Nov 30, 2008

ကမ်းခြေမှာ အပမ်းဖြေသူများအတွက် ပေးစာ

ကျနော်က ပင်လယ်ကို ကြိုက်တယ်။ သို့သော်လည်း ကိုယ့်တိုင်းပြည်မှာ ရှိနေတုန်းကတော့ အကြောင်း ကြောင်းတွေကြောင့် ပင်လယ်အနား သွားခွင့်... ပင်လယ်လေကို ရှုရှိုက်ခွင့်... မရခဲ့ဖူးပါဘူး။ ကျနော့်ဘ၀မှာ ပထမဆုံး အကြိမ် ပင်လယ်ကို ကိုယ့် မျက်စေ့နဲ့ တွေ့ခဲ့ ရတာကတော့ ၁၉၉၇ ခုနှစ် အောက်တိုဘာလမှပါ။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဗမာ ဒုက္ခသည် တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း တခုမှာ လုပ်အားပေး ၀င်လုပ်ရင်းနဲ့ အဲ အဖွဲ့ရဲ့ နှစ်ပတ်လည် ညီလာခံကို တက်ရောက်ရင်း ပင်လယ် အနား ရောက်ခွင့် ရခဲ့တယ် ဆိုပါတော့။ နေရာကတော့ ထိုင်းနိုင်ငံက ဟွာဟင်-လို့ ခေါ်တဲ့ မြို့ပါ။ ကမ်းခြေ(Beach)လည်း ရှိပြီးတော့ နိုင်ငံတကာ ဧည့်သည်တွေ အလွန်များတဲ့ မြို့တမြို့ပါပဲ။

သည့်နောက်တော့ ဖလော်ရီဒါကို ကျနော် ရောက်လာတော့ ကမ်းခြေတွေနဲ့ အမြဲ တွေ့နေ ရတော့တာပါပဲ။ မြို့တိုင်းဟာ ကမ်းခြေ (Beach)တွေ ချည်းပဲကိုး။ အဲလိုနဲ့ အချိန်ရတိုင်း ပင်လယ်အနား ကျနော် ရောက်ရောက် သွားလေ့ရှိတယ်။ ကမ်းခြေမှာ လမ်းလျှောက် ရတာ ကျနော် ကြိုက်တယ်။ ကမ်းခြေမှာ အပမ်းဖြေရတာ ကျနော် ကြိုက်တယ်။

ပင်လယ်ကြီး ရှိရှိသမျှ... ကမ်းခြေတွေဟာလည်း... မတွက် မရေနိုင်အောင်... ရှိကြပါပေရဲ့...။ ကမ်းခြေတွေ... ကမ်းခြေတွေ...။ တချို့လည်း... လူသိ... သူသိ... နံမည်ကြီး...။ တချို့လည်း လူမသိ သူမသိ... နံမည် မရှိ...။ သို့သော်လည်း... ကမ်းခြေတွေကို... လူတွေ... သိခြင်း... မသိခြင်းဟာ... အဲကမ်းခြေရဲ့... ပင်ကိုယ် အလှနဲ့ ဆိုင်တယ် ထင်ပါရဲ့...။ သို့မဟုတ်... အဲကမ်းခြေကို... လှပအောင် တန်ဆာတွေဆင်.... လှပတယ်လို့... လူတကာ ထင်အောင်... လုပ်ထားတာနဲ့လည်း... ဆိုင်မယ် ထင်ပါရဲ့...။

ကျယ်ပြော ပြန့်ပြူးတဲ့... သဲ မွမွ ဖြူဖြူ နုနုလေးတွေနဲ့ .... လေညှင်းလေးတွေနဲ့... ဇင်ယော်လေးတွေနဲ့... ရေငှက်ကလေး မျိုးစုံနဲ့... လှပနေတဲ့ ကမ်းခြေဆို... လူတိုင်း... လျှောက်ချင် ကြမှာပဲလေ...။ အဲကမ်းခြေကို သွားမယ်...။ အဲကမ်းခြေက... ကိုယ့် မျက်ဝန်းထဲ... တွန်းထိုး ထည့်ပေးလိုက်တဲ့... ဆည်းဆာကို... အမှောင်... မလာခင်... ရင်ဘတ်ထဲ... တခဏပဲ ဖြစ်ဖြစ်... သိမ်းပစ်လိုက်မယ်...။ အဲကမ်းခြေက... ယူလာပေးတဲ့... လေညှင်းလေးနဲ့... ကိုယ့်ရင်ထဲက ပူလောင်မှုတွေကို... ခဏတဖြုတ်ဖြစ်ဖြစ်... မောင်းထုတ် ပစ်လိုက်မယ်...။ ပြီး... အဲကမ်းခြေမှာ ... ဦးတည်ရာမဲ့... လျှောက်သွားနေရင်းနဲ့... သူ ထမ်းပိုးထားတဲ့... ငှက်ကလေးတွေ... တေးဆိုနေတာကို... နားထောင်မယ်... ။ ဒါမှမဟုတ်... အဲကမ်းခြေက... ဖြန့်ခင်းချထားတဲ့... သဲမွမွ ဖြူဖြူ နုနုလေးတွေပေါ်မှာ... ခဏတာ လဲလျောင်းရင်း... သူ့ ရင်နှစ်သည်းချာ... ကမာလေးတွေ... ခရုလေးတွေကို... တခုချင်းစီ... နှလုံးသားနဲ့... ကိုင်တွယ် ကြည့်ကြည့်မယ်...။ ကံကောင်းတဲ့အခါ... ချစ်စရာကောင်းတဲ့... လှလှပပ ကမာကောင်လေး တခုကို... ကိုင်တွယ်ကြည့်ရှုခွင့်... သင့်အတွက်... ရချင်လည်း ရနိုင်သေးတယ်... ။ ပြီးတော့... ခရုခွံလေးကို... အသာမလို့... ကိုယ့်နားအ၀မှာ... ကပ်ထားတဲ့အခါ... သူ သယ်လာတဲ့... ပုံပြင် တခု ဖြစ်ဖြစ်... ကဗျာ တပုဒ်ဖြစ်ဖြစ်... ကြားရနိုင်ပါသေးတယ်လေ... ။

သည်လိုနဲ့... လူတွေ အားလုံးက... ကမ်းခြေမှာ... အပမ်းဖြေကြတာပါ...။ လူသိများတဲ့ နံမည်ကြီး ကမ်းခြေတွေဆို လူတွေ ပိုများ သပေါ့လေ...။ လူသိနည်းတဲ့ ကမ်းခြေတွေမှာတော့ လူတွေ ခြောက်ချက် နဲ့....။

ဘယ်လိုပဲဖြစ်ဖြစ်... ကမ်းခြေတိုင်း... အပမ်းဖြေ လမ်းလျှောက်လို့ ကောင်းတာ... မဟုတ်ပါဘူး...။ တချို့ ကမ်းခြေ တွေဟာ... ကမ်းခြေ ဖြစ်နေသည့်တိုင်... ကျောက်ဆောင် ကျောက်သားတွေနဲ့ပြည့်နှက်... လမ်းလျှောက်ဖို့ ခက်ခဲ... လဲလျောင်းဖို့ ခက်ခဲ... ဘာကြောင့်... ကမ်းခြေ လာဖြစ်နေသလဲ... ကျနော်လည်း... ဝေခွဲရ ခက်...။

တချို့ ကမ်းခြေတွေကတော့ ... ၀တ်လစ်စလစ်မှသာ... ၀င်ခွင့်ပြုသည်...တဲ့... စာရေးထားခဲ့ သေးတယ်... အဲလို ကမ်းခြေမှာ... ဘယ်လို လူတွေများ... အပမ်းဖြေနေကြပါလိမ့်... ကျနော်လည်း... တွေဝေ...။

တချို့ ကမ်းခြေတွေကတော့ ... ပုဂ္ဂလိကပိုင်ဖြစ်သည်... မဆိုင်သူ မကပ်ရ... ဆိုလား...။

တချို့ ကမ်းခြေတွေကတော့... အခွင့်မရှိ... မ၀င်ရပါ... အဖွဲ့ဝင်များအတွက်သာ... ဆိုပဲ....။

တချို့ ကမ်းခြေတွေကတော့... ဘာ... အဆင်တန်ဆာမှ... မရှိ...။ ဒါတောင်... ကြည့်ကောင်းနေတာ... ပင်ကိုယ် အလှ မဟုတ်လား...။ သူ့ရင်ခွင်ထဲ ၀င်ကြည့်... သူ့ အလှအပတွေကို... လူတွေ... သိသွားပြီဆို... နံမည်ကြီး... ကမ်းခြေတခု... ဖြစ်သွားပေါ့... ။ အဲကမ်းခြေမှာ... အပမ်းဖြေနေသူတွေ... အပုံလိုက်...။

တချို့ ကမ်းခြေတွေကတော့... တကယ် မလှပေမယ့်... တောက်တောက်ပပနဲ့... အဝေးက မြင်အောင်... အဆင် တန်ဆာတွေ... အထပ်ထပ် ၀တ်လို့... လူတကာ နူးညွတ်အောင်... လုပ်ထားလေရဲ့...။ အလံရောင်စုံလွှင့်... ဆိုင်းဘုတ်ကြီးတွေ... မြှင့်လို့... ။

ဘယ်လိုပဲ ဖြစ်ဖြစ်... ပင်လယ်... ရှိနေသမျှ... ကမ်းခြေတွေ... ရှိနေမှာ မဟုတ်လား... ။
ဘာပဲဖြစ်ဖြစ်... ကမ်းခြေတွေ... ရှိနေသမျှ... အပမ်းဖြေသူတွေ... ရှိနေမှာ... မဟုတ်လား...။

သို့သော်လည်း... ကမ်းခြေမှာ... အပမ်းဖြေကြသူများကို... တခုတော့... ပြောချင်ပါတယ်...။

ဆိုကြပါစို့... ပင်လယ်ဟာ... Blogosphere... ကမ်းခြေတွေဟာ... Blog တွေ... ။
ဒါဆိုရင် ... တချို့ ကမ်းခြေတွေမှာ... အပမ်းမဖြေကြပါနဲ့...လို့...။

ဥပမာ... သည် ကမ်းခြေ မှာတော့ အပမ်းမဖြေကြပါနဲ့... သင့် အချိန်တွေ ကုန်ရုံသာ... (seriously) နော်...း) ကလစ်လည်း လုပ်မကြည့်ကြပါနဲ့... ကိုယ့် mouse ကလေးကို Link ပေါ် တင်ပေးတာနဲ့ ကိုယ့် Browser ရဲ့ ဘယ်ဖက်ထောင့်မှာ ဘယ် ကမ်းခြေလဲ ဆိုတာ မြင်နေရတယ်လေ...

လူအချင်းချင်း လိမ်လည်ခြင်း ကင်းရှင်းကြပါစေ။

13 comments:

ကိုအောင် said...

အကို ဆောင်းတွင်းကြီး ပင်လယ်ကမ်းခြေ
ဘာသွားလုပ်လဲ အောင့်မေ့နေတာ ဖတ်ပြီးမှ
သဘောပေါက်သွားတယ် အကိုကြီးရေ။

:P said...

ဘယ်ကမ်းခြေလဲ သိချင်လို့ လင့် ကိုနှိပ်လိုက်တော့
၁ ခေါက် ရောက်သွားပြန်ပါရောလား အစ်ကို..:)))))

ATN said...

ကိုအောင် - သဘောပေါက်ပလား.. ဟင်...
sin dan lar - လင့်ခ် ပေါ်မှာ ကြွက်ကို ထားလိုက်ရင် ကိုယ့် ဘရောက်ဆာရဲ့ အောက်ဆုံး ဘယ်ဖက်ထောင့်မှာ ဆိုက်ကို မြင်နေရတယ်လေ။ ကျနော် မှားတာပါဗျာ ကလစ် မလုပ်ပါနဲ့လို့ ပြောရမှာ...

Welcome said...

အရင်တစ်ခေါက်ကလို မပျော့တော့ဘူး၊
အရင်တစ်ခေါက်ကလို မပျောက်တော့ဘူး၊
ခပ်မာမာပဲတဲ့...
အော် .. .. ကမ်းခြေတွေ

http://winzaw-mdy.blogspot.com/

mama said...

ရေမကူးတတ်ပေမဲ့..
ကမ်းခြေ ဆိုရင် ကြိုက်တာပဲ..
ဖလော်ရီဒါ ရဲ့ ကမ်းခြေလေးတွေကို စိတ်ကူးနဲ့
မြင်ယောင်ကြည့်ခွင့် ရတဲ့ အတွက်
ကျေးဇူးပါ..
သည် ကမ်းခြေ........ဆိုတာကို မနှိပ်နဲ့ ဆိုလို့ သာ မနှိပ်ခဲ့ရတာ
နှိပ်တော့ အကြည့်ချင်သား......း)....။

Anonymous said...

30 Nov 08, 20:48
ခေါင်ခေါင်: ကမ်းခြေမှာ အပန်းဖြေတဲ့ အကြောင်းဖတ် သွားပါတယ် အစ်ကို. ကလစ်လဲ မလုပ်ကြည့်ဘူး... ကွန်မန့်လဲ မပေးခဲ့တော့ဘူး.. ဒီတိုင်းလေး ပဲ ... :)

Moe Cho Thinn said...

ဥပမာ ပေးပုံလေးက လှလိုက်တာ အကို။
ချစ်စရာလေး။

Anonymous said...

ကဗျာဆန်တဲ့ အန်ကယ်ရေ့ ပင်လင်ကိုချစ်သလို ပင်လယ်ကြီးကလည်းအမြဲကြိုလင့်နိုင်ပါစေ...ဟို ကမ်းခြေကိုတွေ့ တော့ ပြန်ပြေးမိတယ် သားသားကြောက်ကြောက်း)

သက်ဝေ said...

ကမ်းခြေ...
ရိုးရိုးလေးနဲ့ သိပ်လှတယ် အကို...
ဘာကိုမှ မနှိပ်၊ မထိ... သာသာလေးဘဲ ဖတ်သွားပါတယ်...။

Anonymous said...

အစ်ကိုရေ အစ်ကိုတို့ကသာပြောနေတာ။ သူက လုံးဝဂရုမစိုက်တဲ့ပုံပဲနော်။ ညီမသူ့ဘလော့ကို ဟိုတစ်ခေါက်က လမ်းကြုံပြီးရောက်သွားတာ။ ရေးထားတဲ့စာတွေဖတ်တာနဲ့ ဘာအဆင့်ဆိုတာသိသာပါတယ်။ ဒါပေမယ့် ညီမက ဒီလောကမှာ လူသစ်ဆိုတော့ ဇာတ်လမ်းတွေကိုမသိဘူး။ လမ်းကြုံရင်ပြောပြပါဦး။

ATN said...

ကိုဝင်းဇော် - ခုတော့ သိပြီပေါ့
မမ - ကမ်းခြေတိုင်းတော့ မကြိုက်သင့်ပါ...း)
ညီမချိုသင်း - စာရေးဆရာမက မြှောက်ပြောနေပြီ...
တူမောင်မျိုး - မောင်ရင်လည်း သတိထား...
သက်ဝေ - ဖတ်သွားတာ ကျေးဇူးပါ...
ပုဂံဖွားစော - http://www.1001burmese.blogspot.com/ မှာ သွားဖတ်ဗျာ...

Mhu Darye said...

အစ်ကိုရေ.. ယောင်ပြီး နှိပ်မိသွားတယ်..။ အမည်တပ်ထားတဲ့ သူရဲ့  ကိုယ်ပိုင် အပန်းဖြေစခန်းလေးကို ရောက်ဖူးပါတယ်။ ခုမြင်လိုက်ရတဲ့ အပန်းဖြေစခန်းလေးနဲ့ ကွာများနေသလားလို့......... ပိုင်ရှင် တူတူမှန်း ဘယ်လို သိမလဲနော်...။ အရေးအသားကတော့ အစ်ကိုပြောခဲ့တဲ့ အတိုင်းပဲ အဆင့်အတန်းကို ထင်းထင်းကြီး ဖော်ပြနေပါတယ်။ ဒီလောက်ပဲ မန့်မယ်ခဲ့မယ်နော်...။ အဆင်ပြေပါစေ။

တက်လူငယ် said...

ဒါမျိုးတွေ အားပေးတယ်ဗျာ။ မှတ်တမ်းတင် ဂုဏ်ပြုပါတယ်။