May 2, 2009

အဖြူရောင်အပေါ် အိပ်စက်ခြင်း







ငါ့သစ်ရွက်တွေက အစိမ်းရောင်ရင့်ရင့်…
ငါစီးထားတဲ့ ဖိနပ်က အနက်ရောင်…
ငါ့အင်္ကျီကတော့ အပြာရောင်…
ငါ့နေ့တွေက လိမ္မော်ရောင် သမ်းနေ…
ငါ့မှနှ်တွေ ခမျာမတော့ အရောင်မဲ့…
ငါ့နှလုံးသား ကတော့ မိုးသားလို ပြာရင်း…
ငါ့ပြတင်းပေါက်ကလေးက အစိမ်းရောင် ဖျော့ဖျော့…
ငါ့လမ်းကလေးကတော့ သဲနုနုတွေ ဖြူမွလို့…
ငါ့အိမ်ကလေးက အ၀ါရောင်ရင့်တယ်…
ငါ့ကောင်းကင်က လောလောဆယ်ဆယ် ခရမ်းရောင်…
ငါ့အရိပ်တွေ ခမျာမတော့ မီးခိုးရောင်တွေ အူထလို့…
ငါ့မနက်ဖန်ကို လှမ်းကြည့်တဲ့အခါ ပုဇွန်ဆီရောင်တွေ တောက်ပနေ…
ငါ့ချစ်သူကို လှည့်ကြည့်မိတော့ ပါးမို့မို့မှာ ပန်းရောင်ကလေး ပြေးလွှား…
ငါ့ရင်ဘတ်ငါ ငုံကြည့်လိုက်တဲ့အခါ အပြာရောင်ရင့်ရင့်တွေ စီးဆင်း…
ငါ့လက်ထဲက ဂစ်တာလေးကတော့ အဖြူရောင်တွေနဲ့ စေးပျစ်လို့…
ငါ့ အနီးက ကမ္ဘာကြီးကို ကြည့်လိုက်တော့ အနီရောင်တွေ တောက်လောင်နေ…
ငါ့ သူငယ်ချင်းတွေကတော့ ရောင်စဉ် ခုနှစ်သွယ် လက်ဖြာလို့…
ကြာလာတော့ အရောင်တွေကို ငါ စိတ်ညစ်တယ်…
တညတာ အိပ်စက်ဖို့ ငါ ဆွဲယူလိုက်မိတဲ့ ခေါင်းအုံးကလေးကတော့
အဖြူရောင်နဲ့ သန့်ရှင်းလို့…
“သည်တညတော့ မင့်ရင်ခွင်မှာ အိပ်ဖို့ရောက်လာပြီ… ”
ခင်မောင်တိုး သီချင်းတပုဒ်ကို တီးတိုးဆိုငြည်းရင်း
နှစ်နှစ်ခြိုက်ခြိုက် ခေါင်းအုံးလေးအပေါ် အိပ်စက်လိုက်ပါတယ်…
နောက်တနေ့မှ
ငါ့ဘ၀ရဲ့ အရောင်တွေကို
စာရင်းပြုစုပါရစေကွယ်…

ATN

3 comments:

မယ့်ကိုး said...

“မယ်ကိုး ဖတ်ချင်တယ်ဆိုလို့ တင်လိုက်တာပါ”လို့ ပြောပြီး “ကိုယ့်ဘာသာ မကြိုက်ဘူး။” ဆိုတော့ ရယ်ရမလို ငိုရမလို...

ငါ့အရိပ်တွေ ခမျာမတော့ မီးခိုးရောင်တွေ အူထလို့…
ငါ့မနက်ဖန်ကို လှမ်းကြည့်တဲ့အခါ ပုဇွန်ဆီရောင်တွေ တောက်ပနေ…

ကဗျာဆရာ မကြိုက်ပေမယ့် ဒီစာသာလေးတွေကို ကဗျာဖတ်သူကြိုက်ပါတယ်..

ကိုလူထွေး said...

ကျွန်တော် အိပ်ယာကနိုးတော့ ဘေးပတ်ဝန်းကျင်တစ်ခုလုံးက အနက်ရောင်... မှောင်မဲလို့ ပေါ့...

"ကျွန်တော်အိပ်ပျော်သွားလိုက်တာ သန်းခေါင်တောင်ရောက်နေပြီနော်".. လို့  နှုတ်ကပြောလိုက်မိတယ်။

ဘေးကလူက
"ခင်ဗျား အိပ်ပျော်နေလို့ မသိတာပါဗျာ" တဲ့။

"ဒီအမှောင်ပိတ်ထားတဲ့ အခန်းထဲမှာ သန်းခေါင်ရောက်နေတာ အတော်ကို ကြာနေပါပြီလေ" တဲ့...

Anonymous said...

ကိုအောင်သာငယ် မကြိုက်လဲ ကဗျာဖတ်သူကြိုက်၇င်၇တယ် မို့လား ?

Mie Nge