Apr 27, 2014

အောင်သာငယ်နှင့် သူ၏ အပိုင်းအစများ (၃)

January 20, 2014 at 11:39am

ကျုပ်ရဲ့ ညံ့ဖျင်းချက်တွေကို သူငယ်ချင်းတွေ အားလုံး သိကြရအောင် ရေးပြရပါဦးမယ်...

ကျုပ် ငယ်ငယ်တုန်းက သူငယ်ချင်းတွေ ခုလို အများကြီး အများကြီး မရှိဘူး... လမ်းထဲမှာ ရှိသမျှ ကလေးတွေနဲ့တော့ သူငယ်ချင်း ဖြစ်တာပေါ့.... ဒါပေသည့် ကျုပ်ပြဿနာက သူတို့လို ကျုပ်က မကစားတတ်တာပဲ...

ဂေါ်လီရိုက်ရင်လည်း ကျောက်ဂေါ်လီ ကိုင်ကိုင်... ထုံးဂေါ်လီကိုင်ကိုင်... ကျုပ်က ဂေါ်လီကို တခြားလူတွေလို ဘယ်ဖက် လက်မနဲ့ လက်ညှိုးကြားသွင်းပြီး ညာဖက်လက်ခလယ်နဲ့ ပစ်ထုတ်တာမျိုး မလုပ်တတ်ဘူး... အဲ့သလို လုပ်လိုက်ရင် ကျုပ်ဂေါ်လီက ကျုပ် ပြေးစေချင်တဲ့ တခြား ဂေါ်လီတွေ ရှိတဲ့ အရှေ့တည့်တည့်ကို မပြေးပဲ ကျုပ်ရဲ့ ညာဖက်ကိုပဲ ပြေးထွက်သွားတယ်... သည်လိုနဲ့ တခြား ဂေါ်လီတလုံးကို ရိုက်ချင်ရင်... အောင်သာငယ်တို့က ဘာလုပ်ရသလဲဆိုတော့... လက်နဲ့ပဲ သည်အတိုင်း ကိုင်ပြီး ဒဲ့ ပစ်ရတော့တာပေါ့... အောင်သာငယ်ပစ်လိုက်လို့ ထိတဲ့ဂေါ်လီတွေ ဘယ်တော့မှ မကွဲဘူး... ဘာလို့ဆို လက်နဲ့ပဲ ဒဲ့ကိုင်ပစ်တော့ အားမှ မပါတာ ... ဘယ်ကွဲမလဲ... တခြားသူတွေဆို တဖြောင်းဖြောင်းနဲ့ တခြားဂေါ်လီတွေကို ခွဲနေတဲ့အချိန်မှာ... အောင်သာငယ်တို့က ဂေါ်လီကို အလုံးလိုက် ကိုင်ပစ်နေရတာကိုး... ဒါနဲ့ ဂေါ်လီပစ်ခြင်း ကစားနည်းကို အောင်သာငယ် စွန့်လွှတ်လိုက်တယ်...

နောက်တော့ သူငယ်ချင်းတွေ စွန်လွှတ်တော့... ကျုပ်လည်း စွန်လွှတ်ချင်တာပေါ့... ဒါပေသည့် ကျုပ်တို့ မိသားစုက ဆင်းရဲတော့ ကျုပ်မယ် ကိုယ်ပိုင် စွန်တကောင် ဘယ်ရှိမလဲ... ရစ်ဘီးကတော့ ဝေးစွပဲ... အထူးသဖြင့် ကျုပ်တို့ ကျောင်းတွေ နွေရာသီမယ် ပိတ်ကြတော့.... တတ်နိုင်သူတွေက ကိုယ်ပိုင် ရစ်ဘီးနဲ့... ကိုယ်ပိုင် စွန်နဲ့... စွန်မှာတောင် စွန်တန်းစားက ကွဲသေးတယ်... ချမ်းသာတဲ့ မိဘက ပေါက်ဖွားလာတဲ့ ကလေးတွေရဲ့ စွန်က ဆီစိမ်စွန်... ဆင်းရဲတဲ့ မိဘကပေါက်ဖွားလာတဲ့ ကလေးတွေရဲ့စွန်က သာမန် စက္ကူစွန်... ကျုပ်တို့နိုင်ငံဟာ... လူတန်းစားတင် ကွဲပြားတာမဟုတ်ဘူး... စွန်တန်းစားပါ ကွဲပြားသေးတာဗျာ.... တခါတခါ အောင်သာငယ် စိတ်နာတယ်...

ထားပါတော့ ... ပြောချင်တာက... ကျုပ်သူငယ်ချင်းတွေ ကျုပ်ကို အားကစားကွင်းကနေ နှင်ထုတ်ကြတဲ့ အကြောင်းကိုပါ...

စွန်နဲ့ ရစ်ဘီး ကိုယ်စီရှိတဲ့ သူငယ်ချင်းတွေက ကျုပ်တို့ ရပ်ကွက်ထဲက အားကစားကွင်းကြီးမှာ ကိုယ်စီကိုယ်စီ... စွန်တွေ တင်ကြတာပေါ့... သည်ကြားထဲ စွန်ကို လာတိုက်တဲ့ကောင်တွေကလည်း ရှိသေးတယ်... သည်တော့ ကိုယ့်စွန်ကိုယ် ထိမ်းသိမ်းကြရတာလေ... ကျုပ်က တခါမှ စွန်မလွှတ်ဖူးဘူးတော့ လွှတ်ထားတဲ့ သူငယ်ချင်းတွေကို တောင်းပန်ရတော့တာပေါ့... ငါ့  တခါလောက် ပေးလွှတ်ပါ-ဆိုတော့ သူတို့လည်း ကျုပ်လက်ထဲ သူတို့ ရစ်ဘီးလေးထည့်ပေးပါတယ်.... ကျုပ်ကလည်း စွန်လွှတ်ဖူးဘူးတာ မဟုတ်တော့ ရစ်ဘီးကိုင်ပြီး ရစ်ထည့်ပစ်ပလိုက်တာ... သူတို့စွန်တွေ မြေကြီးပေါ် ဒိုင်ဗင်ထိုးဆင်းသွားကြပါလေရော... တချို့စွန်တွေကတော့ ဘာမှ မဖြစ်ပေမယ့် တချို့စွန်တွေ ကိုင်းကန်ပြီး ပြဲသွားကြတော့တာပေါ့... ကျုပ်လည်း ပြန် မလျော်ပေးနိုင်ဘူး... သည်လိုနဲ့ (ခိုင်လေးကို ရစ်ဘီး ပေးမကိုင်နဲ့) လို့ သူငယ်ချင်းတွေ ပြောကြတော့ ... စွန်လွှတ်ခြင်း အနုပညာကို ကျုပ် စွန့်လွှတ်လိုက်တယ်...

ဒါနဲ့ စွန်မလွှတ်တော့ဘူး... ဘောလုံးကန်တဲ့ အထဲ ၀င်ပါတယ်... ဖြစ်ချင်တော့ အဲ့သည်မှာလည်း ပြဿနာက ကလေးကန်တဲ့ ဘောလုံး မဟုတ်ဘူး... လူကြီးကန်တဲ့ ဘောလုံးကို ကလေးတွေ ကန်နေကြတာ... ကျုပ်က သိပ်မပြေးနိုင်တော့ ဂိုးစောင့်ပေါ့... goal keeper ပေါ့.. အဲ့သည်မှာ... တဖက်အသင်းက တက်လာတဲ့ကောင်က အကောင် အကြီးကြီး အဲ့ဘောလုံးကြီးကို ကျုံးကန်ထည့်ပစ်လိုက်တာ... ကျုပ်ရင်ဝထဲ ဘောလုံးကြီး တည့်တည့်ဝင်လာတော့... ရင်ဝကို အမြောက်ဆန် မှန်သလိုပဲ... ဂိုးကွင်းထဲကို ကျုပ်လွင့်ထွက်သွားတာ အသက်တောင် မရှူနိုင်ဘူး... အဲ့သည့် တလုံးနဲ့တင် ကျုပ်တို့ ရှုံးတယ်... နောက်ဆုံး ရလာဒ်ကတော့... (ခိုင်လေးကို ဘောလုံး ပေးမကစားနဲ့)တဲ့...

ဒါနဲ့ ဘောလုံး လောကကို ကျုပ်စွန့်လွှတ်ခဲ့ရတယ်...

ကျိမ်းသေတာတခုကတော့ ကိုယ်မကျွမ်းကျင်ရင် ၀င်မပါနဲ့...
ဝင်ပါခဲ့ရင်လည်း ကျွမ်းကျင်အောင်လုပ်ကြပါလို့
(ဒေါ်အောင်ဆန်းစုကြည်-အပါအ၀င်... အားလုံးကို) အောင်သာငယ် ပြောခဲ့ချင်ပါတယ်...

(atn)

အောင်သာငယ်နှင့် သူ၏ အပိုင်းအစများ (၂)

January 18, 2014 at 4:07pm

ငယ်ငယ်တုန်းကအကြောင်းတွေ ပြန်တွေးမိရင် ရယ်စရာတွေ အတော်များတယ်... ကလေးဘ၀ဆိုတာ ပျော်ရွှင်ရယ်မောစရာတွေပဲများတာ ကောင်းပါတယ်... ကျုပ်ကလေးဘ၀မယ် ပျော်ရွှင်စရာတချို့ရှိခဲ့တယ်... ရယ်မောစရာတချို့ရှိခဲ့တယ်... ငိုကြွေးချင်စရာ တချို့လည်း ရှိခဲ့တယ်... ဒါပေသည့် အမှတ်ရရ ရှိစရာအကြောင်းတွေထဲက တချို့ကတော့ အဲ့သည့် အကြောင်းတွေနဲ့ ကင်းလွတ်တယ်... ဒါကိုပဲ ရေးပါဦးမယ်...

ကလေးတယောက်ဟာ နံမည်တွေ ဘယ်လောက်များနိုင်သလဲ... ကျုပ်မှာတော့ နံမည်တွေ အများချည့်ပဲ... ကျုပ်နံမည်ရင်းက (ဆက်အောင်ခိုင်) ကျုပ်ထက် အသက် ၂ နှစ်ကြီးတဲ့ ကျုပ် အကိုကြီး နံမည်က (ဆက်အောင်နိုင်)... အောင်ဘု-တို့ ထွန်းလှ-တို့လို အဲ့သည်အချိန်မှာ အများစုက နံမည် ၂ လုံးတည်း ရှိကြသူတွေကြားထဲမယ်... ကျုပ်တို့ ညီအကို ၂ ယောက်ရဲ့ အမည်က ရှည်လျားနေတာပေါ့... ဒါကလည်း သမိုင်းကြောင်း ရှိသေးတယ်... အဖေက သူ မုန်းတီးတဲ့ စစ်အာဏာရှင် စနစ်ကို တိုက်နေတဲ့အချိန်ဆိုတော့ ... ကျုပ် အကိုကြီးကို မွေးတော့... သည်-စစ်အာဏာရှင်စနစ်-ကို ဆက်တိုက်တိုင်းအောင်နိုင်ပါစေ-လို့ ရည်ရွယ်ပြီး အကိုကြီး အမည်ကို (ဆက်အောင်နိုင်)လို့ ပေးခဲ့တယ်... ကျုပ်ကို မွေးတော့... အဖေက အဝေးမှာ... မြစ်ဝကျွန်းပေါ်က တောအုပ် တနေရာရာမှာ... ဒါပေသည့် သူတိုက်နေတဲ့ တိုက်ပွဲတွေရဲ့အောင်ပွဲ ဆက်ပြီး ခိုင်မာနေပါစေလို့ ရည်ရွယ်ပြီး ကျုပ်အမည်ကို (ဆက်အောင်ခိုင်)လို့ ပေးခဲ့တာပေါ့... အဖေ အဖမ်းခံရတော့ အဲ့သည့် နံမည် ၂ ခု အတွက်ပဲ တပတ်လောက် စစ်ထောက်လှမ်းရေးတွေ ရိုက်တာကို ခံလိုက်ရသေးတယ်...

ကျုပ်တို့ ညီအကိုရဲ့ နံမည်တွေက ရှည်တော့ အဲ့သည့်အချိန်က သူငယ်ချင်းတွေ ခေါ်တာက (စက်ကြီး-နဲ့-စက်ကလေး)တဲ့... သူငယ်ချင်းတွေကြားမှာတော့ ကျုပ်နံမည်က (စက်ကလေး)ပေါ့... အိမ်မှာတော့ အဖိုးနဲ့အဖွားက ကျုပ်ကို ခေါ်တာ (ခိုင်လုံး)တဲ့... ကျုပ် ငယ်ငယ်တုန်းက ပါးဖောင်းဖောင်းနဲ့ ဖြူဖြူလုံးလုံးလေးမို့လို့ ခေါ်တာလို့ အဖွားက ပြောဖူးတာပဲ...  ကျုပ် ဦးလေးတွေနဲ့ အဒေါ်တွေက ကျုပ်နံမည်ကို ခေါ်တော့ (ခိုင်လေး)တဲ့... သူတို့ တူတွေထဲမှာ ကျုပ်က အကောင် အသေးဆုံးမို့လို့ အဲ့လိုခေါ်တာလို့ ကျုပ် အဒေါ်အငယ်ဆုံးကတော့ ပြောဖူးတာပဲ... ဒါပေသည့် ဘယ်လိုဖြစ်ဖြစ် အမျိုးအဆွေတွေကြားထဲမှာတော့ ကျုပ်နံမည်က (ခိုင်လေး) ပဲ... အဲ့သည် နံမည်က တက္ကသိုလ်တက်တဲ့အထိ ပါတယ်... ကျုပ်ကို သိတဲ့ သူငယ်ချင်းတွေက (ခိုင်လေး) လို့ ပြောရင် ကျုပ်ကို မသိတဲ့ ကောင်မလေးတွေက ခိုင်လေး-ဆိုတာ ကောင်မလေး ထင်ကြတယ်... ဟာသပဲ... ထားပါတော့...
ကျုပ်ထက် ၂ နှစ်ကြီးတဲ့ အကိုကြီးကတော့ ကျုပ်ကို ဘယ်လိုခေါ်သလဲ-ဆိုတော့... (ဆက်ခိုင်)တဲ့... ဒါက သူနဲ့ ကျုပ်နဲ့ မတည့်တဲ့ အချိန် ခေါ်တာ... တည့်နေရင်တော့ (ညီလေး)တဲ့...  အမေကတော့ ကျုပ်ကို (ဒီဒိုး- ဒါမှ မဟုတ် - ဒိုးကလေး)လို့ ခေါ်တယ်... ကျုပ် ငယ်ငယ်တုန်းက အမေ အိပ်ယာပေါ်ရောက်လာရင် (မေမေ... ညောင်းနေလား.... ဒီဒိုး... နင်းပေးမယ်-)လို့ ပြောပြီး သူ့ ကျောပေါ် ကျုပ်က တက်တက်ခုန်သတဲ့... နင်းပေးတာ မဟုတ်ဘူး... တက် ခုန်နေတာ-တဲ့... ဒါက အမေ ပြောပြတာ... ကျုပ်လည်း အဲ့တာတော့ မမှတ်မိဘူး... အဖေနဲ့ ပြန်တွေ့တော့... အဖေကလည်း စိတ်လိုလက်ရရှိရင် (ခိုင်လေး) လို့ပဲ ခေါ်တယ်... သူ စိတ်တိုလာရင်တော့ အကိုကြီးလိုပဲ (ဆက်ခိုင်)လို့ ခေါ်တာပဲ...

ခု ပြန်စဉ်းစားကြည့်တော့ ကျုပ်မယ် နံမည်တွေ အများချည့်...

စက်ကလေး
ခိုင်လုံး
ခိုင်လေး
ဆက်ခိုင်
ဒီဒိုး
ဒိုးကလေး

ခုတော့ ကျုပ်နံမည် (အောင်သာငယ်)

(atn)

အောင်သာငယ်နှင့် သူ၏ အပိုင်းအစများ (၁)

 January 13, 2014 at 8:16pm

ကျုပ် ငယ်ဘ၀ဟာ... သာမန်ကလေးတွေလို... အဖေအမေ လက်ပေါ်မယ် ကြီးပြင်းလာခဲ့ရတာ မဟုတ်ဘူး... အမေ့ဖက်က အဖိုးအဖွားနဲ့ အမေ့ မောင်တွေ ညီမတွေလက်ပေါ် ကြီးပြင်းလာခဲ့ရတာ... ပြောရရင် အမိမဲ့သား ရေနည်းငါး-လို့ ပြောရမလားပဲ... ဒါပေသည့်... သူတို့တွေကပဲ ကျုပ်ကို အောင်သာငယ်-ဖြစ်လာအောင် ထုဆစ်ပေးခဲ့တဲ့သူတွေပါပဲ-လို့ ကျုပ် ကျေးဇူးတင် အသိအမှတ်ပြု ၀န်ခံပါတယ်... သူတို့ရဲ့ ကျေးဇူးတွေ ကျုပ်အပေါ်မယ် အများကြီး ရှိတယ်...

ကျုပ်အဖေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ သူယုံကြည်ရာ လက်နက်ကိုင်တိုက်ပွဲထဲကို ၀င်ရောက်သွားတဲ့အခါ... အမေ့ခမျာလည်း အဖေ့အတွက် ပါရမီဖြည့်ရတော့တာပဲ... မဟုတ်ဘူးလား... သည်တော့ နောက်ဆက်တွဲ အကျိုးဆက်တွေကတော့... စစ်ထောက်လှမ်းရေးတွေရဲ့ ဖမ်းဆီးခြင်းကို အမေ ခံရတော့တာပါပဲ... သည့်နောက်မတော့ နံမည်ကျော် ရေကြည်အိုင်-နှိပ်စက်ညှဉ်းပမ်းရေးစခန်းထဲ အမေ ရောက်တော့တာပေါ့... သည်လိုနဲ့ ကျုပ်တို့ ညီအကို နှစ်ယောက်လည်း မျက်စေ့သူငယ် နားသူငယ်နဲ့ အဖိုးအဖွားတွေ လက်ထဲ ကျန်ခဲ့ရတာ...

အင်း... အဲ့အကြောင်းတွေ ထားလိုက်ပါတော့.... ခု ကျုပ်ပြောချင်နေတာကတော့... ရှေ့လာမယ့် မတ်လ ၁၇ ရက်ဆို ကျုပ် အသက် ၅၀ ပြည့်ပြီ... ကျုပ်ဟာ လူငယ်လေး တယောက် မဟုတ်တော့ဘူး... ဒါပေသည့် ကျုပ်ကိုယ်ကျုပ်ကတော့ လူအိုကြီးတယောက် အဖိုးကြီးတယောက်လို့ ခုချိန်ထိကို မစဉ်းစားမိသေးဘူး... ဒါပေသည့် ခက်တာက ကျုပ်ရဲ့ ကိုယ်လက် အင်္ဂါတွေကတော့ ပြောနေပြီ...

ကျုပ် ခုနေနေရတဲ့ အမေရိကမှာ ရာသီဥတုမျိုးစုံရှိတဲ့အထဲမယ်... ကျုပ်အခုနေနေတဲ့ အော်ရီဂွန်ပြည်နယ်ဟာ ကနေဒါ-အလားစကားနဲ့ ကပ်နေတဲ့ပြည်နယ်... ရာသီဥတု-ဆိုးတယ်... အရမ်းအေးတယ်... ၉ လလောက်က မိုးရွာပြီး အမြဲလို အေးနေတတ်တာ... ဆိုတော့... တခါတခါ အရမ်းအေးလာပြီဆို ကျုပ် အဆစ်အမြစ်တွေ ကိုက်လာရောပဲ... အထူးသဖြင့် ခြေချောင်းလက်ချောင်းလေးတွေ ကိုက်လာတယ်... ဘာကြောင့်လဲ... ကျုပ်မသိဘူး... ဒါပေသည့် သာမန်လူငယ်တွေလို မဟုတ်တော့လို့ ကိုက်လာမှန်းတော့သိတယ်...

ဇရာ- ဆိုတာကို မလိုချင်လည်း အချိန်ကာလတခုရောက်တော့ လူတွေ လက်ခံကြရတာပဲ... ဒါက အချိန်ကာလတွေနဲ့ဆိုင်တယ်လေ... ကျုပ်ကသာ ဇရာ-ဆိုတာကို မေ့လျော့ထားခြင်းနဲ့ ရှောင်လွှဲလို့ ရမလားဆိုပြီး ကြိုးစားနေတဲ့ ဇရာအိုကြီးတယောက်ဖြစ်မယ်... တကယ့်တကယ်ကတော့ စိတ်ကသာ မအိုသေးတာဖြစ်နိုင်တယ်... ခန္ဓာကိုယ်က အိုပြီလေ... စိတ်တခုတည်းနဲ့ ခန္ဓွာကို သယ်လို့မရဘူး... ခန္ဓာအိုကသာ စိတ်အပျိုလေးကို သယ်နေရတာဖြစ်မယ်...

တခါတခါ ကျုပ်အလုပ်ကနေ တနေကုန် မတ်တပ်ရပ်ပြီး... ပြန်လာတော့ ... အိမ်ရောက်တော့ ကျုပ် ကွန်ပြူတာစားပွဲမယ် ထိုင်မယ် လုပ်တော့.... ကျုပ် ဒူးတွေ နာတယ်... ချက်ချင်း မထိုင်နိုင်ဘူး... အဲ့သည်တော့မှ အဖွားနဲ့အဖိုးကို သတိရသွားတယ်... ဘာလို့လဲ-ဆိုတော့ ကျုပ်ကလေးဘ၀မယ်... အဖိုးနဲ့အဖွားနဲ့ပဲ အနီးကပ်ဆုံး အတူနေခဲ့ရတာလေ... အမေ့ မောင်... ကျုပ်ဦးလေးကလည်း အချိန်တန် အလုပ်သွားပြီ... ကျုပ် အဒေါ်နှစ်ယောက်ဖြစ်တဲ့ အမေ့ ညီမ နှစ်ယောက်ကလည်း အဲ့သည်အချိန်က အပျိုပေါက်တွေ... အထက်တန်းကျောင်း တက်နေကြတုန်း... တချိန်လုံး ကျုပ်တို့နဲ့ ရှိနေတာက အဖိုးနဲ့ အဖွား... ကျုပ် သေချာ မသိတာက အဲ့သည့်အချိန်မယ် အဖိုးနဲ့ အဖွားက အသက် ဘယ်နှစ်နှစ် ရှိနေပလဲ ဆိုတာပဲ... ကျိမ်းသေတာတခုကတော့ ၅၀ နဲ့ ၆၀ ကြားပဲ... ဖြစ်မယ်... ထားပါတော့... အဖွားက ထိုင်ခုံကနေ ထတော့ ... တကျွတ်ကျွှတ် အော်ပြီး ထ-ရတော့... ကျုပ် မေးတယ်... (ဖွား... ဘာဖြစ်တာလဲ... အနော် ထိုင်ရာကထရင် ဘာမှ မအော်ရပါလား)-လို့ လျှာရှည်ပြီး မေးမိတော့... အဖွားက... (သား... အဖွားအရွယ်ရောက်ရင် သိမှာပါ...) လို့ပဲ ပြောသွားတယ်...
ကျုပ် ခု အသက် ၅၀ ပြည့်တော့မယ်... သိပ်တော့ မအိုသေးဘူး... ဒါပေသည့်... ဇရာရဲ့ အထုအထောင်းတွေကိုတော့ ခံနေရပြီ-ဆိုတာ ရှင်းပါတယ်...

သို့ပေသည့် ကျုပ် ခုပြောချင်နေတာကတော့... တချို့အရာတွေဟာ မှန်ကန်သလား မမှန်ကန်ဘူးလား-ဆိုတာကိုတော့ အချိန်ပေး စောင့်ကြည့်ရတာဆိုတာကိုပဲ ပြောချင်တာပါ...

ကျုပ်ပြောချင်တဲ့ စကားမှာ ၂၀၁၅-ဆိုတာကို ကျုပ်ကို ဖြည့်စွက်ခွင့်ပေးပါ....

ခင်ဗျားတို့အားလုံး ဒူးနာသွားပြီးပြီ-ဆိုရင်တော့ အောင်သာငယ် ဘာမှ မပြောတော့ပါ...

(atn)

Mar 19, 2014

မီးတောင်ပေါက်ကွဲနေ့ရက်များ
















ပြိုကျဖူးမှပဲ ဘယ်လိုပြန်တည်ဆောက်ရတာလဲ သိမယ်...
ကျနော့် ကမ်းခြေလေးမှာ အုန်းပင်လေး တပင်တောင် မရှိဘူး...
ပင်လယ်ထဲ ပျက်ကျသွားရတဲ့ အဲ့သည်လေယာဉ်လေးတစင်းဟာ ကျနော့်ချစ်ခြင်းမေတ္တာပါ... မေမေ...
နေ့တွေကို ဘယ်လို ရေတွက်တွက် သုံးရာခြောက်ဆယ့်ငါးရက်ပဲ ရှိတာ ဘာကြောင့်လဲ...
ကမ္ဘာကြီးကို သုံည ဒီဂရီနဲ့ လည်စေလိုစိတ် ကျနော့်မယ် မရှိဘူး...
မြောက်ပြန်လေတွေ ဓါးသွားလို အေးစက်စူးရှနေတာ မုန်းတယ်...
ဘာမြူဒါတြိဂံထဲ ဘာကြောင့် ကျနော် ပျောက်ဆုံး မသွားရတာလဲ...
အိမ်ရှေ့ကလမ်းမှာ ကားတွေ အသွားအလာ များလွန်းနေတာ ကျနော် မကြိုက်ဘူး... လမ်းကူးရခက်ခဲလို့...
ရုပ်ရှင်ကြည့်ရင် စစ်ကားတွေပဲ ကြည့်မိတာ ခုတလော ကျနော် ပစ်ချင် ခတ်ချင်စိတ် ဖြစ်နေလို့ပါ...
မသေနိုင်သေးသမျှ အောက်ဆီဂျင်တွေ ရှူနေရတာ ဘ၀ရဲ့ အကြီးမားဆုံး ချို့ယွင်းချက်ပါ...
တခြားလူတယောက် အမေရိကန် နိုင်ငံသားဖြစ်ဖို့ အင်တာပရက်တာ လုပ်ပေးရတဲ့ ကျနော့်ကို ဘယ်သူက အင်တာပရက်တာလုပ်ပေးမှာလဲ... 
မေတ္တာထားကြဖို့ တရားဟောနေတဲ့ သင်းအုပ်ဆရာကို ကျနော် မေတ္တာ မထားနိုင်တော့ဘူး...
အသက်ကြီးလာတော့ အတ္တပိုကြီးလာတာ အမှန်ပဲ... ဘယ်သူ့မှ စောက်ဂရုမစိုက်ချင်တော့ဘူး...
ဆံပင်တွေ ရှည်လာသလိုသာ အသက်တွေ ရှည်လာရင် ကျနော်တို့ ဒုက္ခတွေက ပိုကြီးမယ်... 
လက်သည်းတွေ ညှပ်ရတာကို မကြိုက်ဘူး.... မုတ်ဆိတ်တွေ နှုတ်ခမ်းမွှေးတွေ ရိတ်ရတာလည်း စိတ်ညစ်တယ်...
စာတိုက်ပုံးထဲ ရောက်လာတဲ့ အကြွေးတောင်းစာတွေကို အမှိုက်ပုံးထဲပဲ ပစ်ထည့်မိတယ်...
တနေ့တနေ့ ရီးစားကို လွမ်းဆွတ်နေရတာလည်း ကိုယ့်ကိုယ်ကို သတ်သေနေရခြင်း တမျိုးပဲ...
အရှေ့ကနေ  နေ-ထွက်ပြီး အနောက်ကို ၀င်ဝင်သွားသလိုမျိုး မနှင်းဆီ ကျနော့်ဆီ ရောက်လာရင် ကောင်းမယ်...
မနက်ဖန်ဆိုတာကို ကျနော် မစဉ်းစားတော့တာ မနေ့ကတည်းကပါပဲ...
အိမ်နားက တွေ့တွေ့နေရတဲ့ ရှဥ့်ကလေးတကောင် ကျနော် ဖြစ်ချင်တယ်... ဘာမှ မဟုတ်ဘူး... သူ့လိုမျိုး အမြီးကလေး ထောင်ထားချင်လို့...
အချိန်တန်ရင် ကျနော် အလုပ်ပြန်လုပ်ရဦးမှာပါပဲ...  ငွေစက္ကူတွေက ကျနော့်ကို လိုတာယ်လေ...
တခါတခါ ကျနော် မပေါက်ကွဲသွားတာကလည်း ပူဖေါင်းတလုံးမဟုတ်လို့ပါ...
စာအုပ်တအုပ်ကို ဟိုလှန် သည်လှန် လုပ်ပြီး ပိတ်လိုက်သလိုမျိုး ဘ၀ကို ပိတ်ချလိုက်ချင်တယ်...
မြက်ခင်းထဲ လျှောက်မိရင်တော့ မြက်သီးတွေ ငြိပါလာတာ ဘာထူးဆန်းမလဲ....
စိတ်တူကိုယ်တူကဗျာဆရာတွေ ကဗျာဆရာမတွေနဲ့.... ၀ိုင်တခွက်လောက် အတူတူသောက်ချင်တယ်...
ကိုယ့်ကိုယ်ကို ကြက်ဥကြော်ဖြစ်သွားမှာ ကြောက်တယ်... ငါးသေတ္တာဖြစ်သွားမှာ ကြောက်တယ်...
အရိုက်ခွဲမခံချင်ဘူး.. အကျဉ်းချမခံချင်ဘူး... ကျနော်က လွတ်လွတ်လပ်လပ် နေချင်တဲ့ကောင်...
စတူးပစ်တွေနဲ့ အတူတူ အသက် မရှင်ချင်ဘူး... ဘူးရှစ်-တွေနဲ့ကတော့ ဝေးစွပဲ... 
အင်္ဂါဂြိုဟ်ပေါ် သွားနေမယ်... အေလီယင်မ တကောင်လောက်နဲ့ ရီးစားဖြစ်မယ်...
တရုပ်စာနဲ့ အီဂျစ်ပ်ရှန်း အရုပ်စာတွေကို ဖတ်တတ်အောင်သင်မယ်... 
နျူကလိယ ဗုံးလုပ်နည်း သင်မယ်... ကျနော် မကျေနပ်တဲ့နေရာတွေမှာခွဲမယ်... နေပြည်တော်က ထိပ်ဆုံးကပါမယ်...
မီးတောင် တလုံးပေါက်ပြီဆိုရင်... အဲ့ဒါ ကျနော်ပဲ မေမေ...

(atn)

Mar 12, 2014

နလပိန်းတုံးများ၏ ဂီတ...



မန်ကျည်းရွက်လောက်ချဉ်ရမယ့် လမ်းပဲ...
တမာပွင့်တွေ ပွင့်နေတော့လည်း
လက်ပံပွင့်လိုကောက်လိုက်ရုံ...
ကျုပ်ပြောတာကိုနားမလည်ရင် 
ကျုပ်စစ်ဖိနပ်ထဲ ခင်ဗျားကို အမြီးနှစ် သတ်ပစ်မယ်...
သေနတ်တလက်ဆိုတာ
မြွေတကောင်လို လျှာတစ်လစ်ထုတ်နေတတ်တာမျိုးမဟုတ်ဘူး...
ခင်ဗျားတို့ဟာ...
အတော့ကို ပြောရဆိုရခက်ပါတယ်ဗျာ...

atn

Sep 10, 2013

တစ္ဆေတကောင်ကို တွေ့ရှိခြင်း



ဘယ်အချိန်အခါပဲဖြစ်ဖြစ်...
အ၀တ်အစားအသစ်တွေအောက်မှာ...
ငါတို့ဟာ ၀တ်လစ်စလစ်...

atn

Sep 7, 2013

လေးထောင့်ထဲမှာ ငါ ပိတ်မိနေပေါ့...



တကယ်တော့... ငါဟာ...  ကြယ်တွေကို မာလိန်မှူး-ခဲ့တဲ့ ကောင်ပါ...
လမ်းပျောက်ခဲ့ကြသူချင်း ဆရာတင်ခံရတော့... တမိုးလုံး ဖျောက်ဆိတ်နဲ့... အိပ်ယာဝင်ခဲ့...
ခုတော့... ကောင်းကင်မှာ... နေ.. လ... တွေ... ကွယ်စေ... သီချင်းတပုဒ်ကို... ဆိုရင်း...
တိတ်တိတ်ကလေး... နေနေတယ်... ...

နေ-ဟာ... နေတလုံးလို... ဝေနေယျတွေအားလုံးကို... ပြုံးပြနေသလိုလိုနဲ့...
အဲ့သည့် ဘုရားစောင်းတန်း အိုအိုကြီးတွေကို စိတ်လိုလက်ရ စွန့်ပစ်ခဲ့တယ်...
တနင်္ဂနွေနေ့က ခူးဆွတ်ခဲ့တဲ့... အဖြူရောင် ငွေပန်းတချို့ကို...
အင်္ဂါထောင့်ကပန်းအိုးထဲ... လူကြုံပါးပြီး ထိုးထည့်ခဲ့တယ်...

ငါ့ နက္ခတ်တွေ အကြောင်း... ဘာမှ မစဉ်းစားဘူး...
သုနက္ခတွေ နံကြားထဲကိုသာ... ဓါးတချောင်းစီ ထိုးထည့်ခဲ့တယ်...
သော့ပေါက်ထဲ သော့တချောင်းစီ လှည့်ဖွင့်သလို... အပါယ်တံခါးပွင့်ပြီလား...
အလင်းတန်းတွေကို မြူမှုန်တွေကြားထဲ မြင်ပြီလား... အိဒိယော့တို့... 

တကယ်တော့ ... တီးခတ်သွားတဲ့ ဗုံသံဟာ ဘာမျှ မဟုတ်ဘူး...
ကိုယ့်အသံကို ကိုယ်ပြန်ကြားရတဲ့ ပဲ့တင်သံ... 
သင်ဟာ... အချိန်မရွေး... ကျွန်ုပ်ကို ပြန်အမ်းလို့ရတယ်... 

နောက်တနေ့မနက်မှာတော့...
နောက်တနေ့မနက်ကို ငါတွေ့ရမယ်လို့ ယုံကြည်နေသေးတယ်...

(atn)

ကမ္ဘာစစ်


တချို့က ရွက်လွှင့်တယ်...
ကျနော်က စွန်လွှတ်တယ်...
ပင်လယ်တွေက သူတို့ နဂိုရ်အတိုင်း...
ကွင်းပြင်ကျယ်တွေက အဆုံးအစမဲ့...
ကျနော့် စာမျက်နှာတွေမှာ
ယုန်ကလေးတွေကို တံဆိပ်ကပ်ခဲ့မိတာသာ
ကျနော့် အားနည်းချက်...

(atn)

Sep 6, 2013

စွန်လွှတ်သူ



စမ်းချောင်းလေး တစင်းကို ဖြတ်ကျော်ခဲ့တယ်…
ငါ့ ဆံပင်တွေ ရှည်လာတာပဲ အဖတ်တင်တယ်…
ပင်လယ်ကမ်းခြေက အုန်းပင်လေး တပင်ကို မနာလိုဖြစ်ခဲ့တယ်
ငါ့ (လ)ကလေးကို ပုခုံးထက်မှာ ငါလည်း တင်ထားချင်တာပေါ့…
ဟော့သည့် ကြယ်ငါးကလေးကို ပင်လယ်ထဲ ပြန်လွှတ်လိုက်တယ်…
ငါ့ စူဠလိပ်ကလေးကိုလည်း ရေထဲ လွှတ်ပေးပါ… မေ…
မနက်မိုးလင်းတော့ ငါ့ မုတ်ဆိတ်တွေကို ငါ ရိတ်ရင်း
မြက်ခင်းစိမ်းနဲ့ တဲငယ်လေး-သီချင်းကို ဆိုနေမိ…
မသက်ဆိုင်မှုတွေနဲ့ပဲ… တံတားတွေ လမ်းတွေ ထိုးခဲ့တဲ့ နိုင်ငံမှာ…
ငါက အသက်အာမခံ ရောင်းနေမိသူဖြစ်နိုင်တယ်…
စွန်ကလေးတကောင်ကို လွှတ်ခဲ့မိပြီ...
ကြိုးဖြတ်သူက … ငါဖြစ်နိုင်ပါ့မလား… ကလေးလေးရဲ့…
မင့်စွန်ကလေး… လေမှာ ၀ဲနေတုန်း...
ဖြေပါ့…

(atn)

Sep 5, 2013

ဖက်ဖူးရောင် မော်ဒန် အလွမ်း



စမ်းချောင်းလေးထဲမယ် သစ်ရွက်ခြောက် တချို့ ၀ဲလည်မျောပါသွားကြ…
အရောင်ပြောင်းနေတဲ့ တောအုပ်အထက်မှာ ပျံလွှားငှက်တွေ လေလွင့်နေ…
လွင်ပြင်လေးတခုထဲမှာတော့ သိုးမည်းတွေ စားကျက်ရှာဖွေနေကြပုံ…
နေပွင့်ခွင့်မရတဲ့ ကောင်းကင်ယံမှာ သက်တံတွေလည်း မမြင်ရ…
တောင်ကုန်းကလေးပေါ်ကိုတက်လာတဲ့ လေပြည်ကလည်း မျက်စေ့တွေလည်လို့…
ဟိုးတောင်တန်းတွေဆီက ဂူကြီးတခုမှာတော့…
ကမ္ဘာဦးလူတွေ (မီး)ကို စတင်တွေ့ရှိခဲ့ကြပြီ…
ကျုပ်လား…
ကျုပ်လည်း (မီး)ကို တွေ့ရှိခဲ့တာပေါ့…

(atn)

Aug 31, 2013

Blog day post

August 31, 2013 6:44 am

တခါတခါတော့… အတိတ်ဆိုတာ ပြန်တွေးရင် ပျော်စရာကောင်းတယ်… သည်လိုဆိုလိုက်လို့… အတိတ်တိုင်းဟာ ပျော်စရာကောင်းတယ်လို့ မဆိုလိုပါ…  ကြေကွဲစရာ… စိတ်ဆင်းရဲစရာ အတိတ်တွေလည်း ရှိကြမှာပါ… ကျနော် ယေဘုယျပြောနေတာကတော့ လူတိုင်း သတိတရ ဖြစ်နေမယ့် အတိတ်-ဆိုတာ ပျော်ရွှင်စရာကောင်းတဲ့ အချိန်ကာလတွေပဲ ဖြစ်မယ်လို့ ယုံကြည်လို့ပါ… ကျနော် မှားရင်လည်း မှားနိုင်ပါတယ်… သို့သော်လည်း… ကျနော်နဲ့ သဘောမျှမယ့်လူ… ကျနော့် အဆိုကို အားပါးတရ ထောက်ခံအားပေးမယ့်သူတွေလည်း တချို့တလေတော့ ရှိနေလိမ့်ဦးမယ်လို့ ကျနော် ယုံကြည်နေပါသေးတယ်… ပျော်ရွှင်စရာ အတိတ်ကာလတွေကိုပဲ… လူတွေ တမ်းတမှာပါ… ကြေကွဲစရာ… စိတ်ညစ်ငြူးစရာ အတိတ်ကာလတွေကို တမ်းတ လွမ်းဆွတ်မယ့်လူ ဘယ်လိုလူတယောက် ရှိဦးမလဲ… အဲ့ဒါဟာ မဖြစ်နိုင်တဲ့ အခြေအနေပဲ
ကျနော် ဘလော့စရေးတော့… ၂၀၀၇ ဒီဇင်ဘာ… … သည်အကြောင်းကို ပို့စ်တခုအနေနဲ့လည်း ရေးဖူးတယ် ထင်တယ်… ကျနော် သိပ် မမှတ်မိတော့ဘူး… အသက်တွေက ကြီးလာပြီဆိုတော့ အယ်လ်ဇိုင်းမားတွေလည်း ကျနော် ရနေပြီလား မသိတော့…
မှတ်မိနေသေးတာကတော့ ၂၀၀၈ ကနေ ၂၀၁၁ အထိ သုံးနှစ် ဆက်တိုက် ဘလော့ကို ထဲထဲဝင် အားသွန်ခွန်စိုက် ကျနော် ရေးလိုက်ခဲ့ဖူးတာတော့ သတိရတယ်…
အဲ့သည်ကာလတွေ ထဲမယ်… ဘလော့ရေးရင်း… ဘလော်ဂါမျိုးစုံနဲ့ ခင်မင်ရင်းနှီးမိသပေါ့လေ… ခု… ကျနော့်ကို အဲ့သည် ဘလော်ဂင်းအကြောင်းရေးဖို့တဂ်တဲ့ ဆြာ-ရန်အောင်-တို့လို ဘလော့-စလေစဗျစ်သီးတွေဟာ အဲ့သည်အချိန်တုန်းက မင်းသားကြီးတွေပေါ့…
ဆြာရန်အောင်ကို တွေ့ချင်ကြတဲ့ ဘလော်ဂါပေါင်းသောင်းခြောက်ထောင်… (အင်း… အဲ့သလို ရေးရင်းနဲ့ ကွမ်ယင်မယ်တော်ကြီး ခင်ဦးမေကို သွားပြီး သတိရတယ်…) ဆြာရန်အောင်ရဲ့ဒါ့ပုံကို တွေ့ချင်တဲ့ ဖြူဖြူလွလွ မည်းမည်းပုရွ… ဘလောဂါတွေဆိုတာ… ဒါ့ပုံတင်ပါ… ဒါ့ပုံတင်ပါနဲ့ပေါ့… (အဲ့သည်အချိန်တုန်းကပြောပါတယ်…) ကိုယ်တွေရဲ့ ဆြာ-ရန်အောင်ကလည်း သွေးကြီးပါ့… သူ့ပုံကို ဘယ်တင် လိမ့်မလဲ…
ထို့အတူ… ကွမ်ယင်မယ်တော်ကြီး… မမကွမ်းကလည်း… ကျား-ကျား-မ-မ-တို့ အသည်းစွဲ… သူ့ဘာသာရေးချင်ရာရေး… ကွန်မန့်ပေါင်း သောင်းနှစ်ထောင်…ရတယ်… အဲ့သလို… အဲ့သလို…
ကျနော်လား…
ကျနော်က ဘာကောင်မှ မဟုတ်ဘူး… ကဗျာလေး တပုဒ်စ- နှစ်ပုဒ်စရေးပြီး… အွန်လိုင်းတက်လာခဲ့တဲ့ကောင်… ဘယ်လို ဘယ်အကြောင်းရယ်ကြောင့်မသိ… ကျနော်နဲ့ လေပေးဖြောင့်မိတဲ့ထဲမယ်… အဲ့သည်အချိန်တုန်းက ဘလော့ စလေစပျစ်သီးတွေ ပါခဲ့တာပေါ့…

ပန်ဒိုရာ၊ ကေသွယ်၊ ခင်ဦးမေ၊ ၀ီရှီမီ၊ ကိုမောင်ရင်၊ ကိုပေါ (ကျနော်နဲ့ ရန်ဖြစ်တယ်)၊ သက်ဝေ၊ ခင်မင်းဇော်၊ ရန်အောင်၊ မောင်မျိုး၊ အောင်ခင်မြင့် (ပျူနိုင်ငံ)၊ မောင်ဖုန်းမြင့်၊ မှူးဒါရီ၊ လင်းထက်၊ မျိုးဝင်းဇော်၊ ကမာပုလဲ၊ အိန္ဒြာ၊ မနော်ဟရီ၊ လင်းဒီပ၊ အတွေးတိမ်တိုက်… စသည်ဖြင့်ပေါ့… စာရင်းလုပ်ရရင် လူတွေ ရာချီမယ်… (နံမည်တချို့တလေ ကျန်ခဲ့ရင် ကျနော့်ကို အပြစ်တင်ကြပါ)
ဘလော့ရေးချိန်တုန်းက အဲ့သည် ရေးဖော်ရေးဖက်တွေကို သတိရပါတယ်…
ခုတော့ ကျနော်လည်း ဘလော့ရေးတာကို ရပ်ထားလိုက်တော့… တချို့တလေကို မျက်နှာစာအုပ်မှာ ပြန်တွေ့တယ်… တချို့ကိုလည်း ဘယ်နေရာမှာမှကို ပြန်မတွေ့တော့ဘူး… (ဥပမာ- ကိုမောင်ရင်)
သို့သော်လည်း…ဒါကိုကလည်း… ကျနော်တို့တွေရဲ့ ဘ၀တွေနဲ့ တိုက်ရိုက် ပတ်သက်နေတယ်လို့… ကျနော် ယူဆတယ်…. (ကိုမောင်ရင်) ဟာ ဦးနာအောက်-ပို့စ်တွေရေးပြီး ပျောက်သွားပေမယ့်… တနေရာရာမှာတော့ သူ ပြန်ပေါ်လာနိုင်သေးတယ်လို့ ကျနော် ယုံကြည်နေသေးတယ်…
ဘယ်လိုပဲဖြစ်ဖြစ်ပါ… ဘလော့တွေ သိပ် ခေတ်မစားတော့ပေမယ့်… ဘလော်ဂါတွေဟာ မျက်နှာစာအုပ်မှာ နေရာယူပြီးကြပါပြီ… ဘလော့တွေအစား… ဘလော်ဂါတွေရဲ့နုတ်စ်တွေကိုပဲ ဖတ်ကြပါစို့လား…

(atn)

Aug 18, 2013

သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး…


သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး…
ဖတ်စရာ ရှိတာတွေ ဖတ်ပြီးရင် ကဗျာ တပုဒ် ရေးမယ်…
ညကောင်းကင်ထဲ တိမ်တွေ လှုပ်နေတယ်… 
လ-ငပုပ်ဖမ်းထားတဲ့ ကမ္ဘာကြီးကိုပဲ နဖားကြိုးထိုးလို့… ဖုတ်သွင်းရထား လှည်းလမ်း လွဲခဲ့ပုံ…

သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး… 
ကံကြမ္မာနဲ့ ရောကြော်ထားတဲ့ ခေါက်ဆွဲ… ပုရွက်ဆိတ်အုံထဲ ပစ်ကျွေးလိုက်တယ်…
ပင်လယ်ထဲ လက်ပစ်ကူးနေသမျှ အားလုံးဟာ မြစ်တွေချည့်သက်သက်…
တောင်တန်းတွေနဲ့ လက်ထပ်စာချုပ်ချုပ်ထားတဲ့ ကောင်းကင်လည်း အသည်းတွေ ကွဲလို့…

သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး… 
အင်္ကျီအသစ်ဆို ကြယ်သီးတပ်မ၀တ်ချင်တဲ့စိတ်နဲ့… အိပ်ရေးပျက်ထားတဲ့ အခူးစတစ် ဂစ်တာတလုံး…
ရင်ဆို့ဖွယ်ရာ အရေးအသားတွေ ကိုယ်ရုံ ချုပ်လုပ် ၀တ်ဆင်ထားတဲ့ စာမျက်နှာ တခု… 
အိုင်-ဖုန်းတွေ မလို… အိုင်-ပေါ့တွေ မလို… အိုင်ပက်စရာ အိုင်တအိုင်ပဲ လိုတဲ့… အိုင်-ကိုယ်တိုင်…

သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး… 
အိမ်ရှေ့လမ်းပေါ်ပြေးနေတဲ့ ကားတွေကို မနာလိုဘူး… ငါ့ စက်ဘီးကလေး ပြန်ပေးပါ…
ဘီးနံပတ်-အိုကေ သုံည တစ်နှစ်နှစ်-အယ်လ်… လွမ်းတယ်-ဆိုတဲ့ တံဆိပ်ကို ရင်ဘတ်မှာ ချိတ်လို့...
နှလုံးသားအိုကြီး ငြည်းငြူနေပုံရဲ့ အသံဟာ... မယ်လန်ခိုလီ ဖြစ်နေတယ်… 

သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး…
ရည်ရွယ်ချက်ရှိရှိ… ဦးတည်ရာမဲ့ ပျံသန်းခဲ့တဲ့ တိမ်တအုပ်ဟာ… မိုးချုပ်သွားမှာ မကြောက်ဘူး…  
တယော တလက်ကို… သောကြာနေ့ ညနေခင်းလို ထိုးပစ်ခဲ့တဲ့ လ-တစင်းဟာ…
နေမင်းဆီ ပြန်လာတော့မှာ မဟုတ်ဘူး… သေချာတယ်…

သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး…
အနက်ရောင် ခန်းဆီးတွေကြားထဲမှာ သာလိကာ နှစ်ကောင်ကို ချိတ် ပစ်လိုက်တယ်…
ပန်းမပွင့်တဲ့ ဥယျာဉ်မှာ… ငါ့ ကလပ်စစ်ခယ်-ဂစ်တာကြိုး ခြောက်ချောင်းကို တပ်ထားမယ်…
ကောင်းကင်ဘုံ အ၀မှာ… ငရဲပန်းတချို့ ပွင့်သည့်တိုင်… အဘယ်သူမျှ မတို့ရ မထိရ…

သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး…
သော့ခတ်ထားတဲ့ တံခါးတွေကို မဖွင့်ဘူး… တံခါးပိတ်ထားတဲ့ သော့တွေကိုပဲ သိမ်းထားမယ်…
သေဒဏ်ကျထားတဲ့ သစ်ရွက်ခြောက်လို ဘ၀-ဆိုတော့လည်း… ကမ်းမမြင် လမ်းမမြင်တွေပဲ များတယ်…
အစပ်အဟပ်မတည့် နေ့ရက်တွေထဲ… ဆံပင်တွေ မွဲခြောက်ကျဲပါးလာကြတဲ့လမ်းမများ ကောက်ကွေးလို့…

သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး…
ဒက်သ်မက်တယ်-တွေ နားထောင်ပြီး… မသေတဲ့ သေမင်းကို…  မသေမချင်း သတ်ပစ်လိုက်တယ်…
ဟိုးအဝေးက ချိတ်ထားတဲ့ ခေါင်းတလားမှာ… သံမှို ရှစ်ချောင်း ရိုက်ထားတာ အဓိပ္ပါယ် မရှိဘူး…
ရှစ်…. သည်လဟာ တနှစ်ရဲ့  ရှစ်လမြောက်-လပဲ… သြဂတ်စ်-လ… ရှစ်-----

သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး…
ရှစ်… ရှစ်… ရှစ်… ရှစ်…

(atn)

Jun 18, 2013

အတိတ်မေ့ရောဂါ

စိတ်သဘော မကျလာတိုင်း တွေ့မြင်ကရာ အရွဲ့တိုက်နေတဲ့ တောင်ကုန်း တချို့က ပြုံးလို့ ရယ်...
အမြဲစိမ်းတောအုပ်တခုထဲ ရေအခါခါ ချိုးခဲ့ဖူးတဲ့ မြစ်ကလည်း တခစ်ခစ် သဘောကျ...
သင်းကွဲတိမ်တိုက် လှလှတွေနဲ့ အဖော်ရခဲ့ အထီးကျန်ပင်လယ်တွေက သူတို့ကို ထိတွေ့ ကိုင်တွယ်ခွင့် မရ...
ခေါင်းမာလွန်းတဲ့တောင်တန်းတွေလို သန့်စင်ရှားပါး မေတ္တာတရားကလည်း တွန့်ခေါက် ရွေ့လျား...
ပြန်မလာတော့ပါဘူး ကတိပေးထားတဲ့ မနက်ဖန်ဟာ ပုန်းကွယ် ကိုယ်ယောင် ဖျောက်...
ခါးကျိုးနေ ပစ္စုပ္ပန် တယောက်ကတော့ မနေ့တနေ့ကို ဆဲလို့ ဆိုလို့ အော်ဟစ်သွား...
နဂါးခေါင်းမပါတဲ့ ပြက္ခဒိန်တချပ်သာ မြွေဟောက်တကောင်လို ပါးပြင်း ထောင်...
သင်္ဘောမှောက်ခဲ့ဖူးတဲ့ သစ်ပင်ကြီးတပင်ကလည်း ဖဲကြိုးအ၀ါတွေ ကိုယ်မှာ အထပ်ထပ် ရစ်ပတ်ရင်း...
နေ့ခင်းကြောင်တောင်ကြီး မှောင်တဲ့ မနက်က မမ္မီ မမတွေလို ကျပ်စည်း...
အသက်ရှူမ၀ပါဘူးဆိုမှ ကျောက်မီးသွေးမိုင်း ပြိုကျခဲ့တဲ့တောင်အလုံးတိုင်း ငိုလို့ ရှိုက်...
ကမ်း မကပ်လိုက်ဖူးတဲ့ သမုဒ္ဒရာတစင်းလို လမင်းကလည်း ကမ္ဘာမြေကို တမ်းတနေရရှာ...

ငါ့မှာသာ ...

atn

Jun 16, 2013

တံခါးခေါက်သံ...













အိမ်လွမ်းနေတဲ့ တောင်တန်းကြီး... 
တဖြည်းဖြည်းချင်း ကျော်လွှားတက်လိုက်တော့
တိမ်လွှမ်းနေတဲ့ တောင်တန်းလေးများ 
မျက်စေ့ တဆုံးတလျား တွန့်ခေါက် ကြေကွဲ နာကျင်လို့...

နောက်လှည့်ပြန်တာ မဟုတ်ဘူး... သံလိုက်အိမ်မြောင် မှားနေတာ...
လမ်းလွဲသွားတာ မဟုတ်ဘူး... နေမုန်တိုင်းတွေ တိုက်နေတာ...
လက်လျှော့ခဲ့တာ မဟုတ်ဘူး... ၀င်ရိုးစွန်းတွေ စောင်းနေတာ...
ရှုံးနိမ့်သွားတာ မဟုတ်ဘူး... ခြေကုန်လက်ပမ်း ကျနေတာ...
ဘူတာမဲ့တာ မဟုတ်ဘူး... ရထားသံလမ်း ပျောက်နေတာ...

ဆင်ခြေဆင်လက်တွေ အစွမ်းကုန် တူးဆွထားတဲ့ မြစ်ဟာ
ပင်လယ်သေထဲမှာပဲ လှလှပပ ဖူးပွင့်သွားတော့တယ်...

ဘာပဲဖြစ်ဖြစ်... 
အမေ့ အိမ်တံခါးလေးကို အသံမမြည်သွားအောင် ဖွင့်လိုတဲ့ လက်တွေဟာ
နောက်ကျခြင်း နှင်းစက်တွေနဲ့အတူ တုန်ရီလို့...
အမေ မရှိတော့ပြီဖြစ်တဲ့ အိမ်ကို
ဘယ်လိုအကြောင်းကြောင့်မို့ကျနော်တို့ ပြန်ရောက်သွားကြပါလိမ့်...

ကျနော်တို့ရဲ့လက်ခေါက်ကလေးတွေ
မေ့လျော့ခြင်း လေထုထဲမှာ ရပ်တန့်အေးခဲရင်း... ....
atn

Jan 15, 2013

အူသံရှည် နေ့စွဲများ (၂)

















မဝေးရဲဘူး-ဆိုတဲ့ လမ်းဟာ 
အရှေ့ဖက်ကမ်းခြေကို လွင့်စင်ထွက်သွားတဲ့ 
အနောက်ဖက်ကမ်းခြေရဲ့ ကြေကွဲ ညနေ...
ကြိုးပေးခံထားရတဲ့ မနက်ဖန်ဟာ
အိပ်မက်လေးတခုကို ဆာလောင်လို့...
တမ်းတခြင်းတောင်ကုန်းလေးတခုပေါ်မှာတော့
အေးစက်မှုများက မေးခွန်းတခုကို မေးလေရဲ့..
.နှင်းတွေ ဘာလို့ ကျခဲ့ကြရတာလဲ-တဲ့...
အဲသည့် တောအုပ်ထဲမှာ
 နေရောင်ကို ထောင်ဖမ်းရင်း
ကိုယ်တိုင် သားကောင်ဖြစ်ခဲ့တဲ့ လတစင်းရှိရဲ့..
.နေ့တွေနဲ့ အကြွေစေ့တွေကို
မှားယွင်း ရေတွက်နေတဲ့ ငှက်တကောင်ကလည်း...
အဲသည့် တောအုပ်ထဲမှာ
အတောင်တွေ တဖျပ်ဖျပ်နဲ့ မရပ်မနား...
ချစ်သူရှိရာ သွားချင်နေသေးတယ်...
မိုးချုပ်ပြီ-ဆိုတဲ့လက်မှတ်ကို
အိပ်ကပ်မှားထည့်ထားတဲ့ မနက်ခင်းကတော့
ခြေကုန်လက်ပမ်းကျနေပုံနဲ့
ခေါင်းငိုက်စိုက်...
မိုက်မဲမှုတိုင်းရဲ့တံဆိပ်တွေဟာ 
အနက်ရောင်တွေနဲ့ပဲ ပုံနှိပ်ထားတာကလည်း ထူးဆန်းတယ်...
ကိုယ့်ကိုယ်ကို ကျပျောက်ခဲ့တဲ့ ဂစ်တာတလုံးအတွက်
တယောတလက်က ငိုကြွေးနေစရာ
ဘာအကြောင်းမှကို မရှိ...
မနက်ခင်းတွေကို တက်နင်းသွားလည်း ရပါတယ်-ဆိုင်းဘုတ်ထောင်ထားတဲ့ ညကို
မနက်ခင်းတချို့က ခေါင်းရိုက်ခွဲဖို့ လူစုတယ်...
သည်လိုပါပဲ...
ကျူးကျော်ရပ်ကွက်တခုထဲမှာတော့
အဲ့သလို ရုတ်ရုတ်သည်းသည်းတွေပဲ ရှိတယ်...
အစကနေ ပြန်ကောက်ရမယ်ဆိုရင်
အဆုံးကနေ ပြန်ကောက်ရမယ်...
အာရုံနောက်နေတဲ့ ၀ံပုလွေတကောင် အူသလိုမျိုး
ကဗျာတပုဒ် အူတယ်...
ခွင့်လွှတ်ပါ...
အဲ့သည့် ကဗျာကို အောင်သာငယ် ရေးတာပါ...

atn