Aug 27, 2008

နောက်လမှ ပြန်တွေ့ကြမယ်

လာလည်တဲ့ သူငယ်ချင်းတွေအားလုံး မင်္ဂလာပါ
အိမ်ပြောင်းနေလို့ နောက်လမှပဲ အွန်လိုင်းကို ပြန်လာနိုင်ပါမယ်
အားလုံးပဲ ကျေးဇူးတင်ပါတယ်

Aug 25, 2008

ဘယ်သူ့မှ မျှော်မနေနဲ့ ကိုယ့်မီး ကိုယ်ငြှိမ်း

အားလုံးသိကြတဲ့အတိုင်း ဂမ်ဘာရီလည်း ပြန်ပါပြီ။

ဒီလိုပါပဲ-ဒေါ်လာစားပြီး ကုလ အကျိုး ထမ်းနေရတဲ့သူတွေ ဆိုတော့ သွားလိုက် ပြန်လိုက်ပေါ့လေ။ ဗမာ့ အကျိုးကို ထမ်းနေတာမှ မဟုတ်တာ။ ပြီးရင် သူ့လစာ သူထုပ်ပြီး ကုလ အကျိုးကိုပဲ ဆက်ထမ်းနေမှာပေါ့။ ဘလော့ တကာမှာလည်း သူ့လုပ်ရပ်ကို ဖော်ပြ၊ သူ့သမိုင်းကို ဖော်ပြနေကြတာပါ။ အဲလို ရေးသားနေကြတာကို တွေ့ကြ ဖတ်ကြရမှာပါ။ ဒါကြောင့် ကျနော်ကတော့ ဒီမှာ ဂမ်ဘာရီ အကြောင်း မပြောပါဘူး။ သိချင်ရင် တခြား ဘလော့တွေမှာ သွားဖတ်ကြပါ။ ဒီမှာ တခုဖတ်ကြည့်ပေါ့လေ။ ဟင်းလင်းပြင်မှာ ဒီလို ရေးထားပါတယ်။

ကျနော်တို့ ပြည်သူလူထု တရပ်လုံးဟာ စစ်အာဏာရှင်စနစ် အောက်က လွတ်မြောက်ချင်လှပါပြီ။ သို့သော်လည်း လွတ်မြောက်ဖို့ လမ်းဟာ အကြောင်းကြောင်းတွေကြောင့် နှောင့်နှေးနေပါတယ်။ ဒီအခါမှာ ဟိုလူ့ အကူအညီ ရနိုး ဒီလူ့ အကူအညီ ရနိုးနဲ့ လည်ပင်း တဆန့်ဆန့် လုပ်လာတတ်ကြတာ ဓမ္မတာပါပဲ။ ကုလသမဂ္ဂ တပ်ကြီးပဲ လာတော့မလား၊ အမေရိကန် တပ်ကြီးပဲ လာတော့မလား၊ လာပါစေ၊ ဘယ်သူလာလာ တို့ ဒုက္ခတွေက လွတ်ရင် ပြီးရော။ အီးယူက အကူအညီ ရရင် ကောင်းမယ်၊ ဂျပန်က ဖိအားပေးမှပါ၊ တရုပ်ကို လော်ဘီ လုပ်ရင်ကောင်းမယ်၊ အိန္ဒိယကလည်း ဖိအားပေးရင် ဘယ်လိုလဲ၊ အေစီယံက နည်းနည်း တွန်းအား ပေးလိုက် ရင်လည်း ကောင်းမယ်၊ စိတ်ဆန္ဒတွေကတော့ ဒီလိုပဲ စဉ်းစားမိမှာပါ။ အားလုံးက မီးလောင်နေတာကိုး။

ဟုတ်ကဲ့ပါခင်ဗျား - အားလုံး ကောင်းပါသည်။ သို့သော်လည်း ကျနော့် တဦးတည်း သဘောအရ ပြောရရင်တော့ - ဘယ်သူမှ လာမှာ မဟုတ်ပါ ခင်ဗျား။ ကုလသမဂ္ဂ တပ်ကြီးလည်း လာမှာ မဟုတ်သလို အမေရိကန် တပ်ကြီးလည်း လာမှာ မဟုတ်ပါဘူး။ ထပ်ပြောပါဦးမယ် - ဘယ်သူမှ လာမှာ မဟုတ်ပါခင်ဗျား။ ကမ္ဘာ့ ရွာကြီးမှာ ကျနော်တို့ အိမ်က မီး သူများအိမ်ကို မကူးမချင်း ဘယ်သူမှ လာငြိမ်းမှာ မဟုတ်ပါဘူး။ တခြား အိမ်တွေကို ကူးလောက်အောင် အိမ်ချင်း မနီးဘူး ဆိုတာ ကုလသမဂ္ဂရော၊ အမေရိကန်ရော၊ အီးယူရော၊ ဂျပန်ရော၊ တရုပ်ရော၊ အိန္ဒိယရော၊ အေစီယံရော သိပါတယ်။ ကိုယ့်အိမ်ကမီး ကိုယ်ကိုယ်တိုင်ပဲ ငြိမ်းရမှာပါ။

ကျနော့် အနေနဲ့ကတော့ ဒီမှာ ၄ ချက် ပြောချင်ပါတယ်။ (၁) ကုလသမဂ္ဂ၊ (၂)အမေရိကန်အပါအ၀င် ဥရောပနဲ့ အနောက်နိုင်ငံများ၊ (၃)ရုရှားနဲ့တရုပ်၊ (၄)အေစီယံအပါအ၀င် ဆက်စပ်နေသောနိုင်ငံများ - ဆိုပြီး ပြောချင်ပါတယ်။

၁၊ ကုလသမဂ္ဂ

ဗမာပြည်အရေးကို ကုလသမဂ္ဂကြီးက ဖြေရှင်းပေးလိမ့်မယ်လို့တော့ ဘယ်တော့မှ မမျှော်လင့်ပါလေနဲ့ခင်ဗျား။၊ ဗမာပြည်အရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် နံပတ် ထရီလီယံ တသိန်းသာ ပြည့်သွားပါ့မယ်။ ကြေငြာ စာရွက်တွေ ဆုံးဖြတ်ချက်တွေကို အများကြီး လိုက်ဖတ်နေရတာသာ အဖတ်တင်ပါလိမ့်မယ်။ ဗမာပြည် အရေးကတော့ ပြေလည်သွားမှာ မဟုတ်ပါဘူး။ နောက်လည်း ကုလသမဂ္ဂက ဆုံးဖြတ်ချက်တွေ ကြေငြာချက်တွေ ထပ်ထုတ်နေဦးမှာပါ။ ဘာလို့ဆို သူတို့ အလုပ်က ဒါလေးပဲရှိတာကိုး။ ခင်ဗျာများမှာ ဒေါ်လာ စားပြီး လုပ်နေရတာကိုး။ ကျနော်တို့ ဗမာပြည်သူတွေလို ငတ်ငတ်ပြတ်ပြတ်နဲ့ အသက်ရှင်နေရတာမှ မဟုတ်တာ။ ကြေငြာချက်တွေ ထုတ်မယ် - ဗမာပြည်၌ ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့ကြီး အနေဖြင့် ထုံးစံအတိုင်း အလွန်အမင်း ၀တ်ကျေတမ်းကျေ စိုးရိမ်ပူပန်မိပါကြောင်း။ ပြီးရင် ကိုယ်စားလှယ်တွေ လွှတ်မယ်၊ မလွှတ်ရင် အများ ပြောတာခံရမှာကိုး။ အများ အပြောတော့ မခံနိုင်ပါဘူး - လခစားထဲက တယောက်ယောက်ကိုတော့ ကုလ ကိုယ်စားလှယ် အထူးသံတမန် ဆိုပြီး ထုံးစံအတိုင်း ၀တ်ကျေ တမ်းကျေ လွှတ်လိုက်ဦးမယ် - ဒါပါပဲ ကုလသမဂ္ဂက လုပ်နေတာ။ နှစ်ပေါင်း ၂၀ ရှိသွားပြီ။ အဲတော့ ကုလသမဂ္ဂကို မျှော်မနေကြပါနဲ့တော့။ ပြီးတော့ ကုလသမဂ္ဂကြောင့် စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက် သွားခဲ့တဲ့ နိုင်ငံရယ်လို့ကမ္ဘာ့သမိုင်းမှာလည်း မရှိသေးပါဘူး။

၂၊ အမေရိကန် အပါအ၀င် ဥရောပနဲ့အနောက်နိုင်ငံများ

အမေရိကန်ကတော့ ကမ္ဘာ့ ပုလိပ်ကြီး။ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး။ နေရာတကာမှာ သူ့ခြေ သူ့လက်။ ဆိုတော့ - ဗမာပြည်ကိစ္စလည်း သူ ၀င်ပါရမှာပေါ့လေ။ ဟုတ်ပါတယ်။ သူ ၀င်ပါပါတယ်။

သို့သော်လည်း သူနဲ့ ပတ်သက်လို့ သေသေချာချာလည်း ပြန်လေ့လာဖို့လိုပါလိမ့်မယ်။ ၁၉၆၂ နေ၀င်း အာဏာသိမ်းပြီးကတည်းက ဗမာပြည်မှာ နေ၀င်းက ဆိုရှယ်လစ် စနစ်ဆိုပြီး တည်ထောင်လာတာပါ။ အမေရိကန်ဟာ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်တွေကို ရန်သူသတ်မှတ်ထားတဲ့ နိုင်ငံပါ။ တခါ ပြန်ကြည့်ရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ကျင့်သုံးနေပါတယ်ဆိုတဲ့ နေ၀င်းရဲ့ မဆလ စစ်တပ်နဲ့ တလျှောက်လုံး တိုက်ခိုက်နေခဲ့တာက ဗမာပြည် ကွန်မြူနစ်ပါတီသာ ဖြစ်ပါတယ်။ တရုပ်နယ်စပ်မှာ ဌာနချုပ်တည်ပြီး မဆလကို တိုက်နေခဲ့တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီဟာ ကျောထောက်နောက်ခံ အမှန်လိုပါတယ်။ တရုပ်ကွန်မြူနစ်တွေက ကျောထောက်နောက်ခံ ပေးနေခဲ့တာပါ။ ဒီအခါမှာ ဆိုရှယ်လစ် စနစ်ရဲ့ ရန်သူဖြစ်တဲ့ အမေရိကန်က DEA ခေါင်းစဉ်အောက်မှာ မဆလအစိုးရကို ဗကပတွေကို တိုက်ဖို့ စစ်လက်နက် ခဲယမ်းမီးကျောက် ငွေကြေးတွေ ပံ့ပိုးပေးခဲ့တာ ဘာကြောင့်ပါလဲ။ ရှင်းပါတယ် - သူ့ရန်သူ ကွန်မြူနစ်တွေ ခေါင်းမထောင်လာနိုင်အောင်ပါပဲ။ နေ၀င်းရဲ့ မဆလ အစိုးရဟာ ဆိုရှယ်လစ် အရေခြုံထားတဲ့ ဖက်ဆစ်တွေဆိုတာ အမေရိကန်က သိပါတယ်။ ဒါကြောင့်မို့ ကွန်မြူနစ်တွေကို တိုက်နေတဲ့ မဆလ အစိုးရကို ကူညီပေးခဲ့တာပါပဲ။

အမေရိကန်အပါအ၀င် အီးယူအဖွဲ့ဝင်တွေအားလုံးဟာ ဟိုးတုန်းက NAM ခေါ်တဲ့ ဘက်မလိုက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဗမာပြည်ကို သိပ်ဂရု မစိုက်ခဲ့ပါဘူး။ နေ၀င်းအာဏာသိမ်းပြီးတဲ့အခါ NAM က ထွက်လိုက်ကတည်းက ဗမာပြည် ဘယ်သွားမလဲ။ သူတို့ စောင့်ကြည့်နေခဲ့တာပါ။ ခုတော့ န၀တ၊ နအဖ ဟာ တရုပ်ကွန်မြူနစ်တွေနဲ့ နီးစပ်လာနေပါတယ်။ ကွန်မြူနစ်တွေဆိုတာ အမေရိကန် အပါအ၀င် အနောက်နိုင်ငံတွေ အားလုံးရဲ့ နိုင်ငံရေး ရန်သူပါ။ ခုအခါမှာတော့ ကွန်မြူနစ် တရုပ်ပြည်ရဲ့ သြဇာအောက်မှာ ဗမာပြည် ကျရောက်သွားမှာ သူတို့ အားလုံးက မလိုလားပါဘူး။ ဒါကြောင့် ပါဝင်ပတ်သက်နေတာပါ။ သူတို့အတွက် ဗမာပြည်မှာ တခြား ဘာအကျိုးစီးပွားမှ မရှိပါဘူး။ ဒါကို နားလည်ရမယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့် အီရတ်မှာလို အမေရိကန် တပ်ကြီး နေတိုးတပ်ကြီး ဗမာပြည်ကို ၀င်လာလိမ့်မယ်လို့ ဘယ်တော့မှ စိတ်ကူး မယဉ်စေချင်ပါ။ တခုတော့ ရှိတာပေါ့လေ အကယ်၍ ပေါက်ဖော်တပ်ကြီး ဗမာပြည်ကို ချီတက်လာရင်တော့ မပြောတတ်ဘူး။

၃၊ ရုရှားနဲ့တရုပ်

ဒီနိုင်ငံတွေကတော့ အားလုံးသိကြတဲ့အတိုင်း ကိုယ့်လွတ်မြောက်ရေးကို ကိုယ်တိုင် သွေးချွေးတွေနဲ့ တိုက်ယူပြီး အကြီးမားဆုံး အောင်ပွဲတွေ ရလာခဲ့တဲ့ နိုင်ငံတွေပါပဲ။ ကွန်မြူနစ်နိုင်ငံတွေလည်း ဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိ အခြေအနေမှာ ဒီနိုင်ငံတွေရဲ့ ပြည်သူလူထုတွေမှာ ဒီမိုကရေစီ အခွင့်အရေးတွေ ဆိတ်သုဉ်းနေပါတယ်။ ဒီမိုကရေစီ တောင်းတဲ့ လှုပ်ရှားမှု မှန်သမျှကိုလည်း ဗမာအစိုးရလိုပဲ အကြမ်းဖက် နှိပ်ကွပ်နေတဲ့ နိုင်ငံတွေပါပဲ။ စစ်အာဏာရှင်စနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံတွေပီပီ သူတို့ အနီးအနားက နိုင်ငံတွေမှာ ဒီမိုကရေစီ လှုပ်ရှားမှုတွေ ဖြစ်ပွားလာတိုင်း မျက်ခုံးလှုပ်နေရတဲ့ နိုင်ငံတွေပါ။ သူတို့ရဲ့ သြဇာအာဏာကို သုံးပြီး ဒီလို နိုင်ငံတွေက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားနည်းသွားအောင် လုပ်လေ့ရှိပါတယ်။ ဒါကြောင့်မို့လည်း ဗမာပြည်အရေးကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးဆုံးဖြတ်ကြတော့ ဒီ၂ နိုင်ငံက ကန့်ကွက်ခဲ့တာပါပဲ။ တခြား ဘာမှ ထွေထွေထူးထူး စဉ်းစားစရာ မလိုပါဘူး။

တခုရှိတာက ရုရှားက ဗမာပြည်နဲ့ နယ်နိမိတ်ချင်း မဆက်စပ်နေဘူး။ သည်တော့ သူက သိသိသာသာကြီး တိုက်ရိုက်ပါဝင် ပတ်သက်မှု သိပ်မရှိပါဘူး။ တရုပ်ကတော့ ဗမာပြည်နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတော့ ဗမာပြည်က ခြံစည်းရိုးပြိုရင် သူ့ဘက်ကို လဲကျမှာ စိုးရိမ်နေရပါတယ်။ ဥပမာ - ဗမာပြည်က ၈၈ အရေးတော်ပုံကြီး အပြီးမှာ တရုပ်ကျောင်းသားများကလည်း ဗမာပြည်ကို နမူနာယူပြီး တိန့်အန်းမင်း အရေးတော်ပုံကို မွေးဖွားခဲ့ကြပါတယ်။ တင့်ကားနဲ့ တက်ကြိတ်ပြီး အဲဒီအရေးတော်ပုံကို နှိမ်နင်းခဲ့တဲ့ တရုပ်ကွန်မြူနစ် အစိုးရဟာ ဗမာပြည်မှာ ဒီမိုကရေစီထွန်းကားတာကို မြင်ချင်မယ်လို့ ခင်ဗျားတို့ ထင်ပါသလား။ ကျနော်ကတော့ မထင်ပါခင်ဗျား။ ဒါကြောင့်လည်း ဗမာပြည်ကိစ္စတိုင်းမှာ တရုပ်က ကန့်လန့် ကန့်လန့် လုပ်နေတာ အထင်အရှားပါပဲ။ နောက်တခုက သူ့ရဲ့နိုင်ငံရေးရန်သူကြီးဖြစ်တဲ့ အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကိုလည်း ဗမာပြည်မှာ သူမမြင်ချင်တာ အမှန်ပါပဲ။ ဒါကြောင့်လည်း န၀တ၊ နအဖ အစိုးရကို စစ်လက်နက်တွေ ရောင်းပြီး ကျောထောက်နောက်ခံပေးနေခဲ့တာပါပဲ။ အဲတော့ ဗမာပြည် ဒီမိုကရေစီရေးအတွက်တော့ တရုပ်နဲ့ ရုရှားကို ဘယ်တော့မှ ထည့်တွက်လို့ ရမှာ မဟုတ်ပါဘူး။

၎၊ အေစီယံအပါအ၀င်ဆက်စပ်နေသောနိုင်ငံများ။

အေစီယံနိုင်ငံတွေကတော့ အားလုံးသိတဲ့ အတိုင်းပါပဲ ၁၉၆၇ က စခဲ့တဲ့ မူရင်းနိုင်ငံတွေဖြစ်တဲ့ စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ထိုင်းနိုင်ငံက ဆရာကြီးတွေပါပဲ။ ပြီးတော့မှ ၁၉၈၄ မှာ ၀င်လာတဲ့ ဘရူနိုင်း၊ ၉၅ မှာ ဗီယက်နမ်၊ ၉၇ မှာ ဗမာနဲ့ လာအို၊ ၉၉ မှာ ကမ္ဘောဒီးယား - အားလုံး ဆယ်နိုင်ငံ။ အဲဒီမှာ အဓိက ပေါ်လစီချနေသူတွေကတော့ ဆရာကြီးနိုင်ငံတွေပါပဲ။ ပြန်ကြည့်လိုက်ရင် ဒီနိုင်ငံတွေ အားလုံးကလည်း အာရှရဲ့ ကျားတွေ ဖြစ်ချင်နေတဲ့ နိုင်ငံတွေချည်းပါပဲ။ ဂျပန်လို၊ တောင်ကိုရီးယားလိုမျိုး ဖြစ်ချင်နေကြတယ်။ အဲဒီအတွက် သူတို့ လိုအပ်မယ့် အရင်းအမြစ်တွေ ရနိုင်မယ့် နိုင်ငံတွေကို လိုအပ်လာတယ်။ ဒီအခါ အရပ်စကားနဲ့ ပြောရရင် ပြည်တွင်းစစ်တွေနဲ့ နာလန်မထူနိုင်တဲ့ နိုင်ငံတွေကို အဖွဲ့ဝင်အဖြစ် ပေးဝင်ပြီး ဆွဲစားနေတာပါပဲ။ ဒီလိုနဲ့ လာအို၊ ဗီယက်နမ်၊ ဗမာနဲ့ ကမ္ဘောဒီးယားကို ၉၅ ကျော် နှစ်တွေမှာ ပေးဝင်ခဲ့တာပါပဲ။

သို့သော်လည်း သူတို့ လိုအပ်နေတဲ့ ရင်းမြစ်တွေရဖို့ကတော့ သက်ဆိုင်ရာ နိုင်ငံက အစိုးရတွေနဲ့ အကြောင်းအပေါင်း သင့်မှလည်း ရမှာ မဟုတ်လား။ ဒါကြောင့်လည်း ဗမာ့အရေးမှာ သည်နိုင်ငံတွေက ကန့်လန့်ကန့်လန့် ပါနေတာပဲဖြစ်ပါတယ်။ ဟိုးတလောက သူတို့တင်ခဲ့တဲ့ အပြုသဘော ချဉ်းကပ်ရေးမူ (Constructive Engagement) ဆိုတာ တကယ်ကတော့ သူတို့ အကျိုးစီးပွားတွေ အတွက် အခြေခံပြီး ချထားခဲ့တာပါ။ ဗမာပြည်မှာ ဒီမိုကရေစီရသွားရင် အရင်က သူတို့ ရခဲ့တဲ့ အကျိုး အမြတ်တွေ အရင်လို မရနိုင်ဘူးဆိုတာ သူတို့ သိပါတယ်။ ဥပမာ- အနီးဆုံး ထိုင်းနိုင်ငံလိုပေါ့။ အကယ်၍ ဗမာပြည်မှာ ဒီမိုကရက်တစ် အစိုးရတရပ် ပေါ်ပေါက်လာရင် အခု သူတို့ ရနေတဲ့ ဈေးအပေါဆုံး အလုပ်သမားတွေကို ဆက်ရတော့မှာ မဟုတ်ပါဘူး။ အကျိုးဆက်အနေနဲ့ စီးပွားရေးဆိုင်ရာမှာ အဆောက်အအုံ တခုလုံးကို ထိခိုက်လာမှာ ဖြစ်တယ်ဆိုတာ သူတို့ သိပါတယ်။ ဗမာပြည်ကို ဒီမိုကရေစီ မရစေချင်ဆုံး နိုင်ငံဟာ ထိုင်းနိုင်ငံပါလို့ ကျနာ် ပြောရင် လွန်များသွားမလား။

ဆက်ပြောရရင် အေစီယံရဲ့ အခန်းမှာ တခြားအာရှနိုင်ငံတွေက ပါဝင် ပတ်သက်နေတာကလည်း ရှိပါသေးတယ်။ ဘာလို့လဲ ဆိုတော့ ASEAN + 3 လို့ ခေါ်နေတဲ့ တရုပ်၊ ဂျပန်၊ တောင်ကိုရီးယား။ နောက်တခါ East Asia Summit မှာ ပါဝင်နေတဲ့ ASEAN + 3 အပြင် အိန္ဒိယ၊ သြစတြေလျနဲ့ နယူးဇီလန် နိုင်ငံတွေပါ ပါဝင် ပတ်သက် နေလို့ပါပဲ။

ဗမာပြည်မှာ ရှိနေတဲ့ တရုပ်ရဲ့ အကျိုးစီးပွားကိုတော့ အထက်မှာ ပြောခဲ့ပြီးပါပြီ။ ခုတော့ အနီးအနားက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပြီးတော့ ခပ်လှမ်းလှမ်းက တောင်ကိုရီးယားနဲ့ ဂျပန်၊ အဝေးက သြစတြေးလျနဲ့ နယူးဇီလန်တို့ရဲ့ အကျိုးစီးပွားတွေကိုလည်း ပြန်ကြည့်ရပါဦးမယ်။ အားလုံးကတော့ ကိုယ့်နိုင်ငံအကျိုးစီးပွားပေါ်မှာ အခြေခံပြီး ဗမာပြည်နိုင်ငံရေးကို လှည့်ကစားနေကြတာပါပဲ။ သို့သော်လည်း တောင်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ် နဲ့ နယူးဇီလန် ကတော့ နိုင်ငံရေးအရ သိပ် ပြီး မပတ်သက်လှပါဘူး။ ကျန်တဲ့နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဂျပန်နဲ့ သြစတြေလျနိုင်ငံတွေကသာ တိုက်ရိုက် ပတ်သက်နေတာပါ။

အိန္ဒိယကတော့ ရုရှသြဇာခံနိုင်ငံပီပီ တရုပ်သြဇာရှိနေတဲ့ ဗမာပြည်ကို သူ့အကျိုးစီးပွားပေါ်မူတည်ပြီး န၀တ၊ နအဖ စစ်အုပ်စုကို တမျိုး၊ ဒီမိုကရေစီ အင်အားစုတွေကို တမျိုး ဆက်ဆံနေတာပါ။ သို့သော်လည်း သိသိ သာသာကြီး ပြောရလောက်အောင်တော့ ထူးထူး ခြားခြားတွေ မလုပ်ပါဘူး။ ဂျပန်ကတော့ ဒုတိယ ကမ္ဘာစစ် တုန်းက သူကိုယ်တိုင် ကျူးကျော် သိမ်းပိုက်ခဲ့ဖူးတဲ့ နိုင်ငံဖြစ်လေတော့ ဗမာပြည်အကြောင်းကို သိပါတယ်။ သူ့အတွက် ဘယ်လို အရင်း အမြစ်တွေ ရနိုင်မယ်ဆိုတာ သူသိပါတယ်။ သည်အပေါ်မှာ အခြေခံပြီး စစ်အစိုးရကို အလျှော့အတင်းလေးတွေ လုပ်နေတာပါပဲ။ သည့်ထက်ပိုပြီး ဒိမိုကရေစီ အင်အားစုတွေအတွက် သူလည်း ဘာမှ မလုပ်ပါဘူး။ အော်ဇီကတော့ အီးယူမှာလည်း ပါလို့ မရ။ အနောက်နိုင်ငံတွေကလည်း ဘယ်ထဲမှ မထည့်၊ အေစီယံထဲလည်း ၀င်ပါချင်ပေမယ့် ပါလို့မရနဲ့ ကြားလွတ်နေတဲ့ နိုင်ငံပါ။ ဒါကြောင့်မို့ ဗမာ့အရေးကို တခြားနိုင်ငံတွေထက် ပိုပြောလေ့ရှိပါတယ်။

-----

ဘယ်လိုပဲ ပြောပြော။ အထက်မှာ ပြောခဲ့တဲ့ နိုင်ငံတွေအားလုံးဟာ ဗမာပြည်အရေးကို သူတို့ အကျိုးစီးပွားနဲ့သာ ယှဉ်ပြီး ပတ်သက်နေကြတာဖြစ်ပါတယ်။ သူတို့ အကျိုးစီးပွား မရှိရင် လှည့်ပြီး (စကားရိုင်းရိုင်းပြောရရင် ကျင်ငယ်တောင် စွန့်မှာ မဟုတ်ပါဘူး) ကြည့်မှာ မဟုတ်ပါဘူး။ ဒါကို သဘောပေါက်ပြီး ကိုယ့်အရေးကို ကိုယ့်အား ကိုယ်ကိုးပြီး ဆောင်ရွက်ကြပါလို့ပဲ ပြောချင်ပါတယ်။ ဘယ်နိုင်ငံကိုမှ မျှော်မနေကြပါနဲ့။ ကိုယ့်မီးကို ကိုယ်ကိုယ်တိုင်ပဲ ငြှိမ်းရမှာဖြစ်ကြောင်း မောင်းခတ်ပါရစေခင်ဗျား။

Aug 22, 2008

အရာရာနောက်ကျခဲ့တဲ့နေ့
















မဆုံးနိုင်တဲ့နေ့ရက်တွေနဲ့သာ
ပြက္ခဒိန်တွေဟာ ထူထူလာတယ်...
ငါ ဟာ နေ့သစ်ကို စောင့်မျှော်နေဆဲပါပဲကွယ်

စာရင်း မပြုစုနိုင်အောင်ကို
လိုအပ်ချက်တွေက များပြားလွန်းလှတယ်..
ငါ ဟာ လောဘကြီးလွန်းသူပါကွယ်

ဟင်းလင်းပြင်တခုရဲ့ အဓိပ္ပါယ်က
ကျယ်ပြောလွန်းလှတယ်...
ငါ ဟာ လမ်းပျောက်ချင်နေသူပါကွယ်

တောင်ယာတဲငယ် တလုံးဆိုတာ
အရိုးသားဆုံး သီချင်းတပုဒ်ဖြစ်တယ်...
ငါ ဟာ တေးဆိုချင်သူပါကွယ်

သက်တန့် တစင်းကိုတော့
တကယ်မရှိတဲ့ အရှိလို့ ကဗျာစပ်ကြတယ်...
ငါ ဟာ စိတ်ကူးနဲ့ ရူးနေသူပါကွယ်

ငါ့မီးအိမ်လေး မထွန်းညှိနိုင်သေးခင်
နေ၀င်သွားခဲ့လေတယ်...
ငါ ဟာ ၀မ်းနည်းနေသူပါကွယ်

ငါ့နံဘေးနားမှာ ယှဉ်ထိုင်မယ့် မင်း
မနက်ခင်းနဲ့အတူ ရောက်လာတယ်...
ငါ ကတော့ အိပ်မောကျနေဆဲပါကွယ်။

ATN
(ကုန်လွန်ခဲ့ဖူးတဲ့ နေ့ရက်တွေတုန်းက ဖွဲ့ဆိုခဲ့ဖူးတဲ့ ကဗျာတပုဒ်ပါ)
ပုံကတော့ ထုံးစံအတိုင်း Adobe Photoshop နဲ့ ဆွဲထားပါတယ်။

Aug 21, 2008

တွန့်လိမ်နေတဲ့အိမ်



















အဲဒီနေရာပဲ
လ...တလုံးကို
ငါ...ထားခဲ့တယ်...။

လွှတ်ချသွားတာ...မဟုတ်သလို...
လွတ်ကျသွားတာလည်း...မဟုတ်လေဘူး...။

ထားကို...ထားပစ်ခဲ့ရတာ...။

သယ်ဆောင်စရာ
နေလုံးတွေက
များနေလွန်းလို့ပါ....။

ATN
(ပုံကိုတော့ Corel PhotoPaint 12 နဲ့ ဆွဲထားပါတယ်)

Aug 20, 2008

ငို ချင်ချင် ရီ ချင်ချင်
















ခုတလော အောင်သာငယ် တယောက်လည်း စိတ်ရှုပ်ထွေးနေပါတယ်။ အိမ်ပြောင်းဖို့ ကိစ္စနဲ့ ဟိုဟာ အဆင်မပြေ သည်ဟာ အဆင်မချော။ ဒေါသထွက်လိုက် စိတ်ညစ်လိုက်နဲ့။ ဖြစ်ချင်သလိုကို ဖြစ်နေပါတော့တယ်။ အိမ်ပြောင်းမှာဆိုတော့ အလုပ်ကလည်း ထွက်ထားလိုက်သေး။ ဆိုတော့ အချိန်တွေကလည်း Vacation ရနေသလိုကို ပိုနေလေတော့ ဟိုဘလော့ သွားလည်လိုက်၊ သည်ဘလော့ သွားလည်လိုက်၊ ဟိုလူနဲ့ ချက်လိုက် သည်လူနဲ့ ချက်လိုက်၊ တဟိဟိ တဟားဟားနဲ့ အဖော်တွေ ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ လည်နေတုန်း ၀ယ်ထားတဲ့ အိမ်အတွက် ငွေ ထုတ်ချေးထားတဲ့ ဘဏ်က စာကိုရတော့ စောစောက ဟား...ထားသမျှကလေးတွေ တခါတည်း နား....သွားတော့တာပါပဲ။ လူလည်း ငို...ရှင်ရှင် ရီ...ရှင်ရှင် ဖြစ်နေလေရဲ့။

အော... ငို...ရှင်ရှင် ရီ...ရှင်ရှင်...ဆိုတာလေးကို မသိသေးသူများကိုလည်း သိသွားအောင် ဖောက်သည်ချပေးရ ပါဦးမယ်။ ဟာဒယ ရွှင်ဆေးပေါ့လေ...

ဒီလိုဗျ.... ဟိုးရှေးရှေးတုန်းကပေါ့ဗျာ... မြို့တမြို့မှာ အလုပ်အရမ်း ကြိုးစားပြီး တော်တော်လေး ချမ်းသာတဲ့ တရုပ် လူပျိုကြီး တယောက် ရှိတယ်ပေါ့လေ...သူ့တသက်လုံးမှာကလည်း အလုပ်ပဲ ကြိုးစားပြီး ပိုက်ပိုက်တွေပဲ ငိုက်ငိုက် ငိုက်ငိုက်နဲ့ ရှာလာခဲ့တာဆိုတော့ ရည်းစားဆိုတာကလည်း မရှိဘူးဆိုပဲ... ဒါနဲ့ အမြင်မတော်သူတွေက ၀ိုင်းကျပ်ကြတာနဲ့ လက်ထပ်စရာ ဇနီးမယားကို အနီးအနားက ရွာတွေမှာ လိုက်ရှာသတဲ့... (သူ့မြို့မှာတော့ မရှာဘူးခမျ... တော်တော် လူလည်လုပ်တဲ့ ပေါက်ဖော်ကြီး...) အဲလိုနဲ့ ရွာတရွာက အတော်ချောလှတဲ့ ကွမ်းတောင်ကိုင် မလေး တယောက်နဲ့ တရုပ်ကြီးနဲ့ အကြောင်းပါသွားပါလေရော... ဒါပေသည့် ကွမ်းတောင်ကိုင်လေးကလည်း သူ့ရွာမှာ တချိန်လုံး ကွမ်းတောင်ပဲ ကိုင်လာရတာဆိုတော့ အချက်အပြုတ်နဲ့ အိမ်ထောင် ထိမ်းသိမ်းမှုမှာ ဘာမှ မကျွမ်းကျင်လေဘူးပေါ့ဗျာ.... ညားကာစကတော့ တရုပ်ကြီးက ဟီးဟီး ဟီးဟီးပေါ့... တရက်ကျတော့ အလုပ်က မောမောပမ်းပမ်းနဲ့ ပြန်လာတဲ့ တရုပ်ကြီးဟာ ဗိုက်အရမ်းဆာတာနဲ့ မီးဖိုချောင်ထဲ တမ်းဝင်သွားပါလေရော... ဟောဟိုမှာ သူတွေ့သမျှတွေက မှောက်ထားတဲ့ အိုးတွေပဲ ဆိုတော့ - စားစရာ ဘာမှ မရှိတဲ့ မီးဖိုချောင်ထဲ တရုပ်ကြီး ဒေါသတွေ ပေါက်ကွဲပါလေသတဲ့ -- ဒီတခါတော့ ငါ...ဟီးဟီး ဟီးဟီး မလုပ်တော့ဘူး ဒီကောင်မကို အပြတ် ဆော်ပလော်တီးတော့မယ်--လို့ မောင်းတင်ပြီး သူ့ ဇနီးအချောအလှကို ဒေါထပြီး လိုက်ရှာပါလေရော... ဘယ်မှာမှ မတွေ့တဲ့ အဆုံး အိပ်ခန်းထဲကို သွားကြည့်တဲ့အခါ ... လှလှပပလေးတွေ ပြင်ဆင်ပြီး ကုတင်ပေါ်ကနေ သူ့ကို ပြုံးပြနေတဲ့ သူ့ဇနီးကွမ်းတောင်ကိုင်ကို တွေ့လိုက်ရတဲ့ တရုပ်ကြီး ....
သွားတွေ အဖြီးသားနဲ့ ပြောကြားလိုက်ပုံလေးကတော့--

မီးချောင်ထဲ သွားကြည့်လော့ ငါ...ငို..ရှင်ရှင်
အိပ်ခန်းထဲကို လာကြည့်မိလော့ ငါ...ရီ...ရှင်ရှင်....ဆိုပဲ...

အောင်သာငယ်လည်း အဲလိုပါပဲဗျာ.. ခုတော့ ငို.. ရှင်ရှင်..ရီ...ရှင်ရှင် ဖြစ်နေတဲ့ အခြေအနေတွေကြားထဲက ကဗျာတပုဒ်ရေးလိုက် စာတပုဒ်ရေးလိုက်နဲ့ လက်မလည်ဘူး။ ဒီကြားထဲ ပန်းချီတွေကလည်း ဆွဲလိုက်သေးတယ်။ ပြောရရင် အိမ်ပြောင်းဖို့ စီစဉ်တာက တလလောက် ရှိနေပြီ ခုထိ မပြောင်းဖြစ်သေးဘူး။ အဲဒီကြားထဲ တင်လိုက်မိသမျှတွေကလည်း တခုနဲ့ တခု ဆန့်ကျင်တာတွေ ပါနေတယ်။ ဥပမာ- ပန်းချီကားတချပ် အမည်က နေ့သစ်၊ နောက်တချပ် ကျတော့ ကန္တာရ ဖြစ်သွားပြန်ရော။ ဒါနဲ့ သူငယ်ချင်း တယောက်က မေးပါရဲ့ ဘာဖြစ်နေတာလဲ-တဲ့... စိတ်ညစ်နေတယ်လို့ ကျနော်က ပြန်ပြောတော့ စိတ်ညစ်နေတဲ့သူက သိင်္ဂါရတွေလည်း ရေးနိုင်သလားလို့ အောင်သာငယ်ကို ပြန်မေးပါလေရော.. အော ... ခက်တာပဲ... သည်မှာက ငို ချင်ချင် ရီ ချင်ချင် ဖြစ်နေတာ ဘယ်သူမှ မသိတာကိုး...နော...

သို့သော်လည်း ဒါကိုက ဘ၀ ဖြစ်နေလေတော့ သဘာဝကျစွာပါပဲ ဘ၀ထဲမှာ တက်လိုက် ကျလိုက်၊ မြင့်လိုက် နိမ့်လိုက်၊ ပျော်လိုက် ညစ်လိုက်၊ ငိုလိုက် ရီလိုက်နဲ့ ဖြတ်သန်း လျှောက်လှမ်းနေရတာပါပဲ။ ဒါကိုကပဲ လူဆန်နေလေသလားလို့ တခါတခါလည်း စဉ်းစားနေမိပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ငို ချင်ချင် ရီ ချင်ချင်နဲ့ပဲ
ပြက္ခဒိန်တွေ ထူထဲလာတာပါ။

ငိုချင်သူများ ရီပြီး ရီချင်သူများလည်း ရီကြပါစေဗျား....

ရန်ကုန်လွမ်းချင်း



















ရေညှိ အထပ်ထပ် တက်နေတဲ့ ကျောက်တုံး စိမ်းစိမ်းလို
ကား အိုအိုကြီးတွေ
လူတွေကို မျိုမျိုချထားလိုက်သမှ
ဗိုက်တွေဆို ပြဲကားလို့....

သေနတ်နဲ့အကြိမ်ကြိမ် ပစ်ခံရလွန်းလို့
သွေးစွန်းထားတဲ့
သူ့အသားတွေကိုတောင်
မေ့ထား ချင်ယောင် ဆောင်ရင်း
မျက်မှောင် ခပ်ကြမ်းကြမ်း ကြုပ်ထားကြရရှာတဲ့
ကတ္တရာ လမ်းမများကတော့...
လူသွားလူလာ မပြတ်....

အနှစ် ၂၀ ပြည့်သွားပြီ
လက်သီးဆုပ်ရာကနေ
လက်အုပ်ချီသွားကြတဲ့
လူ့ ငနွားတွေ
ကိုယ့် အရေပြား ကိုယ် ခွာ
ဦးနှောက်ပါ အရောင်းအ၀ယ်ဖြစ်နေတဲ့
ဝတ်လစ်စလစ် ဈေးများ....
စည်စည်ကားကား....

အတတ်ပညာအစား
မြေပုံအမှားတွေကို
သင်ကြားနေကြရတဲ့
ကျောင်းသူကျောင်းသားတွေနဲ့
ဟောင်းမြင်းနေဆဲ စာသင်ခုံများ....
အရင့်အရင်ကပုံစံအတိုင်း...

မီးဖိုချောင်တွေထဲက
ယင်ကောင်မနားတဲ့
ဟင်းအိုးများတောင်
လေးထောင့်စပ်စပ်တွေဖြစ်လို့...
ဘယ်နေရာမှာရပ်ရပ်
နံရံတွေကလွဲရင်
ဟင်းလင်းပြင်ကို မမြင်ရပါဖူးတဲ့
စိတ်ပျက် ညစ်ညူးနေသော စက်ရုပ်များ
လမ်းသွား လမ်းလာ မပျက်တဲ့
အေးစက်စက် ရပ်ကွက်တွေ....

ဈေးအကြီးဆုံးအရာတွေကို
စာရိတ္တနဲ့လဲလှယ်ရာ
မာယာတော...
ဗျာပါတော...
ဗုဒ္ဓေါ သံကြားနေလျက်က
သောက မပျက်
မြို့ကြီးရဲ့ သွေးကြောနက်နက်တွေထဲ
ဆက်လက်ချီတက်မြဲ ချီတက်လို့.....

အရင်အတိုင်းပါပဲလား...
ရန်ကုန်ရယ်...
ငါ့ ရင်ခုန်သံတွေကတော့
နှေးနှေးလာနေပါပေါ့.....

ATN
(သရုပ်ဖော်ပုံကိုတော့ Corel PhotoPaint 12 နဲ့ ဆွဲပြီး Adobe Photoshop မှာ Sharpen Effect နဲ့ Lighting Effects သုံးပြီး Modify ထားပါတယ်)

Aug 18, 2008

ဖာနန်ဒိုနဲ့ အနှစ် ၂၀

အပျင်းပြေ သီချင်းတွေ လျှောက်နားထောင်ရင်းနဲ့ တွေးမိတာလေးတခုကို ရေးမိတာပါ။ ABBA သီချင်းတွေကို ကျနော် တော်တော် ကြိုက်ပါတယ် အကြိုက်ဆုံး Pop Band ကို ပြောပါဆိုရင် သူတို့အဖွဲ့ကိုပဲ ပြောမှာပါ။ သူတို့ သီချင်းတွေ အားလုံးလိုလိုကို ကြိုက်ခဲ့တာပါ။ ဗမာပြည်မှာလည်း သူတို့ သီချင်းတွေကို ကော်ပီ ပြန်ဆိုထားကြတာ အများကြီးပါပဲ။ သို့သော်လည်း သီချင်းတွေရဲ့ နဂိုရ်စာသားတွေ အဓိပ္ပါယ်တွေကို သိဖို့ကတော့ နည်းနည်းတော့ အခက်အခဲရှိပါတယ်။ ကျနော်ကတော့ သီချင်းတပုဒ်ကို ကြိုက်ရင် အားလုံး လိုက်ခံစားနေတတ်တာ ဆိုတော့ စာသားတွေကို ရအောင်ဖတ်တယ်။ စာသားတွေနောက်က အဓိပ္ပါယ်တွေကိုလည်း တတ်နိုင်သမျှတော့ ရှာဖွေကြည့်လေ့ရှိပါတယ်။

ဒီနေ့တော့ ဘာရယ် မဟုတ် ABBA ရဲ့ Fernando ကို ဖွင့်နားထောင်ရင်းနဲ့ ကျနော်တို့ရဲ့ဘ၀တွေနဲ့ တူနေတာလေးတွေကို သွားတွေးမိရင်း စိတ်မကောင်းဖြစ်မိပါတယ်။

ကိုယောဟန်အောင် ရေးထားတဲ့ အနှစ် (၂၀) နဲ့ ဒီလေထု ဆိုတဲ့ ကဗျာတွေကိုလည်း လောလောဆယ်ဆယ်လည်း ဖတ်မိထားတာရယ် ကျနော် ကိုယ်တိုင်လည်း စာမေးပွဲ နဲ့ နှစ်ပေါင်း နှစ်ဆယ် ဆိုတဲ့ ကဗျာ ၂ ပုဒ်ကို ရေးဖွဲ့ခဲ့ဖူးတာဆိုတော့ ABBA ရဲ့ Fernando သီချင်းကို ကိုယ့်ဘ၀တွေနဲ့ ထပ်တူပြုပြီး ပိုခံစားမိသွားပါတယ်။

ကိုယောဟန်အောင်ရဲ့ အနှစ် ၂၀ ထဲက-

အနှစ် ၂၀
ဘာမှ မလုပ်ခဲ့တာတော့ မဟုတ်ဘူး
ဒီလမ်းကိုခင်းတာ ကျောက်တတုံးမဟုတ်..
တကျင်းလည်း ဖြစ်ခဲ့နိုင်တယ်။

အနှစ် ၂၀
ခိုနားရာ အိမ်ကိုရှာတယ်
သစ္စာကို ရှာတယ်
သမ္မာပါလကို ရှာတယ်
ဒီအရာတွေကပဲ ရှားပါးလေရော့သလားကွယ်။


ဆိုသလို ဒီလမ်းကို ဆုံးအောင် ပြီးပြည့်စုံသွားအောင် မခင်းနိုင်သေးတာကို ဆုံးရှုံးမှုတခုလို အားမလို အားမရ ခံစားမိရပါတယ်။

အဲဒီအခါ ကိုယောဟန်အောင်ရဲ့ ဒီလေထု ထဲကလို -

ကမ္ဘာဦးည မှောင်မဲထဲမှာ
ကျနော်ပေါက်ကွဲတယ်... မေမေ
နံရံ ကျောကပ် တန်းစီ ပစ်လိုက်ရရင်တော့
စစ်ဗိုလ်ချုပ်တွေချည်း သက်သက် မဟုတ်လေဘူး
ကျနော်ပါ သွားရပ်ရလိမ့်မယ်။ ။


ကျနော်လည်း သွားရပ်ချင်နေမိတယ်။

သို့သော်လည်း Fernando သီချင်းထဲကလို -

အဲဒီညက လေထုထဲမှာ တခုခု ရှိနေခဲ့တာပေါ့
ကြယ်တွေကလည်း တောက်ပနေတယ် ဖာနန်ဒို
သူတို့တွေက မင်းနဲ့ ငါ့အတွက် လင်းလက်နေကြတာပေါ့
လွတ်မြောက်ရေးအတွက်ဆိုရင် ဖာနန်ဒိုရေ
ငါတို့ ရှုံးနိမ့်မယ်လို့ ဘယ်တုံးကမှ မတွေးခဲ့သလို
နောင်တဆိုတာလည်း မရှိခဲ့ပါဘူး
နောက်တကြိမ် ထပ်ကြိုးစား ရဦးမယ်ဆို
ငါ ထပ်ကြိုးစားဦးမှာပါပဲ သူငယ်ချင်း ဖာနန်ဒိုရေ-

There was something in the air that night
The stars' so bright, Fernando
They were shining there for you and me
For liberty, Fernando
Though we never thought that we could lose
There's no regret
If I had to do the same again
I would, my friend, Fernando-

ဆိုတဲ့ အပိုဒ်ကလေးကိုပဲ စိတ်ထဲမှာ အထပ်ထပ် အကြိမ်ကြိမ် ဆိုငြည်းနေမိပါတယ်။

နောက်တကြိမ်မက အကြိမ်ကြိမ် ထပ်ပြီး ကြိုးစားနေရဦးမယ် ဆိုရင်လည်း ကျနော် ကြိုးစားနေပါဦးမယ်။

Fernando

Can you hear the drums Fernando?
I remember long ago another starry night like this
In the firelight Fernando
You were humming to yourself and softly strumming your guitar
I could hear the distant drums
And sounds of bugle calls were coming from afar

They were closer now Fernando
Every hour every minute seemed to last eternally
I was so afraid Fernando
We were young and full of life and none of us prepared to die
And I'm not ashamed to say
The roar of guns and cannons almost made me cry

There was something in the air that night
The stars' so bright, Fernando
They were shining there for you and me
For liberty, Fernando
Though we never thought that we could lose
There's no regret
If I had to do the same again
I would, my friend, Fernando

Now we're old and gray Fernando
And since many years I haven't seen a rifle in your hand
Can you hear the drums Fernando?
Do you still recall the frightful night we crossed the Rio Grande?
I can see it in your eyes
How proud you were to fight for freedom in this land

There was something in the air that night
The stars' so bright, Fernando
They were shining there for you and me
For liberty, Fernando
Though we never thought that we could lose
There's no regret
If I had to do the same again
I would, my friend, Fernando

There was something in the air that night
The stars' so bright, Fernando
They were shining there for you and me
For liberty, Fernando
Though we never thought that we could lose
There's no regret
If I had to do the same again
I would, my friend, Fernando
Yes, if I had to do the same again
I would, my friend, Fernando...

(သီချင်းမှာပါတဲ့ Rio Grande ဆိုတာက US နဲ့ Mexico ထိ စီးဆင်းနေတဲ့ မြစ်ပါ။ Mexico မှာတော့ Río Bravo - အတိအကျ ပြောရရင် Río Bravo del Norte လို့ ခေါ်ပါတယ်)

Aug 17, 2008

ဘုရားမဲ့
















အချိန်ကာလကိုပဲ...
ပွေ့ဖက်ထားရလေတော့တယ်။

တခြား...ဘာဆိုဘာမှ..
မရှိပြီလေ...။

အတင်းပွေ့ဖက်ထားတဲ့ကြားက
ဘုရားသခင်တွေဟာ...
ခဏခဏပါပဲ...
လွတ်လွတ် ကျနေလေတော့တယ်။

ခုတော့လည်း
ငါ...
လွှတ်ချလိုက်ပါပြီ။

ATN

ကျိန်စာ















နာရီ...တလုံး
အရှုံးအနိုင်တိုက်ပွဲ...တခု
ကောင်းမှု...ကုသိုလ်

နေ့...ဖြစ်ဖြစ်
ည...ဖြစ်ဖြစ်
အချစ်သာ အလင်းလက်ဆုံး

ကမ္ဘာကို ပတ်ချင် ပတ်
ရင်ဘတ်ချင်း တိုက်ရင်တိုက်
အမိုက်မဲဆုံးဟာ
ငါ့ နှလုံးသားသာ ဖြစ်ပါတယ်

စကားတလုံးမှ..မဆိုနိုင်တာ
ချစ်ခြင်းမေတ္တာကို
အားနာလို့...
ငါက ရူးသွပ်တတ်တာကိုး.....

အရူးတယောက်အတွက်တော့
ပြက္ခဒိန်ဆိုတာ
ပါးလှပ်နေတယ်ထင်ပါရဲ့....

ATN

ည၊ လနဲ့ပြူတင်း

















Adobe Photoshop 5.5 နဲ့ပဲ ဆွဲပါတယ်။

နှစ်ဦးသဘော




















Adobe Illustrator 8.0 နဲ့ Adobe Photoshop 5.5 ပေါင်းပြီး ဆွဲထားပါတယ်။ Mouse နဲ့ပဲ ဆွဲထားတာပါ။

ချစ်ခြင်း
















နှလုံးသားကို
အမှိုက်တွေကြားထဲ
ခဏ ခဏ ပဲ
တွေ့တွေ့နေရတယ်။

ငါ့နှလုံးသားကို
အမှိုက်တွေကြားထဲ
ဘယ်သူ လွှင့်ပစ်သွားပါလိမ့်...

တကယ့်တကယ်တော့
အမှိုက်ဆိုတာ
လူတကာ
ဖျောက်ဖျက်ချင်ကြတဲ့အရာ မဟုတ်လား။

ATN
(တချက်ခုတ် ၂ ချက်ပြတ် ပန်းချီရော ကဗျာရော တခါတည်း တင်လိုက်ပါတယ်။ ပို့စ် ၂ ခု ဖြစ်နေမှာစိုးလို့)
သရုပ်ဖော်ပုံကို Adobe Photosop 5.5 သုံးပြီး Wacom Graphire Tablet နဲ့ ဆွဲပါတယ်

Aug 15, 2008

ပြန်စီကြည့်မိသောခြေရာများ


















ဘာလိုလိုနဲ့ အောင်သာငယ် ဘလော့ရေးလာတာ တနှစ်တောင် ပြည့်တော့မယ်။ အဲ..အဲ... မဟုတ်သေးပါဘူး... ၈ လ ကျော်လာပြီ။ ရင်ဘတ်ချင်း ရင်ခုန်သံချင်း တူတဲ့ သူငယ်ချင်း မိတ်ဆွေတွေလည်း အတော့ကို များလာခဲ့ပြီ။ ဟိုးလွန်ခဲ့တဲ့ ၈ လကျော်တုန်းကလို မလည်မ၀ယ် Fresher လေး မဟုတ်တော့ဘူး။ ခုဆို ဆရာ တဆူလို ဘလော့က Template တွေကို ကလိလို ကလိ.. Widget တွေလည်း ထည့်လိုက် ဖြုတ်လိုက်နဲ့ လုပ်ချင်တာတွေ လျှောက်လုပ်နေတာ... တခါတလေဆို သူငယ်ချင်းတွေကိုတောင် ဆရာ လုပ်လိုက်သေးတယ်...ဟိုလို လုပ်ပါလား... သည်လို လုပ်ပါလားနဲ့...။ ဒါနဲ့ ကိုယောဟန်အောင် ပြောမှ ပဲ ရပ်သွားတော့တယ် (ခင်ဗျား အခု ဘလော့ပိုး တော်တော် ထနေပုံရတယ်-တဲ့...း).. ဟုတ်မှာပါ....။

တခုပြောရမှာက သူ့ကို လေးစားအားကျလို့ ကျနော် ဘလော့ စရေးဖြစ်တာပါ။ သူ တခုခုပြောရင် ကျနော်က အလေးအနက် ထားရမှာပေါ့။ စာတွေ ရေးအောင်လည်း သူပဲ ကျနော့်ကို အားပေးခဲ့တာ (အမှန်ကတော့ မြှောက်ပေးတာ ဖြစ်မှာ...)။ ကျနော့် ဘလော့လေး လူရိုသေ ရှင်ရိုသေ ဖြစ်အောင် ကြည့်လို့ ရှုလို့ ကောင်းအောင်လည်း သူပဲ ဟိုလူသည်လူကို စကားပြောပြီး အကူအညီ တောင်းပေးခဲ့တာ။ အမှန်ဆို သူက ကျနော့် ဘလော့ရဲ့ God Father ပေါ့။

ကျနော် ဘလော့ စလုပ်ကာစတုံးက ဇော်ဂျီလည်း မသိသေးဘူး။ ကဗျာတွေကို Adobe Photoshop မှာ စာနဲ့ရိုက်ပြီး jpg format နဲ့ save လုပ်ပြီး ပုံတွေအဖြစ်နဲ့ တင်ခဲ့တာ။ ဘာမှ မသိဘူး။ ပို့စ်တွေ တင်တော့ အင်္ဂလိပ်လို ရေးခဲ့တာ။ သူများ ဘလော့တွေကို သွား လေ့လာရကောင်းမှန်းလည်း မသိဘူး။ နောက်တော့ ကိုယောဟန်အောင်ပြောမှ ဇော်ဂျီကို သိတာ။ ဒါနဲ့ သူ အကူအညီ တောင်းပေးခဲ့လို့ မခင်မင်းဇော် က ကျနော့် ဘလော့အတွက် လိုအပ်တာတွေ လုပ်ပေးခဲ့တာ။ ခုဆို မခင်မင်းဇော်နဲ့ကျနော် မောင်နှမအရင်းတွေ ဖြစ်နေပြီ။ ပြောမနာ ဆိုမနာ။ ပွင့်ပွင့်လင်းလင်း။ အဲဒါက သူ့ကျေးဇူး။

ခုတော့ ဘလော်ဂါ သူငယ်ချင်းတွေလည်း အများကြီး ရနေပြီ။ အဲဒီ သူငယ်ချင်းတွေကပဲ ကျနော် ရေးတဲ့ စာတွေ လာဖတ်၊ ကျနော် စပ်တဲ့ ကဗျာတွေ လာခံစား၊ ထင်မြင်ချက်တွေပေး၊ ခွန်အားတွေပေး၊ ကျနော် ၀မ်းနည်းရင် လိုက် ၀မ်းနည်း၊ ကျနော် ၀မ်းသာရင် လိုက်ဝမ်းသာ၊ ကျနော် စိတ်ညစ်ရင် လိုက် စိတ်ညစ်၊ ကျနော် ပျော်ရင် လိုက်ပျော်...။ အဲလိုနဲ့အတူတူ ရင်ခုန်ရင်းနဲ့ ကျနော့် ဘလော့လေးကို အသက်ဆက် ပေးခဲ့တာ သူတို့တွေပါပဲ။ ကျနော့် ရင်ခုံသံတွေက သူတို့ ရင်ခုံသံတွေဖြစ်။ သူတို့ ရင်ခုံသံတွေကလည်း ကျနော့် ရင်ခုန်သံတွေဖြစ်။ အဲလိုနဲ့ ကျနော်က အဲဒီ သူငယ်ချင်းတွေနဲ့ အတူ ဆက်လက် စီးဆင်း ဖြစ်နေတော့တာကိုး...။

စီးဆင်းနိုင်ခဲ့သလောက် စီးဆင်းခဲ့တာ အခုတော့ နောက်ပြန်လှည့်ကြည့်မိတော့ ခြေရာတွေ ချန်မိခဲ့တာ မနည်းဘူးကိုး။ ကဗျာ (၃၆) ပုဒ်၊ ၀တ္ထုတို (၇) ပုဒ်၊ ပန်းချီ (၄) ကား၊ ခံစားမိသလိုရေးတဲ့စာ (၂၄) ပုဒ် အားလုံးပေါင်း ကိုယ်ပိုင်ခံစားမှု စစ်စစ် (၇၁)ခုတောင် စီးဆင်းဖြစ်ခဲ့ပါပေါ့။ ကိုယ့်ဘာသာကိုယ်တောင် မယုံဘူး။

ခုတော့ အဲဒီလို စီးဆင်းဖြစ်အောင် တိုက်တွန်း အားပေးခဲ့တဲ့ ဘလော်ဂါ သူငယ်ချင်းတွေကို ကျနော့် ခြေရာတွေနဲ့ အတူ မှတ်တမ်းလေး တင်ထားချင်လို့ပါ။ အစီအစဉ်အတိုင်း မဟုတ်ပေမယ့် စိတ်ထဲက ပေါ်လာသလိုလေး အဆင်ပြေသလိုလေး ဖော်ပြပါရစေ။

ယောဟန်အောင်ခင်မင်းဇော်၊ ကေသွယ်၊ မြန်မာပြည်ကိုလွမ်းသူကလူသစ်၊ မောင်ဖုန်းမြင့်၊ ငြိမ်းချမ်းအောင်၊ နှင်းခါးမိုး၊ ဂျစ်တူး၊ ပန်ဒိုရာ၊ နိုင်းနိုင်း၊ ကောင်းကင်ကို၊ သက်ဝေ၊ စိုးဇေယျ၊ မျိုးချစ်မြန်မာ၊ ဇာနီဝင်း၊ ကိုအောင်၊ ကိုမောင်ရင်၊ ငြိမ်းဝေ၊ ဆောင်းယွန်းလ၊ လင်းလက်ကြယ်စင်၊ ခေးအော့စ်၊ ဘကောင်း၊ ပီတိ၊ ၀င်းဇော်၊ မုတ်သုန်၊ မိုးချိုသင်း၊ စိုးထက်၊ မောင်မျိုး၊ ဝေလေး၊ လင်းထက်

မေ့ပြီး ကျန်ရစ်သွားတဲ့သူတွေ ရှိရင်လည်း ပြောကြပါဗျို့....

ကောင်းကင်


ဝေါ့လ်ထ် ဒစ္စနေ အပြာ
ပွင့်ချပ်ဖြူ တလွှာ
ပန်းသီး တမွှာ
ကန္တာရထဲ မြုပ်နှံပြီးတဲ့အခါ
ပင်လယ်ဟာ
လွတ်လပ်စွာ ပျံသန်းနေတော့တယ်။

ATN

ကန္တာရ


Adobe Photoshop 5.5 နဲ့ပဲ ဆွဲထားပါတယ်။ ခုပုံကတော့ Mouse နဲ့ပဲ ဆွဲထားတာပါ။ Digitizer က အလုပ်မလုပ်လို့။