စီးဆင်းကျလာရပြီဆိုရုံနဲ့တင်...
ဇာတ်က နာနေပြီး
ငါဟာ အသက်ငင်နေပြီပေါ့...
ကိုယ်တွေက--
ငွေ့ရည် ဖွဲ့ချင်နေသူကိုး...
အုံ့ဆိုင်း ပြာလဲ့နေချင်သူကိုး...
ဝင်းလက် ဖြူလွနေချင်သူကိုး...
တောက်ပ လင်းစိုနေချင်သူကိုး...
နှင်းမှုန် ဝေ့၀ဲနေချင်သူကိုး...
ကိုယ်တွေက--
ဓါးတချောင်းလို အေးစက်နေချင်သူကိုး...
သေနတ်မောင်းလို ဖြောင့်တန်းနေချင်သူကိုး...
ဗုံးတလုံးလို ပေါက်ကွဲနေချင်သူကိုး...
မိုင်းတတွဲလို အုန်းဒိုင်းကျဲချင်နေသူကိုး...
စကားလုံးတွေ သိပ်မသုံးပါနဲ့လေ...
အရှုံးအနိုင်ဆိုတာ တကယ့်တကယ်မှာ မရှိဘူးဆိုတာ...
အခက်ဒမစ်တွေ...
ပသက်တစ်တွေ...
ဝါ့ဒ်ဂျပ်ဂလာတွေ...
နင်တို့တွေ သိပါတယ်...
အချစ်နဲ့ သီကုံးထားတဲ့အရာမှန်သမျှ ပြာလွင်လို့...
အမုန်းနဲ့ ဖြိုချထားတဲ့အရာမှန်သမျှ လဲပြိုလို့...
အရှုံးနဲ့ ငိုပြထားတဲ့အရာမှန်သမျှ ရွှဲစိုလို့...
အပြုံးနဲ့ အလိုကျသွားတဲ့အရာမှန်သမျှ အကဲပိုလို့...
မိုးပြိုဖူးတဲ့ ငှက်ဟာ
တောင်ပြိုမှာလောက်ကို စာမဖွဲ့တော့ဘူး...
သူ့မှာ ပျံသန်း ပြေးလွှားဖို့ရာ ကောင်းကင် ကျန်နေသေးတယ်...ဆိုတာ...
သူ ကောင်းကောင်း သိတာပေါ့...
ငါကတော့ ကဗျာဆရာပါ...
တောင်ပြိုမှာလည်း စိုးရွံ့ရ...
မိုးပြိုမှာလည်း စိုးရွံ့ရ...
ပင်လယ်ပြိုမှာလည်း စိုးရွံ့ရ...
ငါ့မှာက-
ပြေးလွှားစရာ -
မြေမှ မရှိတော့တာ...
ပျံသန်းစရာ -
လေမှ မရှိတော့တာ...
ကူးခပ်စရာ -
ရေ မှ မရှိတော့တာ...
ငှက်တကောင် မဟုတ်တော့...
အတောင် နှစ်ဖက် မရှိဘူး...
ကမ်းကုန်...
လမ်းကုန်...
စခန်းကုန်ပါပဲ...
သို့သော်လည်း
နှစ်ဖက်ပဲရှိတဲ့ လက်နှစ်ချောင်းမှာ
ကံကြမ္မာရဲ့ မောင်းတင်ထားတဲ့ သေနတ် နှစ်လက်ကို
ငါဖွက်ထားတာ ဘယ်သူသိမလဲ...
တလက်က သေမင်းကို ငါ ပစ်ဖို့...
တလက်က သေမင်းက ငါ့ကို ပစ်ဖို့...
ATN