Mar 22, 2011

ရှာကြံနာ

အချိန်ကာလမဲ့သော ပိုးဟပ်များကလည်း
ညစ်ထေးနံဟောင်လို့
အဲသည့် ကောင်းကင်နံရံမှာ တွယ်ကပ်ခိုင်မာ...

ငါ့ဒဏ်ရာတွေကလည်း
တက်တူးတွေလို... အရောင်မျိုးစုံ... ရှိ...
လူတကာ၏ ရင်ခွင်တိုင်းးကိုတောင်
ရစ်ခ်ျတာစကေး ၈.၆ လို
အားလုံး လဲပြိုကျသွားရလောက်အောင်
မက်မော ဖြစ်ညှစ်ပစ်ချင်ဖွယ်ရာ
တင်းတင်းပြည့်ပြည့် ရင်သား နှစ်လုံးနဲ့
အားလုံး လဲပြိုကျသွားစေပေါ့...
သို့ကလို... မိုက်ရိုင်း...

ဘာမှ မဟုတ်ဘူး...
ရူးသွပ်မှုတခုသာ-လို့
ငါထောင်ခဲ့ဖူးတဲ့ ဆိုင်းဘုတ်တခုကလည်း
ဆူနားမီ ထိုးခွဲသွားတဲ့
ကမ္ဘာ့ မျက်နှာပြင် အပြဲကြီးထဲမှာ...
စိတ်ရှိလက်ရှိ
မျောလွင့်လို့...

ငလျင် ဆိုတဲ့ကောင်တွေ...
သူတို့ လွှင့်ချင်ရာ လွှင့်နေတာကိုပဲ
ငါတို့ကလည်း ထိုင်ကြည့်နေရ...

ဘာမှ ထပ်မပြောနဲ့ကွာ...
ငါလည်း နာပါတယ်...

ငါ့ဘ၀ကိုနာတယ်...
ငါ့ အသည်းကိုနာတယ်...
ငါ့ကိုယ်ကိုနာတယ်...
မနေ့ ဆိုတဲ့ နေ့ရက်ကိုနာတယ်...
သည်နေ့ကို နာတယ်...
မနက်ဖန်ကို နာတယ်...

ဘုရားရေ...
နင့်ကိုပါ
ငါ စိတ်နာနေပြီ...

ATN

Mar 21, 2011

ကျနော့် ဧဒင်

ပန်းသီး သီးတဲ့ အပင်တွေ
ကျနော့် ဥယျာဉ်ထဲမှာ...မရှိပါဘူး... မေမေ...
(ဘာလို့လဲဆိုတော့...
ပန်းသီးတလုံးအတွက်နဲ့
ကျနော့်ရဲ့ နံရိုးတချောင်း
ကျနော့်ကိုယ်ပေါ်က ပျောက်ရှသွားစရာ မကောင်းဘူး မဟုတ်လား... )

ကျနော့် အိမ်တံခါးဝမှာ
လိမ္မော်ရောင် ရှဉ့်ကလေး နှစ်ကောင်ကို
ထောင်ထားလိုက်ရရင် ကောင်းမလားမေမေ...
(တကောင်က အထီး တကောင်က အမပေါ့...
သူတို့ကို ထောင်ထားလို့တော့ ရမှာ မဟုတ်တာ သေချာတယ် ...
သူတို့က  ပြေးချင်ရာ လျှောက်ပြေးနေကြမှာ မြင်ယောင်သေး)

ဒါမှ မဟုတ်...
အပြာရောင် အဆိပ်ပြင်း ရေဘ၀ဲတကောင်ကို
ကျနော့် အိမ်ခေါင်မိုးမှာ တပ်ထားမယ်...
(ဘာမှ မဟုတ်ပါဘူး...
ကျနော့် အိမ်ပေါ်မှာ
ကျီးကန်းတွေ လာမနားစေချင်လို့...)

ကျနော့် ဧည့်ခန်းထဲမှာတော့...
အနက်ရောင် သာလိကာတကောင်ကို
အိမ်စောင့် လုပ်ကို လုပ်ခိုင်းရမယ်...
(လူယုတ်မာ တကောင် လာနေပြီ...
သူတော်စင်အယောင်ဆောင်တွေ လာနေပြီ...
စသည်ဖြင့် အော်ခိုင်းမလို့...)

ကျနော့် ခြံဝင်းထဲမှာတော့
အဲန်နာကွန်ဒါမြွေကြီးတွေ
ကျနော် လွှတ်ထားမယ် မေမေ...
(ကျနော့် အိမ်ကလေးထဲမှာ
မြွေသေးသေးလေးတွေကို မမြင်ချင်လို့ပါ...
တခြား ဘာအကြောင်းမှ မရှိဘူး...)

ကျနော့် အိပ်ခန်း မှောင်မှောင်လေးထဲမှာတော့
ငါးကလေး တကောင်ပဲ ကျနော် မွေးထားမယ် မေမေ...
(သူ့ ဖန်ပေါင်းချောင်ကလေးထဲကနေ
ကျနော့်ကို သူ မော့ကြည့်နေတာကို
ကျနော်က ပြန် ငုံ့ကြည့်ချင်နေတာမျိုး...)

ကျနော့် ဂစ်တာ ၇ လက်အပေါ်မှာ
သံကြိုးတွေအစား
လိပ်ပြာ ဖြူုဖြူလေးများကိုသာ
တပ်ထားပါရစေတော့ မေမေ...
(ဘာလို့ဆို...
ဂစ်တာတွေအပေါ် ကျနော် ငိုကြွေးတဲ့အခါ...
သူတို့ လွတ်လပ် လှပစွာ ပျံသန်းနိုင်ကြမှာမို့လို့ပါ...)

ကျနော့် ကဗျာတွေကြားထဲမှာလည်း
သိုးမဲတွေကို ကျနော် ညှပ်ထည့်ထားခဲ့တယ်...
(ဘုရားကျောင်းရဲ့ ခေါင်းလောင်းကလေးတွေ မြည်လာစေဖို့ပါ...
တခြားသော ရုတ်ရုတ်သည်းသည်း ရည်၇ွယ်ချက်မျိုးဆိုတာ
ကျနော့်မှာ ဘယ်လိုမှကို မရှိခဲ့ပါဘူး... မေမေ...)

ကျနော့် ဧဒင် ထဲမှာ
ကျနော် ငိုကြွေးတဲ့အခါ...
ကျနော့် အနားမှာ
ကျနော့် ငါးကလေး တကောင်များ ရှိနေမလား...
ကျနော် မသေခင်မှာ
သေချာသွားချင်တယ်... မေမေ...

ATN

Mar 7, 2011

ပို့လန်း (၃)

သည်လောက်အေးတဲ့ ရာသီထဲမှာကို
အရူးလို လျှောက်ပြေးနေတဲ့
အင်္ကျီမပါတဲ့ အပြေးသမားတွေ
မွေးထားတာ ပို့လန်း...
မွေးဖွားတာ ပို့လန်း...

ဘယ်နေရာသွားသွား
ရှောင်ရှားလို့ကို မရဘူး...
ကျားနဲ့မ မဟုတ်တဲ့
ကျားကျား... မမ...အတွဲတွေ...
ကဲလည်း ကဲနိုင်ကြပါတဲ့ မြို့...

ရှေ့ကားက ဘယ်ကွေ့မယ်ဆို
နောက်ကားပေါ်က ကိုယ်တွေမှာ
ဘုရား နှစ်ဆူ ပွင့်စာလောက်
နောက်ကနေ စိတ်မရှည်စွာ စောင့်စားပေးနေရတဲ့
လမ်းကျဉ်းကျဉ်းလေးတွေကို
ပိုက်ကွန်ယက်သလို
ဥဒဟို
သူလိုသလို
တမင်တကာကို
ငါ သောက်မြင်ကပ်အောင်
ဟိုသည် လျှောက်ပက်ထားတဲ့မြို့...

လမ်းထောင့်တိုင်းမှာ
နေရာတကာမှာ
အိမ်ခြေ ယာခြေမရှိ
အရက်သောက်ဖို့တော့
ပိုက်ပိုက်ရှိနေတဲ့ ဟုမ်းမလက်စ်များကို
အပြုံးမပျက်သွားပဲ
အဟုတ် လက်ခံထားတဲ့မြို့...
ကျုပ် လက်လန်သွားတဲ့ မြို့...

ဆက်ပြောရင်
ဒေါသထွက်တယ်...
လောဘတက်သူများ နေတဲ့ မြို့...
မောဟ ဖက်သူများ နေတဲ့ မြို့...
စောဒကတက်သူ ငါနေတဲ့ မြို့...

အဲဒါ ပို့လန်း...
အဲဒါ ပို့လန်း ပေါ့...

ATN

Mar 6, 2011

အရောင်တခုရဲ့ ရာဇ၀င်

အမိုးတို့ ရွာကလေး ပြာကျသွားတယ်...
ဟိုကလေးမ အပြာကားရိုက်တယ်...
သူငယ်ချင်း ပန်းချီဆရာတယောက်ရဲ့ ကင်းဗတ်စမှာ
အပြာရောင်တွေချည့် မှောက်ကျနေ...

ကျနော့် အနှစ်သက်ဆုံး
အပြာရောင်ဖန်ခွက်ကလေးဟာ
တမင်တကာကို ကျကွဲသွားတာပါ မေမေ...

ATN

Mar 4, 2011

ငါဟာ... ပင်လယ်ထဲမှောက်ကျသွားတဲ့ ဆားတပွင့်ဟာ...

ငှက်တကောင် ဆိုပါစို့...ပျံသန်းစရာရှိနေလို့ အဲသည့်ခရီးတွေကို
ပျံသန်းပြီးတဲ့အခါ
ငါဟာ အိမ်ပြန်လို့ မဖြစ်တော့ဘူး...
ဒါမှမဟုတ်
အိမ်ပြန်လို့မရတော့ဘူး...

ပန်းတပွင့် ဆိုပါစို့...
စွင့်ကားစရာဖြစ်နေလို့ အဲသည့်မနက်ခင်းတွေမှာ
မိန်ညိုတချို့နဲ့ လတ်လတ်ဆတ်ဆတ် ချပ်ရပ်ပြီးတဲ့အခါ
ငါဟာ မစိမ်းလန်းနိုင်တော့ပါဘူး...
ဒါမှမဟုတ်
မငြိမ်းချမ်းနိုင်တော့ဘူး...

ကြယ်တပွင့်ဆိုပါစို့...
ငရဲမီးလိုလောင်မြိုက်နေရလို့ အဲသည့်ဘ၀ကြီးကို
ဆူပါနိုဗာလို ပေါက်ကွဲပြီးတဲ့အခါ...
ငါဟာ မတည်ရှိတော့ဘူး...
ဒါမှမဟုတ်
ထပ်မံ မသေဆုံးတော့ဘူး...

ငါ့အား...
ဆားတပွင့်ပမာ... ... ... ...

 ATN

သည်လိုညများ မတွေ့ပါရစေနဲ့တော့

အဲသည့် ညက
လတစင်း ကွယ်လွန်ပြီး
နေတစင်း ခရီးထွက်သွားခဲ့တယ်...
အဝေးဆုံး အရပ်ဆီ...

မနက်လင်းတော့
အိမ်ရှေ့လမ်းမပေါ်မှာ
ခရေပန်းတွေ ဖွေးဖွေးလှုပ်ပေါ့...

ATN