သူငယ်ချင်းတယောက်က ဆက်စပ်ပေးသည့် အတွက် သူရှာဖွေနေသည့် အလုပ်တွေထဲက သူ့အတွက် အကောင်းဆုံးဟု သူယူဆသည့် အလုပ်တခုကို သူ စိတ်ဝင်စားမိလေသည်။ အင်တာဗျူးလို့ ပြောရမည့် အလုပ်ရှင်နှင့် သူ ဖုံးထဲမှာ အပြန်အလှန် စကားပြောပြီး အလုပ်ရှင်က မေးစရာရှိတာတွေ မေး၊ သူကလည်း မေးစရာရှိတာတွေမေး၊ အလုပ်ရှင်မေးတာတွေကိုလည်း သူက ဖြေစရာ ရှိတာတွေဖြေ၊ အလုပ်ရှင်ကို သူ မေးတာတွေကိုလည်း အလုပ်ရှင်က ဖြေစရာရှိတာတွေ ဖြေပီးသွားတော့ သူ အလုပ်ရလေသည်။ အလုပ်က ရမယ့်ရတော့လည်း သူ့မြို့နဲ့ အတော်ဝေးသည့် နေရာမှာမှ ရလေသည်။ အလုပ်ရတော့လည်း သွားချင်ချင် မသွားချင်ချင် သွားရတာပါပဲလေ။ ဒါပေသည့် သွားရသည်ကလည်း သိပ်တော့ မနိပ်လှ။ သူ့အိမ်မှ အလုပ်ကို နာရီဝက်ကြာအောင် ဖရီးဝေးမှ ကားမောင်းသွားရမည်လေ။
သည်လိုနဲ့ ပထမဆုံး အလုပ်မသွားမီ ညမှာ အင်တာနက်ထဲကနေ သူသွားရမည့် အလုပ်ရှိသည့် လိပ်စာကို ရှာကြည့်လိုက်သည်။ ပြီးတော့ သူ့ အိမ်ရှိရာမှ အလုပ်ကို ဘယ်လိုကားမောင်းရမည်ဆိုသည့် Driving Direction ပါ ယူလိုက်သေးသည်။ ထုံးစံအတိုင်း Google Map က ခိုကိုးရာပေါ့လေ။ Map အရ ကားမောင်းရမည့် လမ်းကြောင်းများကို သူမှတ်သားထားလိုက်သည်။ ပိုသေချာအောင် စာရွက်တရွက်မှာ ချရေးထားလိုက်ပြီး သူ့ကားထဲမှာ သွားထည့်ထားလိုက်သေးသည်။
နောက်နေ့မနက် ရောက်တော့ အလုပ်ဆင်းရမည်က ၇ နာရီခွဲ၊ ကားမောင်းရမည်က ဂူးဂဲလ်အလိုအရ နာရီဝက် ဆိုတော့ လိုလိုပိုပို နောက်ထပ် နာရီဝက် ထပ်ပေါင်း မနက် ၆ နာရီခွဲမှာ အိမ်မှစထွက်လျှင် အလုပ်ကို အချိန်မှီရောက်မည်။ သည်လိုနဲ့ သူ အိမ်မှ မနက် ၆ နာရီခွဲမှာ စထွက် ဖြစ်ခဲ့ပါလေသည်။
ဖရီးဝေးပေါ်ရောက်တော့ ၆ လမ်းလုံးမှာ ကားတွေ အပြည့်။ ဖရီးဝေးကို သူဝင်ကာစကသာ တနာရီ ၄၅ မိုင်နှုန်း ဖြစ်သည်။ ဖရီးဝေးပေါ်မှာ တကယ်မောင်းရတော့ ၁၅ မိုင်က Top Speed။ Local ထဲမှာတောင် တနာရီ ၃၅ မိုင်နှုန်း မောင်းနိုင်သေးသည်။ ဒါဆို ဘာလို့ ဖရီးဝေးလို့ ခေါ်နေကြသတုန်းဗျ။ သူ စိတ်ပျက်လာသည်။ သူ့ကားကလည်း မိသားစု ၅ ယောက်မို့ ချောင်ချောင်ချိချိဖြစ်အောင် ၀ယ်ထားသည့် မီနီဗဲင်ဆိုတော့ ဆီစားသည်။ သည်အတိုင်းဆို ဆီဖိုးနဲ့ မွဲပေလိမ့်။ ဖရီးဝေးမှာတော့ ပေ ၂၀၀ လောက် မောင်းလိုက်၊ ရပ်လိုက်၊ ပြီးဆက်မောင်းလိုက်၊ ပြီးရပ်လိုက်နဲ့ သူ့ အလုပ်ကို ၈ နာရီ ခွဲမှ ရောက်လေတော့သည်။ ကံကောင်းသည်က အလုပ်ရှင်က နားလည်မှု ရှိခြင်းပင်။ နောက်နေ့တော့ စောစော ထွက်ပေါ့ဗျာ-ဆိုသည့်စကားက အလွန်တရာ နားဝင်ချိုလှသည်။ ပထမဆုံး အလုပ်ဆင်းသည့်နေ့မှာ တနာရီအလုပ်နောက်ကျသည့် သူ အလုပ်မပြုတ်သည်မှာ အလွန်တရာ ကံကောင်းနေခြင်း မဟုတ်ပါလား။
သည်မှာ ပြန်စဉ်းစားရင်း ဖရီးဝေး (FreeWay) ဆိုသည့် စကားကြီးကို သူ ဘ၀င် မကျ ဖြစ်လာသည်။ ဘာလဲ ဖရီးဝေး။ အဲသည် ဖရီးဝေးဆိုသော လမ်းပေါ်မှာလည်း အမြင့်ဆုံးမိုင်နှုန်း ၆၅ (Maximum Speed 65 mph) လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကိုလည်း ခဏခဏတွေ့ရသည်။ အမှန်တကယ်က ဖရီးဝေးဆိုရင် ကြိုက်သလောက်မောင်းပေါ့။ မဟုတ်လား။ ကြိုက်သလောက် မောင်းလို့ မရရင် ဖရီးဝေးလို့ ခေါ်နဲ့ပေါ့၊ Limited Way အဲလိုမျိုး ခေါ်ပေါ့လေ။ တကယ့်တကယ်က ၃၅ မိုင်တောင် မောင်းလို့ မရတာကို ဘာလို့ ဖရီးဝေးလို့ သတ်မှတ်ပါသလဲ။ ဒါဆို ဖရီးဝေး အတုကြီးပေါ့။ သူ့ဘာသာသူ ပြောရင်း သူ့ဘာသာသူလည်း ပြန်စဉ်းစားနေမိသည်။ အမှန်ကတော့ ဒါက တကယ့် ဖရီးဝေးကြီးပါ ကားတွေများလွန်းလို့ ကျပ်သွားတော့ မဖရီးနိုင်တော့ဘူး မဟုတ်လား။
အဖြေမှန်ကတော့ သူလည်း မသိပါ။ ဘာပဲဖြစ်ဖြစ် သေချာတာတခုကတော့ ဖရီးဝေးဆိုသည့်စကားလုံးတခုကတော့ အမှန်တကယ် မဖရီးသည်မှာ အသေအချာပါပေ။
6 comments:
အမည် သညာ ဖွင့်ဆိုချက် တွေနဲ့..လက်တွေ့ အမှန် နဲ့ကွာခြားတတ်တဲ့.. သဘော သဘာဝ တချို့ပေါ့။
နိဂုံးဆွဲ ထား တာက.. တွေးစရာလေး ပါ။
အလုပ်မှာ အဆင်ပြေလို့ တော်သေးတာပေါ့း) ကားအဝေးကြီးမောင်းရတာတော့ အဆင်မပြေဘူးနော့် အန်ကယ် ဂရုစိုက်အုံး အားလုံးအိုကေပါစေဗျာ........။
ဒါကဒီလိုရှိတယ်။ ဒီလိုရေးထားတယ်။ ဒါလုပ်ဖို့ ထားထားတယ်..........တွေ ရေးထား၊ ပြောထားတဲ့အတိုင်းသာ ဖြစ်နေရင်၊ ဖြစ်စေချင်ရ၊ ဖြစ်အောင်လုပ်နေရင် တကယ့်လက်တွေ့လောကကြီးနဲ့ ကင်းကွာသွားမှာပေါ့ဗျာ။
ွှThis is L.A !!! အကိုရေ့  ...
အဆင်ပြေပါစေဗျာ....
မနက် ၃နာရီလောက်ဆိုရင်တော့ ဒီဖရီး က ဝေး ချင် ဝေးမှာပါ...။
တော်သေးတယ် ..ကိုအောင် ပြိုင်ကားမ၀ယ်မိလို့ ...။
kay - မကေ ပြောတာက ပိုမှန်နေပါရော့လား။
တူမောင်မျိုး - ပို့သသောမေတ္တာနဲ့ အဆင်ပြေနေလျက်ပါ။
ကလူသစ် - ငြင်းချက် ထုတ်ဖို့ မရှိပါကြောင်း။
moe cho thin - i love L. A. though i don't love the freeway. :)
thorn museum - နောက် နှစ် တရာ အလုပ်လုပ်ပြီးရင် ကျနော် ပြိုင်ကားဝယ်မယ်ဗျ။
Post a Comment