Apr 30, 2008

လေးဆယ်ကျော်သွားတဲ့ ရှစ်ဆယ့်ရှစ် သစ်ပင်များ

တခါတခါ ကျနော် ပြန်စဉ်းစားကြည့်မိတယ်။ ကျနော်တို့ရဲ့ ဆုံးရှံးမှုနဲ့ အောင်မြင်မှုတွေကို။ သေချာတာက ကျနော်တို့တွေ အောင်မြင်ခဲ့တယ်၊ တချိန်တည်းမှာပဲ ကျနော်တို့ ဆုံးရှုံးခဲ့ကြတယ်။ ဘာတွေ အောင်မြင်လဲ၊ ဘာတွေဆုံးရှုံးလဲဆိုတာကတော့ .. အချိန်ကာလဆိုတဲ့ ပဉ္စလက်ဆရာရဲ့ ပြက္ခဒိန်ထဲမှာပဲ တွေ့နိုင်မယ်ထင်ရဲ့။

ဒီလိုနဲ့ ကိုယ်ကိုယ်ကို သူရဲကောင်းကြီးတွေလုပ်လို့၊

ဒါပေမယ့် အဲဒီအိပ်မက်ကြီးကို ကျနော့် သူငယ်ချင်း တယောက်က လှုပ်နှိုးခဲ့တယ်။ အဲတော့ သူ့ကိုကျေးဇူးတင်ရင်း သူ့ကဗျာကို ဖော်ပြပေးလိုက်ပါတယ်။

သူ့ကဗျာက ခေါင်းစဉ်ကိုတော့ ကျနော်က ပေးခဲ့ပါတယ်။

နုပျိုမူ နဲ့..ဒေါမာန်ဟုန် နိုး..
ကျောပိုးအိတ် ထဲ ထိုးထဲ့..
ခရီး ရှည် ထွက်ခဲ့ ကြ...

သူတို့တွေ...
လည်ဆံလျားလျား..
ခြင်္သေ့ ပျိုများ လို..
တော တောင် ကို ဟိန်း ..
ရွာ ကို သိမ်း ခဲ့ ကြ..

သူတို့တွေ...
ရုံးကြွ နေ တဲ့ အချစ် ..
သင်တိုင်း ဖြူ တွေ နဲ့ ထွေး ရစ်..
ပလိုင်း တွေ မမောတမ်း ဆင့်လို့
တောပန်း တွေ ..ခူးခဲ့ကြ..

သူတို့တွေ..
အေးမြတဲ့..ဘုရား ကျောင်း ရိပ်..
တိတ်ဆိတ် စွာ လက်ချင်း ဆုပ်..
ခပ်ဖွဖွ..ဓမ္မတေးဆို..
ဒါပေမဲ့.. မျက်စိ စုံ မှိတ် လို့တော့..မရ နိုင် ကြ..

သူတို့တွေ...
ကမ္ဘာပျက် တဲ့..နှစ်တနှစ်..
နံရံမှာ ဓါးထစ်..
အိမ်မက် တွေကို..ပြစ် ချ ခဲ့ ရ..

သူတို့တွေ..
ခြင်္သေ့ လည်ဆံ တွေ အသာဖွက်..
သိုးခြံ ထဲက..သိုးတွေ ထဲ..
သိုး ဆို လည်း သိုး ပါပဲ ..

သူတို့တွေ..
မြို့တမြို့ကို..ဆက်လက်ချီတက်..
သိမ်းပိုက်ဖို့တော့..မဟုတ်..
ခပ် ရှုပ် ရှုပ်..တောက်ပ တဲ့ ..မြို့အ၀င်
မီးရောင်တွေ နဲ့..ကြိုသူမဲ့..

သူတို့တွေ..
အချိန် တွေကို သယ်ပိုး
ပျောက်ဆုံး ခြင်း တွေ ကို ရှာ ..ရှာ..ရှာ..
တေးသွား တွေကို.. စည်းချက် တွက်..
ကာရန် တွေ လည်း ..ကျိုးပဲ့ ခဲ့..

သူတို့တွေ..
Burma Crisis အတွက် တွေးပူ..
ခန္ဓာ ကိုယ် ထဲက..Mid-life Crisis ကို သတိ မမူမိ..

သူတို့တွေ...
အတိတ် တွေကို..ဖန်ခွက် ထဲ လောင်းထဲ့..
အတိတ် တွေ ကို..ကဗျာ တွေ ထဲ..ထဲ့ဖျော်
အတိတ် တွေ ကို.. စာ တလုံး ခြင်း ကုံး လို့..
အောင်သေ အောင်သား..စား ကြတယ်..

သူတို့တွေ..
ဆံပင် ဖြူ ကို အသာသပ်..
အင်တာ( နတ် )ရေ ကန် ကြီး ထဲ..ဒိုင်ဗင် ထိုး
ဆုံးရှုံးခဲ့ တဲ့..မြို့ပြ နုပျိုခြင်း များ.. ပြန်ရ လေ မလား ..

သူတို့ ရင်ဘတ် ကြီး တွေ ကတော့..ဟောင်းလောင်းပွင့်လို့......

Apr 24, 2008

ဒုတိယအသက်











တူတာတွေက မတူကြ၊
မတူတာတွေက တူကြ၊
နီးနေတာတွေက ဝေးကြ၊
ဝေးနေတာတွေက နီးနေကြ။
ဒီဘ၀၀ခရီးထဲ....

တကယ့် အဖြစ်အပျက်တွေက
နွေလည် အိပ်မက်၊
အိပ်ပျက်ညတွေကတော့
တကယ့် အဖြစ်အပျက်ရဲ့ ဇာတ်ကြောင်းပြန်။

ဒီလိုနဲ့
ငါ့ရဲ့ရှင်သန်မှုက
နှစ်ခု ဖြစ်နေ...

ဒီလိုနဲ့
ဝိဥာဉ်ကို
အရံလူထားခဲ့လို့ရမယ်ဆို
အခါတရာမက
မရဏတရားနဲ့
ကစားပွဲတွေ
ငါ ဆက်ခဲ့ချင်နေသေးတယ်။

ဒုတိယအသက်မှာ
ငါ ရှင်သန်မယ်၊
ငါ သေဆုံးမယ်။
ငါ ပျော်ရွှင်မယ်။
ငါ ငိုကြွေးမယ်။
ငါ လွတ်လပ်မယ်။
ငါ အနှောင်အဖွဲ့ကျမယ်။
ငါ တူညီမယ်။
ငါ ကွဲလွဲမယ်။
ငါ ရဲရဲနီမယ်။
ငါ မှိုင်းမှိုင်းပြာမယ်။
ငါ စိုပြည်မယ်။
ငါ ခြောက်သွေ့မယ်။
ငါ တမ်းတမယ်။
ငါ မေ့လျော့မယ်။
ငါ ရွေ့လျားမယ်။
ငါ ရပ်တန့်မယ်။

ဒါကို
တစုံတယောက်က
ညီမျှခြင်း မချသည်အထိ။

ATN

Apr 22, 2008

လက်ရုံးနှင်းဆီ (သို့) အလင်းလက်ဆုံးပန်းချီကား


ဒေါင်းအိုးဝေမှာ ၁၉၉၅ တုန်းက ဖော်ပြခဲ့ဖူးတဲ့ ကျနော့် ကဗျာတပုဒ်ကို မိုးမခ မာလ်တီမီဒီယာက ကိုဇာနီဝင်းက ကျေးဇူးပြုလို့ အီးမေးလ်ကတဆင့် ကျနော် ပြန်ရလိုက်ပါတယ်။ ကိုဇာနီဝင်းကို ကျေးဇူးတင်ရင်း ကဗျာရဲ့မူလစာမျက်နှာကို အမှတ်တရ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ သရုပ်ဖော်ပုံကိုတော့ ဆရာမင်းကျော်ခိုင်က ဆွဲပေးခဲ့တာပါ။
ဒီကဗျာကို ကျနော့် ဘလော့မှာလည်း အလင်းလက်ဆုံးပန်းချီကားဆိုပြီး ဖော်ပြခဲ့ဖူး ပါတယ်။ နှစ်တွေ ကြာသွားတာရယ်၊ ကျနော်ကိုယ်တိုင်ကလည်း ကျနော့် ကဗျာတွေကို အားလုံး အလွတ် မရတာရယ်ကြောင့် ဘလော့မှာ ဖော်ပြခဲ့တဲ့ ကဗျာရယ်၊ မူရင်း ဒေါင်းအိုးဝေမှာ ပါခဲ့တဲ့ ကဗျာရယ်က ခေါင်းစဉ်လည်း ကွဲနေပြီးတော့ တချို့ ကဗျာ အပိုဒ်တွေမှာလည်း နည်းနည်း ကွဲနေပါတယ်။ အဲဒီအတွက် ကျနော့်ကို ခွင့်လွှတ်ကြဖို့ တောင်းပန်ပါတယ်။

Apr 20, 2008

ကျေးဇူးတင်ရှိခြင်း


အမေ့ ရက်လည်လည်း ပြီးသွားပါပြီ။ ကျနော့် ဝေဒနာတွေလည်း တစုံတရာ သက်သာသွားပြီလို့ ပြောရမှာပါ။ အခုတော့ ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ကြောင်း မှတ်တမ်းလေးပြုတာပါ။

ပထမဆုံး ကျေးဇူးတင်ရသူကတော့ မခင်မင်းဇော်ပါ။ အမေဆုံးသွားကြောင်း သူပဲ ကျနော့်ကို အသိပေးခဲ့တာပါ။ ကျနော့် ဘလော့လေးကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင်လည်း သူပဲ အစအဆုံး လုပ်ပေးခဲ့တာပါ။ ကျေးဇူး အထူးတင်ပါတယ် မခင်မင်းဇော်။

ဒုတိယအနေနဲ့ ကျနော့်ကို စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးခဲ့ကြတဲ့ လူချင်း ကျနော် မမြင်ဘူးတဲ့ ဘလော်ဂါ မောင်နှမများကို ဒီနေရာမှာ မှတ်တမ်းပြုပါတယ်။

ပထမဆုံး ကျနော် မှတ်တမ်းတင်ချင်တာက မကေပါ။ မကေရဲ့ အားပေးစကားတွေ စာနာနားလည်မှုတွေက ကျနော့် ဝေဒနာတွေကို တ၀က်မက သက်သာစေခဲ့ပါတယ်။ ကျေးဇူး အထူး တင်ပါတယ် မကေ။

ပြီးတော့ ဆရာမောင်လွမ်းဏီ။ ဆရာယောဟန်အောင်။ ဗမာပြည်ကို လွမ်းနေတဲ့ ကျနော့် ညီမလေး မမေ၊ အားလုံးအတွက် ရှင်သန်ခြင်းတွေကို ဖြန့်ခင်းပေးထားတဲ့ မပန်၊ လူတိုင်းအတွက် လွတ်လပ်ရေးကိုပေးချင်တဲ့ ကလူသစ်၊ အဝေးတနေရာကနေ အလွမ်းများစွာနဲ့ လွမ်းနေတဲ့ ညီလေး ကိုဖုန်းမြင့်၊ ပြီးတော့ ဘလော့တကာ လျှောက်လည်ပြီး လူချစ်လူခင်လည်းပေါ နေရာတကာလည်း သူ့ခြေရာချည်းပဲ ချန်ထားတတ်တဲ့ အမြဲပြုံးနေတဲ့ ကျနော့်ညီလေး ကိုစိုးထက်၊ နောက် စက်ရုံက ထုတ်သလားတောင် ထင်ရတယ် ကဗျာရေးအား အရမ်းကောင်းသလို ကဗျာလေးတွေကလည်း ကောင်းတဲ့ လွတ်မြောက်ရာလမ်းကို ပြဆိုနေတဲ့ ကျနော့် ညီလေး ငြိမ်းချမ်းအောင်။ ပြီးတော့ စိတ်ကူးတွေကို တေးသီနေတဲ့ ကျနော့် အကိုကြီး နှင်းခါးမိုး။ နောက် ကျနော့် ညီမလေး သက်ဝေကိုစိုးဇေယျမျိုးချစ်မြန်မာ၊ ညီမငယ် ဂျစ်တူး
ကျနော့်ညီ ဇော်ဘားမား။ ညီလေး 99

မေးလ်ထဲက ကျနော့်ကို အားပေးခဲံ့တဲ့ သူငယ်ချင်း ကိုဘစောထွန်း(ဂျာမနီ)။ ကျနော့်ညီလေး ထင်ကျော်ဝင်း(ဂျပန်)။

ဖုန်းခေါ်ပြီး အားပေးခဲ့တဲ့ ကိုပိန် (ကိုဇော်လွင်စိုး)။ ကိုဖုန်း။ ကိုလှဝင်းမောင် (Boyton Beach, Florida)နဲ့ ဇနီး မမီးမီး။ ကျနော့်ညီလေး ဖိုးခွား (ဖြိုးဝေလွင်)။ ညီလေး စန်းတင့်။ ညီလေး လုံးလေး (တင်ကိုဦး)။

ပြီးတော့ အမေ့ဈာပန ဓါတ်ပုံတွေ ပို့ပေးတဲ့ မိုးမခမာလ်တီမီဒီယာက ဆရာမောင်ရစ်နဲ့ ကိုဇာနီဝင်း။

အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်လို့ ပြောပါရစေ။

Apr 17, 2008

သားသမီးငယ်များသို့ သေတမ်းစာ။

ဒီကဗျာကတော့ ကျနော့် အမကြီး မသဒ္ဓါက ကျနော့် အမေအတွက် အမှတ်တရ စပ်ပေးခဲ့တာပါ။ ကျနော့်ကိုလည်း ဒီနေ့ လာဖတ်ဖို့ ပြောထားတာပါ။ ကျနော်ကတော့ အလုပ်က ပြန်လာမှ သွားဖတ်ရတာပါ။ သွားဖတ်တော့ ည ၁ နာရီ ကျော်နေပါပြီ၊ အမကြီးကို ခွင့်တောင်းပြီး ပြန်ဖော်ပြပေးလိုက်ပါတယ်။

မငိုနဲ့ သမီး သားတို့ ..
အမေသွားတဲ့ အခါ.
ရိုးရိုးရှင်းရှင်းလေးဘဲတွေး
ဒါဟာ ဇာတိ ..ဇရာ.ဗျာဓိ..မရဏ
သားဖေဖေသာ ဂရုစိုက်နှင့်ကြ။

မောင်ရေ။
ကျမတို့ ရဲ့ အစမကောင်းတဲ့ မင်္ဂလာပွဲ
ဗုံးပေါက်ကွဲမှုနဲ့တိုးတယ်။

ပြာမှုန်တွေလိုကြေသွားတဲ့သမဂ္ဂ ရဲဘော်များ
ကျမ တသက်မမေ့နိုင်အားတဲ့ ဝေဒနာ။
ကိုက်ထားတဲ့နှုတ်ခမ်း သွေးစိမ်းစိမ်းဖြာ။

ချစ်သူကို စစ်ဘီလူးများ ဖမ်းထား
ကြက်ဌက်ကလေးလို။

ငိုချင်ပေမဲ့ အံကြိတ်တဲ့နှလုံးသား
မငိုဘူး..အားမလျှော့ဖူး
ခွဲခွါခြင်း အခါးဖြစ်ပစေ.
ကျမ အမှန်တရားနဲ့နေ။
ကျမ အမှန်တရားနဲ့သေချင်တယ်။

ချစ်ရသူက မျိုးချစ်ဆွေ
ထောင်နဲ့ တန်း..နှိပ်စက်စမ်းပစေ.။
တကျွန်းမြေခြား ကွာဝေးစမ်းပစေ။
ဘယ်မှာဦိးမညွတ်. စွန့် ဝံ့ပါသည်။
ကျမတို့  နှစ်ဦးလုံး။ အာဇာနည်ထောင်ထွက်
ဝိညာဉ် ခနွာ အသက်..တိုင်းပြည်အတွက်။

ထောင်နဲ့ အိမ်.
အိမ်နဲ့  ထောင်.ဝင်လိုက် ထွက်လိုက်
ထွက်လိုက် ဝင်လိုက်
ထရံ မခြားဘဲ..
ချစ်သူနဲ့ ကျမဘဝဟာ တပြေးသားထည်း။

တပ်က စစ်ဆေးဖို့ လာဆွဲ
မျက်နှာမွဲနဲ့ လေးနဲ့ သား..
အမေ့ကို ကာကွယ်ဖို့ လက်ကာတား
“ အမေ့ကို ဘယ်ခေါ်သွားမှာလဲ”
ငိုသံပါလေး သူ မဝံ့မရဲ..
ကျမထမိန်စလေးလာဆွဲတယ်။

“ ဖယ်စမ်း သားလေး..
အမေ့ အရေးဟာ အမေ..
သားတို့ တော်သလိုသာ နေကြ.
သားတို့ ပျော်သလိုသာ နေကြ.
အမေ့အတွက် သမိုင်းပေးတာဝန်ကျနေတယ်။
မကြောက်မရွံ့ ဆက်လျှောက်မယ်။”

ရေကြည်အိုင်ရဲ့ ငရဲခန်း
ဖေါ်ပြမစွမ်းနိုင်တဲ့ရက်စက်မှု
အံကြိတ်ခံဆဲ..ငါသေလို့ မဖြစ်ဘူး
ငါ့ အသက်ဝိညာဉ်..
နိုင်ငံအတွက် ဆက်ရှင်..
ချစ်သူအတွက် ဆက်ရှင်.
ကျမဟာလေ.. အသက်ပြင်းတဲ့ခွပ်ဒေါင်းမိခင်။

ချစ်သူဘ၀ မပျော်ရ မရွင်ရ.
နိုင်ငံရေး အကဲပေးတဲ့ ချစ်သူ
ပါရမီဖြည့် တဲ့ ကျမက
မဒ္ဒီလိုကြည်ဖြူ.
နိုင်ငံက ကျမတို့ ဘဝ
ကျမတို့ ဘ၀က..ကျမတို့ ဘ၀မဟုတ်။
ဒီလို အဖေအမေကို ရ
သားတို့ ကံဆိုးလှတယ်တွေးနေလား။
သားတို့ တနေ့ ကြီးရင်နားလည်မယ်.
အမေနဲ့  အဖေနဲ့ ထောင်အ၀င်ထွက်
ဘာကြောင့် ခဏခဏလည်.

ကျမလေ..မောင်
မိန်းမ ပီပီ..ကနွဲ့ ကရ
မိုးမှောင်တဲ့ ညချမ်း..
ချစ်သူအနမ်း လည်းခံချင်ရဲ့

သနပ်ခါးခြေဆုံးခေါင်းဆုံး
ရှူမဆုံး ချစ်သူပြုံးတာလည်းမြင်ချင်ရဲ့

ရင်ခုန်သံ မတိုးတတိုး..
ချစ်သူ သက်ပြင်းချသံလည်းကြားချင်ရဲ့.

ချစ်သူရဲ့ရင်ခွင်ကို တိုး..
နွဲ့ဆိုးကလေးလည်း ဆိုးချင်ရဲ့.

ပုခက်ထဲ နိုးနေတဲ့သား
သီချင်းဆိုချော့သိပ်ချင်ရဲ့

သမီးလေးအတွက် ပါးကွက်ကျား
လှပအောင်လိမ်းပေးချင်ရဲ့

မိသားစု တပျော်တပါး
လည်လည်များလည်း သွားချင်ရဲ့

တခါတရံ..သာမန် မိန်းမ..
အိမ်ရှင်မတဦး အိမ်မက်ထဲမက်ဘူးပေမဲ့
အမေနဲ့ အဖေ့ ဘဝ..
တိုင်းပြည်ကဘဲပိုင်ကြ
သက်စွန့်  အနာခံ..ပျားလိုသာတုတ်ရန်.
အမှန်တရားရဲ့ စစ်သည်..
မိသားစုရေးမှာ ဝတ်မကြေတယ်။

တောင်းပန်သည်..မေ့သားသမီးများ
ဒီတော်လှန်ရေးရဲ့သစ္စာ.မပြီးခင်မှာ
အမေများ သေခဲ့ ရင်ဖြင့်..
အမေ့အတွက် အမျှဝေရန်မလို..
အမေ့ကိုချစ်တယ်ဆို..
မပြီးတဲ့အမေတာဝန်
တိုင်းပြည်အတွက် ဆက်လက်ယူကြပါစေလို။

မသဒ္ဓါ

အန်ကယ်ဦးလှရွှေ၏ဇနီး ကွယ်လွန်သူ အာဇာနည်မ အန်တီဒေါ်ခင်မာအေးကိုယ်စား ခံစားကြည့်ပေးပါသည်။ မှားရင် ခွင့်လွတ်ပါ မောင်လေးကိုအောင်သာငယ်ရေ.။ မငိုပါနဲ့ သား..သားမေမေ သားနဲ့အတု အမြဲရှိနေပါတယ်။

Apr 14, 2008

ဘိုကလေးလှရွှေ


ရန်ကုန်တက္ကသိုလ်က သံမဏိကျောင်းသားခေါင်းဆောင်တဦးကတော့ “ဘိုကလေးလှရွှေ” လို့ခေါ်တဲ့ ရဲဘော်ပါ။ သူ့အမူအရာ၊ သူ့လေသံ၊ သူ့ဟန်ပန်က အစ မာကျောပါတယ်။ ထုသားပေသား ကျနေတဲ့သဏ္ဍာန်ပါ။

မဆလတခေတ်လုံးလိုလို ထောင်ထဲမှာပဲ နေရတာ များတယ်။ တခါတရံ သူတယောက်တည်း။ တခါတရံ သူ့ဇနီး ဒေါ်ခင်မာအေးနဲ့အတူ ထောင်ထဲမှာ။ တခါတရံ သူ့သား ဆက်အောင်နိုင်ပါ ထောင်ထဲမှာ။ ဆက်အောင်ခိုင်ကတော့ ကျောင်းသားတပ်မှာ တောခိုသွားတာ ရှစ်လေးလုံး ပြီးကတည်းကပါ။

တအိမ်လုံး နိုင်ငံရေးမိသားစု။ သံမဏိမိသားစု။ လှေခွက်ချည်းကျန်ပစေ အလံမလှဲစတမ်း ဆိုတဲ့ တော်လှန်ရေးသံမဏိ စိတ်ဓာတ်နဲ့ ထာဝစဉ်ရှင်သန်နေတဲ့ ရဲဘော်။

ငတ်တာပြတ်တာ ဆင်းရဲတာ ချို့တဲ့တာကတော့ သူ့ရဲ့ထာဝရ မိတ်ဆွေ။ ထာဝရရဲဘော်။ အလံမလှဲစတမ်း အံခဲခန်းတွေ ချည်းပါပဲ။

သူ့နိုင်ငံရေးပါတီက ပြည်သူ့တိုးတက်ရေးပါတီ။ အင်္ဂလိပ်လို People's Progressive Party ဆိုတော့ ပီကျုပါတီလို့ အတို ကောက် ခေါ်လေ့ရှိပါတယ်။ အဲဒီပါတီမှာ ဥက္ကဌက နာမည်ကျော် ပဲခူးဦးခင်မောင်မြင့်(အဆိုတော် ကိုသန်းလှိုင်ရဲ့အကို) ပေါ့။ ဇာတိက ဒေးဒရဲ။ ရဲရဲတောက်ရဲဘော်ကြီး။ နဝတလက်ထက်က ထောင်ထဲမှာ ကျဆုံးသူ။ အတွင်းရေးမှူးက ကိုလှရွှေ။

ရှစ်လေးလုံး အရေးတော်ပုံကာလ သြဂုတ်လ ၂၈ ရက်နေ့ တကသ ရင်ပြင်မှာ ဗကသ ပြန်လည်ဖွဲ့ပေးခဲ့တာ ကိုလှရွှေပေါ့။ အဲဒီတုန်းက သူက တကသ၊ ဗကသ သမိုင်းကို အဲဒီကျောင်းသားထုအခမ်းအနားမှာ ခရေစေ့တွင်းကျ ပြောပြနေတာကို အခုထက်ထိ အမှတ်ရနေသေးတယ်။

ကိုလှရွှေကို ပထမဆုံး စတွေ့ဖူးတာက ရန်ကုန်တကသမှာ။ လူထုဦးလှ ဒေါ်အမာတို့ သားကြီး ကိုစိုးဝင်းနဲ့အတူ တွေ့ခဲ့ရတာပါ။

နောက်တော့ တာမွေကျောက်မြောင်းက မင်းဇင်(အာရ်အက်ဖ်အေ) တို့အဖေ ဦးမြသန်းရဲ့ကျောင်းမှာ သုံးခွကိုစိန်ဝင်းခေါ် ရန်ကြီးအောင် (ကိုကိုကျွန်းပြန်) တို့နဲ့အတူ ဆုံဖူးတယ်။ သူတို့အဖွဲ့လုံး ထောင်စော်နံနေတဲ့ အဖွဲ့ပေါ့လေ။

ရှစ်လေးလုံးအပြီးမှာ ခရမ်းကိုတင်မောင်ဝင်း (ထောင်ထဲမှာ ကျဆုံး)၊ ဦးခင်မောင်မြင့်၊ လေထီးဦးအုန်းမောင်၊ ထောင်ထဲမှာပဲ ကျဆုံးသွားတဲ့ ဦးသိန်းတင် ( သူက တင်သိန်းမောင်၊ ပထဝီမောင်တင် ဆိုတဲ့ ကလောင်တွေနဲ့ စာရေးသူ)၊ တကသ ကိုညိုဝင်း (သူလည်းထောင်ထဲမှာ ကျဆုံး) စတဲ့ ရဲဘော်တွေနဲ့ ဟိုနေရာ သည်နေရာမှာ တွေ့ရတတ်ပါတယ်။

တွေ့တဲ့အခါတိုင်း နိုင်ငံရေးအကြောင်းကိုပဲ ထက်ထက်သန်သန်ပြောတယ်။ ကျောင်းသားသမိုင်းကို တိတိကျကျ မှတ်မှတ် သားသား ရှိတဲ့အပြင် သူ့လောက် ပြည့်ပြည့်စုံစုံ ပြောပြနိုင်တာ မရှိဘူး။

ကိုလှရွှေနဲ့ မခင်မာအေးတို့ စုံတွဲက လိုက်ဖက်ညီတယ်။ နေတော့ သင်္ကန်းကျွန်းမှာ။ လုပ်တော့ ကြက်မွေးမြူရေးခြံ။ ရဲဘော်တွေရဲ့ ခိုလှုံရာ စခန်းပေါ့။ ကိုလှတင့်အောင်တို့ ကိုဝင်းတင့်ထွန်းတို့ စသဖြင့် ရဲဘော်တွေ သိုက်သိုက်ဝန်းဝန်းနဲ့ စိုပြည်တဲ့ နေရာကလေးပါ။

လင်က ဓားသွေးရင် မယားက သားမွေးရင်း အားပေးတယ် ဆိုတဲ့အတိုင်းပါပဲ။ သမီးကလေးက တယောက်ထဲ။ နေခြည်လို့ မှတ်မိတာပဲ။

ခေတ်ရဲ့ဒဏ်ကို တပြောင်းပြန်ပြန် ခါးစောင်းလန်အောင် ဖန်တရာတေမျှ ခံခဲ့ရတာ သူတို့မိသားစုလောက် ဒဏ်ခံရသူ ရှိဖို့ မလွယ်လှပေဘူး။

သတ္တိရှိပါပေတယ်။ ဘိုကလေးသားတွေရဲ့ အစဉ်အလာ စံချိန်မီပါပေတယ်။ ဘိုကလေးသားတွေ တွေ့ဖူးသလောက် ရဲရဲတောက်တွေ များတယ်။ ကိုလှကြည်၊ ကိုဗဆွေလေး စတဲ့ ရဲဘော်တွေ အများကြီးပါပဲ။ တွေ့ဖူးသမျှ အာဂလူတွေချည်း များတယ်။ ချီးကျူးထိုက်ပါပေ့။
ဘိုကလေးဦးသက်ရှည်ဆိုတဲ့ စာပေပညာရှင်ကြီး၊ ဂျာနယ်ကျော်မမလေးဆိုတဲ့ ပြောင်မြောက်တဲ့ ဂန္ထဝင်စာရေးဆရာမကြီး တို့ရဲ့ ဘိုကလေးမြို့ဟာ စာပေဂီတ စသည်တို့ထက် နိုင်ငံရေးမှာ ပိုပြီးထက်မြက်ထူးချွန်ကြတယ်လို့ ထင်မိပါတယ်။ လေးစားဂုဏ်ယူထိုက်တဲ့ နယ်ကောင်းမြေကောင်းပေပ။ ။

တင်မိုး

ဧရာဝတီမှ ပြန်လည်ကူးယူဖော်ပြပါသည်။

ခွဲခွာခြင်း



















ဒီကဗျာကတော့ အဖေ့အတွက် အမေကိုယ်တိုင် ရေးခဲ့တဲ့ ကဗျာပါ။
၁။
``ခွဲခွာခြင်း``ဆိုတာ
စကားလေး သုံးလုံးပါပဲ
ရင်ထဲမှာတော့ ---
နေမင်း ရာထောင်။ ပူလောင်သောက
မောပမ်းနွမ်းလျ
လွမ်းစမျက်ရည် တဝေေ၀နှင့်-----။

၂။
``ခွဲခွာခြင်း``မှာ---
လရောင်မရှိ မှောင်အတိနှင့်
မိုး၏ကောင်းကင်---
ကြယ်စင်တစ်စ - မလက်ပခဲ့။

၃။
``ခွဲခွာခြင်း``မှာ---
မွှေးမြသင်းထုံ၊ ဆင်းရောင်စုံနှင့်
ပန်းငုံမရှိ။ ပန်းပွင့် မရှိ။

၎။
``ခွဲခွာခြင်း``မှာ---
ကြည်မြသံချို၊ ခွန်းဆိုမရှိ
တုံဏှိဘာဝေ၊ ရှိုက်သံတွေနှင့် ----။

၅။
``ခွဲခွာခြင်း``မှာ---
အလှမရှိ၊ အကြည့်တမ်းတ
မချိနှလုံး၊ မပြုံးမျက်နှာ
ဝေဒနာအကြည့် - တမြေ့မြေ့နှင့် ---။

(ခင်ပွန်း အထိမ်းသိမ်းခံရသော ၂၉-၆-၈၉ နေ့သို့)

နှစ်ငါးဆယ်-ဝေဒနာ

ဒီကဗျာကတော့ သူ့နှစ်-၅၀-ပြည့်မှာ အမေ ရေးခဲ့တဲ့ ကဗျာပါ။

မောင်ရေ----
လူ့ဘ၀မှာ အနေကြာ
နှစ် -၅၀-များတောင် ပြည့်ခဲ့ပေါ့
ခက်ထန်ကြမ်းတဲ့နှစ်များမှာ---
ခါးသက်တဲ့ဝေဒနာဟာ
မေ့မှာ စွဲကပ်လို့ နေခဲ့ပြီ၊

ထမင်းစားလဲ ခါး
ရေသောက်လဲ ခါး
ဝါးသမျှ ခါး
စားသမျှ ခါးနဲ့
မြင်မြင်သမျှ- ခါးလို့ချည်းနေတယ်။

စိတ်တွေလဲ ခါး
ရက်တွေလဲ ခါး
လတွေလဲ ခါး
နှစ်တွေလဲ ခါးနဲ့----

အခါးရောဂါ - ဝေဒနာကုသရေးမှာ
ဆေးခါးကြီးကိုသောက် -
ပျောက်ပါ့မလား မောင် ---၊

တစ်ခါ တစ်ခေါက်တော့
``ချို``တဲ့ ရက်ကလေး ရောက်ချင်ပေါ့။ ။

၃၁-၇-၉၀
(နှစ်-၅၀-ပြည့် မွေးနေ့သို့)

ဒေါ်ခင်မာအေး(၆၈နှစ်)၏ ကိုယ်ရေးအကျဉ်း









ဝါရင့်နိုင်ငံရေးသမားများ စီစဉ်ကျင်းပသည့် ၂၀၀၃ ခုနှစ် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် တွေ့ရသော ဒေါ်ခင်မာအေး
ရှေ့ဆုံးတန်းမှ ဒေါ်ခင်မာအေး၊ သခင်အုန်းမြင့်၊ သခင်သိမ်းမောင်၊ ဒေါ်မြင့်မြင့်ခင်၊ သခင်စိုးမြင့်။

ဒေါ်ခင်မာအေးသည် ၁၉၄၀ ပြည့်နှစ်တွင် ဖွားမြင်ခဲ့သည်။ သခင်ဗသောင်း (တောင်ငူခရိုင် ဒို့ဗမာအစည်းအရုံး)၏ သမီးဖြစ်သည်။ ဒေါ်ခင်မာအေးသည် တက္ကသိုလ်ကျောင်းသူ ဘ၀ကတည်းက နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး ၁၉၆၇ မှ ၁၉၇၁ ခုနှစ်အထိ (ဗိုလ်ချုပ်နေ၀င်း လက်ထက်) စစ်အစိုးရ၏ ရေကြည်အိုင် စစ်ကြောရေးစခန်းတွင် ၃ နှစ်ကျော် ဖမ်းဆီး နှိပ်စက်ခြင်း ခံခဲ့ရပါသည်။

ထိုသို့ နှိပ်စက်ခြင်းခံခဲ့ရသော်လည်း နောက်တွန့်မသွားဘဲ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ဖြစ်ပွားသောအခါတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် အမျိုးသားညီလာခံ ဆန့်ကျင်ရေး စာရွက်စာတမ်းများ ဖြန့်ဝေမှုဖြင့် လက်ရှိ စစ်အစိုးရက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

ဒေါ်ခင်မာအေးတို့ မိသားတစုလုံးနီးပါး စစ်အစိုးရ၏ အကျဉ်းထောင်များအတွင်း အကြိမ်ကြိမ် အကျဉ်းချခြင်း ခံခဲ့ရသည်။ ဒေါ်ခင်မာအေး၏ ဘ၀တလျှောက်လုံးတွင်လည်း အကျဉ်းထောင်တွင်း ၀င်လိုက်၊ ပြန်ထွက်လာသောအခါ အကျဉ်းထောင်တွင်း၌ ကျန်နေခဲ့သော သူမ၏ ခင်ပွန်း (ဦးလှရွှေ - ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်ဟောင်း)၊ သားကြီး ဆက်အောင်နိုင်တို့အား ထောင်ဝင်စာတွေ့ခြင်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ရခြင်းဖြင့် ဖြတ်သန်းခဲ့သည်။ ထို့အပြင် ဘ၀တူ နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအား ထောက်ပံ့ ကူညီ အားပေးခြင်းများကို ပြုလုပ်ခဲ့သည်။

ထို့အပြင် ‘ညံဇံ’ ဟူသောအမည်ဖြင့် န၀တ၊ နအဖ လက်ထက် အကျဉ်းထောင်တွင်း ကျဆုံးသွားခဲ့သော မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၏ ရုပ်ပုံလွှာများကို ပြည်ပအခြေစိုက် အင်တာနက်စာစောင်များတွင် ရေးသားခဲ့သည်။

၂၀၀၈ ခုနှစ် ဧပြီလ ၁၁ ရက် ည ၉ နာရီခွဲအချိန်တွင် ကွယ်လွန်ခဲ့သည်။

ကွယ်လွန်ချိန်တွင် ခင်ပွန်း ဦးလှရွှေ၊ သားသမီး ၃ ဦး နှင့် မြေး ၇ ဦး ကျန်ရစ်သည်။

(အချက်အလက်-အေအေပီပီ)

ဒီစာကို မိုးမခ စာမျက်နှာများမှ ပြန်လည်ကူးယူဖော်ပြပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်ခင်မာအေး ကွယ်လွန်




မိုးမခအထောက်တော် ၀၀၂
ဧပြီ ၁၂၊ ၂၀၀၈
(ဓာတ်ပုံ-မိုးမခ)

မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုတွင် ထင်ရှားသူတစ်ဦးဖြစ်သော ဒေါ်ခင်မာအေးသည် ယမန်နေ့ညက ရန်ကုန်မြို့တွင် ကွယ်လွန်သွားသည်။ ဒေါ်ခင်မာအေးသည် ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်ခန့်ရှိပြီဖြစ်သည်။ ဒေါ်ခင်မာအေးသည် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေ၏ ဇနီးဖြစ်သည်။ ဒေါ်ခင်မာအေးကွယ်လွန်ချိန်တွင် ခင်ပွန်းသည် ဦးလှရွှေ၊ သားသမီးများဖြစ်သော ကိုဆက်အောင်နိုင်၊ ကိုဆက်အောင်ခိုင်၊ မနေခြည်တို့ကျန်ရစ်ခဲ့သည်။ ဒေါ်ခင်မာအေးအပါအ၀င် ၄င်း၏မိသားစုဝင်များသည် မြန်မာနိုင်ငံရေးလှုပ်ရှားမှုတွင် တစိုက်မတ်မတ် ပါဝင်ခဲ့ကြသည်။ အကြိမ်ကြိမ်ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ရသူများဖြစ်သည်။

ဒီစာကို မိုးမခ စာမျက်နှာများက ပြန်လည်ကူးယူဖော်ပြပါတယ်။

Apr 13, 2008

ခင်ဝိုင်း

ဒီကဗျာကတော့ ကျနော့် အဖေကိုယ်တိုင် ကျနော့် အမေအတွက် ရေးခဲ့တဲ့ ကဗျာပါ။ ခေါင်းစဉ်ကိုတော့ ``ခင်ဝိုင်း``လို့ သူက ဘာကြောင့်ပေးထားတာလည်းဆိုတာတော့ သူပဲ သိမှာပါ။


နင်ဟာ ... ငါ
ငါဟာလည်း နင်ပဲ ....

တလမ်းတည်း
ခရီးကြမ်းကို အတူပွေ့ဖက်
နေ့ရက်တွေနဲ့အပြိုင်
အရှုံးအနိုင်
မှတ်တိုင်တွေ စိုက်ခဲ့....

အခုတော့
နင်မရှိတဲ့ ကမ္ဘာထဲ
ငါတယောက်တည်း
ကျဲရဦးမယ်။

သွားနှင့်ကွယ်
ခရီးတနေရာမှာ
တွေ့ကြမယ်။ ။

မြစ်

ဒီကဗျာကတော့ ကျနော့် အမေအတွက် ဦးလေး ဦးလှတင်အောင်ရဲ့သားအငယ် ကျနော့်ညီလေး ကိုဇင် (ဇင်ထွန်းအောင်) က ရေးပေးခဲ့တာပါ။


ကျွန်ုပ်တို့ရင်တွင်းမှာ
မြစ်တစင်းရှိခဲ့ပြီ၊

အဲဒီ မြစ်က
ရဲရဲနီနေပေမယ့်
ဖြူဖွေးစင်ကြယ်တဲ့ မြစ်။

အဲဒီမြစ်က
နူးညံ့ညင်သာပေမယ့်
အရှိန်ပြင်းစွာ စီးဆင်းတဲ့ မြစ်။

အဲဒီမြစ်က
တိုးတိတ်နေပေမယ့်
ကျယ်လောင်စွာ အော်မြည်နိုင်တဲ့ မြစ်။

ကြည်လင် အေးမြစွာနဲ့
ရင်ခွင်ပေါင်းများစွာကို
တိုးဝှေ့ဖြတ်သန်းလို့
ထာဝရစီးဆင်းမယ့် မြစ်။

သူရဲကောင်းနဲ့လျော်ကန်သော
ဝိဥာဉ်ဘုံအထွဋ်ထိ
စီးဆင်းသွားပေါ့။ ။

(ကိုဇင်)

အရှည်ကြာဆုံးနေ့ကို ဖြတ်ကျော်ခြင်း


အရှည်ကြာဆုံးနေ့ လို့ ကျနော် ကဗျာတပုဒ် ရေးခဲ့ဖူးတယ်။ ကဗျာခေါင်းစဉ်ကို ပေးမိတာကလည်း အမေနဲ့ ကျနော် စကားပြောခွင့် ရခဲ့တဲ့အချိန်တွေတုန်းက အမေနဲ့ ကျနော် တွေ့ခွင့်ရမယ့်ရက်ကို မသိနိုင်တဲ့အကြောင်း အမေ့ကို ပြောမိရာက စခဲ့တာပါ။


အမေက ကျနော့်ကို ပြောပြတယ်။ ဒုတိယကမ္ဘာစစ်ကြီးတုန်းက မဟာမိတ် စစ်တပ်တွေ ကမ်းတက် တိုက်မယ့်နေ့ကို ဖက်ဆစ် ဂျာမန်တွေက ကြောက်နေကြသတဲ့။ အဲဒီနေ့မှာ သူတို့ ရှုံးနိမ့်လိမ့်မယ်လို့လည်း သိနေကြသတဲ့။ အဲဒီနေ့ရောက်လာတော့မှာကိုလည်း သူတို့က သိပ်ကြောက်နေကြတယ်တဲ့။ သူတို့ မသိနိုင်တာကတော့ အဲဒီနေ့ဟာ ဘယ်နေ့လည်း ဆိုတာပဲတဲ့။ အဲဒီလိုမျိုး သူတို့ ကြောက်နေကြတဲ့နေ့ကို အရှည်ကြာဆုံးနေ့ (the longest day) လို့ သူတို့ခေါ်ကြသတဲ့။
ကျနော်တို့ တိုင်းပြည်ကလည်း ဖက်ဆစ်တွေအောက် ရောက်နေခဲ့ရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း စကားတခုပြောခဲ့ဖူးပါတယ်။ -ကျမတို့ဟာ ဖက်ဆစ်စနစ်နဲ့ ရင်ဆိုင်နေရပါတယ်-လို့၊ ဖက်ဆစ်ဂျာမန်တွေ ကြောက်ခဲ့တဲ့ အရှည်ကြာဆုံးနေ့ကို ဗမာပြည်က ဖက်ဆစ် စစ်အာဏာရှင်တွေကလည်း ကြောက်နေခဲ့ကြတာပါ။ အမေက ကျနော့်ကို ပြောပြတယ်- သားရဲ့ ဒီကောင်တွေကလည်း သူတို့ရဲ့ အရှည်ကြာဆုံးနေ့ကို ရင်တထိတ်ထိတ်နဲ့ စောင့်နေကြတာ-တဲ့။

ကျနော်ကတော့ ကျနော့်ရဲ့ အရှည်ကြာဆုံးနေ့ကိုပဲ ရင်ခုန်ခဲ့တယ်။ - အမေနဲ့ ပြန်တွေ့ရမယ့်နေ့- အဲဒီနေ့က ကျနော့်အတွက် အရှည်ကြာဆုံးနေ့။ အမေ့အပြုံးကို ကျနော် စားသုံးချင်တဲ့နေ့။

ဒါပေမယ့် ကျနော့်ရဲ့ အရှည်ကြာဆုံးနေ့ကတော့ ဘယ်တော့မှ မရောက်လာတော့မယ့်နေ့ ဖြစ်သွားခဲ့ပါပြီ။

အနှစ် နှစ်ဆယ် အမေ စောင့်နေခဲ့တယ်။ ကျနော့် မျက်နှာကို ပြန်တွေ့ရဖို့၊
အနှစ် နှစ်ဆယ် ကျနော် စောင့်နေခဲ့တယ်၊ အမေ့အပြုံးကို ကျနော် စားသုံးချင်လို့၊

အမေရော ကျနော်ရော အဲဒီနေ့ကို မတွေ့ခဲ့ရတော့ဘူး။

အဲဒီ ရက်စက်တတ်တဲ့ အနှစ်နှစ်ဆယ်က ကျနော်တို့ သားအမိကို ခွဲခြားပစ်ခဲ့ပေါ့။

တခါက အမေက ကျနော့်ကို ပြောပြခဲ့ဖူးသေးတယ်။ -သားရဲ့ စာရေးဆရာမကြီးတယောက်က ငါးနှစ်ကျော် ခွဲခွာခဲ့ရတဲ့ သူ့သားနဲ့ ပြန်တွေ့ရတော့မယ်ဆိုတော့ သူ့ခံစားချက်ကို စာဖွဲ့ထားခဲ့ဖူးတာ အမေ ဖတ်ရတယ်။ ကျမရင်ထဲမှာ လိပ်ပြာ အကောင်တထောင် ပျံနေသလိုပဲ-တဲ့၊ မာမာ့အတွက်တော့ သားနဲ့ တွေ့ရမယ့် နေ့ဟာ မာမာ့ ရင်မှာ လိပ်ပြာ အကောင်တသိန်း ပျံနေမှာပဲ-တဲ့၊

အခုတော့ မပျံသန်းနိုင်တိုင်တော့တဲ့ အဲဒီ လိပ်ပြာ အကောင်တသိန်းကို သူ့ရင်ထဲမှာ သိမ်းသွားရင်း အမေ အိပ်စက်သွားခဲ့ပါပြီ။

ဗမာ့ အဘိဓါန်ထဲမှာ ရှိသမျှစကားလုံးတွေကို ယူသုံးဦး အမေ့ကို ဆုံးရှုံးရတဲ့ ကျနော့် ကြေကွဲမှုကို အဓိပ္ပါယ်မဖွင့် ဆိုနိုင်ပါဘူး။

ဒါပေမယ့် ကျနော့် ကြေကွဲမှုတွေ၊ ဝေဒနာတွေကို မျှဝေခံစားရင်း ကျနော့်ကို စိတ်ဓါတ် ခွန်အားတွေ ပေးသွားခဲ့ကြတဲ့ ဘလော်ဂါ ညီအကိုမောင်နှမတွေ ရှိနေသေးတာ ကျနော် ဖြေသာပါတယ်။

အဲဒီအတွက် အဲဒီ ဘလော်ဂါ ညီအကိုမောင်နှမတွေကို အောက်မှာ မှတ်တမ်းပြုပေးလိုက်ပါတယ်။

(စီပုန်းထဲမှာ ခွန်အားပေးခဲ့သူတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။) ဖုန်းခေါ်တဲ့- မေးလ်ပို့တဲ့- ညီအကို မောင်နှစ်မတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

Blogger Kay said...

ကိုအောင်သာငယ်...
နံမယ်အရင်းနဲ့..သမိုင်းအရင်းကို ခုမှ သိရပါတယ်။
မိသားစုနဲ့ထပ်တူ ၀မ်းနည်းပါတယ် ဆိုတဲ့စကားထက် ပိုမဆိုနိုင်တော့ပါဘူး။

အမေ မတိုင်ခင်ကလည်း..အမေ့အမေတွေ..အမေ့အဖေတွေ ဖောက်နေကြတာပဲ.. ခေတ်နဲ့ ဦးတည်ချက်တွေသာ ကွာမှာပါ။ အမေလည်း.. ဖောက်ခဲ့တာပဲ။ အားလုံးလည်း ဆက်ဖောက်နေကြရမှာ ပါပဲ။ ပူပန်ခြင်း..၀မ်းနဲခြင်း..မျှော်လင့်ခြင်းတွေ ကင်းတဲ့နေရာ မှာ.. အမေ နားခိုနေပါစေ။ သူ တကယ်ကို ငြိမ်းချမ်းနေမှာပါ.။

April 12, 2008 3:53 AM

Blogger မြန်မာပြည်ကိုလွမ်းတယ် said...

အကိုရေ ခုလို အချိန်မျိုးမှာ ဒီလို သတင်း ဖတ်လိုက်ပြီး စိတ်မကောင်းလွန်းလို. မေငိုရပါတယ် အကိုရယ်။ မေ့အမေလဲ ကင်ဆာရောဂါကြောင့် မေ သိပ်မကြာခင် ဒီလို အဖြစ်ကြီးကို ကြုံတွေ.ရတော့မှာ အကိုရဲ့။ လက်နက်မချနဲ.လို. သားကို ပြောတဲ့ အကို.အမေရဲ့ သံမဏိစိတ်ဓာတ်ကို လေးစားလိုက်တာ။ ဒီလောက် တိုင်းပြည်အပေါ်ချစ်တဲ့၊ မယားကောင်း၊ အမေကောင်း၊ မြန်မာနိုင်ငံသားကောင်းပီသတဲ့ အမေ တစ်ယောက် ဆုံးရှုံးသွားရလို. စိတ်မကောင်း အင်မတန် ဖြစ်မိပါတယ်။ ပြီးတော့ သားတစ်ယောက်ရဲ့ ၀မ်းနည်းကြေကွဲမှုကို စာနာမိပါတယ်လို. ပြောပါရစေအကို။

April 12, 2008 7:15 AM

Blogger pandora said...

အမှန်တရားကို မြတ်နိုးပြီး တော်လှန်ဝံ့တဲ့ စိတ်ဓာတ်တွေကတော့ ဘယ်တော့မှ သေဆုံးမသွားဘူး။ အောင်မြင်မှုတွေ ခိုင်ခိုင်မာမာ ရရှိသည်အထိ ဆက်လက် တိုက်ပွဲဝင်နေကြဦးမယ်။ စိတ်ဓာတ်ချင်း တူညီကြရင် ညီအကို မောင်နှမကဲ့သို့ ...။ မိသားစုနဲ့ ထပ်တူ ခံစားမိပါတယ်။

April 12, 2008 11:08 AM

Blogger လူသစ် said...

ထပ်တူထပ်မျှ ၀မ်းနည်းရပါတယ်ဗျာ။

April 12, 2008 11:38 AM

Anonymous မောင်ဖုန်းမြင်. said...

အကိုရေ အမေက မသေပါဘူး ...
အမြဲထာဝရ ရှင်သန်နေမှာပါ.....
ချစ်ခြင်းတရားနဲ. ကိုယ့်ယုံကြည်ချက်ပေါ် သစ္စာရှိ ပါတဲ. ......။

ဒီစကား ဟာ ကျနော်တို. သွေးကြော ထဲစီးဆင်း
ရှင်သန် နေမဲ.မြစ်တစ်စင်းပါပဲ.....။

ကျနော်တို. ဘယ်တော.မှ လက်နက်မချဘူး အကို........။

April 12, 2008 3:01 PM


Blogger စိုးထက် - Soe Htet ! said...

အမေ...
အမေ...
အခု ကျနော် ငိုမနေပါဘူး။
မျက်ရည်တွေပဲ ကျနေတယ်။

အစ်ကိုရေ ... ထပ်တူ ကြေကွဲ ၀မ်းနည်းရပါတယ်

April 12, 2008 10:02 PM

Blogger Nyein Chan Aung said...

စိတ်မကောင်းပါဘူးအစ်ကို။ မနေ့ညက ကိုလွမ်းဏီအိမ်မှာ အမေမာ ရက်လည်မှာကတည်းက အစ်ကို့ အမေ ဆုံးပြီဆိုတာကို ကြားရတယ်။ ကျနော်တို့လည်း ထပ်တူထပ်မျှ ၀မ်းနည်း ကြေကွဲရပါတယ်။

April 12, 2008 10:14 PM

Blogger မြန်မာပြည်ကိုလွမ်းတယ် said...

အကို..အကို.စာတွေ ဖတ်တိုင်း မေလဲ ငိုရတယ်။ အသည်းမာအောင် ပြင်ဆင်ထားချင်ပါတယ်။ ဒါပေမဲ့ ရင်ဆိုင်ရတော့မှာကို သိရက်နဲ. သိပ်ကို ကြောက်နေမိတယ်။ သားတွေကို စိတ်ဒဏ်ရာ ရမှာစိုးတဲ့ အမေ့ စေတနာကို ခံစားမိပါတယ် အကိုရယ်။ သွားတွေ.ပြီးတောင် ကန်တော့ခွင့် မရတဲ့အတွက် အကိုနဲ.ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်။ စိတ်သိပ်ထိခိုက်နေချိန်မှာ ကိုယ့်ကျန်းမာရေးကို ပိုဂရုစိုက်ပါတဲ့။ လမင်းကြီး မရှိတော့တဲ့ ကောင်းကင်ကြီးမှာ အကို.ကလေးလေးတွေအတွက် နေမင်းကြီးဘ၀ကို ရောက်နေတဲ့ အကိုက လင်းလက်တောက်ပနေမှ။ အကို. ကျန်းမာရေးကိုကော၊ အကို.အမျိုးသမီး ကျန်းမာရေးကိုကော ပိုဂရုစိုက်ကြပြီး၊ ကောင်းကင်မှာ ကြယ်ပွင့်လေးတွေ ကြာကြာ တောက်ပနိုင်အောင် ဂရုစိုက်ပါလို. ပြောခဲ့ပါရစေနော်။

April 13, 2008 12:12 AM

Blogger wai lin said...

ဝတ်ကျေ တန်းကျေ ၀င်ပြောသွားတာ မဟုတ်ပါဘူးဗျာ။ ကျနော်က ခင်ဗျားလို အမေ့ထမိန်ကို ဘယ်တုန်းကမှ ဆွဲခွင့်ရခဲ့တဲ့ကောင် မဟုတ်ပါဘူး။ ဒါပေမယ့် အမေကို ဆုံးရှုံးရတဲ့အချိန်မှာ ဘယ်လို ခံစားရလဲ ဆိုတာကိုတော့ ကောင်းကောင်း သိခဲ့လို့ပါ။ အန်တီ့လို သမိုင်းတာဝန်တွေကို သူ တတ်နိုင်တာထက် ပိုထမ်းခဲ့တဲ့ တိုက်ပွဲဝင် မိန်းမတယောက်ကို အမေ တော်ခွင့်ရခဲ့တာ ခင်ဗျား သိပ်ကံကောင်းပါတယ်ဗျာ။ သူ ကျနော်တို့ကြားမှာ အမြဲရှင်သန်နေမှာပါ။

April 13, 2008 9:16 AM

Blogger သက်ဝေ said...

ကိုဆက်အောင်ခိုင်...
ကိုအောင်သာငယ် အဖြစ်သာသိခဲ့ရာက အခုမှ နာမည်ရင်းနဲ့  မိသားစုရဲ့ သမိုင်းကို သိရပါတယ်။
မိခင်တစ်ယောက်ဆုံးရှုံးမှုအတွက် အကိုတို့ မိသားစုနဲ့  ထပ်ထူ ထပ်မျှ ၀မ်းနည်းကြေကွဲ ရပါတယ်။ ဒါပေမယ့် ဘ၀ဆိုတာ ဒီလိုပဲ ကိုယ်က စိန်ခေါ်ရဲမှ ဆိုတဲ့ အမေ့စကားကို အမြဲကြားယောင်ပြီး
ဝမ်းနည်းတဲ့ကြားက ဂုဏ်ယူပါ အကို...

April 13, 2008 8:39 PM



Apr 12, 2008

အမေနဲ့ နောက်ဆုံးအကြိမ် စကားပြောခြင်း

ကျနော်က
မရောက်လာစေချင်တဲ့နေ့ကို
ကြိုသိနေသလိုမျိုး။

အဲဒီအတွက်လည်း
ကိုယ့်ကိုယ်ကို အသည်းမာနေနိုင်အောင်
ပြင်ဆင်ထားခဲ့တယ်။
အဲဒီလိုလည်း
ကိုယ့်ကိုယ်ကို ထင်ခဲ့တယ်။

ဒါပေမယ့်
ကံကြမ္မာဆိုတာက
အလစ်အငိုက်မှာ
ခြုံခိုတိုက်ခိုက်တတ်တဲ့သူ။

ကျနော် မထင်တဲ့အချိန်မှာ -

အမေ ဆုံးပြီ။ အမေ ဆုံးသွားပြီ။
အမေ ဆုံးပြီ။ အမေ ဆုံးသွားပြီ။
အမေ ဆုံးပြီ။ အမေ ဆုံးသွားပြီ။
အမေ ဆုံးပြီ။ အမေ ဆုံးသွားပြီ။
အမေ ဆုံးပြီ။ အမေ ဆုံးသွားပြီ။


ဦးခေါင်းထဲမှာ ပဲ့တင်သံတွေ ---

ညီမလေးရေ- အကိုကြီးရေ-
အမေ ဆုံးပြီ။ အမေ ဆုံးသွားပြီ။


ကျနော် ဖတ်ခဲ့ဖူးတဲ့
စာတွေထဲက တော်လဲသံတွေ
ကျနော် ကြားနေရတယ်။
တောင်ပြိုသံတွေ ကျနော် ကြားနေရတယ်။
တော်လဲသံတွေ တောင်ပြိုသံတွေ
ကျနော် ကြားဖူးသွားခဲ့ပြီ။
ကျနော့် ကမ္ဘာကြီး ပြိုကျသွားပြီလား။

``ဖေဖေက-နေ-
မေမေက-လ

ကြယ်ကလေးလို လက်ကာပ
သားလူချောလှ``
တဲ့

နရသိန်ထဲက အမေ့ကဗျာ။

အခုတော့
ကျနော့် ကမ္ဘာထဲမှာ
တစင်းပဲရှိတဲ့ လမင်းကြီး
ထာဝရ ကွယ်ပျောက်သွားခဲ့ပါပြီ။

လမင်း မရှိတော့တဲ့ ကောင်းကင်ကြီးထဲ
ကျနော် ဘယ်လို လက်ပ ရပါ့မလဲ အမေရယ်။


ကျနော့် ကလေးဘ၀မှာ
ထောက်လှမ်းရေးတွေ အမေ့ကို လာခေါ်တုန်းက
အမေ့ထမိန်စကို အတင်း ဆွဲထားခွင့်
ကျနော် ရလိုက်ဖူးသေးတယ်။
အမေ မသွားရဘူး-
လို့ ကလေးအတွေးနဲ့။
အမေက ကျနော့် လက်ထဲက သူ့ထမိန်စကို
ဆတ်ကနဲ ရုတ်ပြီး ထောက်လှမ်းရေးတွေနောက် ပါသွားခဲ့ဖူးတယ်။
တချိန်မှာ - အဲလိုမျိုး ဘာလို့ ကျနော့်လက်ထဲက ထမိန်စကို
အမေ ဆတ်ကနဲ ရုတ်သွားတာလဲ-
လို့
အမေ့ကို မေးခွင့်ရတော့
- သားတို့ စိတ်ဒဏ်ရာတွေ ရမှာ စိုးလို့-တဲ့ ဖြေတယ်။

အခု သေမင်းက လာခေါ်တော့
အမေ့ ထမိန်အဖျားစလေးတောင်
ကျနော် ဆွဲထားခွင့် မရလိုက်ဘူး။


ဆွဲထားခွင့် ရလိုက်ရင်ရော
ဟိုး အနှစ် လေးဆယ်ကျော်ကလိုမျိုး
အမေ့ထမိန်စကို
ဆတ်ကနဲ အမေရုတ်သွားဦးမှာလား။
ပြီးတော့ -သားတို့ စိတ်ဒဏ်ရာတွေ ရမှာစိုးလို့-လို့
အမေ ပြောဦးမှာလား။
ဖြေပါဦး အမေရယ်။

အမေရယ်
ဒဏ်ရာတွေကတော့

ကိုယ်၊ စိတ်၊ နှလုံးသား

သုံးပါးလုံးမှာ ရခဲ့ပြီးပါပြီ။


သင်္ကြန်ဆိုတဲ့
ဗမာ့နှစ်သစ်ကူးကိုမှရွေးပြီး
ဘ၀ကူးခဲ့တာလား အမေ။

အားလုံးပျော်ရွှင်နေကြတဲ့အချိန်မှာမှ
ကျနော်တို့ မိသားစုဘ၀က
ဝမ်းနည်းကြေကွဲနေရသတဲ့လား။

အမေ မသေခင်
သားတို့ မိသားစုလေးကို

တွေ့သွားချင်သေးတယ်-တဲ့


အမေ့ဆန္ဒတွေ
မပြည့်ဝခဲ့ပါလား အမေရယ်။

အမေနဲ့
ပထမဆုံး ဖုန်းပြောခွင့်ရတော့
ကျနော် ငိုတယ်။
အမေကတော့
-မငိုနဲ့သား-တဲ့
-ဘ၀ဆိုတာ ဒီလိုပဲ
ကိုယ်က စိန်ခေါ်ရဲမှ-
တဲ့

အမေ...
အမေ...
အခု ကျနော် ငိုမနေပါဘူး။
မျက်ရည်တွေပဲ ကျနေတယ်။

ATN

ချစ်သူတို့သက်တမ်းတိုလှ၏


၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦးထဲမှာ မင်္ဂလာ ဆောင်ဖို့ ပြင်ဆင်ထားခဲ့တဲ့ ကျောင်းသားသမဂ္ဂအမှုဆောင် ကျောင်းသားခေါင်းဆောင် ကိုလှရွှေနဲ့ ကျောင်းသားခေါင်းဆောင် မခင်မာအေးတို့ရဲ့ မင်္ဂလာပွဲဟာ ၆၂ ခုနှစ် သမိုင်းဝင် ဇူလိုင် ၇ ရက်နေ့ဖြစ်မယ့် ကျောင်းသားသမဂ္ဂကို ဗုံးခွဲဖြိုချမှုအောက်မှာ ပျက်သုန်းခဲ့ရပါတယ်။

၂ယောက်ဘ၀အစမှာကတည်းက အာဏာရှင်ရဲ့ ဖြိုခွဲဖိနှိပ်မှုကိုခံခဲ့ရတဲ့ မင်္ဂလာမောင်နှံအဖြစ်၎င်း။ အာဏာရှင်နေ၀င်းရဲ့ လက်အောက်မှ စလို့ ခေတ်အဆက်ဆက် အာဏာရှင်တွေကို ဒူးမထောက် လက်မမြှောက်ပဲ ခွပ်ဒေါင်းပျိုဘ၀မှ ခွပ်ဒေါင်းတွေရဲ့ မိခင်ဘ၀ထိ လက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ ဦးလှရွှေရဲ့ ပါရမီဖြည့်ဖက်၊ ကိုဆက်အောင်နိုင် (နိုင်ငံရေးအကျဉ်းသားဟောင်း)၊ ကိုဆက်အောင်ခိုင်(၈၈ တောခိုကျောင်းသား ယခု အမေရိကန်ပြည်ထောင်စု) ဇနီး ခင်သီအောင်၊ မေဇွန်ဦး(ခ)နေခြည် ခင်ပွန်း ကိုအောင်နိုင်( အဖမ်းဆီးခံ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်) တို့ရဲ့ မိခင်၊ မင်းဆက်အောင် ၊ ညီဆက်အောင်၊ ရန်ဆက်အောင်တို့ရဲ့ အဖွား ဒေါ်ခင်မာအေး ဟာ နှလုံးရောဂါနဲ့ ဧပြီလ ၁၁ရက်နေ့ည ၉ နာရီခွဲမှာ ကွယ်လွန်ခဲ့ပါပြီ။

အကျဉ်းထောင်ထဲမှာ တမိသားစုလုံး ၀င်လိုက်ထွက်လိုက်နဲ့ ကြံ့ကြံ့ ခံခဲ့သလို ဘ၀လောကဓံကိုလည်း ကြံ့ခိုင်တဲ့ စိတ်ဓါတ်နဲ့ ရင်ဆိုင်ခဲ့ကြတဲ့ တော်လှန်သော မိသားစုနဲ့ ထပ်တူ ၀မ်းနည်းကြေကွဲမိပါကြောင်း မှတ်တမ်းတင်လိုက်ရပါတယ်။
အော်..
ချစ်သူတို့ သက်တမ်းတိုလှ၏
မုန်းသူတို့ သက်တမ်းရှည်လှ၏..
ဆိုတဲ့ ဆရာကြီးဦးတင်မိုး ရေးထားခဲ့တဲ့ စာတိုလေးကို သတိရမိပါ၏။

ချစ်ခင်လေးစားစွာဖြင့်
ခင်မင်းဇော်

Apr 11, 2008

ဘာပြောရမလဲ မသိတော့ဘူး။

ကျနော့်ရဲ့ - မဆုံးခဲ့တဲ့ကဗျာ- ပို့စ်ကို ဖတ်ဖူးသူများ သိကြမှာပါ။ အဲဒီမှာ ကျနော့် အမေအကြာင်း ကျနော် ပြောပြခဲ့ဖူးတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ လင်ယောက်ျားအတွက် မယားကောင်း တယောက်၊ သားတွေအတွက် အမေကောင်း တယောက်။ ဗမာပြည်အတွက် နိုင်ငံသားကောင်း တယောက်။ သူ ကိုယ်တိုင်လည်း အများအကျိုး ဆောင်ခဲ့တယ်။ လင်းယုန် တကောင်လို အမြင့်ဆုံး ပျံသန်းခဲ့တယ်။ အဲဒီအတွက် အမေ ကိုယ်တိုင်လည်း နရသိန်ရ်ထဲကို ၀င်ချည်ထွက်ချည်။

မုန်တိုင်းတွေ သိမ်းဖွက်ထားတဲ့ မြက်ရိုင်းထူထူတွေထဲ ကျနော့် ဘ၀ကို နှစ်မြုပ်ထားချိန်မှာ အမေက မှာခဲ့ဖူးတယ် - သား.... ချစ်ခြင်းမေတ္တာမှာလည်း သစ္စာရှိပါ။ ကိုယ့်ယုံကြည်ချက်အပေါ်မှာလည်း သစ္စာရှိပါ။ လက်နက်ချတဲ့ အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ပါနဲ့-တဲ့ မှာခဲ့တယ်။ အမေက အဲလို အမေမျိုး။

အခုတော့ ကျနော့်ကိုတောင် နှုတ်မဆက်ပဲ လူ့လောကကြီးထဲက ထွက်ခွာသွားခဲ့ပြီ။ ကျနော် သီချင်းတွေ မဆိုနိုင်တော့ဘူး။ ကဗျာတွေ မစပ်နိုင်တော့ဘူး။ အမေနဲ့အတူ ကျနော် သေသွားပြီ။ ဘာထပ်ပြောရမလဲ ကျနော် မသိတော့ဘူး။

Apr 9, 2008

ငါ့ငှက်


















တိမ်တိုက်တွေက
တယုတယ ထွေးပွေ့ထားပုံရတဲ့
အဝေးက ငှက်တအုပ်
ငါ့ ရင်အုံကို လှုပ်နေတယ်၊

ဖြန့်ကျက်ခဲ့တဲ့
အဲဒီ ငှက်တွေရဲ့ အတောင်ပံတွေ
ငါ့ အနာဂတ်လေလား။
အဲဒီ ငှက်တွေ
လေကို ဆန်တက်နေကြပုံ၊
ဒါကို ငါရင်ခုန်ခဲ့တယ်။

ငါ တခုပြောနိုင်ရဲ့
ပျံသန်းခြင်း မဲ့ရင်
ငှက် မဟုတ်ဘူး။

ငါဟာ ငှက်ပါ။
လွတ်လပ်ခြင်းကို ငါ့ နှလုံးသားထဲ ဖွက်ခဲ့တယ်။

ATN

Apr 7, 2008

သီချင်းမြေ


ဘလော့မှာ သီချင်းတွေ တင်ရင်းနဲ့ သီချင်းတွေချည်းပဲ နားထောင်နိုင်တဲ့ ဘလော့လေးတခု လုပ်ဖို့ စိတ်ကူးရသွားတယ်။ ဒါနဲ့ သီချင်းမြေ ဆိုတဲ့ ဘလော့လေးတခုကို ဖန်တီးဖြစ်သွားတယ်။ သီချင်းတွေမျိုးစုံ အဲဒီမှာ နားထောင်နိုင်ပါတယ်။

tha-chin-myay.blogspot.com မှာ အဆိုတော် မျိုးစုံရဲ့ သီချင်းတွေကို တင်ထားပေးပါ့မယ်။ သွားရောက် ကြည့်ရှု ခံစားကြပါ။

Apr 6, 2008

အမေ


အမေ လူထု ဒေါ်အမာကို ဆုံးရှုံးလိုက်ရတော့ ကိုယ့် မိခင်ကိုယ်တိုင်ကို ဆုံးရှုံးလိုက်ရသလိုပဲ မချိတင်ကဲ ခံစားရပါတယ်။ ဒါနဲ့ပဲ ကျနော်ချစ်တဲ့ ပန်းချီဆရာ၊ တေးရေးဆရာ၊ အဆိုတော် ခင်ဝမ်းရဲ့ အမေကို ကျနော်တို့အားလုံးရဲ့ကိုယ်စား အလွမ်းပြေ တင်ပေးလိုက်ပါတယ်။

video
အမေရဲ့ ရင်ခွင်မှာ ငါတို့ ကြီးပျင်းခဲ့တယ်။
အမေရဲ့ နို့ရည်ကို သောက်စို့ခဲ့ပြီး
အမေရဲ့ ချိုတေးမှာ အိပ်စက်ခဲ့ကြတယ်။
ငါတို့ အားလုံးရဲ့ အမေ
တည်ငြိမ်တဲ့ အသည်းနှလုံးပိုင်ရှင်.....

အမေရဲ့ အခြေအနေ မြင့်မားနေချိန်မှာ
ငါတို့တတွေ လောကကြီး တခုလုံးမှာ ပလွှားနိုင်ခဲ့တယ်
ငါတို့ အားလုံးရဲ့ အမေ
တာဝန်ကျေမှ ပြုံးပျော်တတ်သူ.....

အမေရဲ့ အခြေအနေ ယိမ်းယိုင်နေချိန်မှာ
အမေကို စွန့်ခွာ ထွက်သွားကြလည်း
အမေရဲ့ သားများကို ခွင့်လွှတ်နိုင်ခဲ့တဲ့
ငါတို့ အားလုံးရဲ့ အမေ
လောကဓံကို ရင်းနှီး ကျေနပ်သူ......

အမေ...
ကျနော်တို့မှာ ညီအကို များစွာ ရှိတယ်။
အမေ နိမ့်ကျ နေချိန်မှာ ကျနော်တို့ စိတ်မပျက်ပါ။
လောကဓံကို ခံနိုင်တယ် အမေ့ရဲ့ သားတွေ ....

လောကကြီးမှာ
နိမ့်ကျလျက် အမြဲ မနေပါ.....
သာယာတဲ့ အခြေမှာ ပျော်ရွှင်နိုင်ကြဖို့...
ကနေ့ လုံ့လ စိုက်ရပါမယ်...
ကျနော်တို့အတွက် အင်အားကတော့
အမေရဲ့ ထာဝရ အချစ်ပါ အမေ .....

အမေ လူထု ဒေါ်အမာ ငါတို့အားလုံးကို ထားခဲ့ပြီ

ကျနော်တို့အားလုံးချစ်ခင်လေးစားမြတ်နိုးရတဲ့ အမေ လူထု ဒေါ်အမာ ဒီနေ့ မနက် ဂ နာရီ ၃၇ မိနစ်မှာ မန္တလေး ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါပြီ၊ စကားလုံးများနဲ့ ဖော်ပြလို့ မရနိုင်အောင် ၀မ်းနည်းကြေကွဲရပါတယ်။ အမေကောင်းရာသုဂတိလားပါစေ။

Apr 3, 2008

နံရံကိုထိမှန်၍ ပြန်ထွက်လာသော အသံများ၏ ညီမျှခြင်း


အိပ်မရလို့ စဉ်းစားနေမိတာ မဟုတ်ဘူး
စဉ်းစားနေမိလို့ အိပ်မရတာပါ။
လပြည့်ညမှာ အတောက်ပဆုံးကြယ်တစ်ပွင့်ကို လိုက်ရှာနေမိတာမျိုး
ညက အမြင်အာရုံကို အလှနဲ့ လှည့်စားနိုင်တယ်။
ကွန်ပြူတာမှာ ကစားရတဲ့ ဂိမ်းတစ်ခုလို အိုဗာ ဖြစ်သွားမှာတော့ မဟုတ်ဘူး
စာမေးပွဲတစ်ခုလို အချိန်အကန့်အသတ်လည်း မရှိဘူး
နောက်ကျမူတိုင်းမှာတော့ ဒဏ်ရာဒဏ်ချက်တွေ ကိုယ်စီနဲ့။
တွက်မိတဲ့ ပုစ္ဆာအားလုံးမှာ အဖြေက တစ်ခုပဲထွက်တယ်။
အသက်ချင်းထပ်ထားရတဲ့ ပြေးတမ်းလိုက်တမ်း ကစားပွဲတွေမှာတော့
သရီးဒီ ဖန်သားပြင်ပေါ်မှာ ကြည့်ရတဲ့ သည်းထိတ်ရင်ဖိုဟောလိဝုဒ် အက်ရှင်ဇာတ်ကားတွေလို
ဇာတ်သိမ်းခန်း ပါမလာခဲ့ဘူး။

အက်ဆစ်မိုးတွေ ကွက်ကြားရွာချပေးနေတဲ့ ဟောဒီ မိုးကောင်းကင်အောက်မှာ
ဘ၀တွေက စုတ်ပြတ်နုံချာလွန်းတယ်။
လွန်ခဲ့တဲ့ သုံးနှစ်က လူငယ်တွေနဲ့ စကားပြောဖြစ်တယ်
လွန်ခဲ့တဲ့ တစ်နှစ်က လူငယ်တွေနဲ့ စကားပြောဖြစ်တယ်
လွန်ခဲ့တဲ့ တစ်ပတ်က လူငယ်တွေနဲ့ စကားပြောဖြစ်တယ်
လူငယ်တွေ ရုန်းကန်နေကြတယ်....
လူငယ်တွေ လွတ်မြောက်ချင်ကြတယ်......
လူငယ်တွေ တရားခံအစစ်ကို ရှာတွေ့ပါတယ်....
လူငယ်တွေ ပြိုင်တူတွန်းနိုင်မဲ့ ရက်ကိုစောင့်နေဆဲ.....
လူငယ်တွေရဲ့ ပစ္စုပ္ပန်နဲ့အနာဂတ်ဟာ မြူတွေလိုေ၀၀ါးနေမြဲ။

သူရဲကောင်းစိတ်ဓါတ်ဟာ
ထောင်နံရံတွေကနေ ပဲ့တင်ထပ်ပြီး ပြန်ထွက်လာတယ်
“ဘယ်တော့မှ ဒူးထောက် အညံ့ခံမှာ မဟုတ်ဘူး” တဲ့
သူရဲကောင်းသွေးဟာ အနီရောင်အလံတစ်ခုအဖြစ် ကောင်းကင်ပေါ်မှာ တလူလူလွှင့်နေတယ်။
အမှောင်ခေတ်တစ်ခုလုံး သင်္ခြိုင်းကုန်းတစ်ခုလိုပါပဲ
ကန်းနေတဲ့ အနာဂတ်နဲ့
ပြန်မရနိုင်တော့တဲ့ အတိတ်နဲ့အတူ
ကွယ်သွားတဲ့ အမြင်အာရုံနဲ့ ပျက်စီးသွားတဲ့ ဦးဏှောက်တွေကို စာအုပ်ထဲမှာချရေးထားတယ်။
ဝိညာဉ်တွေစောင့်ရှောက်တဲ့ မြို့တော်မှာ တစ္ဆေကြောက်စရာတောင် မလိုတော့ဘူး။

လူတိုင်း ကိုယ်ချင်းစာစိတ် ထားကြရင် ကောင်းမှာပဲ
လမ်းဘေးက ခွေးလေလွင့်တစ်ကောင်ကိုပဲဖြစ်ဖြစ် စာနာစိတ်ထားပါ။
သင်ကောက်ယူဖယ်ရှားလိုက်တဲ့ အမိုက်တစ်စဟာ
ပုရွက်ဆိတ်တစ်ကောင်ရဲ့ စံနန်းဂူဝကို ပိတ်ဖုံးထားတဲ့ သေမင်းနံရံ တံတိုင်းတစ်ခုလည်း ဖြစ်နိုင်တယ်။
တိုတောင်းလှတဲ့ ဘ၀မှာ လမ်းပေါ်မှာ ပိတ်နေတဲ့ အမိုက်တွေကို ရှင်းလိုက်ပါ
အလှတရားတွေကို ဖျက်ဆီးနေတဲ့ သတ္တ၀ါတွေကို သုတ်သင်ဖယ်ရှားပစ်ပါ
သင့်ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ပါ
အဓိပ္ပါယ်ရှိတဲ့ ရှင်သန်ခြင်းဆိုတာ ခေတ်က သင့်ပခုန်းပေါ်တင်ပေးလိုက်တဲ့ တာဝန်ကို
ကျေပွန်စွာ ထမ်းဆောင်ခြင်းပါပဲ
လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ ပန်းကလေးတစ်ပွင့်တောင်မှ တတ်နိုင်သလောက်
လောကကို အလှဆင်ပါတယ်။ ။

မတ် ၂၆ ရွှေဝါရောင်တော်လှန်ရေး (၆) လပြည့်အတွက် ရည်စူးရေးဖွဲ့သည်။

အောင်ရင်ငြိမ်းချမ်း

နံရံ










အချစ်ရေ....
မင့် နံရံကြီးက ထူပြစ်လွန်းလှတယ်။

ပင်လယ်တခုလို
ငါ လက်ပစ်ကူးပစ်လိုက်တယ်
အလင်းနှစ် ကုဋေကုဋာ...

ဒါတောင်မှ
မင်းဟာ
ငါ့ရှေ့မှောက် ရပ်နေတဲ့
ရှေးဟောင်း ကျောက်စာ တချပ်။

မင့် အပြုံးက
သိရခက်ခဲတဲ့
ပေါရာဏ စကားတလုံး။

မင့် မျက်လုံးကတော့
ဆန့်ကျင်ဖက် စကားလုံးတွေရှာတဲ့ ကျမ်းစာ။

မင်းနဲ့ငါ
ဘာသာစကားတခုထဲ
အဘိဓါန် ကွဲနေရဲ့၊

မရှာခဲ့ပဲနဲ့
ငါ တွေ့ခဲ့တယ် ...
ငွေဒင်္ဂါး တချပ်၊
မီးရထားသံလမ်း တစုံ၊
နံပတ် ၃၄၊

နောက်ပြီး ဘာရှိသေးလဲ
အနီးကပ်ပြီး ဝေးနေတဲ့အရာတွေ၊

(ဆောင်းလွမ်းနေ)