Apr 13, 2008

အရှည်ကြာဆုံးနေ့ကို ဖြတ်ကျော်ခြင်း


အရှည်ကြာဆုံးနေ့ လို့ ကျနော် ကဗျာတပုဒ် ရေးခဲ့ဖူးတယ်။ ကဗျာခေါင်းစဉ်ကို ပေးမိတာကလည်း အမေနဲ့ ကျနော် စကားပြောခွင့် ရခဲ့တဲ့အချိန်တွေတုန်းက အမေနဲ့ ကျနော် တွေ့ခွင့်ရမယ့်ရက်ကို မသိနိုင်တဲ့အကြောင်း အမေ့ကို ပြောမိရာက စခဲ့တာပါ။


အမေက ကျနော့်ကို ပြောပြတယ်။ ဒုတိယကမ္ဘာစစ်ကြီးတုန်းက မဟာမိတ် စစ်တပ်တွေ ကမ်းတက် တိုက်မယ့်နေ့ကို ဖက်ဆစ် ဂျာမန်တွေက ကြောက်နေကြသတဲ့။ အဲဒီနေ့မှာ သူတို့ ရှုံးနိမ့်လိမ့်မယ်လို့လည်း သိနေကြသတဲ့။ အဲဒီနေ့ရောက်လာတော့မှာကိုလည်း သူတို့က သိပ်ကြောက်နေကြတယ်တဲ့။ သူတို့ မသိနိုင်တာကတော့ အဲဒီနေ့ဟာ ဘယ်နေ့လည်း ဆိုတာပဲတဲ့။ အဲဒီလိုမျိုး သူတို့ ကြောက်နေကြတဲ့နေ့ကို အရှည်ကြာဆုံးနေ့ (the longest day) လို့ သူတို့ခေါ်ကြသတဲ့။
ကျနော်တို့ တိုင်းပြည်ကလည်း ဖက်ဆစ်တွေအောက် ရောက်နေခဲ့ရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း စကားတခုပြောခဲ့ဖူးပါတယ်။ -ကျမတို့ဟာ ဖက်ဆစ်စနစ်နဲ့ ရင်ဆိုင်နေရပါတယ်-လို့၊ ဖက်ဆစ်ဂျာမန်တွေ ကြောက်ခဲ့တဲ့ အရှည်ကြာဆုံးနေ့ကို ဗမာပြည်က ဖက်ဆစ် စစ်အာဏာရှင်တွေကလည်း ကြောက်နေခဲ့ကြတာပါ။ အမေက ကျနော့်ကို ပြောပြတယ်- သားရဲ့ ဒီကောင်တွေကလည်း သူတို့ရဲ့ အရှည်ကြာဆုံးနေ့ကို ရင်တထိတ်ထိတ်နဲ့ စောင့်နေကြတာ-တဲ့။

ကျနော်ကတော့ ကျနော့်ရဲ့ အရှည်ကြာဆုံးနေ့ကိုပဲ ရင်ခုန်ခဲ့တယ်။ - အမေနဲ့ ပြန်တွေ့ရမယ့်နေ့- အဲဒီနေ့က ကျနော့်အတွက် အရှည်ကြာဆုံးနေ့။ အမေ့အပြုံးကို ကျနော် စားသုံးချင်တဲ့နေ့။

ဒါပေမယ့် ကျနော့်ရဲ့ အရှည်ကြာဆုံးနေ့ကတော့ ဘယ်တော့မှ မရောက်လာတော့မယ့်နေ့ ဖြစ်သွားခဲ့ပါပြီ။

အနှစ် နှစ်ဆယ် အမေ စောင့်နေခဲ့တယ်။ ကျနော့် မျက်နှာကို ပြန်တွေ့ရဖို့၊
အနှစ် နှစ်ဆယ် ကျနော် စောင့်နေခဲ့တယ်၊ အမေ့အပြုံးကို ကျနော် စားသုံးချင်လို့၊

အမေရော ကျနော်ရော အဲဒီနေ့ကို မတွေ့ခဲ့ရတော့ဘူး။

အဲဒီ ရက်စက်တတ်တဲ့ အနှစ်နှစ်ဆယ်က ကျနော်တို့ သားအမိကို ခွဲခြားပစ်ခဲ့ပေါ့။

တခါက အမေက ကျနော့်ကို ပြောပြခဲ့ဖူးသေးတယ်။ -သားရဲ့ စာရေးဆရာမကြီးတယောက်က ငါးနှစ်ကျော် ခွဲခွာခဲ့ရတဲ့ သူ့သားနဲ့ ပြန်တွေ့ရတော့မယ်ဆိုတော့ သူ့ခံစားချက်ကို စာဖွဲ့ထားခဲ့ဖူးတာ အမေ ဖတ်ရတယ်။ ကျမရင်ထဲမှာ လိပ်ပြာ အကောင်တထောင် ပျံနေသလိုပဲ-တဲ့၊ မာမာ့အတွက်တော့ သားနဲ့ တွေ့ရမယ့် နေ့ဟာ မာမာ့ ရင်မှာ လိပ်ပြာ အကောင်တသိန်း ပျံနေမှာပဲ-တဲ့၊

အခုတော့ မပျံသန်းနိုင်တိုင်တော့တဲ့ အဲဒီ လိပ်ပြာ အကောင်တသိန်းကို သူ့ရင်ထဲမှာ သိမ်းသွားရင်း အမေ အိပ်စက်သွားခဲ့ပါပြီ။

ဗမာ့ အဘိဓါန်ထဲမှာ ရှိသမျှစကားလုံးတွေကို ယူသုံးဦး အမေ့ကို ဆုံးရှုံးရတဲ့ ကျနော့် ကြေကွဲမှုကို အဓိပ္ပါယ်မဖွင့် ဆိုနိုင်ပါဘူး။

ဒါပေမယ့် ကျနော့် ကြေကွဲမှုတွေ၊ ဝေဒနာတွေကို မျှဝေခံစားရင်း ကျနော့်ကို စိတ်ဓါတ် ခွန်အားတွေ ပေးသွားခဲ့ကြတဲ့ ဘလော်ဂါ ညီအကိုမောင်နှမတွေ ရှိနေသေးတာ ကျနော် ဖြေသာပါတယ်။

အဲဒီအတွက် အဲဒီ ဘလော်ဂါ ညီအကိုမောင်နှမတွေကို အောက်မှာ မှတ်တမ်းပြုပေးလိုက်ပါတယ်။

(စီပုန်းထဲမှာ ခွန်အားပေးခဲ့သူတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။) ဖုန်းခေါ်တဲ့- မေးလ်ပို့တဲ့- ညီအကို မောင်နှစ်မတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

Blogger Kay said...

ကိုအောင်သာငယ်...
နံမယ်အရင်းနဲ့..သမိုင်းအရင်းကို ခုမှ သိရပါတယ်။
မိသားစုနဲ့ထပ်တူ ၀မ်းနည်းပါတယ် ဆိုတဲ့စကားထက် ပိုမဆိုနိုင်တော့ပါဘူး။

အမေ မတိုင်ခင်ကလည်း..အမေ့အမေတွေ..အမေ့အဖေတွေ ဖောက်နေကြတာပဲ.. ခေတ်နဲ့ ဦးတည်ချက်တွေသာ ကွာမှာပါ။ အမေလည်း.. ဖောက်ခဲ့တာပဲ။ အားလုံးလည်း ဆက်ဖောက်နေကြရမှာ ပါပဲ။ ပူပန်ခြင်း..၀မ်းနဲခြင်း..မျှော်လင့်ခြင်းတွေ ကင်းတဲ့နေရာ မှာ.. အမေ နားခိုနေပါစေ။ သူ တကယ်ကို ငြိမ်းချမ်းနေမှာပါ.။

April 12, 2008 3:53 AM

Blogger မြန်မာပြည်ကိုလွမ်းတယ် said...

အကိုရေ ခုလို အချိန်မျိုးမှာ ဒီလို သတင်း ဖတ်လိုက်ပြီး စိတ်မကောင်းလွန်းလို. မေငိုရပါတယ် အကိုရယ်။ မေ့အမေလဲ ကင်ဆာရောဂါကြောင့် မေ သိပ်မကြာခင် ဒီလို အဖြစ်ကြီးကို ကြုံတွေ.ရတော့မှာ အကိုရဲ့။ လက်နက်မချနဲ.လို. သားကို ပြောတဲ့ အကို.အမေရဲ့ သံမဏိစိတ်ဓာတ်ကို လေးစားလိုက်တာ။ ဒီလောက် တိုင်းပြည်အပေါ်ချစ်တဲ့၊ မယားကောင်း၊ အမေကောင်း၊ မြန်မာနိုင်ငံသားကောင်းပီသတဲ့ အမေ တစ်ယောက် ဆုံးရှုံးသွားရလို. စိတ်မကောင်း အင်မတန် ဖြစ်မိပါတယ်။ ပြီးတော့ သားတစ်ယောက်ရဲ့ ၀မ်းနည်းကြေကွဲမှုကို စာနာမိပါတယ်လို. ပြောပါရစေအကို။

April 12, 2008 7:15 AM

Blogger pandora said...

အမှန်တရားကို မြတ်နိုးပြီး တော်လှန်ဝံ့တဲ့ စိတ်ဓာတ်တွေကတော့ ဘယ်တော့မှ သေဆုံးမသွားဘူး။ အောင်မြင်မှုတွေ ခိုင်ခိုင်မာမာ ရရှိသည်အထိ ဆက်လက် တိုက်ပွဲဝင်နေကြဦးမယ်။ စိတ်ဓာတ်ချင်း တူညီကြရင် ညီအကို မောင်နှမကဲ့သို့ ...။ မိသားစုနဲ့ ထပ်တူ ခံစားမိပါတယ်။

April 12, 2008 11:08 AM

Blogger လူသစ် said...

ထပ်တူထပ်မျှ ၀မ်းနည်းရပါတယ်ဗျာ။

April 12, 2008 11:38 AM

Anonymous မောင်ဖုန်းမြင်. said...

အကိုရေ အမေက မသေပါဘူး ...
အမြဲထာဝရ ရှင်သန်နေမှာပါ.....
ချစ်ခြင်းတရားနဲ. ကိုယ့်ယုံကြည်ချက်ပေါ် သစ္စာရှိ ပါတဲ. ......။

ဒီစကား ဟာ ကျနော်တို. သွေးကြော ထဲစီးဆင်း
ရှင်သန် နေမဲ.မြစ်တစ်စင်းပါပဲ.....။

ကျနော်တို. ဘယ်တော.မှ လက်နက်မချဘူး အကို........။

April 12, 2008 3:01 PM


Blogger စိုးထက် - Soe Htet ! said...

အမေ...
အမေ...
အခု ကျနော် ငိုမနေပါဘူး။
မျက်ရည်တွေပဲ ကျနေတယ်။

အစ်ကိုရေ ... ထပ်တူ ကြေကွဲ ၀မ်းနည်းရပါတယ်

April 12, 2008 10:02 PM

Blogger Nyein Chan Aung said...

စိတ်မကောင်းပါဘူးအစ်ကို။ မနေ့ညက ကိုလွမ်းဏီအိမ်မှာ အမေမာ ရက်လည်မှာကတည်းက အစ်ကို့ အမေ ဆုံးပြီဆိုတာကို ကြားရတယ်။ ကျနော်တို့လည်း ထပ်တူထပ်မျှ ၀မ်းနည်း ကြေကွဲရပါတယ်။

April 12, 2008 10:14 PM

Blogger မြန်မာပြည်ကိုလွမ်းတယ် said...

အကို..အကို.စာတွေ ဖတ်တိုင်း မေလဲ ငိုရတယ်။ အသည်းမာအောင် ပြင်ဆင်ထားချင်ပါတယ်။ ဒါပေမဲ့ ရင်ဆိုင်ရတော့မှာကို သိရက်နဲ. သိပ်ကို ကြောက်နေမိတယ်။ သားတွေကို စိတ်ဒဏ်ရာ ရမှာစိုးတဲ့ အမေ့ စေတနာကို ခံစားမိပါတယ် အကိုရယ်။ သွားတွေ.ပြီးတောင် ကန်တော့ခွင့် မရတဲ့အတွက် အကိုနဲ.ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်။ စိတ်သိပ်ထိခိုက်နေချိန်မှာ ကိုယ့်ကျန်းမာရေးကို ပိုဂရုစိုက်ပါတဲ့။ လမင်းကြီး မရှိတော့တဲ့ ကောင်းကင်ကြီးမှာ အကို.ကလေးလေးတွေအတွက် နေမင်းကြီးဘ၀ကို ရောက်နေတဲ့ အကိုက လင်းလက်တောက်ပနေမှ။ အကို. ကျန်းမာရေးကိုကော၊ အကို.အမျိုးသမီး ကျန်းမာရေးကိုကော ပိုဂရုစိုက်ကြပြီး၊ ကောင်းကင်မှာ ကြယ်ပွင့်လေးတွေ ကြာကြာ တောက်ပနိုင်အောင် ဂရုစိုက်ပါလို. ပြောခဲ့ပါရစေနော်။

April 13, 2008 12:12 AM

Blogger wai lin said...

ဝတ်ကျေ တန်းကျေ ၀င်ပြောသွားတာ မဟုတ်ပါဘူးဗျာ။ ကျနော်က ခင်ဗျားလို အမေ့ထမိန်ကို ဘယ်တုန်းကမှ ဆွဲခွင့်ရခဲ့တဲ့ကောင် မဟုတ်ပါဘူး။ ဒါပေမယ့် အမေကို ဆုံးရှုံးရတဲ့အချိန်မှာ ဘယ်လို ခံစားရလဲ ဆိုတာကိုတော့ ကောင်းကောင်း သိခဲ့လို့ပါ။ အန်တီ့လို သမိုင်းတာဝန်တွေကို သူ တတ်နိုင်တာထက် ပိုထမ်းခဲ့တဲ့ တိုက်ပွဲဝင် မိန်းမတယောက်ကို အမေ တော်ခွင့်ရခဲ့တာ ခင်ဗျား သိပ်ကံကောင်းပါတယ်ဗျာ။ သူ ကျနော်တို့ကြားမှာ အမြဲရှင်သန်နေမှာပါ။

April 13, 2008 9:16 AM

Blogger သက်ဝေ said...

ကိုဆက်အောင်ခိုင်...
ကိုအောင်သာငယ် အဖြစ်သာသိခဲ့ရာက အခုမှ နာမည်ရင်းနဲ့  မိသားစုရဲ့ သမိုင်းကို သိရပါတယ်။
မိခင်တစ်ယောက်ဆုံးရှုံးမှုအတွက် အကိုတို့ မိသားစုနဲ့  ထပ်ထူ ထပ်မျှ ၀မ်းနည်းကြေကွဲ ရပါတယ်။ ဒါပေမယ့် ဘ၀ဆိုတာ ဒီလိုပဲ ကိုယ်က စိန်ခေါ်ရဲမှ ဆိုတဲ့ အမေ့စကားကို အမြဲကြားယောင်ပြီး
ဝမ်းနည်းတဲ့ကြားက ဂုဏ်ယူပါ အကို...

April 13, 2008 8:39 PM



No comments: