Jul 17, 2009

ဘ၀ဆိုသည်မှာ (၁)

ဘ၀ထဲမှာ ရှင်သန်နေနေရတဲ့ အချိန်တွေမှာ နေသာတဲ့နေ့တွေ၊ လေပြည်လာတဲ့ နေ့တွေ၊ နှင်းကျတဲ့ နေ့တွေ၊ ငှက်ငယ်တွေ တေးဆိုတဲ့ နေ့တွေ ရှိခဲ့သလို...
မုန်တိုင်း ထန်တဲ့ နေ့တွေ၊ မိုးမှောင်ကျတဲ့ နေ့တွေ၊ နေရောင် ပျောက်တဲ့ နေ့တွေ၊ အသက်ရှူ ကျပ်တဲ့ နေ့တွေ၊ ပန်း မပွင့်တဲ့ နေ့တွေလည်း ရှိရဲ့...။

ဘာပြဲဖစ်ဖြစ် လူသားတယောက်ဆိုတော့လည်း လူပီပီသသ ခံစားတတ်တဲ့ နှလုံးသားတခုနဲ့ အညီ အဲသည် အချိန်ကာလတွေကို ခံစားချက်နဲ့ တုန့်ပြန်ခဲ့မိ တတ်တာပါပဲ။ တခါတခါ ပျော်ရွှင်တယ်၊ တခါတခါ စိတ် အကျဉ်းကျတယ်၊ တခါတခါ မျက်ရည်ကျတယ်၊ တခါတခါ ဒေါသထွက်တယ်၊ တခါတခါ ပေါက်ကွဲတယ်၊ တခါတခါ ဆောက်တည်ရာမရဖြစ်တယ်၊ တခါတခါ မုန်းတီးတယ်၊ တခါတခါလည်း တည်ငြိမ်နေမိရဲ့။ မတူညီတဲ့နေ့ရက်တွေမှာ ခံစားမှုတွေကလည်း အမျိုးမျိုးပါပဲ။ သို့သော်လည်း နေ့ကောင်းရက်သာများအဖို့ ဘာမျှ မထူးဆန်းသော်လည်း ပြသာဒါး ရက်များအဖို့တော့ ခွန်အားတချို့ လိုအပ်ခဲ့ပါတယ်။

ကိုယ်တိုင် စိတ်ခွန်အားတွေ နည်းလာတဲ့အခါ ချစ်ခင်ရင်းနှီးသော ညီအကိုမောင်နှမ၊ မိတ်ဆွေ သူငယ်ချင်းများရဲ့ အားပေးမှု၊ နားလည်မှု၊ နွေးထွေးမှုတွေက ခွန်အားတွေဖြစ်သလို ကိုယ်တိုင် ဖတ်ရှုခဲ့ဖူးတဲ့ စာတွေကလည်း ခွန်အား ဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် အနားမှာ ဘယ်သူ တဦး တယောက်မှ မရှိတဲ့အခါ သည်လို စာတွေကပဲ ခွန်အား ယူရတာမျိုးပါ။

သည်အခါ ကျနော် အားနည်းလာတဲ့အခါတိုင်း လဲကျခဲ့ဖူးတဲ့ အကြိမ်တိုင်းမှာ ကျနော့်ကို ပြန်လည် နိုးထဖို့ ခွန်အားသစ်တွေ ပေးနိုင်ခဲ့တဲ့ စာတွေကို ညီအကို မောင်နှမတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ စာဖတ်သူတွေကို ပြန်လည် ဝေမျှချင်မိတာပါပဲ။

တချို့စာတွေကတော့ ကျနော့် မှတ်စုစာအုပ်ထဲမှာ ရှိပါတယ်။ တချို့ကတော့ ကျနော့် ခေါင်းထဲမှာပဲ ရှိနေတာပါ။ သည်တော့လည်း တချို့ ပြောစကားတွေ စာတွေကို ဘယ်သူဘယ်ဝါက ရေးသွား ပြောဆိုသွားတယ် ဆိုတာ ကျနော် မမှတ်မိတော့ပါ။ သိတဲ့လူတွေ မှတ်ချက်မှာ ရေးသွားပေးကြပါ။
--------------------------------------------------------------------------------------
ပထမဆုံးအနေနဲ့ ကျနော် ဖော်ပြချင်တာကတော့ ကျနော့် အကြိုက်ဆုံး တခုပါ -
သင်ဟာ သင်ကိုယ်တိုင် အဖြစ် မွေးဖွားလာခဲ့ပြီးပါပြီ မိတ္တူ တခုအဖြစ်နဲ့တော့ မသေဆုံးပါနဲ့ - တဲ့။ ဘယ်သူ ရေးတယ် ဆိုတာတော့ မမှတ်မိတော့ပါ။ သည်စကားကို ကျနော် အတော် ကြိုက်နှစ်သက်ပါတယ်။ ကျနော် ကိုယ်တိုင်လည်း အခြား ဘယ်သူ တဦး တယောက်မှ မဖြစ်ချင်ခဲ့ပါဘူး။ ကျနော်ဟာ အောင်သာငယ်ပဲ ဖြစ်ချင် ပါတယ်။ ဆိုးဆိုး ကောင်းကောင်း အောင်သာငယ်ဟာ ကျနော်ပါပဲ။ တခြားသူ တစုံတယောက် မဖြစ်ချင်ပါ။ သို့မဟုတ် ကျနော်ဟာ တခြားလူ တစုံတယောက် မဟုတ်ပါ။

နောက်တခုကတော့ - မိတ်ဆွေ သူငယ်ချင်းကောင်းဆိုတာ သင် အချိန်ကာလ ကြာမြင့်စွာ သိရှိနေခဲ့သူတွေ မဟုတ်ဘူး၊ သင့်ထံကို လာခဲ့ပြီး သင့်အပါးက ဘယ်အခါမှ စွန့်ခွာ မသွားခဲ့သူတွေ၊ သင့်အကျိုး ပျက်စီးရာ ပျက်စီးကြောင်းကို သင့် ကွယ်ရာမှာ ဘယ်အခါမှ မလုပ်သူတွေသာ ဖြစ်တယ် - တဲ့။ ဒါလည်း ဘယ်သူရေးခဲ့မှန်း ကျနော် မမှတ်မိတော့ပါဘူး။ ကျနော် လဲကျချိန်မှာ ကျနော့် အနားမှာ အမြဲတမ်း ရှိနေခဲ့တဲ့ ညီအကိုမောင်နှမတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးကို ကျနော့် နှလုံးသားနဲ့ မှတ်တမ်း တင်ထားခဲ့ပါရဲ့။
-------------------------------------------------------------
ကဲ... အခုတော့ ဘ၀ဆိုတာနဲ့ ပတ်သက်ပြီး ကျနော် ဖတ်ထား မှတ်ထားတာလေးတွေကို ပြန်ပြောပြ၊ ပြန်ဝေမျှပါ့မယ်။

ပထမဆုံးအနေနဲ့ မကေရဲ့ SideBar မှာတင်ထားတဲ့ Quote လေးနဲ့ပဲ စပါရစေ။

Lord, grant me the serenity to accept things that I cannot change;
The courage to change the things I can; And the wisdom to know the difference.
Dr. Reinhold Niebuhr

သည်နေရာမှာ နည်းနည်းတော့ ကွဲပါတယ်။ ကျနော် သိထားတာနဲ့ သူ တင်ထားတာနဲ့က Lord နဲ့ God ကွဲနေတယ်။ သူ့ဆီမှာ God ဖြစ်နေတယ်။ ကျနော် သိထားတာကတော့ Lord ပါ။ သို့သော်လည်း အနှစ်သာရက အတူတူပါပဲလေ။ သည်စာကို ရေးသူက Karl Paul Reinhold Niebuhr ပါ။ ၁၉၇၁ ခုနှစ်မှာ သေဆုံးခဲ့ပါပြီ။

- ဘုရားသခင် ကျွန်ုပ် အပြောင်းအလဲ မလုပ်နိုင်သည့် အရာများကို လက်သင့်ခံနိုင်သော တည်ငြိမ် အေးချမ်းမှုကိုသာ ကျွန်ုပ်အာုး ပေးပါ့။ ကျွန်ုပ် ပြောင်းလဲနိုင်သော အရာများ အတွက်လည်း ပြောင်းလဲနိုင်သော အစွမ်း သတ္တိကို ပေးပါ့။ ထို့အတူ ထိုအရာများကို ခွဲခြား သိရှိနိုင်စွမ်းသော ဥာဏ်အလင်းကိုလည်း ပေးပါ့ ဘုရားသခင် - (မကေထောက်ပြလို့ ပြန်ပြင်ထားပါတယ်)

ကျနော်ကတော့ သည်လို ဘာသာပြန်ပြီး ခံစားမိပါတယ်။ သည် စာစုက ကျနော့် အတွက်လည်း ခွန်အား အများကြီး ပေးခဲ့ပါတယ်။ မကေကိုလည်း ကျေးဇူးတင်ပါတယ်။ သည် စကားစုက ဘ၀အတွက် ခွန်အားတွေ အများကြီး ပေးခဲ့ပါတယ်။ သေချာ စဉ်းစားကြည့်လေ ခွန်အားတွေ အများကြီး ရလေ ဖြစ်မှာပါ။
-------------------------------------------------------------------------

သည်မှာတော့ ကျနော် ကြိုက်နှစ်သက်ခဲ့တဲ့ ဘ၀နဲ့ ပတ်သက်တဲ့ အဆို အမိန့်တွေကို ဖော်ပြလိုက်ပါတယ်။ သည် အဆိုအမိန့်တွေနဲ့ ပတ်သက်လို့ တယောက်နဲ့ တယောက် အကြိုက် မတူခဲ့ကြရင်လည်း ကျနော့်ကို ခွင့်လွှတ်ပါ။
----------------------------------------------------------------------------
“ဘ၀ရဲ့ အရသာကို မြည်းစမ်းဖို့ တကိုက်လောက် အကြီးကြီးကိုက်လိုက်စမ်းပါ”
(ရောဘတ်ဟိန်းလိန်း)

“ဘ၀ဆိုတာ ရရှိခြင်းနဲ့ ရယူခြင်း မဟုတ်ဘူး။ ဘ၀ဆိုတာ ဖြစ်ရှိခြင်းနဲ့ ဖြစ်လာခြင်းပါပဲ”
(မက်သျူးအာနိုးလ်ဒ်)

“ဘ၀ဆိုတာ အတိုအရှည်အကြောင်း မဟုတ်ဘူး၊ နက်ရှိုင်းမှုအကြောင်းသာ”
(ရာ့လ်ဖ်ဝဲလ်ဒိုအဲန်မာဆန်)

“ခံစားမှုတွေကသာ ပြောင်းလဲတယ်။ အမှတ်တရဖြစ်မှုတွေက ဘယ်တော့မှ မပြောင်းလဲ”
(ဂျိုဝဲလ်အလက်က်စ်ဇန်းဒြား)

“မင့် ရန်သူတွေကို ခွင့်လွှတ်လိုက်ပါ။ သို့သော်လည်း သူတို့ အမည်ကိုတော့ ဘယ်တော့မှ မမေ့လိုက်ပါနဲ့”
(ဂျွန်အက်ဖ်ကနေဒီ)

“က လိုက်ပါ၊ ဘယ်သူကမှ မင်းကို ကြည့်မနေဘူးလို့ ယူဆပြီးတော့ပေါ့။
ချစ်လိုက်ပါ၊ ဘယ်အခါကမှ မင်း မနာကျင်ခဲ့ဖူးဘူးလို့ ယူဆပြီးတော့ပေါ့။
ဆိုလိုက်ပါ၊ ဘယ်သူကမှ မင့်အသံကို မကြားရဘူးလို့ ယူဆပြီးတော့ပေါ့။
ရှင်သန်နေထိုင်လိုက်ပါ၊ သည်ကမ္ဘာဟာ ကောင်းကင်နိဗ္ဗာန်ဘုံလို့ ယူဆပြီးတော့ပေါ့”
(ဆူးဇာ)

“ဘ၀က မင့်ကို ငိုကြွေးဖို့ နည်းလမ်းတရာ ရှိနေတဲ့အကြောင်း ပြောတဲ့အခါ
ပြုံးပြဖို့ နည်းလမ်း တထောင်ရှိနေကြောင်းလည်း ဘ၀ကို ပြန်ပြောပြလိုက်ပါ”
(အမည်မသိ)

“တကယ် ၀မ်းနည်းရမယ့်သူတွေနဲ့ အတူ ၀မ်းနည်းနေမိတာက
တကယ် မပျော်ရွှင်နေရမယ့်သူတွေနဲ့အတူ ပျော်ရွှင်မိတာထက် ပိုကောင်းတာပေါ့”
(ဖိလစ်ပိုးစ်)

“ဘ၀မှာ အဆိုးရွားဆုံး အဖြစ်အပျက်ကတော့
မင့်ကို ဖက်တွယ် မထားလိုသူတယောက်ကို
မင်းက ဖက်တွယ်ထားမိတာပါပဲ”
(အချစ်ပျောက်သူ)

“ဘ၀ဆိုတာ လေမှုတ်ကိရိယာ တခုပါပဲ။
သံစဉ်တခုကို သင် မှုတ်မထည့်ပဲနဲ့ တေးသွားတခုကို ကြားရမှာကို မဟုတ်ဘူး”
(၀ီလီယံခရစ္စတိုဖာဟဲန်ဒီ)

ဘ၀နဲ့ ပတ်သက်ပြီး အဆိုအမိန့်တွေကို ဆက်ပြီး ဖော်ပြပါ့မယ်။ သို့သော်လည်း သည်နေရာမှာ ကျနော့်ကို ချစ်ခင်နှစ်သက်သော ညီအကို မောင်နှမတွေကိုလည်း ကျနော်က တခု တောင်းဆိုပါရစေ။ ဘ၀နဲ့ ပတ်သက်လို့ ကိုယ် သိထားတာလေးတွေကိုလည်း ပြန်လည် ဝေမျှ ပေးကြပါပေါ့လေ။

သည်တော့လည်း ထုံးစံအတိုင်း Tag Game ကို ပြန်သွားရတော့မှာပေါ့။ အချိန်ရတဲ့အခါ၊ အခွင့်ရေး ရှိတဲ့အခါ၊ ရေးပေးကြပါ။ ကျနော်လည်း သည်ပို့စ်ကို ဆက်ရေးပါဦးမယ်။ ချစ်ခင်သော ညီအကို မောင်နှမများကလည်း ကိုယ်သိရှိခံစား ယုံကြည် ထားသမျှသော ဘ၀နဲ့ ပတ်သက်သမျှတွေကို ပြန်လည် ဝေမျှပေးကြဖို့ ကျနော် တောင်းဆိုပါတယ်။ Tag အတွက်တော့ ကျနော် စာရင်း မရေးတော့ပါဘူး။

ခု သည်ပို့စ်ကို ဖတ်မိသမျှသော ညီအကိုမောင်နှမတွေအားလုံးကို ကျနော် Tag လိုက်တယ်လို့သာ သဘောထားကြပါ။ အဲသည်အတွက် ဘ၀နဲ့ ပတ်သက်တဲ့ ပို့စ်တခုကို ပြန်ရေးတယ်ဆို ကျနော် ကျေးဇူးတင် ၀မ်းမြောက်နေမှာပါ။

တခုပဲ ကျနော်က Tag လိုက်လို့ ရေးပါတယ်လို့ပဲ ဖော်ပြပေးပါ။ အရာရာ ပြည့်စုံသွားပါပြီ။

မရေးရင်တော့ ကျနော့်ကို မချစ်ခင် မနှစ်သက်လို့ပဲလို့ ယူဆပါ့မယ်...း)

15 comments:

Anonymous said...

အဲ့ ဒွတ်ခေါ ဒီအစ်ကိုကြီးချစ်တာလည်း ဂလိုကြီးကိုး...
ဘ၀ဆိုသည်မှာတဲ့ လေးနက်လွန်းတယ် ကလေးပီပီအတွေးပန်းချီခြယ်ဖို့ စုတ်တံအရင်ဝယ်ပေးပါ။
ပြီးရင် စာရွက်ချပြီးဆွဲပေးမယ်နော်

ချစ်တဲ့ညီငယ်

ရွာသားလေး

Anonymous said...

မရေးရင်တော့ ကျွန်တော့ကို မချစ်မနှစ်သက်လို့ပဲ ယူဆတော့မယ် ဆိုတော့ စိတ်ဆိုးပြီး ဘလော့ပိတ်သွားမှာ စိုးလို့ ရေးပါ့မယ်....အခုတော့ မဟုတ်ပါ...စဉ်းစားလိုက်ဦးမည်...

mie nge

tg.nwai said...

ဟာ..စောစောစီးစီးလာဖတ်မိသွားပြီ...အဲဒီတော့လည်း..ဟဲဟဲ..ဘကုန်းနဲ့ ၀လုံးအကြောင်းလေး ရေးရဦးမှာပေါ့..:)

Khyl said...

ဝဲလကမ်းဘက်ခ်... အာဂိုဂျီး.... :)

Anonymous said...

ဘ၀ဆိုတာတိုက်ပွဲပါဘဲ။

မယ့်ကိုး said...

ထုံးစံအတိုင်း ဖတ်ကောင်းကောင်းနဲ့  ဖတ်လာတာ နောက်ဆုံးမှပဲ လန့် သွားတော့တယ်။ :P
ကိုယ့်ကိုကိုယ်တော့ ဘဝနဲ့  ထဲထဲဝင်ဝင် မကျွမ်းဝင်သေးဘူးလို့  ထင်ပါတယ်။
ဒါပေမယ့် ကြိုးစားတီးခေါက်ကြည့်ပါဦးမယ် ...

ရေတမာ said...

ဝါ့လားဝေ ဖတ်ကောင်းကောင်းနဲ့ ဖတ်လာတာ tag ထားပါ့လား.. ဒီလိုမျိုး tag ခံရတာလည်းအမှတ်တရပါပဲ။ ဖတ်ပြီးပြီဆိုတော့ ရေးရမှာပေါ့။ မရေးရင်ညာသလိုဖြစ်နေမယ်။ ပြီးတော့ အကို့ အယူအဆကို ဆန့်ကျင်သလိုဖြစ်နေမယ်။ တတ်သလောက်မှတ်သလောက်ရေးပါ့မယ်။ ပိုစ့်က အကြောင်းအရာတွေတော့ စုပ်ယူနိုင်မှုနည်းပါးခဲ့တယ်။ မိတ္တူတခုမဖြစ်အောင် ကြိုးစားနေထိုင်မယ်။

MANORHARY said...

ဒီမှာတစ်ခါတည်းရေးသွားမယ်

အဲဒီ ဘဝ ဆိုတာကြိးကို မသင်္ကကာတာကြာပြီ
မသင်္ကာဆို သူ့ကိုက မသင်္ကာမှု ပုဒ်မကြီးကိုး
ဘ = ၅
ဝ = ၎
း)
(တချိန်က မောင်ယော ထံမှ ကူးယူတင်ပြပါသည်)
မှတ်ချက်
ထိုမောင်ယောသည် ဆြာယော မဟုတ်သလို ကိုယောဟန် လည်းမဟုတ်ပါ။

မေ့သမီး said...

အကိုရေ မှတ်စရာလေးတွေမှတ်သွားပါတယ်။ ဆူးဇာရဲ့စာကိုတော့ ပိုကြိုက်သလိုပဲ။ ပိုပြီးခံစားလို့ရလို့လေ။ :D

Nge Naing said...

ဒုက္ခပဲ ဖတ်မိတော့မှ Tag ခံရတဲ့ စာရင်းထဲ ပါသွားပြီထင်တယ်။ ကျွန်မကတော့ ဘ၀ဆိုတာ တိုက်ပွဲလို့ ပြောတဲ့သူတွေ အားလုံးကို ထောက်ခံတယ်။

kay said...

ကိုအောင်သာငယ်ပြောမှ- သတိထားမိတယ်။ Lord က ပိုမှန်မယ်ထင်တယ်။ အင်း- ဒါပေမဲ့..ဘာသာပြန်ချက်မှာကျတော့..ကျမ ထင်တာတော့..တတိယ စာချိုးလေးထဲက.. wisdom to know the difference ဆိုတာ.. အဲဒီ ( ကိုယ်ပြောင်းလဲ နိုင်တဲ့အရာလား ) ( ကိုယ်မပြောင်းလဲ နိုင်တဲ့အရာလား) ဆိုတာကို.. ခွဲခြား နိုင်တဲ့..ညဏ်ကို ပြောတာ လို့ နားလည်ထားမိတယ် ။

သြော- နေရင်းထိုင်ရင်း..ဘလော့လာဖတ်မိတော့..ဘ၀ လည်း ရေးရအုံးမယ်.. ပေါ့။း)

Anonymous said...

ကျမသိသလောက် ဘ၀ဆိုတာ တိုက်ပွဲ ...

တိုက်ပွဲထဲမှာ ရှုံးနိမ့်ခြင်းနဲ့ အောင်မြင်ခြင်း နှစ်မျိုးရှိတယ်..


အောင်မြင်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါမျိုးမှာ ပျော်ရွှင်
ဝမ်းမြောက်မှုတွေရဲ့  အရသာကို လူတိုင်း နှစ်သက်လိုလား ခံစားချင်ကြ ခံစားနိုင်ကြပေမယ့်
ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ကြရတဲ့အချိန်မှာတော့
သောကတွေ ဒုက္ခတွေနဲ့ ၀မ်းနည်းခြင်းတွေကို
ဘယ်သူမှ မလိုလားကြ မခံစားနိုင်ကြဘူး .....လားလို့....

ကျမဘ၀ရဲ့  တိုက်ပွဲထဲမှာတော့ အဲဒိ နှစ်ခုဘယ်အရာက
ရာခိုင်နှုန်းပိုများမလဲလို့ စောင့်ကြည့်ရဦးမယ်.....

ကိုယ့်ရင်ထဲရှိတာချရေးလိုက်ပြီ....

mie nge

sonata-cantata said...

ဘ၀ဆိုတာ...ရေးခိုင်းလို့ ရေးလိုက်ပါပြီ ကိုအောင်သာငယ်ရေ

သက်ဝေ said...

အိမ်လည်မထွက်ဖြစ်တာကြာသွားလို့
ဒီပိုစ့်ကို အခုမှတွေ့တယ်အကို...
ဘဝဆိုသည်မှာ ကို ကြိုးစားပြီး ရေးကြည့်ပါအုံးမယ်...

Anonymous said...

ဘဝ
ဆိုတာ...
တောနက်ကြီးထဲ...လမ်းလျှောက်ရသလိုပါပဲ။
စမ်းတ၀ါးဝါးနဲ့...ခန့်မှန်းရ ခက်တာပေါ့။
ကိုယ့်ဘက်က တတ်နိုင်သလောက် alert ဖြစ်ဖို့ပဲလိုမယ်။
ကိုယ်ထင်တာကိုယ်ရေးခဲ့ပြီနော်
ယမင်း