Jun 30, 2009
စောင့်သူမောတဲ့ ညနေ
ညတွေကို
စောင့်စောင့် ကြွေ
သေစာရှင်စာ ဖတ်ခိုင်း
အိုစာမင်းစာ ခွံ့ကျွေး
ညမွှေးပန်းပွင့်မယ့် လရောင်အောက်။
ချစ်သူ့လက်ကို
ဖက်လှဲတကင်း တင်းရစ်မဲ့လက်အစုံ
ဘ၀တခုနဲ့  ပုံအပ်ခဲ့တာ။
ချစ်သူရှေ့မှောက်
ရောက်ခဲလှစွာ ယူဇနာ
ကဗျာမာရသွန်
သစ္စာနွံထဲ ရဲရဲ ခုန်ဆင်းခဲ့ပါရဲ့။
ငါ့ခေါင်းထဲမှာ
“ဂူစတီနာ”ရဲ့ ဆံမျှင်တွေ
“စကားလက်”ရဲ့ လေရူးတွေ
“အေးမ”ရဲ့ အညာလမ်းက မာယာဘုံ
ဂုဏ်ဆိုတာ သိက္ခာနဲ့ ရွှေချတဲ့
ဘ၀မှန်သားပြင်တချပ်
ရင်မှာ ကပ်ခဲ့ရင်း။
ဟော ပြောသလို
ရွှေအိုရောင် ညနေခင်းတွေက
ညကို စောင့်နေပြန်။ ။
မောင်လွမ်းဏီ
၃၀-၆-၀၉
Jun 29, 2009
နေရာဟောင်းမှာ
ငယ်တုန်းက သူငယ်ချင်းတွေကို အခုလိုအချိန်မှာ လွမ်းတယ်။ အခုတော့ တယောက်နဲ့ တယောက် ဆုံနိုင်ကြဖို့ရာ တကယ်ကို မလွယ်ဘူး။ အွန်လိုင်းမှာတောင် မဆုံနိုင်တဲ့ ငယ်သူငယ်ချင်းတွေကို တကယ်ကို လွမ်းမိတာပါပဲ။ သည်လိုနဲ့ သီချင်းတပုဒ် ဆိုတီးမိပါတယ်။ သည်းခံခွင့်လွှတ် နားဆင်ကြပါ။
|
Jun 27, 2009
ရှစ်ကြိမ်မြောက် တမ်းတခြင်း
“နှင်း”ရေ့... ...
“ဓါးရှစ်စင်း”တဲ့လား...
မြှားအစင်းပေါင်း
ထောင်သောင်းခဖူးတဲ့ နှလုံးသားဟာ
နောက်ထပ်တခါ
နာကျင်ရဦးမှာပါလားလေ...
နေ့တာတိုပြီး ညတာရှည်တဲ့ ပြက္ခဒိန်မှာ
ငါ့ မီးအိမ်လေး
ခဏခဏ မှိန်မှိန်ပေးခဲ့ရ...
မနိုင်မှန်းသိတဲ့ တိုက်ပွဲတွေကို
ချစ်ခြင်းမေတ္တာလည်မှာ ဆွဲပြီး
တယောက်ထဲပဲ ရဲရင့်ခဲ့ရ...
အခုတော့
ပြည်ဖုံးကားကျတော့မကွယ့်...
မျက်လှည့်ပြတတ်တဲ့
ပဉ္စလက်ဆရာကိုပဲ
ငါ အားကိုးရတော့ မလိုလို...
တံပိုးခရာတွေနဲ့
ဝံ့ကြွားလာတတ်တဲ့
စစ်ရထားကိုပဲ မျှော်ရကောင်းနိုးနိုး...
ဒါမှမဟုတ်
နတ်သမီး နှင်တံတချောင်းအတွက်
ငါ့ဦးခေါင်းကို မော့ပေးထားရင် ကောင်းလေမလား...
တနေကုန်တော့
အလွမ်းတွေ မြုံနေတဲ့
ဟောသည် ရင်အုံဟာ
တစုံတခုကိုသာ
ယုံကြည်ချင်နေပါပေါ့
“နှင်း”ရေ... ...
ATN
တင်ပြီးမှ သည်ကဗျာက အပုဒ် (၁၀၀) မြောက်ဖြစ်နေမှန်းသိတယ်
လူမှား တယောက်ရဲ့ နှင်းဆီဖြူ
ဟောသည် ရောင်စုံဥယာဉ်မှာ
ငါဟာ
ပန်းတပွင့်တောင် မဖြစ်ခဲ့ရပါဘူး အချစ်ရဲ့ ...
ရူးသွပ်ခဲ့ဖူးတဲ့နေ့တွေသာ ပေါလော ပုပ်သိုး
ကျီးထိုးလောက်ကိုက်
မိုက်မဲခဲ့တယ် ဆိုပါတော့...
“ကျောက်ဖျာများ အထက်မှာ ငါ ပျိုးကျဲ
ကန္တာရတို့အလယ်မှာ ထွန်ယက်ခဲ့”
ခါးသက်လှချည်လား
“လူမှား”ရေ့...
ဥယာဉ် မရှိတဲ့ အရပ်မှာ
ငါ ပွင့်ခဲ့ရတယ်...
လှလှပပကြီးကို အထီးကျန်လို့...
လှလှပပကြီးကို အကျည်းတန်လို့...
နောက်ဆုံး
ပထမဆုံး
အကောင်းဆုံး
အဆိုးရွားဆုံး
အရိုးသားဆုံး
အလျှို့ဝှက်ဆုံး ပန်းတပွင့်ကို
အိပ်မက်ထဲမှာ ပွင့်ပစ်ခဲ့တယ်...
နောက်တနေ့မနက်မှာ
နှင်းဆီဖြူ တပွင့်
မင့်ရင်ခွင်ထဲ ရောက်နေမယ် ထင်ရဲ့...
ATN
Jun 26, 2009
နေညိုချိန်အတွေး
ကြိုက်နှစ်သက်ခဲ့ဖူးတဲ့ ခိုင်ထူးရဲ့ သီချင်းတွေအနက် “မကျေနပ်ဘူး၊ သိလား” အယ်လ်ဘမ်ထဲက သီချင်း တပုဒ်ပါ။ ကိုမောင်မောင် ရေးခဲ့တာပါ။ ညီမငယ် Mie Nge တောင်းဆိုလို့ တီးပေးလိုက်ပါတယ်။ တီးထားတာတော့ ကြာပါပြီ။ တင်ဖို့ အဆင်မပြေသေးတာနဲ့ မတင်ဖြစ်တာပါ။ နဂိုရ်မူရင်း သီချင်းနဲ့ အတတ်နိုင်ဆုံး တူအောင်တော့ တီးထားပါတယ်။ Intro မှာပါတဲ့ Slide Guitar အတွက်တော့ Keyboard နဲ့ပဲ တီးလိုက်ပါတယ်။ vocal ကတော့ recording လုပ်ထားတာ မကောင်းလို့ အစပိုင်းမှာ တိုးလိုက်ကျယ်လိုက် ဖြစ်နေပါတယ်။ အသံမကောင်းတဲ့အတွက်လည်း သည်းခံနားဆင်ကြပါ။
နေညိုချိန်အတွေး
နေညိုချိန်ကို ဦးညွတ် ဂုဏ်ပြုမယ်…
ရောင်စဉ်ဆိုတာ အလင်းရှိမှသာ ခွဲခြားနိုင်လိမ့်မယ်
ပန်းနုကောင်းကင်ရေ…
တိမ်လွှာပြင်ကို ဆေးဆိုးလိုက်စမ်းပါ…
နေရောင်ခြည်ရယ် အနောက်ဖက် မကူးခင်
အရှေ့က တိမ်ထုကို ဆေးသွင်းခဲ့ဦး…
နေညိုညိုရေ မင်းရေးဆွဲတဲ့ တိမ်ပန်းချီ ကားချပ်ကို
မြင်နိုင်သူတွေ အားလုံးအတွက်တော့ ပိုင်ဆိုင်နိုင်ခွင့် ရှိတယ်
ရှိရမယ်လေ…
လေပြေလာရာ လမ်းဖက် လျှောက်ဦးမယ်…
လာပါမေရယ် ပန်းရနံ့သင်းတဲ့ စိမ်းလမ်းမြက်ခင်းပြင်
ဖြတ်လျှောက်ကြမယ်လေ…
တူစုံမောင်မယ် ခရီးကြမ်း ဘ၀လမ်းမှာ…
သာယာကြည်လင်ချမ်းမြေ့ခြင်းနဲ့
စိတ်ဓါတ်ခွန်အားကို ဖြည့်စွက်ခဲ့ဦး…
တိမ်ညိုညိုရေ သားမွေးမယ့်မြက် ရေလိုနေဆဲမှာ
ရွာပါစေလေ ပန်းဖူးပွင့်မှ စိုပြည်လန်းဆန်းမယ်
ဖူးပွင့်ပါမှ…
|
Jun 23, 2009
ဆဒ္ဒန်အလွမ်းပြေ
Jun 21, 2009
ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မြောက် မွေးနေ့ပွဲ အယ်လ်အေတွင် ကျင်းပ
မြန်မာပြည်သူလူထု အားလုံး၏ လူထုခေါင်းဆောင် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၆၄ နှစ်မြောက် မွေးနေ့ အတွက် အထိမ်း အမှတ်ပြု ဆုတောင်းသည့် အနေဖြင့် မွေးနေ့ အခမ်းအနား တခုကို La Puente မြို့ 710 S Grandview Lane ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း၌ LA Organizers 4 Burma အဖွဲ့က ဦးစီးကာ ၂၀၀၉ ခုနှစ် ဇွန်လ ၂၁ ရက် တနင်္ဂနွေနေ့တွင် မနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ ပါသည်။
အဆိုပါ အခမ်းအနားကို LA နှင့် အနီးတ၀ိုက်ရှိ မြို့များမှ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ကြည်ညို လေးစားကြသော မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ၄င်းတို့၏ မိသားစုဝင်များ အတူတကွ လာရောက်ကာ ဆုမွန်ကောင်းများ တောင်းခဲ့ကြသည်။ ထို့အပြင် ဆန်ဖရန်စစ္စကို Bay Area မှ မြန်မာ့အရေး တက်ကြွစွာ လှုပ်ရှားနေကြသူများကလည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်း တရားနာခြင်းနှင့် စတင်ခဲ့ ပါသည်။ ဆုတောင်း တရားနာ အပြီးတွင် LA Organizers 4 Burma မိသားစုဝင်များနှင့် အခြား အလှူရှင်များက အခမ်းအနားသို့ တက်ရောက်လာသူများကို နေ့လည်စာဖြင့် ဧည့်ခံခဲ့ပါသည်။
နေ့လည်စာ စားအပြီးတွင် ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ ကိတ်ကို ခွဲခဲ့ပြီး မွေးနေ့ သီချင်းကို တက်ရောက်လာသူများ အားလုံးက အတူတကွ သီဆိုခဲ့ကြ ပါသည်။
ထို့နောက် နိုင်ငံတော် သီချင်းကို အတူတကွ သီဆိုကြပြီး ဒီမိုကရေစီ တိုက်ပွဲစဉ် တလျောက် လုံးတွင် အသက် စွန့်လှူ သွားခဲ့ကြသော ရဟန်း ရှင်လူ အာဇာနည် ပြည်သူ အပေါင်းအား ဦးညွတ် အလေးပြုသည့် အနေဖြင့် တမိနစ် ငြိမ်သက် ခဲ့ကြပါသည်။
ထို့နောက် မွေးနေ့အခမ်းအနားသို့ ဆန်ဖရန်စစ္စကို Bay Area မှ ရောက်ရှိ တက်ရောက်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ဗဟိုမှ ကိုပန်းသီးအား၎င်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဒီပဲယင်း ခရီးစဉ်တွင် အနီးကပ် လုံခြုံရေး တာဝန်ယူခဲ့သူ ကိုတိုးလွင်အား၎င်း LA Organizers 4 Burma အဖွဲ့မှ ကိုကျော်ဌေးဦးက အခမ်းအနားသို့ တက်ရောက် လာသူများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ် တာဝန်ထမ်းဆောင်ခဲ့သော ကိုပန်းသီးက ဒေါ်အောင်ဆန်း စုကြည်နှင့် ပတ်သက်ပြီး သူတွေ့ကြုံခဲ့ရသော လေးစားအားကျဖွယ်ရာ၊ အတုယူဖွယ်ရာ အချက်များကို ကိုယ်တွေ့ အဖြစ်အပျက်များနှင့် ရှင်းလင်း ပြောပြခဲ့ပါသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၏ ဒီပဲယင်း ခရီးစဉ်တွင် အနီးကပ် လုံခြုံရေး တာဝန်ယူခဲ့ရသူ ကိုတိုးလွင်က ဒီပဲယင်း အနီး ကျီရွာတွင် အသက် အန္တရာယ် ကျရောက်နိုင်သည့် အခြေအနေကို ရှိနေမှန်းသိလျက်နှင့် မိမိ၏ အသက်ကို မငဲ့ပဲ ရှေ့ဆက် ထွက်ခွာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ရဲရင့်မှုနှင့် ပြတ်သားမှုတို့ကို အခမ်းအနားသို့ တက်ရောက်လာသူများကို ရှင်းလင်း ပြောပြခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ကိုပန်းသီးနှင့် ကိုတိုးလွင်တို့၏ ၄င်းတို့ ကြုံတွေ့ သိမြင်ခဲ့ရသော အတွေ့အကြုံများကို ရှင်းလင်း ပြောဆိုမှု ပြီးသည့်အခါ တက်ရောက် လာသော ဧည့်ပရိတ်သတ်များထဲမှ ဒေါက်တာအောင်ခင်က ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြု ကဗျာ တပုဒ်ကို ရွတ်ဆိုခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အမေးအဖြေ ကဏ္ဍကို စတင်ခဲ့ ပါသည်။ ပရိတ်သတ်များက သိရှိလိုသည့် မေးခွန်းများကို တဦးချင်း မေးမြန်းခဲ့ ကြပြီး ကိုပန်းသီးနှင့် ကိုတိုးလွင်တို့က မေးခွန်းများကို တလှည့်စီ ပြန်လည် ဖြေကြားသွားခဲ့ပါသည်။
ထို့အတူ ၁၉၆၆ ခုနှစ်က ရှေ့နေတဦး ဖြစ်ခဲ့ဖူးသူ ဦးဖရန့်သောင်းဦးက တရား စီရင်ရေးနှင့် ပတ်သက်သည့် ကိုယ်တွေ့များအား၎င်း၊
ဒေါ်စောမြတ်မာက ၁၉၈၉ ခုနှစ် အာဇာနည်နေ့ အခမ်းအနားတွင် လူပေါင်းများစွာ၏ အသက်များကို ကယ်တင်ရန် ကြိုးစားခဲ့သည့် ဒေါ်အေင်ဆန်းစုကြည်၏ လုပ်ဆောင်ချက် များကို၎င်း ရှင်းလင်း ပြောကြားခဲ့ကြပါသည်။
ထို့နောက် အချုပ်အနှောင် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရေးကို ရည်ရွယ်ပြီး မိုးပျံပူဖေါင်း ၆၄ လုံးကို အခမ်းအနား တက်ရောက် လာသူများက စုပေါင်း လွှတ်တင်ခဲ့ကြပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ အခမ်းအနားကို နေ့လည် ၂ နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။
Photo Credit: Maung Myo Naing

Jun 18, 2009
စနေဒေါင့်မှာ ပန်းလှူခြင်း
အလွန်တရာ စူးရှနေတဲ့ ကဗျာတပုဒ်က
ငါ့အသည်းနှလုံးကို ထုတ်ချင်းခတ်
ဖြတ်ရှပစ်ခဲ့ပေါ့ ...
ထက်ပိုင်းပြတ်ကျသွားတဲ့ ငါဟာ
ငါ့ကိုယ်ငါ အတန်တန် ပြန်ဆက်ယူရတယ်...
ငါကလည်း ငါပါပဲလေ
တနေ့နေ့နဲ့ တရက်ရက်ကို
ငါ့လျှာတွေနဲ့ပဲ ငါ လျက်နေခဲ့မိတာကိုး ...
ကြောင်တွေက
သူတို့ အနာကို သူတို့ဖာသာ ကုသနေသလိုမျိုးပ...
သေချာတာတခုကတော့
ငါ့ငယ်ဘ၀ကို
ဘယ်တော့မှ ငါ ပြန်မရနိုင်လေဘူး...
ပန်းတွေ ပွင့်တယ် ...
နှင်းတွေ ကျတယ် ...
မြစ်တွေက စီးဆင်းမြဲ ...
တောင်တန်းတွေကလည်း နေမြဲအတိုင်းနေလို့ ...
ငါမှာတော့ စကားတချို့ ရှိနေခဲ့ ...
နားစွင့်မယ့်သူကိုသာ
ငါလိုအပ်တော့တယ်...
ကြားစရာ နားရှိသည်ကား
ကြားပါစေ...
သည်နေ့မှာ
မွေးဖွားလာခဲ့သော တစုံတယောက်
သူ့ကို လွတ်မြောက်ပါစေ... ဘုရားသခင်...
ဒါသည်ပင်
သင် အသက်ရှိနေသေးကြောင်း သက်သေ...
ATN
ဘယ်သူ့အပေါ် အချစ် မင်းပုံမှာတုန်း ပြောလေ
နှစ် ၂၀ ကြာခဲ့ပြီ
တကယ်တမ်းမှာတော့
ပြောစရာ များများစားစားမရှိဘူး...
အပေါင်းနဲ့ အနှုတ်
ယုတ်မာမှုနဲ့ စင်ကြယ်မှု
အဖြူနဲ့အမည်း
လွဲမှားမှုနဲ့ မှန်ကန်မှု
အနည်းနဲ့ အများ
တရားမှုနဲ့ မတရားမှု
နေ့နဲ့ညလို
ဘယ်အရာက ဘာဆိုတာ
မေးခွန်း တခုသာရှိနေ...
မင့်ခြေအစုံ
ဘယ်ဖက်မှာ ပုံလေမလဲ ...
ATN
(ခင်မောင်တိုး၏ သီချင်း စာသားကို ခဏငှားသုံးလိုက်ပါသည်)

မိခင်ထံမှ မေတ္တာတောင်းခန်း
မိခင်ရဲ့
နှောင်ကြိုးကို ဖြေခဲ့၊
သည်းစွာသော အနာကို
ကုသခဲ့၊
သမီးရဲ့
လုံ့ လ ၀ီရိယ ဉာဏ်နဲ့ 
နာလန်ထူစေခဲ့။
ကျေးဇူးကို မသိတတ်သော
ထိုထိုသော သူတို့ အား
သိနားလည်အောင်၊ ဆွဲဆောင်နိုင်စွမ်း
သမီးအား ရဲရဲ ကမ်းလင့်ပါ။
ဘေးရန်ကာဆီး
သမီး ထီမည်မဟုတ်
ပတ္တမြားတူစွ ဟုတ္တာ။
တဘ၀ တခါ
သေရမည်ဖြစ်၊ သို့ ဖြစ်ငြားလည်း
အဘယ်နည်းနှင့်၊ သေခွင့်ရခိုက်
ချစ်သမီး၌ မခံစား
တရားအမှန် မှတ်ရန်သာ။
သမီးစိတ်အတွေး
အကယ်အဖြစ် ကူးပြောင်းခဲ့လျှင်
ပြည်သူတို့ လည်း ပျော်ရွှင်ကြအံ့။
အခြား အခြားသော
သူတို့ ရဲ့
ရှုံ့ချခြင်း၊ ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း၊ နာမည်ဖျက်ခြင်း
အလျဉ်း သမီး ဂရုမပြု
မုဒိတာတရား၊ လက်ကိုင်ထားပါမည်။
မိခင်ထံမှ
ဒါမှ ငါ့သမီး
ကောင်းချီးကျူးရင့်၊ မေတ္တာလွင့်ပျံ
တေးသံသာကို၊ နားဆင်လိုပါသည်။
မိခင်ကျေးဇူး
စိန္တေထူးကို၊ အဦးရဆုံး
အသိရဆုံး၊ လုံးလုံးဖြစ်ရပါလို၏။
(ဒေါ်အောင်ဆန်းစုကြည်၏ “ဒါမှ ငါ့သမီး” ကဗျာအား ခံစားမျှဝေမှု)
မောင်လွမ်းဏီ
၁၆-၆-၀၉
Jun 17, 2009
ပျောက်ဆုံးသွားသော ဥယာဉ်မှူးသို့
ကိုယ့်ကိုယ်ကိုယ်
ခေါက်သိမ်းထားလိုက်တယ် ...
ဆူးစူးရင်ဆူးနဲ့နွှင် ....
စကားမစပ် ...
အပြာရောင်ဆူးတစ်ချောင်း ဆာလောင်တယ် ...။
Zephyr ၏ မုတ်သုန်ဂီတ-မှ
ကျနော် ဘလော့ရေးနေတာ တနှစ်ခွဲရှိပါပြီ။ ဘလော့ရေးဖြစ်တာကလည်း ကျနော် လေးစား အားကျတဲ့ ကျနော့် ဆရာယော ကြောင့်ပါ ဆိုတာ သည်မှာ တခါ ပြောပြခဲ့ဖူးပါတယ်။ အဓိကကတော့ ကျနော်က ကဗျာတွေ ရေးတာပါ။ ကဗျာတွေ ရေးရင်းနဲ့ တခြား ဘလော့တွေ ဖတ်ရင်း ရင်ထဲမှာ ရေးချင်တာလေးတွေ ပေါ်လာတော့ စာတချို့ ချရေးမိတယ်၊ ဆောင်းပါးလည်း ဖြစ်ချင် ဖြစ်မယ်၊ အက်ဆေးလည်း ဖြစ်ချင်ဖြစ်မယ်၊ ကျနော်ကတော့ အမည် မပေးတတ်လေတော့ ခံစားမိသလိုရေးပါသည်-ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ အဲသည် စာတွေကို ထည့်ပစ်လိုက်တယ်။ ၀တ္ထုတို တချို့လည်း စမ်းရေးခဲ့ဖူးတယ်။ ဘလော့ လာဖတ်သူ အများစုက ကျနော်ရေးတဲ့ ၀တ္ထုတွေကို ကျနော့် ကဗျာတွေလောက် ကြိုက်နှစ်သက်ကြပုံ မရပါဘူး...း)
ပြောချင်တာက တခြား ပြောနေတာက တခြား ဖြစ်သွားပြန်ပြီ။ ပြောချင်တာက သည်လိုပါ။ ကျနော် ဘလော့ ရေးသက်လေး တနှစ် ပြည့်လာတော့ တူရာတူရာ စုတယ်ပဲ ပြောရမှာပေါ့လေ၊ ရင်ဘတ်တူတဲ့ ဘလော်ဂါတွေ ရှိလာပါတယ်။ အားလုံးကလည်း သူငယ်ချင်း ဆိုတာထက် ညီအကို မောင်နှမတွေလိုကို ဖြစ်နေတော့တာပါ။ နေရာဒေသတွေနဲ့ ရေးသားနေကြတဲ့ စာတွေကတော့ မတူကြဘူးပေါ့လေ။ ဒါပေသည့် ဦးတည်ရာ အရပ်ချင်းက တူနေကြ၊ ရင်ခုန်သံချင်းက တူနေကြ၊ နာကျင်ပုံချင်းကလည်း တူနေကြတဲ့အခါ အရေပြားတူတဲ့ ညီအကို မောင်နှမတွေ ဖြစ်လာကြတော့တာပါပဲလေ။ သည်တော့ သည်ညီအကို မောင်နှမတွေထဲက တယောက်ယောက်ကို ဘလော်ဂိုစဖီးယားထဲ မမြင်မတွေ့ရတဲ့အခါ လွမ်းဆွတ်ရပါတယ်။
သည်ကာလတွေထဲမှာ တချို့ ညီအကို မောင်နှမတွေကလည်း အကြောင်းအမျိုးမျိုးကြောင့် ဘလော့နဲ့ ခေတ္တခဏ ကင်းကွာသွားတာလည်း ရှိကြပါတယ်။ ဥပမာ- ဇင်ယော် ဆိုရင် အခုဆို ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းတောင် မသိရ။ လွန်ခဲ့တဲ့ ၅ လကတည်းက ပျောက် သွားလိုက်တာ ခုထိ ပြန်ပေါ်မလာတော့ဘူး။ သင်္ဘော တစင်းစင်းပေါ်မှာ တထောက် နားနေတယ် ထင်ပါရဲ့။ နောက် တယောက်ကတော့ ကဗျာတွေ ရေးနေတဲ့ ညီမလေး တယောက်ဖြစ်တဲ့ ခေးအော့စ်။ လွန်ခဲ့တဲ့ ၄ လကတည်းက ပျောက်နေတာ ခုထိကို ပြန် မတွေ့ရသေး။ နောက် ညီငယ် တယောက်ကတော့ မျိုးဝင်းဇော်။ ပျောက်မသွားပေမယ့် သူ ရေးတာတွေ မဖတ်ရတာ ၄ လ ကျော်နေပြီ။ အလုပ်များနေလို့ပဲ ဖြစ်မှာပါလေ။ နောက် ညီမငယ် တယောက်ဖြစ်တဲ့ ယောနသံဇင်ယော် ကတော့ ခဏနားမယ်လို့ကို ပြောပြီး ပျောက် သွားတာပါ။ သူ့စာတွေကို ပြန်ဖတ်ရဖို့ စောင့်မျှော်ခွင့် လေးတော့ ရှိနေသေး တာပေါ့လေ။ သည်အထဲမှာ အပြီး ထွက်သွားသူကတော့ ညီမငယ် ဂျစ်တူး ပါပဲ။ ပြတ်သားတဲ့ သူ့ရဲ့ စိတ်ဓါတ်ကို လေးစား အားကျမိပေမယ့် စိတ်ထဲမှာတော့ စာတွေ ပြန်ရေးနေစေချင် သေးတယ်။ နောက် တယောက်ကတော့ ကိုမောင်ရင်၊ ဦးနာအောက်ကို နိဂုံးကမ္ပတ် အဆုံးသပ် သွားပြီးကတည်းက ပြန်ကို ပေါ်မလာတော့ဘူး။
သည်ညီအကိုမောင်နှမတွေထဲမှာ ကဗျာရေးတဲ့ ညီအကို မောင်နှမတွေဆို ကျနော်က ပိုခင်မင်မိတတ်ပါတယ်။ ညီအကိုမောင်နှမတွေ တယောက်ပြီးတယောက် လျော့ပါးနေရတဲ့ ကြားထဲမှာ ကဗျာအရေးကောင်းတဲ့ နောက် ညီငယ်တယောက်က သူ့ဘလော့ကို ပိတ်ချသွားပါလေရော။ ကျနော့်မှာတော့ ဘာကြောင့်လဲ-ဆိုတဲ့ မေးခွန်းတွေနဲ့ မူးနောက်လို့။ သူကတော့ သူ့ခရီးကို သူဆက်သွားနေတာပါ-တဲ့။ ဘာပဲဖြစ်ဖြစ် သွားစရာရှိတာတော့ ဆက်သွားပါ၊ အိမ်တံခါးလေးတော့ ပိတ်မထားခဲ့ပါနဲ့-လို့ ကျနော် ပြောရတာပေါ့လေ။ ဘာလို့ဆို သူ့ဥယာဉ်ကလေးက လှတယ်လေ။ တခါတခါ ပရိဒေ၀တွေ လောင်စားတဲ့အခါ သူ့ဥယာဉ်လေးမှာ ခေတ္တခဏဖြစ်ဖြစ် ထိုင်လိုက်ရရင် လောကကို မေ့သွားတယ်။ သည်လို အေးချမ်းတဲ့ ဥယာဉ်လေးပါ။ တချို့ ညီအကို မောင်နှမတွေကတော့ သည်ဥယာဉ်လေး ရှိနေမှန်း သိချင်မှတော့ သိကြပေလိမ့်မယ်။ ကျနော်ကိုယ်တိုင်လည်း ပထမတုန်းက သည်ဥယာဉ်လေး ရှိနေမှန်း မသိခဲ့ပါဘူး။ သည်ဥယာဉ်ရဲ့ ဥယာဉ်မှူးက သိုသိုသိပ်သိပ်ကလေး နေနေတာကိုး။ သူ့ပန်းပွင့်ကလေးတွေကိုပဲ သူ ပျိုးနေတာကိုး။
မနေ့ကတော့ ကျနော့်ကို ပြောလာတယ် ဥယာဉ်တံခါးလေးကို ပြန်ဖွင့် ထားခဲ့ပေးပါတယ်-တဲ့။ ကျေးဇူးပါ ညီလေး-လို့ သည်နေရာကနေ အကို ပြောလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် သွားစရာရှိတဲ့ ခရီးတွေကို ဆက်သွားလိုက်ဦးပေါ့လေ။ တယောက်နဲ့ တယောက်ကလည်း မမြင်ခဲ့ဖူးကြတော့ ပြုံးပြ နှုတ်ဆက်ဖို့လည်း အခွင့်အရေးက မရှိခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ပျောက်ဆုံးသွားတဲ့ ဥယာဉ်မှူးတယောက်ကို တစုံတယောက်က သတိတရ ရှိနေရင်းနဲ့ အဖြူရောင် စူးတချောင်း ရင်ဘတ်မှာ စူးနေခဲ့တယ်ဆိုတာ ... ... ... ...

Jun 14, 2009
နောက်ဆုံးအိပ်မက်
ညီမ ချိုသင်းက တီးပေးပါ ဆိုတာကြောင့်ရော ကိုယ်တိုင်လည်း တီးချင်နေမိတာကြောင့်ရော သည်သီချင်းကို တီးလိုက်ပါတယ်။ ခိုင်ထူးရဲ့ သီချင်းများ အားလုံးထဲမှာ ကိုယ်တိုင် အကြိုက် အနှစ်သက်ခဲ့ဆုံး သီချင်း တပုဒ်လည်း ဖြစ်ပါတယ်။ Instrument အားလုံးကို ပါအောင် တီးထားပါတယ်။ Key က A, D, C ၃ ခုဖြစ်တဲ့အပြင် မတူတဲ့ parts တွေက များတော့ အစအဆုံး တပုဒ်လုံးအတွက် စိတ်ရှည်ရှည် ထားပြီး တီးရပါတယ်။ သီချင်းကတော့ ၆ မိနစ်ခွဲပဲ ကြာပါတယ်။ တီးရတာကတော့ Instrument တခုကို တီးလိုက် ပြန်နားထောင်လိုက် edit လုပ်လိုက်နဲ့ အားလုံး ပြီးတော့ ၆ နာရီလောက် ကြာသွားပါတယ်။ တတ်နိုင်သမျှ ပြည့်စုံအောင် ကြိုးစား တီးထားပေးပါတယ်။ အားလုံးပဲ နှစ်ခြိုက်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။
နောက်ဆုံးအိပ်မက်
ရေး - ကိုနေ၀င်း
ဆို - ခိုင်ထူး
(စိမ်းမြ... သစ်ရွက်တို့ ကြွေနေဆဲ...
ငါ့မျက်ရည်... စိုနေတုန်းပေါ့...
တချို့တွေ နေနိုင်လွန်းတယ်...
ရဲရင့်... ကျောက်ခက်တို့ ပြိုနေဆဲ...
ငါ့အတွက် အဖြေ... ရှာနေတုန်းပေါ့...
တချို့တွေ နေနိုင်လွန်းတယ်...
တရေးမှ... မပျော်တဲ့ည... မှောင်လွန်းနေဆဲ...
တယောက်ထဲ ငါ... ငိုနေတုန်း...
ရင်ထဲမှာ ... မကျေနပ်ဆုံး...
တိတ်ဆိတ်... အိပ်မက်တို့... ကျန်နေဆဲ...
ငါ့စိတ်တွေ... နှင်နေတုန်းပေါ့...
တချို့တွေ နေနိုင်လွန်းတယ်...
တရေးမှ... မပျော်တဲ့ည... မှောင်လွန်းနေဆဲ...
တယောက်ထဲ ငါ... ငိုနေတုန်း...
ရင်ထဲမှာ ... မကျေနပ်ဆုံး... )၂
အသည်းမှာ... ဒါနောက်ဆုံး...
|
သည်သီချင်းကို နားမထောင်ဖူးတဲ့ ညီတွေ၊ ညီမတွေ (ညီ-သီဟသစ်တို့ ညီမ-မှူးဒါရီတို့) သည်မှာ သွားနားထောင်နိုင်ပါတယ်။ သည် YouTube ပေါ်က သီချင်းကတော့ ခုနောက်ပိုင်းမှ အသစ် ပြန်တီးဆိုထားတာပါ။ သူ့နဂိုရ် မူရင်းလောက် ကျနော်ကတော့ မကြိုက်ပါဘူး။ ကျနော် တီးထားတာကတော့ သူ့နဂိုရ် မူရင်းနဲ့ တတ်နိုင်သမျှ အနီးစပ်ဆုံးဖြစ်အောင် ကြိုးစား ထားတာပါ။
Jun 12, 2009
အေးခဲနေတဲ့နေ့
အရှေ့အရပ်မှာ နေသာတယ်...
အနောက်ရပ်က ငါ့ဥယာဉ်ခမျာမတော့
ညှိုးနွမ်းနေတဲ့ ပန်းတွေနဲ့သာ...
လမင်းကတော့
တောင်စွယ်အဆုံးမှာ
ပုန်းအောင်းရင်း
ချစ်ခြင်းမေတ္တာအကြောင်း
ညကို ပြောကြားကောင်း ပြောကြားမလို့ ထင်ရဲ့...
ပုဇင်းရင်ကွဲတွေ အော်နေကြတယ်-ဆိုတဲ့
ဖိုးချိုရဲ့ သီချင်း
တီးတိုးဆိုငြည်းရင်း
နေမင်းဟာ ညရင်ခွင်ထဲ
တိုးဝင်ရောက်ရှိသွားပါပေါ့...
နေ့က ညထဲ တိုးဝင်သွား...
ညက နေ့ထဲ ပျော်ဝင်သွား...
ကမ္ဘာရထားကြီးကတော့
သူ့ကို ထမ်းထားတဲ့
နေ့ညဆိုတဲ့ သံလမ်း နှစ်ခုပေါ်မှာ
ခရီးကြမ်းတွေ ဆက်လို့ ...
ငါကသာ ရပ်တန့်လို့နေလေရဲ့...
အေးခဲနေရတာ
ညောင်းညာလှပါပြီ “နှင်း”ရေ...
ငါ့ရဲ့ ငှက်ကလေး သုံးကောင်
အတောင်တွေ ၀ှက်
အိပ်စက်နေတဲ့ အသိုက်ဘေးမှာ
ငါ ငေးရီနေမိတယ်...
ငါ့နေကြာပန်းလေးတွေကလည်း
ငါ့နံဘေးမှာ မှေးစက်လို့လေ...
ATN
တမ်းတချိန်
Jun 11, 2009
အိမ်အလွမ်း
ကြိုက်နှစ်သက်ခဲ့ဖူးတဲ့ ခိုင်ထူးရဲ့ သီချင်း တပုဒ်ပါ။ ကိုမောင်မောင် ရေးခဲ့တာပါ။ ကိုလူထွေး နားထောင်ချင်တယ် ဆိုလို့ တီးလိုက်ပါတယ်။ အိမ်နဲ့ဝေးနေကြသူ အားလုံးလည်း ခံစား နိုင်ကြမယ် ထင်ပါတယ်။
တီးရင်းနဲ့ ပျင်းလာလို့ Bass တွေ Drums တွေ မထည့်လိုက်တော့ဘူး...း) နားထောင် လို့တော့ ကောင်းမယ် ထင်ပါတယ်။ မကောင်းခဲ့ရင်လည်း သည်းခံခွင့်လွှတ် နားဆင်ကြပါ ပေါ့လေ...။

ရေး - ကိုမောင်မောင်
ဆို - ခိုင်ထူး
အိမ်ပြန်ချင်တဲ့ အလွမ်း...
ဆီးနှင်းတို့ ကျစတညမှာ... အိမ်ကို ပစ်ပြီးတော့...
မပြေလည်နိုင်တဲ့လမ်းမှန်း...
သိလျက်နဲ့... တလှမ်းချင်း လှမ်းကာ... ရင်ဆိုင်နေဆဲက...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...
စိမ်ခေါ်နေတဲ့လမ်း...
ဆူးခင်းနဲ့ စီးချင်းထိုးကာ... မြေလှန်ပစ်ပြီးတော့...
စိုပြည်နိုင်မယ့်နည်းလမ်း...
ရှိလျက်နဲ့ မနီးစပ်သေးခင်... ရှာဖွေနေဆဲက...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...
အလွမ်း... ပြန်ချင်စိတ်ကြောင့်...
အလွမ်း... ပြန်ချင်ဇောကြောင့်...
နေ့ခင်း... အိပ်မက်ထဲမှာ...
အတွေး... အိပ်မက်ထဲမှာ... အိမ်ပြန်ဖြစ်တယ်...
မိန်ရာသီရဲ့ စန်း...
နက္ခတ်နဲ့လိုက်လို့ညှိကာ... အဖြေပြန်တွက်ပြီးတော့...
အမေအို မျှော်မယ်မှန်းလည်း...
သိလျက်နဲ့ ခရီးကြမ်းဖျက်ကာ... ပြန်မလာနိုင်သေးခင်...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...
အလွမ်း... ပြန်ချင်စိတ်ကြောင့်...
အလွမ်း... ပြန်ချင်ဇောကြောင့်...
နေ့ခင်း... အိပ်မက်ထဲမှာ...
အတွေး... အိပ်မက်ထဲမှာ... အိမ်ပြန်ဖြစ်တယ်...
အိမ်ပြန်ချင်တဲ့ အလွမ်း... ... ...
|
Jun 10, 2009
အနုပညာသမားများအကြောင်း တစေ့တစောင်း
အောင်သာငယ်-ဆိုတဲ့ ဘလော့လေး တခု ဖွင့်ပြီးတော့ ကျနော် စာတွေ ကဗျာတွေ ရေးတယ်။ တကယ်တော့ စိတ်ထဲ ရှိတာတွေ ကျနော်ရေးတာပါ။ ခံစားရတာတွေ ကျနော်ရေးတယ်။ အရိုးသားဆုံးပဲ ရေးခဲ့တာပါ။ နောက်တော့ ရေးရင်းနဲ့ ကျနော့်စာတွေကို လာဖတ်သူတွေ ရှိလာတယ်။ ပရိသတ်တချို့ ကျနော် ရလာတယ်။ သည်အခါမှာ အရင်ကလို ကျနော့် စိတ်ထဲ ရှိတာတွေ ရေးလို့မရတော့ဘူး။ စာလာဖတ်တဲ့သူတွေ အကျိုးရှိတာပဲရေးဖို့ ကျနော် စဉ်းစားရတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော့် စာတပုဒ်၊ ကဗျာ တပုဒ် ကြောင့် ဘယ်သူ့ကိုမှ အဆိပ်အတောက် မဖြစ်စေချင်တာကြောင့်ပါ။
ဘလော့ စရေးကာစတုန်းကတော့ ကိုယ့် ခံစားချက်တွေပဲ ကိုယ်ရေးခဲ့တယ်၊ ကိုယ့်ခံစားချက်တွေ ကိုယ်ရေးရင်းနဲ့ ခံစားချက်တူတာလား၊ တိုက်ဆိုင်တာလား... ဘာပဲဖြစ်ဖြစ် ကျနော် ရေးသမျှကို လာရောက်ခံစားတဲ့ ညီအကို မောင်နှမတွေ ရှိလာတယ်။ သည်လိုနဲ့ပဲ ကျနော့် ဘလော့လေး အသက်ဆက်ခဲ့တာပါ။ အဲသည်အတွက် ကျနော့် ဘလော့ကို ဆက်ရေးဖို့ ခွန်အားဖြစ်စေခဲ့တဲ့ ညီအကို မောင်နှမအားလုံးကို ကျေးဇူး အထူး တင်ပါကြောင်း ပြောပါရစေ။
ဘာပဲဖြစ်ဖြစ် ရင်ဘတ်တူခဲ့သူ မောင်နှမတွေကြောင့်ပဲ ကျနော့် ဘလော့က ဆက်လက် ရှင်သန်နေခဲ့တာပါ။
စာရေးတယ်ဆိုတာက စိတ်ကို အသုံးချရတာပါ။ စိတ်ထဲမှာ ရှိတာတွေကို ချရေးရတယ်။ တနည်း ကိုယ် ခံစားရတဲ့ ခံစားချက်တွေကို ဖွင့် ထုတ်ရတယ်ပေါ့။ သို့မဟုတ် စိတ်ထဲမှာ မရှိသေးတာတွေကို ခေါ်ယူရတယ်။ ပြောရရင် ကိုယ်မခံစားရပေမယ့်လည်း ကိုယ် ခံစားရသလို စိတ်သွင်း ခံစားရတယ်။ ပြီးမှ ချရေးရတယ်။ ဒါက ယေဘူယျသဘောပြောတာပါ။
စိတ်ထဲရှိတာတွေ အတိုင်း ချရေးရင် စာတွေပဲ ဖြစ်လာမှာပါ။ ဒါပေသည့် အနပညာမြောက်တဲ့ ကဗျာတပုဒ်၊ ၀တ္ထုတပုဒ်၊ စာတပုဒ် ဖြစ်လာဖို့ကတော့ စိတ်ထဲရှိတာ ချရေးရုံနဲ့ မဖြစ်နိုင်ပါဘူး။ အဲသည်အတွက် ကဗျာရေးသူတိုင်း၊ စာရေးသူတိုင်း၊ ၀တ္ထုရေးသူတိုင်းက နှလုံးသားနဲ့ယှဉ်ပြီး အတတ်ပညာကိုလည်း လိုအပ်ပါတယ်။ အဲသည်အတွက် အားထုတ်ရပါတယ်။
စိတ်ထဲမှာ အခဲမကျေတာတွေ မကျေနပ်တာတွေရှိရင် အဲတာတွေကို ဖွင့်အန်ချလိုက်ရင် စာတွေ ထွက်လာမှာပါ။ အဲဒါတွေကလည်း မကျေနပ်နေတာတွေနဲ့ဆို ဆဲစာတွေပဲ ဖြစ်လာမှာပေါ့။ တကယ်တော့ လူတိုင်း စိတ်ထဲမှာတော့ ရှိနေတာတွေက အများကြီးပဲလေ။ ကြည်တာတွေရော နောက်တာတွေရော။
ဒါပေသည့် အနုပညာ သမားတွေဟာ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ အနောက်တွေကို ဖယ်ပြီး အကြည်တွေကိုပဲ ပရိသတ်ကို ပေးခဲ့ကြတာပါ။ အဲသည်လို ပေးဖို့ သူတို့ဟာ သူတို့ရဲ့ နှလုံးသားကိုပဲ အားကိုးခဲ့ရတာပါ။
ဘယ်သူကမှ သူတို့ကို အကြည်ဓါတ်ပေးပါလို့ မတောင်းဆိုခဲ့ပါဘူး။

Jun 8, 2009
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲ အယ်လ်အေတွင် ပြုလုပ်
နအဖ စစ်အုပ်စုက အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်းကို တရားမဲ့ ခံခဲ့ရပြီး ယခု ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့ တွင် အကျယ်ချုပ်မှ လွှတ်ပေးရမည့် အစား နေအိမ်မှ အင်းစိန် ထောင်သို့ ပို့ဆောင်ခြင်း ခံရကာ တဖက် သပ် တရားစွဲဆိုခြင်း ခံနေရ သည့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရည်ရွယ်သော ဆန္ဒပြပွဲတရပ်ကို LA Organizers 4 Burma အဖွဲ့က ဦးဆောင်ကာ ၂၀၀၉ ခုနှစ် ဇွန်လ ၇ ရက် တနင်္ဂနွေနေ့တွင် လော့စ်အိန်ဂျယ်လိစ်မြို့၏ ကမ္ဘာကျော် ဟောလိဝုဒ်လမ်း (Hollywood Boulevard) ပေါ်ရှိ Kodak Theater ရှေ့ တွင် ညနေ ၄ နာရီမှ ၆ နာရီ အထိ ၂ နာရီ ကြာ ပြုလုပ်ခဲ့သည်။ ထို ဆန္ဒပြပွဲသို့ အယ်လ်အေနှင့် အနီးအနားရှိ မြို့များမှ မြန်မာ နိုင်ငံသူ နိုင်ငံသား များနှင့် ၄င်းတို့၏ မိသားစုဝင်များ အတူတကွ လာရောက် စုရုံးကာ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တက်တက် ကြွကြွ တောင်းဆို ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် မြန်မာ့ အရေးကို စိတ်ဝင်စားသော အမေရိကန် နိုင်ငံသားများ ကလည်း ပါဝင် ပူးပေါင်း ဆန္ဒပြခဲ့ကြသည်။
Jun 7, 2009
အညာသားများ - ၁
ငါတို့ ရဲ့ ကဗျာ
ငါတို့ ရဲ့ တော်လှန်ရေး
ဘာကို ရွေးမလဲ
မောင်လွမ်းဏီကို
မောင်လွမ်းဏီက ပြန်မေးတယ်။
ဟားဗတ် တံထွေးနဲ့ 
ပက်ပက်စက်စက်
နင်ပဲငဆ ထွေးရင်တော့။
သင်ယူခဲ့ရတဲ့
ကဗျာတပုဒ်၊ ကျုပ်လွမ်းမိတယ်။
ငါတို့ ရဲ့ကဗျာ
အတတ်ပညာမဲ့သတဲ့
ပညာတတ်ကြိမ်လုံးနဲ့ 
တအုန်းအုန်း ထုရိုက်တယ်။x
အဘိဓမ္မာ
မမဲ့တာတောင်
အညာသားတွေက
လူကြောင်စာရင်းဝင်သတဲ့လား။
အညာသေးက
တဖြေးဖြေး နံတယ်
ဟားဗတ် တံထွေး
ဘာကွမ်းသွေးလဲ၊ တွေးဆမရ
တသသနဲ့  အိပ်မ၀လို့ ပါ။
မောင်လွမ်းဏီ
၆-၇-၀၉
ကဗျာဆရာမောင်လေးအောင်x
(ချစ်ဆွေတယောက်က စာရေးဆရာမလေးက ခုလိုရေးရတယ်လို့ ဆိုတော့
သဘောတူလို့ ရယ်။ ပြီးပါစေတွေ မပြီးသေးဘူး ဆိုတာ ယုံလို့ ။)
Jun 6, 2009
A Whiter Shade of Pale
Procol Harum ဆိုတာ ကျနော်တို့ မွေးကာစ ၁၉၆၀ ကျော်နှစ်တွေမှာ ပေါ်လာခဲ့တဲ့ Rock Band တခုပါ။ အင်္ဂလန်ကပါ။ Classical နဲ့ Pop ရဲ့ အရိပ်တွေ လွှမ်းမိုးထားတဲ့ သူတို့အဖွဲ့ကို Progressive Rock အဖွဲ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူတို့အဖွဲ့ရဲ့ ကမ္ဘာကျော် သီချင်းက တော့ A Whiter Shade of Pale ပါ။ သည်သီချင်းကို တကမ္ဘာလုံးမှာလည်း အဆိုတော်တွေ တီးဝိုင်းတွေ အတော်များများက ပြန်ဆိုခဲ့ကြ ပါတယ်။
ကျနော်တို့ဆီမှာလည်း ပလေးဘွိုင်သန်းနိုင်၊ ဟေမာနေ၀င်း၊ ချစ်ကောင်းနဲ့ တခြား အဆိုတော်တွေ အတော်များများ ပြန်ဆိုကြခဲ့ပါတယ်။ ကျနော့ စိတ်ထဲမှာ မှတ်မိနေ တာကတော့ ပလေးဘွိုင် သန်းနိုင် ဆိုခဲ့တဲ့ - ချစ်သူဘက်က ရှေ့နေလိုက်မယ် - ဆိုတဲ့ သီချင်းတပုဒ်ထဲပါပဲ။ ကိုလေးလွင် ရေးပေးခဲ့တယ် လို့ ထင်ပါတယ်။ မှားခဲ့ရင်လည်း သေချာသိသူများက ပြန်ပြင်ပေးသွားကြပါ။ သည်သီချင်းကို တချို့လည်း ကြားဖူး ကြမယ်။ တချို့လည်း ကြားဖူးကြမယ် မထင်ဘူး။

သည်သီချင်းကို ကျနော် အတော်ကြိုက်ပါတယ်။ ငယ်ငယ်တုန်းကတော့ တနေ့နေ့ ကျရင် သည်သီချင်းကို Intrument အကုန်လုံးနဲ့ ကိုယ့်ဘာသာ တယောက်ထဲ ပြန်တီးပစ်မယ်လို့ စိတ်ထဲမှာ တေးထားဖူးခဲ့ပါတယ်။ ခုတော့ Instrument အားလုံး စုံအောင်တီးဖို့ ကြိုးစားကြည့်ပါသေးတယ်။ မဖြစ်ပါဘူး။ တကယ်တော့လည်း တယောက်တည်း Instrument အားလုံးကို တီးဖို့ဆိုတာက မလွယ်ပါဘူး။ တယောက်တည်းနဲ့ သီချင်းတပုဒ်မှာပါတဲ့ Instrument အားလုံးကို တီးဖို့ မဖြစ်နိုင်ပါဘူးလေ။ ဒါပေမယ့် ကိုယ့်မှာ ရှိသမျှနဲ့ အတတ် နိုင်ဆုံး သူ့နဂိုရ် မူရင်းနဲ့ ထပ်တူနီးပါးရအောင် တီးကြည့်မလို့ပါ။ ဒါပေသည့် ကိုယ်ကလည်း Drums မတီး တတ်တော့ Drums ထည့်ကြည့်တဲ့ အခါ နားထောင်လို့ မကောင်း လောက်အောင်ကို ဆူညံပြီး အဆင် မပြေတော့ဘူး ထင်တာနဲ့ ပြန်ဖြုတ်ထားခဲ့ပါတယ်။ အခုလည်း Drums တွေ မပါပေမယ့် နားထောင်လို့ အဆင် ပြေတယ် ထင်ပါတယ်။ Bass Line တွေ Keyboard Backing တွေကိုတော့ အတတ်နိုင်ဆုံး ထပ်တူရအောင် ကြိုးစား ထားပါတယ်။ လိုအပ် တာတွေကို ဝေဖန်၊ အကြံဥာဏ် ပေးသွားကြပါဦး။ အမှားအယွင်းတွေ ချို့ယွင်းချက်တွေကို ပြောပြသွားကြပါဦး။
ချစ်သူဘက်ကရှေ့နေလိုက်မယ်
ဆို - ပလေးဘွိုင်သန်းနိုင်
ရေး - ကိုလေးလွင်
ကိုယ့်ရင်ထဲ တနင့်နင့်နေ...
ပြန်ပြောင်းတွေးလေ ဆွေးမပြေ...
ကိုယ့်အပေါ်တယောက်မှ... မကောင်းတာသိလို့...
ခံစားချက်တွေ ကိုယ့်ရင်အပြည့်...
အချစ်လည်း ကိုယ့်အပေါ် သည်လိုပဲ....
ချစ်တယ်ပြောပြီး ပြေး... အဝေး....
ပျော်နိုင်သူသာ... ပြုံးနေတော့... အလွမ်း...
တရက်... တလ... တနှစ်...
အိုကြာရှည်ငြား... ခံစားမယ်...
နိုင်သူ အပြုံး... အရှုံးခံဘ၀၀ယ်...
မျက်ရည် ပန်းခင်း နင်းသွားကြကွယ်...
ကိုယ့်နှလုံးသား... မခံနိုင် နွမ်းနယ်...
ချစ်ခင်တုန်းက စကားလေးတွေ...
ဘယ်ဆီပျောက်... ပျောက်ပြယ်သွားပေ...
လှတာမက်တော့... အခက်ကြုံ...
ပြန်လည် မတွေးတော့ပါဘူး...
ရင်နာချစ်တေး ဟစ် ဆိုမယ်ခင်...
လောကအကြောင်းတော့ သိတယ်...
ဟန်ဆောင်ကောင်းတဲ့ အပြုံးအလယ်...
ကိုယ်နဲ့ မင်းနဲ့ တွေ့ဆုံခဲ့တယ်...
မာယာတွေ များ... နှိပ်စက်...
ပျော်ရွှင်ခြင်း... တွေးရင် ဝေးမယ်...
ချစ်သူဘက်က ရှေ့နေလိုက်မယ်...
ဟစ်ကြွေးထား... ကိုယ်က ခွင့်လွှတ်...
မာယာတွေများ... နှိပ်စက်...
MP3 File ကို ဒေါင်းလုပ်ဆွဲချင်ရင်တော့ သည်မှာပါ။

သရော်စစ်လား အညာသားမို့  ရဲသကို
အညာသားတယောက်က
စစ်ဝါဒကို အစွဲကြီးတယ်။
အညာသားတယောက်က
ချွန်မြတဲ့ဘက်နက်ကို အာဏာလိုကျင့်သုံးတယ်။
အညာသားတယောက်က
ဓားသံလျက်လို မောက်မာတယ်။
အညာသားတယောက်က
ဧရာဝတီကို ခြေဆေးတယ်။
အညာသားတယောက်က
ကျောက်ဆည်ကို ဆင်က က ခိုင်းတယ်။
အညာသားတယောက်က
ပုဂံကို ဖြိုဖျက်တယ်။
အညာသားတယောက်က
တိုင်းရင်းသူကို ချုပ်ကိုင်ပြီး
လွတ်လပ်ခွင့်ကို မုဒိန်းကျင့်တယ်။
အညာသားတယောက်က
ဟစ်တလာ။ မူဆိုလိုနီ
ချောင်ဆက်စကူး ကျန်ဇီးမင်းနဲ့ 
ပူတင်ကို အတုယူတယ်။
ဒါကြောင့်ပါသီ
သုတေသီအကယ်ဒမစ်တယောက်က
အညာသားတယောက်
စာရင်းပျောက်နေတော့
စိတ်ကောက်တော်မူတာ ကြားဖူးလိုက်တယ်။
ခု ကဗျာ ရေးသူက
အညာသားစစ်စစ်တယောက်ပဲ
ရဲရဲပြောလိုက်မယ်။
မောင်လွမ်းဏီ
Jun 5, 2009
အညာသမိုင်းထဲက မြို့တမြို့
အဲဒီမြို့မှာ
ကျောက်စာတခု
ကဗျာဆရာတဦ်း ထွင်းထုခဲ့တယ်။ +
အဲဒြီ့မို့မှာ
သူရဲကောင်းတွေ
ပျောက်ဆုံးခဲ့ကြ၊
သစ္စာဖောက်တွေ
အတောင်ပေါက်ကြ၊
လူငယ်လေးတယောက်
သူ့ ဆိုင်ကယ် ကျပျောက်ခဲ့ရ၊
အမျိုးသမီးတယောက်
သေကံမရောက်၊ သက်မပျောက်ဖြစ်ခဲ့ရ၊
အံကြိတ်ရ တောက်ခေါက်ရ
အဖြစ်အပျက်တွေထဲ
ကဗျာဆရာတယောက်လည်း
ကြေကွဲထိရှ ပေါက်ကွဲခဲ့ရ။ ++
လေးဆယ့်ငါးဖွား
မိန်းမသားကို
တရားစောင့်ရှောက်ခဲ့တာကို။
နှစ်ထောင့်သုံး
မေသုံးဆယ်
လွတ်တော်မူခန်း။
ဇာတ်လမ်းအဆက် ကျီရွာထက်မှာ၊
တရက်ရုံတင်နိုင်ပေလိမ့်။
မောင်လွမ်းဏီ
၆-၆-၀၉
+ ထိုက်သူနိုင်ရဲ့ ဒီပဲရင်းကျောက်စာ
++ ကြည်မောင်သန်းရဲ့ ဒီပရင်္ဂ
Jun 4, 2009
နေရောင်နင်ရယ်
ကဲ...
လေးလေး နက်နက်တွေ... လေးလေးပင်ပင်တွေ ပြီးသွားတော့...
လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးလေးပေါ့ဗျာ...
သီချင်းလေး တပုဒ်လောက် နားထောင် လိုက်ကြပါဦး...
ကဗျာတပုဒ်လို လှပတဲ့ သီချင်း တပုဒ်ပါ...
ကျော်ဟိန်းရဲ့ ပထမဆုံး အယ်လ်ဘမ်ဖြစ်တဲ့
မျက်ရည်ငှက်များ နားစေသတည်း-ဆိုတဲ့ အယ်လ်ဘမ်ထဲက
သီချင်း တပုဒ်ပါ...
တေးရေးကတော့ ပုသိမ်မောင်စိမ်းသူလို့ ထင်တာပဲ ...
မှားရင်လည်း မှားနိုင်ပါတယ်... အမှန် သိသူများက ပြင်သွားပေးကြပါ...။
နေရောင်နင်ရယ်
နေရောင်ခြည်ဟာ... နင့်ရဲ့ အလင်းတန်းများ... ယူဆောင်လာပါ...
လိမ္မော်ရောင်လို... လှသော... နင့်ဘ၀ဆီ... လာစမ်းပါရစေ...
မဟူရာ... ညများ... သော့ခတ်လို့... လုံခြုံနေပါစေ...
အိပ်မက်ဆိုတာ... အလကားဟာတွေ... မျက်စေ့ကို... ဖွင့်ထားပါ့မယ်...
(အို... ဟို... ... ၀ိုး... ၀ို့... ၀ို...)၂
(၀ိုး... ၀ို့... ၀ို... ) ၂
အား... ဟား... ဟား... ဟာ... ဟား...
အီကွေတာနေလမ်း... တဲလေးတလုံး... တည်ဆောက်ထားပြီး...
နင်ရယ်... ငါရယ်... နေမယ်... လှပတဲ့... စိတ်ကူး ပေါ့လေ...
စန္ဒာ ငွေရောင်... ကင်းမဲ့လည်း... ငါ မသေနိုင်ဘူး...
အချစ် နေရောင်ခြည်လေးတွေ... တောက်ပရင်... ပျော်လွန်းလို့ပါ...

(အို... ဟို... ... ၀ိုး... ၀ို့... ၀ို...)၎

အညာသားများ - ၃
Jun 3, 2009
အညာသားများ - ၂
အညာသားတွေက
အစွဲအလမ်း ကြီးမားတယ်။
အညာသားတွေက
ရှားနှစ်လို မာကျောတယ်၊
အညာသားတွေက
ဝါးကြောလို တင်းခံတယ်၊
အညာသားတွေက
ဧရာဝတီကို သွေးနီဖြန်းခဲ့တယ်၊
အညာသားတွေက
ဓားတောင်ကိုလည်း ကျော်ခဲ့တယ်။
အညာသားတွေက
ပုဂံကို ယွန်းဆေးပန်းချီရေးခဲ့တယ်၊
အညာသားတွေက
မြေလတ်ကို သားအကြီးလို မွေးခဲ့တယ်။
အညာသားတွေက
လရောင်ကို ချစ်သလို
ဗိုလ်မင်းရောင်၊ ဗိုလ်လရောင်ကိုလည်း
စေတီလို ထီးတင်ခဲ့တယ်၊
အညာသားတွေက
အဖိုးကိုယ်တော်၊ ဇော်ဂျီ၊ မောင်ဝန်
ကျွန်စိတ်ပစင်၊ သခင်အစ
ဗဟိန်း တာရာ၊ တင်အောင် မြသန်းတင့်
ရင်နင့်အောင်မွှေး၊ မမလေး အမာ၊ သမိုင်းဆက်ထုံး
အရာအားလုံးကို ချစ်ခဲ့တယ်။
ဒါကြောင့်ပါခင်
အညာသားတွေက၊ သခင်အောင်ဆန်းကို
ပင်လုံလမ်းမှာ ယုံကြည်ပုံအပ်ခဲ့တာ
ရိုးသားတာပါပဲပေါ့လေ။ ။
မောင်လွမ်းဏီ
၃-၆-၀၉
(ဒီ/ချုပ်) ဘာလဲ၊ ဘယ်လဲ
မိုဒမခ မီဒီယာမှာ ဖော်ပြခဲ့ပြီးတဲ့ ဆောင်းပါး တပုဒ်ပါ။
ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော အရပ်သား အစိုးရတရပ်ကို လက်နက် အားကိုးဖြင့် ဖြုတ်ချပြီး စစ်အုပ်စုက အာဏာသိမ်းခဲ့သော ၁၉၆၂ ခုနှစ်မှစတင်ကာ ရေတွက်လျှင် မြန်မာပြည်ရှိ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး တိုက်ပွဲစဉ်ကြီး၏ သက်တမ်းမှာ ၄၇ နှစ် ရှိနေခဲ့ပေပြီ။
ယနေ့ထက်ထိ မပြီးဆုံးနိုင်သေးသော ထိုတိုက်ပွဲစဉ်ကြီး တလျှောက်လုံးတွင် တပ်ဦးမှ ရွပ်ရွပ်ချွံချွံ ဦးဆောင် ပါဝင်ခဲ့သူများမှာ ပြည်သူလူထု၏ ရင်သွေးဖြစ်သော ကျောင်းသားလူငယ်များသာ ဖြစ်သည်ကို မည်သူမျှ ငြင်းဆိုနိုင်မည် မဟုတ်ချေ။ ဤအချက်ကို ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် အရေးတော်ပုံ၊ ၁၉၇၄ ခုနှစ် ဦးသန့် အရေးတော်ပုံ၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးတော်ပုံ၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီး၊ ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုနှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတို့တွင် အထင်အရှား တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပေသည်။
လွတ်လပ်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများမှသည် ယနေ့ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး တိုက်ပွဲများအထိ အဆင်ဆင့်သော တိုက်ပွဲများအားလုံးတွင် ပြည်သူ့အကျိုးအတွက် ကိုယ်ကျိုးစွန့်ရင်း ခွပ်ဒေါင်းအလံကို အမြင့်မားဆုံး လွှင့်ထူကာ တပ်ဦးမှ ချီတက်ခဲ့သော ဗိုလ်အောင်ကျော်မှသည် ယနေ့ခေတ် မိုးသီးဇွန်၊ မင်းကိုနိုင် အထိ ခေတ်အဆက်ဆက်သော ကျောင်းသားများ၏ လှုပ်ရှားမှုသမိုင်းကို ဤနေရာတွင် အကျယ်တ၀င့် ထပ်မံ မပြောလိုပါ။
သို့သော်လည်း ဤကျောင်းသားထုတို့က စတင်ခဲ့သော တိုက်ပွဲများကို အဆုံးသပ်အောင်ပွဲဆီသို့ သယ်ဆောင်ရန် တာဝန်မှာ မြန်မာပြည်သူပြည်သား မှန်သမျှတွင်ရှိကြောင်း ဤနေရာတွင် ဖော်ပြလိုပါသည်။ တနည်းအားဖြင့် ပြောရလျှင် ဤတိုက်ပွဲများအားလုံးကို ကျောင်းသားထု တခုတည်းဖြင့် အဆုံးသတ် အောင်ပွဲဆီသို့ ရောက်သည်အထိ သယ်ဆောင်နိုင်မည် မဟုတ်သောကြောင့်ပင် ဖြစ်ပေသည်။ လက်တွေ့ သမိုင်း အဖြစ်အပျက်များအရလည်း ကျောင်းသားထု တခုတည်းဖြင့် မသယ်ဆောင်နိုင်ခဲ့ပါ၊ မသယ်ဆောင်နိုင်ပါ၊ သယ်ဆောင်နိုင်လိမ့်မည်လည်း မဟုတ်ပါ။
ဥပမာ -၁၉၆၂ ခုနှစ် ဇူလိုင် ရ ရက် အရေးတော်ပုံတွင် ကျောင်းသားထုသည် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို မရယူနိုင်ခဲ့ပဲ အချေမှုန်း ခံခဲ့ကြရသည်။ ထိုစဉ်က ကျောင်းသားလူငယ်များအားလုံး ကစဉ့်ကလျား ၀ရမ်းပြေးသူကပြေး၊ တောခိုသူကခို၊ ပုန်းရှောင်သူကပုန်း၊ သေသူသေ၊ အဖမ်းခံရသူက အဖမ်းခံရ။ အစိတ်စိတ်အမွှာမွှာ ကြေကွဲသွားခဲ့ကြရဖူးသည်။ ဤသင်ခန်းစာအရ ကျောင်းသားထု၏ တိုက်ပွဲသည် လူထုတိုက်ပွဲနှင့် ဆက်စပ်နေရမည် ဆိုသည်ကို သင်ကြား နာယူခဲ့ကြရသည်။
ထို့အတူ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ နှစ်များအတွင်း ဖြစ်ပွားခဲ့သော ကျောင်းသားလှုပ်ရှားမှုများနှင့် အလုပ်သမား လှုပ်ရှားမှု၊ လူထု လှုပ်ရှားမှုများ တစုံတရာ ဆက်စပ်နိုင်ခဲ့ကြသော်လည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်သော လူထု တိုက်ပွဲကြီး တခုအဖြစ်သို့ မရောက်ရှိလာခဲ့သောကြောင့် အောင်မြင်သော အဆင့်သို့ မရောက်ရှိနိုင်ခဲ့ပဲ ရန်သူ၏ ရက်ရက်စက်စက် ချေမှုန်းမှုကို ခံခဲ့ကြရလေသည်။
၁၉၈၈ ခုနှစ် မတ်လ ဖုန်းမော် အရေးအခင်းမှ စတင်ခဲ့သော ရှစ်လေးလုံး အထွေထွေအရေးတော်ပုံကြီးမှာမူ စစ်အာဏာရှင်စနစ်အောက်တွင် ၂၆ နှစ်ကြာ သည်အထိ မရှိခဲ့ဖူးသော တနိုင်ငံလုံး အတိုင်းအတာအရ ကြီးမားကျယ်ပြန့်သော လူထုတိုက်ပွဲကြီးအဆင့်သို့ ရောက်ရှိခဲ့လေသည်။ သို့သော်လည်း ဤလူထုတိုက်ပွဲကြီးအား အဆုံးသပ်တိုက်ပွဲဆီသို့ ဆိုက်ရောက်သည်အထိ သယ်ဆောင်နိုင်ခဲ့သော ခေါင်းဆောင် (သို့မဟုတ်) ခေါင်းဆောင်မှု မရှိခဲ့ချေ။
၁၉၈၈ ခုနှစ်တွင် လူထုတိုက်ပွဲများ အမြင့်မားဆုံး ရေချိန်သို့ ရောက်နေသည့် အချိန်မှာပင် စစ်အာဏာရှင် စနစ်အား လက်နက်ကိုင်တော်လှန်ရေးနည်းအားဖြင့် အဆုံးသပ်ရန် ကြိုးပမ်းနေခဲ့ကြသော လက်ကိုင် အဖွဲ့အစည်း ပေါင်းစုံကလည်း လူထုတိုက်ပွဲကို လက်နက်ကိုင်တိုက်ပွဲနှင့် လက်တွေ့ကျကျ မဆက်စပ်နိုင်ခဲ့ကြပေ။ သည်လိုနှင့် အသက်သွေးချွေးများစွာ ရင်းနှီးခဲ့ရသော ၁၃၅၀ ပြည့် အရေးတော်ပုံကြီးသည် လျှောမွေးဘ၀သို့ ရောက်သွားခဲ့သည်မှာ မည်သူမျှ မငြင်းနိုင်သော သမိုင်း အချက်အလက်တခုသာ ဖြစ်လေသည်။
သို့သော်လည်း သည်အရေးတော်ပုံကြီး၏ အသီးအပွင့်အဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်ုပ်တို့ ရရှိခဲ့သည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီ/ချုပ်)ကို ကျွန်ုပ်တို့ ရရှိခဲ့သည်။ လူထု တရပ်လုံး အတွက် မျှော်လင့်ချက်ရောင်ခြည်များ သန်းခဲ့သည်။ သည်လိုနှင့် ၁၉၉၀ ပြည့် အထွေထွေ ရွေးကောက်ပွဲတွင် (ဒီ/ချုပ်)က ပြည်လုံးကျွတ် အောင်နိုင်ခဲ့ပါသည်။ ပြည်သူလူထုက အပ်နှင်းလိုက်သော ယုံကြည်မှုကို (ဒီ/ချုပ်)က ရရှိခဲ့ပေသည်။
သို့တိုင်အောင် ခေါင်းမာသလောက် ကောက်ကျစ်လှသော ရန်သူ စစ်အုပ်စုက အာဏာကို မလွှဲပေး။ နည်းမျိုးစုံဖြင့် အရှက်မဲ့စွာ လိမ်လည်လှည့်ဖျားနေသည်မှာ ယနေ့အထိပင်။ ယခုဆိုလျှင် ၁၉ နှစ် ရှိခဲ့ပြီ။
သည်အခါ ကျွန်ုပ်တို့မှာ မေးစရာ မေးခွန်းများ ရှိလာသည်။ (ဒီ/ချုပ်)က ဘာလုပ်မည်လဲ။ (ဒီ/ချုပ်)က ဘာလုပ်နေသည်လဲ။ ပြည်သူလူထုက ယုံကြည်သောအားဖြင့် အပ်နှင်းထားသော အခွင့်အာဏာကို (ဒီ/ချုပ်)က ရရှိပြီး ဖြစ်ပါသည်။
လွန်ခဲ့သော ၁၉ နှစ်လုံးလုံး ပြည်သူလူထု တရပ်လုံးက (ဒီ/ချုပ်)ကို စောင့်ကြည့်နေကြသည်။ ဤ ၁၉ နှစ်လုံးလုံး ကြေငြာချက် ထုတ်ပြန်ခြင်းအားဖြင့်သာ (ဒီ/ချုပ်)က ပြည်သူလူထုအား ဦးဆောင်နေခဲ့သည်။
ယနေ့အခါ ရန်သူ စစ်အုပ်စုက ၂၀၁၀ ရွေးကောက်ပွဲအားဖြင့် သူတို့၏ ရာဇပလ္လင်ကို နောက်ဆုံး အုတ်တချပ် တင်တော့မည့် အချိန်ဖြစ်လေသည်။ သည့်အတွက် နောက်ဆုံး အခုအခံဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည်ကို အပြီး ဖယ်ရှားဖို့ အားထုတ်နေပြီဖြစ်လေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ တရပ်လုံး ဖြစ်လေသည်။ ဒေါ်အောင်ဆန်းစုကြည် ထောင်သွင်း အကျဉ်းချခံရခြင်းသည် ပြည်သူတရပ်လုံး ထောင်သွင်း အကျဉ်းချခံရခြင်းသာ ဖြစ်လေသည်။ ဒေါ်အောင်ဆန်းစုကြည် မရှိလျှင် ပြည်သူတို့ မရှိ။ ပြည်သူတို့ မရှိလျှင် (ဒီ/ချုပ်) ရှိတော့မည် မဟုတ်ချေ။
ယခုအချိန်သည် (ဒီ/ချုပ်)အတွက် နောက်ဆုံး မေးခွန်းတခုသာ ရှိပါတော့သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောဆိုခဲ့သည့် -မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ- ဆိုသည့် လမ်းညွှန်ချက်အား ကိုင်ဆောင်ပြီး နောက်ဆုံးတိုက်ပွဲဆီသို့ ပြည်သူလူထုကြီး တရပ်လုံးအား ရဲရဲဝံ့ဝံ့ ဦးဆောင်မည်လော။ သို့မဟုတ် နအဖ၏ လာလတံ့သော ဒေါ်အောင်ဆန်းစုကြည်အား ရာဇ၀တ်မှုဆိုင်ရာ မည်၍မည်မျှသော ပုဒ်မများနှင့် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ခြင်းအား ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း- ကဲ့သို့သော ကြေငြာချက်များအား ဆက်လက် ထုတ်နေမည်လော။
ပြည်သူလူထုသည် အဆင်သင့် ရပ်လျက်သား ရှိနေပါပြီ။ (ဒီ/ချုပ်)ကသာ ရှေ့မှ မားမား မတ်မတ် ရပ်ဖို့ လိုနေလေပြီ။ မကြာမြင့်သော အချိန်ကာလအတွင်း (ဒီ/ချုပ်)၏ သမိုင်းကို (ဒီ/ချုပ်)က ရေးရပါလိ့မ်မည်။
(အောင်သာငယ်)

Jun 2, 2009
အော်တိုမက်တစ်ကဗျာ
အလိုအလျောက်ကို
ဒူးထောက်ကျသွားသတဲ့လား...
သူရဲကောင်းများကို တွေ့လိုက်ပါ။
အလိုအလျောက်ကို
လမ်းပျောက်သွားသတဲ့လား...
ခြေရာများနောက် လိုက်လျှောက်ပါ။
အလိုအလျောက်ကို
တိမ်းမှောက်သွားသတဲ့လား...
လှိုင်းလုံးများကြား ကူးခတ်ပါ။
အလိုအလျောက်ကို
ခမ်းခြောက်သွားသတဲ့လား...
ရေငွေ့များကို ဖမ်းထားပါ။
အလိုအလျောက်ကို
ကွေ့ကောက်နေသတဲ့လား...
မျဉ်းဖြောင့်များကို ဆွဲကြည့်ပါ။
အလိုအလျောက်ကို
နောက်ကျိသွားသတဲ့လား...
ကူးသောငါးတကောင် မြင်ယောင်ပါ။
ဒူးထောက် လမ်းပျောက်
တိမ်းမှောက် ခမ်းခြောက်
ကွေ့ကောက် နောက်ကျိ
ရှိရှိသမျှသော အလိုအလျောက်များ
တူးဖော်ဖယ်ရှားပြီးသည့်အခါ
ချစ်ခြင်းမေတ္တာ၊ ကဗျာလမင်း
ည၏ နှင်းဆီ၊ နေ၀န်းနီသည်
အပီအပြင် လင်းပေလိမ့်...
ATN
Photo Source:
http://fineartamerica.com/featured/dappled-light-in-shade-amy-vangsgard.html
Jun 1, 2009
အညာသားများ
လမင်းတရာသာ
ပန်းပေါင်းတရာပွင့်
ကန္တာရနှစ်များ လွန်မြောက်စေ။
အမေ့ခေါ်သံ
ပဲ့တင်သံကို၊ နိုင်ငံတကာ
ကဗျာမိသားစု၊ ဥပမာပြု
လူထုအမေ
သားတွေ သားဖြစ်နေဆဲပါ။
လွမ်းလိုက်တာ
ဦးပညာချောင်၊ တောင်သမန်အင်း
မင်းဘူးလမ်းဆုံး၊ မုန်းချောင်းဟိုကမ်း
မန်းချောင်းတ၀ိုက်၊ ကျင်လည်ခိုက်တန့်
အနုပညာ မိုက်မဲရူးသွပ်ခဲ့တာတွေ။
ဤအချိန်၌
မိုက်မဲခဲ့သူ၊ ကျိန်စာမိသူ
သူရဲကောင်းလို့ ပြောမလား။
ဆရာဂျမ်း၊ ဆရာကို
ဆရာကြည်၊ ဆရာစွမ်း
တပ်မှူးတို့လမ်း၊ လူထုလွမ်းပြီ
အောင်ဆန်းမျိုးဆက် လက်တို့တော့။
မောင်လွမ်းဏီ
Subscribe to:
Posts (Atom)