Nov 17, 2008

သစ်ခုတ်သမား နိုးကြားလော့ (အပိုင်း-၂)

ဟိုး..နေ့က တင်ပေးလိုက်တဲ့ - သစ်ခုတ်သမားနိုးကြားလော့- အပိုင်း ၂ ပါ။

၂။
ဒါပေမယ့်
အိမ်ဂေဟာကို ရောက်တော့
ဧည့်သည်တယောက်ကို သူတို့ တွေ့ရတယ်။
သူတို့မှာ မျက်လုံးသစ်တွေ ရနေလို့လား။
ဒါမှမဟုတ် အရင်ကတည်းက
မမြင်မစမ်း မျက်စိကန်းခဲ့ကြလို့လား။
ဒါမှမဟုတ် ကြမ်းရှတဲ့ သစ်ကိုင်းတွေက
သူတို့ရဲ့ ၀ိုင်းစက်တဲ့ မျက်ခွံတွေကို ဆုတ်ဖြဲပစ်ခဲ့ကြလို့လား။
ဒါမှ မဟုတ်သေးရင်လည်း အမေရိကန် မြေကြီးပေါ်မှာ
အသစ်အသစ်တွေ ပေါ်လာခဲ့လို့လား။
အခက်အခဲတွေထဲမှာ
အပြုံးအရယ်မပျက်
သင်တို့နဲ့ လက်တွဲတိုက်ခိုက်ခဲ့ကြတဲ့
လူမည်းတွေကို ကြည့်လိုက်ပါ့။
လူမည်းရပ်ကွက်တွေ
မီးလျှံတောက်တဲ့ လက်ဝါးကပ်တိုင်ကိုင် လူစုတွေဟာ
တအူတုံဆင်း ညီနောင်ရင်းတွေကို
ကြိုးကွင်းသျှိုသတ်ရန်၊ မီးလောင်တိုက် သွင်းနေကြတယ်။
တခါတုန်းကတော့
အဲဒီလူမည်းတွေကို စစ်တိုက်ခိုင်းပြီး
ခုကျတော့ သူတို့ကို ၀ိုင်းပယ် ငြင်းဆိုနေကြတယ်။
ပါးစပ်ကိုပိတ် ပိုင်ခွင့်ကို ဘေးချိတ်ပြီး
တိတ်တိတ် အနေခိုင်းကြတယ်။
ညကျတော့
ခေါင်းစွပ်ပွကြီးတွေ ဆောင်းထားတဲ့ လူသတ်သမားတွေဟာ
ကြိုးကွင်းနဲ့ လက်ဝါးကပ်တိုင်ကို ကိုင်ပြီး
ရောက်လာကြတယ်။
(ပင်လယ်ရပ်ခြား တိုက်ပွဲတွေ ကြားမှာတုန်းကတော့ ဘယ်မှာ ဒီလို ဟုတ်ပါ့မလဲ)
အသင် လူမည်းစစ်သား
သင် မျှော်လင့်မထားတဲ့ ဧည့်သည်ဟာ
အ၀ါးသန်တဲ့ ရေသရဲအို တကောင်လို
တောင်လိုကြီးမား သင့်အိမ်တံခါးဝကို ရောက်နေပြီလေ။
စာနယ်ဇင်းတွေက ဘာလင်မှာ ချက်လုပ်တဲ့
အဆိပ်ပြင်းတွေကို မှုတ်ထုတ်နေကြတယ်။
တိုင်း၊ နယူးစ်ဝိခ် စတဲ့ မဂ္ဂဇင်းတွေဟာ
သင့်အဆင်း ဂုဏ်သရေကို
ပေရေ ညစ်နွမ်းအောင် လုပ်ဆောင်နေကြတဲ့
ကျယ်လောင်တဲ့ စာရွက်ဝါတွေ ဖြစ်တယ်။
(စာနယ်ဇင်း သူဌေးကြီး) ဟတ်စ်ဟာ
နာဇီတွေရဲ့ ဘုန်းတော်ဘွဲ့တွေကို သီကုံးရင်း
သင့်အိမ်ထဲမှာ ၀င်ပုန်းနေတဲ့ ဧည့်သည်အတွက်
စတက် မြက်ခင်းတွေဆီကိုပဲ ဖြစ်ဖြစ်
သန္တာကျောက်တန်းတွေဆီကိုပဲ ဖြစ်ဖြစ်
သင့်ကို စစ်တိုက်ထွက်ခိုင်းဖို့
မိုက်ရိုင်းတဲ့ သူ့လက်သည်းကြီးတွေကို ပြုံးပြီး သွေးနေတယ်။
သူတို့တွေဟာ သင်တို့ကို
တခဏကလေးမှ အနားမပေးကြပါလား။
သူတို့တတွေဟာ
သူတို့ရဲ့ သံမဏိနဲ့ ကျည်ဆန်ကို အမြဲတစေပဲ
ရောင်းဝယ် ဖောက်ကား နေချင်ကြပါကလား။
သူတို့ဟာ သူများတွေ လက်နက်သစ် မထုတ်ခင်မှာ
သူတို့ ယမ်းဘီလူးမှုန့်တွေကို မပုပ်အောင်
အမြန်ဆုံး အစွန်ထုတ်ချင်ကြပါကလား။
ဘယ်နေရာကိုပဲ ကြည့်ကြည့်
အဓိပတိ အရှင်သခင်တွေဟာ
သင်တို့ အိမ်တွေထဲမှာ အကျအန ၀င်နေပြီး
သူတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို တိုးချဲ့နေကြပါကလား။
သူတို့ဟာ ဖရန်ကိုရဲ့ စပိန်ပြည်ကို ချစ်ကြသတဲ့။
ချစ်ကြလို့ ထင်ရဲ့။
သင် သောက်ဖို့ ဆိုပြီး
သွေးခွက် တခွက်ကို ကမ်းပေးနေပါကလား။
လူတယောက်က တရာကို သတ်သတဲ့။
အဲဒီက စိမ်းဆတ်တဲ့ သွေးတွေဟာ
မာရှယ်အရက်စုံ ကော့တေးလ် ဖြစ်လာသတဲ့။
အဲဒီ အရက်ကော့တေးလ်ကို
နုပျိုတဲ့ လူငယ်တွေရဲ့ သွေးနဲ့စပ်ချင်သတဲ့။
တရုပ်ပြည်က လယ်သမားတွေ
စပိန်က အကျဉ်းသားတွေ
ကျူးဘား ကြံခင်းတွေထဲက သွေးနဲ့ ချွေးတွေ
ချီလီ ကြေးနီတွင်းတွေနဲ့ ကျောက်မီးသွေးတွင်းတွေထဲက
အမျိုးသမီးတွေရဲ့ မျက်ရည်တွေ
အဲဒါတွေကိုရော ကော့တေးလ်အရက်စုံ စပ်ပြီး
နံပတ်တုတ် စုပ်တံနဲ့ မွှေသတဲ့။
ပြီးတော့ ရေခဲတုံးကလေးတွေနဲ့
''ခရစ်ယာန် ယဉ်ကျေးမှုကို ကာကွယ်ကြ'' ဆိုတဲ့ အနံ့ကို ထည့်သတဲ့။
ဘယ့်ကလောက်များ ပြင်းထန် ခါးသီးတဲ့ စပ်နည်းလဲ။
မိတ်ဆွေ (အမေရိကန်)စစ်သား။
နောက်များကျတော့ သင်လည်း အရသာ တွေ့သွားလိမ့်မယ်။
အဲဒီ အရက်စုံ ကော့တေးလ်ကို သောက်လော့။
ကမ္ဘာတ၀ှမ်းမှာ
လရောင်ဆမ်းထားတဲ့ ညချမ်းမှာ
စိမ်းလန်းတဲ့ မနက်ခင်းမှာ
ဒါမှမဟုတ် ဇိမ်ခံ ဟော်တယ်ကြီးတွေထဲမှာ
သင့်အင်အားကို ပြည့်ဖြိုး လန်းဆန်းစေမယ့်
အဲဒီ ကော့တေးလ် အရက်စုံကို မှာပါလေ။
ပြီးတော့ ၀ါရှင်တန်တံဆိပ် ခတ်ထားတဲ့
ဒေါ်လာပြားကို ပေးပါလေ။

ကမ္ဘာမှာ နူးညံ့ကြင်နာခြင်းရဲ့ နောက်ဆုံး ဖခင်ဖြစ်တဲ့
ချာလီချက်ပလင်ဟာ
အသရေ ဖျက်ခံရတာကို သင် တွေ့အံ့။
သင်တို့တိုင်းပြည်ရဲ့ စာရေးဆရာများနဲ့ သိပ္ပံပညာရှင်များ
''အမေရိကန် မဆန်သော အတွေးရှိသူ'' အဖြစ်
အစွပ်စွဲခံရတာကို သင် တွေ့အံ့။
ကမ္ဘာ့အဝေးဆုံး ထောင့်စွန်းမှာပင်
အကြောက်တွေ ၀င်ကုန်ကြပြီ။
ကြောက်တတ်တဲ့ ငါ့အရီးဟာ
အဲဒီ အမင်္ဂလာ သတင်းကြီးကို ဖတ်ပြီး
ရင်တဆတ်ဆတ် တုန်ခဲ့ရတယ်။
ကမ္ဘာက မျက်လုံးတွေဟာ
အရှက်မဲ့မှုနဲ့ လက်စားချေမှု စီရင်ထုံးကို သုံးတဲ့
အဲဒီရုံးတွေကို စောင့်ကြည့်နေကြတယ်။
အဲဒီ တရားဥပဒေဟာ
သွေးစွန်းတဲ့ လူမိုက်တွေ၊ ကျွန်ပိုင်ရှင်တွေ
လင်ကွန်းကို သတ်သူတွေရဲ့ တရားဥပဒေသာ ဖြစ်တယ်။
ခုလုပ်နည်းဟာ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်အတွက် မဟုတ်။
လူယုတ်တွေရဲ့ ညှဉ်းပမ်းရေး ဇာတ်ထုပ် ဖြစ်တယ်။
ပြည့်တန်ဆာအိမ်တွေနဲ့ ဘဏ်တိုက်တွေက စားပွဲတွေပေါ်မှာ
ချွင်ချွင်မြည်နေတဲ့ ရွှေပြားတွေအတွက်သာ ဖြစ်တယ်။
အမှန်ကတော့ ဒီအရာတွေဟာ
ဘာမှ ဆုံးဖြတ် စီရင်ပိုင်ခွင့် မရှိဘူး။

မိုရိုနီဂို၊ ရူဂျီလို၊ ဂွန်ဇာလေ့ ဗီဒယ်လာ
ဆိုမိုဇာ၊ ဒူတရာ စတဲ့ အာဏာရှင်များဟာ
တိုဂိုဘာမှာ ဆုံတွေ့ကြတယ်၊ လက်ခုပ်တီးကြတယ်။
သင်တို့ အမေရိကန် လူငယ်များဟာ
အဲဒီ ပုဂ္ဂိုလ်တွေကို သိမယ် မဟုတ်။
သူတို့ဟာ ငါတို့ကောင်းကင်မှာ ကြီးစိုးနေကြတဲ့
ကြောက်ဖွယ် အာဏာရှင်ကြီးတွေ ဖြစ်တယ်။
သူတို့ တောင်ပံတွေရဲ့ အရိပ်တွေဟာ
ရှည်လျား ခါးသီးလွန်းလှတယ်။
အကျဉ်းထောင်တွေ၊ အစတေးခံရသူတွေ
သေခြင်းတရားနဲ့ အမုန်းတရားတွေရဲ့ အရိပ်တွေ ဖြစ်တယ်။
ရေနံနဲ့ နိုက်ထရိတ် ပေါတဲ့ တောင်ပိုင်း တိုင်းပြည်များဟာ
ဘီလူးသဘက်တွေကို မွေးဖွားပေးလိုက်ကြတယ်။
ချီလီပြည်ရဲ့ ညမှာ
ပါးကွက် အာဏာသားရဲ့ အမိန့်ဟာ
စိုစွတ်စုတ်ချာတဲ့ သတ္တုတွင်းတူးသမားရဲ့
တဲကုပ်ကလေးကို ရောက်လာခဲ့တယ်။
ကလေးတွေက
အိပ်ရာက လန့်နိုးပြီး အော်ဟစ် ငိုယိုကြတယ်။
အကျဉ်းထောင်တွေထဲက လူထောင်ပေါင်းများစွာဟာ
ရွှေပြည်သာကို တွေးတော ငေးမောနေကြတယ်။
ပါရာဂွေးက
နက်ရှိုင်းတဲ့ သစ်တောရိပ်တွေဟာ
အသတ်ခံရရှာတဲ့ မျိုးချစ် တယောက်ရဲ့
အရိုးတွေကို ဖုံးကွယ်ပေးထားကြတယ်။
နွေရာသီရဲ့ မီးစုန်းရောင်ထဲမှာ
သေနတ်သံ တချက် ပေါ်လာခဲ့တယ်။
အဲဒီမှာ အမှန်တရားဟာ
သေခဲ့ရရှာပြီ။
မစ္စတာ ဗင်ဒင်ဗတ်၊ မစ္စတာ အားမား
မစ္စတာ မာရှယ်နဲ့ မစ္စတာ ဟတ်စ် တို့ဟာ
အနောက်တိုင်းကို ကာကွယ်ဖို့ ဆိုပြီး
စန်တိုဒိုမင်ဂိုမှာ ဘာဖြစ်လို့
လက်ပိုက်ကြည့်နေကြသလဲ။
နီကရာဂွာ သမ္မတကို
ညကြီးမင်းကြီးမှာ အတင်းဆွဲနှိုးပြီး
သေမင်းကြီးစိုးရာကို ဘာဖြစ်လို့ နယ်နှင်ဒဏ် ပေးရတာလဲ။
(လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ မဟုတ်ဘဲ
ငှက်ပျောသီးကို ကာကွယ်ဖို့ ဆိုတာတော့
ဆိုမိုဇာ ကောင်းကောင်းသိတယ်)
ဒီ ''ကြီးမြတ်ပြီး ဂုဏ်ရောင်ပြောင်'' တဲ့ အတွေးအခေါ်ဟာ
တခြားနိုင်ငံများကိုပါ ရောက်သွားပြီး
ညစ်ပတ်တဲ့ ကော်ဇောများလို
ပေကျံ စွန်းထင်းနေတဲ့
အစိုးရများကို ကူညီ မှိုင်းမနေလေရဲ့။

(ဆက်လက် ဖော်ပြပါမည်)

1 comment:

ဆောင်းယွန်းလ said...

ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးပါအကို.....