Jan 8, 2012

ကျောခိုင်းထွက်ခဲ့သော နေ့ရက်များအား ကျနော် ကျောခိုင်းထွက်ချင်နေပြီ မေမေ...

















by Augustine Nge on Thursday, October 27, 2011 at 8:54pm

အိမ်တအိမ်ကို ကျောခိုင်းခဲ့တယ်...
အကြောင်းပြချက် တခုကြောင့်တော့လည်း မဟုတ်ဘူး... လိုအပ်ချက် တခုကြောင့်ပဲ ဖြစ်မယ်..

အမေ့ကို နှုတ်ဆက်ခဲ့တယ်...
ခွဲခွာလိုခြင်းကြောင့်လည်း မဟုတ်ဘူး... အမေ့ကို မချစ်လို့လည်း မဟုတ်ဘူး...
လုပ်စရာ ရှိတာ တခုကို လုပ်ခဲ့ခြင်းမျှသာ ဖြစ်မယ်...
(သစ္စာဖောက်တဲ့ အလုပ်ကိုတော့
ဘယ်တော့မှ မလုပ်နဲ့... သား...)
ကျနော့် နားထဲမှာ ခုထက်ထိ
ဆူကျယ်အူလောင်နေမိဆဲပဲ မေမေ..

ဆယ်တန်းကတည်းက တီးလာတဲ့
ကျနော့် ဂစ်တာလေးကို
ဓနိမိုး ထရံကာ အိမ်ကလေးတလုံးရဲ့
အခန်းတံခါး ထောင့်ကြား ခပ်မှောင်မှောင်လေးမှာ
တိတ်တဆိတ်ထောင်ထားခဲ့တယ်...
သီချင်းစာအုပ်များကို
သူ့အနားက ကြမ်းပြင်မှာ စီထပ်ထားနေခဲ့တဲ့... ကျနော့်လက်ပေါ်
မျက်ရည်တစက် ကျခဲ့တယ်...
ဝမ်းနည်းတာကြောင့်လည်း မဟုတ်ဘူး... သံယောဇဉ်တခုကြောင့်ပဲဖြစ်မယ်...

ရှစ်တန်းကတည်းက စီးလာတဲ့ စက်ဘီးကလေးကို
ကျနော် ဖုန်သုတ်ပြီး အိမ်နံရံနားမှာ
ဒေါက်ချထားခဲ့တာ...
ပိုင်ရှင်မဲ့သွားစေဖို့ မဟုတ်တာတော့ သေချာတယ်...
မဖြစ်မနေ ခွဲခွာရခြင်းကြောင့်ပဲ ဖြစ်မယ်...

ကျနော့်ထက် ဆယ့်သုံးနှစ်ငယ်တဲ့
ကျနော် သိပ်ချစ်တဲ့ ညီမလေးကိုလည်း
လက်ပတ်နာရီဝယ်ပေးခွင့်...
ပွေ့ဖက် နှုတ်ဆက်ခွင့် မရခဲ့ဘူး...
စိမ်းကားရက်စက်တာတော့ မဟုတ်ဘူး...
အခွင့်အရေး မရှိခဲ့တာကြောင့်ပဲ ဖြစ်မယ်...

အဖေ့ကို ဖုန်းဆက်ခွင့်ရခဲ့တယ်...
(မင်းလမ်းကို မင်းရွေးတာ... ဘယ်သူမှ ရွေးပေးတာ မဟုတ်ဘူး...
ဘယ်တော့မှ နောက်ပြန်လှည့်မလာခဲ့နဲ့... )
အဖေက ဘာလို့ အမှန်တရားတွေချည့် ပြောနေရတာတဲ့လဲ...
ကျနော် ထပ် မစဉ်းစားပါဘူး... သူ့တသက်လုံး အဲလိုတွေချည့် ပြောနေတာပဲ မဟုတ်လား...

အဖိုးကို ကန်တော့ခဲ့တယ်...
(ငါလည်း လုပ်ခဲ့တယ်... မင်းအဖေလည်း လုပ်ခဲ့တယ်...
ခု ငါ့မြေးကလည်း လုပ်ပြန်ပြီ....
ငါ့မြစ်တွေကိုတော့ သည်အလုပ်ကို မလုပ်ပါစေနဲ့တော့...)
အဖိုးကလည်း ပြောပြန်ပြီ အမှန်တရားတွေ...
(ကျနော့်သားကိုလည်း သည်အလုပ် မလုပ်စေချင်ပါဘူး အဖိုးရယ်...)
စိတ်ထဲက ပြောမိတာပါ...
အဲသည်အချိန်တုန်းက ကျနော့်မှာ ရီးစားတကောင်တောင် မရှိသေးပါဘူး...

ကျနော်တို့ ညီအကို နှစ်ယောက်ရဲ့ မိုးကောင်းကင်ကြီးဖြစ်ခဲ့တဲ့ အဖွားကိုလည်း
ကန်တော့ခဲ့တယ်...
(နင်တို့တွေ လုပ်ကြပြန်ပြီ...
ဗမာပြည်မှာ မိခင်တွေ ဘယ်နှစ်ယောက်
နောက်ထပ် မျက်ရည်ကြရပြန်ဦးမလဲ...)
အဖွားကလည်း ပြောပြန်ပြီ အမှန်တရားတွေ...
(ဘုရားမှာပဲ ဆုတောင်းပေးပါ အဖွား... )
စိတ်ထဲကပဲ ပြောခဲ့တဲ့ စကားပါ...
အဖွားကို ပြန်တွေ့ရဦးမှာပါလို့ ကျနော် ထင်ခဲ့တယ်...
အထင်အမြင်တွေဆိုတာ အမှန်တရားနဲ့ ဝေးကွာလွန်းပါရဲ့လေ...

ကျနော့်ကိုယ် ကျနော် နောက်တနေ့မှာ ပြန်တွေ့တော့
ကျနော်ဟာ အတော့ကို နောက်ကျနေပြီ...
ကျနော့် အကုသိုလ်များက ခရီးပေါက်နေသလောက်...
ကျနော့် ကုသိုလ်များက ဖိနပ်ပေါက်နေ...

ရှိပါစေ...

ကျနော်ဟာ
ဘယ်အရာကိုမှ လိုချင် ယူဆောင်ထားသူမှ မဟုတ်တာ...
အဲသလို... ဂျစ်ကန်ကန် ကျနော် ပြောတယ်...

ဘယ်သူကမှလည်း တရားရုံး ဆုံးဖြတ်ချက်တွေ မကြေငြာပါဘူး...

တခုပဲ...
မင်းတို့ဟာ...
အရှုံးပေး စွန့်ခွာသွားသူတွေ မဟုတ်လား...

အဲသည့် တံဆိပ်ကပ်မှုကို
ဘယ်လိုလူမျိုးက လက်ပိုက် ကြည့်ရှုနေမှာလဲ...

ဘုရားသခင်...
ကမ္ဘာ လောကကြီး တခုလုံးမှာ
သင်ဟာ...
အမှားအယွင်းဆုံး သက်ရှိပါပဲ...
အကယ်၍သာ သင်ဟာ
သက်ရှိ ဖြစ်ခဲ့မယ် ဆိုရင်ပေါ့...

ဘာဖြစ်ဖြစ်ပါ...
ကိုယ်တွေက ဘုရားအလောင်းလည်း မဟုတ်ဘူး...
မော်စီတုန်းလည်း မဟုတ်ဘူး...
ဒါပေမယ့် ဒါတွေကလည်း
ပေးချင်တဲ့ ဆင်ခြေဆင်လက်တွေလည်း မဟုတ်ဘူး...

ကိုယ်က လူပါ...
နွားမှ မဟုတ်တာ...
နွားဖားကြိုးတော့
ဘယ် အထိုးခံချင်ပါ့မလဲ...

ကိုယ်အိမ်က ထွက်ခဲ့ရတဲ့ အကြောင်းကို
ကိုယ့်လောက် ဘယ်သူက ကောင်းကောင်း သိမှာလဲ...

အိမ် အကြောင်း...
နောက်ထပ် မပြောကြကြေးလေ....

atn

9 comments:

ဘိုဖြူ said...

ကိုယ်အိမ်က ထွက်ခဲ့ရတဲ့ အကြောင်းကို
ကိုယ့်လောက် ဘယ်သူက ကောင်းကောင်း သိမှာလဲ
----ဟုတ်လိုက်လေဗျာ
ကောင်းလိုက်တဲ့ကဗျာ

Cameron said...

အိမ်အကြောင်းနောက်ထပ်မပြောကြကြေးလေ....း(
ကိုယ်ကြီးငယ်ကဗျာလေးကိုဖတ်ပြီး စိတ်ထဲတမျိုးပဲ......။

Anonymous said...

ကောင်းတယ်

ဦးဦး ကျော်

သဒ္ဓါလှိုင်း said...

အကို.
အကို့ခံစားချက်တွေကို ဖတ်တိုင်း မျက်ရည်ကျရတယ်။ ဒီအကြောင်းတွေ နောက်ထပ်မပြောကြေးဆိုပေမယ့်အကိုရေ........
မေ့ပျောက်သွားလို့မှမရတာ
ချစ်တဲ့
မိညီမ

win naing Oo said...

ကောင်းလိုက်တာအကို၇ယ် ကျွန်တော်လဲအိမ်ကနေကျော
ခိုင်းခဲ့တာပါ....ပထမတော့ခံစားရတယ်....အခုတော့
မေ့သွားပါပြီ။

လင်းဦး(စိတ်ပညာ) said...

ကောင်းဗျ.. ကိုအောင်သာငယ်ရေ... လာခံစားပါတယ်။

Mhu Darye said...

း(

Mhu Darye said...

ကိုယ်အိမ်က ထွက်ခဲ့ရတဲ့ အကြောင်းကို
ကိုယ့်လောက် ဘယ်သူက ကောင်းကောင်း သိမှာလဲ...

အိမ် အကြောင်း...
နောက်ထပ် မပြောကြကြေးလေ....

Zay Lin said...

Ko AungTharNge,
Whenever I visit your blog, I can see myself; pain of our people in overseas; I'm wondering why we are sailing miles and miles away from home; countless indefinable and unanswerable questions;
Thanks for your posts; they've always been a sort of relief for a while.
Regards,
Z Lin