Jul 31, 2009

ဖန်မျှင်အလင်းတန်း၊ ပန်းတပွင့်



















သည်နေ့ဟာ ကျနော့် မိခင်ရဲ့ (၆၉) နှစ်မြောက်မွေးနေ့ပါ။ မနှစ် ၂၀၀၈ ခုနှစ်၊ ဧပြီလ (၁၁) ရက်မှာ ဆုံးပါးသွားခဲ့ရတဲ့ အမေ့အတွက် အမေ့ မွေးနေ့မှာ အမှတ်တရ တခုခု လုပ်ချင်စိတ်က ပြင်းပြင်း ထန်ထန် ရှိနေပါတယ်။ ဒါနဲ့ သည်နှစ် အမေ့မွေးနေ့မှာ ကျနော့် ဘလော့မှာ ရေးလာသမျှ ကဗျာတွေကို ပီဒီအက်ဖ် တအုပ်လုပ်ပြီး အမှတ်တရအဖြစ်နဲ့ စုစည်းမယ်လို့ စိတ်ကူး ရလိုက်ပါတယ်။ ဒါနဲ့ပဲ အဲသည် ကဗျာ စုစည်းမှုကလေးကို “ဖန်မျှင်အလင်းတန်း၊ ပန်းတပွင့်” လို့ အမည်ပေးပြီး စုစည်းလိုက်ပါတယ်။ သည်မှာ သွားပြီး ဖတ်နိုင်ပါတယ်။ ဒေါင်းလုပ် ဆွဲဖို့ အခက်အခဲ ရှိရင်လည်း ကျနော့် ဆီ အီးမေးလ်ပို့ပြီး အကြောင်းကြား နိုင်ပါတယ်။

သည်စုစည်းမှုလေးရဲ့ မျက်နှာဖုံးအတွက် ဓါတ်ပုံတွေ ရိုက်ပေး၊ ဒီဇိုင်းလေးတွေ လုပ်ပေးတဲ့ ဓါတ်ပုံဆရာမ ညီမငယ် ဖိုတိုဂျစ်တူး(မုံရွာ)၊ သူကိုယ်တိုင်ဆွဲထားတဲ့ ပုံတပုံကို အသုံးပြုခွင့် ပေးခဲ့တဲ့ ပန်းချီဆရာမ ညီမငယ် ပန်ဒိုရာ နဲ့ ကျနော့်ပုံတူကို ရေးဆွဲပေးခဲ့တဲ့ သူငယ်ချင်း တို့ကို အထူးကျေးဇူးတင်ရှိကြောင်းလည်း သည်နေရာမှာ မှတ်တမ်းတင်လိုက် ပါတယ်။

Jul 29, 2009

အသိပေးတောင်းပန်ခြင်း

အခုတလော အလုပ်အရမ်းရှုပ်နေပါတယ်။ အလုပ်ရှာရင်း အလုပ်ရှုပ်နေတာပါ။ အစိုးရရဲ့ အလုပ်အကိုင် ရှာဖွေရေး ပရိုဂရမ်တခုဆီလည်း နေ့တိုင်း မနက်မိုးလင်းတာနဲ့ သွားနေရ ပါတယ်။ ပြီးတာနဲ့ အဲသည် ပရိုဂရမ်က Job Listing Board မှာတင်ထားတဲ့ လိပ်စာတွေ အတိုင်း အလုပ်ရှင်တွေရှိရာ သွားရတာပါ။ လူက ကားပေါ်မှာချည့် တချိန်လုံး။ မြို့တကာမြို့ လည်း ခုမှပဲ ရောက်ဖြစ်ပါတော့တယ်။ လမ်းတွေလည်း အတော် နှံ့နေပါပြီ။ တပတ်မှာ ၇ ရက် လုံး လူက လမ်းပေါ်မှာချည့် ဖြစ်နေပါတယ်။ အလုပ်ကတော့ ဘယ်ခါရမလဲ မသိ၊ ဓါတ်ဆီဖိုး ကတော့ အတော်ထိနေပါပြီ။ ဗျူးရတဲ့ အင်တာဗျူးတွေကလည်း မနည်း၊ အမေးခံရတဲ့ မေးခွန်းပေါင်းကလည်း သောင်း ခြောက် ထောင်၊ လူကလည်း နည်းနည်းတော့ အူကြောင်ကျား ဖြစ်ချင်နေပါပြီ။

ဒါကြောင့် စာတွေလည်း သိပ် မရေးဖြစ်ပါ။ အိမ်ပြန်ရောက်ရင်လည်း လူက ပင်ပမ်းနေပါပြီ။ ဘာမှလည်း သိပ် မတွေးဖြစ် မစဉ်းစားဖြစ်တော့ပါဘူး။ သိပ်လည်း အချိန် မရတော့ စာတွေ မရေးနိုင် သလောက်ပါပဲ။ စိတ်ထဲမှာ ရေးချင်တာတွေကတာ့ အများကြီးပါ။ ကိုပီတိ ပြောသလို အကြွေးတွေလည်း ရှိနေသေး။ သည်ကြားထဲမှာ ကဗျာတွေကတော့ ကားမောင်းရင်းလည်း ခေါင်းထဲ ၀င်ဝင်လာ တတ်တာမို့ ရေးဖြစ်ပါတယ်။ ပြောချင်တာကတော့ ဘလော့မှာ ရှေ့လျှောက်ဆို စာတွေထက် ကဗျာတွေသာ ပိုပြီး အတွေ့ရ များပါလိမ့်မယ်လို့ အသိပေးချင် တာပါ။ ဒါကြောင့်မို့ စာတွေ ဖတ်ချင်လို့ လာလည်တဲ့ ညီအကို မောင်နှမတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ စာဖတ်သူတွေကို အားနာတယ်။ အဲသည်အတွက် ကြိုတင်ပြီးတော့ အသိပေး တောင်းပန်ချင်တာပါပဲ။ အချိန်ရရင် အခွင့်အရေး ပေးရင်တော့ စာတွေ ရေးဖြစ်ပါဦးမယ်။ သည်ကြားထဲမှာတော့ အားလုံး အတွက် ဖတ်ဖို့ကောင်းတာလေးတွေ တွေ့ခဲ့ရင်လည်း ပြန်လည် ဖော်ပြပေး သွားပါ့မယ်။

အားလုံးပဲ အစစ အရာရာ အဆင်ပြေကြပါစေ။

Jul 28, 2009

သစ်တပင်၏လွင်ပြင်အလွမ်း










တကယ်က
နေရာမှားနေကြတာပါကွယ့်...
လူသားအားလုံးရဲ့ ကမ္ဘာမြေဟာ
သစ်တပင်ဖို့တော့ ဟုတ်ပုံမရလေဘူး...
စနေဂြိုဟ်သာ...

တကယ်က
သစ်ပင်ဖြစ်နေရတာ
ဝဋ်ခံနေရတာပါကွယ့်...
ငါဟာ ငါ့ရဲ့ကြေကွဲရမှုတွေထဲက
ထွက်ပြေးလို့ကို မရ...

တကယ်က
တောင်တန်းတခုဖြစ်ရတာလည်း
လွဲမှားမှုပါကွယ့်...
တည်ငြိမ်ရဲ့လို့
တချို့က အဓိပ္ပါယ်ကောက်လွဲ...
တောင်တန်းတွေ လှုပ်ခါနေရတာ
သူတို့ခမျာဘယ်သိလိမ့်...

တကယ်က
လတလုံးက ငါ့ပုခုံးမှာ မေးတင်လို့
လွင်ပြင်လေးကို ငေးကြည့်နေ...
တောင်တန်းပေါ်က သစ်တပင်ကတော့
ညကို ပြုံးပြနိုင်ရုံ...

တကယ်က
ဒါဟာ ကဗျာ မဟုတ်ဘူးကွယ့်...
အလွမ်းတွေ
ပြိုကျနေခြင်းသာ...

ATN

Jul 27, 2009

ချဉ်ခြင်း













ဘ၀ကြီးတခုလုံးကို
စာတန်နဲ့ အလောင်းအစား လုပ်ပြီးပြီ...
လာ့စ်ဗီးဂတ်စ် သွားစရာမလို...
ကာစီနိုမှာ ဖဲချပ်တွေ ဆွဲစရာမလို...

နံနက်ခင်းတွေကို
ညနေခင်းတခုအတွက် လှဲကျင်းထားတယ်...
ပရေရီ မြက်ခင်း သွားစရာမလို...
လုမ္ဗနီဥယာဉ် သွားစရာမလို...

ဘ၀ချောက်ကမ်းပါးထဲ
ရဲရဲရင့်ရင့် ခုန်ချခဲ့ပြီးပါပြီ...
နိုင်ရာဂရာ ရေတံခွန် သွားစရာမလို...
ဂရဲင်းကင်ညွန် သွားစရာမလို...

အဖြူနဲ့အမဲကို
ဆွဲဆက်ကြည့်ဖူးတယ်...
ဘဂ္ဂဒက် သွားစရာမလို...
တိဘက်သွားစရာ မလို...

နေ့နဲ့ညရှိနေသရွေ့
အချိန်ကာလကို မေ့နေမယ်...
စကြ၀ဠာထဲသွားစရာမလို...
တွင်းနက်ထဲ ပြိုကျစရာမလို...

မလိုအပ်တာတွေက
များလွန်းလှတယ်...

တကယ် လိုအပ်တာကတော့
မင့် ချစ်ခြင်းနဲ့
လွတ်လပ်ရေး...

ATN
ဇူလိုင် ၁၀၊ ၂၀၀၉

အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့ရောက် မြန်မာပြည်သားများ စုပေါင်းထုတ်ဝေသော ဖူးပွင့်ဝေ စာစုံမဂ္ဂဇင်း အမှတ် (၁) တွင် ဖော်ပြခဲ့သော ကဗျာ

အဝေးရောက်ပင်လယ်မှ ကြိုဆိုခြင်း

အဝေးရောက် ဆိုတဲ့ စကားစုက ဟောသည့်စာမျက်နှာတွေ ကမ္ဘာကြီး ထဲပျံ့နှံ့ စီးမျောသွားဖို့ စုဖွဲ့ စီစဉ်ကြသူ အများစုဟာ အဝေး (ပြည်ပ)မှာ အကြောင်း ကြောင်းကြောင့် ရောက်ရှိ အခြေချ နေထိုင် နေကြရတာကို ရည်ညွှန်းပြီး ..
ပင်လယ် ဆိုတာက လူတဦးချင်းစီ ဘဝ တခုချင်းစီ သိနားလည် သဘောပေါက် လက်ခံထားခဲ့ကြသမျှ အဓိပ္ပါယ်အားလုံးထဲမှာ ၁၉၉၀ ပြည့်လွန်နှစ်ကာလတွေက ထုတ်ဝေခဲ့ဘူးတဲ့ ပင်လယ် မဂ္ဂဇင်းရဲ့ ဝိဉာဉ်ကို ထပ်ပြီး ဖြည့်စွက် ပေါင်းထည့် ထားတာပါပဲ
ဒါကြောင့်....
အဝေးရောက်ပင်လယ်.....
ရေများရာ မိုးရွာနေမိနေတာတော့ မဟုတ်ပါဘူး။ ဖတ်လို့ကို မနိုင်တော့လောက်အောင် ရာနဲ့ ထောင်နဲ့ချီပြီး မြန်မာဘလော့တွေ အရှိန်အဟုန်ကြီးကြီးနဲ့ စီးဆင်းနေတဲ့ ဘလော့ မြစ်ကြီး ထဲမှာ နောက်ထပ် မြစ်ငယ်တစင်း စီးဆင်းလာပါပြီ။ ဒါပေသည့် သည်မြစ်လေး ကတော့ အရှိန် ရနေပြီးတဲ့ စမ်းချောင်းလေးတွေ စုစည်း ပေါင်းဆုံ ရင်ခုန်စွာ စီးဆင်းလာတာပါလို့ ပြောမယ် ဆိုလည်း ပြောလို့ရပါတယ်။ စုဖွဲ့စီးဆင်း လာတဲ့ စမ်းချောင်းတွေကတော့ ခင်အောင်အေး၊ သစ်ကောင်းအိမ်၊ မိုးလှိုင်ည၊ အောင်သာငယ်၊ မောင်ဖုန်းမြင့်နဲ့ လင်းထက်တို့ ဖြစ်ကြပါတယ်။

သည်မြစ်ငယ်လေးရဲ့ အမည်ကတော့ အဝေးရောက်ပင်လယ် ဖြစ်ပါတယ်။ ကဗျာတွေ၊ စာပေတွေနဲ့ အနုပညာတွေကို သည်ပင်လယ်ထဲမှာ စီးဆင်း စိမ့်ဝင်နေစေမှာ ဖြစ်ပါ တယ်။ ညီအကို မောင်နှမတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ စာဖတ်လာသူတွေရဲ့ အချိန် ကာလ တချို့ တလေကို အပို ထုတ်နှုတ်လို့ ရမယ်ဆိုရင် အဝေးရောက် ပင်လယ်ကို တခါတခေါက်တော့ အလည်ရောက်စေချင်ပါတယ်။ အဝေးရောက် ပင်လယ်က အားပါးတရ ကြိုဆိုနေပါ့မယ်။

Jul 26, 2009

ဘ၀ဆိုသည်မှာ (၃)

ဆက်ရေးဖို့ ကျန်နေသေးတဲ့ ဘ၀ဆိုသည်မှာ နောက်တပိုင်းကို နိဂုံးအဖြစ် ဆက်ရေး လိုက်ပါတယ်။ ဆက်တိုက် မရေးဖြစ် တာကတော့ အလုပ်ရှုပ်နေတာရော၊ စိတ်ရှုပ်နေတာရော ပါပါတယ်။ (အဲလိုနဲ့ပဲ အကြောင်းတွေပြပြီး အကြွေးတွေလည်း အတော်များနေခဲ့ပြီ... ဘယ်သူကမှ စိတ်မဆိုးကြလို့ တော်ပါသေးရဲ့...း)

ခုတော့လည်း ဘ၀ဆိုတာ ထိုင်ခုံတခုမှန်း ကျနော်သိသွားခဲ့ပြီ။ ဘာလို့လည်းဆိုတော့ ကဗျာ ဆရာ တင်မင်းထက်က သည်လို ဖွင့်ဆိုထားတယ်လေ။ (သည်မှာ ဖတ်ကြည့်ပါ။)

ဘဝဆိုတာကို အဓိပ္ပာယ် မဖွင့်တတ်ပါ။ အဲဒီတော့ ဘဝ အကြောင်း မပြောတော့ဘူး။ ထိုင်ခုံတွေ အကြောင်း ပြောမယ်။ ဘဝဆိုတာလည်း ပါချင်သေးတော့ ကိုယ့်ဘဝအတွက် ဘယ်ထိုင်ခုံကို ရွေးမလဲ ပြောကြရအောင်။
(တင်မင်းထက်)

ကဲ ကျနော့်ရဲ့ မှတ်စုလေးကို နောက်ထပ်တကြိမ် ပြန်ဖွင့်ပြန်ပါပြီ။

ဘ၀မှာ ပိုလွယ်ပါစေလို့ ဆုမတောင်းနဲ့။ ပိုကောင်းပါစေလို့ ဆုတောင်း။
(ဂျင်မ်ရွန်းန်)

အလျင်မလိုနဲ့။ ဘာမှမစိုးရိမ်နဲ့။ သည်ကမ္ဘာမှာ သင်ဟာ ခဏ အလည်လာတဲ့ ဧည့်သည်ပါ။ ရပ်တန့်ပြီး ပန်းရနံ့ တွေကို ရှူရှိုက်ဖို့လည်း မေ့မနေနဲ့ဦး။
(ဝေါ်လ်တာဟေဂင်)

ဘ၀ကို ပြန်လှည့်ကြည့်လိုက်တဲ့အခါ သင်တကယ် ရှင်သန်နေထိုင်ခဲ့တဲ့ အခိုက် အတန့်တွေ ဆိုတာ ချစ်ခြင်း မေတ္တာနဲ့ အရာအားလုံးကို ပြီးပြည့်စုံစေခဲ့တဲ့ အချိန်တွေသာ ဖြစ်တယ်ဆိုတာ မြင်ရလိမ့်မယ်။
(ဟင်နရီဒရူးမွန်းဒ်)

ပျော်ရွှင်လို့ တေးဆိုနေတာ မဟုတ်၊ တေးဆိုလို့သာ ငါတို့ ပျော်ရွှင်နေတာ။
(၀ီလီယမ်ဂျိမ်းစ်)

လမ်းပိတ်ထားတာနဲ့ ကြုံရရင် ကွေ့သွားလိုက်ပါ။
(မေရီကေအက်ရှ်)

အကြီးအကျယ်ရှုံးနိမ့်ရဲသူတွေသာ အကြီးမားဆုံးအောင်မြင်မှုကိုရတာပါ။
(ရောဘတ်အက်ဖ်ကနဒီ)

အသေအချာ ချိန်ရွယ်ရုံတင်မဟုတ်ဘူး၊ လေးကိုလည်း အစွမ်းကုန် တင်ရမယ်။
(ဟင်နရီဒေးဗစ်သော်ရိုး)

အောင်မြင်ခြင်းနဲ့ အနားယူခြင်းက အတူမနေကြဘူး။
(ရုရှစကားပုံ)

စိတ်စွမ်းအားတွေ ကြီးမားတဲ့အခါ အခက်အခဲတွေက မကြီးမားနိုင်တော့ဘူး။
(မာချီယာဗယ်လီ)

အခွင့်အလမ်းဆိုတာ အခက်အခဲတွေရဲ့ အလယ်ကောင်မှာပဲ ရှိတယ်။
(အဲလ်ဘတ်အိုင်စတိုင်း)

သင့်ကို အရံအဖြစ် သတ်မှတ်ထားသူတွေကို သင့်ရဲ့ဦးစားပေးအဖြစ် ဘယ်သော အခါမှ မသတ်မှတ်မိစေနဲ့။
(အမည်မသိ)

ဘ၀ထဲမှာ အချစ်ဆိုတာ အလုပ်ခန်း အပြင်ဘက်မှာ ထုတ်ထားလို့ ရပါတယ်။ ဒါပေမယ့် သင့်နှလုံးရဲ့ အပြင်ဘက်မှာတော့ ဘယ်တော့မှ ထုတ်ထားလို့ မရဘူး။
(အမည်မသိ)

နေမင်းကြီးနှင့်လွဲသဖြင့် သင် ငိုကြွေးနေလျင် ကြယ်ပွင့်လေးများနှင့်လည်း သင်လွဲရပေဦးမည်။
(ရာဘင်ဒြာနာ့သ်တဂိုး)

လှုပ်ရှားမှုနဲ့ ကစဥ့်ကလျားဖြစ်မှုအလည်မှာ ရောက်နေရင် တည်ငြိမ်မှုသာ ရင်ထဲ ရှိပါစေ။
(ဒီပါ့ခ်ချိုပရာ)

အောင်မြင်မှုတွေအတွက် ပွဲခံပြီး ရှုံးနိမ့်မှုတွေအတွက် ရယ်ပွဲဖွဲ့လိုက်စမ်းပါ။
(ဆမ်ဝေါ်လ်တန်)

အနားယူပါ၊ အလျှော့တော့ မပေးလိုက်နဲ့။ နေတောင်မှ ညနေစောင်းရင် ၀င်သွားရသေးတာပဲ။ ဒါပေမယ့် နောက် တနေ့ မနက်ရောက်တော့ ပြန်ထွက်လာတာပဲ မဟုတ်လား။
(အမည်မသိ)

မနေ့အတွက်ကြေကွဲခြင်းအားဖြင့် သင့်မျက်ရည်တွေကို မဖြုန်းတီးပါနဲ့။
(ယူရီပီးဒီးစ်)

အလဲထိုးခံရတာက အကြောင်းမဟုတ်ဘူး။ သင် ပြန်ထလာသလား မလာဘူးလား ဆိုတာသာ အကြောင်း။
(ဗင့်ဆ်လွန်ဘာဒီ)

နာကျင်မှုတွေကို ရင်စည်းခံ၊ တို့ခရီးလမ်းအတွက် လောင်စာအဖြစ် အသုံးပြုရမယ်။
(ကန်ဂျီမီယာဇာဝါ)

သင်အခု ငရဲကို ဖြတ်သွားနေရပြီဆိုရင်လည်း ဆက်သာဖြတ်သွားလိုက်ပါ။
(၀င်စတန်ချာချီ)

ထင်းရူးပင်တွေရဲ့ စွမ်းရည်နဲ့ခံနိုင်ရည်အားကို ပြဖို့ အကောင်းဆုံး အခွင့်အရေးဟာ မုန်တိုင်း တခုပဲ ဖြစ်တယ်။
(ဟိုချီမင်း)

ရှုံးနိမ့်မှု ရောက်လာတဲ့အခါ သင့် အစီအမံတွေဟာ မဟန်ကြောင်း အချက်ပြ တခု အဖြစ် လက်ခံပါ။ အစီအစဉ် တွေကို ပြန်ပြင်ပါ၊ ပြီးတာနဲ့ သင့်ပန်းတိုင်ဆီ နောက်တခါ ရွက်လွှင့်ချသွားပေတော့။
(နပိုလီယန်ဟေးလ်)

လမ်းမှန်ပေါ်ရောက်နေသည့်တိုင် လမ်းပေါ်မှာ သင် ထိုင်နားနေတာ ဆိုရင်တော့ တိုက်ချ သွားတာ ခံရလိမ့်မယ်။
(ဝေးလ်ရော်ဂျာစ်)

လေထဲမှာ သင် တိုက်ဆောက်ခဲ့ရင် ဘယ်တော့မှ ပျောက်သွားမှာ မဟုတ်ဘူး။ အမြဲတမ်း အဲသည်မှာပဲ ရှိနေမှာပါ။ အခုချိန်ကတော့ သင်တကယ် အုတ်မြစ်ချရတော့မယ့် အချိန်ပါ။
(ဟင်နရီဒေးဗစ်သော်ရို)

ကဲ... ကျနော့်ရဲ့ မှတ်စုလေးက စာမျက်နှာလေးတွေတော့ ကုန်သွားပါပြီ။ အဲသည် မှတ်စုလေးမှာ ရေးစရာ စာမျက်နှာလည်း မရှိတော့ပါဘူး။

ခုတော့ ကျနော့် အရေပြားပေါ်မှာ ကျနော် ကိုယ်တိုင် ရေးခဲ့တဲ့ ဘ၀ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို ဆက်ဖတ် ပေးကြပါဦး...
တချို့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေက သိပ်ကဗျာဆန်နေတယ် ထင်ရင်လည်း ကျနော့်ကို ခွင့်လွှတ်ကြပါ...း)

၁။
ဘ၀ဆိုသည်မှာ အိပ်မက်ရှည်တခုသာ။
တစုံတယောက် လာမနှိုးမချင်း အလင်းရောင်တွေနဲ့ ပျော်ရွှင်လို့။

၂။
ဘ၀ဆိုသည်မှာ မဲလိပ်များစွာ ထည့်ထားသော ခွက်တခွက်ပါ။
ကိုယ့်ဘ၀အတွက်တော့ မဲလိပ်တခုကို ချစ်သူ့လက်နဲ့သာ နှိုက်လိုက်ပါ။
ကိုယ် ကျေနပ်ပါတယ်။

၃။
ဘ၀ဆိုသည်မှာ ချစ်သူ ရှိမှသာ မက်ဖို့ကောင်းသော အိပ်မက်ပါ။

၎။
ဘ၀ဆိုသည်မှာ ၀ဋ်ကြွေးဟူသမျှကို ပေးဆပ်နေရခြင်းသာ။

၅။
ဘ၀ဆိုသည်မှာ
နေသာသောနေ့၊ မိုးရွာသောနေ့၊ နှင်းကျသောနေ့များကို
နှလုံးသားနှင့် ခွဲခြားနေရခြင်းသာ။

၆။
ဘ၀ဆိုသည်မှာ အုန်းသီးတလုံးသာ။
ခွဲကြည့်ပြီးမှသာ အထဲမှာ မည်သည့်အရာရှိသည်ကို သိလိမ့်။
သင့်ဘ၀ကို သင်ခွဲကြည့်လိုက်ပါ။

ထပ်ပြောစရာတွေတော့ ရှိပါသေးတယ်။ ခုတော့ ဘ၀နဲ့ ပတ်သက်လို့ ကျနော့် ကိုယ်ပိုင် အဓိပ္ပါယ်ဖွင့်ဆိုချက် ၆ ခုနဲ့ပဲ ရပ်လိုက်ပါတော့မယ်။ နောက် ကြုံမှပဲ ဆက်ပြောကြတာပေါ့လေ။

ညီအကိုမောင်နှမတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ စာလာဖတ်သူတွေအားလုံး အစစ အရာရာ အဆင်ပြေကြပါစေ။



Jul 25, 2009

အဝေးရောက်ပင်လယ်












“နှင်း”ရေ့...
မလာပဲနဲ့ ရောက်ခဲ့ရတယ်...
မရှာပဲနဲ့ ကောက်ရခဲ့တယ်...
အဝေးရောက်ပင်လယ်...

အို...
ဘာပဲဖြစ်ဖြစ်
လက်ပစ် ကူးခပ်ခဲ့...

ဟိုတဖက်ခြမ်းရဲ့
ကမ်းခြေသဲခုံမှာ
ငါ့အလွမ်းတွေ ပုံချထားခဲ့ဖို့...

ဒါမှမဟုတ်
ငါ့ရင်ထဲက တေးတပုဒ်နဲ့
မင့်ရင်ထဲက တေးတပုဒ်
ရောစပ်ယှက်လုပ်ထားတဲ့
တခွက်တည်းသော ၀ိုင်ဖြူဖြူကို
အတူသောက်ခွင့်ရဖို့ပေါ့
“နှင်း”ရေ့...

ATN

Jul 24, 2009

Europa

ခုတလော အလုပ်ရှုပ်နေလို့ စာမရေးနိုင်တုန်း ညီအကိုမောင်နှမတွေ လာလည်တဲ့အခါ မပျင်းရအောင် သီချင်း တပုဒ် တင်ပေးလိုက်ပါတယ်။ တီးထားတာတော့ ကြာပါပြီ။ ဟိုးလွန်ခဲ့တဲ့ တပတ်လောက်တုန်းက စိတ်ရှုပ်နေတုန်း စိတ်ပြေလက်ပျောက် တီးထားတာပါ။ Carlos Santana ရဲ့ Europa ပါ။ တီးထားတာတော့ သိပ်မကောင်းပါ။ စိတ်ရှုပ်တုန်း ကောက် တီးထားတာဆိုတော့ မူရင်းတီးလုံးရဲ့ အချို့အပိုဒ်လေးတွေလည်း တီးရင်း မေ့ကျန် နေရစ် ခဲ့ပါတယ်။ နောက်တခုက Backing အတွက် keyborad လည်း မပါတော့ အသံတွေကတော့ ခြောက်သွေ့ နေတယ်။ ဂစ်တာရဲ့ Amp ကလည်း Practice Amp ဆိုတော့ သိပ် မကောင်းလှဘူး။ တခါတခါ နောက်က Noise တွေ ထွက်လာနေတာ ကြားရလိမ့်မယ်။ ကျနော့်သားအငယ်ဆုံးလေး အော်နေတာတောင် ကြားရမယ်...း) ဘာပဲဖြစ်ဖြစ် သည်းခံ ခွင့်လွှတ် နားဆင်သွားကြပါပေါ့လေ။

Jul 21, 2009

ပုဂ္ဂလိကမှတ်တမ်း










ဒဏ်ရာတွေနဲ့
ပြန်လာခဲ့တယ်။

အထီးကျန်ညကို
မီးလျှံတစနဲ့
ပြာချပစ်လိုက်တယ်။

ငါ့နံဘေးအနားမှာ
“နှင်း”...
ပြီးတော့
ချစ်ခြင်းမေတ္တာအပြည့်နဲ့
သူငယ်ချင်းတွေ...

ခု လိုအပ်နေတာ
ကဗျာတပုဒ်ပါပဲ။

အဲသည်မှာ
အကို “ခင်အောင်အေး”အတွက်
တေးတစ...
“သစ်ကောင်းအိမ်”အတွက်
စာတကြောင်း...
“မောင်ဖုန်းမြင့်”အတွက်
စကားတလုံး...
“အိန္ဒြာ”အတွက်
ကာရန်တစ...
“မနော်ဟရီ”အတွက်
နရီတခု...
“မေငြိမ်း”အတွက်
သစ်ရွက်စိမ်းတရွက်...
အဲသည်ကဗျာမှာ
ငါ ဖြည့်စွက်မယ်။

ယနေ့မှ စ၍
နက်ဖန်များစွာမှာ
ကမ္ဘာမြေသည်
ကဗျာတွေနဲ့
ငြိမ်းအေးခြင်း ရှိစေသတည်း...။

ATN

ဘ၀ဆိုသည်မှာ (၂)

ဘ၀နဲ့ ပတ်သက်လို့ ကိုယ်ပိုင် အမြင်လေးတွေ ကိုယ်ပိုင် ဖွင့်ဆိုချက်တွေ ဖော်ပြပေးသွားကြတဲ့ ညီအကို မောင်နှမတွေ မိတ်ဆွေ သူငယ်ချင်းတွေကို ကျနော် ကျေးဇူးတင်ပါတယ်။

အောက်မှာ သူတို့ရဲ့ အမြင်လေးတွေကို ကျနော် မှတ်တမ်းတင်လိုက်ပါတယ်။

ဘ၀ဆိုတာတိုက်ပွဲပါဘဲ။
(အမည်မဲ့)

ဘ၀ဆိုတာ တိုက်ပွဲ ... တိုက်ပွဲထဲမှာ ရှုံးနိမ့်ခြင်းနဲ့ အောင်မြင်ခြင်း နှစ်မျိုးရှိတယ်..
အဲဒီ နှစ်ခုဘယ်အရာက ရာခိုင်နှုန်းပိုများမလဲလို့ စောင့်ကြည့်ရဦးမယ်.....
(မီးငယ်)

အဲဒီ ဘဝ ဆိုတာကြီးကို မသင်္ကာတာကြာပြီ...
(မနော်ဟရီ)

ဘ၀ ဆိုတာ အဆုံးအစ ရှိတဲ့ ခရီး တခုလို့ဆိုမယ်။
ခြေတချောင်းက အနာဂတ်ကို လှမ်း..မျှော်မှန်းရင်း၊
ခြေတချောင်းက အတိတ်အကြောင်းမှာ ငြိတွယ်နေတတ်တယ်။
(မသီတာ)

ဘ၀ဆိုသည်မှာ တစ်နေ့ပြီးတစ်နေ့ နေပျော်ရန်နှင့် တန်ဖိုးတက်ရန်
လေ့ကျင့်ရာ နေရာတစ်နေရာဖြစ်သည်ဟု မှတ်ယူမိသည်။
(ရေတမာ)

အခု ဆက်ပြီးတော့ ကျနော့်ရဲ့ မှတ်စုလေးကို ထုတ်ဖတ်လိုက်ပါဦးမယ်။

ဘ၀ဆိုတာ သင်ကိုယ်တိုင်ဖြစ်ပြီး
အဲသည်ဖြစ်ရှိခြင်းရဲ့ အသေးမွှားဆုံးလေးတွေကစလို့ အရာအားလုံးကို မြတ်နိုးတတ်တဲ့
တခြား တစုံတယောက်ကို ရှာဖွေနေရခြင်းလည်းဖြစ်တယ်။

(ရေးသူ မသိ)

ကိုယ်တိုင် နှစ်သက်သဘောကျတဲ့ အလုပ်တခုကို ရွေးချယ်လိုက်ပါ။ အလုပ်လုပ်နေရတယ်လို့ တဘ၀လုံး ထင်တော့မှာ မဟုတ်ဘူး။
(ကွန်ဖျူးရှပ်)

ငါ့ရဲ့ အကောင်းဆုံး အိပ်မက်နဲ့ အဆိုးဆုံးအိပ်မက်ထဲမှာ ဇာတ်ကောင်တွေက အတူတူချည်း။
(ဖိလစ်ပိုးစ်)

ဘ၀ကို ချစ်ခင်လိုက်ပါ၊ ဘ၀က သင့်ကို ချစ်ခင်လိမ့်မယ်။
လူတွေကို ချစ်ခင်လိုက်ပါ။ လူတွေက သင့်ကို ပြန်ချစ်ခင်ပါလိမ့်မယ်။
(အာသာရူဘင်စတိုင်း)

ငါ လိုချင်တာက မင့် သူငယ်ချင်းတယောက်အဖြစ်၊
ငါ အိပ်မက်မိတာက မင့် ချစ်သူတယောက်အဖြစ်။
ဘ၀က ငါ့ကို တကယ်ပေးတာတော့ မင့်နဲ့ အဝေးဆုံးနေရာ။
(ရေးသူ အမည်မသိ)

အချစ်မရှိတဲ့ ဘ၀ဆိုတာ ပန်းတွေ မပွင့် သစ်သီးတွေ မထွက်တဲ့ အပင်လိုပဲ။
(ခါလေးလ်ဂျီဘရန်)

ဘ၀မှာ တခါတခါ ချာတိတ်တယောက် ပြန်ဖြစ်ချင်တယ်။
ဘာလို့လဲဆိုတော့ ဆော့လို့ ကွဲခဲ့တဲ့ ဒူးအနာကို ပြန်ချုပ်ရတာက
ချစ်လို့ ကွဲခဲ့တဲ့ အသည်းကို ပြန်ကုရတာထက် အများကြီး လွယ်ကူလို့ပါ။
(ရေးသူ အမည်မသိ)

ဘ၀ဆိုတာ ဖန်ခွက်တခွက်လိုပါပဲ။
မတော်တဆ ကျကွဲသွားပြီးတဲ့အခါ
နဂိုရ်အတိုင်းဖြစ်အောင် ဘယ်လိုမှ ပြန်ဆက်လို့ မရပေဘူး။
(ရေးသူ အမည်မသိ)

နေ့တိုင်းဟာ အကောင်းဆုံးနေ့တွေချည်းပါ့။
ဒါ ငါ့ဘ၀ပဲ။ သည်အခိုက်အတန့်ကို ဘယ်တော့မှ ပြန်မရဘူး။
(ဘာနီးဆီဂဲလ်)

ဘ၀ဆိုတာ မင်းဖြစ်စေချင်တဲ့အရာ မဟုတ်ဘူး။
ဘ၀ဆိုတာ မင်း ဖြစ်လာအောင် လုပ်နေတဲ့အရာ။
(အန်သော်နီရိုင်ယန်)

ဘ၀က မင်းကို ရှောက်သီးတွေ ပေးတဲ့အခါ
ရှောက်ချိုသီးဖျော်ရည် လုပ်လိုက်စမ်းပါ။
(ဂျုံးကောလင်းစ်)

မင်း ပန်းချီဆွဲလို့ မရဘူးလို့ မင့်ကိုယ်ထဲက အသံတခုက ပြောတာ ကြားရင်
မင်း တတ်သမျှနည်းတွေနဲ့ ပန်းချီ ဆွဲလိုက်ပါ။ အဲသည်အသံ တိတ်သွားလိမ့်မယ်။
(ဗင်းဆင့်ဗန်ဂိုး)

ခွန်နှစ်ကြိမ် သင်လဲကျခဲ့ရင်
ရှစ်ကြိမ်မြောက်အဖြစ် ပြန်ထလိုက်ပါ။
(ဂျပန်စကားပုံ)

ဖိအား မရှိရင်။ စိန်ဆိုတာလည်း မရှိဘူး။
(မေရီကေ့စ်)

အကောင်းဆုံးသော အိပ်မက်တွေဆိုတာ သင်နိုးထနေချိန်မှာသာ မက်တာပါ။
(ချာလီဂီလ်ဒါဘလွန်းမ်)

မင့်ဘ၀ကို ထူးခြားတဲ့ဝတ္ထုတပုဒ်ဖြစ်စေချင်ရင်
စာရေးသူဟာ မင့်ကိုယ်တိုင်ဖြစ်တယ်ဆိုတာရော
နေ့တိုင်းမှာ စာမျက်နှာအသစ်တခုကို ရေးခွင့်ရှိနေတယ်ဆိုတာရော နားလည်ထားပါ။
(မာ့ခ်ဟူလာဟန်)

ယမန်နေ့ဆိုတာ သင်ယူဖို့။ သည်ကနေ့ကတော့ ရှင်သန်ဖို့။ မနက်ဖန်ကတော့ မျှော်လင့်ဖို့။
(အဲလ်ဘတ်အိုင်စတိုင်း)

အဆိုးမြင်သူဟာ တိမ်တွေရဲ့ မဲနက်တဲ့ အခြမ်းကိုပဲ မြင်တယ်။ စိတ်ဓါတ်ကျနေရော။
အတွေးအခေါ်ပညာရှင်ကတော့ နှစ်ဖက်လုံးကို မြင်တယ်။ ပြီး (ဘာမှမရေးမကြီးတဲ့ပုံနဲ့) ပုခုံးတွန့်တယ်။
အကောင်းမြင်သူကတော့ တိမ်တွေကို လုံးဝကို မတွေ့လိုက်ဘူး။ ဖြတ်လျှောက်ချသွားတာပဲ။
(လီယိုနာ့ဒ်လူးဝစ္စလယ်ဗင်ဆန်)

မျှော်လင့်ခြင်းကို သင်ရွေးချယ်သွားပြီးသည့်အခါ အရာရာ ဖြစ်နိုင်လာပါပြီ။
(ခရစ္စတိုဖာရိဗ်)

အလွန်ခက်ခဲသောအချိန်ကာလများသည် ထာဝရမဟုတ်။
ခံနိုင်ရည်ရှိသူများသာ ထာဝရဖြစ်လေသည်။
(ဒေါက်တာရောဘတ်စခူးလာ)

ချွေးတွေထဲမှာ ဘယ်သူမှ နစ်မသေဘူး။
(ယူအက်စ်မရိန်းဆောင်ပုဒ်)

အတားအဆီးတွေဆိုတာ ပန်းတိုင်ကနေ သင့်မျက်လုံးတွေ လွဲသွားတဲ့အချိန်မှာ မြင်ရတဲ့ ကြောက်ရွံ့ဖွယ်အရာတွေပဲ။
(ဟင်နရီဖို့ဒ်)

အကြောင်းတခုကြောင့် ငါသည်ကို ရောက်လာတယ်။
အဲသည် အကြောင်းဟာ တောင်တလုံးအဖြစ် ကြီးထွားလာဖို့ပါပဲ။
သဲတမှုန်လို သေးမွှားသွားဖို့ မဟုတ်။
(အော့ဂ်မန်ဒီနို)

ပျော်ရွှင်ခြင်းရဲ့ တံခါးတချပ် ပိတ်သွားတဲ့အခါ နောက်တံခါး တချပ်က ပွင့်နေပါသေးတယ်။
ခက်နေတာက တို့အတွက် ပွင့်နေတဲ့ တံခါးတွေကို မမြင်နိုင်တော့လောက်အောင်
ပိတ်သွားတဲ့ တံခါးကိုပဲ ငါတို့ အကြာကြီး ကြည့်နေမိကြတာပါပဲ။
(ဟယ်လင်ကယ်လာ)

ဘ၀မှာ သင်လုပ်သင့်သောအရာများ -
ကမ္ဘာမြေ၊ နေမင်းနဲ့ တိရိစ္ဆာန်တွေကို ချစ်ပါ။
လူချမ်းသာတွေကို စက်ဆုပ်လိုက်ပါ။
တောင်းစားနေသူတွေကို လှူပါ။
မိုက်မဲသူ၊ ရူးသွပ်သူတွေအတွက် ရပ်တည်ပေးပါ။
သူတပါးအတွက် ဆောင်ရွက်ပေးပါ။
မင်းဆိုးတွေကို မုန်းပါ။
ဂရုမစိုက်တတ်တဲ့ ဘုရားသခင်တွေနဲ့ အငြင်းအခုန်လုပ်ပါ။
(ဝေါ့လ်တ်ဝှစ်တမန်း)

သင်ကိုယ်တိုင် ကဗျာဆရာတယောက် မဖြစ်နိုင်တော့တဲ့အခါ ကဗျာတပုဒ် ဖြစ်လိုက်ပါ။
(ဒေးဗစ်ဒ်ကာရာဒင်း)

မုန်တိုင်းအပေါ် နင်းတက်လိုက်ပါ။ နေရောင်ကို သင်မြင်ရလိမ့်မယ်။
(မာရီးယိုဖာနန်ဒက်ဇ်)

နေရောင်ကို မျက်နှာမူလိုက်ပါ။ အရိပ်ကို မင်း ဘယ်တော့မှ မြင်ရမှာ မဟုတ်ဘူး။
(ဟယ်လင်ကယ်လာ)

ဆိုချင်တဲ့သူဟာ သီချင်းတပုဒ်ကို တွေ့ကိုတွေ့တာပဲ။
(ဆွီဒင်စကားပုံ)

ဘ၀မှာ ပြန်မရနိုင်တဲ့အရာတွေ ရှိတယ်။
ချောက်ထဲသို့ ပစ်ချလိုက်သော ကျောက်ခဲများ။
ပြောပြီးသော စကားများ။
လွဲချော်သွားသော အခွင့်အရေးများ။
ပြီးဆုံးသွားသော အချိန်များ။
(ရေးသူ အမည်မသိ)

သင့်တွင်ရှိသမျှသော အိပ်မက်များနှင့် ဆန္ဒများကို သင်ကိုယ်တိုင်က ပြီးပြည့်စုံစေပြီး ထိုသို့ ပြုလုပ်ရန်လည်း သင့်မှာ အစွမ်းရှိနေမှသာ အောင်မြင်မှုဆိုသည်ကို သင်ပိုင်ဆိုင်နိုင်ပေမည်။
(ဒေါက်တာအပါးနားပရဒ်ဟန်)

(ဆက်လက်ဖော်ပြပါမည်)

Jul 19, 2009

ရေနောက်ရာ မြက်ခြောက်ရာ

ရေနောက်ရာ မြက်ခြောက်ရာ
(ရေးသူ -ကျော်သက်ထွေး)

“သေချင်းဆိုး မိုးကလည်း ရေသွန်သလို ရွာချနေတော့တာပဲ။ တိတ်တယ်ကို မရှိ တော့ဘူး။ မီးကလည်းမတောက်နိုင်ဘူး”

မဗိုက်တယောက် စက္ကူဟောင်းတချပ်နဲ့ မီးသွေးဖိုကို တဖြတ်ဖြတ် ယပ်ခပ်ရင်း မိုးကို ကျိန်ဆဲနေသည်။ သူ့ ဘေး ဖျာစုတ် တချပ်ပေါ်၌ သူ့ သား သီဟ တယောက် မီးသွေးခဲ တတုံးနှင့် ဟိုခြစ် သည်ခြစ် လုပ်နေ၏။ မဗိုက်တို့ သားအမိ ဘ၀က ကြမ်းတမ်း ဆင်းရဲ လွန်းသည်-ဟုပင် ပြောရပါမည်။ မဗိုက် ဒီခလေး မရခင်အဖြစ်ကလည်း ရယ်ရခက် ငိုရခက်မျိုး။

မဗိုက်က မော်လမြိုင်သူ၊ မဗိုက် ၁၆ နှစ်အရွယ်မှာ မိဘနှပါးစလုံး ရှေ့ ဆင့်နောက်ဆင့် ဆုံးပါး သွားတော့ အဖွားက ခေါ်ထားရရှာသည်။ မိဘ မောင်ဖွား သားချင်းတွေကလည်း အိုးခွဲ အိမ်ခွဲတွေ ဖြစ်ကုန်ပြီလေ၊ အစ်ကိုတွေ အမတွေ မော်လမြိုင်မှာ ရှိကြသေး၏။ ငယ်ငယ် ရွယ်ရွယ်နှင့် လုပ်ကိုင် စားသောက်ဖို့ကလည်း မသိ၊ ပညာ ကလည်း ရေးတတ် ဖတ်တတ်ရုံ၊ တနေ့ တော့ မဲဆောက်က ပြန်လာတဲ့ အိမ်နားက အမတွေကို ကြည့်ပြီး မဗိုက် အံ့သြနေသည်။ ၀တ်တာ စားတာကလည်း အပျံစားတွေ ပိုက်ဆံ ဆိုတာလည်း အထပ်လိုက် အထပ်လိုက် သုံးလိုက်ကြတာ တကယ့် လူချမ်းသာတွေလိုပဲ။ သူတို့ မိဘတွေက သူလို ကိုယ်လို လုပ်ကိုင် စားသောက်ကြတဲ့ ကျပ်ကျပ် တည်းတည်း ချို့ချို့တဲ့တဲ့တွေ ဘာကြောင့် သူတို့ တွေ ဒီလောက် သုံးနိုင်စွဲနိုင်လဲပေါ့။

တညနေ အဲဒီ့ အမတယောက်ကို မ၀ံ့မရဲ နှုတ်ဆက်ပြီး မဲဆောက်အကြောင်း တီးခေါက် မေးမြန်း ကြည့်ပြီး တညလုံး မဗိုက် အိပ်မပျော်တော့ဘူး။ မျက်စေ့ထဲမှာ မီးရောင်စုံ တထိန်ထိန် ၀တ်ကောင်းစားလှ ဘောင်းဘီတွေ စကပ်တွေ ကားတွေ လူတွေကို အိမ်ခေါင်မိုးမှာ တွေ့နေ ရသလို တွေ့ နေရတော့၏။

တမနက် လမ်းထိပ်မှာ ဟိုနေ့ က အမတွေကို တွေ့ တော့ မဲဆောက်ကို ဘယ်လိုလာရလဲ မေးကြည့် ထားလိုက်သည်။ လွယ်မှ လွယ်လို့ အတွေးနဲ့ မဗိုက် ကျေနပ် ပီတိ ဖြစ်နေရှာသည်။

ဒါနဲ့ပဲ ဒီမဲဆောက်ကို အရောက် လှမ်းဖို့ မဗိုက် ကြံသည်။ စိတ်ကတော့ အိပ်မက်တွေကို ခရီးဆောင် တပတ်ရစ် အိတ်မှာ သိုလှောင်ပြီး တပွေ့ပွေ့။ အဖွား မသိအောင်လည်း အမေ အမွေ ထားခဲ့သည့် နားကပ်လေး တရံကို ထုခွဲဖို့ ဈေး သွားမေး ထားပြီးပြီ။ တရက် မဗိုက် ဖားအံ မြ၀တီကား အတက်အဆင်းအကြောင်း သွားစုံစမ်းတာ အိမ်ပြန် နောက်ကျရမလားဆိုပြီး အဖွားက ရစရာမရှိအောင် ဆူသည်။

“နင့်ကိုယ်နင် ဘာထင်နေလဲ၊ အချိန် မတော် ဟိုသွား ဒီသွား ကောင်းမယ်များ ထင်နေသလား။ ကောင်မ ဖာဖြစ်သွားမယ် ဘာမှတ်လဲ” တဲ့။

တညလုံး အဖွားနဲ့  စကားများကြသည်။ အဖွားကို စိတ်က နာနာကျည်းကျည်း ဖြစ်မိသည်။ အရုဏ် တက်တော့ မဗိုက် ဖားအံ ကားပေါ် ရောက်နေပြီ။ စိတ်က လှုပ်ရှားနေပေမယ့် စိတ်နှလုံး ဒုံးဒုံး ချထားလိုက်ပြီကို။ ကံကောင်းတယ်ပဲ ပြောရမလား။ ကားထွက်ခါနီးတော့ အသိ ကောင်မလေး နှစ်ယောက် တက်လာသည်။

“နှုတ်ဆက်ခဲ့တယ် မော်လမြိုင်။ ကန်တော့ခဲ့ပါတယ် ကျေးဇူးရှင်အဖွား”

မဲဆောက်ကို ရောက်လာတဲ့အထိ ချောမှချော ပြေမှပြေ။ အသိ မိန်းခလေးတွေက မဲဆောက် ရောက်ဖူး ကြသူတွေ။

“နင်တို့  ဘယ်သွားကြမှာလဲ” လို့  မေးမိတော့
“တို့ အကိုတွေ အမတွေဆီ သွားမှာ။ သူတို့ က ဈေးထဲမှာ လာကြိုကြမှာ” တဲ့။
သူတို့အကိုတွေ အမတွေက အပ်ချုပ်စက်ရုံမှာ အလုပ် လုပ်နေကြ တာတဲ့။
“ငါလုပ်လို့ မရဘူးလား” လို့ မေးတော့ နေထိုင်ခွင့်တို့ အလုပ်လုပ်ခွင့်တို့ ရှိမှတဲ့။
“နောက်ပြီး နင်က အပ်ချုပ်တာလည်း တတ်မှမတတ်ပဲ”
“ကျေးဇူးတင်ပါတယ်ဟယ်။ တကယ်လို့ များ အလုပ်လေး ဘာလေးရှိရင် ငါ့ကိုပြောပါ” ပေါ့
“ဒီလိုလုပ်။ ငါတို့ တွေ ဈေးထဲသွားကြမှာ နင်လိုက်ခဲ့။ တို့ အကိုတွေက အဆက်အသွယ် တချို့ ရှိတယ်။ တို့ အကိုကို စုံစမ်းခိုင်းမယ်”

ဈေးထဲမှာ လျှောက်သွားနေတုန်း မိန်းခလေး တယောက် အလိုရှိသည် ဆိုတဲ့ ဆိုင်းဘုတ် လေးတွေကို စာလုံး ပေါင်းဖတ်ပြီး အသိကောင်မလေးတွေကို အားကိုးတကြီး ငေးကြည့် နေမိသည်။

ချိန်းထားတဲ့ ဆိုင်တဆိုင် ရောက်တော့ သူ့အကိုတွေနဲ့တွေ့၊ ကောင်မလေးတွေက အကျိုး အကြောင်း ၀ိုင်း ပြောပေး ကြတော့ အဆင်ပြေတယ် ပြောရမှာပဲလေ။ သူတို့ မိတ်ဆွေ တယောက်၏ ထိုင်း သူဌေး တယောက် စားသောက်ဆိုင်မှာ စားပွဲထိုး အိမ်ဖော် အလုပ် ရခဲ့သည်။

ကိုယ့်ရပ်ရွာသားတွေရဲ့ ကူညီခဲ့တာတွေကို ဆပ်လို့ရယ် ဘယ်မကုန် ကျေးဇူးဂုဏ် အသေင်္ချေ အဖြစ် မှတ်ယူ ခဲ့သည်။ အဲဒီနေ့ က ကောင်မလေးတယောက်က သူ့ အကိုကို မေးနေတာတွေ မဗိုက် အငေးသား နားထောင် မိရင်း အိမ်ပြန်ရ ကောင်းမလား စဉ်းစားမိပြန်သည်။
“အကိုလေး ဟို ခင်မျိုးဝေ အကိုနဲ့ တွေ့သေးလား”
“တော်ပါဟာ ဒီကောင်မတွေအကြောင်း။ ထိုင်းသူဌေးမယားငယ် လုပ်သွားပြီ။ မိဘဆွေမျိုး မျက်နှာတောင် မထောက်ဘူး။ သူဌေးလိုလို ခွေးလိုလို အစားတွေ”
“အောင်မလေးတော်။ ဒါနဲ့  နီနီခင်ရော”
“အဲဒီ့ကောင်မက ပိုဆိုးသေးတယ် ထိုင်းပုလိပ် တိတ်တိတ်ပုန်းမယားငယ်”
“ ရှင် အလိုလေး ဘုရားရေ”

-------------------------------------------------

မဗိုက်လုပ်ရသည့်ဆိုင်ကလည်း ပင်ပန်းလွန်းလှသည်။ မနက် ၃ နာရီထ ဆေးရကြောရ၊ ချက်ရပြုတ်ရ လျှော်ရဖွတ်ရ၊ သိမ်းရဆည်းရနဲ့ ည ၁၂ နာရီထိုးမှပဲ ရေချိုး အိပ်ရာဝင်ရသည်။ ထိုင်းစကား မပေါက်တော့ ခိုင်းတာလည်း ကောင်းကောင်း နားမလည် သူဌေးမ ဆူတာချည်း နေ့ တဓူဝ ခံနေရသည်။ မဗိုက်အရင် ၂ နှစ် လောက်က လုပ်နေသည့် ကရင် အမကြီး တယောက် စကားပြန်ပေး စကားသင်ပေး ဖေးဖေးမမ စောင့်ရှောက် ပေလို့သာ၊ ကရင် အမကြီးက သဘောသကာရ ကောင်းရှာသည်။ ထိုင်းရောက်ရင် ဘယ်လိုနေ ဘယ်လိုစား ဘယ်လိုသွား ဘယ်လိုထိုင်က အစ ည အိပ်ရာဝင်တိုင်း သင်ပေးရှာသည်။

ငါ့ရည်ရွယ်ချက် တနေ့ ပြည့်ရမယ် ဆိုတဲ့ စိတ်နဲ့  မောင်းတင်ခဲ့ပေမယ့်။ ၂ လခန့် ရှိခဲ့ပြီ။ မဖြစ်စလောက် မ၀ရေစာ ထိုင်းထမင်းကို စားနေရပေမယ့် တကြိမ်တခါမှ ထိုင်းပိုက်ဆံကို ကိုင်မသုံးရ၊ လခမရ။ လခက တလ တထောင်။ အမ ကရင်မကို တောင်းခိုင်းတော့ “ငါသွားတောင်းရင် ငါပါ အလုပ်ထုတ်ခံရမှာပေါ့” တဲ့၊ “ငါစလုပ်တုန်းက ၈ လ လောက် မရခဲ့ဘူး” တဲ့။ ဒါနဲ့ နောက်နေ့ မနက် သူဌေးမ ဆင်းလာတော့ လခပေးပါလို့ သွားတောင်းသည်။ မကရင်ကို စကားပြန်ခိုင်းသည်။
“လက်မှတ်မရှိပဲ အလုပ်ခိုင်းထားတာ”တဲ့၊ သနားလို့ ကျွေးထားတယ်ဆိုတဲ့အပေါက်။
“ရဲကို ခေါ်ဖမ်းလို့ ရတယ်” ဆိုပြီး ငေါက်သည်။ ခနနေတော့ မကရင်မက ဈေးကို အချိုမှုန့် သွားဝယ်ခိုင်းသည်။ ငွေ ၅၀ ဆယ် ပေးလိုက်၏။ ဆိုင်နဲ့ ဈေးနဲ့က ကျောချင်းကပ်။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဆိုင်နဲ့ ဝေးနိုင်သမျှ ဝေးအောင် ပြေးခဲ့မိသည်။

ပြေးမဲ့သာပြေးခဲ့ရသော်လည်း ဘယ်ရောက်၍့ ဘယ်ပေါက်မှန်းမသိ။ လမ်းဘေး ကုက္ကိုပင်အောက် ၀င်ထိုင် လိုက်စဉ် အဖွားအိုတဦး အထုပ်တထုပ်ချ၍ ထိုင်နေသည်ကို ကုက္ကိုပင်နောက်ဖက်၌ တွေ့ ရသည်။ အဖွားအိုက သူ့ကို ဂရုမပြုအား မျက်လုံးလေးမှေးစက်၍ အမောဖြေနေပုံရသည်။ တအောင့်နေမှ မျက်လုံးဖွင့်၍
“ညည်းက ဘယ်က ပြေးလာတာလဲ”
“ရှင် ကျမ ပြေးလာတယ်၊အဖွား ဘယ်လိုလုပ်သိလဲ”
“ငါဒီမဲဆောက်မှာနေလာတာ ၁၀ နှစ်ကျော်ပါပြီဟယ်၊ ညည်းလိုမိန်းခလေးတွေ ခနခန တွေ့ ဖူးတယ်”
“ရှင်... ”

ဇာတ်လမ်းချုံ့ လိုက်တော့ မဗိုက် ထိုအဖွားနောက် လိုက်ပါခဲ့သည်။ အဖွားက စီးပွားပျက် သူဌေးတဦးပိုင် ခြံပျက်ကြီး တခြံထဲရှိ တိုက်ပျက်တလုံးတွင် နေသည်။ ဒီခြံကြီးထဲတွင် တိုက် ပျက် ၆ လုံးရှိသည်။ ပိုင်ရှင်သူဌေးက ဘန်ကောက်မှာ နေသည်။ ထို ခြံစောင့်များ အဖြစ် အဖွား၏ အကိုဖြစ်သူနှင့် တူများက ထိန်းသိမ်း နေထိုင်ကြ၏။ အဖွား နေထိုင်သည့် ဧည့်စာရင်း မတိုင်ရသော်လည်း တောမောဆိုသူတွေ နေ့နေ့ ညည ဖမ်းတတ် ဆီးတတ် ကြမ်းတတ် ရမ်းတတ်သော တိုက်ပျက် တလုံးတွင် အဖွားနှင့် ကြုံရာ ကျဘမ်း လုပ်ကိုင် စားသောက်ရင်း ဘ၀ကို ခရီးဆက်ခဲ့ ရပြန်သည်။

၃ လလောက် ရှိတော့ အဖွားက
“တို့ အိမ်ပြောင်းမှဖြစ်မယ်။ ဒီတိုက်ပျက်မှာက မီးမရှိတံခါးမရှိ၊ ညည်းက အပျိုရွယ်လေး တခုခုဖြစ်သွားရင် မကောင်းပါဘူးအေ...”
“ဘယ်ပြောင်းမှာလဲအဖွား”
“ဒီနားပါပဲ အေ... ဒီ့ထက်နည်းနည်း စိတ်ချလုံခြုံတဲ့နေရာပေါ့။ ဟိုနားပါ ကျွန်းတောစု...”

------------------------------------------

တနေ့မနက်ခင်း ရပ်ကွက်ထဲမှာ သာရေးနာရေး ဘာရေးညာရေးမှာ မပါမပြီးတဲ့ ဘိုးတော် မြင့်သန်းနဲ့ ဒေါင်ချာ မောင်စိုင်းတို့ နှစ်ယောက် ကျွန်တော့်အိမ် ရောက်လာသည်။
“ဆရာ ညနေကျရင် လိုက်ခဲ့ပါအုန်း”
“ဘာ အရေးပေါ်ပြန်ပြီလဲ ဘိုးတော်”
မောင်စိုင်းက
“ဒီလိုပါဆရာ လွန်ခဲ့တဲ့ ၆ လလောက်က အဖွားသိန်း ခေါ်ပြီး စောင့်ရှောက်ထားတဲ့ ကောင်မလေးလေ၊ မိခင်အေး ဆိုတာ အဲဒါ ကျွန်းစုထဲက ငကြွက်နဲ့  ယူမလို့ ။ ရပ်ကွက်က လူကြီး လေးငါးခြောက်ယောက် ဖိတ်ပေးပါဆိုလို့... ”
“ကောင်းပြီ ကောင်းပြီ။ ညနေ ကျွန်တော့်ဝင်ခေါ် ဟုတ်လား။ ကျွန်တော် အလုပ်လေး နည်းနည်းရှိလို့...”

လူကြီးစုံရာရှေ့ မှာတောင်းရမ်း ပေါင်းသင်းပွဲလုပ်ခဲ့ပြီးတာ တလပြည့်လုပြည့်ခင် တညနေမှာ ဘိုးတော်မြင့်သန်းနဲ့ ဒေါင်ချာစိုင်းတို့ နှစ်ယောက် ရောက်လာပြန်ပါသည်။

“ဘာကိစ္စပေါ်ပြန်ပြီလဲ ဘိုးတော်...”
“ဆရာလိုက်မှဖြစ်မယ်ဆရာ ပြသနာရှုပ်နေလို့ ”
“ဘာပြသနာလဲ ဆိုပါအုန်း”
“ဟိုရောက်တော့ဆရာတွေ့ မှာပါ။ လာ လာဆရာ သွားရအောင်”

မဗိုက်တို့တဲကို ရောက်တော့ လူကြီး သုံးလေးယောက်၊ သူ့ယောက်ျား၊ မိန်းမ တယောက်နဲ့ ခလေး ၃ယောက်ကို တဲပေါ်မှာတွေ့ ရသည်။

“ကျွန်မ ဘာမှ မသိခဲ့ပါဘူးရှင်၊ သူက လူပျိုဆိုပြီး ယူချင်တယ် ချစ်လို့ပါလို့ ပြောလို့ ကျွန်မ အဖွား ခွင့်ပြုချက် တောင်းပြီး လူကြီးတွေ ရှေ့မှောက်မှာ သူ့ ကို ယူခဲ့တာပါ”

“လင်ခိုးမရဲ့ ဒီမှာတွေ့ လား။ ကလေး ၃ ယောက်။ ဟဲ့... ငကြွက် ပြောလိုက်လေ။ နင် ၀န်ခံလိုက်။ နင် မပြောရင် ပွဲက ပြီးမှာ မဟုတ်ဘူး အကောင်ရဲ့...”

သူ့ ယောက်ျားကတော့ တုံဏိဘာဝေ။

ဆန်မလော့တစီးပေါ်မှာ သူ့ယောက်ျား၊ ခပ်စွာစွာမိန်းမနဲ့ ခလေး၃ ယောက်ကို မျက်ရည်နဲ့ ငေးရီရင်း
“ကျွန်မ မှားပါပြီဆရာ...”ဆိုတဲ့ အလွမ်းဇာတ်ကို မဗိုက် ပြည်ဖုံးကား ချလိုက်သည်။

တိုက်ပျက်ကို ဗိုက်မဖျက်ပဲ ပြန်ရောက်သွားပြန်သည်။

အဲဒီနောက်ပိုင်း လမ်းထဲမှာ အ၀တ် လိုက်လျှော်တဲ့အိမ်တွေမှာ၊ ကန်စွန်းရွက်ချိုးတဲ့ လယ်ကွင်း တွေထဲမှာ ဗိုက် တကားကားနဲ့  မဗိုက်ကို တွေ့ရပါတော့သည်။ မိခင်အေး အမည် ပျောက် မဗိုက် အမည် ပေါက်။ နေ့ ချင်းညချင်း မဗိုက် အမည်တွင်သွားပါသည် ။

“မဗိုက်မွေးပြီဆရာရေ့၊ ယောက်ျားလေး”

လမ်းထဲတွင် မဗိုက်ကို သူ့ ခလေး ပိုက်လျက်၊ ခါးတစ်ခွင်ချီလိုက်၊ လက်ဆွဲ မုန့် သွားဝယ်လိုက် တွေ့ ခဲ့ရသည်မှာ ရာသီ အလီလီ အိုယွင်းခဲ့ချေပြီ။

--------------------------------

လွန်ခဲ့တဲ့ ရက် ၂၀ လောက်က မဗိုက် ကျွန်တော့်အိမ် ရောက်လာသည်။
“ပြော မဗိုက်။ ယောက်ျား ယူမယ်ဆိုရင်လဲ သေချာ မေးမြန်း စုံစမ်းပြီးမှ ယူ။ နင့် အရှုပ်ထဲ ငါတို့ကို ဆွဲမထည့်နဲ့ ”
“တော်ပါ ဆရာရယ်၊ ကျွန်မ တခါပဲ အမှားခံပါ့မယ်။ ခုလာတဲ့ ကိစ္စက သီဟကို ကျောင်း ထားချင်တယ် ဆရာ”
“အော် ဒါများ ကောင်းတာပေါ့ဟ၊ ခု သီဟက အသက်ဘယ်လောက်ရှိပြီလဲ”
“ ၃ နှစ်ပြည့်ပြီးပြီ ဆရာ၊ အဲဒါ...”
“အေး၊ ဘယ်ကျောင်းထားချင်တာလဲ...”
“ဟိုဆရာ့ မိန်းမ ဖွင့်ထားတဲ့ မူကြိုကျောင်းလေ...”
“အေးကောင်းတာပေါ့ နီးနီးနားနား ညည်းဘာလိုလဲ...”
“ဆရာ့မိန်းမကိုပြောပေးပါလား ကျောင်းဝတ်စုံအဟောင်းလေးတွေ ရှာပေးပါလို့ ...”
“ကျောင်းဝတ်စုံအတွက် မပူနဲ့ တို့ရှာပေးမယ်၊ လွယ်အိပ်လေး ဘာလေးရောပေါ့ဟာ၊ ဟုတ်ပြီလား...”
“ကျေးဇူးတင်ပါတယ် ဆရာရယ်...”
“နေစမ်းပါဦး ကျောင်းဝင်ကြေး ဘာညာ ညည်းမှာပေးဖို့ ရှိလား“
“ ရှိပါတယ်ဆရာ အမိုးတို့ ဆီမှာ လခကြိုထုတ်လိုက်မယ်”
“အေးအေး ကောင်းတယ်၊ နင်မတတ်ပေမယ့် နင့်သား ပညာတတ် တယောက်ဖြစ်တော့ နင် လင်ကောင်း သားကောင်း ရတာပေါ့ ဟုတ်လား”

ဒီလိုနဲ့  မဗိုက်သား ကျောင်းတက်နေပါပြီ၊ ကျောင်းပျော်တဲ့အကြောင်းလည်း မဗိုက် ပြုံးပြုံးရွှင်ရွှင် အိမ် ၀င်ဝင် ပြောပြ ပါသည်။ ကျွန်တော့်မိန်းမကလည်း
“ဟိုကောင် သီဟအတွက် သားငယ် မသုံးတော့တဲ့ ကျောပိုးအိပ်လေး ပေးအုန်းမှပဲ...” ဟုပြောသည်။

ဒီရက်ထဲ မိုးက အဆက်မပြတ်ရွာသွန်းနေသည်။ မဗိုက်တို့သားအမိ အိမ်ဘက် ရောက် မလာ သည်မှာပင် သုံး လေး ရက်ရှိပြီ။ မိုးထဲလေထဲ တညနေမှာ မဗိုက်တို့ သားအမိ အိမ် ရောက် လာသည်။
“ဟဲ့ မဗိုက် ဘယ်ပျောက်နေလဲ၊ ယောက်ျားရှာထွက်နေတာလား”

မဗိုက် မျက်နှာက မကြည်လင်၊ ညှိုးညှိုးယော်ယော်၊ နွမ်းနွမ်းဖတ်ဖတ်၊

“မဗိုက် နေမကောင်းဘူးလား။ နင့်သား နေမကောင်းလို့ လား။ ကျောင်း ထားရတာ အဆင် မပြေလို့လား။ ဘာ အခက်အခဲ ရှိလဲ ပွင့်ပွင့်လင်းလင်း ပြောနော် မဗိုက်၊ လိုတာ ရှိရင် လည်းပြော ဆရာ့ မိန်းမကို ပြောပေးမယ်။ အေး နင့်သားဖို့ တောင် သားငယ် ကျောင်း လွယ်အိပ် အဟောင်းလေး ပေးဦးမလို့ တဲ့”

မဗိုက် ငုံ့ လျှိုးနေသည့်မျက်နှာကို မော့လိုက်၏။
“ဆရာ သီဟကို ကျောင်းထွက်ခိုင်းမလို့ ”
“ဘာ... ဘာပြောတယ် မဗိုက်၊ ညည်းသား ကျောင်းတက်တာ ၁၀ရက်တောင် မပြည့်သေးဘူး ဘာ ရောဂါ တက်ပြန်ရတာလဲ၊ ကျောင်းဆိုတာ တက်ချင်တိုင်းတက် ထွက်ချင်တိုင်းထွက်လို့ မရဘူး”
“သိပါတယ်ဆရာ။ ဒီလိုပါ။ ကျွန်မလဲ ဘယ်မှာ သီဟကို ကျောင်းထွက်စေချင်ပါ့မလဲ၊ ဒါပေမယ့်... အဟီးဟီး...”

မဗိုက် ချုံးပွဲချ ငိုပါတော့သည်။

“ကဲ ဆရာ့ကို ရှင်းရှင်းလင်းလင်းပြောစမ်းပါ မဗိုက်ရာ၊ ညည်းဟာက... ”
“ဆရာတို့ကို အများကြီး ကျေးဇူးတင်ပါတယ်ဆရာ၊ ကျွန်မမှာက သီဟ ကျောင်း စတက်တဲ့ နေ့ကစပြီး သူ ကျောင်း သွားဖို့  မျက်နှာသစ် သနပ်ခါး လူးပေး၊ မုန့် ထည့် ကျောင်းပို့ ရတာပေါ့နော်။ သူ့ ကျောင်းပို့ ပြီး အမိုးတို့ အိမ်မှာ အလုပ် သွားဆင်းတယ်။ အမိုးတို့ က ကျွန်မတို့ သားအမိ အပေါ် အင်မတန် ကောင်းတဲ့သူတွေပါ။ ဆရာ သိပါတယ်။ ခလေး ကျောင်း စရိတ်တောင် ကြိုထုတ်ပေးကြသူတွေပါ။ ဒါပေမယ့် အမိုးတို့က စက်ရုံအနီးမှာ ထမင်းကျော် ခေါက်ဆွဲကျော် ရောင်းတာ မဟုတ်လား။ ကျွန်မ ရောက်သွားတဲ့ အချိန်တိုင်း အမိုးတို့ ဆိုင်က သိမ်း နေပြီလေ။ ကျွန်မ ဘယ်မှာ စိတ်ကောင်းမလဲ”
“ဒါများဟာ... ညည်းကလဲ... အမိုး ကျွန်မအလုပ်ဆင်းတာ နောက်ကျတယ်။ သီဟကို ကျောင်းပို့ဖို့ လုပ်ကိုင် ပေးနေရ လို့ပါ။ ကျွန်မ နောက်ကျ အလုပ်ပြီးမှ ပြန်ပေးပါ့မယ်လို့ ပြောဆိုရှင်းပြရင်ကော”
“မဟုတ်သေးဘူးဆရာ။ အမိုးတို့ဆီက ပြန်ရင် ခုကျွန်မ ထိုင်းအိမ် တအိမ်မှာ အ၀တ်လျှော် သန့်ရှင်းရေး သွား လုပ်တယ်။ သီဟ ကျောင်းမှာ ပွဲတွေ ဘာတွေရှိရင် အ၀တ်အစားသစ်လေး တနှစ်စာမုန့်ဖိုး အပို အလျှံလေး ရအောင် သွားလုပ်တာ။ အဲဒီ ထိုင်းအိမ်ကို သွားရင်လဲ နောက်ကျ။ အလုပ်က လုပ်တုန်း သီဟ ကျောင်းကြိုဖို့ ဖြစ်လာရော။ ခု ကျွန်မက ထိုင်းစကားလဲ အထိုက်အလျောက် နားလည်လာတော့ သူတို့ ပြောတာတွေ အနည်း အပါး နားလည်နေပါပြီ။ သူတို့က အလုပ် မလုပ်ရသေးဘူး။ ခေါက်ပိုင်ကဘန်း၊ ခေါက်ပိုင်ကဘန်း ပြောနေပြီ။ ပိုက်ဆံ ကျ လိုချင်တယ်ပေါ့။ ခု ဖူးနီကစပြီး အလုပ်မဆင်းနဲ့တော့တဲ့။ အဟီး... ဆရာမကို ပြောပေး ပါလား ဆရာ.... ”
“မဗိုက် ညည်းသားကို ဆရာ့မိန်းမရဲ့ မိဘမဲ့ ကလေးဂေဟာမှာ ထားပြီး ကျောင်းတက် ခိုင်းပါလား။ ဒါဆို ညည်းလည်း တာဝန်နည်းသွားတာပေါ့”
“မဖြစ်ပါဘူး ဆရာရယ်။ ကျွန်မတို့ ဘ၀က မြေနိမ့်မှာ။ သီဟကလည်း သူ့ အမေကို ခွဲမှာမဟုတ်ဘူး”

-------------------------------------------

အရိုက်ကြမ်းလှသည့်ကျွန်တော့်ငယ်ဆရာကြီး ဆရာတာ၏ ဆုံးမစကားများ ဖြစ်သော ပညာရွှေအိုး လူမခိုး-တို့ ။ ပညာရဲရင့် ပွဲလယ်တင့်-တို့ ။ ပညာရှာ ပမာ သူဖုန်းစား-တို့ ။ ပညာလို အိုသည်မရှိ ဆိုသော ပညာ အဆို အမိန့်များကို ပြန်လည် ကြားယောင် နေမိသည်။

စံပယ်ဖြူမဂ္ဂဇင်း၌ စာရေးဆရာ သူရိန်ထက်လင်း ရေးသားဖွင့်ဆိုခဲ့သည့် ဗဟုဝါဒ၊ အကြွင်းမဲ့ ၀ါဒနှင့် ပညာရေး ဆောင်းပါးမှ ကောက်နှုတ်ချက် တခုကိုလည်း ကျွန်တော် စဉ်းစား ချဉ်းကပ်ကြည့်နေမိပါသည်။

နိုင်ငံတနိုင်ငံ လူ့ အဖွဲ့ အစည်းတရပ်၏ နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် လူမှုရေး ညီမျှမှု တည်းဟူသော လူမှု အရည်အသွေးများသည် ယင်းနိုင်ငံ၊ ယင်း လူ့ အဖွဲ့ အစည်း၏ ပညာ အရည်အသွေးဖြင့်သာ တောက်ပြောင်ရမည် ဖြစ်ပေသည် - တဲ့။

ကျော်သက်ထွေး
(၁၉-၆-၀၉)

Jul 18, 2009

ဥသြဆွဲနေတဲ့ကဗျာ


















အသံတွေ အသတ်ခံထားရတဲ့နေ့ဟာ
အသက်ရှည်နေဆဲပါပဲ...
ဘယ်အခါမှ သေဆုံးမသွားနိုင်တဲ့
နတ်ဘုရားတပါးလိုပါ့...

ဟောသည်နိုင်ငံမှာ
နေရာတကာ
စစ် အင်္ဂါ လေးပါး...
သံတိုင်နဲ့ နံရံများ...
မတရားသော ဥပဒေ...
ချိန်ရွယ်နေသော သေနတ်ပြောင်း...
ဘ၀ပေါင်းများစွာကို သတ်နေသော အကျဉ်းထောင်...
မီးမှောင်ချထားသော စစ်ကြောရေးစခန်း...
ပိတ်ဆို့ထားသောလမ်းများ...

သို့သော်လည်း
မည်သူမျှ အနိုင်မယူနိုင်သည့်
ဖြူစင်သော နှလုံးသားများ...
မည်သို့သော သေနတ်ကမျှ
ပစ်ခတ်မရနိုင်သော ယုံကြည်မှုများ...
မည်သို့သော ဓါးကမျှ
မဖြတ်ရှနိုင်သော စိတ်ဓါတ်များ...
ဤအရာများကလည်း
ငါတို့နိုင်ငံမှာ နေရာတကာ...

ခုပဲကြည့်လိုက်ပါ့...
အသတ်ခံရတဲ့နေ့ကိုပဲ
ငါတို့တွေ ပြန်မွေးခဲ့ကြတယ်...
ဥသြသံတွေ မကြားရတဲ့နေ့မှာ
ဥသြသံတွေကို ငါတို့ဆွဲလိုက်ကြတယ်...
အရှည်လျားဆုံးပေါ့...

ငါတို့ရင်ထဲမှာ...
ငါတို့ရဲ့ စာမျက်နှာတွေပေါ်မှာ...
အပြောကျယ်တဲ့ လယ်ကွင်းပြင်တွေမှာ...
နိုင်ငံတကာရဲ့ သတင်းတွေမှာ...
အလင်း ဖန်မျှင်တွေရဲ့ အဆုံးအစ မရှိမှုထဲမှာ...
ဒဗလျူသုံးလုံးနဲ့အင်တာနက်မှာ...
အီးမေးလ်နဲ့ ချက်တင်းတွေထဲမှာ...
ဘလော့ဂင်းနေကြတဲ့ စာမျက်နှာတွေပေါ်မှာ...
ဥသြသံတွေ ကြားနေရပါပြီ...

ကဲ... လာ...
အာဇာနည်တွေကို အလေးပြုကြပါစို့...

ATN

Jul 17, 2009

အတိတ်ကိုဖွဲ့ဆိုခြင်း













အတိတ်ဆိုတာ
ပိုက်ဆံအိတ်အဟောင်းတခုမှာ
ဒေါင့်ကြားညှပ်ခံလိုက်ရရှာတဲ့
ဘတ်စကား လက်မှတ် တခုပါ...

ခဏခဏ ထုတ်မကြည့်ဖြစ်သလို
ဘယ်နေရာမှာ ရှိနေကြောင်း
ကောင်းကောင်း သိနေတာတခုသာ
အသေအချာပါပဲ...

တကယ်တော့လည်း
အတိတ်အကြောင်း ပြောပြဖို့ရာ
ငါ့ရဲ့ ကဗျာက
လျှာ ပြတ်နေတာပါ...
ငါ့ရဲ့ သီချင်းက
အသံ ကင်းမဲ့နေတာပါ...
ငါ့ရဲ့ ၀တ္ထုက
အ, အ အိပ်မက်ပါ...
ဖွဲ့ဆိုနိုင်ခွင့်ရှိသလောက်နဲ့ပဲ
ကျေနပ်ရောင့်ရဲခဲ့ရတယ်...

ATN

ဘ၀ဆိုသည်မှာ (၁)

ဘ၀ထဲမှာ ရှင်သန်နေနေရတဲ့ အချိန်တွေမှာ နေသာတဲ့နေ့တွေ၊ လေပြည်လာတဲ့ နေ့တွေ၊ နှင်းကျတဲ့ နေ့တွေ၊ ငှက်ငယ်တွေ တေးဆိုတဲ့ နေ့တွေ ရှိခဲ့သလို...
မုန်တိုင်း ထန်တဲ့ နေ့တွေ၊ မိုးမှောင်ကျတဲ့ နေ့တွေ၊ နေရောင် ပျောက်တဲ့ နေ့တွေ၊ အသက်ရှူ ကျပ်တဲ့ နေ့တွေ၊ ပန်း မပွင့်တဲ့ နေ့တွေလည်း ရှိရဲ့...။

ဘာပြဲဖစ်ဖြစ် လူသားတယောက်ဆိုတော့လည်း လူပီပီသသ ခံစားတတ်တဲ့ နှလုံးသားတခုနဲ့ အညီ အဲသည် အချိန်ကာလတွေကို ခံစားချက်နဲ့ တုန့်ပြန်ခဲ့မိ တတ်တာပါပဲ။ တခါတခါ ပျော်ရွှင်တယ်၊ တခါတခါ စိတ် အကျဉ်းကျတယ်၊ တခါတခါ မျက်ရည်ကျတယ်၊ တခါတခါ ဒေါသထွက်တယ်၊ တခါတခါ ပေါက်ကွဲတယ်၊ တခါတခါ ဆောက်တည်ရာမရဖြစ်တယ်၊ တခါတခါ မုန်းတီးတယ်၊ တခါတခါလည်း တည်ငြိမ်နေမိရဲ့။ မတူညီတဲ့နေ့ရက်တွေမှာ ခံစားမှုတွေကလည်း အမျိုးမျိုးပါပဲ။ သို့သော်လည်း နေ့ကောင်းရက်သာများအဖို့ ဘာမျှ မထူးဆန်းသော်လည်း ပြသာဒါး ရက်များအဖို့တော့ ခွန်အားတချို့ လိုအပ်ခဲ့ပါတယ်။

ကိုယ်တိုင် စိတ်ခွန်အားတွေ နည်းလာတဲ့အခါ ချစ်ခင်ရင်းနှီးသော ညီအကိုမောင်နှမ၊ မိတ်ဆွေ သူငယ်ချင်းများရဲ့ အားပေးမှု၊ နားလည်မှု၊ နွေးထွေးမှုတွေက ခွန်အားတွေဖြစ်သလို ကိုယ်တိုင် ဖတ်ရှုခဲ့ဖူးတဲ့ စာတွေကလည်း ခွန်အား ဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် အနားမှာ ဘယ်သူ တဦး တယောက်မှ မရှိတဲ့အခါ သည်လို စာတွေကပဲ ခွန်အား ယူရတာမျိုးပါ။

သည်အခါ ကျနော် အားနည်းလာတဲ့အခါတိုင်း လဲကျခဲ့ဖူးတဲ့ အကြိမ်တိုင်းမှာ ကျနော့်ကို ပြန်လည် နိုးထဖို့ ခွန်အားသစ်တွေ ပေးနိုင်ခဲ့တဲ့ စာတွေကို ညီအကို မောင်နှမတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ စာဖတ်သူတွေကို ပြန်လည် ဝေမျှချင်မိတာပါပဲ။

တချို့စာတွေကတော့ ကျနော့် မှတ်စုစာအုပ်ထဲမှာ ရှိပါတယ်။ တချို့ကတော့ ကျနော့် ခေါင်းထဲမှာပဲ ရှိနေတာပါ။ သည်တော့လည်း တချို့ ပြောစကားတွေ စာတွေကို ဘယ်သူဘယ်ဝါက ရေးသွား ပြောဆိုသွားတယ် ဆိုတာ ကျနော် မမှတ်မိတော့ပါ။ သိတဲ့လူတွေ မှတ်ချက်မှာ ရေးသွားပေးကြပါ။
--------------------------------------------------------------------------------------
ပထမဆုံးအနေနဲ့ ကျနော် ဖော်ပြချင်တာကတော့ ကျနော့် အကြိုက်ဆုံး တခုပါ -
သင်ဟာ သင်ကိုယ်တိုင် အဖြစ် မွေးဖွားလာခဲ့ပြီးပါပြီ မိတ္တူ တခုအဖြစ်နဲ့တော့ မသေဆုံးပါနဲ့ - တဲ့။ ဘယ်သူ ရေးတယ် ဆိုတာတော့ မမှတ်မိတော့ပါ။ သည်စကားကို ကျနော် အတော် ကြိုက်နှစ်သက်ပါတယ်။ ကျနော် ကိုယ်တိုင်လည်း အခြား ဘယ်သူ တဦး တယောက်မှ မဖြစ်ချင်ခဲ့ပါဘူး။ ကျနော်ဟာ အောင်သာငယ်ပဲ ဖြစ်ချင် ပါတယ်။ ဆိုးဆိုး ကောင်းကောင်း အောင်သာငယ်ဟာ ကျနော်ပါပဲ။ တခြားသူ တစုံတယောက် မဖြစ်ချင်ပါ။ သို့မဟုတ် ကျနော်ဟာ တခြားလူ တစုံတယောက် မဟုတ်ပါ။

နောက်တခုကတော့ - မိတ်ဆွေ သူငယ်ချင်းကောင်းဆိုတာ သင် အချိန်ကာလ ကြာမြင့်စွာ သိရှိနေခဲ့သူတွေ မဟုတ်ဘူး၊ သင့်ထံကို လာခဲ့ပြီး သင့်အပါးက ဘယ်အခါမှ စွန့်ခွာ မသွားခဲ့သူတွေ၊ သင့်အကျိုး ပျက်စီးရာ ပျက်စီးကြောင်းကို သင့် ကွယ်ရာမှာ ဘယ်အခါမှ မလုပ်သူတွေသာ ဖြစ်တယ် - တဲ့။ ဒါလည်း ဘယ်သူရေးခဲ့မှန်း ကျနော် မမှတ်မိတော့ပါဘူး။ ကျနော် လဲကျချိန်မှာ ကျနော့် အနားမှာ အမြဲတမ်း ရှိနေခဲ့တဲ့ ညီအကိုမောင်နှမတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးကို ကျနော့် နှလုံးသားနဲ့ မှတ်တမ်း တင်ထားခဲ့ပါရဲ့။
-------------------------------------------------------------
ကဲ... အခုတော့ ဘ၀ဆိုတာနဲ့ ပတ်သက်ပြီး ကျနော် ဖတ်ထား မှတ်ထားတာလေးတွေကို ပြန်ပြောပြ၊ ပြန်ဝေမျှပါ့မယ်။

ပထမဆုံးအနေနဲ့ မကေရဲ့ SideBar မှာတင်ထားတဲ့ Quote လေးနဲ့ပဲ စပါရစေ။

Lord, grant me the serenity to accept things that I cannot change;
The courage to change the things I can; And the wisdom to know the difference.
Dr. Reinhold Niebuhr

သည်နေရာမှာ နည်းနည်းတော့ ကွဲပါတယ်။ ကျနော် သိထားတာနဲ့ သူ တင်ထားတာနဲ့က Lord နဲ့ God ကွဲနေတယ်။ သူ့ဆီမှာ God ဖြစ်နေတယ်။ ကျနော် သိထားတာကတော့ Lord ပါ။ သို့သော်လည်း အနှစ်သာရက အတူတူပါပဲလေ။ သည်စာကို ရေးသူက Karl Paul Reinhold Niebuhr ပါ။ ၁၉၇၁ ခုနှစ်မှာ သေဆုံးခဲ့ပါပြီ။

- ဘုရားသခင် ကျွန်ုပ် အပြောင်းအလဲ မလုပ်နိုင်သည့် အရာများကို လက်သင့်ခံနိုင်သော တည်ငြိမ် အေးချမ်းမှုကိုသာ ကျွန်ုပ်အာုး ပေးပါ့။ ကျွန်ုပ် ပြောင်းလဲနိုင်သော အရာများ အတွက်လည်း ပြောင်းလဲနိုင်သော အစွမ်း သတ္တိကို ပေးပါ့။ ထို့အတူ ထိုအရာများကို ခွဲခြား သိရှိနိုင်စွမ်းသော ဥာဏ်အလင်းကိုလည်း ပေးပါ့ ဘုရားသခင် - (မကေထောက်ပြလို့ ပြန်ပြင်ထားပါတယ်)

ကျနော်ကတော့ သည်လို ဘာသာပြန်ပြီး ခံစားမိပါတယ်။ သည် စာစုက ကျနော့် အတွက်လည်း ခွန်အား အများကြီး ပေးခဲ့ပါတယ်။ မကေကိုလည်း ကျေးဇူးတင်ပါတယ်။ သည် စကားစုက ဘ၀အတွက် ခွန်အားတွေ အများကြီး ပေးခဲ့ပါတယ်။ သေချာ စဉ်းစားကြည့်လေ ခွန်အားတွေ အများကြီး ရလေ ဖြစ်မှာပါ။
-------------------------------------------------------------------------

သည်မှာတော့ ကျနော် ကြိုက်နှစ်သက်ခဲ့တဲ့ ဘ၀နဲ့ ပတ်သက်တဲ့ အဆို အမိန့်တွေကို ဖော်ပြလိုက်ပါတယ်။ သည် အဆိုအမိန့်တွေနဲ့ ပတ်သက်လို့ တယောက်နဲ့ တယောက် အကြိုက် မတူခဲ့ကြရင်လည်း ကျနော့်ကို ခွင့်လွှတ်ပါ။
----------------------------------------------------------------------------
“ဘ၀ရဲ့ အရသာကို မြည်းစမ်းဖို့ တကိုက်လောက် အကြီးကြီးကိုက်လိုက်စမ်းပါ”
(ရောဘတ်ဟိန်းလိန်း)

“ဘ၀ဆိုတာ ရရှိခြင်းနဲ့ ရယူခြင်း မဟုတ်ဘူး။ ဘ၀ဆိုတာ ဖြစ်ရှိခြင်းနဲ့ ဖြစ်လာခြင်းပါပဲ”
(မက်သျူးအာနိုးလ်ဒ်)

“ဘ၀ဆိုတာ အတိုအရှည်အကြောင်း မဟုတ်ဘူး၊ နက်ရှိုင်းမှုအကြောင်းသာ”
(ရာ့လ်ဖ်ဝဲလ်ဒိုအဲန်မာဆန်)

“ခံစားမှုတွေကသာ ပြောင်းလဲတယ်။ အမှတ်တရဖြစ်မှုတွေက ဘယ်တော့မှ မပြောင်းလဲ”
(ဂျိုဝဲလ်အလက်က်စ်ဇန်းဒြား)

“မင့် ရန်သူတွေကို ခွင့်လွှတ်လိုက်ပါ။ သို့သော်လည်း သူတို့ အမည်ကိုတော့ ဘယ်တော့မှ မမေ့လိုက်ပါနဲ့”
(ဂျွန်အက်ဖ်ကနေဒီ)

“က လိုက်ပါ၊ ဘယ်သူကမှ မင်းကို ကြည့်မနေဘူးလို့ ယူဆပြီးတော့ပေါ့။
ချစ်လိုက်ပါ၊ ဘယ်အခါကမှ မင်း မနာကျင်ခဲ့ဖူးဘူးလို့ ယူဆပြီးတော့ပေါ့။
ဆိုလိုက်ပါ၊ ဘယ်သူကမှ မင့်အသံကို မကြားရဘူးလို့ ယူဆပြီးတော့ပေါ့။
ရှင်သန်နေထိုင်လိုက်ပါ၊ သည်ကမ္ဘာဟာ ကောင်းကင်နိဗ္ဗာန်ဘုံလို့ ယူဆပြီးတော့ပေါ့”
(ဆူးဇာ)

“ဘ၀က မင့်ကို ငိုကြွေးဖို့ နည်းလမ်းတရာ ရှိနေတဲ့အကြောင်း ပြောတဲ့အခါ
ပြုံးပြဖို့ နည်းလမ်း တထောင်ရှိနေကြောင်းလည်း ဘ၀ကို ပြန်ပြောပြလိုက်ပါ”
(အမည်မသိ)

“တကယ် ၀မ်းနည်းရမယ့်သူတွေနဲ့ အတူ ၀မ်းနည်းနေမိတာက
တကယ် မပျော်ရွှင်နေရမယ့်သူတွေနဲ့အတူ ပျော်ရွှင်မိတာထက် ပိုကောင်းတာပေါ့”
(ဖိလစ်ပိုးစ်)

“ဘ၀မှာ အဆိုးရွားဆုံး အဖြစ်အပျက်ကတော့
မင့်ကို ဖက်တွယ် မထားလိုသူတယောက်ကို
မင်းက ဖက်တွယ်ထားမိတာပါပဲ”
(အချစ်ပျောက်သူ)

“ဘ၀ဆိုတာ လေမှုတ်ကိရိယာ တခုပါပဲ။
သံစဉ်တခုကို သင် မှုတ်မထည့်ပဲနဲ့ တေးသွားတခုကို ကြားရမှာကို မဟုတ်ဘူး”
(၀ီလီယံခရစ္စတိုဖာဟဲန်ဒီ)

ဘ၀နဲ့ ပတ်သက်ပြီး အဆိုအမိန့်တွေကို ဆက်ပြီး ဖော်ပြပါ့မယ်။ သို့သော်လည်း သည်နေရာမှာ ကျနော့်ကို ချစ်ခင်နှစ်သက်သော ညီအကို မောင်နှမတွေကိုလည်း ကျနော်က တခု တောင်းဆိုပါရစေ။ ဘ၀နဲ့ ပတ်သက်လို့ ကိုယ် သိထားတာလေးတွေကိုလည်း ပြန်လည် ဝေမျှ ပေးကြပါပေါ့လေ။

သည်တော့လည်း ထုံးစံအတိုင်း Tag Game ကို ပြန်သွားရတော့မှာပေါ့။ အချိန်ရတဲ့အခါ၊ အခွင့်ရေး ရှိတဲ့အခါ၊ ရေးပေးကြပါ။ ကျနော်လည်း သည်ပို့စ်ကို ဆက်ရေးပါဦးမယ်။ ချစ်ခင်သော ညီအကို မောင်နှမများကလည်း ကိုယ်သိရှိခံစား ယုံကြည် ထားသမျှသော ဘ၀နဲ့ ပတ်သက်သမျှတွေကို ပြန်လည် ဝေမျှပေးကြဖို့ ကျနော် တောင်းဆိုပါတယ်။ Tag အတွက်တော့ ကျနော် စာရင်း မရေးတော့ပါဘူး။

ခု သည်ပို့စ်ကို ဖတ်မိသမျှသော ညီအကိုမောင်နှမတွေအားလုံးကို ကျနော် Tag လိုက်တယ်လို့သာ သဘောထားကြပါ။ အဲသည်အတွက် ဘ၀နဲ့ ပတ်သက်တဲ့ ပို့စ်တခုကို ပြန်ရေးတယ်ဆို ကျနော် ကျေးဇူးတင် ၀မ်းမြောက်နေမှာပါ။

တခုပဲ ကျနော်က Tag လိုက်လို့ ရေးပါတယ်လို့ပဲ ဖော်ပြပေးပါ။ အရာရာ ပြည့်စုံသွားပါပြီ။

မရေးရင်တော့ ကျနော့်ကို မချစ်ခင် မနှစ်သက်လို့ပဲလို့ ယူဆပါ့မယ်...း)

Jul 16, 2009

One day in your life

Dedicated to my beloved "SNOW" with all my heart

One Day In Your Life

One day in your life
You'll remember a place
Someone touching your face
You'll come back and you'll look around you

One day in your life
You'll remember the love you found here
You'll remember me somehow
Though you don't need me now
I will stay in your heart
And when things fall apart
You'll remember one day . . .

One day in your life
When you find that you're always waiting
For a love we used to share
Just call my name, and I'll be there

You'll remember me somehow
Though you don't need me now
I will stay in your heart
And when things fall apart
You'll remember one day . . .

One day in your life
When you find that you're always lonely
For a love we used to share
Just call my name, and I'll be there.