Apr 14, 2008

ဘိုကလေးလှရွှေ


ရန်ကုန်တက္ကသိုလ်က သံမဏိကျောင်းသားခေါင်းဆောင်တဦးကတော့ “ဘိုကလေးလှရွှေ” လို့ခေါ်တဲ့ ရဲဘော်ပါ။ သူ့အမူအရာ၊ သူ့လေသံ၊ သူ့ဟန်ပန်က အစ မာကျောပါတယ်။ ထုသားပေသား ကျနေတဲ့သဏ္ဍာန်ပါ။

မဆလတခေတ်လုံးလိုလို ထောင်ထဲမှာပဲ နေရတာ များတယ်။ တခါတရံ သူတယောက်တည်း။ တခါတရံ သူ့ဇနီး ဒေါ်ခင်မာအေးနဲ့အတူ ထောင်ထဲမှာ။ တခါတရံ သူ့သား ဆက်အောင်နိုင်ပါ ထောင်ထဲမှာ။ ဆက်အောင်ခိုင်ကတော့ ကျောင်းသားတပ်မှာ တောခိုသွားတာ ရှစ်လေးလုံး ပြီးကတည်းကပါ။

တအိမ်လုံး နိုင်ငံရေးမိသားစု။ သံမဏိမိသားစု။ လှေခွက်ချည်းကျန်ပစေ အလံမလှဲစတမ်း ဆိုတဲ့ တော်လှန်ရေးသံမဏိ စိတ်ဓာတ်နဲ့ ထာဝစဉ်ရှင်သန်နေတဲ့ ရဲဘော်။

ငတ်တာပြတ်တာ ဆင်းရဲတာ ချို့တဲ့တာကတော့ သူ့ရဲ့ထာဝရ မိတ်ဆွေ။ ထာဝရရဲဘော်။ အလံမလှဲစတမ်း အံခဲခန်းတွေ ချည်းပါပဲ။

သူ့နိုင်ငံရေးပါတီက ပြည်သူ့တိုးတက်ရေးပါတီ။ အင်္ဂလိပ်လို People's Progressive Party ဆိုတော့ ပီကျုပါတီလို့ အတို ကောက် ခေါ်လေ့ရှိပါတယ်။ အဲဒီပါတီမှာ ဥက္ကဌက နာမည်ကျော် ပဲခူးဦးခင်မောင်မြင့်(အဆိုတော် ကိုသန်းလှိုင်ရဲ့အကို) ပေါ့။ ဇာတိက ဒေးဒရဲ။ ရဲရဲတောက်ရဲဘော်ကြီး။ နဝတလက်ထက်က ထောင်ထဲမှာ ကျဆုံးသူ။ အတွင်းရေးမှူးက ကိုလှရွှေ။

ရှစ်လေးလုံး အရေးတော်ပုံကာလ သြဂုတ်လ ၂၈ ရက်နေ့ တကသ ရင်ပြင်မှာ ဗကသ ပြန်လည်ဖွဲ့ပေးခဲ့တာ ကိုလှရွှေပေါ့။ အဲဒီတုန်းက သူက တကသ၊ ဗကသ သမိုင်းကို အဲဒီကျောင်းသားထုအခမ်းအနားမှာ ခရေစေ့တွင်းကျ ပြောပြနေတာကို အခုထက်ထိ အမှတ်ရနေသေးတယ်။

ကိုလှရွှေကို ပထမဆုံး စတွေ့ဖူးတာက ရန်ကုန်တကသမှာ။ လူထုဦးလှ ဒေါ်အမာတို့ သားကြီး ကိုစိုးဝင်းနဲ့အတူ တွေ့ခဲ့ရတာပါ။

နောက်တော့ တာမွေကျောက်မြောင်းက မင်းဇင်(အာရ်အက်ဖ်အေ) တို့အဖေ ဦးမြသန်းရဲ့ကျောင်းမှာ သုံးခွကိုစိန်ဝင်းခေါ် ရန်ကြီးအောင် (ကိုကိုကျွန်းပြန်) တို့နဲ့အတူ ဆုံဖူးတယ်။ သူတို့အဖွဲ့လုံး ထောင်စော်နံနေတဲ့ အဖွဲ့ပေါ့လေ။

ရှစ်လေးလုံးအပြီးမှာ ခရမ်းကိုတင်မောင်ဝင်း (ထောင်ထဲမှာ ကျဆုံး)၊ ဦးခင်မောင်မြင့်၊ လေထီးဦးအုန်းမောင်၊ ထောင်ထဲမှာပဲ ကျဆုံးသွားတဲ့ ဦးသိန်းတင် ( သူက တင်သိန်းမောင်၊ ပထဝီမောင်တင် ဆိုတဲ့ ကလောင်တွေနဲ့ စာရေးသူ)၊ တကသ ကိုညိုဝင်း (သူလည်းထောင်ထဲမှာ ကျဆုံး) စတဲ့ ရဲဘော်တွေနဲ့ ဟိုနေရာ သည်နေရာမှာ တွေ့ရတတ်ပါတယ်။

တွေ့တဲ့အခါတိုင်း နိုင်ငံရေးအကြောင်းကိုပဲ ထက်ထက်သန်သန်ပြောတယ်။ ကျောင်းသားသမိုင်းကို တိတိကျကျ မှတ်မှတ် သားသား ရှိတဲ့အပြင် သူ့လောက် ပြည့်ပြည့်စုံစုံ ပြောပြနိုင်တာ မရှိဘူး။

ကိုလှရွှေနဲ့ မခင်မာအေးတို့ စုံတွဲက လိုက်ဖက်ညီတယ်။ နေတော့ သင်္ကန်းကျွန်းမှာ။ လုပ်တော့ ကြက်မွေးမြူရေးခြံ။ ရဲဘော်တွေရဲ့ ခိုလှုံရာ စခန်းပေါ့။ ကိုလှတင့်အောင်တို့ ကိုဝင်းတင့်ထွန်းတို့ စသဖြင့် ရဲဘော်တွေ သိုက်သိုက်ဝန်းဝန်းနဲ့ စိုပြည်တဲ့ နေရာကလေးပါ။

လင်က ဓားသွေးရင် မယားက သားမွေးရင်း အားပေးတယ် ဆိုတဲ့အတိုင်းပါပဲ။ သမီးကလေးက တယောက်ထဲ။ နေခြည်လို့ မှတ်မိတာပဲ။

ခေတ်ရဲ့ဒဏ်ကို တပြောင်းပြန်ပြန် ခါးစောင်းလန်အောင် ဖန်တရာတေမျှ ခံခဲ့ရတာ သူတို့မိသားစုလောက် ဒဏ်ခံရသူ ရှိဖို့ မလွယ်လှပေဘူး။

သတ္တိရှိပါပေတယ်။ ဘိုကလေးသားတွေရဲ့ အစဉ်အလာ စံချိန်မီပါပေတယ်။ ဘိုကလေးသားတွေ တွေ့ဖူးသလောက် ရဲရဲတောက်တွေ များတယ်။ ကိုလှကြည်၊ ကိုဗဆွေလေး စတဲ့ ရဲဘော်တွေ အများကြီးပါပဲ။ တွေ့ဖူးသမျှ အာဂလူတွေချည်း များတယ်။ ချီးကျူးထိုက်ပါပေ့။
ဘိုကလေးဦးသက်ရှည်ဆိုတဲ့ စာပေပညာရှင်ကြီး၊ ဂျာနယ်ကျော်မမလေးဆိုတဲ့ ပြောင်မြောက်တဲ့ ဂန္ထဝင်စာရေးဆရာမကြီး တို့ရဲ့ ဘိုကလေးမြို့ဟာ စာပေဂီတ စသည်တို့ထက် နိုင်ငံရေးမှာ ပိုပြီးထက်မြက်ထူးချွန်ကြတယ်လို့ ထင်မိပါတယ်။ လေးစားဂုဏ်ယူထိုက်တဲ့ နယ်ကောင်းမြေကောင်းပေပ။ ။

တင်မိုး

ဧရာဝတီမှ ပြန်လည်ကူးယူဖော်ပြပါသည်။

No comments: