာကိုပဲ သိတယ်။ ကျနော်ရော နိုင်နိုင်ရော ကြည့်နေပေမယ့်လည်း မီးတိုက်ရိုက်ပွင့်နေတဲ့ နေရာတွေကို မမြင်ရပါဘူး။ အဲအချိန်မှာ လက်နက်ကြီးတွေကလည်း ကျနော်တို့ အကွက်ထဲမှာ တဂျုံးဂျုံး ကျနေတာပါပဲ။ တခါတခါဆိုရင် ကျနော်တို့ အိုဗာဟက်ကို ၀င်လာတဲ့ လမ်းရှိရာ လျှောက်မြောင်းအ၀မှာ လက်နက်ကြီးကျလို့ အဲလက်နက်ကြီး ပေါက်ကွဲမှုကြောင့် တွန်းဝင်လာတဲ့ လေဟာ ကျနော်တို့ အိုဗာဟက်ထဲကို -ဟူးကနဲ-ဟူးကနဲ- ၀င်လာပါသေးတယ်။ ကျိန်းသေတာကတော့ ရန်သူက ကျနော်တို့ အကွက်ထဲကို ထိုးနေပါပြီ။

ဒါနဲ့ ကျနော်နဲ့ နိုင်နိုင် နှစ်ယောက်မှာ တယောက်ကတော့ Fox Hole မှာ သွားထိုင်ရဖို့ အခြေအနေ ဖြစ်နေပါတယ်။ ကျနော်တို့ အထဲက ဘာမှ မမြင်ရဘူး မဟုတ်လား။ တကယ်တော့ ခုလို လက်နက်ကြီးတွေ ကျနေချိန်မှာ ကျနော်လည်း အဲမှာ သွားမထိုင်ချင်ဘူး။ နိုင်နိုင်လည်း သွားထိုင်ချင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပစ်ကျင်းမှာက ဘာအမိုးအကာမှ မရှိတာကိုး။ အဲလို ဖြစ်နေတုန်းမှာ ကျနော်တို့ အိုဗာဟက်အ၀မှာ ရဲဘော်ကိုကိုလေးက လာအော်ပါတယ် - ဟေး... စိုးအောင်နဲ့ ကိုထွန်းထွန်းနဲ့ ထိသွားပြီ။ လူနာသယ်ရမယ်။ တယောက်ထွက်ခဲ့ - ဆိုတာ ကြားလိုက်ရပါတယ်။ ကျနော်က အိုဗာဟက် ၀င်လမ်းနဲ့ အနီးဆုံး ညာဖက်မှာဆိုတော့ ကျနော် တွားထွက်ခဲ့တယ်။ ကျနော့် အဲမ်-၁၆ ကတော့ လက်ထဲမှာ ဆွဲလျက်ပေါ့။ လျှောက်မြောင်းအ၀မှာ ကိုကိုလေးကို ကျနော်တွေ့တယ်။ အဲအချိန်မှာမှ လက်နက်ကြီးကွဲတာကို တွေ့ရတော့တာ။ အပေါ်က လျှောက်မြောင်းအစပ်မှာ တလုံးကွဲတယ်။ ဘာလဲတော့ မသိ။ ထင်တာတော့ အမ်-ဖော်တီး ထင်တယ်။ ခွမ်း- ဆိုကြားရပြီး အသံတွေက နားအူသွားတယ် မီးတွေ အမျိုးစုံ ပွင့်နေတာပဲ။

နောက်တော့ လျှောက်မြောင်းထဲကလျှောက်လာရင်းနဲ့ ကွန်ကရစ် အိုဗာဟက်ကြီးဆီ ရောက်လာတယ်။ အဲမှာ အော်နေတဲ့ ရဲဘော်စိုးအောင်ကို တွေ့ရတာပါပဲ။ ဆေးမှူး ၀င်းတင့်ဟန်ကတော့ - ဟေ့ကောင် မအော်နဲ့... ကြားသွားရင် ဖော်တီးအဲမ်တွေ လာလိမ့်မယ် - လို့ ပြောတာကိုလည်း ကျနော် ကြားလိုက်ရတယ်။

ဖြစ်တာက ဒီလိုပါ။ သူတို့နေတဲ့ အိုဗာဟက်ကြီးက ကွန်ကရစ် ဘန်ကာကြီး။ ဆိုတော့ စိတ်ချရတယ်။ ဒါမဲ့ ဘန်ကာနဲ့ လျှောက်မြောင်းက တိုက်ရိုက်ကြီး ဆက်ထားတာပါ။ အ၀င်ဝက လေးပေလောက်ပဲရှိမှာ။ တွားသွားစရာတောင် မလိုဘူး။ ထိုင်ပြီး ၀င်သွားလို့ရတယ်။ ဘန်ကာနဲ့ လျှောက်မြောင်းအစပ်မှာလည်း သာမန်မိုးထားတဲ့ အကာအရံတခုပဲ ရှိတယ်။ တခြား အမာခံ ဘာမှ မရှိဘူး။ အဲတော့ လျှောက်မြောင်းနဲ့ ဘန်ကာ ဆက်တဲ့ အ၀င်လမ်း အ၀မှာ ၈၁ မမ ( ၃ လက်မ မော်တာ) ကျကွဲတော့ အစတွေ ဘန်ကာထဲ ၀င်တာပါပဲ။ အဲမှာ ကိုထွန်းထွန်းက သူ့ အဲမ်-၁၆ ကို ပစ်နေတာ။ စိုးအောင်က ထိုင်ပြီး ကျည်ဖြည့်ပေးနေတာပါ။ ၈၁ အစတွေက စိုးအောင်ကို တိုက်ရိုက် မှန်တာပါ။ ဒါမဲ့ ကံကောင်းတာက သူ့ တင်ပါးနဲ့ ပေါင်နှစ်ဖက်ကိုပဲ မှန်တာ။ သေလောက်တဲ့ နေရာတွေ တခုမှ မမှန်လို့ပေါ့။ ကိုထွန်းထွန်းကတော့ ၈၁ အစတွေက ကွန်ကရစ် အိုဗာဟက်က နံရံတွေကို မှန်ပြီး ပြန်လွင့်လာတဲ့ ကျောက်စတွေ ကျောတခုလုံးကို မှန်တာပါ။

ဒါနဲ့ ဆေးမှူး ၀င်းတင့်ဟန်က ကိုထွန်းထွန်းအတွက်တော့ ဘာမှ မလုပ်ပေးနိုင်ဘူး။ စိုးအောင်အတွက်တော့ သူ့ပေါင်ကို ဖြတ်ထွက်သွားတဲ့ အပေါက်တပေါက်ကို သွေးထပ်မထွက်အောင် ပိတ်ပေးနိုင်တယ်။ ဒါမဲ့ အပေါက်တွေက အများကြီး။ ပြီးတော့ တင်ပါးမှာလည်း မှန်ထားသေးတယ်။ မဖြစ်မနေ သူ့ကို ကျနော်တို့ နောက်တန်း သယ်ရတော့မှာ။ တင်ပါးမှာ လက်နက်ကြီးစ ၀င်ထားတဲ့နေရာက သွေးတွေ ထွက်နေသေးတယ်။ ဒါနဲ့ စစ်သုံး ပုခက်တခုကို ရရာ သစ်လုံးတခုနဲ့ ပစ်နေခတ်နေတဲ့ ကြားထဲက လျှောက်မြောင်းထဲမှာပဲ ပုခက်တခု ဖြစ်အောင် လုပ်လိုက်တယ်။ ပြီးတော့ စိုးအောင်ကို သူတို့ အိုဗာဟက်ထဲက ဆွဲထုတ်ရတော့တာပါပဲ။ သူကလည်း ဒဏ်ရာရထားတဲ့သူဆိုတော့ ဘယ် လှုပ်နိုင်မလဲ။ သူ့ကို လျှောက်မြောင်းထဲ ဆွဲထုတ်ရတာ။ ဆွဲထုတ်တော့ နာတော့လည်း သူ့ခမျာ အော်တာပါပဲ။

ဒီလိုနဲ့ ညအမှောင်ထဲမှာ ပစ်နေခတ်နေတဲ့ကြားထဲက ကျနော်နဲ့ ရဲဘော်သန်းစိန်ဟာ ရဲဘော်စိုးအောင်ကို ထမ်းပြီး နောက်တန်းက ဆေးရုံဆီ သယ်ခဲ့ရပါတယ်။ သယ်တယ်ဆိုတာကလည်း အလွယ်တကူတော့ မဟုတ်ပါဘူး။ လျှောက်မြောင်းထဲကနေ သယ်ရတာပါ။ လျှောက်မြောင်းဆိုတာကလည်း အကျယ်ကြီး မဟုတ်ပါဘူး။ ၂ ပေခွဲလောက်ပဲ ကျယ်မှာပါ။ လူတကိုယ်စာ သွားလို့ ရရုံလောက်ပါပဲ။ မိုးတွေကရွာ။ လက်နက်ကြီးတွေကကျနဲ့ လျှောက်မြောင်းနှုတ်ခမ်းသားတွေက လျှောက်မြောင်းထဲ ပြန်ကျပြီး ဗွက်ထနေတာပါ။ အဲဗွက်က တတောင်လောက်ရှိပါတယ်။ အဲတတတောင်လောက်ရှိတဲ့ ဗွက်ထဲမှာ ခြေတွေ နစ်နေရင်းက လူနာပုခက်ကို နှစ်ယောက်တည်း သယ်ရတာပါ။ သယ်ရင်းနဲ့ လက်နက်ကြီးတွေ ကျလာရင်လည်း လျှောက်မြောင်းနံရံကို ကိုယ်နဲ့ကပ်ရင်း ဘုရားတပြီး ရပ်ရပါသေးတယ်။

အဲလိုနဲ့ နောက်တန်း ဆေးရုံရှိတဲ့ဆီကို ကျနော်တို့ ရောက်ခဲ့ပါတယ်။ ဂျဲင်နရေတာနဲ့ ထွန်းထားရတဲ့ မီးရောင်အောက်မှာ ဒဏ်ရာ ရထားကြတဲ့ စစ်သားတွေ အများကြီးပါပဲ။ ကျနော် တွေ့နေရတယ်။ မြေအောက် လှိုဏ်ဂူတခုထဲမှာ အဲလူတွေကို ယာယီပဲ ကုသပေးနိုင်တာပါ။ ရဲဘော်စိုးအောင်ဆိုရင် လက်နက်ကြီးအစတွေက တင်ပါးထဲမှာ ရှိနေတယ်။ ခွဲထုတ်ရမှာ။ ဒီနောက်တန်းမှာ မလုပ်နိုင်ပါဘူး။ ဆေးရုံတခုခုကို ပို့မှ ရမှာ မဟုတ်လား။

ဘာပဲဖြစ်ဖြစ် အဲနောက်တန်းဆေးရုံမှာပဲ သူ့ကိုထားပြီး ကျနော်နဲ့ ရဲဘော် သန်းစိန် ထိပ်တိုက်ကို ပြန်လာခဲ့ရ တာပါပဲ။ ကျနော်တို့ ပြန်ရောက်တော့ ကျနော်တို့ ဘေးက အေကေစက်လတ်ရှိတဲ့ အိုဗာဟက်ဟာ ၅၇ မမ နောက်ပွင့်လား ၈၄ မမ ရော့ကက်လောင်ချာလား မသိ တိုက်ရိုက် ထိပြီး ပွင့်ထွက်သွားပါတယ်။ ကရင်ရဲဘော် နှစ်ယောက်လုံးကျတယ်။ ကျနော်ပြန်ရောက်တော့ အဲဒီ ပွင့်ထွက်သွားတဲ့ အိုဗာဟက်ရဲ့ အမိုးပေါ်မှာ ဂျီ-ဖိုး တလက် ကိုင်ထားတဲ့ ကရင် ရဲဘော်တယောက်နဲ့ အတူ တညလုံး မနက်မိုးလင်းအထိ မှောက်လျက်ကြီး ကျနော် နေခဲ့ရတယ်။ ဒါမဲ့ ဘယ်သူ့ကိုမှ မပစ်ခဲ့ရပါဘူး။ အဲဒီညကတော့ ကျနော်အတွက် အမှတ်တရအဖြစ်ဆုံး ညပါပဲ။ လက်နက်ကြီးတွေက နေရာတကာ ပေါက်ကွဲလို့။ လက်နက်ငယ်တွေရဲ့ မီးတန်းတွေကလည်း ပိုက်ကွန်ကွက် တွေလို ရှုပ်ရှက်ခပ်လို့။

ကွန်ကရစ် အိုဗာဟက်ကြီးထဲမှာ ကျနော် မနေရပေမယ့် ကျနော့်ကို ဆူးတချောင်းတောင် အဲညက မခခဲ့ပါဘူး။ ကျနော်ထင်တာကတော့ ကျနော့်ကို လွမ်းနေမယ့် အမေ့မေတ္တာကြောင့်လို့ပဲ ထင်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

မြစ်
























ဟောဒီမှာ...
ခေါင်းကိုက်နေတဲ့မြစ်ပါ့
သီချင်းဟောင်းတွေကိုပဲ အသစ်လုပ်ဆိုနေရ...

မြစ်ရဲ့ရင်ကတော့ ပတ်ကြားတွေ အက်အက်
အလင်းရောင်တွေပဲ ပဲ့ပဲ့ထွက်နေပေါ့....

ပြောင်းပြန်စီးတဲ့ သွေးတွေ
နောက်ကျသွားတဲ့ ဖနောင့်တွေ
လေထီးလွယ်ထားတဲ့ သူရဲကောင်းတွေ
ကြွေအံကစားရာနေရာမှာ
မြစ်ဟာ မစီးဆင်းလေဘူး...

စိတ်.... ပျက်တယ်
သိပ်.... ခက်တယ်
အိပ်.... မက်တယ်
နှိပ်.... စက်တယ်
ကိုယ့်ဘ၀ဇာတ်ဆရာရယ်....ဆိုပြီး
ဗဒင် လို
မြစ်ဟာ..မငိုဘူး...

အက်စစ်ကို
ဖက်ဆစ်လို့
မင်းတို့ ဖတ်နေရတာဟာ
ခက်ဆစ်ကို နားမလည်လို့လား....
မြစ်က မေးတယ်။

ဒီလိုနဲ့
မင်းမသိလိုက်တဲ့နေ့မှာ
အိမ်ရှေ့က ဖြတ်မောင်းသွားတဲ့ကားတစင်းလို
အဲဒီမြစ် စီးဆင်းသွား...

အဲဒီနေ့ဟာလည်း မင့်နေ့ပဲမောင်
မြစ်ရဲ့ အရောင်ကို မောင်ရင် မသိသမျှ
လိုက်လို့လည်း မမှီရလေဘူး။

ATN

(အပြင်းစားတပုဒ်လောက်ရေးပါဦးလို့ ဆိုတဲ့ ညီငယ် ဆောင်းယွန်းလအတွက် အမှတ်တရ)

Oct 17, 2008

သူပုန်တယောက်ရဲ့ဒိုင်ယာရီ (၉)

နောက်နေ့မနက်တော့ ဆယ်နာရီကျော်မှပဲ ကျနော်တို့ နိုးပါတယ်။ နိုးတာနဲ့ ကျနော်တို့ နောက်တန်းမှာ ထမင်းထုပ် သွားသယ်ရင်းနဲ့ ရေသွားချိုးကြပါတယ်။ ယူနီဖောင်းကတော့ ပြောက်ကျားယူနီဖောင်း အပိုတစုံစီပဲ ပါကြတာဆိုတော့ ၀တ်ထားတဲ့ယူနီဖောင်းကို လျှော်ရမှာပါ။ မလျှော်လို့လည်း မဖြစ်တော့ဘူး။ စစ်ဘောင်းဘီက ရွှံ့တွေနဲ့ လူးပြီး နှစ်ရက် ကျော်လာတော့ မာတောင် ဂေါက်ဂက်ကြီး တောင် ဖြစ်နေပြီ။ ကျနော်တို့ ပြောနေတဲ့ လျှော်တယ်ဆိုတာကလည်း တကယ်တမ်းတော့ ယူနီဖောင်းကို ရေစွတ် ပြီးတော့ သောင်ရင်းမြစ် ဘေးက ကျောက်တုန်းတွေပေါ်မှာ ကိုင်ရိုက်ကြတာပါး) ဆပ်ပြာတွေ ဘာတွေ ဘယ်ပါလိမ့်မလဲ။ လူတိုက်ဖို့တောင် ဆပ်ပြာ မနည်း ရှာနေရတာ။ ယူနီဖောင်းအတွက်ကတော့ ဝေးစွ ပါပဲ။ ရေချိုး အ၀တ်လျှော်ပြီးသွားတော့ ထမင်းထုပ်တွေ သယ်ဖို့ နောက်တန်းက စားဖိုဆီ သွားရပါတယ်။ (အမှန်ကရေသွားချိုးချိန်မှာတောင် ကိုယ့်သေနတ်ကိုလည်း လွယ်ရပါသေးတယ်။ ရည်းစား ဓါတ်ပုံသာ ကိုယ်နဲ့မကွာ ဖြစ်လို့ ရချင်ရမယ်၊ ကိုယ့်သေနတ်ကတော့ ကိုယ်နဲ့ ကွာလို့ မရဘူး)

အဲဒီနေ့ကတော့ ဖလူးခံတပ်ထဲကို ကျနော်တို့ ရောက်တာ လေးရက်မြောက်တဲ့နေ့ပါ။ လေးရက်မြောက်ဆိုတော့ ပတ်ဝန်းကျင် အခြေအနေတွေ နည်းနည်း ပါးပါး သိနေပြီဆိုပါတော့လေ။ ထမင်းထုပ်သယ်ပြီး ပြန်တဲ့အခါ နောက်တန်းကနေ ထိပ်တိုက် ရောက်တဲ့အထိ လျှောက်မြောင်းတွေထဲက လျှောက်ရင် အကြာကြီး လျှောက်ရတယ်။ လျှောက်မြောင်းတွေကနေ မသွားပဲ ဖလူး အတွင်းထဲက သွားရင် လမ်းတိုပါတယ်။ ဒါမယ့် လက်နက်ကြီးတွေ ကျရင် ခိုဖို့ ကတုပ်ကျင်းတွေ လျှောက်မြောင်းတွေ မရှိပါဘူး။ အဆောက်အဦးတွေနဲ့ ကြခတ်ဝါးရုံတွေပဲ ရှိပါတယ်။ တခါတခါလည်း အဲအတွင်းလမ်းကနေ ကရင်ရဲဘော်တွေ ပြန်လာကြတာကိုလည်း တွေ့တွေ့နေရတော့ ဘာပဲဖြစ်ဖြစ် အဲလမ်းဟာ နောက်တန်းကနေ ထိပ်တိုက်ကို အတိုဆုံးလမ်းဆိုတာကိုတော့ ကျနော်တို့ သိနေကြပါတယ်။ တခါမှသာ မသွားဖူးကြတာပါ။ အဲနေ့ကတော့ ဘယ်သူက စသလဲတော့ မမှတ်မိဘူး - လျှောက်မြောင်းတွေက မသွားဘူးကွာ အတွင်းလမ်းကသွားမယ်- လို့ တယောက်ယောက်က စပြောပါတယ်။ ကျနော်ထင်တာကတော့ ဆေးမှူး ၀င်းတင့်ဟန်-ပဲ ဖြစ်မယ်။ ဒါမဲ့ သေချာတော့ မမှတ်မိတော့ဘူး။

ဘယ်သူကမှလည်း မငြင်း၊ ဘယ်သူကမှလည်း မထောက်ခံပဲ ကျနော်တို့ ၆ ယောက်လုံးထိပ်တိုက်ကို ဖလူးရဲ့ အတွင်းလမ်းထဲကနေ တက်လာခဲ့ပါတယ်။ နောက်တန်းစားဖိုက ထမင်းထုပ်တွေကို လက်နက်ကြီး ပစ်ကျင်းတွေနားကနေ ဖြတ်ပြီး သယ်လာခဲ့ပါတယ်။ နောက်တော့ လူသွားလမ်းတခုအတိုင်းကျနော်တို့ လျှောက်လာပါတယ်။ အဲမှာ အဆောက်အဦးတွေ အများကြီးပါပဲ။ ဘယ်ရော ညာရောမှာ အိမ်တွေ အဆောက်အဦးတွေ အများကြီးပါ။ အများစုကတော့ သွပ်မိုးထားပါတယ်။ ဒါမဲ့ အကောင်းပကတိရှိတဲ့ အဆောက်အဦးဆိုလို့ တခုမှ မရှိပါဘူး။ အားလုံးက အမိုးတွေမှာ နံရံတွေမှာ လက်နက်ကြီးတွေ ထိမှန်ပေါက်ကွဲ ဖောက်ထွင်းထားလို့ ပေါက်ပြဲ လန်ပြန်နေတဲ့ အိမ်တွေချည်းပါပဲ။ ကျောက်ပေါက်မာတွေနဲ့ လူတယောက်ရဲ့ မျက်နှာလိုပါပဲ။ အိမ်တိုင်း အဆောက်အဦးတိုင်းဟာ အတော့ကို အကျည်းတန်နေတာပါ။

အဲလိုနဲ့ တနေရာရောက်တော့ ကြွေအိုးအိမ်သာတွေ (ကျနော့် စိတ်ထင် လေးလုံးလောက် ရှိမယ်) ရှိတဲ့ အဆောက်အဦးတခုကို သွားတွေ့ ပါတယ်။ ရှေ့မှာလည်း အုတ်ရေကန်လေးတခု ရှိနေသေးတယ်။ ဒါနဲ့ ကျနော်က ကျနော့် ဘေးက ပါလာတဲ့ ရဲဘော် သန်းစိန်ကို - ဟေ့.. ငါ ကြုံတုန်း အိမ်သာ တက်လိုက်ဦးမယ်။ တယောက်တော့ နေခဲ့ကွာ - လို့ ပြောတော့ - ဟာ..ဗျာ... ခင်ဗျားကလည်း အရေးထဲ ... ဒီမှာ ရေချိုး အ၀တ်လျှော်ပြီးလို့ ဗိုက်ဆာရတဲ့ကြားထဲ၊ ကျုပ်တော့ မစောင့်ဘူး - လို့ ပြောတော့ - ဟ ... နင်ဗိုက်ဆာနေတာနဲ့ ငါလည်း အိမ်သာ တက်ချင်နေတာနဲ့ အတော်ပဲပေါ့ ဟ... ဟား..ဟား... - ကျနော်က သူ့ကို နောက်တော့ ရဲဘော်သန်းစိန်က မျက်နှာကြီး မဲ့ပြီး - ခင်ဗျားဗျာ....- ဆိုပြီး ဆက်ထွက်သွားပါတယ်။ ဆေးမှူး ၀င်းတင့်ဟန်ကတော့ - အကိုကြီး ကျနော်လည်း ၀ိတ်လျှော့ချင်နေတာ။ အခု အထူးတန်းရတာပေါ့။ ကျနော် အဖော်ရှိတယ် - လို့ ပြောပြီး အနားက ကြွေအိမ်သာရှိတဲ့ အခန်းတခုထဲ ၀င်သွားပါတော့တယ်။ ကျနော်လည်း အနားက အဲလို အခန်းတခုထဲဝင်ပြီး လျှော့ပေါ့ခြင်းအမှုကို ပြုရတာပေါ့လေ။

တခုပြောပြချင်တာက ကျနော်တို့တွေအတွက် ဒီဖလူးခံတပ်ထဲမှာ အဆင်မပြေ ဖြစ်နေတာက အပေါ့အလေးသွားရတဲ့ ကိစ္စပါပဲ။ တခါတခါ စားထား သောက်ထားတာတွေက တကယ့် အချိန်ကောင်း (လက်နက်ကြီးတွေ ဆက်တိုက်ကျလို့ အသက်တောင် ပြင်းပြင်း မရှူရဲတဲ့ အချိန်မျိုး) ကျမှ ဒုက္ခ ထပေးတတ်တော့ အတော့်ကို စိတ်ညစ်ဖို့ကောင်းတဲ့ ကိစ္စလည်း ဖြစ်နေတာကိုး။ အပေါ့သွားတာကတော့ သိပ် ကိစ္စ မရှိလှပေမယ့် ၊ အလေးကတော့ အတော့ကို လေးလံတဲ့ ပြသနာပါပဲ။ တူရွင်းတလက်ကို ကိုင်ပြီး လွတ်ရာ ကျွတ်ရာ တနေရာရာကို သွားရပါတယ်။ တောထဲကို သွားရတာပေါ့လေ။ သွားနေတုန်းများ - ထုံ-ထုံ-ထုံ ဆိုတဲ့ အသံ (မော်တာဆံတွေ ပြောင်းဝက ခုန်ထွက်လာတဲ့ အသံ)များ ကြားရရင် ဖင်တွန့်တယ်ဆိုတဲ့ စကားက အမှန်ပါပဲဗျာ။ ကိုယ့်ကိစ္စကို အမြန်ပြီး၊ ပြီးတဲ့ကိစ္စကိုလည်း ကိုင်လာတဲ့ တူရွင်းနဲ့ အမြန်ဖုံး။ အဲဒါတွေကို ဂျိမ်း-ဒုန်း-ဆိုတဲ့ အသံတွေ မကြားခင် ပြီးပြတ်အောင် လုပ်ရတာဆိုတော့ စဉ်းစားသာ ကြည့်ပေတော့။ အဲတော့ အဲလိုမျိုး အခြေအနေမှာ - ခုလို ကြွေဇလုံလေးကို တိတ်ဆိတ်နေတဲ့ အခြေအနေမှာ တွေ့ရတော့ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးတယောက်ကို လူ တယောက်မှ မရှိတဲ့ လမ်းကြားထဲ တွေ့ရသလိုပေါ့လေ။

အဲနောက်တော့ ကျနော်နဲ့ ဆေးမှူးဝင်းတင့်ဟန် နှစ်ယောက်ပဲ ကျန်ခဲ့ပါတော့တယ်။ ကိစ္စ ၀ိစ္စတွေပြီးတော့ ကျနော်လည်း ကျနော်နဲ့ နိုင်နိုင့်အတွက် ထမင်းထုပ်ကို ဆွဲ၊ ဆေးမှူး ၀င်းတင့်ဟန်လည်း သူနဲ့ ဆရာစိုးမြင့်အတွက် ထမင်းထုပ်ကိုဆွဲပြီး ဆက်ထွက် လာကြပါတယ်။ တနေရာရောက်တော့ ဘုရားကျောင်းတခု တွေ့ပါတယ်။ ထုံးစံအတိုင်းပါပဲ သေနတ်ဒဏ်ရာ လက်နက်ကြီး ဒဏ်ရာတွေနဲ့ မွစာကျဲနေတာပါပဲ။ အဲဘုရားကျောင်းကိုလည်း ကျော်လာပြီးရော နောက်ထပ် ဘာ အဆောက်အဦး တခုကိုမှ ထပ်မတွေ့ရတော့ပါဘူး။ နောက်ထပ်ကျနော်တို့ တွေ့ရတာကတော့ သဲဖြူဖြူနဲ့ မြေလမ်းကလေးတခုရယ် ဘေးဘယ်ညာက ကြခတ်ဝါးရုံတွေပါပဲ။

ဆေးမှူး ၀င်းတင့်ဟန်ကလည်း လူပုံကသာ ချာလီချက်ပလင်၊ စကားပြောလိုက်ရင်တော့ ဂန္တ၀င်တွေချည်းပဲဗျ။ သူက တကယ်တော့ အနုပညာသမား၊ ကဗျာတွေလည်း ရေးတယ်၊ စာတွေလည်း ရေးတယ်၊ ဗမာပြည်မှာ ရှိရှိသမျှ ဂီတ တူရိယာ ပစ္စည်း အားလုံးလောက် နီးနီးကိုလည်း တီးတတ်တယ်။ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်- အားလုံးပေါ့။ ကျနော် တကယ်ပြောနေတာပါ။ သူက Conductor လည်း လုပ်ခဲ့တယ် - လမ်းစဉ်လူငယ် ဘင်ခရာတီးဝိုင်းမှာ -း) တကယ်ပြောတာပါ။

အဲ အနုပညာသမားကြီးက ကျနော့်ကို ဘာပြောသလဲဆိုတော့ - အကိုရာ အခုလို သဲဖြူဖြူနုနုနဲ့ မြေလမ်းလေးတခုမှာ ဘေးက ကြခတ်ဝါးရုံလေးတွေကလည်း ရှိနေတာဆိုတော့ ကျနော့် ကောင်မလေးနဲ့သာ ကျနော် အတူတူ လျှောက်နေရရင် ဘာဖြစ်မယ် ထင်သလဲ - လို့ မေးပါတယ်။ ကျနော်လည်း - အင်း.... ငါထင်တာကတော့ ကောင်မလေးက မင်းကို ပါးရိုက်မှာပဲ... အဟီး.... - လို့ နောက်ပြောမိတုန်း

အဲလို ပြောနေတုန်းမှာပဲ -ထုံ-ထုံ-ဆိုပြီး အသံ နှစ် ချက် ကြားလိုက်ရပါတယ်။ - ဟ..ဟ... မော်တာသံထင်တယ် - ကျနော်က ၀င်းတင့်ဟန်ကို ပြောနေတုန်းမှာပဲ နောက်ထပ် -ထုံ-ထုံ-ထုံ-ဆိုတဲ့ အသံ သုံးသံကိုလည်း ထပ်ကြားလိုက်ရပါသေးတယ်။ ဒါနဲ့ သင်တန်းမှာ လေ့လာဆည်းပူးထားတာတွေရော လက်တွေ့ အတွေ့အကြုံတွေရော အားလုံးပေါင်းပြီး ထောင့်တစ် ထောင့်နှစ် စသည်ဖြင့် စက္ကန့်တွေကို ရေတွက်ရင်း မော်တာဆံ ကျကွဲမယ့် အချိန်ကို ရေနေမိပါတယ်။ နောက်တော့ ကျနော်တို့ရဲ့ ဘယ်ဘက်ခြမ်း တော်တော် လှမ်းလှမ်းမှာ ဂျိမ်း-ဂျိမ်း-ဆိုပြီး မော်တာ ကျည် နှစ်လုံး ကျကွဲသွားတာကို ကြားလိုက်ရပါတယ်။ - ဟေ့ကောင်ရေ့ နောက် သုံးလုံး ကျန်သေးတယ် ဟ ... ပြေးမှ ဖြစ်မယ် ထင်တယ် - ကျနော်က သူ့ကို ပြောရင်း စပြေးတော့တာပါပဲ။ သူလည်း နောက်ကလိုက်ပြေးရင်း ကျနော့်ကို ကျော် တက်သွားလေရဲ့။ (တော်တော် အပြေးမြန်တဲ့ကောင်ဗျး)

အဲမှာပဲ ကျနော်တို့ ရှေ့ အတော်လှမ်းလှမ်းမှာ - ဂျိမ်း-ဂျိမ်း-ဂျိမ်း-ဆိုပြီး ကျကွဲတဲ့အသံတွေ ကြားလိုက်ရပါတယ်။ တဆက်တည်းမှာပဲ နောက်ထပ် -ထုံ-ထုံ-ထုံ-ထုံ-ဆိုတဲ့ အသံ လေးသံကို ထပ်ကြားရတာပါပဲ။ ကျနော်ထင်တာကတော့ တခါတရံမှာ ရန်သူက အိုပီ (Observation Post) ကပေးတဲ့ ညွှန်းရပ် (Six Digit Grid Direction) တွေနဲ့ မြေပုံအတိုင်း ပုံသေပစ်ကွက် (Fixed Target) ကို စမ်းသပ် ပစ်ခတ်နေတာလို့တော့ ထင်ပါတယ်။ အဲဒါမျိုးက နေ့ခင်း မြင်ရတဲ့ အချိန်မျိုးမှာ လုပ်ရတာကိုး။

ဘာပဲဖြစ်ဖြစ် ကျိန်းသေနေတာကတော့ ကျနော်နဲ့ ဆေးမှူးဝင်းတင့်ဟန်ကတော့ ပစ်ကွင်း (Target Range) ထဲ ရောက်နေတာပါပဲ။ ပထမ နှစ်လုံးက ဘယ်ဘက်ခြမ်းမှာ ကျကွဲတယ်။ ဒုတိယ သုံးလုံးက ကျနော်တို့ အရှေ့ဖက်ကို ကျကွဲတယ်ဆိုတော့ နောက်ထပ် လေးလုံးက ဘယ်ကို ကျမှာလဲ။ ကျနော်တို့ နှစ်ယောက် ရှေ့ကို ပြေးနေတုန်းမှာပဲ - ရှပ်-ရှပ်-ရှပ်-ရှပ်- ဆိုတဲ့ အသံကို ထပ်ပြီး ကြားလိုက် ရပါတယ်။ အဓိပ္ပါယ်ကတော့ မော်တာဆံက ကျနော်တို့ ခေါင်းပေါ်က ကျော်သွားလို့ပါ။ မော်တာဆံနောက်က အမြီးပိုင်းကို လေတိုး သွားတဲ့အသံပါ။ အဲနောက်တော့ -ဂျိမ်း-ဂျိမ်း-ဆိုတဲ့ အသံနှစ်သံအပြင် - ရွှပ်......ဆိုတဲ့ အသံအရှည်ကြီး တခုကိုလည်း ကြားလိုက်ရပါတယ်။ အသိထဲမှာတော့ အနားမှာ မော်တာဆံကျကွဲပြီဆိုတာ သိလိုက်ပါတယ် အဲဒါနဲ့ တဆက်တည်း ကျနော်လည်း တွေ့ရာနေရာမှာ ဒိုင်ဗင်ထိုး ၀ပ်ချလိုက်တာပါပဲ။ ကျနော့် အရှေ့မှာက ၀င်းတင့်ဟန်ဆိုတော့ သူ့ကို ကျနော်က မြင်နေရတာကိုး။ သူလည်း ၀ပ်ချလိုက်တာပါပဲ။ သူ့ရှေ့တနေရာမှာ ဖုန်တွေ ထောင်းထောင်းထသွားတယ်။

ကျနော်လည်း ပြားနေရာကနေ ရှေ့ကို ကြည့်လိုက်တယ်။ ၀င်းတင့်ဟန်လည်း ပြားနေတုန်းပဲ။ ဒါမဲ့ နောက်ထပ်လည်း ဘာသံမှ ထပ်မကြားရဘူး။ ကျနော် ကုန်းထလိုက်တယ်။ ၀င်းတင့်ဟန်လည်း ကျနော့်လိုပဲ ကုန်းထလာတယ်။ ပြီးတော့ ကျနော်တို့ နှစ်ယောက် ရှေ့က လမ်းကို ကြည့်မိတော့ မော်တာဆံ မြေကြီးထဲဝင်သွားတဲ့ အရာကို တွေ့နေရတယ်။ အဲ မော်တာဆံက မကွဲဘူးလေ။ မကွဲလို့ မြေကြီးထဲ ထိုးဝင်သွားတာ။ မကွဲလို့လည်း ရွှပ်...ဆိုတဲ့ အသံကြီးကို ကျနော်တို့ နှစ်ယောက် ကြားခဲ့ရတာပေါ့။ ကွဲခဲ့ရင် ကျနော်တို့ နှစ်ယောက်လုံး ဂန့်ပြီပေါ့။ ကြည့်ရတာ ၈၁ မမ (၃ လက်မ မော်တာ) ဖြစ်ပုံရပါတယ်။ ပြီးတော့ ကျနော်တို့ နှစ်ယောက် တယောက်ကိုတယောက် နားလည်တဲ့အကြည့်နဲ့ ကြည့်ပြီး ထိပ်တိုက်ရောက်အောင် အသားကုန် ပြေးခဲ့ရတော့တာပေါ့ဗျား။

အဲနောက်မှာတော့ ထမင်းထုပ်သွားယူတိုင်း လျှောက်မြောင်းများကပဲ ကျနော်တို့ လျှောက်ခဲ့ပါကြောင်း။ (ဘာလို့ဆို အမေ့ကို ကျနော် ပြန်တွေ့ချင်သေးတယ်လေ)

(ဆက်လက်ဖော်ပြပါမည်)

Oct 15, 2008

သူပုန်တယောက်ရဲ့ဒိုင်ယာရီ (၈)

ကဲ.... ဆက်ရေးလိုက်ပါပြီဗျား ဒိုင်ယာရီ (၈) မရေးမချင်း နားလာပူနေတော့ အားနာလို့ (လူကတော့ ခေါင်းကိုက်နေတုန်းပဲ)

ဒါမဲ့ မရေးခင်လေး နည်းနည်းတော့ ပလ္လင်ခံပါရစေဦး။ ကျနော် ခုရေးနေတဲ့ ဖလူးဆိုတဲ့ ခံတပ်ကြီးက ဘယ်မှာ ရှိတယ်ဆိုတာ မသိကြတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ အဲဒါကြောင့် မြေပုံလေးလည်း ထည့်ပေးရင် ပို ကောင်းသွားမလား စဉ်းစားမိတာနဲ့ မြေပုံလေး (၂)ပုံလည်း Windows က Paint လေးနဲ့ ဆွဲပေးလိုက်ပါတယ်။ အနားမှာကလည်း လက်တကမ်းမှာ ဘာမြေပုံမှ မရှိဘူးဆိုတော့ ထုံးစံအတိုင်း Google ပဲ အားကိုးရတော့တာပါပဲ။

အောက်က ပုံ (၂) ပုံအနက် ပထမပုံထဲက အနီဝိုင်းကြီးက မြ၀တီမြို့ပါ။ အဲမှာ န၀တ စစ်တပ် ရှိပါတယ်။ အဲကနေပဲ ၁၂၀ မမ မော်တာ (စိန်ပြောင်း) ၁၀၅ မမ အမြောက်တွေနဲ့ ဖလူးခံတပ်ထဲကို လှမ်းပစ်တတ်ပါတယ်။ အနီဝိုင်းလေးကတော့ ဖလူးခံတပ်ပါ။















ဒုတိယပုံကတော့ ဖလူးခံတပ်ရဲ့ အနီးကပ်ပုံပါ။ ကျနော် ပြောခဲ့သလိုပါပဲ - သုံးဖက်သုံးတန်က သောင်ရင်းမြစ်ပါ။ အိုမီဂါပုံရဲ့ ပွင့်နေတဲ့ဖက်က ကျနော်တို့ တပ်တွေနဲ့ န၀တတပ်တွေ တိုက်ရိုက် ထိတွေ့ရာ ထိပ်တိုက် ဖြစ်ပါတယ်။ ဒုတိယပုံမှာ ပါတဲ့ အနီရောင်မျဉ်းတန်းက ဖလူး ခံတပ်ထဲမှာ ကျနော်တို့ ရှိစဉ်က တာဝန်ယူ တပ်စွဲခဲ့ရတဲ့ နေရာပါ။ ထိပ်တိုက်နဲ့ ကပ်လျက် ဖြစ်ပါတယ်။
















နောက်တခါ ပြောပြစရာ ရှိတာက ဖလူးခံတပ်မှာ ကျနော်တို့ တိုက်နေကြရတာက လှုပ်ရှားစစ်ကြောင်းတွေ မှာလို တိုက်ခိုက်နေကြတာမျိုး မဟုတ်ပါဘူး။ ရန်သူန၀တတပ်က ဒီဖလူးခံတပ်ကို လက်ရသိမ်းမိမှ ဒီခံတပ်ကြီးက ကာကွယ်ပေးထားတဲ့ လွတ်မြောက်နယ်မြေတွေကို စိုးမိုးနိုင်မယ်ဆိုတာ သိပါတယ်။ ဒါကြောင့်လည်း တန်ဖိုး အများကြီး ပေးပြီး လက်ရသိမ်းနိုင်ဖို့ ကြိုးစားနေတာပါပဲ။

မြေအရှင်၊ ထိုးစစ်အရှင်၊ ခံစစ်အရှင် ဖြစ်တဲ့ လှုပ်ရှား စစ်ကြောင်းတွေမှာကတော့ စိုးမိုးကုန်း (သို့မဟုတ်) မဟာဗျူဟာအရ အချက်အခြာ ကျတဲ့ နေရာ (Strategic Position) တွေကို မရရအောင် နေရာယူကြရပါတယ်။ မရရင်လည်း ရအောင် တိုက်ယူကြရပါတယ်။ အဲလို စိုးမိုးကုန်းတွေ ရတဲ့တပ်က အပေါ်စီး (Superiority) ရပြီး ပြီဆိုရင် တိုက်ပွဲရဲ့ အရှုံးအနိုင်ကို အဆုံးအဖြတ် ပေးနိုင်တဲ့ နေရာ (Decisive Position) ကို ရောက်သွားတာပါပဲ။ ဒါကြောင့် လှုပ်ရှား စစ်ကြောင်းတွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ အချိန်ကာလအရ သိပ်မကြာသလို တပ်ကို ဦးစီး ကွပ်ကဲတဲ့ တပ်မှူးတွေရဲ့ စစ်ရည် ပြည့်ဝမှု အပေါ်မှာလည်း အောင်ပွဲက အများကြီး မှီခိုနေတာကို တွေ့ကြရပါတယ်။

ဒါပေမယ့် မြေအသေ၊ ခံစစ်သေမှာကတော့ အဲလို မဟုတ်တော့ပါဘူး။ ကျနော်တို့က ခံတပ်ထဲကနေနေပြီး ခံတပ်ကို ထိုးစစ်ဆင်လာမယ့် ရန်သူကို ထိုင်စောင့်နေရတာပါ။ ပြောရရင် (Defensive Position) ပါ။ ရန်သူကို ကိုယ်က မတိုက်နိုင်ပါဘူး။ ရန်သူက လာတိုက် (Offensive) နေတာကို ပြန်ပြီး ခုခံတွန်းလှန်နေရတာပါ။ ရန်သူက စိတ်ကြိုက်တိုက်ရတဲ့ အနေအထား (Offensive Position) မှာ ရှိနေတာပါ။ တကယ့်တကယ် ပြောကြကြေးဆို ခံစစ်သေ-သမားအတွက်က ပင်ပမ်းလှပါတယ်။ ရန်သူကဘယ်အချိန်၊ ဘယ်နေရာက စပြီး ထိုးမလဲဆိုတာ မသိနိုင်ဘူး။ ၂၄ နာရီလုံး (Round the Clock) နိုးကြားထကြွနေရတယ်။ အင်အား ပြုန်းတီးပါတယ်။ ရန်သူကတော့ တရေးအိပ်ပြီး တရေးနိုးမှ ထတိုက်လည်း ဖြစ်တယ်။ ဆိုတော့ အမြဲတမ်း ရန်သူက အသာစီးရနေတဲ့ (Superiority) အနေအထား ဖြစ်ပါတယ်။

နောက်တခုက ဖလူးခံတပ်ကို ကျနော်တို့ ရောက်တဲ့ အချိန်မှာတော့ န၀တတပ်တွေက နေ့စဉ်လိုပဲ ထိုးစစ်တခုကို ပုံမှန် သဘောမျိုး ထိုးလေ့ရှိပါတယ်။ နေရာတွေသာ ကွဲသွားတာပါ။ ညရောက်တာနဲ့ လက်နက်ကြီးမျိုးစုံနဲ့ စခန်းထဲကို ပစ်ခတ်ပါတယ်။ မဟာ ဗျူဟာမြောက် ပစ်ခတ်ခြင်း ဆိုတာ တချို့လည်း ကြားဖူးမှာပါ။ လက်နက်ကြီး ကျည်တွေက အတန်းလိုက်ကို ကျလာ ပေါက်ကွဲတာပါ။ ပြီးရင် သူတို့ တပ်တွေ ကပ်ချင်တဲ့ ဖက်ကိုဆိုရင် ပိုပစ်တယ်။ ပထမအချက်က သူတို့ တပ်တွေကို ပစ်ကူပေးတာပါ။ နောက်တခုကတော့ ပစ်ရှင်းတာပါပဲ။ ရှိသမျှ မိုင်းတွေရော အိုဗာဟက်တွေရောပေါ့လေ။ လက်နက်ကြီးတွေ အကျများတဲ့ နေရာတွေဟာ သူတို့ တက်ထိုးမယ့် နေရာတွေဆိုတာ သေချာနေတော့တာပါပဲ။

သည်တော့ ဖလူးခံတပ်ထဲမှာက စစ်ယဉ်ကျေးမှုတခုလည်း ဖြစ်လာနေပါတယ်။ မနက်မိုးလင်း(မနက် ၅ နာရီ) ကတည်းက ညနေ (၅နာရီ) အထိက အပစ်အခတ်ရပ်စဲသော (Cease Fire Period) အချိန် ဖြစ်နေပါတယ်။ နှစ်ဖက် သဘောတူထားတာ မဟုတ်။ ဘယ်ဖက်ကမှ မပစ်ကြတာပါ။ (ဒါမယ့် တခါတခါလည်း ပစ်ချင်တဲ့ အချိန် ပစ်တတ်ကြပါသေးတယ်)။ အဲနောက်ပိုင်းနာရီတွေကတော့ မီးကုန်ယမ်းကုန် ပစ်ခတ်သော အချိန်များပါပေ။

ဆိုတော့ အဲ အပစ်ရပ်အချိန်မှာ ကျနော်တို့ ထမင်းစားတယ်၊ ထမင်းချက်တယ်၊ ရေချိုးတယ်၊ ကိုယ့် အိုဗာဟက်တွေကို သဲအိတ်တွေနဲ့ အားဖြည့်တယ်၊ သေနတ်ပြောင်းတွေ တိုက်တယ်။ ဒါမဲ့ ကျနော်တို့ အဲဒါတွေ လုပ်နေချိန်မှာ ရန်သူ န၀တတ တပ်တွေကရော အိပ်နေမယ် ထင်ပါသလား။ ဝေးစွ။ သူတို့တွေလည်း သူတို့ အားတွေကို ဖြည့်နေတာပါပဲ။ ကတုပ်ကျင်းတွေ နက်နက် ထပ်တူးတယ်။ လျှောက်မြောင်းတွေ ပိုရှည်ရှည် ထပ်တူးတယ်၊ ကျနော်တို့နဲ့ အနီးကပ်ဆုံးဖြစ်အောင် လျှောက်မြောင်းတွေကို ထပ်တူးတယ်။ ဖြည်းဖြည်းချင်း အနားကပ်တယ်။ သူတို့ လျှောက်မြောင်းတွေ တူးနေတာကို သာမန် မျက်စေ့နဲ့တောင် မြင်နိုင်တဲ့အထိ အနားကပ်ပြီး ရှိနေပါတယ်ဗျာ။

အဲလိုနဲ့ ကျနော်တို့ ၆ ယောက် နောက်တန်းကနေ အရံကျည်တွေ သယ်ပြီး ကိုယ့်နေရာတွေဆီ ပြန်ရောက် လာပါတယ်။ ကျနော်တို့ အားလုံး ကိုယ့်နေရာ ကိုယ်ပြန်ရောက်တော့ မနက် ၁၀ နာရီ ခွဲ ကျော် နေပြီ။ ဗိုက်တွေ ကလည်း ဆာနေပြီ။ နောက်တော့ နောက်တန်း ကနေ ပို့ပေးလာတဲ့ ထမင်းထုပ်တွေကို မနက် ၁၁ နာရီလောက် မှာ စပြီး ရပါတယ်။ ဖားအံခရိုင်က ကျောင်းသူကျောင်းသားတွေ ထုပ်ပေးတဲ့ ထမင်းထုပ်တွေပဲလို့ သိရပါတယ်။ ထမင်းထုပ်တွေ အများစုကတော့ ထမင်းနဲ့ ငါးပိချက်တွေပဲ ထည့်ထားတာပါ။ နောက်တော့ စာတွေလည်း ပါပါသေးတယ်။ ဒါမဲ့ အားလုံးလိုလိုက ကရင်လိုပဲ ရေးထားတဲ့ စာတွေပါ။ ဘာပဲဖြစ်ဖြစ် အဲ ထမင်းထုပ်တွေ ကတော့ ကျနော်တို့ကို အားဖြည့်ပေးတာပါပဲ။

ဒီလိုနဲ့ ထမင်းစားပြီးတဲ့နောက် တနေ့လည်လုံး ကိုယ့်အိုဗာဟက်ပေါ်ကို သဲအိတ်တွေ ထပ်ဖြည့်၊ လျှောက်မြောင်းတွေကို နောက်ထပ် နက်သည်ထက် နက်အောင်တူးတာနဲ့ပဲ အချိန်က ကုန်သွားပါတယ်။ ညနေရောက်တော့ အားလုံးပဲ ကိုယ့် အိုဗာဟက်လေးတွေထဲ ကိုယ်ဝင်ကြပေါ့။

ကျနော်လည်း ညနေမတိုင်ခင်လေးမှာ ခဏတော့ အိပ်လိုက်ပါသေးတယ်။ နောက်တော့လည်း ပြန်နိုး လာတာပါပဲ။ ဒီလိုနဲ့ ညနေ ၅ နာရီကျော်မှာ ပထမဆုံး လက်နက်ကြီးသံ စပြီး ကြားရတော့တာပါပဲ။ လက်နက်ကြီး အများစုကတော့ မော်တာခေါ်တဲ့ စိန်ပြောင်းတွေ ကြီးပါပဲ။ ဘာလို့လဲဆိုတော့ - အဲလက်နက်ကြီး တွေ ကပဲ တောင်တွေကို ကျော်ပြီး ပစ်နိုင်တာကိုး။ အဲတော့ ဖလူးခံတပ်ထဲကို အတား အဆီးတွေ ကျော်ပြီး ပစ်လို့ အကောင်းဆုံးကတော့ မော်တာ (စိန်ပြောင်း)တွေကြီးပါပဲ။ အဲတော့ ညနေဆိုရင် ထုံ-ထုံ-ထုံ-ထုံ-ဆိုတဲ့ အသံတွေကို အရင်ဆုံး စကြားရတော့တာပါပဲ။ အဲအသံတွေက မော်တာဆံတွေ မော်တာ ပြောင်းဝကနေ ခုန်ထွက်သွားတဲ့ အသံတွေပါပဲ။ နောက်တော့ ဂျိမ်း-ဂျိမ်း-ဂျိမ်း-ဂျိမ်း-ဆိုတဲ့ အသံတွေကို ကြားရပါတော့တယ်။ မော်တာကျည်တွေ ကျကွဲတဲ့ အသံတွေပေါ့။ အထူးသဖြင့် မော်တာဆံတွေက ကိုယ့် အနားကို မကျရင်ပေါ့လေး)

အဲလိုနဲ့ တချိန်လုံး ထုံ-ထုံ-ထုံ .... ဂျိမ်း-ဂျိမ်း-ဂျိမ်း.... ဆိုတဲ့ အသံတွေကချည်းပဲ ဖလူးတခွင်လုံး စိုးမိုးနေပါတယ်။ ဒီလိုနဲ့ ညဥ့်ကစနက်လာပါတယ်။ ကျနော်တို့ တာဝန်ယူထားရတဲ့ နေရာမှာ ရှိတဲ့ ထိပ်တိုက်က ပွိုင့်ဖိုက် စက်သေနတ်ကြီး ရှိရာ အိုဗာဟက်ကြီးကို တာဝန် ယူထားရတဲ့ ကေအဲန်အဲလ်အေက ဗိုလ်ကြီးစိုးမိုးကတော့ သူ့ဆီက ပွိုင့်ဖိုက် စက်သေနတ်ကြီးကို တာဝန်ယူပစ်နေတဲ့ တပ်ကြပ်ကြီး ဆရာဇော်ခက်ကို ကျနော်တို့ဆီကို လွှတ်လိုက်ပါတယ်။

အဲငတိကတော့ ကျနော်တို့ ရောက်ကာစက ကျနော်တို့ကို သိပ် အစာကြေပုံမရပါဘူး။ နောက်တော့လည်း ကျနော်တို့နဲ့ ညီအကိုလိုကို ရင်းနှီးသွားပါတယ်။

ဟေး----ကျိုးဖိုးတွေ ---- (ကျိုးဖိုး-ဆိုတာက ကရင်လို ကျောင်းသားလို့ အဓိပ္ပါယ် ရပါတယ်) မင့်တို့ ဥက္ကဌ ဘယ်ရောက်သွားလဲကွ--သူက ကျနော်တို့ အိုဗာဟက် အ၀မှာ လာအော်နေတာပါ။

ဟိုး.... ကွန်ကရစ် အိုဗာဟက်ကြီးမှာဗျ။ ခင်ဗျားက ဘာလုပ်မလို့လဲ။ ထမင်းခေါ်ကြွေး မလို့လား--- ကျနော်က ပြန်အော်ပြီး နောက်လိုက်ပါသေးတယ်။

မဟုတ်ဘူးဟ.... ဗိုလ်ကြီးက နင်တို့ ဥက္ကဌကို တရား ဟောခိုင်းမလို့...ဟ...... သူပြန်ပြောတော့ ကျနော်လည်း စိတ်ဝင်စားသွားပါတယ်။ ဘာလို့ဆို ကျနော်တို့ စခန်း ဥက္ကဌက ကျောင်းဆရာလည်း လုပ်ဖူးတယ်။ ခရစ်ယာန် တရားဟောဆရာလည်း ဖြစ်တယ် မဟုတ်လား။

နေဦး... ကျုပ်သွားခေါ်ပေးမယ်... သူ့ကို ပြန်ပြောရင်း ကျနော်လည်း အိုဗာဟက်ထဲက တွားထွက်လာခဲ့တယ်။ နောက်တော့ ကိုထွန်းထွန်းတို့ အိုဗာဟက်ဆီကို လျှောက်မြောင်းအတိုင်း လျှောက်ပြီး ရောက်သွားပါတယ်။ သူတို့ အိုဗာဟက်ထဲရောက်တော့ -- အံမယ် ... ဆရာသမားတွေက ဘယ်ကရတယ် မသိ။ ထိုင်းက မဲခေါင် အရက် တလုံးနဲ့ ငြိမ့်နေကြပေါ့.... ဥက္ကဌကတော့ -- ဟေ့ကောင်... လာ.... ဒီမှာ တခွက်ချ....ဆိုတော့ ဘယ်ရမလဲ... တခွက်မကဘူး ၂ခွက် ၃ ခွက်လောက် ချပေးလိုက်တာပေါ့။ ပြီးမှ - ဥက္ကဌ... ဗိုလ်ကြီး စိုးမိုးက ခေါ်နေတယ်။ တရား ဟောခိုင်းမလို့တဲ့--- ကျနော်ကပြောတော့ --- အာ... ဒီလောက် ပစ်နေခတ်နေတဲ့ ကြားထဲ ဘယ့်နှယ် ငါ့ တရားလာဟောခိုင်းနေတာလဲ ဟ--လို့ ဥက္ကဌက ပြောတော့ -- ဘယ်သိမလဲဗျ။ သူ မသေခင် တရားပေါက်ချင်လို့ ဖြစ်မှာပေါ့... ကျနော်ကတောင် နောက်လိုက်ပါသေးတယ်။

ဒါနဲ့ပဲ ဥက္ကဌ ကိုစအောင်လွင်လည်း ကျနော်နဲ့ ထိပ်တိုက်ကို ပါလာပါတယ်။ ထိပ်တိုက်ရောက်တော့ ဗိုလ်ကြီးစိုးမိုးက သူ့လက်ထဲကို ဘက်ထရီသုံး လောက်စပီကာတလက် ထည့်ပေးပါတယ်။ -- ကဲ... အဲ...စစ်ခွေးတွေကို တရားလေး နည်းနည်းလောက်တော့ ဟောလိုက်ပါဦး.... ဆိုမှ --- အလိုဗျာ ... န၀တ စစ်တပ်ကို တရားဟောခိုင်းနေတာပါလား..... ဆိုပြီး သိတော့တယ်။ ဒီဆရာတွေ လုပ်လိုက်မှဖြင့် ပစ်နေ ခတ်နေတဲ့ ကြားထဲ လောက်စပီကာနဲ့ တရားဟောခိုင်းနေသေး။ ကြည့်ရတာ သူတို့လည်း မကြာခဏ တရား ဟောနေကြပုံရပါတယ်။ ဘက်ထရီသုံး လောက်စပီကာတောင် ဆောင်ထားတယ်ဆိုတော့...

ကျနော်တို့ စခန်း ဥက္ကဌကလည်း ကရင်ဆိုတော့ သူတို့ချင်း ပါကညော(ကရင်)လို -- ပုကျုပုကျု-- ပြောကြပြီး တော့ ဗိုလ်စိုးမိုး အိုဗာဟက်ဘေးနားက လျှောက်မြောင်းအစပ်မှာရှိတဲ့ ပစ်ကျင်း (Fox Hole) တခုမှာ ဥက္ကဌက လောက်စပီကာကြီး ကိုင်ပြီး သွားထိုင်တာကို ကျနော် တွေ့လိုက်ပါတယ်။အဲတာနဲ့ ကိုယ့်အိုဗာဟက ဆီကို မပြန်သေးပဲ သူဘာတွေပြောမလဲ နားထောင်ချင်သေးတာနဲ့ လျှောက်မြောင်းထဲက ကျနော် ရပ်ကြည့်နေပါ သေးတယ်။ အနားမှာလည်း ကရင်ရဲဘော် နှစ်ယောက်ကလည်း ကျနော့်လိုပဲ ရပ်ကြည့်နေပါတယ်။

နောက်တော့ လောက်စပီကာထဲက တကြီကြီ မြည်သံနဲ့အတူ ဥက္ကဌအသံကို ကြားရပါတော့တယ်။ အသေးစိပ် အတိအကျကိုတော့ ကျနော်လည်း မမှတ်မိတော့ပါဘူး။ သူပြောသမျှ အကြမ်းဖြင်းကတော့ အောက်ပါအတိုင်း ပါပဲ။

ဗမာ့တပ်မတော်က အရာရှိအရာခံ အကြပ်တပ်သားများ ခင်ဗျား။ ကျနော့်နံမည် ရဲဘော် စအောင်လွင်ပါ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) သေ့ဘောဘိုးစခန်းကပါ။ ကျနော်တို့ဟာ ၁၉၈၈ ခုနှစ် သြဂတ်စ်နဲ့ စက်တင်ဘာလများမှာ ဗမာပြည်အရပ်ရပ်က မြို့ပြ လမ်းတွေပေါ်မှာ ရဲဘော်တို့ ပစ်သတ်ခဲ့တဲ့ လူငယ်ကျောင်းသားတွေထဲက မသေကြွင်းကျန်ခဲ့တဲ့ ကျောင်းသား လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပါ။ အခုတော့ ကျနော်တို့ လက်ထဲမှာလည်း ရဲဘော်တို့လိုပဲ သေနတ်တလက်စီ ကိုင်ဆောင်ထားပြီးပါပြီ။ မြို့ပြလမ်းတွေပေါ်မှာလို ရဲဘော်တို့ ပစ်ခတ်သမျှကို လက်နက်မဲ့ ငြိမ်ခံနေကြမယ့် လူတွေ မဟုတ်တော့ပါဘူး။

မိုးက စွတ်ပက် စွတ်ပက်နဲ့ ရွာနေတဲ့ အေးစိမ့်စိမ့်ညမှာ လောက်စပီကာကထွက်လာတဲ့ ဥက္ကဌရဲ့ အသံက အတော့ကို ကျယ်လောင်ပါပေတယ်။ ထူးဆန်းစွာပဲ လက်နက်ကြီး ပစ်ခတ်သံတွေကလည်း ရပ်စဲသွားပါတယ်။ ပုဇင်းရင်ကွဲတွေ အော်နေတဲ့ တကျီကျီ အသံကလွဲပြီး အားလုံးက တိတ်ဆိတ်နေပါတယ်။ ဥက္ကဌကလည်း အရှိန်ရသွားလေတော့ ဆက်ပြောပါတော့တယ်။

အခုဆို သေ့ဘောဘိုးစခန်းက ကျောင်းသားတပ်မတော်ဟာ ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ အတူ လက်တွဲပြီး ရဲဘော်တို့ကို ချေမှုန်းဖို့ အခု ဖလူးခံတပ်ထဲကို ရောက်ရှိနေပါပြီ။ ကျနော်တို့ရဲ့ ကျောင်းသား တပ်မတော် တပ်ရင်း (၃) ရင်းဖြစ်တဲ့ နရာ့လေး (ဥက္ကဌက ကရင်လူမျိုးဆိုတော့ စကား မပီပါဘူး။ သူပြောတာ ကတော့ ၂၀၄ ပါ) နရာ့ငါးနဲ့ နရာ့ခြောက် ကျောင်းသားတပ်ရင်းတွေဟာ အခုဆို ရဲဘော်တို့ကို ချေမှုန်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။

ကျနော်တို့ဟာ ရဲဘော်တို့ကို မတိုက်ချင်ပါဘူး။ ရဲဘော်တို့ဟာ အထက်က ပေးတဲ့ အမိန့်တွေကြောင့် ဒီလို အခြေအနေကို ရောက်နေရတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ အဲဒီတော့ ရဲဘော်တို့ကို ပေးနေတဲ့ မတရားတဲ့ အထက်က အမိန့်တွေကို တော်လှန်တဲ့ အနေနဲ့ အခု ကျနော်တို့ကို ချိန်ရွယ်နေတဲ့ ရဲဘော်တို့ရဲ့ သေနတ် ပြောင်းတွေကို အနောက်ကို ပြန်လှည့်ကြဖို့ ကျနော် တိုက်တွန်းလိုပါတယ်။ အဲလို မဟုတ် ခဲ့ရင်တော့ ရဲဘော် တို့ကို ကျနော်တို့ ကျောင်းသားတပ်မတော် တပ်ရင်း (၃) ရင်းက ချေမှုန်းရပါလိမ့်မယ်။

ဥက္ကဌရဲ့ စကားအဆုံးမှာတော့ ဗိုလ်ကြီးစိုးမိုးနဲ့ တပ်ကြပ်ကြီး ဇော်ခက် အပါအ၀င် ကျနော်တို့ ရပ်ကြည့်နေတဲ့ သူတွေ အားလုံးက လက်ခုပ်တွေတီးပြီး အားပေးလိုက်ကြပါတယ်။

ဗိုလ်ကြီးစိုးမိုးက --- ကိုအောင်လွင် ပြောနေတာကို ဒီကောင်တွေ နားထောင်နေတယ်ဗျ-- လို့ ပြောလို့ မဆုံးသေးခင်မှာပဲ တဒေါင်းဒေါင်းနဲ့ ဆွဲချလိုက်တဲ့ ဂျီဖိုး သေနတ်သံနဲ့အတူ လက်နက်ကြီး လက်နက်ငယ်တွေ အားလုံး ဥက္ကဌ တရားဟောခဲ့တဲ့ဆီကို စုပြုံ ပစ်ခတ်တော့တာပါပဲ။

ဟ--ဟ--- ဒီကောင်တွေ တကယ် ဆော်နေတာ..ဟ... မြန်မြန်ဝင်ကြ---- တပ်ကြပ်ကြီး ဇော်ခက်က ကျနော်တို့ အားလုံးကို ပြောရင်း သူ့ အိုဗာဟက်ကြီးထဲကို ပြေးဝင်သွားပါတော့တယ်။ ကျနော်လည်း -- ဥက္ကဌ - ခင်ဗျား တရားကတော့ အတော့ကို အောင်မြင် ပါပေတယ်-- လို့ ဥက္ကဌကို နောက်ပြောရင်း ကျနော်လည်း ကျနော့် အိုဗာဟက်ထဲကို အမြန်ပြေးဝင်ခဲ့ရပါတော့တယ်။ အဲနောက်တော့ ဥက္ကဌရဲ့ အောင်မြင်တဲ့ တရားတော်နဲ့ အညီ ကျနော်တို့ အားလုံး တညလုံး မအိပ်ရတော့ပါဘူး။ အဲအချိန်ကစပြီး ပစ်လိုက်တဲ့ လက်နက်ကြီးတွေက မနက် ၅ နာရီမှပဲ ရပ်ပါတော့တယ်။

အမှန်ကတော့ ခုခေတ်စကားနဲ့ ပြောရရင်တော့ -- စိုင်းစိုင်းခမ်းလှိုင်ရဲ့ - မင်းတို့ လက်တွေ လေထဲကို မြှောက်ထားလိုက် - ဆိုတဲ့ Rap သီချင်းကို ကျနော်တို့ ဥက္ကဌက နွားတွေကို သွားဆိုပြနေတာပါဗျား.....း)

(ဆက်လက် ဖော်ပြပါမည်)

Oct 14, 2008

မိသားစုကန်တော့ပွဲ













မနေ့က အလုပ်ထဲမှာလည်း တနေ့လုံး ခေါင်းကိုက်နေတာရယ် အိမ်ပြန်ရောက်တော့လည်း ညာဖက် ဇက်ကြော တဖက်တည်း တက်နေတာရယ်နဲ့ ကွန်ပြူတာ တောင် မဖွင့်နိုင်ပါဘူး အိပ်ယာထဲမှာ လှဲနေရတာ။ ဇက်ကြောမှာ သံချောင်း တချောင်း ထိုးထည့်ထားသလိုပဲ ကိုက်နေတာ။ ဒါနဲ့ပဲ ရေးလက်စ ဖြစ်နေတဲ့ သူပုန် တယောက်ရဲ့ ဒိုင်ယာရီ (၈) ကို ဆက်ရေး ဖို့ဟာ မရေးနိုင်ဘူး ဖြစ်သွားတယ်။ ဒီနေ့တော့ အလုပ်လည်း နားတာနဲ့ ကွန်ပြူတာလေး ဖွင့်ပြီး Google Reader က ယူထားတဲ့ Feed တွေ ဖတ်မိတော့ တူမောင်မျိုး က သူ့ရဲ့ သီတင်းကျွတ် ဆိုတဲ့ပို့စ်မှာ ကျနော့်ကို အကန်တော့ခံတဲ့ စာရင်းထဲ ထည့်ထား တာတွေလို့ သူ့အိမ်လေးဆီ လိုက်သွားပြီး ဆုသွားပေးရပါသေးတယ်။ နောက်တော့ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ကိုယ့်ဘလော့ ကိုယ်ကြည့်မိတော့ ညီမငယ် ခေါင်ခေါင် ကလည်း ဆီပုံးထဲမှာ လာကန်တော့ သွားတာ တွေ့လိုက်ရလို့ သူ့ကိုလည်း ဆုပေးလိုက်ရပါသေးတယ်။

သြော်- ကလေးတွေ ကိုယ့်လာကန်တော့မှ ကိုယ်က ကန်တော့ခံရတဲ့ အသက်အရွယ်တန်း ထဲကို ရောက်နေမှန်း ကိုယ့်ဘာသာ ခုမှပဲ သတိရတော့တယ်။ အဲဒါနဲ့တဆက်တည်း ရင်ထဲ မှာလည်း ခံစားချက်တွေ တနင့်တပိုး ဖြစ်လာတာနဲ့ ခေါင်းကိုက် ဇက်ကြော တက်နေတာကို ခဏ မသိချင်ယောင်ဆောင်ရင်း ဒီပို့စ်လေးကို ရေးမိပါတယ်။

----------

ကျနော်တို့ အမိဗမာပြည်မှာ သီတင်းကျွတ်ဆိုရင် ကလေးတွေ အားလုံးက ပျော်ကြတယ်။ အဖိုးအဖွား အမိအဘက အစ ဦးလေး ဒေါ်ကြီးတွေပါ မကျန် ရပ်ကွက်ထဲက သက်ကြီး ရွယ်အိုတွေ အဆုံး အားလုံးကို သွား ကန်တော့ကြ၊ ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ ပြစ်မှားမိတဲ့ အပြစ်တွေမှ ခွင့်လွှတ်ဖို့ရာ တောင်းပန်လေ့ ရှိကြ ပါတယ်။ လူကြီးတွေ အားလုံးကလည်း ဆုတွေ မျိုးစုံ ပေးပေါ့လေ။ အတော့ကို ချစ်စရာ ကောင်းတဲ့ မြန်မာ့ လူမှု အလေ့အထလေးပါ။ လူကြီးတွေကို ကန်တော့ ပြီးပြီဆိုရင် လူကြီးတွေက မုန့်ဖိုး ပြန်ပေးကြလေ့ရှိတယ်၊ မုန့်တွေလည်း စားရလေ့ရှိတယ်။ အဲတော့ သီတင်းကျွတ်ပြီဆို ကလေးတွေကတော့ ပျော်နေကြတာပါပဲ။

ကျနော် လူမှန်း သိကတည်းက အဲလိုပျော်ခဲ့ရတဲ့ အပျော်ဟာ ၁၉၈၇ ခုနှစ် သီတင်းကျွတ်မှာ နောက်ဆုံးပါပဲ။ ဘာလို့လဲ ဆိုတော့ နောက်နှစ်ဖြစ်တဲ့ ၁၉၈၈ ခုနှစ်ကစပြီး ခုသီတင်းကျွတ်ထိ နှစ်ပေါင်း ၂၀ တိုင်တိုင် ကျနော့် မိဘ ၂ ပါးနဲ့ အဖိုးအဖွားတွေ ဦးကြီးတွေ ဒေါ်ကြီးတွေကို ကိုယ်တိုင်ကိုယ်ကျ မျက်နှာချင်းဆိုင် ကန်တော့ခွင့် မရခဲ့တော့လို့ပါပဲ။ ၁၉၈၈ က စပြီး နှစ်တိုင်းနှစ်တိုင်းမှာ အဝေးကနေပဲ မှန်းပြီး ကန်တော့ခဲ့ရတာ ခုသီတင်းကျွတ်ထိ ပါပဲ။ ဘယ်တော့များမှ မျက်နှာချင်းဆိုင် ကန်တော့ခွင့် ရမလဲ ဆိုတာလည်း မသိသေး ပါဘူးလေ။ ဒါမဲ့လည်း ဒီလိုပါပဲလေ အဲလိုမျိုးဘ၀ဟာ ကျနော် တယောက်တည်းမှ မဟုတ်တာပဲ။ ကျနော့်လို ဘ၀တူ ညီတွေ အကိုတွေ အမတွေ ညီမတွေလည်း အများကြီးရှိနေတာပါပဲ။

ဒီလိုနဲ့ အမိ ဗမာပြည်မှာ နောက်ဆုံး ပျော်ရွှင်ခဲ့တဲ့ သီတင်းကျွတ် တခုအပြီး နောက် နှစ်ပေါင်း ၂၀ ကြာတဲ့ အခါကျတော့ ကျနော်ကို့ ကန်တော့တဲ့ ကလေးတွေတောင် ရှိနေပြီကော။

တခါတခါမှာ ဘ၀ဆိုတာ အိပ်မက်တခုလေလား။ အနှစ် ၂၀ ဆိုတာကရော လက်ဖြောက် တချက် တီးလိုက်သလိုပဲလား။ အဲလိုလည်း မဟုတ်ဘူး ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီ အနှစ် ၂၀ က ကျနော်တို့ နှလုံးသားတွေကို အမှုန့်ဖြစ်အောင် အတင်း ဖြစ်ညှစ်ချနေတယ်။ အမှုန့် မဖြစ်သွားပေမယ့် နာကျင်မှုကို ခံစားကြရတယ်။ ဒါမယ့် အသံ မထွက်ဘူး။ ထွက်စရာ အသံတွေ ကုန်သွားတာလည်း ဖြစ်နိုင်ပါတယ်လေ။ ၁၉၈၈ ရဲ့ ရှစ်လေးလုံး လမ်းမတွေပေါ်မှာ ကျနော်တို့ အစွမ်းကုန် အော်ဟစ် ပစ်ခဲ့ကြပြီးပြီမို့လား။

အဲ အနှစ် ၂၀ အတွင်းမှာ ကျနော့် အဖိုးတွေ အဖွားတွေ အားလုံး ဆုံးပါးသွားတယ်။ ဦးလေးတချို့ အဒေါ်တချို့ ဆုံးပါးသွားတယ်။ ကျနော့် ဖခင်ကတော့ သက်ရှိထင်ရှား ရှိနေပါသေးတယ်။ အမေကတော့ ဒီနှစ် တန်ခူးလမှာပဲ ဆုံးပါးခဲ့တာပါ။ ခု စာကို ရိုက်နေရင်းနဲ့ တောင် အမေ့ကို သတိတရ ဖြစ်လာတာ ကျနော့် လက်တွေ တုန်ယင်ပြီး စာတွေကို မျက်ရည်တွေ ကြားမှာ မှုန်မှုန်ဝါးဝါးပဲ မြင်ရတော့တယ်။ ကျနော့်ကို ပြန်တွေ့ဖို့ အမေ အနှစ် ၂၀ စောင့်ခဲ့ဖူးတယ်လေ။

---------------

ခုတော့ ငယ်ငယ်တုန်းက အမြဲလို ကြားနေကြဖြစ်တဲ့ မြန်မာ့အသံ ရေဒီယိုက သီချင်းတပုဒ်နဲ့ အဖေနဲ့ အမေကို ကျနော် ကန်တော့ လိုက်ပါတယ်။ သီချင်းကလေးကတော့ အမည်က မိသားစု ကန်တော့ပွဲ လို့ပဲ မှတ်မိပါတယ်။ တေးရေးသူနဲ့ တေးဆိုသူ အမည်တွေကိုတော့ မမှတ်မိတော့ပါဘူး။ စာသားတွေလည်း မှတ်မိသလောက်လေး ရေးထားတာပါ။ အနည်းငယ် လွဲကောင်းလွဲနိုင်ပါတယ်။ အဖေနဲ့ အမေကို သတိရတဲ့ အခါတိုင်း ကျနော် တယောက်တည်း အသံ မထွက်ပဲနဲ့ စိတ်ထဲမှာ ဆိုဆိုငြည်းမိတတ်တဲ့ သီချင်းလေးပါ။

မိသားစုကန်တော့ပွဲ

လူလားမြောက်တဲ့ အရွယ်ကတည်းကလေ.... လောကဓံကို.... ရင်ဆိုင်တွေ့ကြုံခဲ့ပါပေ.... နိမ့်ချည်တခါ... သာချည်တလှည့်ရယ်နဲ့.... သမုဒယနယ်မှာ.... ကျင်လည် ကျက်စားကာ.... မအားလပ်နိုင်ရှာပေ.... လောကဓမ္မတာ.... သောကအဖြာဖြာ.... ကြုံတွေ့ရပေ.... ချစ်သော ဖေဖေ ..... ချစ်သော မေမေ ..... မတွေ့တာ ကြာလေလေ.... ပို၍သတိရလေလေ .... ရင်၌လွယ်ဖွား.... သားသမီးများက... အတိုးချ ကန်တော့ပါရစေ.....


မြင့်မိုရ်တောင်ဦး.... ကျေးဇူးဂုဏ်တွေ.... ဆပ်လို့ မကုန်ပေ.... သီတာရေ တပေါက်ကလေး.... ကျရုံမျှနဲ့.... မိဘတို့ဝမ်း ..... ငြိမ်းစတမ်းပေ..... ဖုဝါးလက်နှစ်လုံး ..... ပုခုံး လက်နှစ်သစ် ..... ၀ါးဖတ်တော် ကစီနှစ်နဲ့ .... လူဖြစ်အောင်ကျွေး..... မှက်၊ ခြင်၊ ယင် ဘေးမသန်းရအောင် ... ပင်ပမ်းကြီးစွာ.... မွေးမြူရပေ .... သည်ကျေးဇူး ဂုဏ်တွေ .... သည်ကျေးဇူး ဂုဏ်တွေ .... ရည်မျှော်မှန်းလို့... သား ကန်တော့ပါတယ်လေ. ... ကျေးဇူးရှင် ဖေဖေနဲ့ မေမေ ......


ငယ်စဉ်တောင်ကျေး.... ကလေး ဘ၀က ..... တေးဆိုလို့ ချော့မြှူပုံတွေ.... မှတ်မိနေသေးပေ.... ခိုဖြူ ခိုပြာ ခိုဝါနက်ကယ် .... အဖမ်းခက်လို့ ..... ဆိုတဲ့ အသံတွေ .... မိတ္ထီလာ ကန်တော်အောက်က .... ဖားကလေးတွေ .... ကောက်ကာ ပေးဖို့ ... မှာလိုက်တဲ့... အသံလေးတွေ... သမီးဖြင့် .... ကြားယောင်မိတယ်လေ......


သြော......ကဠလတ်ရေကြည်... သန္ဓေတည်ကတည်းက ... ပူ၊ ငံ၊ စပ်၊ ခါး .... ရှောင်ရှားကာလေ .... မကောင်းမြစ်တား .... ကောင်းရာ ညွှန်လတ် .... ရင်းနှီး ပေးဝေးစေ ..... အတတ်ကိုလည်း သင်စေ... ထိမ်းမြားခြင်း ၀တ် ငါး အင် .... ကျေပွန်ပါပေ...... မကောင်းသော မေတ္တာမျိုးနဲ့ ..... သားသမီးဆိုးတွေကိုလည်း.... ပစ်ရိုး ထုံးစံ မရှိခဲ့ပေ ..... တို့ ဘုရား သော်မှ .... နို့ တလုံးဖိုး ကြေ ... အနန္တဂိုဏ်းဝင် ....ကျေးဇူးရှင် မိဘ နှစ်ပါးကို..... သားလေ.... ကန်တော့ပါတယ်လေ......


တအူတုံဆင်း... တို့ မောင်နှမ အရင်းတွေ ... ချစ်ခြင်းမေတ္တာ ကရုဏာ ထားလို့လေ..... ကျေးဇူးရှင် မိဘ နှစ်ပါးရဲ့ .... သြ၀ါဒ စကားတွေ.... မကြားရတာ ကြာခဲ့ပြီလေ ..... ချစ်သော ဖေဖေ ..... ချစ်သော မေမေ ...... သားတို့ သမီးတို့.... လက်ဆယ်ဖြာ ယှက်ကာမိုးလို့ ..... ရှိခိုးလို့ ကန်တော့ပါရစေ..... ကျေးဇူးရှင် ဖေဖေနဲ့ မေမေ ..... ကျေးဇူးရှင် ဖေဖေနဲ့ မေမေ .......

ဗမာပြည်သား မိတ်ဆွေများ ညီအကို မောင်နှမများ အားလုံး မိဘ ညီအကိုမောင်နှမ ဆွေမျိုး မိတ်သင်္ဂဟတွေနဲ့ ကင်းဝေးကွာခြားရသော ဒုက္ခမှ လွတ်ကင်းနိုင်ကြပါစေသတည်း။

(အောင်သာငယ်)

Oct 12, 2008

သူပုန်တယောက်ရဲ့ဒိုင်ယာရီ (၇)

နိုင်နိုင် နိုးလာချိန်မှာပဲ ညက ကျနော်တို့ အဖွဲ့ကို နေရာချပေးခဲ့တဲ့ ကရင်တပ်ကြပ်ကြီးတယောက်က ထမင်းထုပ်နဲ့ အရံကျည်တွေကို နောက်တန်းမှာ သွားထုတ်ယူဖို့ လာပြောပါတယ်။ သည်လိုနဲ့ နိုင်နိုင်၊ ရဲဘော်ကိုကိုလေး၊ ဆေးမှူးဝင်းတင့်ဟန်၊ ရဲဘော်သန်းစိန်၊ ရဲဘော်အဘီးနဲ့ ကျနော်တို့ ၆ ယောက် လျှောက်မြောင်းအတိုင်း နောက်တန်းဖက်ကို ထွက်လာခဲ့ကြပါတယ်။ အီကွစ်မန့်တွေကိုတော့ အိုဗာဟက်တွေထဲမှာပဲ ထားခဲ့ကြပြီး ကိုယ့်သေနတ်ကိုယ် လွယ်လာကြတာပါ။ သွားရင်းလာရင်း လမ်းမှာလည်း ကျနော့်တို့ဆီမှာ ရှိနေတဲ့ သေနတ် အမျိုးအစားနဲ့ အရေအတွက်တွေကို တယောက်နဲ့ တယောက် မေးရင်း စာရင်း လုပ်ရပါသေးတယ်။

နိုင်နိုင်နဲ့ကျနော်က တတွဲ။ ရဲဘော်ကိုကိုလေးနဲ့ ရဲဘော်သန်းစိန်က တတွဲ။ ဆရာစိုးမြင့်နဲ့ ဆေးမှူး ၀င်းတင့်ဟန်က တတွဲ။ တပ်ကြပ်ကြီး စောအေးမင်းနဲ့ ရဲဘော်အဘီးက တတွဲ။ ကိုထွန်းထွန်းနဲ့ ရဲဘော်စိုးအောင်က တတွဲ။ နောက် ကျနော် နံမည်မသိတဲ့ တပ်ရင်း(၂၀၅)က ရဲဘော် ၂ ယောက်က တတွဲ။ အားလုံး အိုဗာဟက် ၆ လုံးမှာ နေနေကြတာပါ။ စခန်းဥက္ကဌ ကိုစအောင်လွင်ကတော့ ကိုထွန်းထွန်းတို့ ဆီမှာပါ။ သူ့မှာတော့ သေနတ် မရှိပါဘူး။

အိုဗာဟက်တိုင်းမှာ ကျနော်တို့ နေရာဝင်မယူခင်ကတည်းကကို သေနတ် ၂ လက်စီ ရှိနေပါတယ်။ အရေးပေါ် အခြေအနေ အတွက် အရံထားပေးထားတာ ဖြစ်ပါတယ်။ (ဥပမာ- နိုင်နိုင့် ဂျီ-၃ကြီး ဂျမ်းဖြစ်သွားသလိုမျိုး ဖြစ်ခဲ့ရင် နောက်ထပ် သေနတ်တလက် အဆင်သင့် ရနေနိုင်အောင် စီစဉ်ထားတာပါ) အဲတော့ ကျနော်တို့မှာ ပါလာတဲ့ သေနတ် ၁၂ လက်နဲ့ ပေါင်းရင် ကျနော်တို့ ကိုင်ထားတဲ့ သေနတ်တွေက အားလုံးပေါင်း ၂၄ လက် ရှိပါတယ်။

ကျနော့်ဆီမှာက အဲမ်-၁၆ နှစ်လက်၊ နိုင်နိုင့်ဆီမှာက ဂျမ်း ဖြစ်သွားတဲ့ ဂျီ-၃ နဲ့ အိပ်ခ်ျကေ-၃၃။ ရဲဘော် ကိုကိုလေး ဆီမှာ ကလည်း ကျနော့်လိုပဲ အဲမ်-၁၆ နှစ်လက်၊ ရဲဘော် သန်းစိန် ဆီမှာတော့ နိုင်နိုင့်လိုပဲ ဂျီ-၃ တလက် (ဒါမဲ့ အဲ သေနတ်ကြီးက ကောင်းမှကောင်းပဲ ဖလူးက ပြန်လာတဲ့ အထိ အော်တို စိတ်ကြိုက် ဆွဲလို့ ရတယ်ဗျ) နဲ့ အေကေ- ၄၇ တလက်။ ဆရာစိုးမြင့် ဆီမှာက အဲမ်-၂ ကာဘိုင် တလက်နဲ့ အေကေ-၄၇ တလက်၊ ဆေးမှူး ၀င်းတင့်ဟန် ဆီမှာက အဲမ်-၁၆ နှစ်လက်၊ တပ်ကြပ်ကြီး စောအေးမင်း ဆီမှာက အေကေ- ၄၇ နှစ်လက်၊ ရဲဘော် အဘီး ဆီမှာက ဂျီ-၄ တလက်နဲ့ အိပ်ခ်ျကေ-၃၃ တလက်။ ကိုထွန်းထွန်းနဲ့ ရဲဘော် စိုးအောင်တို့ ဆီမှာကတော့ အဲမ်-၁၆ နှစ်လက်၊ အဲမ်-၂ ကာဘိုင် တလက်နဲ့ အိပ်ခ်ျကေ-၃၃ တလက်။ နောက် (၂၀၅) ရဲဘော် ၂ ယောက် ဆီမှာက အေကေ-၄၇ နှစ်လက်နဲ့ အိပ်ခ်ျကေ-၃၃ နှစ်လက် - ဆိုတော့ အားလုံး စာရင်းချုပ်လိုက်တော့ ကျနော်တို့ အဖွဲ့မှာ အဲမ်-၁၆ က အများဆုံး ဖြစ်နေပါတယ်။ ဂျီ-၃နဲ့ဂျီ-၄ က သုံးလက်။

အဲမ်-၁၆ ချည်းပဲ ရှစ်လက်ရှိနေတယ်။














အိပ်ခ်ျကေ-၃၃ က ငါးလက်။















ကာဘိုင်က နှစ်လက်။














အေကေ-၄၇ ကတော့ ခြောက်လက်ပါ။










အဲမ်-၁၆နဲ့ အိပ်ခ်ျကေ-၃၃ ကတော့ ၅.၅၆ မမ ကျည် သုံးတာချင်း တူနေတော့ ၅.၅၆ မမ အရံကျည် ထုတ်ယူဖို့ သေနတ် အလက်ပေါင်းက ၁၃ လက် ရှိတယ်။ ဂျီ-၃နဲ့ဂျီ-၄ အတွက်ကတော့ အရံကျည် မလိုပါဘူး။ ဒီမှာ ရန်သူ့ဆီက သိမ်းရထားတဲ့ ဂျီ-၂၊ ဂျီ-၃၊ ဂျီ-၄ က အောလပုံ။ တချို့ဆို သံချေးတွေတောင် တက်နေပြီ။ ဂျီတွေ အတွက်ကတော့ ကျည်ရော ကျည်ဘောက် တွေရော အပုံလိုက်ဆိုတော့ ထည့်တောင် တွက်စရာ မလိုတော့ပါဘူး။ အေကေ-၄၇ တွေကတော့ ၇.၆၂ မမ ကျည်တွေ သုံးတာဆိုတော့ အဲကျည်တွေ ထုတ်ရမယ့် သေနတ်က ခြောက်လက်။ နောက် ပွိုင့် ၃၀ (၀.၃၀ လက်မ) ကျည်သုံးတဲ့ ကာဘိုင်က နှစ်လက်။ စာရင်း ချုပ်တော့ အရံကျည် ထုတ်ရမှာ သေနတ်အားလုံး ၂၁ လက်

တကယ်ကတော့ လူတိုင်းက အေကေ- ၄၇ ကို ကိုင်ချင် ကြတာပါ။ အဲ သေနတ်က နိုင်ငံတကာက တော်လှန်ရေး သမား မှန်သမျှ ကိုင်ခဲ့တဲ့ သေနတ်လည်း မဟုတ်လား။ ပြီးတော့ ရာသီ ဥတု ဒဏ် မျိုးစုံကိုလည်း ခံနိုင်၊ ရေ၊ မြေ၊ သဲ စတဲ့ အကြမ်း ပတမ်း အခြေအနေ မျိုးစုံ ဒဏ်ကိုလည်း ခံနိုင်၊ ဖြုတ်ရ တပ်ရလည်း လွယ်ကူ၊ တိုက်လို့ ချွတ်လို့ ကလည်း ကောင်း၊ ကိုင်ရတာ ကလည်း စေးစေး ပိုင်ပိုင် ရှိ၊ လူကိုယ်မှာ လွယ်ထား လိုက်ရင်လည်း တကယ့်ကို တော်လှန်ရေး သမား တိုက်ခိုက်ရေး သမား တယောက်ရဲ့ ကျက်သရေ ရှိ၊ ပြီးတော့ တော်လှန်ရေးရဲ့ သင်္ကေတ တခုကလည်း ဖြစ်နေတယ်လေ။ ကျနော်လည်း အဲသေနတ်ကို ကိုင်ချင်တာပဲ။ ကြိုက်လည်း ကြိုက်တယ်။ သင်တန်း တက်တုန်းကတောင် Target Shooting မှာ ကျည် ၅ တောင့်လုံးကို အဲသေနတ်နဲ့ Bull's Eye ထဲ ၀င်အောင် ပစ်ခဲ့ဖူးတယ်။ (ကြုံတုန်း ကြွားရတာ) ဒါမဲ့ ခုတော့ ကိုင်နေရတာက အဲမ်-၁၆ ပါ။ ဘာပဲဖြစ်ဖြစ် သေနတ် ကိုင်ခွင့် ရတာကိုကပဲ အခွင့်အရေးတခု မဟုတ်လား။ ရှစ်လေးလုံး အချိန်တွေတုန်း ကတော့ ကိုင်ချင် တာတောင် မကိုင်ခဲ့ရဖူး မဟုတ်လား။

နောက်တော့ ကျနော်တို့ ၆ ယောက် လျှောက်လာခဲ့တဲ့ လျှောက်မြောင်းက တဖြည်းဖြည်းချင်း နိမ့်လာပါတယ်။ နောက်ဆုံးမှာ လျှောက်မြောင်းနဲ့ လမ်းနဲ့ အတူ ဖြစ်နေတဲ့ နေရာ တခုကို ရောက်သွားပါတယ်။ အဲနောက်တော့ တွေ့သမျှ အိုဗာဟက်တွေ လူတွေကို လျှောက်မေးရင်း အရံကျည် ထုတ်ရမယ့် နေရာကို ရောက်သွား ပါတော့တယ်။ အမှန်က အဲနေရာက စိန်ပြောင်းတွေ ပစ်တဲ့နေရာမှာပါပဲ။ အဲမှာ ကွန်ကရစ်နဲ့ ဆောက်လုပ် ထားတဲ့ ၀င်လမ်း ထွက်လမ်းတွေရယ်၊ မော်တာ (စိန်ပြောင်း) ၃ လက်ကို တပ်ဆင်ထားတဲ့ ကွန်ကရစ် အ၀ိုင်း ၃ ခုရယ်-ကို တွေ့နေရပါတယ်။



















အလယ်ခေါင်မှာတော့ ၈၁ မမ မော်တာကို ဆင်ထားပြီး



















ဘေးဘယ်ညာ နှစ်ဖက်မှာတော့ ၆၀ မမ မော်တာ ၂ လုံးကို ထိုင်ထားတာ မြင်ရပါတယ်။

နောက်တော့ အဲမော်တာ အ၀ိုင်းတွေရဲ့ ဘေးက အောက်ကို နိမ့်ဆင်းသွားတဲ့ လမ်းအတိုင်းဝင်သွားပြီးတော့ ကွန်ကရစ်လမ်းတခုအတိုင်း ဆင်းသွားရပါတယ်။ ထောင့်တခုကို ချိုးပြီးတဲ့အခါမှာတော့ ရုပ်ရှင်တွေထဲက အတိုင်းပါပဲ ရင်သပ်ရှုမောဖွယ် လက်နက် အပုံကြီးကို ကျနော့် တသက်မှာ ပထမဆုံးအကြိမ် တွေ့ရခဲ့ဖူးတာပါပဲ။ နေရာကတော့ မြေအောက်မှာဆိုတော့ေပြေါ်က ဘယ်လောက် အနက်မှာ ရှိနေလဲတော့ ကျနော်လည်း မသိပါဘူး။

ကျနော် မြင်နေရတာကတော့ အားလုံးကို သူ့စင်တွေနဲ့သူ နေသားတကျ စနစ်တကျ သပ်သပ်ရပ်ရပ်ကြီးကို သိမ်းသိုထားတဲ့ စစ်လက်နက် ပစ္စည်းတွေပါပဲ။ ဥပမာ- လက်ပစ်ဗုံးတွေကို အမျိုးစုံအောင်တွေ့ဖူးပေမယ့် သူ့ နဂိုရ် ထည့်ထားတဲ့ ဗူးတွေကို ဘယ်တုန်းကမှ မတွေ့ဖူးပါဘူး။ ကျနော်တို့ ကိုင်နေတဲ့ သံပုရာသီးခေါ်တဲ့ အဲမ်-၉၇ လက်ပစ်ဗုံး အသေးလေး ဆိုရင် သူ့ ဗူးလေးထဲမှာ လှလှပပလေး အိပ်ပျော်လို့ လူ မသတ်တတ်တဲ့ ပစ္စည်းလေး တခုလိုလို။ မသိရင် ချစ်စရာလေး။ အာရ်ပီဂျီခေါ်တဲ့ Rocket Propell Grenade တွေကလည်း သူတို့ရဲ့ ရှည်ရှည်မျောမျော အိမ်တွေထဲမှာ အိပ်ပျော်လို့။ မသိရင် ဘယ်တော့မှ မပေါက်ကွဲတတ်တဲ့ ငှက်ပျောဖူးတွေ လိုမျိုး။ ကျနော်ကတော့ ကျနော် မြင်နေရတာကို ပြောတာပါ။

နောက်တော့ ကျနော် တွေးနေတဲ့ ချစ်စရာ အိပ်မက်ကလေးက ပျောက်သွားပြီး လက်တွေ့ဘ၀ထဲ ကျနော် ပြန်ရောက်သွားပါတယ်။ ၅.၅၆ မမ သေနတ်တွေအတွက် တလက်ကို ကျည် ၁၈၀ ပါတဲ့ မယ်လိုဒီယမ် ကျည်အိတ်တတွဲစီ။ ကျည်ဘောက် အသစ် ၂ ချပ်စီ ရတယ်။ ၇.၆၂ မမ သေနတ်တွေအတွက် ကျည် ၁၂၀ စာ ဆယ်တောင့်တွဲ ကျည်ကပ်တွေ ရပါတယ်။ တလက်ကို ကျည် ၁၂၀ စီ ရပါတယ်။ ကျည်ဘောက်ကတော့ တချပ်စီပဲရတယ်။ ၀.၃၀ (ပွိုင့် ၃၀) သေနတ်တွေအတွက်ကတော့ ကျည် ၂၀ စာ အကပ်လေး ၃ ခုစီပဲ ရပါတယ် ကျည်ဘောက်တော့ မရပါဘူး။

အားလုံး အရံကျည်တွေ ထုတ်ပြီးသွားတော့ ကျနော့်အတွက် ကျည် ၁၈၀ စီပါတဲ့ ကျည်အိတ်တွဲက ၂ တွဲ ၊ ကျည်ဘောက် အသစ် ၄ ဘောက် ရပါတယ်။ ကျည် အိတ်တွဲ ၂ ခုကို ဘယ်ညာ ၁ ခုစီ လွယ်ပြီးသွားတော့ (လူက လှုပ်ချင်ပေမယ့်လည်း လမ်းလျှောက်လို့ ရရုံပဲ သွားနိုင်ပါတော့တယ်။) လှုပ်မရတော့ပါဘူး။

အဲလိုနဲ့ လှုပ်မရတဲ့ ကိုယ်ကြီးကို သယ်ပြီး ထမင်းထုပ် ယူရမယ့်နေရာကိုလည်း သွားရပါသေးတယ်။ ဒါမယ့် တခု ကံကောင်းတာက ကျနော်တို့ အခြေအနေကို သိသွားလို့ ဖြစ်မှာပါ။ အဲ နောက်တန်းက ကျနော်တို့ကို ထမင်းထုပ် လာပို့ပေးမယ်လို့ ပြောပါတယ်။ ဒါနဲ့ အရံကျည်တွေ သယ်ပြီး လှုပ်လီလှုပ်လဲ့နဲ့ ကိုယ့် အိုဗာဟက် ရှိရာ ဆီကို ကျနော်တို့ ပြန်လာခဲ့ကြပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
ကလူသစ်ပြောလို့ ကမန်းကတမ်း - ဆက်လက်ဖော်ပြပါမည် - ထည့်လိုက်ရပါတယ်။ ကျေးဇူး ကလူသစ်ရေ့။

Oct 11, 2008

သူပုန်တယောက်ရဲ့ဒိုင်ယာရီ (၆)

နောက်ထပ်တက်လာမယ့် ထိုးစစ်ကို စောင့်ရင်းနဲ့ မနက် ၅ နာရီ ကျော်မှာ ကျနော်တို့ အိပ်ခွင့်ရခဲ့ပါတယ်။ ကျနော်နဲ့ နိုင်နိုင် တာဝန်ယူရတဲ့ အိုဗာဟက်က လူ၂ ယောက်စာ ဆိုတော့ အကြီးကြီး မဟုတ်ပေမယ့်လည်း ခြေဆန့်ပြီး အိပ်လောက်အောင်တော့ ကျယ်ဝန်းပါသေးတယ်။ ဒါနဲ့ ကျနော့် အဲမ်-၁၆ပေါ်မှာ ကျောပိုးအိတ်ကို တင်လိုက်ပြီး ကျောပိုးအိပ်ပေါ်ကို ခေါင်းချလိုက်တာနဲ့ ပြီးခဲ့တဲ့ ၂ ရက် လုံးမှာ ခရီးပမ်းလာတာရော အိပ်ရေးပျက်တာရော ပေါင်းပြီး တခါတည်းကို တန်းပြီး အိပ်ပျော်သွားတော့တာပါပဲ။ နောက်ပြန်လန့်နိုးလာလို့ လက်ထဲက နာရီကို ကြည့်မိတော့ မနက်၉ နာရီ ကျော်နေပါပြီ။

အဲတော့မှပဲ ညက သေသေချာချာ မမြင်ခဲ့ရတဲ့ မြင်ကွင်းကို ကျနော့်ရှေ့တည့်တည့် သေနတ်ပစ်ပေါက်ကနေ ၀င်လာနေတဲ့ မနက်ခင်း နေ့အလင်းရောင်အောက်မှာ အသေးစိပ် မြင်ရပါတော့တယ်။ ရှေ့မြင်ကွင်း တခုလုံးမှာကတော့ ခြုံဖုတ်တချို့တလေကလွဲရင် သစ်ပင်ကြီးကြီးမားမား မရှိတဲ့ ကွင်းပြင်ကြီးပဲ ဖြစ်ပါတယ်။ အဲ ကွင်းပြင်ကြီး အဆုံးမှာတော့ သောင်ရင်းမြစ်ကို လှမ်းတွေ့နေရပါတယ်။ အဲကွင်းပြင်ကြီးကို သံဆူးကြိုး ၃ ထပ်နဲ့ ကာခြားထားတာကိုလည်း တွေ့နေရပါသေးတယ်။ သောင်ရင်းမြစ်အနားက စပြီးကာထားတဲ့ ပထမဆုံး သံဆူးကြိုးပြီးတော့ ကိုက် ၅၀ ကျော်လောက်မှာ ဒုတိယ သံဆူးကြိုး။ နောက်ဆုံး သံဆူးကြိုးကတော့ ကျနော်တို့တွေရဲ့ အိုဗာဟက်တွေ အနားလေးမှာပါပဲ။ ညက ကျနော်တို့ ပစ်ခတ်ခဲ့တဲ့ ခြုံဖုတ်တွေကတော့ ဒုတိယ သံဆူးကြိုးဝိုင်းထဲမှာ ဖြစ်ပါတယ်။ နေ့ခင်းဖက်မှာ ကြည့်တော့လည်း အဲနေရာမှာ ဘာမှ မတွေ့ရပါဘူး။ တကယ်ကတော့ ကျနော်တို့ နေရာယူထားတဲ့ ဘန်ကာတွေက ကုန်းပေါ်မှာ ရှိနေတာပါ။ အရှေ့က ကွင်းဟာ ကျနော်တို့ထက် နိမ့်ပါတယ်။ ကျနော်တို့က ဆယ်ပေလောက် မြင့်နေပါတယ်။ ဒါကြောင့်မို့လည်း ညက န၀တတပ်တွေ ပြန်ပစ်တဲ့ မီးတန်းတွေက အပေါ်ကို ထောင်ပြီး ထွက်နေတာကို မြင်နေရတာကိုးလို့လည်ဲးံအခုမှပဲ သဘောပေါက်သွားပါတယ်။ ညကတော့ ဒီကောင်တွေ ရမ်းသမ်း ထောင်ပစ်နေတာလို့ ထင်နေတာဖြစ်ပါတယ်။ အမှန်ကတော့ သူတို့လည်း ညက ကျနော်တို့ ပစ်တဲ့အချိန်မှာ ကျနော်တို့ သေနတ်တွေက ထွက်တဲ့ မီးပွင့်တွေ မီးတန်းတွေ ရှိရာကို ပြန်ပြီး ပစ်ကြတာကိုး။

ခုမှပဲ ကိုယ့်အိုဗာဟက်ကို ကိုယ် သေချာ ပြန်ကြည့်မိပါတယ်။ ရှေ့က သေနတ်ပစ်ပေါက်က တကယ်တော့ အမြင့် တတောင်လောက်ရှိပြီး အရှည် ၄ ပေလောက်ရှိပါတယ်။ ပစ်ပေါက်ရဲ့ အလယ်မှာ သစ်ပိုင်းကြီးတခုကို ဖြတ်ပြီးထည့်ခုထားတာပါ။ အဲတော့ သေနတ်ပစ်ပေါက် ၂ ခုလို ဖြစ်နေတာပါပဲ။ အိုဗာဟက်က ၅ ပေ ပတ်လည်လောက်ရှိမှာပါ။ အမြင့်ကတော့ အထဲမှာ ကျနော်တို့ ဆောင့်ကြောင့်ထိုင်သာရုံပဲ မြင့်ပါတယ်။ စိတ်ထင် ၄ ပေ လောက်ပဲ မြင့်မှာပါ။ ဘယ်ညာ နံရံ နှစ်ဖက်မှာတော့ ကြမ်းပြင်ကနေ တတောင်လောက် အကွာမှာ မြေကြီးကို တူးပြီး အခန်းအသေးလေး ၂ ခုလို လုပ်ထားတဲ့ နေရာလေး၂ ခုမှာ မီးချစ်တွေရယ်။ လက်လုပ် ဗုံးတချို့ရယ်၊ နာနတ်သီးလို့ ခေါ်တဲ့ အဲမ်-၃၈ လက်ပစ်ဗုံး ၄ လုံးစီကိုလည်း တင်ထားတာ တွေ့ရပါတယ်။ အိုဗာဟက်ရဲ့ အမိုးမှာတော့ အစိမ်းရောင် စစ်သုံး ၀ါးတားပရုဖ်တထည်ကို ကပ်ထားတာ တွေ့လိုက်ပါသေးတယ်။ အမိုးပေါ်က တစက်ချင်းကျနေတဲ့ မိုးရေတွေကို ကာထားတာပါ။ ဒါမဲ့ အဲမိုးရေတွေက ၀ါတာပရုဖ်ရဲ့ နောက်တဖက်စွန်းကနေ အိုဗာဟက် ကြမ်းပြင်ပေါ်ကို ပြန်ကျပြီးတော့ ကြမ်းပြင်က ဗွက်ထနေတာပါ။ ညကတော့ ကိုယ့်ဇောနဲ့ကိုယ်မို့လို့ ဗွက်ထနေမှန်းတောင် မသိခဲ့ပါဘူး။ ခုတော့ ပြောက်ကျားပုံဖျက်စစ်ဘောင်းဘီမှာ ရွှံ့တွေချည်းပါပဲ။

ကျနော့်ဘေးမှာ ဂျီ-၃ကြီးပေါ်ကို ကျောပိုးအိပ်တင်ပြီး အိပ်နေတဲ့ နိုင်နိုင်ကတော့ တရှူးရှူးနဲ့ မြွေတကောင် လိုပါပဲ။ သူ့စကားကသာ ထစ်တာ အသက်ရှူတာကျတော့ ဖြောင့်လို့ကိုး-လို့ မဆီမဆိုင် ကျနော် တွေးမိပြီး ကိုယ့်ဘာသာကိုယ် ပြုံးမိပါသေးတယ်။ ဒါမဲ့ သူလက်ထဲမှာတော့ အိပ်ခ်ျကေ-၃၃ ကို ဖက်ထားသဗျ။ သူ့ မိန်းမများ မှတ်နေသလား မသိ။

အဲနောက်တော့ ကျနော့်ပတ်ဝန်းကျင်မှာရှိနေတဲ့ အရာတွေကို ထပ်ကြည့်မိတော့ နောက်ထပ် အဲမ်-၁၆ တလက်၊ အဲမ်-၁၆ ကျည်ဘောက် ၅ ဘောက်၊ ၅.၅၆ မမ ကျည် ၁၂၀ ပါတဲ့ ကျည်တွဲအိတ် ၂ တွဲ၊ နောက် အိပ်ခ်ျကေ ကျည်ဘောက် ၈ ဘောက်ရယ်ကို ထပ်ထားတာ တွေ့ရပါတယ်။ ကျနော့်မှာက ကျနော့် အဲမ်-၁၆ အတွက် အပိုကျည်ဘောက် ၃ ဘောက်ပဲရှိတာ။ ခုတော့ အားလုံး ကျည်ဘောက် ၉ ဘောက်။ နိုင်နိုင့်အတွက်လည်း အိပ်ခ်ျကေ ကျည်ဘောက် ၉ ဘောက်။ ပျော်စရာကြီး။ လက်ပစ်ဗုံးတွေကလည်း ကျနော့်ဆီမှာ ၂ လုံး၊ နိုင်နိုင့်ဆီမှာ ၂ လုံး၊ နံရံမှာ ၈ လုံး။ အားလုံး ၁၂ လုံး။ အား- ဒါဆို တော်တော် လုံလောက်နေပြီပဲ။

နောက်တော့ အိပ်နေတဲ့ နိုင်နိုင့်ကို သူ မနိုးအောင် ကျော်ခွပြီး အိုဗာဟက် ၀င်ပေါက်ဆီ ကျနော် ထွက်ခဲ့ပါတယ်။ ညတုန်းကသာ လူကလည်း စိတ်လှုပ်ရှားနေတော့ အိုဗာဟက်ထဲ ဘယ်လို ၀င်ခဲ့မှန်းတောင် မသိဘူး။ ပြန်ထွက်တော့မှ လျှောက်မြောင်းနဲ့ ဆက်ထားတဲ့ အိုဗာဟက်ထဲဝင်တဲ့လမ်းက ရှည်မှန်းသိတော့တယ်။ လေးဘက်ထောက်ပြီး ပြန်ထွက်ရတာပါ။ ၀င်လာတုန်းက လေးဘက်ထောက်ပြီး ၀င်လာခဲ့ရတာကိုတောင် မမှတ်မိတော့ဘူး။ အဲလမ်းကလည်း တည့်တည့်ကြီး ဖောက်ထားတာ မဟုတ်ပါဘူး မျဉ်းဖြောင့်တကြောင်းရဲ့ အလယ်မှာ ဂငယ်ကို တပ်ထားသလိုမျိုး အလယ်ခေါင်မှာ ကွေ့ပြီး ဖောက်ထားတာပါ။ (နောက်မှ သိတာက လက်နက် ကြီးတွေ ကျရင် လက်နက်ကြီး အစတွေ တိုက်ရိုက်မထိနိုင်အောင် လုပ်ထားတာပါ)

လမ်းအဆုံးရောက်တော့ လျှောက်မြောင်းထဲကို ရောက်သွားပါတယ်။ အိုဗာဟက်နဲ့ လျှောက်မြောင်း ဆက်တဲ့နေရာမှာလည်း အမိုးတခုရှိပါတယ်။ သစ်လုံးတွေနဲ့ မိုးပြီး သဲအိတ်တွေနဲ့ အားဖြည့်ထားတာပါ။ အဲ ဆက်တဲ့နေရာမှာလည်း အိုဗာဟက်က ထွက်ထွက်ချင်း တွေ့နေရတဲ့ မျက်နှာချင်းဆိုင် လျှောက်မြောင်းနံရံမှာ ဖောက်ပြီးတော့ ၄ ဂါလံ ရေပုံးကြီး ၂ ပုံးကို ထည့်ထားပါတယ်။ လျှောက်မြောင်းကတော့ လူတရပ်လောက် မြင့်ပါတယ်။ အကျယ်ကတော့ လူ၂ ယောက် ယှဉ် လျှောက်သွားလို့ ရရုံလောက်ပါပဲ။

လျှောက်မြောင်းထဲရောက်တော့ ဘယ်ဆက်သွားရမှန်း မသိသေးဘူး။ နောက်တော့ အရှေ့ဖက်ကို ဆက်သွားမိတယ်။ အဲတာက ကျနော်တို့နဲ့ ကပ်လျက် အိုဗာဟက်ပါ။ အ၀မှာ ကရင်ရဲဘော် ၂ ယောက်ကို တွေ့တော့ မှ အေကေ စက်လတ်ရှိတဲ့ အိုဗာဟက်မှန်း သတိရသွားပါတယ်။ (နောက် ၃ ရက်လောက်နေတော့ အဲအိုဗာဟက်ကို ၅၇ မမ နောက်ပွင့်လား၊ ၈၄ မမ လောင်ချာလားမသိ တိုက်ရိုက် ထိတာခံရပြီး အိုဗာဟက် တခုလုံး ပွင့်ထွက်သွားပါတယ်။ ကရင်ရဲဘော် ၂ ယောက်လုံး ကျသွားပါတယ်) ဒါနဲ့ နောက်ပြန်လှည့် မိတော့ နောက်အိုဗာဟက်တခုအ၀မှာ အဲမ်-၁၆ တလက်ကို ထောင်ကိုင်ရင်း ထိုင်နေတဲ့ ရဲဘော်ကိုကိုလေးကို သွားတွေ့ရပါတယ်။

ညက တို့ဂွင်ထဲမှာ ခွေးတွေ ၃၀ လောက် ကျသွားတယ်လို့ ပြောတယ်ကွ-တဲ့ သူက ကျနော့်ကို မြင်တာနဲ့ လှမ်းပြောပါတယ်။ - ဟုတ်လား။ မင့် ဘယ်သူပြောတာလဲ-လို့ ကျနော်ကမေးတော့ - ဟိုး ကွန်ကရစ် အိုဗာဟက်ကြီးမှာ ကိုထွန်းထွန်း ရှိတယ်လေ။ သူ့စက်ထဲ ၀င်လာတာ- ကိုကိုလေးက ပြောရင်း - ညက မင်းတို့ ခွေးတွေ မတွေ့လိုက်ဖူးလား။

သူမေးတာကို ကျနော် မဖြေပဲ လျှောက်မြောင်းအတိုင်း ဆက်လျှောက်လာခဲ့ပါတယ်။ အဲတော့မှပဲ နောက် အိုဗာဟက်တခုအ၀မှာ ထိုင်နေတဲ့ ဆရာစိုးမြင့်နဲ့ ကျနော်တို့ တပ်ရင်း (၂၀၄) ခွဲ(၃)က ဆေးမှူး ၀င်းတင့်ဟန်ကို သွားတွေ့ပါတော့တယ်။ လူတွေအားလုံးက ကျနော့်လိုပဲ ဖြစ်မယ်ထင်ရဲ့။ ညက ဘာမသိ ညာမသိနဲ့ အိုဗာဟက်တွေထဲ ၀င်ခဲ့ရ၊ တိုက်ပွဲဖြစ်၊ အိပ်၊ နောက်နေ့မနက်ကျတော့ နိုးလာ။ ပတ်ဝန်းကျင်ကို ထွက်ကြည့်။ ဒါမဲ့ ကျနော် တယောက်တည်း လျှောက်သွားနေတာ ဖြစ်မယ်။ အားလုံးက ကိုယ့်နေရာမှာကိုယ် နေနေကြတာပါ။ အမှန်က ကိုယ့်နေရာမှာပဲ ကိုယ်နေရမှာပါ။ အမိန့် မရမချင်း ဘယ်မှ မသွားရပါဘူး။ ကျနော်ကသာ အမိန့် မနာခံချင်တဲ့ကောင် ဆိုတော့ လျှောက်သွားနေတာ။

သူတို့ အိုဗာဟက်ပြီးတော့ နောက်တခုက ကွန်ကရစ် အိုဗာဟက်ကြီး။ လှလှပပကြီး။ အဲ ဘန်ကာကြီးထဲမှာတော့ ကျနော်တို့ရဲ့ တပ်မှူးဖြစ်တဲ့ ကိုထွန်းထွန်းနဲ့ ရဲဘော် စိုးအောင်။ ရုပ်ရှင်တွေထဲကလို လေးထောင့်စပ်စပ်နဲ့ တကယ့် ဘန်ကာကြီး။ ဒါမဲ့ သူက လျှောက်မြောင်းနဲ့ တိုက်ရိုက်ဆက်နေတာပါ။ အိုဗာဟက် အ၀င်လမ်းကလည်း ၄ ပေ လောက်သာ။ တိုတိုလေး။ နောက်တော့လည်း လျှောက်မြောင်းနဲ့ အိုဗာဟက် အ၀င်လမ်းမှာ ဘာ အကာအကွယ် ဘာအတားအဆီးမှလည်း မရှိ။ လက်နက် ကြီးတွေ ကျရင် ဘယ်လိုလုပ်မလဲ။ ကျနော်က သွားတွေးမိနေပါတယ်။ (ကျနော် တွေးမိတဲ့အတိုင်းပဲ ၃ ရက်မြောက်တဲ့နေ့မှာ သူတို့ ၂ ယောက်လုံးကို ၈၁ မမ မော်တာကျည်စတွေ မှန်ပါတယ်)

ဘန်ကာကြီးထဲ ကျနော် ၀င်သွားတော့ စခန်း ဥက္ကဌ ကိုစအောင်လွင်ကိုပါ တွေ့လိုက်ရသေးတယ်။ ဥက္ကဌကတော့ ဘာမျှမပြော ကိုထွန်းထွန်းကတော့ - ဟ မင့်နေရာမှာ ဘယ်သူ ထားခဲ့လဲ-တဲ့ ကျနော့်ကို မေးပါတယ်။ - နိုင်နိုင် ရှိတယ်လေ။ - အမှန်ကတော့ နိုင်နိုင်က အိပ်ကောင်းနေတုန်းပါ။ နောက်တော့ - လျှောက်သွားမနေနဲ့ ကိုယ့်နေရာမှာ ကိုယ်နေ-ဆိုတဲ့ သူ့ အမိန့်နဲ့ ကျနော်လည်း ကျနော့် အိုဗာဟက် ရှိရာကို ပြန်ခဲ့ရတာပါပဲ၊

အပြန်လမ်းမှာတော့ အားလုံးက ကျနော့်ကို နှုတ်ဆက်ကြတာပေါ့လေ။ ဒီလိုနဲ့ ကိုယ့် အိုဗာဟက် ကိုယ် ပြန်ရောက်တော့ နိုင်နိုင့်ကို ကျနော်က နှိုးရတော့တယ်။ - ထဦးဟ၊အားလုံးနိုးနေကြပြီ-ဆိုတော့ သူလည်း ငုတ်တုပ်ထထိုင်ပါတယ်။ -ဘာဖြစ်တာလည်းဟ-တဲ့ ။ ပထမဆုံးအကြိမ် မထစ်မငေါ့သောစကား နိုင်နိုင့်ဆီမှ ကြားရခြင်းပါ။

ဘာမှ မဖြစ်ဘူး။ အားလုံးနိုးနေလို့ နင့်ကိုလည်း ငါနှိုးတာ။ ထဦးဟ။ ပတ်ဝန်းကျင်ကိုလည်း ကြည့်ဦး-

နိုင်နိုင်က အဲကျမှ နိုးထလေသည်။

(ဆက်လက်ဖော်ပြပါမည်)

Oct 10, 2008

သူပုန်တယောက်ရဲ့ဒိုင်ယာရီ (၅)

(မရေးဖြစ်တာလည်း တော်တော် ကြာနေပြီဖြစ်တဲ့ သည် ဒိုင်ယာရီကို ဆက်ရေးဖြစ်ပါတယ်။ ကျနော့်ရဲ့ ညီတယောက်ဖြစ်တဲ့ ကောင်းကင်ကိုကလည်း ဖလူးခံတပ်က ကိုယ်တွေ့ တိုက်ပွဲလေးအကြောင်း ရေးပါဦး ဖတ်ချင်ပါတယ်ဆိုလို့ အဲဒါလေးကိုရေးလိုက်ပါတယ်။)

၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးနောက် စက်တင်ဘာ ၁၈ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားတဲ့အခါ အရေအတွက်အားဖြင့် သောင်းနဲ့ချီတဲ့ ဗမာပြည် အရပ်ရပ်က လူငယ် လူရွယ်တွေဟာ ဗမာပြည်ရဲ့ နယ်စပ်တွေ တလျှောက်မှာ ရှိနေတဲ့ အမျိုးသား အင်အားစုတွေရဲ့ လွတ်မြောက် ဒေသတွေ ဆီကို စွန့်စား ထွက်ခွာခဲ့ကြရ ပါတယ်။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လက်နက် အားကိုးပြီး ပြည်သူ လူထုကို အနိုင် ကျင့်နေတဲ့ စစ်အုပ်စုကို ဖြိုချနိုင်ဖို့ပါပဲ။ ဒီအတွက် နောက်ဆုံး ရွေးချယ်စရာ ဖြစ်နေတဲ့ လက်နက်ကိုင် တော်လှန်ရေး လမ်းကို သူတို့ လျှောက်လှမ်းခဲ့ကြရတာပါပဲ။ ဒီလို လျှောက်လှမ်းဖို့ကိုလည်း စစ်အုပ်စုကသာ တွန်းပို့ ပေးခဲ့တာ ဖြစ်ပါတယ်။

သည်လိုနဲ့ လက်နက်ကိုင် တော်လှန်ရေး တရပ်ကို ဆင်နွှဲဖို့ နယ်စပ် ဒေသတွေဆီကို ရောက်လာ ခဲ့တဲ့ သောင်းချီတဲ့ လူငယ် လူရွယ်တွေထဲမှာ ကျနော်လည်း တယောက် အပါအ၀င်ပါ။ အဲသည် အချိန်က ကျနော်က ၂၄ နှစ်သာ ရှိပါသေးတယ်။ ကျနော် ရောက်ရှိခဲ့တာကတော့ ကရင့် အမျိုးသား အစည်းအရုံး (Karen National Union - KNU) ရဲ့ ဒူးပလာယာ ခရိုင် (ဖားအံခရိုင်) ဖြစ်ပြီး ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (Karen National Liberation Army - KNLA) တပ်မဟာ (၆) ထိန်းချုပ်ရာ သေ့ဘောဘိုး (ကရင်လို-ပန်းပေါင်းစုံတဲ့ နေရာ-လို့ အဓိပ္ပါယ်ရကြောင်း မှတ်သားဖူးပါတယ်) စခန်း ဖြစ်ပါတယ်။

အဲစခန်းကို ကျနော် ရောက်တော့ စက်တင်ဘာ ၂၆ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁ ရက်မှာတော့ နယ်စပ်ဒေသရောက် ကျောင်းသား လူငယ်တွေအားလုံး တစုတစည်းတည်း ပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ (All Burma Students' Democratic Front - ABSDF) ကို ဖွဲ့စည်းနိုင်ခဲ့ ပါတယ်။ မကဒတကို ဖွဲ့စည်းခါစမှာ စခန်းပေါင်း (၁၃) ခု ရှိပြီး တပ်ရင်းပေါင်း (၁၇) ရင်း ရှိပါတယ်။

ကရင့် အမျိုးသား အစည်းအရုံး (KNU) စီမံခန့်ခွဲမှုအောက်က ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)ရဲ့ ထိန်းချုပ်ရာ ဒေသတွေမှာ ရှိတဲ့ တပ်မဟာ နံပတ်တွေကို လိုက်ပြီး မကဒတ (ABSDF) တပ်ရင်းတွေကို ဖွဲ့စည်း ခဲ့ပါတယ်။ တပ်မဟာ (၄) မှာ ရှိတဲ့ မင်းသမီးစခန်း၊ မိုးတောင်စခန်း ရဲ့ တပ်ရင်း (၂၀၁) (၂၀၂) (၂၀၃)။ တပ်မဟာ (၆) မှာ ရှိတဲ့ သေ့ဘောဘိုးစခန်းရဲ့ တပ်ရင်း (၂၀၄) (၂၀၅) မိုးကဲစခန်းရဲ့တပ်ရင်း (၂၀၆)။ တပ်မဟာ (၇) မှာ ရှိတဲ့ ရေကျော်စခန်း၊ စောထစခန်း၊ သံလွင်စခန်း၊ ၀မ်းခါစခန်းတွေဖြစ်တဲ့ (၂၀၇) (၂၀၈) (၂၀၉) (၂၁၀)။

အဲသည်လိုပဲ မွန်ပြည်သစ်ပါတီ (New Mon State Party - NMSP) ထိန်းချုပ်မှု အောက်မှာရှိတဲ့ ဘုရားသုံးဆူ စခန်းမှာရှိတဲ့ မကဒတ (ABSDF) တပ်ရင်းတွေကို (၁၀၁) (၁၀၂) ဆိုပြီး ဖွဲ့ခဲ့ပါတယ်။

နောက် ကရင်နီပြည်တိုးတက်ရေးပါတီ (Karenni People Progressive Party - KNPP) ထိန်းချုပ်ရာ ဒေသမှာ ရှိတဲ့ မကဒတ (ABSDF) အင်းအားစုတွေကို တပ်ရင်း (၃၀၁) (၃၀၃) ဆိုပြီး ဖွဲ့ခဲ့ပါတယ်။

နောက် ကချင်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ (Kachin Independent Organization - KIO) ထိန်းချုပ်ရာ အောက်မှာရှိတဲ့ ကချင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (Kachin Independent Army - KIA) ဒေသမှာ မကဒတ (ABSDF) တပ်ရင်း (၄၀၁) ဆိုပြီး ဖွဲ့ခဲ့ပါတယ်။

ထို့အတူပဲ ဗမာပြည် အလယ်ပိုင်း အလွန်ရှုပ်ထွေးတဲ့ နေရာဖြစ်တဲ့ ပအို့ဝ်နယ်မြေမှာ ပအို့ဝ်အမျိုးသား အစည်းအရုံး (Pa-Oh National Organization - PNO) ထိန်းချုပ်ရာမြေမှာ မကဒတ (ABSDF) တပ်ရင်း (၆၀၁) ဆိုပြီး ဖွဲ့ခဲ့ပါတယ်။

၁၉၈၉ နှစ်ဦး မှာ စစ်အစိုးရက တောခိုသွားတဲ့ ကျောင်းသားလူငယ်များကို အိမ်ပြန်လာဖို့ ပြောပါတယ်။ သူတို့က ခွင့်လွှတ်ကြောင်း တပ်မတော်၏ သဘောထားအမှန်ကို သိစေချင်ကြောင်းနဲ့ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး အိမ်ကို ပြန်လာစေချင်ကြောင်း။ အဲနောက်မှာတော့ မပြန်လာသူ မှန်သမျှကို သောင်းကျန်းသူအဖြစ် ကြေငြာမှာ ဖြစ်ကြောင်း။

ကျနော် မှတ်မိတာကတော့ ထိုင်းနိုင်ငံရဲ့ မဲဆောက်မြို့ကနေတဆင့် တာ့ခ်လေဆိပ်ကနေ အလံထောင်ပြီး ပြန်တဲ့သူတွေက ပြန်သွားပါတယ်။ တပ်မတော်၏ သဘောထားအမှန်ကို သိသွားသူများလို့ မြက်ခင်းသစ် (နွားစားကျက်လို့လည်း အများကခေါ်ကြတယ်) မဂ္ဂဇင်းကလည်း ရေးလိုက်သေးတယ်လေ။

ဘာပဲဖြစ်ဖြစ် လက်နက်ကိုင် တော်လှန်ရေးတခုဟာ ပစ်ကနစ် ထွက်တာမှ မဟုတ်ပဲ ဒီလောက်တော့ မလွယ်ဘူး ဆိုတာ အားလုံးက သိကြရင် ကောင်းတာပေါ့လေ။ သို့သော်လည်း တချို့က သိမှ မသိပဲဟာ။ ဒီနေ့ လက်နက်ကိုင် မနက်ဖန် အောင်ပွဲခံ - အဲလိုမျိုး ထင်နေကြတော့လည်း ခက်သား။ ဘာပဲဖြစ်ဖြစ် လက်တွေ့ ဘ၀က အားလုံးကို တိုင်းတာခဲ့တာပါပဲ။ ထမင်းနပ်မမှန်တဲ့ နေ့စဉ်ဘ၀ထဲမှာ မကူးခပ်နိုင်သူတွေ ကျန်ခဲ့တာပါပဲ။ တချို့က အိမ်ပြန်သွားကြတယ်။ တချို့ကတော့ အိမ်ပြန်ရုံတင်မက အိမ်မပြန်တဲ့ သူတွေကိုပါ ဒုက္ခပေးသွား သေးတယ်။

ဒီလိုနဲ့ပဲ နေ့ရက်တွေ ဆက်လာခဲ့တယ်။ ကျနော်လည်း စစ်သင်တန်းတွေ တက်ရတယ်။ အခြေခံ စစ်သင်တန်း။ နောက်တော့ မွမ်းမံ၊ အဆင့်မြင့်၊ တပ်မှူး သင်တန်း - စသည်ဖြင့်ပေါ့လေ။ သင်တန်းတွေပြီးတော့ ကျနော်က ဒု-စိပ်မှူး စပြီးတာဝန်ယူရတယ်။ ကျနော့် အောက်မှာ ရဲဘော် ၆ ယောက် ရှိတာပေါ့။ နောက်တော့ တပ်စိပ်မှူး။ နောက်တော့ တပ်စုမှူး။ အဲလိုနဲ့ အဆင့်ဆင့် တာဝန်ယူခဲ့ရ။

သည်လိုနဲ့ ၁၉၈၉ ခုနှစ်ထဲမှာတော့ ရန်သူ န၀တ စစ်အုပ်စုက KNU နယ်မြေမှာ ရှိသမျှ စခန်းအားလုံးကို ခြေမှုန်းဖို့ ထိုးစစ်တွေ စတင်ခဲ့ပါတော့တယ်။ ကျနော်တို့ ရှိနေတဲ့ KNLA တပ်မဟာ (၆) နယ်မြေမှာရှိတဲ့ ဖလူး စခန်းကို လက်ရ သိမ်းပိုက်နိုင်ရေးအတွက် နှစ်ဆန်း ကတည်းက ထိုးစစ်အမျိုးမျိုးနဲ့ ကြိုးစားခဲ့တာပါပဲ။

၁၉၈၉ ခုနှစ်ရဲ့ မေလ တရက်သားတော့ ကျနော်တို့ စခန်းက တပ်ရင်း နှစ်ရင်းလုံးမှာ ရှိသမျှ ကျန်းမာရေး ကောင်းသူတွေကို စခန်း အုပ်ချုပ်မှု ကော်မတီက စာရင်းယူတယ်။ ပြီးတော့ ဖလူးစခန်း (ထိုအချိန်က န၀တ တပ်များက နောက်ဆုံးအကြိမ် အပြင်းအထန် ထိုးစစ်ဆင်နေသော ကာလ) စစ်ကူအတွက် သွားဖို့ ပြင်ဆင်နေပါတယ်။ ဒီလိုနဲ့ စခန်းမှာ ရှိသမျှ ရဲဘော်တွေအထဲက လူ ၈၀ ကျော် တရာနီးပါးကို ရွေးထုတ်တယ်။ ပြီးတော့ ယူနီဖောင်းတွေဆင် အီကွစ်မဲန့်တွေ တပ်နဲ့ အားလုံး အသင့် ပြင်။ အဲအထဲမှာ ကျနော် မပါလေဘူး။ စိတ်မကောင်းလိုက်တာ။ နောက်နေ့ကျတော့ လူတွေ တန်းစီတော့ အဲသည် လူတန်းကြီးကို ကြည့်ပြီး ကျနော် ပေါက်ကွဲတယ်။ မျက်ရည်တွေလည်း ကျလို့ ငါ့ကျ ဘာလို့ မခေါ်လည်းပေါ့။ အမှန်ကတော့ တာဝန်ရှိသူတွေက လိုအပ်သမျှကို လိုအပ်သလို လုပ်တာပါ။

စစ်ကူထဲမှာ ပါသွားတဲ့ ကျနော့်ကို ညီအကိုလိုခင်နေတဲ့ ရဲဘော်တယောက်က လာနှုတ်ဆက်တော့ ကျနော် ပိုပေါက်ကွဲသွားတယ်။ သွားကွာ- မင်းတို့က ပိုပြီး သင့်တော်လို့ ဖြစ်မှာပေါ့- ကျနော် ပြောလိုက်မိတယ်။ သည်လိုနဲ့ စခန်းထဲမှာ ဟိုလှည့် သည်လှည့် လုပ်နေခဲ့ရတယ်။ စိတ်ထဲမှာလည်း တနုံ့နုံ့နဲ့ ငါ့ကို ဘာလို့ မခေါ်သလဲ၊

အမှန်က ရန်သူ န၀တ တပ်တွေက တလျှောက်လုံး ထိုးစစ်ဆင်လာတာပါ။ ပွင့်လင်းရာသီ တလျှောက်လုံး မှာလည်း ထိုးခဲ့တာပါပဲ။ သည်ခံတပ်က မကျနိုင်ခဲ့ဘူး။ သည်တော့ မိုးရာသီ ရောက်ခါနီးမှာ နောက်ဆုံးအကြိမ် အပြင်းထန်ဆုံး ထိုးစစ်ဆင်တာပါ။ သည်တခေါက် နောက်ဆုံးဆိုပြီး ထိုးတာပါပဲ။ အပြင်းတကာ့ အပြင်း ထန်ဆုံးပေါ့။ ရရင်ရ မရရင်လည်း အိမ်ပြန်မယ်ပေါ့။

သည်လိုနဲ့ တိုက်ပွဲသတင်းတွေကိုနားထောင်ရင်း စခန်းထဲမှာပဲ ကျနော် နေနေရတယ်။ တညတော့ စခန်းဥက္ကဌ ကိုစအောင်လွင် ရောက်လာတယ်။ ည ၉ နာရီ ကျော်နေပြီ။ ကျနော့်ကို -မင်းပစ္စည်းတွေယူ-တဲ့ -အာ- ဘာဖြစ်လို့လဲ-လို့ ကျနော်မေးတော့ ပြန်မပြောလေဘူး။ ဒါနဲ့ စစ်သားတို့ ထုံးစံအတိုင်း ကျနော့် ပစ္စည်းတွေ ကျနော် သိမ်းထုပ်လိုက်ပြီး အသင့် အနေအထားနဲ့ တပ်ခွဲ အပေါက်ဝမှာ ရပ်လိုက်တယ်။ အဲမှာ ကျနော် သွားတွေ့ရတာက ကျနော့်ကို အကိုအရင်းတယောက်လိုခင်တဲ့ တပ်ခွဲထဲက တပ်စု တပ်ကြပ်ကြီး စောအေးမင်း၊ သူလည်း သူ့ ပစ္စည်းတွေနဲ့ ရပ်လို့။ -ဘာလဲဟ၊ ဘာဖြစ်တာလဲ- လို့ သူ့ကို ကျနော် မေးတော့ - ကျနော်လည်း မသိဘူး အကိုကြီး-တဲ့။ နောက်တော့ မိုးရေတွေထဲမှာ မည်းမည်း မည်းမည်းနဲ့ နောက်ထပ် ရဲဘော်တွေ။ အားလုံး ၁၂ ယောက်။ ဘယ်သူတွေမှန်းတော့ မသိသေး။မျက်နှာတွေကို မမြင်ရ။ ရုပ်ရှင်တွေထဲကအတိုင်း လျှို့ဝှက် စစ်ဆင်ရေး ကျနေတာပဲ- ကျနော် တွေးလိုက်မိပါသေးတယ်။

နောက်တော့ မိုးရွာကြီးထဲ ညဥ့်မှောင်မဲကြီးထဲ ကျနော်တို့ ချီတက်ခဲ့ရ။ နောက် တနာရီလောက်ကြာတော့ သေ့ဘောဘိုး ရွာကြီးထဲ ရောက်နေပါပေါ့လား။ ရွာသားအားလုံးကတော့ အိပ်မောကျလို့။ နောက်တော့ ရွာဥက္ကဌ အဖိုးဖူးလောကွား (ဗိုလ်ကြီးလောကွား) ဆီမှာ ညွှန်ကြားချက်တွေ ယူပြီးတဲ့နောက်မှာ ကျနော်တို့ကို လက်နက်တွေ တပ်ဆင်ပေးပါတယ်။ ကျနော် ကိုင်ရတာက အဲမ်(၁၆) တလက်နဲ့ မဂ္ဂဇင်း ၃ ဘောက်၊ အဲမ် ၃၆ လက်ပစ်ဗုံး ၂ လုံး။ တခြားသူတွေတော့ ဘာတွေ ရလေတယ်မသိ။ သည့်နောက်တော့ မှောင်ကြီးမဲမဲထဲ ပွိုင့် တာဝန်ကို ကျနော်နဲ့ အခြားရဲဘော်တယောက် ယူပါတော့တယ်။

သည်လိုနဲ့ စမ်းတ၀ါးဝါး မိုးရေတွေကြားမှာ သွားရင်း တညလုံး ချီတက်ခဲ့ရပါတယ်။ နောက်နေ့ မိုးသောက်ချိန် ရောက်တော့ ရွာလေးတရွာမှာ ခဏနား။ အိပ်ပြီးတော့ နေ့လည် ဖက်မှာ ဆက်လက်ပြီး ခရီးထွက်ခဲ့ရပါတယ်။ သည့်နောက်မှာတော့ မီးခိုးဖုံလုံးတွေနဲ့ မွစာကျဲနေတဲ့ ဖလူးဆိုတဲ့ ခံတပ်ကြီးကို အဝေးတနေရာက လှမ်းမြင်ရတဲ့ နေရာကို ကျနော်တို့ ရောက်ခဲ့ပါတော့တယ်။ အဝေးကနေ လှမ်းမြင်နေရတာကတော့ ဖုံလုံးတွေ ချည်းသာ။ ဒုံး-ကနဲ အသံတခုကို အဝေးကနေ ကြားလိုက်ရပြီးတဲ့နောက် ဖုံလုံးကြီးတခုကိုလည်း တွေ့လိုက်ရသေးတယ်။ တပ်စုမှူးဖြစ်သူ ကိုထွန်းထွန်းက အဲဒါ ၁၂၀ ကွ-လို့ ပြောတာတော့ ကြားလိုက်ရပါတယ်။

နောက်တော့ သွားရင်းနဲ့ မိုးချုပ်လာတယ်။ ည ၈ နာရီ လောက် ကျတော့ ဖလူးခံတပ်ရဲ့ကျောဖက်ကျနေတဲ့ ထိုင်း နိုင်ငံ ဖက်ကမ်းမှာ ကျနော့်တို့တပ်ဖွဲ့ ရောက်နေလေ တော့တယ်။ ကျနော်တို့လိုပဲ ရောက်နှင့် နေတဲ့ တပ်ဖွဲ့ ပေါင်းစုံကိုလည်း အမှောင်ထဲမှာ တွေ့မြင် နေရပါသေး တယ်။ အားလုံးက ဖလူးခံတပ်ထဲကို မိမိတို့ကို သယ်ပို့ ပေးမည့် လှေကို စောင့်နေ ကြရခြင်းပါပဲ။

လှေကိုစောင့်ရင်း ဘ၀မှာ တကြိမ်တခါမျှ မမြင်ခဲ့ဖူးတဲ့ အရာတွေကို မြင်တွေ့ရပါတယ်။ အမှောင်ထဲမှာ မြင်နေရတဲ့ သောင်ရင်းမြစ်ရဲ့ အရိပ်မည်းမည်းထဲမှာ ကူးသွား နေတဲ့ လှေတစင်းနဲ့ ထိုလှေတစင်းပေါ်မှ သူပုန်များ။ ထိုသူများကို ပစ်ခတ်နေတဲ့ န၀တတပ်က ၀.၅ စက်သေနတ်ကြီးရဲ့ မီးတန်းများနဲ့ ထိုစက်သေနတ်ကြီးကို ကိုင်တွယ်ပစ်ခတ်သူ မြင်သာအောင် ကောင်းကင်ယံ ပေါ်မှာ ပစ်ခတ်ဖေါက်ခွဲပေးနေတဲ့ မီးကျည်များ။ ဖလူးစခန်း အ၀င်မှာကိုပဲ အသက်ကို ဖက်နဲ့ထုပ်ပြီး လှေပေါ် တင်ခဲ့ရတဲ့ ဘ၀ကို အခုအချိန်မှာ ပြန်ပြီး မစဉ်းစားဝံ့။ ပွိုင့်ဖိုက် စက်သေနတ်ကြီးမှ ပစ်ခတ် လိုက်တဲ့ မီးကျည် တန်းကို မော့ကြည့် နေခဲ့ရခြင်းကကိုပဲ အသက်ဘေးမှ ဝေးနေခဲ့ကြောင်း ခုမှ သိတော့လေတယ်။ ထိုအချိန်က မသိသေး။ မီးမြင် နေရခြင်းက အသက် ရှိနေခြင်းပင် မဟုတ်လား။

နောက်တော့ ဖလူးဆိုတဲ့ သံဆူးကြိုးပေါင်းစုံ ကာရံထားတဲ့ ခံတပ်ကြီးထဲ ကျနော်တို့ ရောက်ခဲ့လေပြီ။ ကျနော်တို့ အားလုံး ရောက်တော့ ည ၈ နာရီ ခွဲနေပြီ။ KNLA မှ အရာရှိတဦးက ကျနော်တို့အားလုံးကို နေရာ ချပေးသွားလေတယ်။ ဘန်ကာ တခုမှာ ၂ ယောက် နှုန်းနဲ့ နောက်တန်းက ဘန်ကာ ၆ လုံးမှာ ကျနော်တို့ အားလုံး နေရာ ကျသွားပါလေပြီ။

ကျနော်က တပ်ရင်း (၂၀၄)က ဆိုတော့ (၂၀၄) တပ်ရင်းမှ လူတွေကို သိပါတယ်။ (၂၀၄) မှ ဆရာစိုးမြင့်၊ ရဲဘော် စောအေးမင်း။ (၂၀၅) မှ ကိုထွန်းထွန်း၊ ရဲဘော်စိုးအောင်၊ ရဲဘော် အဘီး၊ ရဲဘော် ကိုကိုလေး၊ ရဲဘော် နိုင်နိုင်၊ ရဲဘော် သန်းစိန်နဲ့ ကျနော် အမည်မသိတဲ့ အခြားရဲဘော် ၃ ဦး ဖြစ်ပါတယ်။ နောက်တန်းမှာရှိတဲ့ အိုဗာဟက် တွေထဲမှာ နေရာချတော့ ကျနော်နဲ့ ရဲဘော်အဘီးက ကရင်ရဲဘော်တဦးနဲ့တူ နေရာကျပါတယ်။ သည့်နောက် တော့ ထိုတညလုံး န၀တတပ်တွေက ပစ်ခတ်နေတဲ့ လက်နက်ကြီးငယ် ပေါင်းစုံရဲ့ပေါက်ကွဲသံတွေကို နာခံရင်း မိုးစင်စင် လင်းခဲ့ပါလေတယ်။ မနက် ၅နာရီလောက်ရောက်တော့ ပစ်ခတ်သံတွေ ရပ်စဲသွားပါတော့တယ်။ အိပ်တော့ဟေ့-ဆိုတဲ့ ကရင်ရဲဘော်ရဲ့ စကားက နောက်ကျနေပါလိမ့်ဦးမယ်။ ကျနော်နဲ့ ရဲဘော် အဘီးကတော့ အိပ်ပျော်သွားတာ ကြာပြီ ဖြစ်မယ် ထင်ပါတယ်။

သည်လိုနဲ့ နောက်တနေ့မနက်ကိုရောက်တော့ ကျနော်တို့အားလုံးကို ထိပ်တိုက် (န၀တတပ်များနဲ့ တိုက်ရိုက် ရင်ဆိုင် ပစ်ခတ်နေသောနေရာ) ဆီသို့ ပြောင်းလဲ ပို့ဆောင်လိုက် ပါတယ်။ မနက် ၁၀ နာရီခွဲမှာ ကျနော်တို့ အားလုံး သေနတ်တွေကို စစ်ဆေးပြီး အရံကျည်နဲ့ လက်ပစ်ဗုံးတွေကို ထပ်မံရရှိပါတယ်။ ထို့နောက် ထိပ်တိုက် ဖြစ်နေတဲ့ ဘန်ကာကြီးတခုဘေးမှ စပြီး ကျနော်တို့အားလုံး နေရာယူကြရပါတယ်။ ဖလူးစခန်းမှာ အိုမီဂါပုံ ရှိနေပြီး ၃ ဖက် ၃ တန်မှာ သောင်ရင်းဖြစ် ဖြစ်ပါတယ်။ ထို့အတွက် န၀တတပ်နဲ့တိုက်ရိုက်ရင်ဆိုင်နေရတဲ့ မြေနေရာမှာ ထို အိုမီဂါပုံရဲ့ အပွင့်ဖက်သာ ဖြစ်ပါတယ်။ ထိုနေရာကို ထိပ်တိုက်ဟု ခေါ်ပါတယ်။
ထိပ်တိုက်သို့ ကျနော်တို့ ရောက်ချိန်မှစပြီး ဆာလာအိပ်များထဲသို့ သဲများ ဖြည့်ထည့်ပြီး မိမိနေရာယူရတဲ့ အိုဗာဟက်များကို လက်နက်ကြီးများ (၆၀ မမ မော်တာ၊ ၈၁ မမ မော်တာ၊ ၁၂၀ မမ မော်တာ၊ ၅၇ မမ နောက်ပွင့်၊ ၇၅ မမ နောက်ပွင့်) ဒဏ်မှ ခံနိုင်အောင် ထပ်မံအားဖြည့်ခြင်းကို လုပ်ဆောင် နေရတာဟာ ညနေ ၅ နာရီထိ ဖြစ်ပါတော့တယ်။ ထို့နောက်တွင်မတော့ ရေချိုးခွင့် ရပါတယ်။ ထိပ်တိုက်နေရာမှ နောက်တန်းသို့ လမ်းလျှောက် သွားပြီး သောင်ရင်းမြစ်တနေရာမှာ ရေချိုးရခြင်းပါပေ။ ရေချိုး နေစဉ်မှာပင် ရန်သူ န၀တ တပ်များက ရမ်းသမ်း ပစ်ခတ်သော ပွိုင့်ဖိုက် (၀.၅) စက်ကြီး သံများကို ကြားနေရပါသေးတယ်။

သည့်နောက်တော့ ညမှောင်စလာသည်နှင့် ကိုယ့်နေရာ ကိုယ်ယူရ ပါတယ်။ ထိပ်တိုက်ရှိ ပွိုင့်ဖိုက် စက်သေနတ်ကြီး ရှိရာ ဘန်ကာကြီး ပြီးလျင် ကရင် ရဲဘော် ၂ ယောက် ရှိသည့် ဘန်ကာတခု၊ ပြီးလျှင် အေကေ စက်လတ် ရှိသည့် ဘန်ကာတခု၊ ပြီးလျှင် ကျနော်နှင့် ရဲဘော် နိုင်နိုင်တာဝန်ယူရသည့် ဘန်ကာတခု၊ ပြီးလျှင် ရဲဘော်ကိုကိုလေးနှင့် ရဲဘော် သန်းစိန် တာဝန်ယူရသည့် ဘန်ကာတခုစသည်ဖြင့် ထိပ်တိုက် ဘေးမှ ဘန်ကာ လေး ခုကို ကျနော်တို့ တာဝန်ယူရပါတယ်။ တခြား ဘန်ကာတွေကိုတော့ ကျနော် မမှတ်မိတော့ပါ။
ကျနော်နဲ့ရဲဘော်နိုင်နိုင် တာဝန်ယူရတဲ့ဘန်ကာမှာလည်း ဆွဲမိုင်းခလုပ် ၂ ခု ရှိပါတယ်။ M-60 ခေါ် Claymore Mine တွေကို ဘန်ကာ အောက်ခြေမှာ တပ်ဆင်ထားပြီး ရန်သူက မိမိ ဘန်ကာ အနားသို့ ကပ် လာလေမှ မိုင်းများကို ခွဲနိုင်ရန် စီစဉ်ထားခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ဘန်ကာထဲသို့ မ၀င်မီ ကျနော်က ကျနော့် အမ်-၁၆ ကို စစ်ဆေးပြီး နိုင်နိုင်က သူ့ ဂျီ-၃ ကြီးကို စစ်ဆေးကာ အားလုံး စိတ်ချရတဲ့အခါမှသာ ဘန်ကာထဲသို့ ကျနော်တို့ ၀င်ခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော်လည်း ဘန်ကာထဲမှာ အခြား သေနတ် ၂ လက်လည်း ရှိပါသေးတယ်။ အခြား အမ်-၁၆ တလက်နှင့် အိပ်ခ်ျကေ-၃၃ တလက် ဖြစ်ပါတယ်။

သည်လိုနဲ့ တချိန်လုံး ညအမှောင်ထဲမှာ ဘန်ကာရှေ့ရှိ သေနတ်ပစ် ပေါက်မှ ကျနော်တို့ နှစ်ယောက်လုံး မျက်စေ့ တချက် မမှိတ် ကြည့်နေ ခဲ့ကြပါတယ်။ ညမှောင်ကတည်းက န၀တတပ်များက လက်နက်ကြီး မျိုးစုံကို အရမ်းကာရောအပြင် မဟာဗျူဟာမြောက်ပါ ပစ်ခတ်နေခဲ့တာပါ။ သည်ညတော့ ရန်သူက တက်ထိုး တော့မှာ အသေအချာပါပဲ။ ဘယ်ဖက်လည်းတော့ မသိ။ အားလုံး အသင့် အနေအထားသာ ပြင်နေကြပေရော့။ ည ဆယိနာရီခွဲတော့ ဘန်ကာထဲရှိ ဝေါ်ကီတော်ကီမှ မီး လင်းလာတယ်။ - လင်းပြီ- ဆိုတဲ့အချက် ပေးစကားကို ကြားလိုက်ရတယ်။ အဓိပ္ပါယ်က ရန်သူ ကပ်နေပြီ။ ကျနော်က ကျနော့် အမ်-၁၆ ကို ဘန်ကာရှိ ဘယ်ဖက်က သေနတ်ပစ်ပေါက်မှာ ထိုးထည့်လိုက်ပြီး အမှောင် ထဲသို့ ကြည့်လိုက်မိတယ်။ ဘာမျှ မမြင်ရ။ အမှောင်မှလွဲ၍ ဘာမျှ မမြင်ရ။ နိုင်နိုင်ကလည်း သူ့ ဂျီ-၃ ကြီးကို ညာဖက် သေနတ်ပစ်ပေါက်မှာ ထိုးထည့်လိုက်ပြီး အမှောင်ထဲသို့ ကြည့်နေပါတယ်။ - နိုင်နိုင် ဘာမြင်ရလဲ- ကျနော်က သူ့ကို လေသံတိုးတိုးဖြင့် မေးလိုက်တဲ့အခါ - ဘာ-ဘာ-ဘာ မှ မ-မ-မ မြင်ရဘူးကွ- တိုးတိုးလေးအထစ်ထစ်နဲ့ပြန်ပြောတဲ့ နိုင်နိုင့်စကားကြောင့် ငိုအားထက် ရယ်အားသန် ကျနော့မှာ အမှောင်ထဲမှာ ပြုံးမိပါသေးတယ်။ သူက စကားထစ်တယ် မဟုတ်လား။

သည့်နောက်တော့ -ဖေါင်း-ကနဲ အသံတခုနဲ့အတူ ကျနော်တို့ရှေ့မြင်ကွင်းက ရုတ်တရက်ကြီး နေ့ခင်းအလား လင်းထိန်သွားပါလေတယ်။ မီးကျည် (illumination round) တခုကို မော်တာဖြင့် ပစ်ထုတ်လိုက်ခြင်း ဖြစ်ပါ တယ်။ ညအမှောင်ထဲမှာ ကျနော်တို့ ရှေ့မြင်ကွင်းရှိ ခြုံဖုတ်တွေထဲမှာ လူ အရိပ်နှင့် လှုပ်ရှားမှုတွေကို ကျနော် တွေ့လိုက်ရပါတယ်။ လူတချို့ကို ကျနော် တွေ့လိုက်ပေမယ့်လည်း လူက ကြောင်နေပါတယ်။ စိတ်ထဲက လက်ညှိုးကို အတင်းကွေးချနေမိပေမယ့်လည်း သေနတ် trigger ပေါ်က ကျနော့် လက်ညှိုးတွေ ကွေးမသွားပါ။ ကျနော့် ရင်တွေကလည်း တဒုန်းဒုန်း ခုန်နေပါသေးတယ်။ ကျနော့် သေနတ်က မီးမပွင့်သေးပါ။ -ပစ်-ပစ်-ပစ် ဟ- နိုင်နိုင်က ပြောလည်း ပြော သူ့ ဂျီ-၃ ကြီးကိုလည်း ထိုးချိန်ပြီး ပစ်ချပါတော့တယည်။ ဒေါင်း-ဒေါင်း-ဒေါင်း-ဆိုတဲ့ အသံကိုသာ ကျနော် ကြားလိုက်ပြီး ဘာမှ ထပ်မကြားရတော့။ သူ့ သေနတ် jam ဖြစ်သွားလေပြီ။ သည့်နောက်မှာတော့ မျက်စေ့မှိတ်ပြီး ကျနော့် လက်ညှိုးကို အတင်း ဆွဲပြီး ညှစ်ချလိုက်မိတယ်။ ဖောင်း-ဖောင်း-ဖောင်း-ဖောင်း မြည်သွားတဲ့ အမ်-၁၆ အသံကြားမှာ ကျနော့် အရှေ့ကခြုံဖုတ်တခုဟာ အပိုင်းပိုင်းအစစ လွင့်စင် နေတာကို မီးကျည်ရဲ့အလင်းရောင်အောက်မှာ ကျနော် မြင်နေရပါတယ်။ ဘယ်လောက်ကြာအောင် ကျနော့် လက်ညှိုးကို ညှစ်ထားမိသလည်း ကျနော်မသိ ကျနော်သတိရတော့ ကျနော့်သေနတ်မှာ ကျည်ကုန်နေလေပြီ။

ငါ့ကို အိပ်ခ်ျကေ ပေး-ပေး ဦးဟ- ဆိုသည့် နိုင်နိုင့် အထစ်ထစ် စကားကို ကြားမိတော့မှ ကျနော် ပြန်သတိရ တော့တယ်။ သူ့ကို ကျနော့် ဘေးနားမှာ ထောင်ထားတဲ့ အိပ်ခ်ျကေ-၃၃ ကို လှမ်းပေးလိုက်ရင်း ကျနော့် သေနတ်ကကျည်ဘောက်ကို ဆွဲဖြုတ်လိုက်မိပါတယ်။ နောက်တော့ နောက်ထပ် ကျည်ဘောက် အသစ်တခုကို လဲလှယ် တပ်လိုက်ပြီး မောင်းထပ်တင်ကာ သေနတ်ပစ်ပေါက်မှာ ကျနော့် အမ်-၁၆ ကို ထိုးထည့် လိုက်ပြီး အရှေ့မှာ မြင်နေရတဲ့ ခြုံပုတ်တွေထဲကို ကြည့်လိုက်မိပါတယ်။ အဲကောင် သေပြီလား။ ကျနော့် ဘာသာ ကျနော် စဉ်းစားရင်း ရင်ထဲမှာလည်း တဒုတ်ဒုတ် ခုန်နေမိသေးတယ်။ ငါ လူတယောက်ကို သတ်လိုက်မိပြီလား။

နိုင်နိုင်ကတော့ ဆဲနေသေးတယ်။ - ခွေးမသားတွေ ပြေးလိုက်တာ။ မြန်လိုက်တာ။ ရှာလို့တောင် မတွေ့ တော့ဘူး ။
တဖြည်းဖြည်းချင်း မှေးမှိန်လာနေတဲ့ မီးကျည် အလင်းရောင်အောက်မှာ ရှေ့မြင်ကွင်းက အားလုံး ငြိမ်သက်နေ ပါတယ်။ မငြိမ်သေးသည်က ကျနော့် ရင်သာ။ တဒိတ်ဒိတ်ခုန်နေဆဲ။ ဘာလို့ ခုန်နေမှန်းလည်း မသိ။ အာတွေကလည်း ခြောက်လာနေတာကို ကိုယ့်ဘာသာကိုယ် သိနေတယ်။ သည်လိုနဲ့ ဘေးနံရံမှာ ထည့်ထားတဲ့ ရေဘူးကို ဆွဲလိုက်ပြီး တုန်ယင်နေတဲ့လက်တွေနဲ့ ဖွင့်သောက်လိုက်မိတယ်။ နည်းနည်းတော့ စိတ်ငြိမ်သွား သလိုပါပဲ။

ဘန်ကာထဲက ဝေါ်ကီတော်ကီက မီးထပ်လင်းလာတယ်- ဒီရေ - တဲ့။ ထပ်တက်လာနေသေးသည်-ဟု အဓိပ္ပါယ် ရလေပြီ။ ကဲ-လာကြစမ်းကွာ- ကျနော်ကတော့ နောက်ထပ် မီးကျည် အပစ်ကိုပဲ သေသေချာချာ စောင့်နေမိ တော့တယ်။ - သည်တခါ မီးကျည် ပစ်လို့ မြင်ရရင်တော့လားကွာ- စိတ်ထဲက ကျုံးဝါးရင်း အမှောင်ထဲကို သေသေ ချာချာကြီးကို စိုက်ကြည့်နေမိသည်မှာ နံက် ၅ နာရီ ထိုးတဲ့ အထိ ပါပဲ။ ဒါပေမယ့် အဲဒီညအဖို့တော့ မည်သူတဦးတယောက်ကိုမျှ ကျနော် ထပ်မမြင်ခဲ့ရပါ။

(ဆက်လက်ဖော်ပြပါမည်)