Jul 24, 2011

မေမေ့ကိုပဲ သတင်းကောင်းပါးလိုက်ပါရဲ့...











စာမျက်နှာ တခု လွင့်ထွက်ကျသွားသလို နေ့တရွက် ဘ၀စာအုပ်ထဲက ပြုတ်ထွက်ကျ...
ကျနော်ကလည်း စိတ်လိုလက်ရ လိုက်ကောက်မနေချင်တော့ဘူး...
ကျပျောက်ချင်သလောက်သာ ကျပျောက်ကြပေတော့...
ကျနော့် စာအုပ်ထဲက စာမျက်နှာတချို့...
ကျနော်ကိုယ်တိုင် ဖြဲဆုတ်လွှင့်ပစ် မီးရှို့ပစ်ချင်နေ...
သူ့ မျက်လုံးနဲ့ အပြုံးတွေကို စာအုပ်အဖုံး မလုပ်နိုင်သေးသမျှ ကျနော် ရှုံးနေသေးတာပဲ...
မေမေ့ကို ပြောပြစရာ စကားလုံးတချို့ ရှိခဲ့တယ်...
အချစ်-ဆိုတာ အစာအိမ်ထဲမှာ မနေဘူး...
အချစ်-ဆိုတာ သူနဲ့ ကျနော့် နှလုံးသားထဲမှာပဲနေတယ်...
ဟုတ်ပါသလား မေမေ...
မဖြေချင်ရင်လည်း မဖြေပါနဲ့...
သူနဲ့ ကျနော်ကတော့ ကမ်းခြေတလျောက် လမ်းလျှောက်ထွက်ခဲ့ပြီ...
ဒုက္ခနဲ့သုခ အမည်ရသော ခရုခွံများကိုသာ ကျနော်တို့ နှစ်ယောက် လိုက်ကောက်ကြမလို့ပါ...
ကျနော်တို့ ပျော်ကြပါတယ် မေမေ...
အခြားအရာတွေကို ကျနော်တို့ နှစ်ယောက် ပြုမူဆောင်ရွက်မှာ မဟုတ်ဘူး...
ကျနော့်ကို သူ့ချစ်ခြင်းမှာ လိပ်ပြာရောင်စုံပျံသန်းနေတဲ့ ပန်းချီကားတချပ် ကျနော်ရတယ် မေမေ...
သူ့ကို ကျနော့် ချစ်ခြင်းမှာ သီချင်းတပုဒ်... သူကတော့ ခပ် အုပ်အုပ်ကလေး ရီမောလို့...
သက်တံ တစင်းကို ကျနော်တို့ ချစ်ခြင်းနဲ့ပဲ ချော့သိပ်လိုက်တယ်...
သဲမြေမွမွပေါ်မှာ နှစ်ယောက်အတူ ခြေရာ မချရသေးတဲ့ သောင်ကမ်းကို
ကျနော်တို့ နှစ်ယောက်အတူ ထမ်းထားတယ် မေမေ...
သူ့လက်သူကြွယ်မှာ လက်စွပ်တကွင်း ကျနော်ကိုယ်တိုင် အပ်နှင်းပြီးတဲ့အခါ
အဲသည် သောင်ကမ်းမှာ ကျနော်တို့ ဟန်းနီးမွန်းထွက်မယ်...
ကြယ်တွေ စုံလက်... လထွက်ည... ပက်ပက်စက်စက် လှပနေမှာပေါ့... မေမေ...
အဲသည့်ညမှာ သူပြုံးနေမယ့်အကြောင်း... မေမေ့ကိုပဲ သတင်းကောင်းပါးလိုက်ပါရဲ့...

atn

No comments: