တကယ်တော့
သည်နေ့တနေ့ခင်းလုံးလုံး
ကျနော့် နှလုံးသားကို
မျက်ရည်များ ဖုံးအုပ်ထားတာပါမေမေ...
ကျနော် မငိုချင်ဘူး...
အမေ့လို သံမဏိချောင်းတချောင်း
ကျနော် ကောင်းကောင်း ဖြစ်ချင်ခဲ့တာပေါ့...
ဒါပေမယ့်...
အမေရယ်...
အမှန်တရားကို ချစ်တဲ့ အမေ့ အခါးတွေ
သား စဉ်းစားမိတိုင်း....
ရင်မှာလှိုင်းထ...
ချိုတဲ့ ရက်လေး ရောက်ချင်တဲ့ ကျနော့်အမေ...
ချိုတဲ့ရက်ကလေး မရောက်ခင်...
အသက်ပျောက်သွားခဲ့...
နောက်ဘ၀များမှာတော့...
အခါးတွေကြားထဲ မလာမိပါစေနဲ့ အမေ... ရယ်...
ကျနော်လေ
သည်နေ့ တနေ့လုံးလုံး ဆုတောင်းနေမိပေါ့...
အမြဲ ပြုံးနေတတ်တဲ့ ကျနော့်အမေ...
ရေကြည်အိုင်ထဲက
ငရဲ နေ့ ညတွေ
ကျနော့်ကို တကြိမ် တခါမှ မပြောပြခဲ့လေဘူး...
သူ့ သားကလေး ရူးသွားမှာ စိုးလို့လား အမေ...
သူတပါး ပြောပြမှ
ကျနော် သိရတဲ့ အမေ့ညတွေ
ကျနော့် သားလေးတွေကိုလည်း
ကျနော် မပြောပြရဲဘူးအမေ...
သူတို့တွေ နာကျင်ကြေကွဲသွားမှာ
ကျနော်လည်း မလိုလားဘူးလေ...
ချိုတဲ့ရက်ကလေး မရောက်ခင်
အမေ လက်မြှောက်သွားတာ မဟုတ်ဘူး...
အောင်မြင်မှုဆီ အမေ ရောက်ရှိသွားတာ...
ခါးသည်းနေ့ရက်များကို
အမေ ကျောခိုင်းသွားတာ မဟုတ်ဘူး...
ချိုမြသော မနက်ခင်းများဆီ
အမေ ပျော်ရွှင်ချီတက်သွားတာ...
အမေ... ငြိမ်းချမ်းသွားတာ...
အမေ... လွတ်မြောက်သွားတာ...
အမေ... ငြိမ်သက်သွားတာ...
ဒါကိုပဲ ကျနော် အကြိမ်ကြိမ်.... ပျော်ရွှင်နေမိပါရဲ့... မေမေ...
ကောင်းရာ သုဂတိမှာ
ခုထိ အမေ ပြုံးနေဆဲ...
ဒါကိုပဲ ကျနော် အကြိမ်ကြိမ်.... ပျော်ရွှင်နေမိပါရဲ့... မေမေ...
ATN
No comments:
Post a Comment